← Chapters

အခြေသိမ်းပိုက်မဟာမှော်သိုင်း

Vol. 49 Ch. 681

အခြေသိမ်းပိုက်မဟာမှော်သိုင်း

Vol. 49 Ch. 681

"ဘယ်လိုဂုဏ်ကျက်သရေလဲ ခွေးမ" မန်ဟိုက စစ်ရထားအတွင်းမှ ဒေါသတကြီး အော်သည်။ သူသည် မူလက စာပေသမားဖြစ်ပြီး သူတစ်ပါးကို ကျိန်ဆဲတတ်သည့်လူမျိုးမဟုတ်ပေ။ သို့သော် ကြက်တူရွေး နိုးထလာပြီးနောက်ပိုင်း ၎င်း၏ အင်မတန်ကောင်းလှသော အကျင့်စရိုက်က သူ့အပေါ် အတော်လေး လွှမ်းမိုးခဲ့လေရာ သူ့မှာ မလွှဲမရှောင်သာဘဲ ဆဲတတ်သွားခဲ့၏။

ကံဆိုးစွာနှင့် နှစ်တွေကြာလာခဲ့‌သည့်တိုင် ဤတစ်လုံးသာ ဆဲတတ်ခဲ့လေသည်။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက အက်ကွဲကွဲကြီး ရယ်လိုက်သည်။ အသံကြီးမှာ မရေမတွက်နိုင်သော နှစ်များအလယ်မှ တိုက်ခတ်လာသော လေအေးတစ်ချက်ပမာ ရှေးဆန်မှုဖြင့် ပြည့်ဝနေလေသည်။

"စိတ်မကောင်းပေမယ့်" သူက ‌ပြောသည်။ "ငါ့မျိုးဆက်မိသားစုထဲမှာ အမျိုးသမီးတွေအကုန် သေကုန်ပြီ။ မင်း သဘောကျတယ်ဆိုရင် အပေးအယူလုပ်ကြတာပေါ့။ သူတို့ရဲ့အရိုးစုတွေကို ငါမင်းဆီ ပျော်ပျော်ကြီး ပို့ပေးမှာပါ။ ဘယ်လိုထင်လဲ"

မန်ဟိုသည် စစ်ရထားထဲတွင် တရိပ်ရိပ် ပျံသန်းနေရင်း အလွန်မျက်နှာပျက်နေတော့သည်။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက ဆက်လိုက်လာပြီး တကယ်တမ်း မန်ဟို့ကို မှီလာပြီဖြစ်သည်။ မန်ဟိုသည် သူ၏ခန္ဓာကိုယ်မှ အဖြူရောင်အခိုးအငွေ့များ အဆက်မပြတ် ထွက်နေသည်ကို ရှင်းရှင်းလင်းလင်း အာရုံရနေ၏။ သူ့ကိုယ်အတွင်းရှိ တစ်စုံတစ်ခုက သူ့ကို အတင်းအဓမ္မ စုတ်ဖြဲပစ်နေသည့်အတွက် သူ့မှာ နာကျင်နေပြီး သူ၏မျက်လုံးများတွင် စိုးရိမ်ထိတ်လန့်မှုတို့ ပေါ်ပေါ်လာသည်။

"အင်မော်တယ်ဓား သုံးဖို့ အချိန်မကျသေးဘူး" သူက တွေးလိုက်သည်။

"အခြေသိမ်းပိုက်မဟာမှော်သိုင်း" ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက ပြောသည်။ သူ၏အသံသည် အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားသော်လည်း မန်ဟိုက နောက်လှည့်မကြည့်နိုင်ပေ။ သို့သော် သူ့ကိုယ်ထဲမှ အဖြူရောင်အခိုးအငွေ့များ ထွက်နေသောနှုန်းမှာ အဆများစွာ ပိုမြန်သွားကြောင်း သူ အာရုံရလိုက်သည်။ ဖော်ပြမတတ်နိုင်သော နာကျင်မှုက သူ့ကို နှိပ်စက်နေ၍ သူ့မှာ မချိတင်ကဲ မအော်မိဘဲ မနေတော့ပေ။

အံ့ဩဖွယ်ကောင်းစွာနှင့် အနီရောင်သွေးကြောများကဲ့သို့အရာများ သူ၏မျက်နှာအပေါ်‌၌ ဖြစ်ပေါ်လာသည်။ အမှန်တွင် တစ်ကိုယ်လုံးဖြစ်သည်။ သူ့မှာ အတွင်းရောအပြင်ပါ စုတ်ဖြဲခံရတော့မည့်ပုံပင်။

မန်ဟိုမှာ တုန်ရီလာပြီး ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူသည် ယခုတွင် အင်မော်တယ်လမ်းညွှန်ချီကို အသုံးမပြုနိုင်တော့သဖြင့် စစ်ရထားမှာ တုံ့ခနဲ ရပ်ပြီး ကျုံ့သွားဝောာ့၏။ သူက ၎င်းကို သိုလှောင်အိတ်ထဲ ထည့်ပြီး နာကျင်မှုကို သည်းခံရင်း ညာလက်ကို မြှောက်ကာ တံခွန်သုံးခုအလံကို ထုတ်လိုက်လေသည်။ သူသည် ၎င်းကို အရှေ့တွင် ဝှေ့ယမ်းလိုက်ရာ ချက်ချင်း သိပ်သည်းထူထဲသော မြူများ တဖွေးဖွေး လှုပ်လာတော့၏။

အောက်တွင်၊ ဘယ်တော့မှ အဆုံးသတ်မည့်ပုံမပေါ်သော အနက်ရောင်ပင်လယ်ရေများမှာ ခဲသွားကြသယောင်ပင်။ လှိုင်းကြပ်ခွပ်‌ကလေးတစ်ခုကိုပင် ၎င်း၏မျက်နှာပြင်အပေါ်၌ မမြင်ရတော့။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးသည် မန်ဟို့ကို ကောက်ကျစ်စွာ ပြုံးပြနေရင်း အဝေးရှိ လေထဲတွင် ပျံဝဲနေ၏။

သူ့အတွက် မန်ဟိုမှာ စားစရာထက်မပိုသည့်အလား ထိုအပြုံးမှာ လိုချင်တပ်မက်မှုမှုအပြည့်ဖြင့် ကြောက်စရာကောင်း‌နေ၏။ သူ၏မျက်နှာအမူအရာက မန်ဟို့ကို ခေါင်းနပန်းကြီးသွားစေသည်။ မန်ဟိုသည် တံခွန်းသုံးခုအလံကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင်မြူများက ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးဆီ ပြေးဝင်သွား၏။

"အဲ့ဒီမှော်ပစ္စည်းက ... နည်းနည်း ရင်းနှီးသလိုပဲ" ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက မျက်လုံးများ တဖျပ်ဖျပ် လက်နေလျက် ပြောသည်။ သူသည် ညာလက်ဖြင့် မုဒြာလက်ကွက်ဖော်ပြီး အရှေ့သို့ ညွှန်လိုက်၏။

"ပင်လယ်ပြင်ထက် လပေါ်ထွက်" သူက အက်ကွဲကွဲအသံကြီးနှင့် ပြောသည်။ အောက်ရှိ အနက်ရောင်ပင်လယ်ရေများကား ချက်ချင်း ခရမ်းရောင်ပြောင်းသွား၏။ ထို့နောက် အထဲမှ အနီရောင်လတစ်စင်း ရုတ်တရက် ပေါ်ထွက်လာသည်။ လဝန်းနီ၏  ပေါ်ထွက်လာမှုက တစ်ကမ္ဘာလုံးတွင် မီးတောက်မီးလျှံများ ပြည့်နှက်သွားစေလေသည်။ မီးတောက်မီးလျှံများသည် မန်ဟို၏ တံခွန်သုံးခုအလံဆီသို့ ပြေးဝင်သွားသော ဧရာမမီးစက်လုံးကြီးတစ်လုံး အသွင်ပြောင်းသွား၏။

၎င်းတို့ တစ်ခုနှင့်တစ်ခု ဝင်တိုက်သွားသောအခါ အလံ မပျက်စီးသွားသော်လည်း အနက်ရောင်မြူများမှာ ချက်ချင်း ပြိုကွဲသွားလေသည်။ အခြားတစ်ဖက်တွင် လဝန်းနီသည် မီးငြိမ်းသွားသော မီးအိမ်ပမာ မှေးမှိန်ပြီး လွင့်ပျယ်ပျောက်ကွယ်သွားရတော့၏။

ထို့နောက် တံခွန်သုံးခုအလံက ကောင်းကင်ကို ပိတ်ဖုံးကွယ်ရင်း ပြန့်ကားရှည်ထွက်လာပြီး မန်ဟိုနှင့် ဒသမဝမ်မျိုးနွယ်စုခေါင်းဆောင်ကြီးကိုလည်း တစ်ယောက်နှင့်တစ်ယောက် ဝေးကွာသွားအောင် တွန်းထုတ်လိုက်သည်။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး ပြောလိုက်သည်။ "ဒီရတနာက ... အရမ်းရင်းနှီးနေတယ်။ တစ်နေရာရာမှာ မြင်ခဲ့ဖူးတာ သေချာတယ်"

သူသည် အလွန်လေးနက်ထားနေသော ပုံစံဖြင့် လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်ပြီးနောက် ထိုလက်နှစ်ဖက်ကို ခေါင်းပေါ် မြှောက်ပြီး လက်ချောင်းထိပ်ဆယ်ခုလုံးအား ထိလိုက်သည်။

"ထွန်းတောက်နေစွမ်းအား ညအမှောင်ကို လွင့်ပျယ်စေသား"

လက်ရှိအချိန်တွင် အရာအားလုံး ပိတ်ပိတ်ပိန်းမှောင်မည်းနေပြီး မည်သည့်နေရာတွင်မဆို အလင်းရောင်မရှိပေ။ တံခွန်သုံးခုအလံမှာ ညအမှောင်ထု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သယောင်ပင်။

သို့သော် အလင်းတန်းတစ်တန်းက ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးထံမှ ထွက်လာပြီး ထိုလူ့ကို ဝိုင်းရံရစ်သိုင်းသွားသည်.... သူကား ညအမှောင်၏အလယ်တွင် ထွန်းတောက်နေသော နေတစ်စင်းပမာ ဖြစ်သွားခဲ့လေပြီ။

ထွန်းတောက်နေ ပေါ်လာခဲ့ပြီး တောက်ပသောအလင်းရောင်က အရပ်မျက်နှာတစ်ခွင် ဖြာထွက်သွားသည်။ ၎င်း၏စွမ်းအားက ညအမှောင်ထု၏စွမ်းအားကို လွင့်ပျယ်စပြုလာစေသည်။ အကန့်အသတ်မရှိသော အမှောင်ထုသည် အလင်းရောင်အောက်တွင် ပျောက်ကွယ်သွားရပြီး လုံးဝမောင်းထုတ်ခံလိုက်ရတော့၏။

မန်ဟိုမှာ ၎င်းကို ခံနိုင်ရည်မရှိ၍ ပါးစပ်မှ သွေးများ ပန်းထွက်သွားဝောာ့သည်။ တံခွန်သုံးခုအလံမှာ ထစ်ချုပ်းအော်မြည်ပြီး မှုန်မွှားဝေဝါးလာသည်။ ၎င်းက တစ်ချိန်တည်းမှာပင် ကျုံ့ရင်း နောက်ပြန်ဆုတ်သွား၏။ တစ်ကမ္ဘာလုံးသည် လင်းထိန်နေပြီး ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာ လေလယ်တွင် ပျံဝဲနေလျက် ရှိသည်။ သူ့ကို ကြည့်လျှင် သူသည် နေလား ၊ လူလား ပြောဖို့ ခက်လိမ့်မည်။

မန်ဟိုမှာ စိတ်နှလုံးတုန်ရီသွား၏။ ဤသည်မှာ သူ တစ်ခါမှ မကြားခဲ့ဖူးသော တာအိုမှော်ကျင့်စဉ်၊ နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်သည်။

"ဒါ ဘာနတ်ဘုရားစွမ်းရည်လဲ" သူ၏တစ်ကိုယ်လုံး တုန်ရီသွားပြီး ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ နေအလင်းရောင်က ညအမှောင်ကို ဖယ်ရှားလိုက်သောအခါ မန်ဟိုမှာ ည၏တစ်စိတ်တစ်ပိုင်းဟု သတ်မှတ်ခံလိုက်ရပုံပင်။ သူ၏ခန္ဓာကိုယ်မှာ မီးဟုန်းဟုန်းတောက်လာပြီး သူက စူးစူးဝါးဝါး အော်လိုက်သည်။ သူ့မှာ သူ့ကိုယ်သူ သွေးရူးသွေးတန်း ကုသလိုက်သဖြင့် မျက်လုံးများ ခရမ်းရောင်တောက်နေတော့၏။ သို့သော် မိုးခြိမ်းသံတမျှ ကျယ်လောင်သော ထစ်ချုန်းသံများအလယ်တွင် သူကား အောက်ရှိ အနက်ရောင်ပင်လယ်ထဲသို့ ပြုတ်ကျသွားတော့၏။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏အသံက ဂုဏ်ယူမော်ကြွားစွာ ပြောလာသည်။ "အဲ့ဒါက ဝမ်မျိုးနွယ်ဘိုးဘေးကြီးကိုယ်တိုင် ဖန်တီးထားတဲ့ နောက်ထပ်ပညာရပ်တစ်ခုပဲ။ မင်း ဒီလို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီဆိုတော့ မြေအောက်ကမ္ဘာကို သွားတဲ့အခါ ပြုံးပြုံးသာ သွားပေတော့" သူ၏မျက်နှာမှာ ယခင်ထက် အတန်ငယ်ဖြူဖျော့သွားလေသည်။ စောစောက ပညာရပ်ကို အသုံးပြုခြင်းက မရိုးရှင်းကြောင်း သိသာ၏။ တိုက်ပွဲကို အဆုံးသတ်ဖို့ လိုအပ်နေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူ့အနေဖြင့် ၎င်းကို အသုံးပြုမည်မဟုတ်ပေ။

တောက်ပသောအလင်းရောင်သည် ပတ်ဝန်းကျင်တွင် နေရာယူလာပြီး ပင်လယ်ရေမှာ ခရမ်းရောင်သမ်းလာ၏။ မန်ဟို ရေထဲ ဗွမ်းခနဲ ကျသွားစဉ် ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏မျက်လုံးများ တဖျပ်ဖျပ် လက်သွားသည်။

"အခုလိုအချိန်မှာတောင် သူက အင်မော်တယ်ဓားရဲ့ စွမ်းအားကို မထုတ်သေးဘူလား" သူက တွေးလိုက်သည်။ "ငါ ပထမဆုံး ရောက်လာတုန်းက သူ စွမ်းအားတစ်ဝက်လောက်ပဲ သုံးနိုင်တာ။ အခု သေခါနီးဖြစ်နေတာတောင် မသုံးသေးဘူး... ဒါဆို အင်မော်တယ်ဓားရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းက အသုံးမဝင်တော့ဘူးဆိုတာ သေချာတယ်" သူသည် ရုတ်တရက် လေကိုခွင်း၍ မန်ဟို့ကို လှမ်းဖမ်းရန် ညာလက်အား ဆန့်ထုတ်လိုက်သည်။

"အခြေသိမ်းပိုက်မဟာမှော်သိုင်း" သူ၏ညာလက်ချောင်းငါးချောင်းမှ အနက်ရောင်အလင်း ဖြာထွက်လာသည်။ အလင်းသည် ကြောက်ခမန်းလိလိ ဆွဲအားတစ်ရပ်ကို ထုတ်လွှတ်နေသော တွင်းနက်ကြီးတစ်တွင်းဖြစ်သွား၏။

မန်ဟို့တစ်ကိုယ်လုံးမှာ ပျက်စီးဆွေးမြည့်နေသည်။ သူ၏အသားများ ဟက်တက်ကွဲ စုတ်ပြဲပြီး ဆံပင်များလည်း အထွေးလိုက် ကျွတ်ကျနေကာ ပိန်ချုံးရှုံ့တွနေတော့သည်။ သူ၏အသက်စွမ်းအားမှာ လျင်မြန်စွာ လျော့နည်းလာနေ၏။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ တာအိုရှာဖွေခြင်းအဆင့် ကျင့်ကြံခြင်းအခြေခံနှင့်ယှဉ်လျှင် မန်ဟို့ကျင့်ကြံခြင်းအခြေခံမှာ ..... အားနည်းလွန်းနေသည်။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး ချဉ်းကပ်လာသည့်အချိန်မှာပင် ရူးသွပ်မှုတို့ မန်ဟို၏မျက်လုံးများတွင် ရုတ်တရက် တောက်လောင်လာသည်။ သူ၏သွေးကြောများ ပြတ်ထွက်ပြီး ဒဏ်ရာအပြင်းအထန် ရထားသည့်တိုင် သူကား ညာလက်ဖြင့် သိုလှောင်အိတ်ကို ပုတ်လိုက်နိုင်‌သေး၏။ အရက်အိုးထွက်လာပြီး သူက တစ်ကျိုက်သောက်လိုက်သည်။ ထို့နောက် အင်မော်တယ်ဓားအား မြင်ရနိုင်ပြီး သူသည် အရက်ကို ပါးစပ်မှ‌ ထွေးထုတ်လိုက်လေပြီ။

အင်မော်တယ်ချီက အလျင်အမြန် ‌ထွက်လာသည်။ ၎င်း သူ့အား ပိုင်းဖြတ်တော့မည်ကို မြင်သောအခါ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးသည် ရင်ဒိန်းခနဲ ခုန်သွားသော်လည်း တခဏကြာသော် အေးစက်စက် ပြုံးလိုက်သည်။ သူပြင်ဆင်ထားခဲ့သည်မှာ ဤအခြေအနေအတွက်ပင်။ သူသည် သူ၏နေရာတွင် ခန္ဓာကိုယ်အတု အစားဝင်သွားပေမည့် မုဒြာလက်ကွက်တစ်ကွက်ကို ဖော်လိုက်သည်။ သို့သော် ဤအခိုက်အတန့်တွင် မန်ဟို့တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီသွား၏။ ကြည့်သရွေ့ သူ့မှာ အင်မော်တယ်ဓားကို မကိုင်နိုင်တော့သည့်အလားပင်။ သွေးများ သူ၏ပါးစပ်မှ ပန်းထွက်သွားပြီး သူ၏ညာလက်မောင်းတစ်ခုလုံး ‌သွေးအသားအစိုင်များအဖြစ် ပေါက်ကွဲသွားတော့သည်။ အင်မော်တယ်ဓားက ပင်လယ်ထဲ ပြုတ်ကျသွား၏။

မည်သို့ပင် ကြည့်ပါစေ၊ ဖြစ်ပျက်သွားခဲ့သောအရာကား ရှင်းလင်းပြတ်သား၏။ မန်ဟိုသည် ဓား၏စွမ်းအားကို မကိုင်တွယ်နိုင်သည့်တိုင် အတင်းအကြပ် ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။ ထို့ကြောင့် ညာလက်မှာ စွမ်းအားကို မခံနိုင်ဘဲ ပေါက်ကွဲသွားခဲ့ခြင်းပင်။

မန်ဟိုက ခါးသက်သက် ရယ်လိုက်ပြီး မျှော်လင့်ချက်မဲ့သွားသော အရိပ်အယောင်က သူ၏မျက်နှာကို ဖုံးလွမ်းသွား၏။

"ငါ ဒါကို လက်မခံနိုင်ဘူး" သူက မခံရပ်နိုင်မှု၊ ပူဆွေးမှုတို့ ပြည့်နေသော အသံဖြင့် ဟိန်းဟောက်လိုက်သည်။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက ပြုံးရင်း စောင့်ကြည့်နေ၏။ ဤအခိုက်အတန့်တွင် သူသည် အင်မော်တယ်ဓားမှာ သူ့အတွက် အန္တရာယ်မရှိတော့ကြောင်း ရှစ်ဆယ်ရာခိုင်နှုန်း သေချာသွားပြီဖြစ်သည်။ ယုတ်မာကောက်ကျစ်သောအမူအရာက သူ၏မျက်နှာကို ဖုံးလွှမ်းသွား၏။

မှန်ပါသည်၊ နှစ်ပေါင်းများစွာ နေထိုင်ကျင်လည်ခဲ့ဖူးသည့်လူ ဖြစ်သည်နှင့်အားလျော်စွာ သူသည် ဉာဏ်များကောက်ကျစ်သည့်အပြင် သတိလည်း ရှိ၏။ မန်ဟို လက်ပြတ်သွားသော လက်ရှိအခြေအနေတွင်ပင် သူကား အင်မော်တယ်ဓားနှင့်ပတ်သက်ပြီး သတိမလွတ်သေးပေ။

သူသည် အင်မော်တယ်ဓားကို ယူမည့်အစား မန်ဟို့ဆီ ချဉ်းကပ်လာ၏။

မန်ဟိုမှာ ဤအခြင်းအရာကို မြင်သောအခါ ဒေါပွသွားသည်။ သို့သော် သူ့ခေါင်းထဲတွင် အလွန်ရက်စက်သောအကြံပေါ်လာရန် တခဏသာ ကြာလိုက်လေသည်။ အကြံ၏ရက်စက်မှုက ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ သူ့ကိုယ်သူ ပစ်မှတ်ထားခြင်းဖြစ်၏။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက အနားကပ်လာ၏။ သူသည် မန်ဟို၏အရှေ့တွင် ပျံဝဲရင်း ညာလက်ကို မြှောက်၍ အမှောင်ထုအား မန်ဟို၏ရင်ဘတ်အပေါ် တွန်းပို့လိုက်သည်။ ထို့နောက် သူသည် သူ့လက်ကို မန်ဟို့အသားထဲ ထိုးထည့်လိုက်ရာ သူ၏လက်သည်းများက မန်ဟို့အသားကို ချက်ချင်း ဖြဲပစ်လိုက်တော့သည်။

"မင်းအသားက ထူပြီး ခန္ဓာကိုယ်က မာသားပဲ" ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက နားကြားပြင်းကပ်စရာ အသံကြီးဖြင့် ပြောသည်။ "မဆိုးဘူး။ မင်းသာ မင်းအပြင်အားကိုယ်ကို နောက်အဆင့်ထိ မြှင့်တက်နိုင်ခဲ့ရင်တော့ ငါ မင်းနဲ့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့.... မလုံလောက်သေးဘူးကွ" သူ၏လက်သည်းများက မန်ဟို့ရင်ဘတ်ထဲ နစ်ဝင်သွားသည်။

"အခြေသိမ်းပိုက်မဟာမှော်သိုင်း" ‌မွတ်သိပ်မှု၊ တပ်မက်မှုနှင့် စိတ်လှုပ်ရှားမှုတို့က ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏မျက်လုံးများတွင် တောက်ပသွားသည်။ သူ၏လက်ချောင်းများက ခပ်တင်းတင်း ဆုပ်လိုက်ရာ မန်ဟို့ကိုယ်ထဲတွင် လည်နေသော တွင်းနက်ကြီးတစ်တွင်း ပေါ်လာသည်။

၎င်း ထုတ်လွှတ်နေသော ဆွဲအားမှာ အံ့ဖွယ်ကောင်းပြီး ချက်ချင်း မန်ဟို့ကို စိုးမိုးသွားသည်။

စိတ်ကူး၍ပင် မရနိုင်သော နာကျင်မှုက နှိပ်စက်နေသဖြင့် မန်ဟို၏ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီလာသည်။ မရေမတွက်နိုင်သော အနီရောင်အမျှင်များသည် သူ၏ခန္ဓာကိုယ်အနှံ့အပြားတွင် ပေါ်လာ၏။ ဤအမျှင်များက ဟိုးယခင်တစ်ချိန်ကတည်းက သူနှင့်တစ်သားတည်းဖြစ်နေခဲ့သော အမျှင်များဖြစ်လေသည်။ ဤသည်ကား သူ၏ပြီးပြည့်စုံသော တာအိုအခြေပင်။

၎င်းသည် နောင်တစ်ချိန်တွင် သူ၏တာအိုကို အောင်မြင်ရရှိစေမည့် အခြေဖြစ်၏။

သို့သော် ယခုတွင် သွေးရောင်အမျှင်များသည် သူ့ရင်ဘတ်ထဲရှိ တွင်းနက်ကြီးထံသို့ အဆက်မပြတ် စုပ်ယူခံနေရသဖြင့် တွန့်လိမ်ကောက်ကွေးပြီး ကျုံ့နေတော့သည်။

၎င်းတို့ကား သူ၏ခြေထောက်များ၊ လက်များ၊ ခေါင်း၊ သူ၏ခန္ဓာကိုယ်ရှိ နေရာပေါင်းစုံထံမှ ရင်ဘတ်ဆီသို့ စုပ်ယူခံနေရလေသည်။

"အခုကစပြီး မင်းရဲ့ပြီးပြည့်စုံတဲ့ တာအိုအခြေဟာ ငါ့အပိုင်ဖြစ်ပြီ

"အခုကပြီး ငါ့ရဲ့ အင်မော်တယ်အဆင့်တက်လှမ်းခြင်းလမ်းဟာ ပွင့်လာတော့မယ်

"ငါဟာ အတုအယောင် အင်မော်တယ်မဟုတ်ဘဲ အစစ်အမှန်အင်မော်တယ် ဖြစ်လာလိမ့်မယ်

"ဘိုးဘေးကြီးရဲ့လမ်းအတိုင်း လျှောက်လှမ်းပြီး ကောင်းကင်နဲ့မြေကြီးမှာ အစွမ်းထက်ပညာရှင်တစ်ယောက် ဖြစ်လာစေရမယ်" ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာ အလွန်စိတ်လှုပ်ရှားနေသဖြင့် ခေါင်းမော့ပြီး အားပါးတရ အော်ရယ်လိုက်တော့သည်။ သူသည် သူ၏လက်ကို တဖြေးဖြေး ပြန်ရုတ်လိုက်ရာ ၎င်းနှင့်မန်ဟို့ခန္ဓာကိုယ်အကြားတွင် မရေမတွက်နိုင်သော အနီရောင်အမျှင်များ ဆန့်တန်းသွား၏။

အနီရောင်အမျှင်များသည် အရောင်အဝါတောက်ပနေပြီး ၎င်းတို့ကို မြင်လိုက်သည့် မည်သူမဆို ပြီးပြည့်စုံခြင်းကို တွေးတောမိလိမ့်မည်။ အပြစ်အနာအဆာမရှိသော အကြွင်းမဲ့ ပြီးပြည့်စုံခြင်း။

မန်ဟို၏ခန္ဓာကိုယ်မှာ ခြောက်ကပ်ပြီး အိုမင်းလာသည်။ သူ၏ကျင့်ကြံခြင်းအခြေခံလည်း ကျဆင်းလာ၏။ သူ၏ စဦးချီဖွဲ့စည်းမှုအခြေ ပျောက်ကွယ်သွားသည်ကို သူ ခံစားလိုက်ရသည်။ သူ၏တာအိုမဏ္ဍိုင်အခြေလည်း ‌ပျက်စီးပြီး ပြီးပြည့်စုံသော အမြုတေလည်း လုံးပါးပါးလာသည်။

သူ၏အမူအရာမှာ ပြန်တိုက်ခိုက်နိုင်စွမ်းမရှိတော့သည့်အလား ဗလာကျင်းနေ၏။

ဤအခိုက်အတန့်တွင် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကား အင်မော်တယ်ဓားကို ခုခံဖို့ ပြင်ဆင်ထားခဲ့သမျှအကုန်လုံး လုံးဝဘေးပို့လိုက်ဝောာ့သည်။  သူသည် ပြီးပြည့်စုံသော တာအိုအခြေကို နုတ်ယူဖို့သာ အာရုံအပြည့်အဝ စိုက်လိုက်တော့၏။

သူ အကာအကွယ်အားလုံးကို စွန့်ပစ်လိုက်သည့် အခိုက်အတန့်တွင် ရုတ်တရက် မန်ဟို၏ တွေဝေငေးကြောင်နေသော မျက်လုံးများတွင် အေးစက်ခက်ထန်မှု‌ပေါ်ပေါက်လာသည်။

"ငါ့တာအိုအခြေကို ယူချင်တဲ့ ဘယ်သူမဆို ‌တန်ရာတန်ကြေး ပြန်ပေးဆပ်ရမယ်"

"အင်မော်တယ်ဓား" မန်ဟို၏မျက်လုံးများမှာ ရူးသွပ်မှုတို့ ပြည့်နှက်နေသဖြင့် ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို စိတ်နှလုံးတုန်လှုပ်သွားစေတော့သည်။ ရုတ်တရက် ပင်လယ်ထဲ ကျသွားခဲ့သော အင်မော်တယ်ဓားသည် ကမ္ဘာတုန်ဟည်း ဓားချီတစ်ခုအား ထုတ်ဖော်လိုက်၏။ ၎င်းက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရေထဲမှ ထွက်လာလေပြီ။

***

All Chapters