ငါ အင်မော်တယ် ဖြစ်လာစေရမယ်
Vol. 49 Ch. 682
အင်မော်တယ်ဓား အံ့မခန်းလိလိအမြန်နှုန်းဖြင့် ရွေ့လျားရင်း ပင်လယ်ကြမ်းပြင်မှ ပျံထွက်လာစဉ် အံ့ဖွယ်ဓားချီလှိုင်းများသည် တလိပ်လိပ် ဖြာထွက်ရိုက်ခတ်သွား၏။
ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး မျက်နှာပျက်သွားပြီး သေစေနိုင်သောအန္တရာယ်အာရုံကြီးက သူ့စိတ်ထဲတွင် ပြည့်နှက်သွားတော့သည်။ သူက ရှောင်ရန် ပြင်လိုက်စဉ် မန်ဟို့ဘယ်လက်က ရုတ်တရက် ဆန့်ထွက်လာပြီး သူ၏လက်မောင်းကို ဖမ်းဆုပ်လိုက်၏။
မန်ဟို့မျက်လုံးများသည် သွေးချင်းနီနေပြီး သူ၏အမူအရာမှာ နတ်ဆိုးကြီးတစ်ကောင်အလား ၊ မကောင်းဆိုးဝါးကြီးတစ်ကောင်အလား အဆုံးစွန်အထိ ရက်စက်ကြမ်းကြုတ်နေတော့၏။ သူက ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ရင်း ရူးသွပ်မှုအပြည့်၊ ခေါင်းမာမှုအပြည့်ဖြင့် ဖမ်းဆွဲထားသည်။
"မင်း..." ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက မျက်နှာရိပ်ခနဲ ဖြစ်သွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို အရပ်မျက်နှာတစ်ခွင် ဖြန့်ကျက်ရင်း ပြောသည်။ သူ၏စိတ်မှာ ကျရောက်လာတော့မည့်ကပ်ဘေးကြောင့် တုန်ရီလျက်ရှိ၏။ တစ်ချက်ကလေးမှ မှားမရကြောင်း သိသော်လည်း ဓားအရှိန်အဝါက ပတ်ဝန်းကျင်တွင် ပြည့်နှက်နေသည့်အတွက် အင်မော်တယ်ဓား မည်သည့်နေရာမှ လာနေသည်လဲ သူ အတိအကျမပြောနိုင်ပေ။
သို့သော် ပတ်ဝန်းကျင်တစ်ခုလုံး ပိတ်လှောင်ခံထားရသည်ကိုတော့ သူ ပြောနိုင်၏။
ဂျိန်း
အင်မော်တယ်ဓားက ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို တိုက်ခိုက်ရန် ပင်လယ်ထဲမှ ပျံထွက်မလာ။ ထိုအခြင်းအရာက ၎င်းကို အရှိန်လျော့သွားစေလိမ့်မည်။ ယခုအချိန်တွင် ... အခိုက်အတန့်လေးတစ်ခုစီက အရာအားလုံးအတွက် အရေးပါသည် မဟုတ်ပါလော။
မန်ဟိုသည် ဤအခိုက်အတန့်ကို စောင့်နေခဲ့ခြင်းဖြစ်သည်။ အဆုံးသတ်တွင် သူကား အင်မော်တယ်ဓားနှင့် အင်မော်တယ်ချီကို အသုံးပြုကာ ....
သူ့ကိုယ်သူ ထိုးစိုက်ပစ်လိုက်လေသည် ။
ဓားက သူ၏ကျောကို ဖောက်ဝင်ပြီး ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ အရှေ့တည့်တည့်တွင် ပေါ်လာသည်။
ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးသည် ချဉ်းကပ်လာနိုင်သော လမ်းကြောင်းမှန်သမျှ ပိတ်ထားခဲ့သော်လည်း .... မန်ဟို၏ခန္ဓာကိုယ်ကိုဝောာ့ မေ့သွားခဲ့၏။
မန်ဟို ဤမျှရက်စက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤသည်မှာ ရန်သူအပေါ် ရက်စက်ခြင်းမဟုတ်။ သူ့ကိုယ်သူ ရက်စက်ခြင်းဖြစ်၏။ အင်မော်တယ်ဓားက လျှပ်စီးလိုအမြန်နှုန်းဖြင့် သူ၏ခန္ဓာကိုယ်ကို စိုက်ဝင်ထိုးဖောက်၍ သူ၏ရင်ဘတ်မှတစ်ဆင့် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးဆီသို့ ပြေးဝင်သွားတော့သည်။
ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာ ပျာယာခတ်သွားသည်။ သူ၏ပထမဆုံးအမှားမှာ မန်ဟိုက သူ့ကို သတ်ရန် နောက်ဆုံးအခိုက်အတန့်အထိ စောင့်နေလိမ့်မည်ဟု သတိမထားမိခဲ့ခြင်းပင်။ ဒုတိယအမှားမှာ မန်ဟိုသည် အင်မော်တယ်ဓားအား စေလွှတ်ရန် သူ၏ခန္ဓာကိုယ်ကို လမ်းကြောင်းအဖြစ် အသုံးပြုလိမ့်မည်ဟု ကြိုမသိခဲ့ခြင်းဖြစ်သည်။
သူ့မှာ သူ့ကိုယ်သူ ခုခံချင်သော်လည်း မခုခံနိုင်။ ဓားကို ဟန့်တားချင်သော်လည်း မဟန့်တားနိုင်ပေ။
"ကျုပ် မရှင်နိုင်ရင်လည်း နှစ်ယောက်အတူတူ သေကြတာပေါ့" မန်ဟိုက ပြောသည်။ "သေရမှာ ကြောက်စရာလား။ သေမျိုးတွေဟာ နှစ်တစ်ရာပဲ အလွန်ဆုံးနေနိုင်တယ်။ ကျုပ် မန်ဟို နှစ်နာရီကျော် နေထိုင်ခဲ့ပြီးပြီ။ သေရတော့ရော ဘာဖြစ်လဲ
"ကျင့်ကြံခြင်းလမ်းကြောင်းအပေါ်မှ စလျှောက်ကတည်းက ကျုပ် ပြင်ဆင်ထားပြီးသား။ သေရမှာကို ဂရုမစိုက်ပေမယ့် ..... လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ဘဝကိုတော့ တပ်မက်တယ်
"ရှင်သန်ခြင်းနှင်းပန်းက ကျုပ်ကို ချုပ်နှောင်ထားတဲ့ အချုပ်အနှောင်လို ဖြစ်ခဲ့တယ်။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး ခင်ဗျားကလည်း အဲ့ဒီလို လုပ်ချင်တယ်ပေါ့လေ။ ဒါဆို ခင်ဗျားကိုလည်း ဖျက်စီးပစ်ရုံပဲရှိတယ်"
မန်ဟို၏ ခိုင်မာပြတ်သားမှုအတိုင်းအတာက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေနိုင်၏။
ဘန်း
အင်မော်တယ်ဓားနှင့် ၎င်း၏အံ့ဖွယ်ချီသည် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးအား တိုက်ရိုက်စိုက်ဝင်သွား၏။ သူ့မှာ သွေးပျက်မတတ် အော်ပြီး မန်ဟို့လက်ကို ခါချရန် သူ၏ညာလက်ကို ဆတ်ခနဲ လှုပ်ရမ်းလိုက်သည်။ အနီရောင်တာအိုအခြေအမျှင်များမှာ အားနှင့် ဆောင့်ဖြုတ်ခံလိုက်ရသဖြင့် မန်ဟို၏ ခန္ဓာကိုယ်သည် မြောက်တက်သွားတော့၏။ အမျှင်များကား အပေါ်တွင် တလက်လက် တောက်ပလျက် ဝဲနေသော အနီရောင်တိမ်တိုက်တစ်တိုက်ဖြစ်လာသည်။
ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးသည် တလက်လက် တောက်ပနေသော ပြီးပြည့်စုံခြင်းအမျှင်နီနီများကို သူ၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဆွဲယူလိုက်သည်။ ၎င်းသည် အမှန်ဆိုလျှင် သူ့အတွက် ဘဝခိုက်သွားရမည့် အခိုက်အတန့် ဖြစ်ခဲ့သင့်၏။
ထိုအစား သူက ကြောက်လန့်တုန်ရီစွာဖြင့် မချိတင်ကဲ အော်လိုက်လေသည်။
အင်မော်တယ်ဓားသည် သူ၏ရင်ဘတ်ကို ထိုးဖောက်၍ နှလုံးသားအား ဖောက်ခွဲပစ်လိုက်ရာ သွေးများလွင့်စင်ပြန့်ကြဲသွားတော့သည်။ သူသည် ကြောက်လန့်တကြား နောက်ဆုတ်လိုက်၏။ ဤဒဏ်ရာမှာ သူ၏ခန္ဓာကိုယ်ကို စုတ်ဖြဲပစ်လိုက်သော ပြိုင်ဘက်ကင်း အင်မော်တယ်ချီနှင့်ယှဉ်လျှင် ဒုတိယသာ ဖြစ်လေသည်။
သို့သော် ထိုအရာအားလုံးမှာ သူ၏တုန်ရီနေသော ဝိညာဉ်နှင့် နည်းနည်းလေးမှ မယှဉ်နိုင်။
ထိုသည်က သူ့အတွက် ကြောက်စရာအကောင်းဆုံးအရာပင်။ သူ၏ဝိညာဉ်သည် ရစရာမရှိအောင် စုတ်ပြတ်သပ်သွားတော့မည့်အလား တုန်ရီလာလေပြီ။
"မဖြစ်ဘူးးးးးးး"
တစ်သားတည်း ပေါင်းစည်းနေခဲ့သည့် ဝိညာဉ်၏ နာမ်သုံးခု(ဟွန်သုံးခု) နှင့် ရုပ်ခုနစ်ခု (ဖိုးခုနစ်ခု) မှာ ယခုတွင် စိုက်ဝင်နေသော အင်မော်တယ်ဓား၏ ဖျက်စီးစုတ်ဖြဲခြင်းခံနေရကြောင်း အာရုံရလိုက်သဖြင့် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက ဟိန်းဟောက်လိုက်တော့သည်။ အမှန်အားဖြင့် သူ့ဝိညာဉ်၏ ရုပ်နာမ်အပိုင်းအကုန်လုံးမှာ လျင်မြန်စွာ ပျောက်ကွယ်စပြုနေလေပြီ။
"မန်ဟို သေစမ်း" ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာ တစ်ခါမှ မခံစားခဲ့ရဖူးသော အမျက်ဒေါသတို့ဖြင့် ပြည့်နှက်သွားသည်။ သူက တစ်ကိုယ်လုံး ထစ်ချုန်းမြည်ဟည်းနေစဉ် ခေါင်းမော့ပြီး ကြုံးဝါးလိုက်၏။ သူ၏ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ရင်ဘတ်မှ အသွေးအသားများ စီးကျလာသည်။ ရုတ်တရက် ပြီးပြည့်စုံသော တာအိုအခြေ၏ အနီရောင်အမျှင်များက သူ၏လက်မောင်းနှင့် ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် ပေါင်းစည်းသွားရာ သူ၏ပိန်ချုံးချုံးခန္ဓာကိုယ်မှာ ပြည့်ဖောင်းလာ၏။ သူ၏ကိုယ်ပိုင်အင်မော်တယ်ချီကား သူ၏ခန္ဓာကိုယ်ထဲတွင် ဖူးပွင့်ဖြစ်တည်လာခဲ့လေပြီ။
ကံဆိုးစွာနှင့် အင်မော်တယ်ချီ ပေါ်လာခဲ့စေကာမူ သူ့မှာ သူ၏ဝိညာဉ်မပျက်စီးအောင် မဟန့်တားနိုင်ပေ။
"အင်မော်တယ်။ ငါ အင်မော်တယ် ဖြစ်ရမယ်" သူက ဒေါသတကြီး အော်ဟစ်ရင်း အမဲဖြတ်တော့မည့် မျက်နှာထားကြီးဖြင့် မန်ဟို့ဆီ ပျံသန်းသွား၏။ သူက ညာလက်ကို မြှောက်လိုက်ရာ အရာအားလုံး တုန်ခါလာပြီး အင်မော်တယ်ချီသည် ကောင်းကင်သို့ ထိုးတက်သွားကာ ပင်လယ်ရေများ ဆူပွက်လာတော့၏။
မန်ဟိုမှာ တာအိုအခြေကို ဆုံးရှုံးလိုက်ရပြီဖြစ်၍ ကျင့်ကြံခြင်းအခြေခံလည်း ကျဆင်းသွားခဲ့လေပြီ။ သူသည် လူငယ်လေးနှင့်မတူတော့ဘဲ နောက်ဆုံးထွက်သက်သာ ကျန်တော့သည့် ပိန်ချုံးခြောက်ကပ်နေသော အဘိုးကြီးဖြစ်သွား၏။
သို့သော် သူက ပြုံးလိုက်သည်။ လွတ်လပ်သွားသောအပြုံး၊ အားရကျေနပ်နေသော အပြုံး၊ ရက်စက်သောအပြုံး။
"ခင်ဗျား ကျုပ်ရဲ့ တာအိုအခြေကို လိုချင်ရင် တန်ရာတန်ကြေးပေးဆပ်ရမယ်"
ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏လက်ဝါးကြီး ကျဆင်းလာစဉ် ကောင်းကင်မှာ မှောင်မိုက်လာ၏။ တိုက်ကွက်၏အားကြီး သူ့ကို လွှမ်းခြုံသွားတော့မည့်အချိန် ရုတ်တရက် ပင်လယ်အတွင်းမှ သက်ပြင်းချသံတစ်သံ ကြားလိုက်ရသည်။ အနက်ရောင်မြူများက မန်ဟို့ကို ဖုံးကွယ်ရင်း တလိပ်လိပ် ထလာ၏။ မျက်စိတစ်မှိတ်အတွင်း မြူများမှာ ပြန်လည်မှေးမှိန်လွင့်ပျယ်သွားပြီး မန်ဟိုကား ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ လက်ဝါးအောက်မှ ပျောက်ကွယ်သွားခဲ့လေပြီ။
မြူများနှင့် တစ်ပြိုင်တည်း အခြားအရာတစ်ခု ပေါ်လာခဲ့သည်။ သင်္ဘောတစ်စင်း။
၎င်း၏အရှိန်အဝါသည် ရှေးကျပြီး အချိန်ဖြတ်သန်းမှု၏အကြွင်းအကျန်များဖြင့် ပြည့်နှက်နေလေသည်။ ကုန်းပတ်သည် ပျက်စီးဆွေးမြည့်နေပြီး သင်္ဘောတစ်စင်းလုံးမှာ အိုမင်းနေ၏။ ဤသည်ကား ... ရှေးဟောင်းမြေအောက်ကမ္ဘာသင်္ဘောမှတစ်ပါး အခြားမဟုတ်ပေ။
သင်္ဘောဦးတွင် ပဲ့ရွဲ့စုတ်ပြတ်နေသောချပ်ဝတ်တန်ဆာတစ်စုံနှင့် အဘိုးကြီးတစ်ယောက် တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ဘေးတွင် မန်ဟိုက မျက်လုံးများ ပိတ်လျက် လဲလှောင်းနေပြီး သေနေလား၊ ရှင်နေလား ပြောမရပေ။
ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏လက်ဝါးသည် ပင်လယ်ပြင်ကို ရိုက်ချလိုက်သဖြင့် ပင်လယ်ရေများ အဘက်ဘက်သို့ လွင့်စင်သွားပြီး ချိုင့်ခွက်ကြီးပေါ်လာလေသည်။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာ အော်ဟစ်နေပြီး ရူးခါနေတော့သည်။ အင်မော်တယ်တစ်ဦး၏ အရှိန်အဝါမှာ သူ၏ခန္ဓာကိုယ်အပေါ်တွင် ပို၍ထင်ရှားလာသော်လည်း သူ၏မျက်နှာအမူအရာမှာ စိတ်မနှံတော့သည့်အလားပင်။ သူ၏ဝိညာဉ်သည် အပြီးတိုင် ပျက်စီးခါနီးနေလေပြီ။ သူသည် ဝိညာဉ်၏ ရုပ်တစ်ခုကို ဆုံးရှုံးလိုက်ရပြီဖြစ်ရာ သူ့တွင် နာမ်သုံးခုနှင့် ရုပ်ခြောက်ခုသာ ကျန်တော့လေသည်။
"ငါ လက်မခံနိုင်ဘူး" သူ၏ မန်ဟို့အပေါ် မုန်းတီးမှုမှာ အထွပ်အထိပ်သို့ ရောက်သွားခဲ့လေပြီ။ သူမှာ ဆင်ခြင်စဉ်းစားနိုင်စွမ်းမရှိဝောာ့ဘဲ မသေခင် မန်ဟို့ကို သတ်ဖို့ အတွေးသာ ရှိတော့သည်။
သူက ရှေ့တက်သွားသော်လည်း တစ်ချိန်တည်းမှာပင် မြေအောက်ကမ္ဘာသင်္ဘောက ရွေ့လျားသွားခဲ့လေပြီ။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး မည်မျှလိုက်စေကာမူ ၊ လိုက်မမှီပေ။ သူ့မှာ မြေအောက်ကမ္ဘာသင်္ဘော ပင်လယ်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေနိုင်တော့သည်။
"သေစမ်း" ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက ဟိန်းဟောက်လိုက်သည်။ သူ၏မျက်လုံး၊ နား ၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာ၏။ သူသည် ခေါင်းကို လက်ဝါးဖြင့် ရက်ရက်စက်စက် ရိုက်နေရာ သွေးများ ပိုမိုစီးကျလာလေသည်။ သို့သော် ထိုအခိုက်အတန့်တွင် သူသည် ရုတ်တရက် စိတ်အနည်းငယ်ပြန်ကပ်သွား၏။
"ငါ အင်မော်တယ်တက်လှမ်းခြင်းအဆင့်ကို ရောက်ရမယ်။ ငါ့ဝိညာဉ် ပြည့်စုံမှဖြစ်မယ်။ ငါ သေလို့မဖြစ်ဘူး။ အခုထိ အင်မော်တယ်တက်လှမ်းခြင်းအဆင့်ကို မရောက်သေးဘူး။ ရောက်ခါနီးဆဲဆဲ ဖြစ်နေတာ" သူက မျက်လုံးကြီးများ ရဲတွတ်နေလျက် လေကို ခွဲပြီး ဝင်ရောက်သွား၏။
အံ့ဩဖွယ်ကောင်းစွာနှင့် သူ ပြန်ပေါ်လာသောအခါ ဝောာင်ပိုင်းဒေသ၊ ဝမ်မျိုးနွယ်စုသို့ ပြန်ရောက်နေလေပြီ။
"ငါ အင်မော်တယ်တက်လှမ်းခြင်းအဆင့်ကို ရောက်ရမယ်။ အင်မော်တယ်ဖြစ်ရမယ်
"ငါ မသေနိုင်ဘူး။ သေလို့မဖြစ်ဘူး
"ငါ့မှာ ပြီးပြည့်စုံတဲ့ တာအိုအခြေရှိပြီ ငါဟာ အင်မော်တယ်ဖြစ်ဖို့ ကံပါပြီးသား။ အင်မော်တယ်ချီလည်း ပေါ်လာနေပြီ
"ငါက ဘယ်လိုလုပ် သေနိုင်မှာလဲ" သူသည် ကယောင်ချောက်ချားဖြစ်နေပြီး သူ့စိတ်အစဉ်မှာလည်း ပရမ်းပတာ ဖြစ်နေတော့သည်။ ယခု သူ့ခေါင်းထဲတွင် အင်မော်တယ်တက်လှမ်းခြင်းအဆင့် ရောက်ဖို့သာ ရှိသည်။ သူက မျက်လုံးများ နီရဲနေလျက် ဝမ်မျိုးနွယ်စု၏မြို့တစ်မြို့သို့ ပျံဆင်းသွားလေသည်။
တစ်မြို့လုံးမှာ ဝမ်မျိုးနွယ်ဝင်များဖြင့် စည်ကားနေသည်။ လူသားများ၊ ကျင့်ကြံသူများ ရောနှောနေပြီး ကလေးလူငယ်လူကြီးအစုံအလင်ပင်။ သူ မြို့ဆီ ဆင်းလာစဉ် ကျင့်ကြံသူအနည်းငယ် ပျံထွက်လာကြသည်။ ဒသမဝမ်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ပုံစံကို မြင်သော် သူတို့အားလုံး မျက်နှာပျက်သွားကြ၏။
"ခေါင်းဆောင်ကြီး"
"ခေါင်းဆောင်ကြီး ဘာ..... အားးးးးး" လူများ ပါးစပ်လိုက်ကြသည့်အချိန်မှာပင် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက ဝမ်မျိုးနွယ်ကျင့်ကြံသူတစ်ယောက်ကို လှမ်းဆွဲပြီး ဖြစ်ညစ်ပစ်လိုက်၏။ ကျင့်ကြံသူ၏ခေါင်းမှာ ပေါက်ကွဲသွားပြီး ထွက်လာသော သူ၏ဝိညာဉ်ကို ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက စုပ်ယူလိုက်လေသည်။
ကျန်ဝမ်မျိုးနွယ်များမှာ တုန်လှုပ်သွားကြသော်လည်း သူတို့ မတုံ့ပြန်နိုင်ခင် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက သူတို့ဆီ ဦးတည်လာသော အနက်ရောင်လေအသွင်ပြောင်းသွားခဲ့လေပြီ။ ရာပေါင်းများစွာသော လူတို့မှာ သုတ်သင်ခံလိုက်ရပြီး သူတို့၏ဝိညာဉ်များမှာ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ စုပ်ယူခြင်းခံနေရသဖြင့် အရပ်မျက်နှာတစ်ခွင်တွင် ကူပါ၊ကယ်ပါ အသံများ ဆူညံပွက်လောရိုက်ကုန်တော့သည်။
"ငါ အင်မော်တယ်တက်လှမ်းခြင်းအဆင့်ကို ရောက်ရှိရမယ်" သူက ကယောင်ချောက်ချား ပြောလိုက်သည်။ "ငါ သေလို့မဖြစ်ဘူး" သူက မျက်လုံးနီနီကြီးများဖြင့် မြို့ထဲ ပျံဆင်းသွားလေသည်။ သူ ဖြတ်သွားသည့်နေရာတိုင်း သွေးပျက်ချောက်ချားဖွယ် အော်သံများ ဆူညံသွား၏။ မရေမတွက်နိုင်သော ဝိညာဉ်များ ပျံထွက်လာပြီး သူက စုပ်ယူလိုက်သည်။ အသက်ဆယ်ရှိုက်စာလေးအတွင်း တစ်မြို့လုံးမှာ သုဿာန်တစပြင်ပမာ တိတ်ဆိတ်သွား၏။ မြို့ရှိလူတိုင်း ... သေကုန်ကြလေပြီ။
ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးသာ ကျန်ရစ်ခဲ့သည်။ သူက ဟိန်းဟောက်ရင်း လေပေါ် ပျံတက်လိုက်လေသည်။
"ငါ့ဝိညာဉ် ငါ့ပြန်ပေး"
ဝမ်မျိုးနွယ်စုတွင် ထိုကဲ့သို့မြို့ စုစုပေါင်း သုံးမြို့ရှိသည်။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက ဖျတ်ခနဲ ပျောက်သွားပြီး ဒုတိယမြို့၏အပြင်တွင် ပြန်ပေါ်လာသည်။ စောစောက အတိုင်း ဖြစ်ပျက်သွားပြန်သည်။ မရေမတွက်နိုင်သော ဘဝများသည် ဝမ်းနည်းဖွယ်ရာ အဆုံးသတ်ဖြင့် နိဂုံးချုပ်သွားကြပြီး မချိတင်ကဲအော်သံများအား နားမခံသာအောင် ကြားနေရတော့သည်။ အနက်ရောင်တိမ်တိုက်ကြီး တစ်မြို့လုံး ဖုံးလွှမ်းသွားစဉ် ဝမ်သွေးဆက်အားလုံး၏ဝိညာဉ်များမှာ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ စုပ်ယူစားသုံးခြင်း ခံလိုက်ရဝောာ့၏။ ဤအရာအားလုံးကား မျက်စိတစ်မှိတ်လေးအတွင်း ဖြစ်ပျက်သွားခြင်းပင်။
သို့သော်လည်း သူ့ဝိညာဉ်၏ နာမ်နှင့် ရုပ်မှာ ပြိုကွဲပျက်စီးနေဆဲပင်။ မူလက စုစုပေါင်းခုနစ်ခုရှိခဲ့ရာမှ ယခုတွင် နာမ်တစ်ခုနှင့် ရုပ်နှစ်ခု ပျောက်ကွယ်သွားခဲ့လေပြီ ။
"မဖြစ်ဘူး" သူက တတိယမြို့သို့ ဦးတည်ရင်း ဟိန်းဟောက်လိုက်သည်။ ဤမြို့သည် တောင်ကောင်းကင်ရှိ ဝမ်မျိုးနွယ်စု၏ ဘိုးဘေးစံအိမ်ရှိရာမြို့ဖြစ်၏။ သူ အနားကပ်လာစဉ် အထဲမှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်များအပါအဝင် ကျင့်ကြံသူထောင်ပေါင်းများစွာ ထွက်လာကြသည်။ သူတို့၏မျက်နှာများတွင် ထိတ်လန့်တုန်လှုပ်မှုတို့ ပြည့်နှက်နေ၏။
"ခေါင်းဆောင်ကြီး ရူးသွားပြီ"
"သူက မျိုးနွယ်ဝင်တွေ အပြည့်ရှိတဲ့ မြို့နှစ်မြို့ကို တစ်ယောက်မကျန် သတ်ခဲ့တယ်။ ရူးသွားပြီ"
ဝုန်း
ဝမ်မျိုးနွယ်၏ပိုက်နက်အတွင်းတွင် မျိုးရိုးစဉ်ဆက် ခေါင်းဆောင်ကြီးများအား မြှုပ်နှံထားသော တောင်များ ရှိသည်။ တောင်ခုနစ်လုံးမှ ရုတ်တရက် ကြောက်မက်ဖွယ် ဟိန်းဟောက်သံများ ထွက်လာ၏။ မျက်စိတစ်မှိတ်အတွင်း ခေါင်းတလားခုနစ်ခု ပေါ်လာပြီး ပိန်ချုံးခြောက်ကပ်နေသော အဘိုးကြီးခုနစ်ယောက် ထွက်လာသည်။ တစ်ယောက်မကျန် ဒေါသထွက်နေကြ၏။
"ဒသမခေါင်းဆောင်ကြီး ၊ ဘာလုပ်နေတာလဲ"
"ဒသမခေါင်းဆောင်ကြီး၊ မင်း စိတ်ထိန်းစမ်း"
သူတို့၏ ကြောက်မက်ဖွယ်ဟိန်းဟောက်သံများက မိုးခြိမ်းသံကြီးတမျှ ဟိန်းထွက်သွားရာ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏မျက်လုံးများအား အတန်ငယ် ရှင်းလင်းပြတ်သားသွားစေသည်။ ထိုအခိုက်အတန့်တွင် သူသည် သူလုပ်ခဲ့သမျှအကုန်လုံးကို သဘောပေါက်လိုက်ပြီး တစ်ကိုယ်လုံး တုန်ရီလာ၏။ သူ၏နှလုံးသားထဲတွင် ကိုယ့်မျိုးနွယ်များကို သတ်ဖြတ်ခဲ့မိသည့်အတွက် နာကျင်မှုကို ခံစားလိုက်ရလေသည်။
ပြင်းထန်သောနာကျင်မှုက သူ့ကို စိုးမိုးသွားသော်လည်း တခဏသာ ဖြစ်သည်။ ထို့နောက် သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားသော စိတ်ဆန္ဒဖြင့် ဝောာက်ပလာတော့၏။
"ငါ မင်းတို့ကိုလည်း သတ်ပြီး မင်းတို့ရဲ့ ဝိညာဉ်ကို စားပစ်မယ်။ ဒါဆို ငါ အင်မော်တယ်အဆင့် တက်လှမ်းနိုင်ပြီ။ ငါ အသက်ရှင်သရွေ့ မျိုးနွယ်စုတစ်စုလုံး သေသွားလည်း ရတယ်"
(T/N : ကျွန်တော် နာမ်သုံးခု ၊ ရုပ်ခုနစ်ခု လို့ပြန်ထားတာကို တရုတ်လို sanhunqipo ဆန်းဟွန်ချီဖိုး - ဟွန်သုံးခု, ဖိုးခုနစ်ခု လို့ခေါ်ပါတယ်။ နောက်မှ လေ့လာပြီး အကျယ်တဝင့် ပြန်ရှင်းပြပါ့မယ်)
***