← Chapters

ထိုအချိန်မှစပြီး

Vol. 49 Ch. 683

ထိုအချိန်မှစပြီး

Vol. 49 Ch. 683

အင်မော်တယ်အဆင့်တက်ရဖို့လေးအတွက်…

သေခြင်းတရားကို ရှောင်လွှဲနိုင်ဖို့လေးအတွက်…

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကား ရူးသွပ်မိုက်မဲမှုပင်လယ်တွင်းသို့ နစ်မြုပ်သွားခဲ့လေပြီ။

မျက်ရည်များက ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏မျက်နှာတစ်လျှောက် စီးကျလာသည်။ သူက ဟိန်းဟောက်လိုက်ပြီး သူ၏မျက်လုံးများမှာ နီရဲတွတ်နေလေသည်။ သူ့မှာ နှလုံးသားပင် မရှိတော့သော်လည်း မျိုးနွယ်စုသံယောဇဉ်၊ သူ၏ရောင်ရင်းမျိုးနွယ်ဝင်များအပေါ် ခင်မင်ရင်းနှီးမှုတို့ကိုတော့ ခံစားရသေးလေသည်။ သို့သော် ယခုအချိန်ကား.... နောက်ပြန်လှည့်ဖို့ နောက်ကျသွားခဲ့လေပြီ။

သူ မသေချင်ပေ။ အထူးသဖြင့် ပြီးပြည့်စုံသော တာအိုအခြေကို ရခဲ့ပြီး၊ ခန္ဓာကိုယ်တွင် အင်မော်တယ်ချီများ ပြည့်နှက်နေပြီးနောက်မှတော့ မသေချင်။ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ အနိမ့်ဆုံးအထိ နစ်မြှုပ်‌သွားစေလိုက်ရုံသာ။

နောင်တလား။ သူ နောင်တ၏အဓိပ္ပာယ်ကို မသိပေ။ ဝါးမြိုရမည်။ သူ့သွေးဆက်၏ ဝိညာဉ်များကို ဝါးမြိုရမည်။ ထိုဝိညာဉ်များကသာလျှင် သူ့အသက်ကို ကယ်တင်နိုင်၏။

ယင်းကမှ ... သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာ။

အင်မော်တယ်အဆင့် တက်ရဖို့အတွက်။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာ အသိစိတ်တို့ နောက်ကျလာရင်း အက်ကွဲကွဲ ဟိန်ဟောက်လိုက်သည်။ သူသည် ပို၍ပင် အရူးရင့်သွားတော့၏။ သတ် သတ် သတ်။

သူ မည်မျှသတ်ခဲ့သလဲ ဆိုသည်ကိုသော်လည်းကောင်း၊ ရောင်ရင်းမျိုးနွယ်များ၏ ဝိညာဉ်မည်မျှအား ဝါးမြိုခဲ့သလဲဆိုသည်ကိုသော်လည်းကောင်း မသိတော့ပေ။ တစ်ညတည်းနှင့် တတိယမြို့ရှိ ဝမ်မျိုးနွယ်ဝင် တစ်ယောက်မကျန် သေဆုံးသွားခဲ့လေပြီ။

တောင်အမျိုးမျိုးတွင် မြှုပ်နှံခံထားရသော ခေါင်းဆောင်ကြီးများမှာ ထစ်ချုန်းပေါက်ကွဲသံများအလယ်တွင် သတ်ဖြတ်ခံနေရ၏။ ခေါင်းဆောင်ကြီးခုနစ်ဦးတွင် အံ့ဖွယ်ကျင့်ကြံခြင်းအခြေခံများ ရှိသော်လည်း ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးသည် ယခုတွင် အင်မော်တယ်ချီအပြင် ပြီးပြည့်စုံသော တာအိုအခြေကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ သူတို့မှာ သူနှင့် မည်သို့မျှ မယှဉ်နိုင်ပေ။

တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြသည်။

တောင်များပြိုကျပြီး အရာအားလုံး လှုပ်ခါရမ်းနေ၏။ တစ်ညတည်းနှင့် တောင်ကောင်းကင်ရှိ ဝမ်မျိုးနွယ်စု၏ အုတ်မြစ်တစ်ခုလုံးကား ...‌ မြေလှန်ခံလိုက်ရလေပြီ။ ဤသည်မှာ မျိုးဖြုတ်ခြင်း ဖြစ်ပေ၏။

သူသည် တောင်ကောင်းကင်ဂြိုဟ်တွင် ခေတ်ပေါင်းများစွာ တည်ရှိခဲ့သော ဆယ်ယောက်မြောက် ခေါင်းဆောင်ကြီးဖြစ်သည်။ သူကား မျိုးနွယ်စုတွင် အမြင့်ဆုံးကျင့်ကြံခြင်းအခြေခံနှင့် ခေါင်းဆောင်ကြီး ၊ မျိုးနွယ်ဝင်များ နတ်ဘုရားတစ်ပါးအလား မော်ဖူးကြသော ပုဂ္ဂိုလ်ကြီးဖြစ်သည်။

သို့သော် ထိုနေ့တွင် နတ်ဘုရားသည် မကောင်းဆိုးဝါး ဖြစ်လာခဲ့ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့၏။ သတ်ဖြတ်နေစဉ်အတောအတွင်း သူသည် သုံးကြိမ် အသိစိတ်ပြန်ဝင်ခဲ့သည်။

ပထမဆုံးအကြိမ်မှာ သူ၏ဘေးတွင် နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် အတူနေထိုင်ခဲ့သော သူ၏ညီဖြစ်သူ ဆယ့်တစ်ယောက်မြောက် ခေါင်းဆောင်ကြီးကို သတ်ဖြတ်ခဲ့တုန်းက ဖြစ်သည်။ သူသည် မျက်ရည်များ တသွင်သွင် စီးကျနေလျက် အရူးသဖွယ် ရယ်ရင်း  ညီငယ်၏ဝိညာဉ်ကို ဆွဲထုတ်ပြီး စားပစ်လိုက်၏ ။

ဒုတိယအကြိမ်မှာ သူ၏အချစ်ဆုံးဂျူနီယာမျိုးဆက်ကို သတ်ခဲ့တုန်းက ဖြစ်သည်။ ထိုလူမှာ အသက်ချမ်းသာပေးပါရန် ခေါင်းဆောင်ကြီးအား ‌‌ငိုယိုတောင်းပန်၏။ သူသည် ထိုလူ၏ဦးခေါင်းခွံကို ခြေမွပြီးနောက် ဦးနှောက်စများဖုံးလျက် သွေးတစက်စက် ကျနေသော လက်ဖြင့် ဝိညာဉ်ကို ဆွဲထုတ်ပြီး စားပစ်လိုက်လေသည်။

တတိယအကြိမ်မှာတော့ တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားသည့်အချိန်ပင်။ သူ၏ခြေထောက်အောက်တွင် အပျက်အစီးများနှင့် အလောင်းများမှအပ ဘာမှမရှိတော့ပေ။ သက်ရှိသတ္တဝါဟူ၍ မကျန်ရှိလေတော့။ ထိုအခိုက်အတန့်တွင် သူ အသိစိတ်ဝင်သွားခဲ့သည်။

သို့သော် ယင်းက အသက်ရှူကြိမ်အနည်းငယ်မျှသာ ခံလိုက်သည်။ ထို့နောက် သူကား သွပ်သွပ်ခါ ပြန်ရူးသွားတော့၏။ ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်သည် ထိခိုက်ပျက်စီးခြင်းမရှိတော့ ပြန်လည်သက်သာလာခဲ့လေပြီ။ သို့သော် သူ ဆုံးရှုံးလိုက်ရသော ဝိညာဉ်အပိုင်းများမှာတော့ ... ထာဝရဆုံးရှုံးသွားရခြင်းဖြစ်သည်။ နာမ်နှစ်ခုနှင့် ရုပ်သုံးခုကား ထာဝရပျောက်ဆုံးသွားခဲ့လေပြီ။

ယခု သူ့တွင် နာမ်တစ်ခုနှင့် ရုပ်လေးခုသာ ရှိတော့၏။

ဤသည်မှာ တောင်ကောင်းကင်ဂြိုဟ်ရှိ ဝမ်မျိုးနွယ်ဝင်အားလုံး၏အသက်‌အား စတေးလိုက်ရသော ရလဒ်ပင်။ သူ၏ဝိညာဉ် မပျက်စီးခဲ့၍ သူကား မသေ‌။ သို့သော် ... ဝိညာဉ်၏ နာမ်တစ်ခု၊ ရုပ်လေးခုတည်းနှင့် သူ မည်သည့်အချိန်မှ အသိစိတ်ပြန်ဝင်လာတော့မည်ကို မည်သူသိမည်နည်း။

သူ၏အစိတ်အပိုင်းအများစုမှာ ရူးသွပ်ပြီး စိတ်မနှံ့မှုအတွင်းသို့ ကျရောက်သွားခဲ့လေပြီ။‌ သူကား ယုတ်မာကောက်ကျစ်မှုအတွင်း၌ စုန်းစုန်းမနစ်မြုပ်သွားမီ ယူကျုံးမရ ငိုကြွေးလေ၏။ မျက်ရည်ပေါက်များက ဝမ်မျိုးနွယ်စု၏ အပျက်အစီးများအပေါ် တပေါက်ပေါက် ကျလာသည်။ နှစ်‌ပေါင်းများစွာကြာပြီးလျှင်တော့ ထိုနေရာ၌ သွေးရောင်ပန်းခင်းတစ်ခင်း ဖူးပွင့်ကောင်း ဖူးပွင့်လာလိမ့်မည်.....

သူက ခေါင်းထောင်ပြီး ပူဆွေးဝမ်းနည်းမှု၊ ခါးသီးမှုတို့အပြည့်ဖြင့် ရယ်လိုက်သည်။ ထို့နောက် အဝေးသို့ ထွက်သွားသော အလင်းတန်းတစ်တန်း ဖြစ်သွားတော့သည်။

"အင်မော်တယ်အဆင့်တက်လှမ်းခြင်း"

"ငါ အင်မော်တယ် ဖြစ်လာစေရမယ်"

သူကား ရူးသွပ်မိုက်မဲမှုအတွင်း၌ ထာဝရ စုန်းစုန်းမြုပ်သွားခဲ့လေပြီ။

ထိုအချိန်မှစပြီး တောင်ကောင်းကင်ဂြိုဟ်တွင် ဝမ်မျိုးနွယ်စု ဟူ၍ မရှိလေတော့ပြီ။ ဝမ်မျိုးနွယ်စုရှိခဲ့သော နေရာ၌ အင်မော်တယ်အဆင့်တက်လှမ်းခြင်းအကြောင်း ကယောင်ချောက်ချား လျှောက်ပြောနေတတ်သော အရူးကြီးတစ်ယောက် နေနေ၏။ ထိုအရူးကြီးအား ဘယ်သူမှ ရန်မစရဲကြပေ။

အဘယ်ကြောင့်ဆိုသော် .... သူကား အင်မော်တယ်တက်လှမ်းခြင်းအဆင့်သို့ တစ်ပိုင်း ဝင်ရောက်နေ၍ပင်။ သူသည် အင်မော်တယ်ချီကို ပိုင်ဆိုင်ထားပြီး အစစ်အမှန်အင်မော်တယ်ဖြစ်ဖို့ အင်မော်တယ်ပြစ်ဒဏ်ကို ကျော်လွှားရန်သာ ကျန်တော့၏။

ကံဆိုးစွာနှင့် သူ၏ဝိညာဉ်မှာ အပြည့်အစုံမရှိတော့သည့်အတွက် သူကား ရူးသွပ်မှုအတွင်းသို့ ထာဝရ စုန်းစုန်းမြုပ် သွားခဲ့လေပြီ။ သူ၏ အင်မော်တယ်အဆင့်တက်လှမ်းခြင်းနေ့ရက်ကား ဘယ်တော့မှ ရောက်လာတော့မည်မဟုတ်။

....

နဂါးငွေ့တန်းပင်လယ်၊ ပတ်လမ်း (၂) ၏ ရေအနက်ပိုင်းထဲတွင် ဧရာမရှင်သန်ခြင်းနှင်းပန်းကြီးသည် ရှေ့နောက်ယိမ်းနေ၏။ အရောင်ဘယ်‌နှရောင်လဲ မမြင်ရသော်လည်း ပန်းပွင့်၏အပေါ်တွင် ထိုင်နေသော အမျိုးသမီးတစ်ယောက်၏ ပုံရိပ်ကိုတော့ မြင်ရနိုင်လေသည်။ သူမသည် ပွင့်ချပ်များကို ဒန်းအဖြစ်သုံးရင်း ရှေ့နောက်လွှဲနေသယောင်ပင်။

"တာအိုအခြေမရှိတော့ဘူးဆိုတော့ သေသွားလောက်ပြီ....

"မိစ္ဆာချုပ်နှောင်သူအဖွဲ့မှာ ကိုးက အထွတ်အထိပ်ပဲ။ ကြည့်ရတာ အမွေအနှစ် ... ပြတ်တောက်သွားပြီ ထင်ပါရဲ့"

နဂါးငွေ့တန်းပင်လယ်၊ ပတ်လမ်း (၄) ၏အပြင်တွင် ကျွန်းကြီးတစ်ကျွန်းသည် ပင်လယ်ရေပြင်ကို ဖြတ်၍ တဟုန်ထိုး ရွေ့လျားနေ၏။ ရုတ်တရက် ၎င်းသည် တုန်ရီသွားပြီး ရွေ့လျားနေခြင်း ရပ်တန့်သွားလေသည်။ အကြာကြီးကြာသော် ပင်လယ်ထဲမှ ဧရာမခေါင်းကြီးတစ်ခေါင်း ထွက်လာပြီး အဝေးသို့ လှမ်းကြည့်လိုက်၏။

"သူ့ရဲ့ အရှိန်အဝါ မရှိတော့ပါလား.....

"ဉာဏ်များပြီး ကောက်ကျစ်တဲ့ ခွေးသူတောင်းစားလေး ။ သေသွားပြီတဲ့လား ။ ကောင်းတယ်။ ကောင်းတယ်။ သိပ်..... နေဦး သေသွားပြီလားဟ" ခေါင်းကြီးမှာ မဆိုစလောက် တုန်ရီသွား၏။ မှီခိုရာဂိုဏ်းချုပ်မှာ ပျော်ချင်ပါသော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် မပျော်နိုင်ပေ။

"သေသွားပြီတဲ့လား.... ငါ့-ီးတဲ့မှ ဘယ်ကောင် သူ့ကို သတ်လိုက်တာလဲ။ သူက ငါ ဂိုဏ်းချုပ်ရဲ့ တစ်ယောက်တည်းသော အတွင်းစည်းဂိုဏ်းသားလေ။ ခွေးသူတောင်းစားလေးက ပြိုင်ဘက်ကင်းအောင် ဉာဏ်နီဉာဏ်များတာကို ဘယ်လိုလုပ်သေနိုင်မှာလဲ"

ကျွန်းအပေါ်တွင် ဂူယွိတင်းစန်းယွီလည်း တစ်စုံတစ်ခုကို အာရုံရသွားပြီး မျက်နှာလေးဖြူဆုပ်သွား၏။ သူမသည် ပူဆွေးသောကတို့ မျက်ဝန်းလေးတွင် ဝိုင်းလျက် လှေစောင့်နတ်အိုကြီးကို မှီလိုက်လေသည်။

"ငါ့ကို ပင်လယ်အဖြစ် ပြောင်းလဲပေးမယ်လို့ ကတိပေးခဲ့တယ်မဟုတ်လား .... နင် ကတိပျက်သွားပြီ.... "

တောင်ပိုင်းဒေသ၊ ဇီယွင်ဂိုဏ်းတွင် ဆေးလုံးမိစ္ဆာသည် မန်ဟို့အတွက် အထူးဆေးလုံးတစ်သုတ်ကို ဖော်စပ်ရင်း ပြုံးနေ၏။ မကြာသေးမီက သူသည် ဆရာတပည့်နှစ်ယောက် ပြန်ဆုံရတော့မည်ဟု ခံစားနေခဲ့ရ၏။

သူတို့နှစ်ယောက် မဆုံခင် ဤအထူးဆေးလုံးများကို သူ အပြီးဖော်စပ်ချင်သည်။ သို့သော် ‌ထိုအခိုက်တွင် ဆေးပေါင်းဖိုမှာ ဖောင်းခနဲ ပေါက်ကွဲသွား၏။ ဆေးလုံးမိစ္ဆာသည် ရုတ်တရက် နှစ်ပေါင်းရာချီအိုမင်းသွားသယောင်ပင်။ သူက အဝေးသို့ အကြာမှအကြာကြီး ငေးကြည့်ရင်း တိတ်ဆိတ်နေ၏။

ချူယွီယန်သည် သူမကျင့်ကြံခြင်းဂူထဲတွင် တင်ပျဉ်ခွေထိုင်လျက် ကျင့်ကြံအားထုတ်နေ၏။ ထို့နောက် အကြောင်းတစ်စုံတရာကြောင့် သူမနှလုံးသားမှာ နာကျင်လာလေသည်။ သူမ၏မျက်လုံးလေးများ ပွင့်လာပြီး သူမက ညကောင်းကင်ကို မော့ကြည့်လိုက်၏။ ကြယ်တံခွန်တစ်စင်း ဖြတ်သွားသည်။

"ငယ်ငယ်တုန်းက အဖေ အမြဲပြောခဲ့ဖူးတယ်။ ကြယ်တံခွန်ကို မြင်ရင် လူတစ်ယောက် အခုလေးတင် ကွယ်လွန်သွားတာတဲ့လေ"

ချင်းလော်ဂိုဏ်းတွင် ရှုချင်သည် မိစ္ဆာအင်မော်တယ်ဂိုဏ်းတွင် ရရှိခဲ့သော တာအိုမှော်ကျင့်စဉ်တစ်ခုနှင့်ပတ်သက်၍ ဉာဏ်အလင်းရှာဖွေရင်း မျက်လုံးများ ပိတ်ထား၏။ ရုတ်တရက် သူမကိုယ်လုံးလေး သိမ့်ခနဲ တုန်သွားပြီး မျက်လုံးလေးများ ပွင့်လာသည်။ သူမမျက်နှာမှာ လူသေကောင်သဖွယ် ဖြူ‌ဆုပ်နေပြီး သူမက ရင်ဘတ်ကို လှမ်းထိလိုက်၏။

အလွန် တထင့်ထင့်ဖြစ်နေသော ခံစားချက်က သူမအား ကျင့်ကြံအားထုတ်နေသည်ကို ရပ်လိုက်မိစေသည်။ သူမသည် ပိုပို၍ဖြူဆုပ်လာနေသော မျက်နှာလေးဖြင့် ကျင့်ကြံခြင်းဂူထဲမှ ထွက်လာသည်။

"နာကျင်မှု ၊ ဒီလိုနာကျင်မှုမျိုးကို ငါ ဒုတိယအကြိမ် ခံစားရတာပဲ... ပထမအကြိမ်က ‌ပြန်လည်မွေးဖွားခြင်းဂူနားမှာတုန်းက

"မန်ဟို မင်းလား ။ ဘာ .... ဖြစ်ခဲ့လို့လဲ။ အစ်မ ဘာလို့ ဒီလောက် ကြောက်နေမိတာလဲ" ရှုချင်သည် ဘာကြောင့်မှန်းမသိသော်လည်း သူမ ငိုမိနေကြောင်း သိလိုက်ရသည်။ သူမမှာ ရုတ်တရက် လေးလေးနက်နက် မစဉ်းစားရဲတော့ဘဲ ‌တဆတ်ဆတ် တုန်ရီနေလျက် လေပေါ် ပျံတက်လိုက်၏။

ခံစားချက်၏အရင်းအမြစ်ကို မသိသော်လည်း အကြောင်းတစ်စုံတရာကြောင့် သူမသည် နဂါးငွေ့တန်းပင်လယ်ကို လှမ်းကြည့်ပြီး ပျံသန်းသွားတော့၏။

ထိုနေ့တွင် ဖက်တီးတစ်ယောက် အလွန်စိတ်ဆတ်နေ၏။ သူသည် ဘာကြောင့်မှန်းမသိသော်လည်း ကျင်းဟန်ဂိုဏ်းသားများကို ခဏခဏ ဆူပူမောင်းမဲနေမိလေသည်။

ထိုနေ့တွင် ချန်ဖန်း လူသတ်သည်။ သူသည် တည်ငြိမ်နေပုံရသော်လည်း သူ၏နှလုံးသားထဲတွင် အဆုံးအစမဲ့သော သတ်ဖြတ်လိုစိတ်များ ဖြစ်တည်လာ၏။ သူသည် ဂိုဏ်းမှ ပျံထွက်လာခဲ့ပြီး ‌မ‌ရေမတွက်နိုင်သော အကျင့်ပျက်ကျင့်ကြံသူများအား သတ်ဖြတ်ပစ်လေသည်။

ထိုနေ့ ၊ သွေးမိစ္ဆာဂိုဏ်းတွင် ဝမ်ယိုချိုင် အနုသုခုမရုပ်ခန္ဓာအဆင့်သို့ တက်သည်။ သို့ရာတွင် သူကား မပျော်။ သူသည် ကျိုးပြည်ရှိခဲ့ဖူးသော နေရာကို ငေးကြည့်ပြီး သူ၏ကလေးဘဝ၊ သူ၏မိတ်ဆွေဟောင်းများအကြောင်း တွေးနေမိ၏။

ထိုနေ့ ၊ မြောက်ပိုင်းသဲကန္တာရတွင် သွေးကျင့်ကြံသူတစ်ယောက် ပေါ်ထွန်းလာ၏။ သူသည် အသေးစားဂိုဏ်းတစ်ဂိုဏ်းကို တစ်ယောက်တည်း သုတ်သင်ပြီး ‌နယ်မြေသိမ်းပိုက်ခဲ့လေသည်။ သူကား ငယ်ရွယ်သော်လည်း ခံစားချက်မဲ့ပြီး သွေးအေး၏။ သူ၏သွေးစွန်းနေသော လက်နှစ်ဖက်တွင် ပုလဲတစ်လုံးကိုင်ထားသည်။ ထိုလူငယ်တွင်လည်း နာမည်ရှိသည်..... တုန်းဟူ။

ထိုနေ့၊ အရှေ့ဘက်နယ်မြေ၊ တန်နိုင်ငံ၊ မျှော်စင်အမြင့်ကြီးတစ်ခုတွင် ဇနီးမောင်နှံနှစ်ယောက် စကားမများစဖူး စကားများသည်။ နောက်ဆုံးတွင် အမျိုးသမီးသည် မျက်ရည်များနှင့် ဝုန်းဒိုင်းကြဲ ထွက်သွား၏။ အမျိုးသားက အဝေးကို ‌တိတ်ဆိတ်စွာ ငေးကြည့်ရင်း ကျန်ခဲ့သည်။ ဘယ်သူမှ မရှိတော့မှ မျက်ရည်များက သူ၏မျက်နှာတစ်လျှောက် စီးကျလာသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။

ရှုချင် နဂါးငွေ့တန်းပင်လယ်သို့ ရောက်လာခဲ့သည်။ သူမ မည်မျှရှာရှာ၊ ဘာမှမတွေ့ပေ။ နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခုလုံး ကြာပြီးနောက်တွင် သူမသည် တောင်ပိုင်းဒေသ၏နယ်စပ်တစ်နေရာကို တိတ်ဆိတ်စွာ ရွေးချယ်ပြီး တရားထိုင်လိုက်၏။ နေ့စဉ်နေ့တိုင်း နဂါးငွေ့တန်းပင်လယ်ကို သူမ လှမ်းကြည့်တတ်သည်။ တစ်နေရာရာတွင် မန်ဟို ရှိနေသည်ဟူ၍ သူမ ခံစားရလေသည်။

၎င်းသည် ခံစားချက်လေးတစ်ခုသာ ဖြစ်သော်လည်း သူမ ယုံကြည်၏။

စကားများခဲ့သော ဇနီးမောင်နှံအနက်မှ အမျိုးသမီးလည်း နဂါးငွေ့တန်းပင်လယ်သို့ ရောက်လာသည်။ သူမသည် မျက်ရည်များ တသွင်သွင် စီးကျနေလျက် ပတ်လမ်း(၃)၊ ပတ်လမ်း(၂) တစ်နေရာမကျန် သွားရှာသော်လည်း ဘာမှမရှာတွေ့ခဲ့ပေ။ သူမသည် ရှာပြီးရင်း ရှာပြီး ပတ်လမ်း(၂)ရှိ အရုဏ်ဦးအင်မော်တယ်နှင့်ပင် တစ်ပွဲတစ်လမ်း တိုက်ခိုက်ခဲ့၏။

တိုက်ပွဲကား ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေခဲ့သည်။ ပတ်လမ်း(၂)ရှိ ပင်လယ်မကောင်းဆိုးဝါးအကုန် အသတ်ခံခဲ့ရပြီး အနက်ရောင်ပင်လယ်ရေများက ပတ်လမ်း(၃)တစ်ခုလုံး ဖုံးလွှမ်းသည်အထိ ပျံ့နှံ့လာခဲ့သည်။ ကောင်းကင်နှင့်မြေကြီးမှာ မှောင်မည်းသွားပြီး မည်သူအနိုင်ရသွားသလဲဆိုသည်ကိုတော့ ဘယ်သူမှ မသိကြပေ။

ဤသို့ဖြင့် နှစ်တစ်ရာ ကြာခဲ့လေပြီ......

နဂါးငွေ့တန်းပင်လယ်၏ အတွင်းပတ်လမ်းတွင် ရေများသည် နီစွေးနေ၏။ သင်္ဘောဦး၌ ချပ်ဝတ်တန်ဆာတစ်စုံနှင့် ထိုင်နေသော အဘိုးကြီးတစ်ဦးပါသည့် ရှေးဟောင်းစစ်သင်္ဘောတစ်စင်းသည် ပင်လယ်‌ရေမျက်နှာပြင်ထက်တွင် မျောနေ၏။ အဘိုးကြီးကား အဝေးကိုကြည့်ရင်း တင်ပျဉ်ခွေထိုင်နေသယောင်ပင်။ သူ မည်သည့်နေရာကို ကြည့်နေသလဲ အတိအကျ ပြောရခက်၏။

အဘိုးကြီး၏ဘေးတွင် အလောင်းတစ်လောင်း လဲနေ၏။ ၎င်းသည် ဆံမွှေးများ၊ မျက်ခုံးမျက်တောင်မွှေးများ မရှိဘဲ ပိန်ချုံးခြောက်ကပ်နေသော အမျိုးသားတစ်ယောက်ပင်။ အတွန့်အခေါက်များက သူ၏အရေပြားကို ဖုံးလွှမ်းနေပြီး သူ၏ပုံစံမှာ ယခုလေးတင် အုတ်ဂူထဲမှ တွားသွားထွက်လာခဲ့သည့်အလား ထင်ရသည်။ တစ်ကိုယ်လုံးမှာ ပုပ်ပွနံဟောင်နေ၏။

သူ၏ ညာလက်မှာ ပြတ်နေပြီး ရင်ဘတ်တွင်တော့ အပေါက်ကြီးတစ်ယောက် ပွင့်နေ၏။ ထိုနေရာတွင် .... မည်သည့်‌နှလုံးသားမှ ရှိမနေ။

မီးတောက်တစ်ခုသည် သူ၏ခန္ဓာကိုယ်ကို အလင်းရောင်ပေးရင်း သူ၏အပေါ်တွင် တောက်လောင်နေ၏။ အလင်းက ဖြာထွက်လာစဉ် မရေမတွက်နိုင်သော အလင်းစက်များအသွင်ပြောင်းသွား၏။ ထိုအလင်းစက်များအတွင်းတွင် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည့် လျှို့ဝှက်နက်နဲသော မှော်သင်္ကေတများအား မြင်ရနိုင်သည်။ ထိုအလင်းစက်များသည် မန်ဟို့ရင်ဘတ်ထဲရှိ အပေါက်ကြီးအတွင်းသို့ တဖြေးဖြေး ဝင်ရောက်သွား၏။

မန်ဟို့ရင်ဘတ်ထဲတွင် အသွေးအသားများသည် ဖြေးညှင်းစွာ ကြီးထွားလာသည့်အလား လူးလွန့်လှုပ်ရှားလာသည်။

သူတို့မှာ ဤအတိုင်း ထာဝရ မျောနေတော့မည့်အလားပင်။ ထို့အပြင် နဂါးငွေ့တန်းပင်လယ်၏ အတွင်းပတ်လမ်းတွင်ဖြစ်၍ မည်သူမှ ရှေးဟောင်းသင်္ဘောကြီးကိုသော်လည်းကောင်း၊ မန်ဟို့ကိုသော်လည်းကောင်း ရှာမတွေ့ကြပေ။

တစ်ရက်‌တွင် ချပ်ဝတ်တန်ဆာနှင့် အဘိုးကြီးသည် မျက်လုံးများ တဖြေးဖြေး ဖွင့်လိုက်၏။ ၎င်းတို့ထဲတွင် နေ၊ လ နှင့် ကြယ်များ ပုန်းကွယ်လျှိုးနေလေသည်။ ထိုလူသည် အနန္တရအနက်များအား မြင်နိုင်သည့်အလား အဆုံးမရှိသောအချိန်များက ထိုမျက်လုံးများတွင် စိမ့်ဝင်ပျံ့နှံ့နေ၏။

သူက ခေါင်းလှည့်လိုက်ပြီး သူ၏နက်နဲသိမ်မွေ့သော အကြည့်သည် မန်ဟို့အပေါ် ကျရောက်လာ၏။

ထိုအခါ မန်ဟို၏ခန္ဓာကိုယ်သည် နှစ်ထောင်ပေါင်းစွာ ဖြတ်သန်းနေပုံပေါ်လာသည်။ မီးတောက်သည် သူ၏ရင်ဘတ်ထဲသို့ ဝင်ရောက်နေသော သလင်းကျောက်အလင်းစက်များစွာ ထုတ်လွှတ်ရင်း တဟုန်းဟုန်း ဝောာက်လာ၏။ အသွေးအသားများ လူးလွန့်နေခြင်းမှာ မြန်လာပြီး ကုသခြင်းဖြစ်စဉ်အား မျက်လုံးဖြင့်ပင် မြင်လာရလေပြီ။ နှလုံးသားအသစ် ဖြစ်ပေါ်လာပြီး ဒဏ်ရာများ ကျက်သွားသည်။ ညာလက်၏ အရိုးများနှင့် အသားများလည်း တ‌ဖြေးဖြေး ပြန်ထွက်လာသည်။

မျက်စိတစ်မှိတ်အတွင်း မန်ဟိုသည် အကောင်းအတိုင်း ပြန်ဖြစ်သွားသယောင်ပင်။ မည်သည့်ဒဏ်ရာကိုမှ သူ့အပေါ်တွင် မမြင်ရတော့။ သို့သော် ... သူ၏ဆံပင်များမှာ ဆွတ်ဆွတ်ဖြူနေပြီး အဘိုးကြီးသဖွယ် အိုးမင်းနေဆဲဖြစ်သည်။

သူ မျက်လုံးများ ဖွင့်လိုက်စဉ် အားနည်းမှုက သူ့ထံမှ ဖြာထွက်လာသည်။

သူ၏မျက်လုံးများက တွေဝေနေသည်။ သူသည် လဲလျောင်းရင်း အကြာကြီး စဉ်းစားနေပြီးနောက် မှတ်ဉာဏ်များက သူ၏ဦးနှောက်ထဲ ‌ဝင်ရောက်လာတော့သည်။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးနှင့် လွတ်လပ်မှုကို ‌ပေးလိုက်မည့်အစား သူနှင့်အတူ နိဂုံးချုပ်ရန် ရွေးချယ်ခဲ့ပုံကို သူ တွေးလိုက်သည်။ အဆုံးသတ်တွင် သူသည် ဝမ်ခေါင်းဆောင်ကြီး၏ဝိညာဉ်အား ဓားဖြင့် ထိုးခဲ့၏။

"ငါ့ကျင့်ကြံခြင်းအခြေခံ...." သူသည် မျက်လုံးများပိတ်၍ အထဲသို့ အာရုံဖြန့်ကျက်လိုက်သည်။ တခဏကြာသော် ထထိုင်လိုက်ပြီး သူ့ကို ကျောပေး၍ ထိုင်နေသော ချပ်ဝတ်တန်ဆာနှင့် အဘိုးကြီးကို ကြည့်လိုက်၏။ အဘိုးကြီးသည် ခြေဦးတည့်ရာ သွားနေသော ဤသင်္ဘောကြီးအပေါ်တွင် ထာဝရ ထိုင်နေတော့မည့်အလားပင်။

မန်ဟိုက လက်ယှက်ပြီး လေးလေးနက်နက် အရိုအသေ ပေးလိုက်၏။ "စီနီယာခင်ဗျ။ ကျုပ်အသက်ကို ကယ်ပေးတဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"

(T/N: ဝမ်ယိုချိုင်ကိုတော့ အကုန်လုံး သိကြမှာပါ။ ပထမဆုံးအပိုင်းမှာ ရှုချင် မှီခိုရာဂိုဏ်းကို ခေါ်လာခဲ့တဲ့ ကောင်လေးလေးယောက်ထဲက တစ်ယောက်ပေါ့။ တုန်းဟူကိုတော့ စမ်းတဝါးဝါး ဖြစ်ကြမယ်ထင်တယ်။ တုန်းဟူလည်း အဲ့ဒီလေးယောက်ထဲက တစ်ယောက်ပါ။ အစပိုင်းမှာ ကျားလေးလို့လည်း ခေါ်ခဲ့ပြီး ရှောင်းဟူလို့လည်း ပြန်ခဲ့တာ တွေ့ပါတယ်။ တစ်ယောက်တည်းပါ။ အပိုင်း(၇၁) မှာ မန်ဟို သူ့ကို ပုလဲတစ်လုံးနဲ့ ‌ပြန်ဆုံခဲ့ပါတယ်။ ရှန့်ကွမ်းကျိုးနဲ့ တိုက်ခိုက်တော့ မန်ဟိုက သူ့ပုလဲကို ငှားပြီး စဦးချီဖွဲ့စည်းမှုအဆင့်(၁၀)ကို ခဏ ဝင်ရောက်နိုင်ခဲ့ပါတယ်။ အပိုင်း(၇၆)မှာ မန်ဟိုက ပုလဲကို သူ့ဆီ ပြန်ပေးခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီပုလဲက အပိုင်း(၆၁၃)မှာ မိစ္ဆာအင်မော်တယ်ဂိုဏ်းရဲ့ စတုတ္ထပြင်ညီမှာတွေ့ခဲ့တဲ့ ပုလဲနဲ့လည်း တူနေပါတယ်။ အခုကစပြီး တုန်းဟူကို ရှောင်းဟူ/ကျားလေးလို့ မသုံးတော့ဘဲ တုန်းဟူဆိုပြီးပဲ သုံးပါတော့မယ်ဗျ။)

***

All Chapters