← Chapters

သင်္ဘောအပေါ်ဝယ်

Vol. 49 Ch. 684

သင်္ဘောအပေါ်ဝယ်

Vol. 49 Ch. 684

အဘိုးကြီးက ဘာမှပြန်မပြော။ သူသည် မန်ဟို မည်သူလဲ ဆိုသည်ကိုပင် မသိသည့်အတိုင်းပင်။ သူကား သည်အတိုင်း ခြေဦးတည့်ရာ လျှောက်သွားပြီး မန်ဟို့ကို မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့လေသည်။ ဝိုးတိုးဝါးတားမှတ်ဉာဏ်တချို့၏ လှုံ့ဆော်မှုကြောင့် မန်ဟို့ကို ကယ်တင်ခဲ့ခြင်းဖြစ်၏။

"ကောင်းကင်နဲ့မြေကြီးဟာ ... နိဂုံးချုပ်သွားခဲ့ပြီ....

"ဒါပေမဲ့ ငါကရော၊ ငါ့နိဂုံးက ဘယ်မှာလဲ" အဘိုးကြီး၏ ‌တီးတိုးရေရွတ်နေသော အသံမှာ အက်ကွဲကွဲ ဩရှရှ ဖြစ်ပြီး နှိုင်းယှဉ်မရလောက်အောင် ရှေးဆန်လေသည်။ သူက နောက်ဆုံးတွင် သက်ပြင်းချ၍ မျက်လုံးများ ပိတ်ပြီး အသက်မဲ့သောအခြေအနေသို့ ဝင်ရောက်သွားဟန်တူသည်။ မန်ဟိုသည် သူ့ကို ကျောပေးလျက် ထိုင်နေသော အဘိုးကြီး ရှင်းရှင်းလင်းလင်း မြင်နေရသော်လည်း သူ၏တည်ရှိမှုကို အာရုံမရတော့ပေ။ အမှန်တွင် ဤသင်္ဘော၏ တည်ရှိမှုပင် အာရုံခံမရတော့ခြင်းဖြစ်သည်။

"စီနီယာ" သူက အံ့ဩတုန်လှုပ်စွာဖြင့် ပြောသည်။ နောက်ဆုံးတွင် အဘိုးကြီး သူ့ကမ္ဘာထဲတွင်သူ နစ်မြော‌သွားသည်ကို မန်ဟို ‌သဘောပေါက်လိုက်သည်။ မန်ဟိုသည် တိတ်ဆိတ်စွာ တင်ပျဉ်ခွေထိုင်ပြီးနောက် အဝေးသို့ ငေးကြည့်ရင်း တွေးနေတော့၏။

"ငါ့ တာအိုအခြေ... မရှိတော့ဘူး" သူ့မှာ အတွင်းထဲ၌ ‌ဗလာကျင်းနေသလို ခံစားနေရပြီး ကျင့်ကြံခြင်းအခြေခံကို ခံစားမရတော့ပေ။ ၎င်းကား မြူငွေ့များသဖွယ် ပျောက်ကွယ်သွားခဲ့သယောင်ပင်။ ပြင်းထန်သော အားနည်းမှုသည် သူ့ကို စိုးမိုးနေပြီး သူ့မှာ သေရဖို့ လက်တစ်ကမ်းသာ လိုတော့သည့်အလား မယုံနိုင်လောက်အောင် အိုမင်းနေလေပြီ။

သူ့တွင် ယခု မည်သည့်ကျင့်ကြံခြင်းအခြေခံမှ မရှိလေတော့။

မန်ဟိုသည် ခါးသီးမှုအပြည့်ဖြင့် ကျင့်ကြံအားထုတ်ကြည့်သော်လည်း သူ့တစ်ကိုယ်လုံးမှာ ဇကာပေါက်ကြီးတစ်ပေါက်အလားပင်။ အသက်ရှူလေ့ကျင့်ခန်း မည်မျှလုပ်လုပ်၊ သူ့မှာ စိတ်ဝိညာဉ်စွမ်းအင်လေးတစ်မျှင်ပင် မစုစည်းနိုင်ပေ။

သို့သော် သူသည် အလွန်တကူ အလျှော့ပေးမည့်လူ မဟုတ်သည့်အတွက် သိုလှောင်အိတ်တစ်အိတ် ထုတ်လိုက်၏။ သူ့ကိုယ်တိုင်၌ကား စိတ်ဝိညာဉ်စွမ်းအင်တော့မရှိသော်လည်း ပင်လယ်ခံတပ်မှ သိုလှောင်အိတ်များမှာ စိတ်ဝိညာဉ်စွမ်းအင်မရှိဘဲ တစ်ခါတော့ ဖွင့်၍ရလေသည်။

သူသည် ယခင်က ထိုကဲ့သို့ အိတ်အနည်းငယ် ဝယ်ယူခဲ့၏။ ကြက်တူရွေးနှင့် အသားဂျယ်လီမှာတော့ သိုလှောင်အိတ်ထဲတွင် အိပ်ပျော်နေကြသည်။ မန်ဟို၏အားနည်းမှုက သူတို့၏ဖျတ်လတ်တက်ကြွမှုကို ပျောက်ဆုံးသွားစေခဲ့ပုံရသည်။

သူသည် သိုလှောင်အိတ်ထဲမှ ဆေးလုံးတစ်လုံး ထုတ်စားပြီး တရားစထိုင်ကြည့်၏။ စဦချီဖွဲ့စည်းခြင်းဆိုင်ရာ နည်းလမ်းများကို တခဏ စမ်းကြည့်ပြီးနောက်တွင် သူ့မှာ တုန်ရီသွားပြီး မျက်နှာဖြူဆုပ်သွားတော့သည်။ သူသည် နောက်တစ်ကြိမ် စိတ်ပျက်လက်မှိုင် ကျသွားတော့၏။

"ငါ ကျင့်ကြံလို့ မရတော့ဘူးပဲ" သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "အမှီပြုရမယ့် အခြေမှ မရှိတော့တာ" ယခုတွင် မန်ဟိုသည် သူ၏တာအိုအခြေအား လုံးလုံးလျားလျား ဆုံးရှုံးလိုက်ရပြီဟူ၍ သေချာသွားတော့၏။

မန်ဟိုမှာ လက်မခံနိုင်သေးသဖြင့် ထပ်မံစမ်းကြည့်ပြန်သည်။ အချိန်များ ကုန်လွန်သွားပြီး တစ်လကြာခဲ့လေပြီ။ မန်ဟိုသည် နည်းလမ်းပေါင်းစုံ စမ်းကြည့်သော်လည်း တစ်ခုမှ ကျင့်ကြံခြင်းအခြေကို မတည်ဆောက်နိုင်ပေ။

ရာနှုန်းပြည့် မအောင်မြင်ခြင်း ဖြစ်လေသည်။

သူသည် ထပ်တလဲလဲ ကြိုးစားကြည့်သော်လည်း သူ၏ခန္ဓာကိုယ်မှာ ပို၍သာ အားနည်းလာနေ၏။ နောက်တစ်လကြာသည့်အခါမှ သူသည် ‌မျှော်လင့်ချက်မဲ့နေသောအခြေအနေကို လက်ခံလိုက်လေတော့သည်။

ခါးသက်သက် ရယ်သံကြီးကား သင်္ဘောအတွင်းမှ ပဲ့တင်ထပ်လာရင်း နဂါးငွေ့တန်းပင်လယ် ၊ အတွင်းပတ်လမ်း၏ တိတ်ဆိတ်မှုကို ဖြိုခွဲကာ ကျယ်သထက် ကျယ်လာလေသည်။

ရယ်သံကြီးတွင် ပြင်းထန်သော အမုန်းတို့လည်း ပါဝင်နေ၏။ "ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး"

သူသည် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး သေလား ၊ ရှင်လား မသိသော်လည်း ယခုမှတော့ အရေးမကြီးတော့ပေ။

"ငါ့မှာ ကျင့်ကြံခြင်းအခြေခံမရှိပေမယ့် အသက်ရှင်နေသေးတယ် ... ဒါပေမဲ့ လက်ရှိအသက်စွမ်းအားအရဆိုရင် ငါ့မှာ နေဖို့ ဘယ်နှရက်ကျန်သေးလဲ ဘယ်သူသိမလဲ...." သူ၏ခါးသက်သက် ရယ်သံသည် တဖြေးဖြေး အားနည်းလာပြီး နောက်ဆုံးတော့ သူ့မှာ အဝေးသို့ တွေတွေကြီး ငေးကြည့်နေတော့၏။

သူမှာ ဘာတွေမြင်နေသလဲပင် မသိလေတော့ ။ သူ၏စိတ်အစဉ်မှာ ဗလာကျင်းလျက်သာ။ သူ ဘာကိုမှ တွေးမနေ။ ဘာကိုမှ ကြည့်မနေ။ နောက်ဆုံးတွင် သူ၏အကြည့် ချပ်ဝတ်တန်ဆာနှင့် အဘိုးကြီးအပေါ် ကျရောက်လာသောအခါ ရုတ်တရက် သူ၏မျက်လုံးများတွင် မျှော်လင့်ချက်တို့ လင်းလက်လာတော့၏။

ဤအဘိုးကြီးက သူ၏အသက်ကို ကယ်တင်ပေးခဲ့လေရာ ထိုလူ မည်မျှလျှို့ဝှက်ဆန်းကြယ်ပြီး ရှေးဟောင်းမြေအောက်ကမ္ဘာသင်္ဘော မည်မျှထူးဆန်းသလဲ ထည့်တွက်ပါက ထိုလူ တစ်ခုခုလုပ်လိုက်လျှင် သူ၏ကျင့်ကြံခြင်းအခြေခံ အကောင်းပကတိပြန်ဖြစ်နိုင်ခြေရှိကြောင်း မန်ဟို သိလေသည်။

မန်ဟိုက ထရပ်၍ လက်နှစ်ဖက်ယှက်ကာ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

"စီနီယာ"

အဘိုးကြီးက စကားမပြော။ ထုံးစံအတိုင်း အသက်မဲ့နေသယောင်ပင်။

မန်ဟိုသည် တခဏ ချီတုံချတုံ ဖြစ်သွားပြီးနောက် အဘိုးကြီးအရှေ့သို့ လျှောက်သွားလိုက်သည်။ ထပ်မံ အရိုအသေပေးရန် ပြင်လိုက်စဉ် ရုတ်တရက် သူ၏မျက်လုံးများမှာ မယုံကြည်နိုင်မှုတို့ဖြင့် ဝိုင်းစက်ပြူးကျယ်သွား၏။

အဘိုးကြီး၏မျက်နှာသည် အကန့်အသတ်မဲ့သော ရှေးဆန်မှုနှင့် အချိန်တို့ဖြင့် ပြည့်နှက်နေသည်။ သို့သော် မန်ဟို ၎င်းကို ကြည့်လိုက်သောအခါ စိတ်နှလုံးတုန်ရီသွားရ၏။ အဘိုးကြီး၏ခန္ဓာကိုယ်မှာ တကယ်တမ်း အကောင်အထည်မရှိဘဲ ဖောက်ထွင်းမြင်နေရလေသည်။

သို့ရာတွင် အဘိုးကြီးသည် ယခင်က ဤအတိုင်းမဟုတ်ကြောင်း မန်ဟို ပြတ်ပြတ်သားသား မှတ်မိ၏။

သူသည် တခဏ တွေးပြီးသော် ညာလက်ဖြင့် အဘိုးကြီးအာ ဖြေးညင်းစွာ လှမ်းထိကြည့်လိုက်သည်။ သူ့လက်မှာ လေဟာနယ်ကို ဖြတ်သွားပြီး ဒုတိယအကြိမ်တွင်လည်း ထိုနည်းတူပင်။ နောက်ဆုံးတွင် သူက ရှေ့လှမ်းပြီး အဘိုးကြီးကို တိုက်ရိုက် ဖြတ်သွားလိုက်၏။ သူသည် ‌ဇဝေဇဝါဖြစ်နေသော မျက်လုံးများဖြင့် ခေါင်းလှည့်ကြည့်လိုက်လေသည်။

"ငါ အရင်က အမြင်မှားခဲ့တာလား။ သူက အမြဲ ဒီလိုပဲလား။ သူ့ တည်ရှိမှုက သင်္ဘောရဲ့နာမည်အဓိပ္ပာယ်နဲ့ ပတ်သက်နေတာလား။ မြေအောက်ကမ္ဘာသင်္ဘော .... ‌မြေအောက်ကမ္ဘာတစ္ဆေရဲ့ သင်္ဘောလား" မန်ဟိုသည် ခါးသက်သက်ရယ်ရင်း ဘေးဘီဝဲယာကို ကြည့်လိုက်၏။ သင်္ဘောမှာ ပျက်စီးဆွေးမြည့်နေသော အရှိန်အဝါတစ်ခုဖြင့် ပြည့်နှက်နေလျက် စုတ်ပြတ်ဟောင်းနွမ်းနေလေပြီ။

ရက်အနည်းငယ်ကြာသော် မန်ဟိုသည် သင်္ဘောတစ်စင်းလုံးကို လျှောက်ပတ်ကြည့်ပြီးသွားပြီး ထူးခြားတာတစ်ခုမှ မတွေ့ခဲ့ပေ။ သူမြင်‌ရသမျှ၊ ထိသမျှအရာအားလုံးမှာ ရှေးကျပြီး အိုမင်းနေ၏။

မြေ‌အောက်ကမ္ဘာသင်္ဘော ‌ရေကိုဖြတ်၍ တိတ်ဆိတ်စွာ ရွေ့လျားနေစဉ် သူသည် သင်္ဘောဦးပိုင်းတွင် ရပ်၍ အဝေးကို ငေးကြည့်နေ၏။ အရာအားလုံးမှာ ငြိမ်သက်နေသည်။ ပင်လယ်ရေများက တက်လိုက်ကျလိုက်ဖြစ်နေသော်လည်း လှိုင်းများမရှိပေ။ မည်သည့်သက်ရှိသတ္တဝါနှင့်မှလည်း မဆုံခဲ့ရ။

ဤသင်္ဘောသွားသည့်နေရာတိုင်း အရာအားလုံး တိတ်ဆိတ်ငြိမ်သက်လာသယောင်ပင်။

"အင်း ဒီလိုဆိုလည်း ဖြစ်ပါတယ်လေ ...

"ငါ့ဘဝရဲ့ နောက်ဆုံးအချိန်ကို ဒီသင်္ဘောအပေါ်မှာပဲ တစ်ယောက်တည်း ကုန်ဆုံးရတာပေါ့

"ဘယ်သူမှ ငါ သေတော့မှာ မသိဘူး တူပါရဲ့" သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "အနည်းဆုံးတော့ ဆရာလည်း စိတ်မကောင်းမဖြစ်ရသလို၊ ရှုချင်လည်း သိပ်မပူဆွေးရဘူးပေါ့။ ဖက်တီး၊ အစ်ကိုကြီးနဲ့ ငါ့မိတ်ဆွေတွေ .... တစ်ယောက်မှ သိမှာမဟုတ်ဘူး" သူသည် စောစောက နှိုးလာခဲ့သော နေရာတွင် ထိုင်ပြီး အဝေးကို ငေးကြည့်နေ၏။

ထိုသို့ငေးကြည့်နေရင်း သူ၏နှလုံးသားမှာ တဖြေးဖြေး အေးချမ်းလာလေသည်။ သူ၏နှလုံးသားသည် မကျေနပ်ချက်တို့ဖြင့် လောင်မြိုက်မနေတော့သလို ၊ လျှို့ဝှက်ချက်များကိုလည်း စဉ်းစားမနေတော့။ မချိတင်ကဲ အနည်းငယ်သာ ဖြစ်နေမိလေသည်။ ဆရာ့ဆီ ဘယ်တော့မှ အလည်မသွားနိုင်တော့သည်ကို နောင်တရသည်။ ရှုချင်ကို တစ်ခါလောက်ထပ်၍ မပွေ့ဖက်နိုင်တော့သည်ကို နောင်တရသည်။ တောင်ပိုင်းဒေသသို့ ပြန်ပြီး တစ်ချိန်က မိတ်ဆွေများနှင့် မဆုံ‌စည်းနိုင်တော့သည်ကို နောင်တရသည်။

ပို၍ဆိုးသည်မှာ အရှေ့ဘက်နယ်မြေရှိ ကြီးမြတ်သောတန်နိုင်ငံကို ဘယ်တော့မှ မရောက်နိုင်တော့ခြင်းပင်။ သူ့အဖေနှင့် အမေကို ဘယ်တော့မှ မတွေ့နိုင်တော့သည့်အတွက် နောင်တရလေသည်။

"လိပ်အိုကြီးရေ အခုကစပြီး ခင်ဗျား လွတ်လပ်ပါပြီ...

"မိစ္ဆာချုပ်နှောင်ဂိုဏ်းရဲ့ ဘိုးဘေးကြီးတို့ ကြည့်ရတာ အခုကစပြီး မိစ္ဆာချုပ်နှောင်သူအဖွဲ့ မရှိနိုင်တော့ဘူး ထင်ပါတယ်" မန်ဟိုက သက်ပြင်းချလိုက်သည်။ သူသည် ယခုတွင် ပို၍ တည်ငြိမ်အေးချမ်းလာပြီး ပူလောင်မှုတို့ နည်းပါးလာ၏။

သေခြင်းတရားမှာ ရှောင်လွှဲ၍မရနိုင်သော အရာဖြစ်သည့်အတွက် သူသည် သိပ်ခံစားနေမည်မဟုတ်ပေ။

"ငါ့သိုလှောင်အိတ်ထဲမှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီးကျန်သေးတာ ဆိုးတာပဲ... ဘယ်တော့မှ ထပ်မသုံးနိုင်တော့ဘူးဆိုတော့ နှ‌မြောဖို့ ကောင်းလိုက်တာ

"ပြီးတော့ ငါ့အပေါ် အကြွေးတင်နေတဲ့လူတွေ။ အဲ့ဒီလူတွေ တော်တော် ကံကောင်းတာပဲ... အကြွေးရှင် သေသွားရင် အကြွေးပေးစရာမလိုတော့ဘူးလေ

"အာ ဘဏ္ဍာစိုးကျိုးကိုလည်း ငွေစသုံးစ ပြန်မပေးဖြစ်တော့ဘူးနဲ့ တူတယ်

"ငါ့မှာ ရတနာတွေ အများကြီး ကျန်သေးတာ တကယ် နှမြောစရာပဲ။ အင်း ‌ခွေးသူတောင်းစားလေး တစ်‌ကောင်ကောင်တော့ နောက်ကျ ကံကောင်းလိမ့်မှာပါ" သူသည် ဤသည်ကို တွေးမိသောအခါ သက်ပြင်းသာ ချနိုင်တော့၏။

"ငါ့သေဆုံးမှုက ကမ္ဘာကြီးကို လွတ်လပ်သွားစေသလိုပါပဲလား။ နောင်ကျရင် ငါ ကလိမ်ကျတာခံရဖို့ ကံပါတဲ့လူတွေ ၊ ခင်ဗျားတို့ ဘယ်လောက်ကံကောင်းလဲ ခင်ဗျားတို့ မသိပါဘူး

"သိပ်သိပ်ကို ကံကောင်းတာ" မန်ဟိုသည် နန်းတွင်းစာမေးပွဲဝင်ဖြေဖို့အတွက် စာလေ့လာခဲ့ရသော ငယ်ဘဝကို ပြန်တွေးမိလိုက်၏။ ထို့နောက် ရှုချင်နှင့် ဆုံတွေ့ပြီး မှီခိုရာဂိုဏ်းသို့ ရောက်လာခဲ့သည်။ ဝမ်တန်ဖေး၏ ကံကြမ္မာကောင်းကို ခိုးယူပြီး အတွင်းစည်းဂိုဏ်းသားတစ်ဦး ဖြစ်လာခဲ့သည်။ မှီခိုရာဂိုဏ်းချုပ်က သူ့ကို ကလိမ်ကျခဲ့သည့်အတွက် သူက ပြန်ကလိမ်ကျခဲ့၏။ နောက်ဆုံးတွင် တောင်ပိုင်းဒေသသို့ ရောက်လာကာ ဇီယွင်ဂိုဏ်းထဲ ဝင်ပြီးနောက် ထင်ရှားကျော်ကြားလာခဲ့လေသည်။

"သနားစရာကောင်းလိုက်တဲ့ ရှုချင် ... သူလည်း ငါ့ကိုချစ်တယ် ၊ ငါလည်း သူ့ကို ချစ်တယ်။ ငါတို့ အခု လက်ထပ်လို့မရတော့တာ နှမြောစရာကောင်းလိုက်တာ ... ငါ ဘယ်တုန်းကမှ မိန်းမတစ်ယောက်နဲ့ အတူတူ မရှိခဲ့ဖူးပါလား" မန်ဟိုမှာ ဤအချက်ကို တွေးမိသောအခါ ရုတ်တရက် အထူးတလည် ဝမ်းနည်းသွားတော့၏။

"ပြီးတော့ ချူယွီယန်။ အဲ့ဒီကောင်မလေး သေချာပေါက် ငါ့ကို သဘောကျနေတာ ...."

မန်ဟိုမှာ သက်ပြင်းချပြီးရင်း ချနေ၏။

သူသည် ကျီမျိုးနွယ်စုမှ‌ ရွေးချယ်ခံကို မည်သို့သတ်ပြီး အနောက်ပိုင်းသဲကန္တာရသို့ မည်သို့ထွက်ပြေးလာခဲ့သလဲ ပြန်တွေးလိုက်သည်။ ကျီးနတ်မင်းမျိုးနွယ်စုများနှင့် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး ၊ ထို့နောက် ဟန်ရှန်း၊ မိစ္ဆာဧကရီကျင်ရှန်းနှင့် မိစ္ဆာအင်မော်တယ်ဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သောအရာများ။

"စီနီယာဟန်ရှန်း၊ ကျွန်တော်တော့ ကတိတည်နိုင်မှာ မဟုတ်တော့ဘူး ....

"ကျင်ရှင်းရေ ၊ မင်း ငါ့အပေါ် တင်နေတဲ့ အကြွေးကို စိတ်မပူနဲ့တော့"

ထို့နောက် ခဲကျုံစစ်နှင့် ခဲယွင်ဟိုင်။ မန်ဟိုသည် ဟိုဟိုသည်သည် တွေးတောနေပြီး နောက်ဆုံးတွင် သူ၏ ပထမခွဲထွက်ခြင်းအကြောင်း တွေးလိုက်သည်။

"ငါ နှစ်သုံးရာတောင် မကျင့်ကြံရသေးပေမယ့် ပထမခွဲထွက်ခြင်း အောင်မြင်ခဲ့တယ်။ မဟာတာအိုတစ်ပါး ဆင်းသက်လာပြီး ရှင်သန်ခြင်းနှင်းပန်းက ငါ့ရဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းရတနာဖြစ်လာတယ်။ ငါ မန်ဟိုအတွက် ဘဝကို ဒီလို နေထိုင်ခဲ့ရတာ ... အင်း လုံလောက်ပါပြီ

"တောင်ကောင်းကင်ရဲ့ နယ်မြေတွေမှာ ငါနဲ့ ယှဉ်နိုင်တဲ့လူ မရှိသ‌လောက် ရှားတယ်" သူသည် ရုတ်တရက် သူ့ကိုယ်သူ ဂုဏ်ယူမိသွား၏။ ရယ်သံများ ၊ ခါးသီးရမှု၊ အမျက်ဒေါသ နှင့် ဘဝတစ်ဘဝလုံး၏ အမှတ်တရများက သူ၏စိတ်ထဲတွင် တရိပ်ရိပ် ဖြတ်ပြေးနေသော ပုံရိပ်များ ဖြစ်လာသည်။

အချိန်များ ထပ်မံ ကုန်ဆုံးသွား၏။ နောက်တစ်လကြာသွားခဲ့လေပြီ။ ထိုအတောအတွင်း မန်ဟိုသည် အတိတ်အကြောင်းတွေးရင်း အဝေးကို ငေးကြည့်၍သာ နေခဲ့၏။ နောက်ဆုံးတော့ တစ်ရက်တွင် ချပ်ဝတ်တန်ဆာနှင့် ပုံရိပ်ယောင်အဘိုးကြီးက ရုတ်တရက် သူ၏အာရုံကို ဆွဲဆောင်လိုက်လေသည်။

အဘိုးကြီးသည် လပေါင်းများစွာ တုတ်တုတ်မှ မလှုပ်ခဲ့သည့်အပြင် လုံးဝအသက်မဲ့နေပုံပေါ်ခဲ့၏။ ယခုတွင် သူ၏ညာလက်က မြောက်တက်သွားပြီး ချုပ်နှောင်အမှတ်အသားတစ်ခု ပေါ်လာသည်။ သူက မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ပြီး တဖြေးဖြေး သူ၏လက်ထဲတွင် အရောင်နှစ်ရောင်ပေါ်လာသည်။ အမည်းရောင်နှင့် အဖြူရောင်။

သို့သော် မန်ဟို အဘိုးကြီးကို လှမ်းထိကြည့်သောအခါ ထိုလူမှာ ယခင်အတိုင်း ပုံရိပ်ယောင်သာ။

အချိန်များ ကုန်ဆုံးနေစဉ် မန်ဟိုသည် တရားထိုင်နေသော အဘိုးကြီးအပေါ် အာရုံစိုက်လာ၏။ အဘိုးကြီး၏ အသက်မဲ့မှု၊ အဘိုးကြီး၏ လက်ဟန်များနှင့်အတူ ၎င်းတို့ဆင့်ခေါ်လိုက်သော အမည်းရောင်ထုနှင့် အဖြူရောင်ထုကို စောင့်ကြည့်လေ့လာလိုက်သည်။

သူသည် တဖြေးဖြေး အမည်းနှင့်အဖြူကို အာရုံပိုပိုစိုက်လာသည်။ ၎င်းတို့တွင် အရေးပါသော တစ်စုံတစ်ခုရှိသော်လည်း မည်သည့်အရာမှန်း သေချာမသိပေ။

အဖြူရောင်တွင် ကောင်းကင်နှင့်မြေကြီးရှိ အရောင်အားလုံး ပါဝင်နေပုံရ၏။ ၎င်းသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို လက်ခံပြီး ဆင်တူသော အဖြူရောင်အသွင် ပြောင်းလဲပေးနိုင်သယောင်ပင်။ အနက်ရောင်မှာမူ မည်သည့်အရောင်မှ ၎င်းနှင့် တန်းတူရပ်ရန် အရည်အချင်း မပြည့်မှီသည့်အလား ဩဇာလွှမ်းမိုးနေ၏။

တစနှင့်တစ မန်ဟိုသည် အဘိုးကြီးကို စောင့်ကြည့်လေ့လာရင်း စိတ်ရောကိုယ်ပါ နစ်မျောသွားတော့၏။ သူကား တွေးပင်မတွေးမိလိုက်ဘဲ အသက်ရှူလေ့ကျင့်ခန်းများနှင့် လက်ဟန်များအပါအဝင် အဘိုးကြီးနည်းတူ တရားစထိုင်လာသည်။

နောက်ဆုံးတွင် သူသည် အဘိုးကြီး၏ပုံရိပ်ယောင်နှင့် တစ်ထပ်တည်းကျအောင် တူညီသောနေရာတွင် ထိုင်ရန်ပင် ဆုံးဖြတ်လိုက်၏။ ထိုနည်းဖြင့် သူ၏လှုပ်ရှားမှုအလုံးစုံသည် အဘိုးကြီးနှင့် တစ်ထပ်တည်း ဖြစ်လိမ့်မည်။

သူသည် မျက်လုံးများ ပိတ်ပြီး စိတ်ရောကိုယ်ပါ နစ်မြုပ်နေတော့သည်။ အချိန်များ ကုန်ဆုံးသွား၏။ မျက်စိတစ်မှိတ်အတွင်း သုံးနှစ်ကြာခဲ့လေပြီ။

သုံးနှစ်အတောအတွင်း မန်ဟိုသည် ပို၍အားနည်းလာပြီး သူ၏အသက်စွမ်းအားမှာ တဖြေးဖြေး လုံးပါးပါး လာခဲ့သည်။ သို့ရာတွင် သူကား ဂရုမစိုက်။ သူ စိတ်ဝင်စားသည့် တစ်ခုတည်းသောအရာမှာ အဘိုးကြီး၏ လှုပ်ရှားမှုများကို တုပပြီး ဆက်လက်ရှင်သန်ဖို့ နည်းလမ်းရှာဖွေရန်ပင်။

တစ်နေ့တွင် သူသည် ရုတ်တရုက် သေခြင်းရှင်ခြင်းတစ်ခုမှ အရေးမပါကြောင်း သိလိုက်ရသော အသက်မဲ့ဗလာကျင်းမှုကို ကြုံတွေ့လိုက်ရ၏။ သူ ညာလက်ဖြင့် လက်ကွက်တစ်ကွက် ဖော်လိုက်သည့်အခါ အဖြူရောင်မှာ မြင်သာလာလေသည်။

ရုတ်တရက် ရှေးဆန်သော အသံကြီးတစ်သံ သူ့စိတ်ထဲတွင် ပေါ်လာသည်။ "မင်း မင်းလမ်းရဲ့အဆုံးကို ရောက်ရင် မင်းကိုယ်မင်း ဆုံးရှုံးရလိမ့်မယ်"

ထို့နောက် အမည်းရောင်ထုက မန်ဟို့လက်ဝါးတွင် ပေါ်လာသည်။

ရှေးဆန်သောအသံကြီးသည် သူ၏စိတ်ထဲတွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်သွား၏။ "မင်း မင်းလမ်းရဲ့အဆုံးကို ရောက်ရင် မင်းကိုယ်တိုင်ပဲ ကျန်ခဲ့လိမ့်မယ်" မန်ဟိုသည် ဉာဏ်အလင်းကို ဖမ်းဆုပ်နေသောခုလတ်သို့ ရောက်နေပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။

၎င်းကား စိတ်ကူးမရလောက်အောင် ကျယ်ပြောပြီး လျှို့ဝှက်ဆန်းကြယ်သော မဟာတာအိုတစ်ပါး၏ ဉာဏ်အလင်းပင်။

"အဖြူရောင်နဲ့ အမည်းရောင်ဆိုတာ နေ့တာနဲ့ ညတာ လိုပါလား...." သူက ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ သူသည် ညာလက်ကို ကြည့်ပြီးနောက် ၎င်းအား ကောင်းကင်ဆီသို့ ဖြေးညင်းစွာ မြှောက်လိုက်သည်။ သူ့တွင် ကျင့်ကြံခြင်းအခြေခံသာ ရှိလျှင် တာအိုဉာဏ်အလင်းအရ ကောင်းကင်ကို ညအလား ‌မှောင်မည်းသွားစေနိုင်သလို၊ နေ့အလား ‌လင်းထိန်သွားအောင် ပြောင်းလဲပစ်နိုင်ကြောင်း သဘော‌ပေါက်လိုက်၏။ အမည်းနှင့်အဖြူ လိမ်ဖယ်ထွေးယှက်နေခြင်းက အမြင့်တကာ့အမြင့်ဆုံး စွမ်းအားတစ်ခုကို ထုတ်လွှတ်ပေးနိုင်လေသည်။

"ငါ့မှာ ကျင့်ကြံခြင်းအခြေခံမရှိတာ ဆိုးလွန်းတာပဲ" သူက ခေါင်းတခါခါနှင့် တွေးလိုက်သည်။ "ဒီတာအိုကို အပြည့်အဝ နားလည်ရင်တောင်မှ အသုံးပြုနိုင်ဘူးဖြစ်နေတယ်" သူ ထရပ်ရန် ပြင်လိုက်စဉ် ရုတ်တရက် သင်္ဘောသည် ... ရွေ့လျားနေခြင်း ရပ်တန့်သွား၏။

မန်ဟိုက မျက်လုံးအဝိုင်းသားနှင့် မော့ကြည့်လိုက်သည်။

***

All Chapters