လမ်းကို ဖြတ်သန်းရာတွင်
Vol. 49 Ch. 685
အရှေ့တွင် နဂါးငွေ့တန်းပင်လယ်အား မမြင်ရတော့ပေ။ သင်္ဘောသည် အချိန်ပင်လယ်ကို ဖြတ်သန်းနေသည့်အလား မြင်မြင်ရသမျှမှာ အဆုံးမဲ့သော ရောင်စုံအပိုင်းအစများသာ ဖြစ်ပေ၏။
ထိုအပိုင်းအစများတွင် အနန္တ ကမ္ဘာလောကများ တည်ရှိနေသည်။
မန်ဟို စောင့်ကြည့်နေစဉ် သင်္ဘောသည် အပိုင်းအစကမ္ဘာလောကတစ်ခုထဲ ဝင်ရောက်သွား၏။ ၎င်းမှာ မီးကမ္ဘာတစ်ကမ္ဘာဖြစ်ပြီး သင်္ဘောကို ဒူးထောက်ဂါဝရပြုရင်း ပူဇော်ပသနေသော ကျင့်ကြံသူများ မရေမတွက်နိုင်အောင် ရှိလေသည်။
သူတို့သည် သူတို့၏သွေးဆက်များနှင့် ဆက်စပ်နေဟန်တူသော မီးကျင့်စဉ်ကို ကျင့်ကြံကြသည်။ မန်ဟိုမြင်တွေ့သမျှ အခြားမီးတောက်အားလုံးမှာ အစားထိုးခံထားရပုံပေါ်ပြီး သူတို့၏မီးတောက်သည် မီးတောက်အားလုံး၏ အနှစ်သာရဟု လူအများ ပြောနေသည်ကို ကြားနေရ၏။
သူကား ဤကမ္ဘာနှင့် အဆက်အသွယ်လုပ်မရပေ။ သူသည် ဘေးမှ ရပ်ကြည့်နေသော ပရိသတ်တစ်ယောက်အလားပင်။ သင်္ဘောသည် ဆုံးဖြတ်မရသော အချိန်အပိုင်းအခြားတစ်ခုအထိ မီးတောက်များကို ဖြတ်သွားပြီးနောက်ဆုံး နောက်ထပ် အချိန်အပိုင်းအခြားတစ်ခုအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားဝောာ့၏။
ဤနေရာတွင် ကြယ်တာရာကောင်းကင်မှာ တောင်ကောင်းကင်ဂြိုဟ်၏ ကောင်းကင်နှင့် တခြားစီဖြစ်၏။ ၎င်းကား ကျယ်ပြောပြီး အဆုံးအစရှိသော အာကာပြင်ကြီးတစ်ခုအလားပင်။
ရံဖန်ရံခါ ထူးဆန်းသော သက်ရှိပုံစံများသည် အနားမှ ဖြတ်သွားတတ်၏။ တစ်ကောင်ချင်းစီက ဒူးထောက်ပြီး ထူးခြားဆန်းကြယ်အရာဝတ္ထုများအား ပူဇော်ဆက်သကြလေသည်.....
မန်ဟိုမှာ ဤသင်္ဘောစီးနေသော ခရီးသွားအလား ခံစားနေရ၏။ အင်မတန် ကြီးမားသော လိပ်ပြာကြီးတစ်ကောင် တဖျပ်ဖျပ် ပျံဝဲသွားသည်ကို သူ မြင်လိုက်သည်။ ၎င်းသည် အလှမ်းဝေးသော်လည်း ရှင်းလင်းပြတ်သားစွာ မြင်ရသေး၏။ ၎င်း အနားရောက်လာသောအခါ ၎င်း၏အလှတရားမှာ တကယ်တမ်း အသင်္ချေသောကမ္ဘာများပေါင်းစည်းထားခြင်းမှ ဖြစ်ပေါ်လာကြောင်း မြင်ရပေမည်။
"ဒီဟာတွေက ဖြစ်ပျက်ပြီးသား အရာတွေလား။ ဒီသင်္ဘောကြီးရဲ့ ပြန်ပြောင်းအတွေးတွေလား။ ဒါမှမဟုတ် တခြားအရာတွေလား .... ဘာတွေဖြစ်နေတာလဲ" မန်ဟိုမှာ သူ မည်သည့်အရာများကို မြင်နေရသည်လဲ မသိတော့ပေ။ လိပ်ပြာသည် အဝေးသို့ ပျံသန်းသွားပြီး သင်္ဘောကြီးမှာ နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြန်၏။
၎င်းပြန်ပေါ်လာသောအခါ အဆုံးမဲ့ပင်လယ်တစ်စင်းက မန်ဟို့အရှေ့တွင် ဆန့်တန်းနေလေပြီ။ အလယ်တွင် မိုးထိုးနေသော ဧရာမသစ်ပင်ကြီးတစ်ပင် ရှိ၏။ သစ်ပင်ကြီးသည် ရွှေရောင်သစ်ရွက်များကို ပိုင်ဆိုင်ထားပြီး လက်ဖျားခါလောက်အောင် လှပလေသည်....
အောက်တွင် လူတစ်ယောက်က သစ်ပင်ကြီးကို တိတ်ဆိတ်စွာ မော့ကြည့်ရင်း ထိုင်နေသည်။ သူသည် အကြာမှအကြာကြီး စိုက်ကြည့်နေပြီး သူ, ဘာတွေးနေလဲ ပြောဖို့ မဖြစ်နိုင်ပေ။ နောက်ဆုံးတွင် သူက ဉာဏ်အလင်းရသွားသည့်အလား ပြုံးလိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ အနန္တအလင်းရောင်ဖြင့် တောက်ပစပြုလာလေပြီ။
မန်ဟိုက သူ့ကို နှောင့်ယှက်ဖို့ မကြိုးစားဘဲ ဤသည်မှာ ဘဝခရီးစဉ်တစ်ခုသာ ဖြစ်သည့်အလား သင်္ဘောအပေါ်တွင် ထိုင်နေ၏။ နောက်ဆုံးတွင် ထိုလူကား နောက်ကျန်ခဲ့တော့သည်။
မြောက်များစွာသော ကမ္ဘာများ၊ မရေမတွက်နိုင်သော ကျင့်ကြံသူများကို မန်ဟို မြင်လိုက်ရသည်။ စစ်ပွဲများကိုလည်း မြင်ရပြီး တစ်ခါကဆိုလျှင် သင်္ဘောကို လက်ညှိုးထိုးပြီး အရူးသဖွယ် ကယောင်ချောက်ချား ပြောနေသော တစ်ယောက်ကိုပင် မြင်ခဲ့ရသည်။
မန်ဟိုမှာ အတော်လေး ကြောင်နေ၏။ သူသည် နှစ်ပေါင်းမည်မျှကြာခဲ့ပြီလဲ မသိတော့သလို၊ သေဆုံးခါနီးနေသော သူ၏အဖြစ်ကိုလည်း မေ့လျော့သွားလေပြီ။ သင်္ဘောကြီး ရှေ့ဆက်သွားနေစဉ် အမွှေးအတောင်မရှိဘဲ ငိုကြွေးနေသော ကြိုးကြာတစ်ကောင်ကို မြင်လိုက်ရ၏။
အချိန်အငွေ့အသက်တို့ ပြည့်နှက်နေပုံရသော အသံတစ်သံက ရုတ်တရက် သူ၏နားနား ကပ်ပြောလေသည်။ "နှစ်တွေအများကြီးကြာခဲ့ပြီ။ ငါ နင့်ကို မကြာခဏ တွေးမိတယ်...."
မန်ဟိုက ငိုကြွေးနေသော အမွှေးအတောင်မဲ့ကြိုးကြာကို ကြည့်ပြီး အကြောင်းတစ်စုံတရာကြောင့် ရင်းနှီးသလို ခံစားလိုက်ရ၏။
"ငါ အရင်က သူ့ကို တွေ့ဖူးခဲ့သလားလို့" သူက တွေတွေဝေဝေဖြင့် တွေးလိုက်သည်။
အချိန်သည် ထပ်မံပြောင်းလဲသွားပြီး မြင်ကွင်းမှာ နောက်တစ်ဖန် ရောနှောသွားပြန်သည်။ ကောင်းကင်တမျှ ကြီးမားသော ဧရာမသစ်ပင်ကြီးကို သူ မြင်လိုက်ရ၏။ ၎င်းသည် ကြယ်တာရာများအကြား ဒေါသတကြီး ပတ်ရမ်းနေသည်။ သို့သော် သင်္ဘောကို မြင်သောအခါ တုန်ရီသွားလေ၏။
မန်ဟိုမှာ တွေဝေငေးကြောင်နေသည်။
ကျင့်ကြံခြင်းအမျိုးအစားများစွာနှင့် မရေမတွက်နိုင်သော တာအိုများ၊ ကံကြွေး၏ အကြောင်းနှင့်အကျိုး၊ ရှင်ခြင်းနှင့် သေခြင်း၊ မရဏပြည်၊ ထာဝရဘဝ ... အမှန်နှင့်အမှား သူ မြင်နေရသည်။ လူတစ်ယောက်သည် လမ်းကြောင်းတစ်ကြောင်းအတိုင်း လျှောက်လှမ်းနေပြီး နောက်ဆုံးတွင် ကမ္ဘာတစ်ကမ္ဘာ ဖြစ်လာသည် သူ မြင်တွေ့ရသည်။ ထိုသူက အခြားသူများကို အဖော်ပြုပေးရန် သူ့ကိုယ်သူ စတေးလိုက်၏။
ကြယ်တာရာကောင်းကင်တွင် ဦးတည်ရာမဲ့လျက် ခြေဦးတည်ရာ လျှောက်သွားနေသော လူတစ်ယောက်ကို သူ မြင်လိုက်ရသည်။ ထိုလူသည် .... ချပ်ဝတ်တန်ဆာနှင့်အဘိုးကြီး ဖြစ်သယောင်ပင်။
တခဏကြာသော် တခြားနယ်မြေတစ်ခုတွင် အမျိုးသမီးတစ်ဦး၏ အလောင်းကို ပွေ့ထားသော အမျိုးသားတစ်ယောက်အား မြင်လိုက်ရသည်။ သူသည် ခေါင်းမော့ပြီး ငိုကြွေးနေ၏။ သူ၏မျက်လုံးများမှာ မန်ဟို့ကို တုန်လှုပ်သွားစေသော ရူးသွပ်မှု၊ ခေါင်းမာမှုတို့ဖြင့် ပြည့်နှက်နေလေသည်။
"ကောင်းကင်ဘုံက မင်းကို သေခွင့်ပေးခဲ့ပေမယ့် ကိုယ်ကတော့ မင်းကို အသက်ပြန်သွင်းမယ်" ထိုလူ၏ ပဲ့တင်ထပ်လာသော အသံက မန်ဟို့နှလုံးသားထဲတွင် တစ်ခါမှ မခံစားရဖူးသော တုန်လှုပ်ခြင်းလှိုင်းတို့ ထန်သွားစေသည်။
ထိုတုန်လှုပ်မှုသည် အမျိုးသားနှင့် အမျိုးသမီး၏ ဇာတ်လမ်းကြောင့်မဟုတ်ဘဲ အမျိုးသား၏ စကားလုံးများအထဲရှိ ဖျက်စီး၍ရပုံမပေါ်သော ခိုင်မာပြတ်သားမှုကြောင့်ပင်။ ကောင်းကင်နှင့်မြေကြီး ပြိုကျသွားလျှင်တောင်မှ သူ့စကားလုံးများ၏ တည်ကြည်ပြတ်သားမှုမှာ ပျက်စီးမည်မဟုတ်။
"ငါ့မှာ ခိုင်မာပြတ်သားမှုရှိတယ်လို့ ငါ တွေးခဲ့ဖူးပေမယ့်" မန်ဟိုက တွေးသည်။ "အဲ့ဒါနဲ့ယှဉ်ရင် ငါ မသိတော့ဘူး...
"ငါ ကျင့်ကြံခြင်းအခြေခံကို ဆုံးရှုံးပြီး ငါ့ဘဝဟာ နောက်ဆုံအချိန်နဲ့ နီးကပ်လာနေပြီ။ ဒါပေမဲ့ ... ငါ တကယ်ပဲ ဒီအတိုင်း လက်လျှော့နိုင်ရဲ့လား" မန်ဟိုသည် ထိုမေးခွန်းကို တွေးရင်း သင်္ဘောအပေါ်တွင် ထိုင်နေ၏။
သူ၏မျက်လုံးမှာ တဖြေးဖြေး အသက်မီးတောက်ဖြင့် တောက်လောင်စပြုလာသည်။ မီးတောက်မှာ အချိန်မရွေး ငြိမ်းတော့မည့်အလား အားနည်းနေ၏။ သို့သော် ယခုတွင် ထိုမီးတောက်သည် .... အရောင်အဝါတောက်ပနေလေပြီ။ မီးတောက်အတွင်း၌ စိတ်ဆန္ဒတစ်ခု လောင်မြိုက်နေသယောင်ပင်။
မန်ဟို အတွေးထဲ နစ်မြောနေစဥ်မှာပင် သင်္ဘောသည် ရုတ်တရက် တုန်ခါသွားပြန်၏။ ပတ်ပတ်လည်ရှိ ကမ္ဘာသည် ပြောင်းသွားပြန်ပြီး ကြယ်တာရာကောင်းကင်၌ တောင်ကိုးလုံး ပေါ်ပေါက်လာ၏။
တောင်ကိုးလုံးသည် အဆုံးမဲ့သောအချိန်အပြည့်ဖြင့် ရှေးဆန်ပြီး ထည်ဝါခံညားနေ၏။ ၎င်းတို့သည် ကမ္ဘာဦးအစ အတိတ်ကတည်းက တည်ရှိခဲ့သည့်အလားပင် .... ၎င်းတို့ မည်မျှကြီးမားသလဲ အတိအကျ မဖော်ပြနိုင်သော်လည်း ဤအခိုက်အတန့်အထိ သူမြင်ခဲ့ရသမျှ ကမ္ဘာအားလုံးထက် အဆများစွာ ကြီးမားလေသည်။
ကြယ်တာရာကောင်းကင်တွင် ပင်လယ်ကိုးစင်းလည်း ရှိ၏။
တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်း။ ၎င်းတို့အားလုံး၏အလယ်တွင် ပင်လယ်ကိုးစင်းမှ ဖြစ်ပေါ်လာသော ကြယ်ပင်လယ်တစ်စင်း ရှိသည်။
ပထမတောင်တွင် ဂြိုဟ်လေးလုံးရှိ၏။ နေနှင့်လသည် နေရောင်ခြယ်နှင့် လရောင်ခြည်တို့ကို ကြယ်တာရာကောင်းကင်ထဲသို့ ဖြန့်ကျက်ရင်း ပထမတောင်အား လှည့်ပတ်နေကြသည်။ အလင်းများသည် အကန့်အသတ်မရှိ ဖြာထွက်၍ တောင်တစ်လုံးစီကို လွှမ်းခြုံကာ ပင်လယ်အားလုံးကို အလင်းရောင်ပေးနေ၏။
၎င်းမှာ မန်ဟို့စိတ်နှလုံးကို အံ့ဩခြင်းလှိုင်းများဖြင့် ပြည့်နှက်သွားစေသည့် လှပသောပန်းချီကားတစ်ချပ်အလားပင်။
တောင်ကိုးလုံးကို မြင်ပြီးနောက် မန်ဟို့စိတ်တွင် ထူးဆန်းသောအသိအမြင်တစ်ခု ဖြစ်ပေါ်လာ၏။ "မဟုတ်မှ ... ဒါတွေက တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းလား။ ငါ ဒီတောင်ကိုးလုံးကို ဝါးမြိုဖို့ တောင်ဝါးမြိုမန္တန်ကို အသုံးပြုနိုင်ခဲ့ရင် ငါ့ကျင့်ကြံခြင်းအခြေခံက အကောင်းအတိုင်း ပြန်ဖြစ်သွားမှာလား"
၎င်းသည် ရဲတင်းသောအကြံတစ်ခုဖြစ်သော်လည်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏စိတ်ထဲတွင် အမြစ်တွယ်သွားခဲ့လေပြီ။ မန်ဟိုသည် အမျိုးသမီးကို ပွေ့လျက် ကောင်းကင်ဘုံအား တိုင်တည်နေသော အမျိုးသား၏ပုံစံကို ပြန်တွေးမိလိုက်သဖြင့် အသက်ရှူသံများ မြန်လာတော့သည်။ ထို့နောက် သူသည် သူ၏လမ်းကြောင်းကိုသူ ပြန်တွေးမိလိုက်၏။
"ငါ တကယ် ပဲ လက်လျှော့တော့မှာလား" သူ၏မျက်ဝန်းများရှိ မီးတောက်မှာ ပို၍တောက်ပလာသည်။ သူ၏အကြည့်သည် တောင်ကိုးလုံးနှင့်ပင်လယ်ကိုးခုကို လွှမ်းခြုံသွားပြီး နောက်ဆုံး နဝမတောင်အပေါ် ကျရောက်သွား၏။
သူက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီး တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ... တောင်ဝါးမြိုမန္တန်ကို စတင် အသုံးပြုလိုက်သည်။
မန္တန်သည် တကယ်တမ်း ကျင့်ကြံခြင်းအခြေခံ မလိုအပ်ဘဲ နှလုံးသားသာ လိုအပ်၏။ သူသည် နဝမတောင်၏ပုံရိပ်ကို သူ၏စိတ်နှလုံးထဲတွင် ခတ်နှိပ်ရင်း လေ့လာနေလေသည်။ တောင်၏ရှုထောင့်တိုင်းမှာ သူ့စိတ်သန္တန်အတွင်း၌ ကျန်ရှိနေပြီး ၎င်းကို သူနှင့်အတူ ယူဆောင်သွားနိုင်သယောင်ပင်။
သူ၏အကြည့်က နဝမတောင်အပေါ်မှ မခွာ။ သူသည် အသက်မဲ့လာပြီး အချိန်နှင့် သူ၏ပတ်ဝန်းကျင်ရှိ အရာအားလုံးကိုပင် မေ့လျော့လာသည်။ သူ့စိတ်ထဲတွင် တည်ရှိသည့် တစ်ခုတည်းသောအရာမှာ နဝမတောင်သာ။
အောင်မြင်မှုသည် ဆုံးရှုံးမှုများမှ လာသည်။ သူသည် ကျင့်ကြံခြင်းအခြေခံကို ဆုံးရှုံးခဲ့ရသော်လည်း စိတ်နှလုံးသိမ်မွေ့အေးချမ်းမှုကို ရရှိခဲ့၏။ ယခုတွင် တိတ်ဆိတ်မှု၏အလယ်၌ သူသည် နဝမတောင်နှင့်ပတ်သက်ပြီး တဖြေးဖြေး ဉာဏ်အလင်း ရလာခဲ့လေပြီ။
နှစ်တစ်ရာလား၊ တစ်ထောင်လား၊ တစ်သောင်းလား မသိလေတော့ .... မန်ဟိုမှာ နဝမတောင်ကို ပိုမို၍ရှင်းလင်းပြတ်သားလာအောင် ရှုမြင်နေ၏။
နောက်ဆုံးတော့ တစ်ရက်တွင် နဝမတောင်သည် သူ၏စိတ်ထဲတွင် လုံးဝရှင်းလင်းပြတ်သားလာခဲ့ပြီဖြစ်သည်။ သူ့တစ်ကိုယ်လုံး တုန်ရီသွား၏။ ပုံရိပ်သည် မရေမတွက်နိုင်သော မှော်သင်္ကေတများအသွင်ပြောင်းရင်း ပျောက်ကွယ်သွားသည်။ ထိုသင်္ကေတတစ်ခုစီတွင် တာအိုအသင်္ချေများစွာ ပါရှိနေသယောင်ပင်။
ဤတာအိုများကို သူ နားမလည်၊ သို့သော် တောင်ဝါးမြိုမန္တန်၏ရှုထောင့်အရ ၎င်းတို့အား နဝမတောင်၏ တောင်ဝိညာဉ်အဖြစ် သတ်မှတ်နိုင်လေသည်။ ဤတာအိုများကို စုပ်ယူခြင်းက နဝမတောင်၏ဝိညာဉ်ကို စုပ်ယူခြင်းအဖြစ် မှတ်ယူနိုင်၏။
မန်ဟိုက မှော်သင်္ကေတများအပေါ်တွင် အာရုံစူးစိုက်ထားသည်။ တစ်ခုစီသည် အဆုံးမဲ့နက်နဲခြင်း နှင့် ဖြစ်နိုင်ခြင်းတို့ ပါရှိနေ၏။ ထိုစဥ် တောင်ကို လေ့လာနေသည့်အဝောာအတွင်း ယခင်နှင့် ခြားနားနေသော အရှိန်အဝါအမျိုးမျိုး သူ၏ခန္ဓာကိုယ်အပေါ်တွင် ပေါ်လာခဲ့သည်ကို မန်ဟို သတိထားမိခဲ့ပေ။
ဤအခိုက်အတန့်တွင် အတိုင်းအဆကြီးမားပြီး ရှေးဆန်သော စိတ်ဆန္ဒတစ်ခုက နဝမတောင်ကို မွှေနှောက်သွား၏။
"ငါ့ရဲ့ နဝမတောင်နဲ့ ပတ်သက်ပြီး .... ဘယ်သူ ဉာဏ်အလင်းရနေတာလဲ"
"ငါက နဝမတောင်နဲ့ပင်လယ်ရဲ့ သခင်၊ ကျီရဲ့ ကောင်းကင် ၊ ကျီတျန်း"
ရှေးဆန်သောအသံကြီး ဟိန်းထွက်လာသောအခါ နဝမတောင်တစ်တောင်လုံး ချက်ချင်း ဝေဝါးသွား၏။ ဧရာမလှိုင်းကြီးများ ကမ္ဘာကို ဖြတ်၍ ဖြာထွက်သွားပြီး မန်ဟို့မှာ ချက်ချင်း စိတ်နှင့်ကိုယ်ပြန်ကပ်သွားသည်။
စိတ်ဆန္ဒက မွှေနှောက်လိုက်ရှာနေသော်လည်း မန်ဟို့ကိုသော်လည်းကောင်း၊ သင်္ဘောကိုသော်လည်းကောင်း မတွေ့ပေ။
သင်္ဘောသည် ရုတ်တရက် ရှေ့သို့ရွေ့လျားသွား၏။ ၎င်းက နဝမဝောာင်မှ ထွက်ခွာပြီး အဋ္ဌမတောင်ကို ဆက်လက်ဦးတည်သွားသည်။ ထိုနှုန်းအတိုင်း သတ္တမတောင်၊ ဆဋ္ဌမတောင်တို့ကို ကျော်ဖြတ်သွားလေသည် ....
မန်ဟိုမှာ တောင်တစ်လုံးကိုမှ ပြတ်ပြတ်သားသား မမြင်ရပေ။ သင်္ဘော စတုတ္ထတောင်သို့ ရောက်သောအခါ ညှို့မှိုင်းအုံ့ဆိုင်းနေသော အရှိန်အဝါတစ်ခုက ရုတ်တရက် အရာအားလုံးကို လွှမ်းခြုံသွား၏။
ရှေးဆန်သောအသံတစ်သံအား ရုတ်တရက် ကြားလိုက်ရသည်။
"ရှင်ခြင်းက ဘာလဲ။ သေခြင်းက ဘာလဲ....
"မြေအောက်ကမ္ဘာမှာရှိတဲ့ ဘဝတွေ မကျော်လွှားရင် ငါလည်း ရှင်မှာမဟုတ်ဘူး
"ဘဝပြန်ဝင်စားသံသရာစက်ဝန်းထဲမှာ မြေအောက်ကမ္ဘာကနေ ရယ်သံ ထွက်မလာရင် ငါ သေမှာမဟုတ်ဘူး
"ပြန်သွားနေတဲ့ ဝိညာဉ်တွေ၊ ပြန်မွေးဖွားဖို့ ပြန်သွားနေတဲ့ ဝိညာဉ်တွေ ၊ မင်းတို့လမ်းက ဒီကသွားရမှာလေ ... ဘာလို့မပြန်ကြတာလဲ" ထစ်ချုန်းသံကြီးက စတုတ္ထတောင်ကို စိုးမိုးသွားပြီး ရုတ်တရက် ဧရာမဘုရားကျောင်းကြီးတစ်ကျောင်းက မန်ဟို့ဆီ ပျံသန်းလာသည်။
ဘုရားကျောင်းထဲမှ မည်းနက်နေသော နွားတစ်ကောင်၊ မြင်းတစ်ကောင်ထွက်လာ၏။ ၎င်းတို့ထံမှ ကြီးမားသောလှိုင်းများ ဖြာထွက်ပြီး ၎င်းတို့၏စွမ်းအားများမှာ တဖွေးဖွေး လှုပ်နေလေသည်။ ၎င်းတို့ထံမှ သေခြင်းအရှိန်အဝါက မန်ဟို့ဆီ ပြေးဝင်လာသည်။
နွားနှင့်မြင်းကို မြင်သည်နှင့် သူ့မှာ တုန်ယင်လာတော့သည်။ သူသည် အိပ်ပျော်တော့မည့်အလား၊ သူ၏ဝိညာဉ်မှာ ပျံထွက်သွားတော့မည့်အလား ခံစားလိုက်ရ၏.....
"ရှင်ခြင်းက ဘာလဲ။ သေခြင်းက ဘာလဲ"
သို့သော် နွားနှင့် မြင်း အနားမကပ်နိုင်ခင် သင်္ဘောကား အဝေးသို့ ရွေ့လျားသွားခဲ့လေပြီ။ (တရုတ်ပြည်ရဲ့ ဒဏ္ဍာရီမှာ နွားနဲ့မြင်းဆိုတာ ငရဲဘုံရဲ့ နွားခေါင်း၊ မြင်းခေါင်းအစောင့်တွေကို ရည်ညွှန်းတာပါ)
မန်ဟို့အနောက်၊ စတုတ္ထတောင်ဆီမှ သက်ပြင်းချသံတစ်သံ ကြားလိုက်ရသည်။ "ကြီးမြတ်လှပါသော အရှင်၊ သင်ဟာ အနားမယူချင်တဲ့သူပါလား .... ဘဝပြန်ဝင်စားခြင်းဆိုတာ တာအိုရဲ့အဆုံးသတ်ဖြစ်တယ်။ သင် အနားမယူချင်ဘူးဆိုရင် ဘာလို့ ဒီပုဂ္ဂိုလ်ကို သင့်ရဲ့ဘဝခရီးစဉ်နှင့်အတူ ခေါ်လာတာလဲ"
မန်ဟိုမှာ ဤအခြင်းအရာကို ကြားသောအခါ ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။ သင်္ဘောသည် တတိယတောင်၊ ဒုတိယတောင်တို့ကို ကျော်ဖြတ်သွားပြီး နောက်ဆုံး ပထမတောင်သို့ ရောက်လာခဲ့၏။ ထို့နောက် ဘာဖြစ်သွားသလဲ မန်ဟို ရှင်းရှင်းလင်းလင်း မမြင်လိုက်ပေ။ အရာအားလုံး အဖြူအမည်းပြောင်းရင်း မြူစက်လုံးနှစ်လုံး ဖြစ်လာသည်။ ၎င်းတို့သည် လည်လာပြီး အတွင်း၌ ပုလဲနှစ်လုံး ပေါ်ပေါက်လာနေသယောင်ပင်။
မန်ဟိုက သူ၏ညာလက်ကို ငုံ့ကြည့်လိုက်သည်။ သူ၏လက်ဝါးအပေါ်တွင်ကား ပုလဲနှစ်လုံး။ အကောင်အထည်မရှိသော မြူပုလဲနှစ်လုံးဖြစ်သည်။
ပုလဲဖြူနှင့် ပုလဲမည်းက သူ၏လက်မှ ပျံဝဲတက်လာပြီး ကောင်းကင်နှင့်မြေကြီး၏ လျှို့ဝှက်ချက်များ ပါဝင်နေသည့်အလား လည်လာသည်။
မန်ဟိုက အတွေးထဲ နစ်မြောနေရင်း ကြည့်နေ၏။ အဖြူအမည်းပုလဲများနှင့် ပတ်သက်ပြီး ချပ်ဝတ်တန်ဆာအဘိုးကြီးထံမှ ရရှိခဲ့သော ဉာဏ်အလင်းသည် မဟာတာအိုတစ်ပါးကို သရုပ်ဖော်နေခြင်းဖြစ်ကြောင်း အာရုံလိုက်လေသည်။ ၎င်းသည် သူ၏တာအိုနည်းတူ လွတ်လပ်သော လမ်းစဉ်မဟုတ်သော်လည်း ထိုလမ်းကို ဝေးဝေးရောက်အောင် သေချာပေါက် ဆွဲဆန့်ပေးနိုင်၏။
"ဒီအဖြူအမည်းထဲမှာ ငါ မြင်ခဲ့ရတဲ့ ကမ္ဘာတွေအကုန်လုံး၊ တာအိုတွေအကုန်လုံး တည်ရှိနေတာပဲ......
"ရှင်ခြင်းက ဘာလဲ၊ သေခြင်းက ဘာလဲ ...." မန်ဟို မျက်လုံးမှိတ်လိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် ရုတ်တရက် ခဲကျုံစစ်၏....အံ့ဖွယ်ဝိညာဉ်ခွဲဖြာမန္တန်ကို တွေးလိုက်မိလေ၏။
***