မွေးရပ်မြေ
Vol. 49 Ch. 686
ဝိညာဉ်ခွဲဖြာမန္တန်သည် လူတစ်ယောက်ကို ထာဝရဝိညာဉ်အား ကျင့်ကြံနိုင်ခွင့်ပေး၏။ ထိုဝိညာဉ်ပေါ်လာလျှင် ကောင်းကင်နှင့်မြေကြီးရှိ ဘဝပြန်ဝင်စားသံသရာလည်း မဖျက်စီးနိုင်ပေ။ သင် သေလျှင်တောင်မှ သင်၏အသွေးနှင့်အသားသည် နှစ်ပေါင်းများစွာ ကြာသည့်အခါ ပြန်လည်မွေးဖွားလာမည်ဖြစ်၏။
၎င်းသည် ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်း၏ မဟာတာအိုသုံးထောင်အနက်မှ တစ်ခုမဟုတ်ဘဲ ခဲယွင်ဟိုင် အမှတ်မထင် ရှာတွေ့ပြီး အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးအဖြစ် သတ်မှတ်ခဲ့သည့်အရာဖြစ်သည်။ သူက အောင်အောင်မြင်မြင် မကျင့်ကြံနိုင်ခဲ့သည့်အတွက် ခဲကျုံစစ်ကို ပေးအပ်ခဲ့ခြင်းပင်။
သို့သော် ပြောင်မြောက်သော ပင်ကိုယ်စွမ်းရည်ကို ပိုင်ဆိုင်ထားသည့်တိုင် ခဲကျုံစစ်အတွက်ပင် ခက်ခဲလွန်း၏။ သူ့မှာ ဉာဏ်အလင်းအပြည့်အဝမရှိခဲ့၍ ခဲယွင်ဟိုင်ကိုယ်တိုင် ဖန်တီးပေးခဲ့သော အဖိုးထိုက်ရတနာနှင့် ကြုံတွေ့ခဲ့ရသော အပြောင်းအလဲများက သူ့ကို ဘဝပြန်ဝင်စားသံသရာစက်ဝန်းမှ မဖျက်စီးနိုင်သည့် ထာဝရဝိညာဉ်အား ဖော်ဆောင်စေနိုင်ခဲ့လေသည်။
"ရှင်ခြင်းနဲ့ သေခြင်း" မန်ဟိုက ရေရွတ်လိုက်သည်။ သူကား ဉာဏ်အလင်းတစ်ပိုင်းတစ ရရှိသွားဟန်တူသော်လည်း ဝေဝါးနေသေး၏။ သူသည် ဦးတည်ချက်ကို စမ်းတဝါးဝါး ဖမ်းဆုပ်နိုင်လိုက်သော်လည်း အနီးကပ်ကြည့်လျှင် ဘာမှရှိမနေပေ။
နောက်ဆုံးတွင် မန်ဟိုသည် မျက်လုံးများ ဖွင့်၍ သူ့လက်ထဲရှိ ပုလဲဖြူနှင့် ပုလဲမည်းကို ငုံ့ကြည့်လိုက်သည်။ သူသည် ၎င်းတို့ကို အကြာကြီးကြည့်နေပြီး သူ၏စိတ်ဆန္ဒမှာ အဖြူအမည်းနှင့် တစ်သားတည်းဖြစ်သွားလေ၏။
အဖြူနှင့် အမည်းသည် မည်သည့်အရာကိုမဆို ဝါးမြိုနိုင်သော ဝဲကြီးအသွင် ပြောင်းလဲသွားသယောင်ပင်။ ၎င်း ဖြေးညင်းစွာ လည်နေစဉ် မြင်ကွင်းတစ်ခု မန်ဟို့စိတ်ထဲတွင် ပေါ်လာသည်။ ထိုမြင်ကွင်းထဲ၌ သူသည် ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့်ဖြင့် ရပ်နေ၏။ သူ၏ညာလက်က အပေါ်သို့ ဆန့်တန်းနေပြီး ပုလဲဖြူနှင့် ပုလဲမည်းက သူ၏လက်ဝါးထဲတွင် လည်နေလေသည်။
မဖော်ပြနိုင်သော လှိုင်းများက ပုလဲများထံမှ ဖြာထွက်ရင်း တစ်ကမ္ဘာလုံးတွင် ပြည့်နှက်နေသည်။ မရေမတွက်နိုင်သော သက်ရှိသတ္တဝါများသည် အလိုအလျောက် ဒူးထောက်ဝပ်တွားကုန်ကြပြီး မန်ဟိုမှာ ၎င်းတို့ ရှင်မလား ၊ သေမလား အလွယ်တကူ အဆုံးအဖြတ်ပေးနိုင်နေသည်။ ပုလဲနှစ်လုံးတွင် ရှင်ခြင်းနှင့်သေခြင်းကို အဆုံးအဖြတ်ပေးပြီး ထိန်းချုပ်နိုင်သော မဟာတာအိုတစ်ပါး ပါရှိနေသယောင်ပင်။
တစ်ရက်တွင်တော့ သင်္ဘော ရပ်သွား၏။ မန်ဟိုမှာ တွေတွေဝေဝေဖြင့် မျက်လုံးများ ဖွင့်လိုက်ရာ ရင်းနှီးသောရေပြင်ကို မြင်လိုက်ရလေသည်။ ၎င်းကား နဂါးငွေ့တန်းပင်လယ်ဖြစ်၏။ ရင်းနှီးသော ကုန်းမြေတစ်ခုကိုလည်း သူ မြင်လိုက်ရသည်။
တောင်ပိုင်းဒေသ။
သင်္ဘောသည် နဂါးငွေ့တန်းပင်လယ်နှင့် တောင်ပိုင်းဒေသအကြား နယ်စပ်တွင် ရပ်သွားခဲ့ခြင်းဖြစ်ပြီး ထိုအခိုက်အတန့်တွင် မန်ဟို စိတ်နှင့်ကိုယ် အပြည့်အဝ ပြန်ကပ်သွားလေသည်။
သူ ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးမှာ အိပ်မက်တစ်ခုနှင့် တူသည်။ အိပ်မက်သည် ခရီးသွားနေရသော အိပ်မက် ၊ သို့မဟုတ် တာအိုရှာဖွေနေသော အိပ်မက်ဖြစ်ခဲ့၏။
"ရှင်ခြင်းနဲ့ သေခြင်းရဲ့ အမှန်တရားတွေက မသေသေးတဲ့လူတစ်ယောက် နားမလည်နိုင်တဲ့အရာတွေပဲ"
မန်ဟိုသည် အကြာကြီး တိတ်ဆိတ်စွာ ထိုင်နေပြီးနောက် ထရပ်လိုက်သည်။ သူက နဂါးငွေ့တန်းပင်လယ်ကို ပြန်လှည့်ကြည့်လိုက်လေသည်။ ၎င်း၏မျက်နှာပြင်မှာ တည်ငြိမ်အေးချမ်းနေပြီး မည်သည့်လှိုင်းကိုမှ မမြင်ရ။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
"ထွက်သွားဖို့ အချိန်ကျပြီမလို့ သင်္ဘောက ငါ့ကို ဒီနေရာဆီ ပို့ပေးဝာာ ထင်တယ်
"ဝိညာဉ်ခွဲဖြာမန္တန်ကနေ ရှင်ခြင်းနဲ့ သေခြင်းကြားက ခြားနားမှုကို ငါ ဉာဏ်အလင်း ရခဲ့တယ်။ ဒါပေမဲ့ အခုက ငါဟာ ချီတုံချတုံနဲ့ တံခါးအပြင်မှာ ရပ်နေပြီ
"ဒါဆိုရင် ငါ အေးအေးဆေးဆေး သေသွားချင်လား
"ဟင့်အင်း ငါ မသေချင်ဘူး" သူ၏ မျက်လုံးများ မီးသဖွယ် တောက်လောင်နေသော ခိုင်မာပြတ်သားမှုဖြင့် ပြည့်နှက်သွားသည်။ ၎င်းက သူ့ကိုယ်အတွင်းရှိ အသက်မီးတောက်ကို လှုံ့ဆော်ရင်း အနာဂတ်နှင့်ပတ်သက်၍ သူ၏တွေဝေမှု၊ ခါးသီးမှုတို့ကို ပြာချပစ်လိုက်လေသည်။
"ငါ့မှာ မျှော်လင့်ချက် ရှိသေးတယ်။ တာအိုအခြေ မရှိတော့ပေမယ့် ငါ့မှာ မျှော်လင့်ချက် ရှိသေးတယ်
"ပြီးဝောာ့ ငါ့မျှော်လင့်ချက်က .... ပြန်လည်မွေးဖွားခြင်းဂူပဲ" သူ၏မျက်လုံးများသည် ပြင်းပြင်းပြပြ စူးရှတောက်ပနေတော့၏။ ပြန်လည်မွေးဖွားခြင်းဂူသည် သူ၏မျှော်လင့်ချက် တည်ရှိရာ၊ သူ၏နောက်ဆုံးသော အားကိုးရာ ဖြစ်ချေသည်။
သူအနေဖြင့် ပြန်လည်မွေးဖွားခြင်းဂူအကြောင်း များများစားစား နားမလည်သော်လည်း တောင်ပိုင်းဒေသတွင် ထိုနေရာနှင့်ပတ်သက်ပြီး ဒဏ္ဍာရီများစွာ ရှိလေသည်။ အများစုပြောရသလောက် အစွမ်းထက်ပညာရှင်များသည် သူတို့ဘဝ၏ နေဝင်ချိန်သို့ ရောက်သောအခါ ၊ သေရတော့မည့် အချိန်ကျသောအခါ အသက်စွမ်းအားကို ပြန်လည်တောက်လောင်လာစေနိုင်မည့် နည်းလမ်းအား တစ်နည်းနည်းဖြင့် ရှာဖွေနိုင်ရန် မျှော်လင့်ရင်း ပြန်လည်မွေးဖွားခြင်းဂူထဲသို့ ဝင်ရောက်သွားတတ်လေသည်။
မွေးဖွားခြင်းက စမှတ်ဖြစ်ပြီး သေဆုံးခြင်းက ဆုံးမှတ်ဖြစ်လျှင် ရှင်ခြင်းနှင့်သေခြင်းသည် သံသရာလည်နေ၏။ ပြန်လည်မွေးဖွားခြင်းဂူအတွက်မူ ဒဏ္ဍာရီများအရ .... ၎င်းက ဒုတိယဘဝလိုမျိုး၊ ဒုတိယသံသရာကို ပေးအပ်နိုင်လေသည်။
တောင်ပိုင်းဒေသတွင် ဤကဲ့သို့ဒဏ္ဍာရီများစွာ မန်ဟို ကြားခဲ့ဖူးသည်။ တကယ်တမ်း သူသည် ပြန်လည်မွေးဖွားခြင်းဂူနယ်ပယ်သို့ ကိုယ်တိုင်ဝင်ခဲ့ဖူးလေသည်။ ဂူထဲ မဟုတ်ဘဲ အပြင်ပိုင်းဧရိယာသာ ဖြစ်ခဲ့၏။
ပြန်လည်မွေးဖွားဖို့အတွက် လူတစ်ယောက်သည် ပထမဆုံး သေရပေမည်။ သေပြီးနောက်တွင်မှ ကောင်းကင်ဘုံကို အာခံနေသော ဘဝကို ရနိုင်သည်။
"ဒဏ္ဍာရီတွေအရ ဘယ်သူမဆို ပြန်လည်မွေးဖွားခြင်းဂူထဲ ဝင်လို့ မရဘူးတဲ့" သူက တွေးလိုက်သည်။ "ရှင်သန်ချင်လွန်းတဲ့လူတွေ၊ သေခြင်းအရှိန်အဝါနဲ့ ပျက်စီးနေတဲ့ လူတွေ၊ မယုံနိုင်ဖွယ် ခိုင်မာပြတ်သားမှုနဲ့ စိတ်တန်ခိုးကို ပိုင်ဆိုင်ထားတဲ့လူ။ အဲ့ဒီလိုလူတွေပဲ ဝင်ရောက်နိုင်တယ်
"မဟုတ်လို့ကတော့ လမ်းမှာ အလိုလို သေသွားရလိမ့်မယ်" သူသည် တောင်ပိုင်းဒေသရှိရာသို့ ကြည့်ပြီး မျက်လုံးများ တောက်ပသထက် တောက်ပလာတော့သည်။ အနာဂတ်ကို လက်မခံလိုသော ခေါင်းမာမှုတို့က အပြည့်နေရာယူထားလေသည်။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
"ငါ မန်ဟို ပြန်လည်မွေးဖွားခြင်းဂူထဲ ဝင်မယ်။ အထဲမှာ ဘာတွေ ရှိနေလဲ ကြည့်ပြီး ငါ ဒုတိယသံသရာ၊ ဒုတိယဘဝနဲ့ရှင်သန်နိုင်မလား ရှာရမယ်" သူသည် သင်္ဘော၏ကုန်းပတ်မှ ဖြတ်လျှောက်လာပြီး အောက်ဆင်းလိုက်သည်။ သူ သဲသောင်အပေါ် ခြေချလိုက်သောအခါ မြေအောက်ကမ္ဘာ သင်္ဘောသည် တအိအိ ရွေ့လျားသွားတော့၏။ မြူများက သင်္ဘောကို ဖုံးလွှမ်းရင်း ပတ်ဝန်းကျင်သို့ ပျံ့နှံ့လာသည်။
၎င်းပျောက်ကွယ်သွားသော အခိုက်အတန့်တွင် ချပ်ဝတ်တန်ဆာနှင့် အဘိုးကြီး၏မျက်လုံးများက လျှို့ဝှက်နက်နဲမှုဖြင့် ဖျတ်ခနဲ လက်သွားပြီး မန်ဟိုက လှည့်ကြည့်လိုက်သည်။
မန်ဟိုလည်း ပြန်လှည့်ကြည့်ပြီး မြူများကို ဖြတ်၍ သူတို့နှစ်ယောက်အကြည့်ချင်း ဆုံသွားသည်။ အဘိုးကြီး မြင်ရသောအရာမှာ မန်ဟို၏ကမ္ဘာမဟုတ်သလို၊ မန်ဟို မြင်ရသောအရာမှာလည်း အဘိုးကြီး၏ကမ္ဘာမဟုတ်ပေ။
သင်္ဘောသည် မြူများအတွင်း တရွေ့ရွေ့ ပျောက်ကွယ်သွား၏။ နောက်ဆုံးတွင် မြူများ လွင့်စင်ပြိုကွဲသွား၏။ ရှေးဟောင်းမြေအောက်ကမ္ဘာသင်္ဘောမှာ မည်သည့်နေရာတွင်မှ မမြင်ရတော့ပေ။
သင်္ဘောက မမြင်စေလိုလျှင် မည်သူမှ ၎င်းအား မမြင်နိုင်ပေ။
တောင်ပိုင်းဒေသနှင့် နဂါးငွေ့တန်းပင်လယ်အကြား နယ်စပ်တွင် ကျက်တီးကမ်းခြေတစ်ခု ရှိသည်။ ရံဖန်ရံခါ ငှက်များ၊ သားရဲများအား မြင်ရသော်လည်း လူသားများ နေထိုင်သော အရိပ်အယောင်မရှိပေ။
မန်ဟို၏ဆံပင်များမှာ ဆွတ်ဆွတ်ဖြူတော့မတတ် မီးခိုးရောင်သမ်းနေပြီး သူသည် ကျင့်ကြံသူတစ်ယောက်၏ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ့ခြေထောက်မှာ သဲထဲ နစ်ဝင်သွားလေသည်။ အချိန်တစ်ခုကြာသော် သူသည် ကမ်းခြေ၏အဆုံး၊ တောင်တောင်ခြေသို့ ရောက်သွား၏။ သူက ဘေးဘီဝဲယာကို ကြည့်ပြီးနောက် ဆက်လျှောက်သွားတော့သည်။
သူ့အတွက် ခြေလျင်တောင်မတက်ရသည်မှာ ကြာခဲ့လေပြီ။ သူသည် ချီအခြေတည်အဆင့်သို့ မရောက်ခင်တုန်းက ယခုလို တောတောင်များကို ဖြတ်၍ မကြာခဏ ခရီးနှင်ခဲ့ရသည့်အချိန်ကို ပြန်တွေးမိလိုက်၏။ သို့သော် ချီအခြေတည်အဆင့် ရောက်ပြီးနောက်တွင်တော့ အမြဲလေပေါ်တွင်သာ ပျံသန်းခဲ့လေသည်။
တောင်များမှာ ဖြတ်ရ မလွယ်ကူပေ။ ဆူးပင်ချုံနွယ်များက နေရာတိုင်းပြည့်နေပြီး သူ ပထမတောင်ထိပ်အား ကျော်လာသည့်အချိန်တွင် နေကား ခြစ်ခြစ်တောက် ပူနေပြီဖြစ်၏။ သူ့မှာ တစ်ချိန်လုံး ဟောဟဲလှိုက်နေပြီး တစ်ကိုယ်လုံးလည်း ကိုက်ခဲနေလေပြီ။ ညနေစောင်းသောအခါ သူသည် သစ်ပင်မြင့်မြင့်တစ်ပင်အောက်တွင် တရားထိုင်ရန် တင်ပျဉ်ခွေလိုက်၏။
တရားထိုင်ခြင်းမှာ အလေ့အကျင့်ဖြစ်နေသောအရာပင်။ သူ့တွင် လှည့်ပတ်စရာ ကျင့်ကြံခြင်းအခြေခံ မရှိတော့သော်လည်း တရားထိုင်နေခြင်းက သူ့ကို စိတ်တည်ငြိမ်အေးချမ်းစေ၏။
ကောင်းကင်မှာ မှောင်ရီပျိုးလာပြီး မှောင်မည်းသွားတော့သည်။ သို့သော် ဤအခိုက်အတန့်တွင် ခပ်စူးစူး အနံ့အသက်နှင့်အတူ ဟောင်သံများက သစ်ပင်များကြားမှ ပျံ့လွင့်လာသည်။ ထို့နောက် ခေါင်းသုံးလုံးခွေးဆိုးကြီးတစ်ကောင် သူ့အရှေ့တွင် ပေါ်လာ၏။ ခေါင်းတစ်ခေါင်းမှာ ခြောက်ကပ်နေပြီး တစ်ခေါင်းက အရိုးစိမ့်မတတ် အေးသောချီကို ထုတ်လွှတ်နေကာ နောက်ဆုံးခေါင်းက ဒေါသထွက်နေသယောင်ပင်။
သိသာစွာပင် ဤတောင်များသည် ဤသတ္တဝါများ၏ပိုင်နက်ဖြစ်၍ မန်ဟို ကျူးကျော်လာခြင်းက ၎င်း၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်သွားစေသည်။
သို့သော် ၎င်းက သူ့အနားမလာဘဲ သူ့ကို ဝိုင်းရုံသာ ဝိုင်းနေခြင်းဖြစ်သည်။ ၎င်း၏ကျင့်ကြံခြင်းအခြေခံမှာ စဦးချီဖွဲ့စည်းမှုအဆင့် (၉) သို့ ရောက်ရှိနေလေပြီ။ ၎င်းအတွက် မန်ဟိုက အန္တရာယ်များသည်ဟု ခံစားနေရသော်လည်း အန္တရာယ်ထဲတွင် သူသည် သေမျိုးတမျှ အားနည်းနေသည်ကိုလည်း ၎င်း အာရုံလိုက်၏။
ဝိရောဓိဖြစ်ခြင်းက ၄င်းကို တွန့်ဆုတ်နေစေသည်။
သို့သော် ၎င်းသည် အမွှေးတိုင်တစ်ဝက်ထွန်းစာအထိ အကဲခတ်ပြီးနောက် ရက်ရက်စက်စက် ဟိန်းဟောက်ရင်း မန်ဟို့ဆီ ပြေးဝင်သွားသော အလင်းတန်းတစ်တန်း ဖြစ်သွားသည်။
ခြောက်ကပ်မနေသော ခေါင်းနှစ်လုံးက ပါးစပ်ကြီးများ ဟလိုက်ပြီး ၎င်းတို့ မန်ဟို့အနား ချဉ်းကပ်လာစဉ် ခပ်စူးစူးအနံ့က လေတွင် ပြည့်နှက်သွား၏။ ဤအခိုက်အတန့်တွင် မန်ဟို၏မျက်လုံးများ ပွင့်လာသည်။
သူ၏ခန္ဓာကိုယ်မှာ အားနည်းနေသော်လည်း သူ၏မျက်လုံးများ ပွင့်လာသောအခါ ၎င်းတို့သည် အေးစက်နေ၏။
အေးစက်သောအလင်းရောင်တွင် မန်ဟို၏သတ်ဖြတ်လိုစိတ်အားလုံး ပါရှိနေလေသည်။ သူသည် ကျီးနတ်မင်းမျိုးနွယ်စုကို ခေါင်းဆောင်ရင်း ပြောင်းရွှေ့ခဲ့တုန်းက မရေမတွက်နိုင်သော ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့ဖူး၏။ သူ့ကိုယ်တွင်း၌ တည်ရှိသော အသတ်အဖြတ်စိတ်ဆန္ဒမှာ များသောအားဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံဖြင့် ဖိနှိပ်ခြင်းခံထားရလေသည်။ သို့သော် ယခုတွင် ၎င်းမှာ မဖိနှိပ်ခြင်းမခံရတော့ရာ အပြည့်အဝ ပေါက်ကွဲသွားတော့၏။
"ထွက်သွားစမ်း" မန်ဟိုက အေးစက်စက် နှာတစ်ချက်မှုတ်ကာ ပြောလိုက်သည်။ သူသည် အင်မတန် အားနည်းနေသော်လည်း သူ၏စွမ်းအားမှာ ခေါင်းသုံးလုံးခွေးကို ဖိနှိပ်လိုက်သော ဖိအားအသွင်ပြောင်းနိုင်သေး၏။
ခွေးကို မောင်းထုတ်ပြီးနောက် မန်ဟိုက ထရပ်လိုက်သည်။ ညနေစောင်းနေပြီဖြစ်သော်လည်း သူကား သုတ်ခြေတင်ချင်သေးလေသည်။
သူ့မှာ ပင်ပန်းနွမ်းနယ်နေသော်လည်း ထိုပင်ပန်းမှုအတွင်းတွင် အင်အားကို သူ ရှာတွေ့ထား၏။ သူ၏အသက်စွမ်းအားမှာ ကုန်ခမ်းနေသည့်အတွက် သူ့အနေဖြင့် ယခင်လို အင်အားမျိုးကိုတော့ မပိုင်ဆိုင်နိုင်ပေ။
သို့ထိတိုင် ထိုအရာက သူ့ကို ရောဂါရနေသော သန်သန်မာမာ လူငယ်နှင့် တူစေသည်။ သူသည် ယခင်အင်အား၏ ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်သော်လည်း ၎င်းက သူ့ကို မျှော်လင့်ချက်ပေးရန် လုံလောက်သေးလေသည်။ မှန်ပါသည် ၊ မန်ဟို့အခြေအနေမှာ ရောဂါထက် အဆများစွာ ဆိုးရွား၏။ အသက်စွမ်းအားမှာ ခမ်းခြောက်နေပြီး အပြင်အားကိုယ်ခွန်အားကိုသာ ယခု ထုတ်ဖော်လိုက်လျှင် မုချသေသွားမည်ဖြစ်ကြောင်း သူ သိလေသည်။
ခရီးနှင်ရခြင်းမှာ အားတော်တော်ကုန်၏။ သို့သော် နေဝင်သည်ဖြစ်စေ၊ နေထွက်သည်ဖြစ်စေ သူကား ဆက်သွားနေမြဲပင်။ ပြန်လည်မွေးဖွားခြင်းဂူတွင် ထားရှိထားသော မျှော်လင့်ချက်သည် အားကောင်းသထက် အားကောင်းလာ၏။
တစ်ရက်တွင်တော့ တောင်တန်း၏အဆုံးသို့ သူ ရောက်သွားသည်။ သူသည် တောင်ထိပ်တစ်ခုတွင် ရပ်ပြီး လှမ်းကြည့်လိုက်စဉ် ကန်တစ်ကန်ကို မြင်လိုက်ရလေ၏။ ဤအခိုက်တွင် သူ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ထိုကန်သည် တကယ်တမ်း ပင်လယ်ဟု ခေါ်နိုင်သည်အထိ ကြီးမားလှ၏။
ဤနေရာကား ... သူ၏ မွေးရပ်မြေဆိုသည်ကို မန်ဟို ဘယ်တော့မှ မမေ့နိုင်ပေ။
ဤနေရာသည် တစ်ချိန်တုန်းက ကျိုးပြည်တည်ရှိခဲ့ဖူးသော နေရာဖြစ်၏။ မှီခိုရာဂိုဏ်းချုပ် ထွက်သွားသောအခါ ၎င်းက ဧရာမကျင်းကြီးတစ်ကျင်း ဖြစ်သွားခဲ့သည်။ နှစ်ပေါင်းရာနှင့်ချီ ကြာပြီးနောက် ယခုတော့ ၎င်းကား ကန်တစ်ကန်အဖြစ် ပြောင်းလဲနေခဲ့လေပြီ။
"ဒီတော့ သင်္ဘောက ငါ့ကို ဒီနေရာဆီ ပို့ပေးခဲ့တယ် ..." သူက ရေရွတ်လိုက်သည်။ သူသည် ကန်စပ်သို့ ရောက်သည့်တိုင်အောင် လျှောက်လာပြီး ရေပြင်ကို ငေးကြည့်နေ၏။ နောက်ဆုံးတော့ သူ နားလည်သွားသည်။
"ငါ့ကို ဒီမှာ မွေးခဲ့တယ်။ ဒီနေရာဟာ ငါ့ရဲ့ စမှတ်ပဲ....." သူက ကန်ဘေးတွင် တင်ပျဉ်ခွေထိုင်၍ ရေပြင်ကို ငေးကြည့်ရင်း အိမ်အကြောင်း တွေးနေလေသည်။
ကမ်းဘေးတွင် ပျက်စီးစုတ်ပြတ်နေသော လှေတစ်စင်း မျောနေ၏။ အိုမင်းဟောင်းနွမ်းနေသော သစ်သားအိမ်တစ်လုံးလည်း ရှိသည်။ မည်သူမှ ဤနေရာတွင် မနေတော့သည့်ပုံပင်။
တိမ်မည်းက ကောင်းကင်အပြည့် ဖုံးသွားသည်။ မိုး တဂျိန်းဂျိန်း ချုန်းပြီး လျှပ်စီး တဝင်းဝင်း လက်လာ၏။ မိုးကား ... တဖြောက်ဖြောက် ရွာကျလာလေပြီ။
မန်ဟိုသည် သစ်လုံးအိမ်ဆီသို့ လျှောက်သွားပြီး တံစက်မြိတ်အောက်တွင် ထိုင်ချကာ မိုးရေများကို ငေးကြည့်နေလိုက်သည်။ သူ့ကျောမှာ ကုန်းနေပြီး သူ့မျက်နှာမှာ အိုမင်းနေလေပြီ။ မိုးပေါက်များက ကန်ရေပြင်အပေါ် တပေါက်ပေါက် ကျနေပြီး သစ်လုံးအိတ်၏ခေါင်းမိုးကိုလည်း တတောက်တောက် ထိတွေ့နေသည်။ အသံဟူ၍ ထိုအသံများသာ ရှိလေသည်။
ညနေစောင်းလာသောအခါ မှောင်ရီပျိုးလာ၏။ ဆန်းသစ်စ လခြမ်းကွေးမှာ တိမ်များအနောက်တွင် ပုန်းကွယ်နေရသဖြင့် ထောင့်စွန့်သေးသေးလေးကိုသာ မြင်ရလေသည်။ မိုးကား တဖွဲဖွဲ ရွာရင်း ပေရှည်နေသဖြင့် လေအေးများက ကန်ရေပြင်ကို ဖြတ်တိုက်သွားရာ လှေအစုတ်လေးအား နိမ့်ချည်မြင့်ချည် လှုပ်သွားစေ၏။ လေက မန်ဟို့ကို ကျီစယ်သွားသောအခါ သူသည် ဝတ်ရုံစများကို ခပ်တင်းတင်း စုပြီး ကန်ကို လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ရေများကို ဖြတ်လျက် လမ်းလျှောက်လာနေသော အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးကို မြင်လိုက်ရ၏။
သူမကို မြင်လျှင်ချင်း မန်ဟို မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ ထို့နောက် သူက ခေါင်းငုံ့လိုက်၏။
***