မင်းရှင်ရင် ငါ ရှင်မယ်
Vol. 49 Ch. 687
အမျိုးသမီးသည် ကန်စပ်သို့ ရောက်သည်အထိ လမ်းလျှောက်လာ၏ ။ မိုးက တဖွဲဖွဲ ရွာကျနေသော်လည်း သူမအဝတ်စများကို နည်းနည်းလေးမှ မထိပေ။ သူမသည် ချောမောလှပပြီး ကျင့်ကြံသူတစ်ယောက်၏အရှိန်အဝါကို ပိုင်ဆိုင်ထားလေရာ တခြားကမ္ဘာမှ လာသည့်အလား တင့်တယ်ကြော့ရှင်းနေတော့သည်။
သူမမျက်နှာသည် အေးစက်နေပြီး မျက်မှောင်ကြုတ်နေ၏။ ခါးသီးနေသော အရိပ်အယောင်အား သူမမျက်ဝန်းများတွင် မြင်ရနိုင်ပြီး သူမမှာ ရင်ထဲရှိ စိုးရိမ်ပူပန်မှု၊ တွေဝေမှုတို့ကို ဖုံးကွယ်ထားနေဟန်တူသည်။
သူမကား ရှုချင်။
ရှုချင်သည် မန်ဟို့ကို နှစ်ပေါင်းများစွာ လိုက်ရှာနေခဲ့သော်လည်း ဘာဆိုဘာမှ မတွေ့ခဲ့ပေ.... သူမသည် ပိုပိန်ပြီး ချောင်ကျသွား၏။
သူမမှာ နှလုံးသားနောက်လိုက်ရင်း နောက်ဆုံး သူမ၏မွေးရပ်မြေဖြစ်သော ဤကန်ကို ရှာတွေ့ခဲ့လေသည်။
မန်ဟို သူမကို မြင်သောအခါ သူမလည်း အိုမင်းနေသော မန်ဟိုကို မြင်လိုက်သည်။ သူနှင့်ပတ်သက်၍ တစ်စုံတခုက ရင်းနှီးနေသည့်အတွက် ရှုချင်လည်း ဦးတည်ရာပြောင်းပြီး သစ်လုံးအိမ်ဆီသို့ လျှောက်လာ၏။
"ရှင်က ဒီက လှေသမားလား" သူမက သူ့ကို လှမ်းကြည့်ရင်း မေးသည်။ သူမမျက်နှာလေးသည် လူတစ်ယောက်၏နှလုံးသားကို တုန်ရီစေနိုင်စွမ်းသော အမူအရာလေးဖြင့် ပြည့်နှက်နေ၏။ မန်ဟိုက ခေါင်းငုံ့ပြီး သက်ပြင်းချလိုက်သည်။
ရှုချင်အသံလေးသည် အမြဲရှိနေခဲ့သည့်အတိုင်း အေးစက်ပြီး တည်ငြိမ်နေဆဲဖြစ်လေသည်။ သို့သော မန်ဟို၏ပုံပန်းသွင်ပြင်မှာ အလွန့်အလွန် ပြောင်းလဲသွားခဲ့ပြီမဟုတ်ပါလော။ သူနှင့် အင်မတန် ရင်းနှီးသူများပင်လျှင် သူ၏ရုပ်ရည်သွင်ပြင်အပေါ်မူတည်ပြီး မှတ်မိဖို့ ခက်ခဲလိမ့်မည်။
အချိန်အတော်ကြာသော် မန်ဟိုက ခေါင်းညိတ်လိုက်သည်။
ရှုချင် မျက်မှောင်ပိုကြုတ်သွားသည်။ "ဒီနေရာကို တခြားတစ်ယောက်ယောက် ဖြတ်သွားတာရော မြင်မိလား" သူမက မေး၏။ သူမသည် နှစ်တစ်ရာတိုင်တိုင် လိုက်ရှာခဲ့ပြီး ထပ်တလဲလဲ ရှုံးနိမ့်ခဲ့သည့်တိုင် ဘယ်တော့မှ လက်မလျှော့ခဲ့ပေ။ သူ အသက်ရှင်သေးလျှင် သူမ သူ့ကို တွေ့ချင်သည်။ သူ သေဆုံးသွားလျှင် သူ့အလောင်းကို မြင်ချင်သည်။ သူ့ကို ရှာမတွေ့လျှင်တော့.... သူမ ဆက်ရှာနေဦးမည်။
သူမ၏အကျင့်စရိုက်ကား ရိုးရှင်းသော်လည်း ထိုရိုးရှင်းမှုကပင် ယခုလို ခိုင်မာပြတ်သားစေနိုင်ခြင်းဖြစ်သည်။
သူမ မန်ဟို့ကို ရှာမတွေ့လျှင် ... သူမ နေထိုင်ရမည့်အကြောင်းရင်း ရှာတွေ့တော့မည် မထင်ပေ။
"တစ်ယောက်မှ မတွေ့မိဘူး" မန်ဟိုက ခေါင်းခါရင်း ခပ်တန်းတန်း ပြန်ဖြေသည်။ သူ၏အသံမှာ အက်ကွဲနေပြီး ယခင်တုန်းက အသံနှင့် လားလားမျှ မတူတော့ပေ။ ရှုချင်နှင့်တွေ့ရသည့်အတွက် ဝမ်းသာသော်လည်း ယခုလိုပုံစံမျိုးနှင့်တော့ သူ့ကို မမှတ်မိစေချင်။
ဘာကြောင့် မှတ်မိအောင် လုပ်တော့မည်နည်း။ မှတ်မိသွားလျှင် သူမအနေဖြင့် သူ့ကို ပြန်လည်မွေးဖွားခြင်းဂူအပြင်မှာ စောင့်နေရလိမ့်မည်။ ထို့နောက် သူ ဘယ်တော့မှ ပြန်ထွက်မလာနိုင်ခဲ့လျှင် သူမသည် ကြေကွဲလွမ်းဆွေးဖွယ်ဘဝတစ်ခုကြောင့် ဝမ်းနည်းခံစားနေရသော အမျိုးသမီးတစ်ယောက် ဖြစ်လာရလိမ့်မည်။
တစ်ယောက်နှင့်တစ်ယောက် မေ့လိုက်တာက ပိုမကောင်းပေဘူးလား...
ရှုချင်က ဘေးဘီဝဲယာကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ မန်ဟိုကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးပြီးနောက် သူမ မြင်မြင်သမျှမှာ သေမျိုးအဘိုးကြီးတစ်ယောက်သာ ဖြစ်လေသည်။ သို့သော် အလွန်ရင်းနှီးနေသော တစ်စုံတရာက သူမအား သူ့ကို ဒုတိယအကြိမ် ကြည့်လိုက်မိစေသည်။
"ကျွန်မတို့ အရင်က တွေ့ဖူးလား" သူမက မေးသည်။
"မတွေ့ဖူးဘူး" မန်ဟိုက ခေါင်းတစ်ချက်ခါရင်း ပြန်ဖြေလိုက်သည်။
ရှုချင်သည် သူ့ကို အကြာကြီး ကြည့်ပြီး သူမမျက်ဝန်းများတွင် ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်လေး ပေါ်လာသည်။ ဇဝေဇဝါဖြစ်နေမှုသည် ဝမ်းနည်းပူဆွေးမှု အသွင်ပြောင်းပြီး သူမကိုယ်လေး သိမ့်ခနဲ တုန်ရီသွား၏။
"ကျွန်မ လူတစ်ယောက် ရှာနေတာ" သူမက ပြောသည်။ "ကျွန်မရဲ့ချစ်သူ။ ရှင် သူ့ကို တွေ့ရင် ကျွန်မအစား စကားပါးပေးပါ။ ဒီဘဝမှာ ... သူ ရှင်ရင် ကျွန်မရှင်မယ်။ သူ သေရင် ကျွန်မလည်း သေမယ်"
သူမသည် ခါးသီးစွာဖြင့် ချာခနဲ လှည့်ပြီး မိုးရေများကြား လျှောက်ထွက်သွားတော့သည်။ တပေါက်ပေါက် ကျနေသော မိုးရေစက်များ၊ ဝတ်ဆင်ထားသော အဖြူရောင်ဝတ်ရုံလေးနှင့် သူမမှာ ပြိုင်ဘက်ကင်းအောင် လှပသော်လည်း လွမ်းဆွေးကြေကွဲနေသော အဖြူရောင်ကြာပွင့်လေးနှင့် တူ၏။
မန်ဟိုက သူမ လမ်းလျှောက်ထွက်သွားသည်ကို ကြည့်ပြီး မျက်ဝန်းများ နူးညံ့ပျော့ပျောင်းသွားလေသည်။ သူမ၏ ပင်ပန်းနွမ်းနယ်နေမှု၊ သူမ၏စိုးရိမ်ပူပန်မှုတို့ကို သူ မြင်တွေ့နေရပြီး ၎င်းက သူ့ကို သက်ပြင်းချလိုက်မိစေ၏။
"လူတချို့က" သူက တွေးသည်။ "ကျင့်ကြံခြင်းအတွက် ဝန်ထုပ်ဝန်ပိုးအဖြစ်မခံကြတာကြောင့် အနှောင်အဖွဲ့ကင်းတဲ့ စိတ်နှလုံးနဲ့ ကျင့်ကြံအားထုတ်နိုင်ကြတယ်။ တချို့မှာတော့ ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုတွေကို ရရှိသွားစေနိုင်တဲ့ စွဲလမ်းမှုအပြည့်နဲ့ နှလုံးသားတွေရှိတယ်
"ရှုချင်က... အစတုန်းက မယိမ်းယိုင်တတ်တဲ့လူ။ ငါပေါ်လာမှ အကုန်လုံး ပြောင်းလဲသွားခဲ့ဝာာပဲ..."
နောက်ဆုံးတွင် သူက နူးညံ့ညင်သာသောအသံနှင့် ပြောလိုက်သည်။ "ခဏလေးနေပါဦး"
ရှုချင်သည် မိုးပေါက်များကြားထဲ သွားနေရာမှ ရပ်လိုက်သည်။ သူမက သစ်သားတံစက်မြိတ်၏ အရိပ်အောက်တွင် အိုမင်းချည့်နဲ့စွာဖြင့် ထိုင်နေသော သူ့ကို ပြန်လှည့်ကြည့်၏။
သူက ဆက်ပြောသည်။ "မင်း ရှာနေတဲ့လူက အစိမ်းရောင်ဝတ်ရုံနဲ့ နှစ်ဆယ်ဝန်းကျင် စာပေသမားလေးလား ...."
ရှုချင်မှာ တုန်ရီသွားပြီး ခဏ တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။
"လွန်ခဲ့တဲ့နှစ်တွေတုန်းက အဲ့ဒီလိုပုံစံနဲ့ လူတစ်ယောက်ကို တွေ့ခဲ့ဖူးတယ်" သူက အက်ကွဲကွဲ ပြောသည်။ " ဒီမှာ တစ်နှစ်လောက်နေပြီး နောက်ဝောာ့ ... သေသွားပြီး မြေမြှုပ်ခံလိုက်ရတယ်။ သူပြောဝာာဝောာ့ ဒီနေရာက သူ့အိမ်တဲ့
"သူမသေခင် ငါ့ကို အိတ်တစ်လုံး ပေးတယ်။ တစ်ယောက်ယောက် သူ့ကို လာရှာရင် အဲ့ဒီအိတ်ကို ပေးလိုက်ပါတဲ့" ထို့နောက် သူသည် ဝတ်ရုံထဲမှ သိုလှောင်အိတ်ကို ထုတ်ပြီး ဘေးတွင် ချလိုက်၏။
ရှုချင် မိုးရေထဲတွင် ရပ်နေစဉ် မိုးရေများသည် မမြင်ရသောအကာအကွယ်ကို ဖြတ်၍ သူမအဝတ်များကို စိုရွှဲသွားစေ၏။ သူမက မန်ဟို့ကို လေးလေးနက်နက် စိုက်ကြည့်နေပြီးနောက် ပြန်လျှောက်လာပြီး သိုလှောင်အိတ်ကို တွေတွေကလေး ကြည့်လိုက်သည်။ သူမ ၎င်းအား ကောက်ယူလိုက်သောအခါ မျက်ရည်များက သူမမျက်ဝန်းလေးတွင် ပြည့်သျှံနေ၏။
မှန်ပါသည်၊ မိုးရေဘယ်လောက်များများ၊ မျက်ရည်ဘယ်လောက်များများ စီးကျနေသလဲ ပြောရခက်သည်။
ခါးသီးနေသောအပြုံးတစသည် သူမမျက်နှာအပေါ်တွင် ဖြစ်ထွန်းလာပြီး မန်ဟို့ကို ပြန်ကြည့်သည်။ နောက်ဆုံးတော့ သူမသည် မန်ဟို၏သိုလှောင်အိတ်ကို ယူရင်း မိုးရေထဲသို့ လှည့်ထွက်သွားပြန်၏။
မန်ဟိုက တွေဝေရှုပ်ထွေးနေသော မျက်နှာဖြင့် သူမ ထွက်သွားသည်ကို ကြည့်နေသော်လည်း ဘာမှမပြောပေ။
ရှုချင်သည် ခုနစ်လှမ်းမျှ လျှောက်ပြီး ရပ်လိုက်၏။ သူမက ပြန်လှည့်မကြည့်သော်လည်း သူမ စကားပြောလိုက်သောအခါ သူမအသံသည် အရပ်လေးမျက်နှာသို့ ဟိန်းထွက်သွား၏။
"ငါက သိပ်ဉာဏ်မကောင်းပေမယ့် .... အရူးတော့မဟုတ်ဘူး"
မန်ဟိုက ဘာမှမပြောပေ။ သူ၏စကားများက ရှုချင်ကို အရူးလုပ်မရကြောင်း သူ သိသည်။ သို့သော် တစ်ခါတလေကျ ဘယ်အရာက အမှန်လဲ၊ ဘယ်အရာက အမှားလဲ အရေးမကြီးပေ.... ရလဒ်ကသာ အရာရာဖြစ်၏။
သူ့အတွက်နှင့် ရှုချင် သူမကိုယ်သူ ထာဝစဥ်တစ်လျှောက်လုံး နှိပ်စက်နေမည့်အစား အနည်းဆုံးတော့ သူ့ကို သံယောဇဉ်ဖြတ်နိုင်ပါစေရန် မန်ဟို ဆုတောင်းမိသည်။ ထို့နောက်တွင် သူမသည် ရိုးရှင်းဖြူစင်ပြီး မယိမ်းယိုင်သော သူမ ပြန်ဖြစ်သွားလိမ့်မည်။
မေ့လိုက်တာပဲ ကောင်းပါတယ် ရှုချင်ရယ်.....
သူက မျက်လုံးများ ပိတ်လိုက်ပြီး သူ၏နှလုံးသားမှာ တဆစ်ဆစ် နာကျင်ကိုက်ခဲနေလေသည်။
ရှုချင်က အတန်ကြာ တိတ်ဆိတ်နေပြီးနောက်ဆုံး ပြုံးလိုက်သည်။ ၎င်းသည် နောင်တကင်းသော အပြုံး၊ ခိုင်မာပြတ်သားသော အပြုံးဖြစ်၏....
သူမက လက်ကို မြှောက်လိုက်ရာ ဓားတစ်လက် ပျံထွက်လာသည်။ ၎င်းသည် မြေကြီးထဲ စိုက်ဝင်သွားပြီး ထောင့်ကျကျကျင်းတစ်ကျင်း မြန်မြန် တူးလိုက်သည်။
တစ်ချိန်တည်းမှာပင် အနီးနားရှိ တောင်တောင်ထဲမှ ကျောက်ဆောင်တစ်ခု ပျံထွက်လာ၏။ ၎င်း သူမအရှေ့ရောက်သောအခါ သူမက လက်ကို ဝှေ့ယမ်း၍ ၎င်းကို လည်သွားစေသည်။ အနားများသည် ကမ္ဗည်းကျောက်စာတိုင်နှင့် တူသည့်တိုင်အောင် ပုံစံသွင်းခံလိုက်ရလေပြီ။
ထို့နောက် သူမက သူမလက်ကလေးနှင့် မျက်နှာပြင်အပေါ် နူးညံ့ညင်သာစွာ ပွတ်သပ်လိုက်ရာ စကားလုံးများ ပေါ်လာသည်။
မန်ဟိုနှင့် ရှုချင်၏ သင်္ချိုင်း
ကျောက်တိုင်သည် ကျင်းဘေးရှိ မြေကြီးအတွင်းသို့ ဝုန်းခနဲ နစ်ဝင်သွား၏။ သူမက ခေါင်းမာပြီး ခိုင်မာပြတ်သားသော မျက်လုံးများဖြင့် မန်ဟို့ကို ပြန်ကြည့်သည်။
တို့နှစ်ယောက် တာ့ချင်းတောင်မှာ ဆုံတွေ့ခဲ့တယ်
မှီခိုရာဂိုဏ်းမှာတုန်းက ရုပ်ပျိုဆေးလုံးနဲ့ မင်း အစ်မကို အစ်မရှုလို့ ခေါ်တဲ့ပုံစံလေးကြောင့် အစ်မတို့ကံတရားဟာ ထာဝရ သတ်မှတ်ပြီးသား ဖြစ်သွားတယ်
တောင်ပိုင်းဒေသ၊ မြင့်မြတ်သောနယ်မြေမှာ အစ်မ အားကိုးရာမဲ့နေတဲ့အချိန်၊ အစ်မရဲ့မျက်ဝန်းထဲက မျက်ရည်တွေကတောင် ဒေါသထွက်နေတဲ့ မင်းရဲ့ပုံရိပ်ကို မဖုံးကွယ်နိုင်ခဲ့ဘူး
ပြန်လည်မွေးဖွားခြင်းဂူမှာတုန်းက မင်း အစ်မကို ပြန်လှည့်ကြည့်တဲ့အခါ မင်းရဲ့ အဲ့ဒီပုံရိပ်လေးက အစ်မနှလုံးသားမှာ စွဲထင်ကျန်သွားခဲ့တာ ကြာခဲ့ပြီပေါ့ ... အစ်မ မင်းကို ဘယ်တော့မှ မမေ့ဘူး ဘယ်တော့မှ
အနောက်ပိုင်းသဲကန္တာရ ခရမ်းပင်လယ်မှာ မင်းကို လိုက်ရှာခဲ့သေးတယ်။ အကြာကြီး ကြာနေခဲ့ပြီး နောက်ဆုံးမှာ အစ်မရဲ့မျက်ရည်တစ်စက် ရေထဲကျခဲ့တယ်။ မင်းခံစားရရဲ့လား အစ်မ မသိဘူး
မိစ္ဆာအင်မော်တယ်ဂိုဏ်းမှာ ပြန်တွေ့တော့ အစ်မ ဘယ်လောက်ပျော်သွားခဲ့လဲ မင်း ရိပ်မိရဲ့လား အစ်မ မသိဘူး။ အဲ့ဒီနေ့ရက်တွေကလေ အစ်မ ဘဝရဲ့ အပျော်ရွှင်ရဆုံး နေ့ရက်တွေပဲ။ အေးချမ်းတည်ငြိမ်တဲ့ ဘဝလေး၊ ကျင်ကြံအားထုတ်ရင်း တစ်ယောက်နဲ့တစ်ယောက် အဖော်ပြုပြီးတော့ပေါ့။ အစ်မ မင်းဘေးမှာ နေခဲ့ရသလို၊ မင်းလည်း အစ်မဘေးမှာ ရှိနေခဲ့တယ်လေ
နောက်ဆုံးတော့ အစ်မ ကျင့်ကြံလို့မရတော့တဲ့ တစ်ရက် ရောက်လာခဲ့ဝာယ်။ နှလုံးသားဟာ ရုန့်ရင်းဆန်ခတ်တွေ ဖြစ်ပြီး စကားလုံးတွေနဲ့ ဖော်ပြမရတဲ့ စိုးရိမ်ပူပန်မှုတွေ ပြည့်နှက်လာခဲ့တယ်။ အဲဒီအချိန်မှာ... အစ်မ မင်းကို အရှာထွက်ခဲ့ဝာာပဲ
"မင်း ရှင်ရင် အစ်မ ရှင်မယ် ၊ မင်း သေရင် အစ်မ သေမယ်" သူမက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။
မန်ဟိုမှာ စိတ်နှလုံး တုန်ရီသွားပြီး မျက်လုံးများ ဖျတ်ခနဲ ဖွင့်လိုက်သည်။ သူ၏မျက်လုံးများက မှုန်ဝါးနေသော်လည်း သူ၏စူးရှသောအကြည့်ကို ဖုံးကွယ်ရန်တော့ မလုံလောက်ပေ။
သူမသည် ရှုချင်ကိုတစ်လှည့်၊ သင်္ချိုင်းကျောက်စာတိုင်ကို တစ်လှည့်ကြည့်လိုက်၏။ သူမ၏ ခိုင်မာပြတ်သားမှု သူ မြင်ရသည်။ ကျောက်စာတိုင်အပေါ်တွင် ရေးထိုးထားသော သူမ၏ပူဆွေးသောကကို သူ မြင်ရသည်။
မင်း ရှင်ရင် အစ်မ ရှင်မယ်၊ မင်း သေရင် အစ်မ သေမယ်
ဤသည်မှာ တီတီတာတာအချစ်စကားလုံးများမဟုတ်၊ ကတိတစ်ခု ဖြစ်သည် ...
"အစ်မက ရိုးရှင်းတဲ့ လူတစ်ယောက်ဆိုပေမယ့်" သူမက နူးညံ့စွာ ပြောလာသည်။ "ရိုးရှင်းပါတယ်ဆိုပြီး ခိုင်မာပြတ်သားမှုမရှိတဲ့ လူမဟုတ်ဘူး ။ လူတစ်ယောက်မှာ ခိုင်မာပြတ်သားတဲ့ စိတ်ဆန္ဒရှိရင် .....ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ ကျင့်ကြံခြမ်းလမ်းစဉ်ဟာ အရှည်ကြီးပဲလေ၊ အစ်မ တစ်ယောက်တည်း ဆက်မသွားနိုင်ဘူး
"အဲ့ဒီလိုဆိုမှတော့ အတူတူ မရဏပြည်ကို သွားကြတာပေါ့။ ဘယ်လိုလဲ။ ဒီဘဝပြီးလို့ နောက်ဘဝဆိုတာ ရှိရင် အစ်မတို့ ပြန်ဆုံတွေ့ရမှာပါ" သူမ အသံသည် တိုးညှင်းပြီး မိုးသံများ ဆူညံနေသော်လည်း မန်ဟိုကတော့ သူမစကားကို ပြတ်ပြတ်သားသား ကြားလိုက်ရလေသည်။
သူ၏နှလုံးသားတုန်ရီနေခြင်းမှာ ပြင်းထန်လာပြီး သူက ထရပ်လိုက်သည်။ သူသည် တံစက်မြိတ်အောက်မှ ထွက်လာကာ မိုးရေများအား သူ့ကို စိုရွှဲသွားစေရင်း ရှုချင်အရှေ့တွင် ရပ်လိုက်၏။
မြေကြီးကား ချောနေပြီး လေတို့က အေးစိမ့်နေသည်။ မန်ဟိုမှာ ချမ်းနေပြီး ယခင်ထက် ပို၍ပင် အိုမင်းသွား၏။
ရှုချင်က သူ့ကို ကြည့်သည်။ သူမအတွက်တော့ သူ,မည်မျှပင် ပြောင်းလဲသွားစေကာမူ အရေးမကြီး။ သူမအတွက်တော့ သူသည် တာ့ချင်းတောင်က ကောင်လေး၊ သူမ၏ဂိုဏ်းတူမောင်လေး ဖြစ်နေဆဲပင်။
မိုးက သူတို့နှစ်ယောက်၏ ကိုယ်ပေါ်နှင့် သူတို့နှစ်ယောက်အကြား တဖွဲဖွဲ ရွာကျနေသည်။ သို့သော် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေသည်ကို မဟန့်တားနိုင်ပေ။
"ပြန်လည်မွေးဖွားခြင်းဂူဆီ ခေါ်သွားပေးပါ" မန်ဟိုက ပြောသည်။ သူ၏မျက်ဝန်းများရှိ ခိုင်မာပြတ်သားမှုမှာ ပို၍ပြင်းပြလာ၏။ သူ အသက်ဆက်ရှင်ချင်သည်။ ပြန်လည်မွေးဖွားခြင်းဂူထံမှ ဒုတိယဘဝကို ရယူချင်သည်။
သူ့အတွက်၊ ရှုချင်အတွက်၊ သူ၏မိတ်ဆွေများနှင့် မိသားစုအတွက် ... သူ ကြိုးစားမည်။
ရှုချင်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ သူမက ရှေ့လျှောက်လာပြီး သူ့လက်ကို ဆွဲလိုက်၏။ မန်ဟိုမှာ အားနည်းနေသည့်တိုင် သူမသည် သူ့ရင်ဘတ်ထဲ ရောက်သွားသော သူမကိုယ်သူမအား တွေ့လိုက်သောအခါ မျက်နှာလေး မရဲသွားမိဘဲ မနေပေ။
အချိန်ကား ထာဝရ နှေးကွေးသွားသယောင်ပင်။
တစ်နေရာတွင် မိုးရွာနေခြင်း ရပ်သွားသည်။ မနက်ခင်း၏ နေရောင်ခြည်ထဲတွင် သက်တန့်တစ်စင်းပေါ်လာပြီး ထိုသက်တန့်၏အောက်တွင်တော့ မန်ဟိုနှင့် ရှုချင်သည် အလင်းတန်းအသွင်ဖြင့် အဝေးသို့ သွားနေ၏။
မန်ဟိုက မပျံနိုင်သော်လည်း သူ့တွင် ပျံသန်းရေးမှော်ပစ္စည်းများ ရှိ၏။ ရှုချင်၏ထိန်းချုပ်မှုအောက်တွင် လွန်းပျံသည် ရှစ်ရောင်စဉ်သက်တန့်အသွင်ပြောင်းသွားလေသည်။
အချိန်များ ကုန်လွန်သွားသည်။ လွန်းပျံမှာ ကျိုးပြည်မှ ပြန်လည်မွေးဖွားခြင်းဂူသို့ ပျံသန်းရန် ဆယ်ရက်သာ ကြာလိုက်သည်အထိ မြန်လေသည်။ သူတို့ အပြင်သို့ ဆင်းသက်လိုက်သောအခါ မန်ဟို့မျက်နှာမှာ ပို၍ပင် ဖြူဖျော့နေလေပြီ။
ဂူအနားကပ်သွားသည်နှင့်အမျှ အသက်စွမ်းအားများ ကုန်ခမ်းသွားသည်ကို မန်ဟို ခံစားနေရ၏။ သူ့မှာ ခိုက်ခိုက်တုန်နေပြီး သူ့ကို ဝန်းရံနေသော သေခြင်းအရှိန်အဝါမှာ ပို၍သာ အားကောင်းလာနေ၏။
သူ နောက်ဆုံးတစ်ခေါက် ဤနေရာတွင် ရှိခဲ့စဉ်တုန်းကနှင့် မတူတော့ပေ။ ချုံမန်းတိုင်၏ တည်ရှိမှုက ပုံမှန်အခြေအနေကို ပြောင်းလဲသွားစေခဲ့ခြင်း ဖြစ်တန်ရာသည်။ ယခု သူ ပြန်လည်မွေးဖွားခြင်းဂူထဲ ဝင်လာသောအခါ အရာအားလုံးကား ပုံမှန်ပြန်ဖြစ်သွားခဲ့လေပြီ။
ရှင်ခြင်းအား တားမြစ်ထား၏။
ဤသည်မှာ ပြန်လည်မွေးဖွားခြင်းဂူပင်။
သက်ရှိအရာများအား ခွင့်မပြုပေ။
ပတ်ဝန်းကျင်ရှိ သေခြင်းအရှိန်အဝါက မန်ဟို့ကို ပို၍ပင် အားနည်းသွားစေသည်။ သို့သော် ၎င်း သိပ်သည်းလာသည်နှင့်အမျှ အထဲ၌ တည်ရှိနေသော အခွင့်အရေးကို မန်ဟို စမ်းဝါးဝါး အာရုံရလိုက်သည်။
ပြန်လည်မွေးဖွားဖို့အတွက် ပထမဦးဆုံး သေမှဖြစ်မည်။ သေပြီးမှသာ ကောင်းကင်ဘုံကို အာခံနေသော ဘဝအား ရရှိနိုင်မည်။
မန်ဟိုက အသက်ပြင်းပြင်း ရှူသွင်းပြီး ရှေ့လျှောက်သွားသည်။ သူ ပထမဆုံး ခြေလှမ်းလှမ်းလိုက်သည့်အချိန်မှာပင် ရှုချင်က သူ့ကို လှမ်းတွဲပေး၏။ သူက သူမကို ပြန်ကြည့်ပြီး သူမကလည်း ပြန်ကြည့်သော်လည်း ဘာမှမပြောပေ။ သူမမျက်ဝန်းထဲရှိ ခိုင်မာပြတ်သားမှုက စကားနှင့်မပြောနိုင်သော အရာများကို ပြောနေ၏။
"သက်ရှိတွေ ဒီနေရာကို ဝင်လို့မရဘူး" သူက တိုးတိုးညင်းညင်း ပြောသည်။
သူမက ခပ်ရေးရေးကလေး ပြုံးပြပြီး မန်ဟို့ကို ပြန်လည်မွေးဖွားခြင်းဂူအတွင်းထဲသို့ တွဲခေါ်လာသည်။
သူတို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် မန်ဟိုမှာ ယခင်ထက်ပို၍ အားနည်းလာသည်။ သူ့မှာ မမြင်ရသော မီးတောက်ဖြင့် အမြိုက်ခံနေရသည့်အလား လျင်မြန်စွာ ပိန်ချုံးခြောက်ကပ်လာ၏။ ခြေတစ်လှမ်းလှမ်းတိုင်း၊ ပြန်လည်မွေးဖွားခြင်းဂူနှင့် တစ်လှမ်းနီးသွားတိုင်း သူ၏ခန္ဓာကိုယ်၊ သူ၏ဝိညာဉ်၊ သူ၏အရာရာမှာ ... လျင်မြန်စွာ အားအင်ကုန်ခမ်းလာလေသည်။
တစ်ချိန်တည်းမှာပင် စိတ်ဆန္ဒစီးကြောင်းဆယ်ကြောင်းကျော်က ပြန်လည်မွေးဖွားခြင်းဂူမှ ဖြာထွက်လာသည်။ ၎င်းတို့သည် မန်ဟိုနှင့် ရှုချင် ချဉ်းကပ်လာသည်ကို အေးတိအေးစက် ကြည့်နေကြ၏။
***