← Chapters

တူနှစ်ကိုယ် ယှဉ်မကွာ

Vol. 50 Ch. 688

တူနှစ်ကိုယ် ယှဉ်မကွာ

Vol. 50 Ch. 688

ပြန်လည်မွေးဖွားခြင်းဂူသည် တောင်ပိုင်းဒေသ၏ အန္တရာယ်နယ်မြေသုံးခုထဲမှ တစ်ခုအပါအဝင်ဖြစ်ပေသည်။ သို့ရာတွင် ၎င်းသည် လျှို့ဝှက်ဆန်းကြယ်ရာ၌ တာအိုရေကန်များနှင့် ရှေးကံကြမ္မာဆိုးဘုရားကျောင်းထက် အဆင့်ပိုပြီးမြင့်မား၏။

အကြောင်းမူ တာအိုရေကန်များဆိုသည်မှာ ရှေးရှေးတုန်းက တရားထိုင်လျက် ဆုံးပါးသွားခဲ့သည့် အစွမ်းထက်ပုဂ္ဂိုလ်များမှ ဖန်တီးထားရစ်ခဲ့‌သော အရာများ ဖြစ်လေသည်။ ထိုသူတို့ ဆုံးပါးကွယ်လွန်သွားပြီးနောက် သူတို့၏တာအိုများသည် ခွဲဖြာပျံ့နှံ့သွားခဲ့ကြ၏။ ထို့နောက် အချိန်အပြောင်းအလဲများကြုံတွေ့ပြီး အရိပ်များသဖွယ် ကြွင်းကျန်ရစ်လာခဲ့ခြင်းပင်။

ရှေးကံကြမ္မာဆိုးဘုရားကျောင်းမှာမူ ၎င်း၏သမိုင်းကြောင်းသည်လည်း မှတ်တမ်းမှတ်ရာ ရှိပေသည်။

ပြန်လည်မွေးဖွားခြင်းဂူကတော့ မတူ။ ၎င်းသည် တောင်ပိုင်းဒေသတွင် နံပါတ်တစ် အန္တရာယ်အများဆုံးနယ်မြေဟု ပြောလျှင်ပင် ချဲ့ကားရာ မရောက်ပေ။ အမှန်တွင် တောင်ပိုင်းဒေသတစ်ဝန်းလုံးကို ကြည့်ပါလျှင် မည်သည့်အရာမှ ‌ပြန်လည်မွေးဖွားခြင်းဂူထက် လျှို့ဝှက်ဆန်းကြယ်နိုင်မည် မဟုတ်ပေ။ မရေမတွက်နိုင်‌သော နှစ်များစွာတစ်လျှောက်လုံး မရေမတွက်နိုင်သောလူများသည် ၎င်း၏လျှို့ဝှက်ချက်များကို တူးဖော်ဖို့အတွက် ၎င်းကို လေ့လာခဲ့ကြ၏။

ပါးစပ်ရာဇဝင်များအရဆိုလျှင်တော့ ထိုအထဲတွင် ဘဝအသစ်ဖြင့် ပြန်လည်မွေးဖွားလာနိုင်သည် ဟူသတတ်။

တစ်ခေတ်ပြီး တစ်ခေတ် ၊ သေအံ့ဆဲဆဲဖြစ်နေသော အစွမ်းထက်ပညာရှင်များသည် ပြန်လည်မွေးဖွားခြင်းဂူသို့ ရောက်လာတတ်ကြ၏။ ကံတရားကို လက်မခံလိုသော အဆိုပါလူတို့သည် ထိုအခွင့်အရေးကို ရှာဖွေဖို့ ဂူထဲ ဝင်ရောက်သွားကြလေသည်။ ကံဆိုးစွာနှင့် တကယ်အောင်မြင်သူများမှာတော့ ဖီးနစ်ငှက်‌မွှေးများနှင့် နတ်နဂါးချီလင်ချိုများလို ရှားပါးပေသည်။

တစ်ခုကတော့ သေချာသည်။ ပြန်လည်မွေးဖွားခြင်းဂူထဲ ဝင်ရောက်သွားသော ကျင့်ကြံသူများအနေဖြင့် အောင်မြင်လျှင် အောင်မြင်၊ မအောင်မြင်လျှင်တော့ အတွင်းထဲ၌ ထာဝရ‌ အရိုးထုတ်သွားရလိမ့်မည်။

ယခုတွင် ကျောက်တုံးဥယျာဉ်တစ်ခုက ပြန်လည်မွေးဖွားခြင်းဂူကို ဝန်းရံလျက်ရှိရာ မန်ဟို ပထမဆုံးရောက်ခဲ့စဉ်တုန်းကနှင့် အတန်ငယ် ကွဲပြားနေလေသည်။ ကျောက်တုံးများသည် ဖြစ်ကတတ်ဆန်း ပြန့်ကြဲနေပြီး ထူးခြားဆန်းပြားသောပုံစံမျိုးဖြင့် အချိန်ကို ကျော်ဖြတ်လာခဲ့သည့်အလား လျှို့ဝှက်နက်နဲမှု၊ ရှေးကျဟောင်းနွမ်းမှုတို့ဖြင့် ပြည့်သျှံနေသယောင်ပင်။

ကျောက်တုံးဥယျာဉ်၏ အလယ်တည့်တည့်တွင် တောင်ပုလေးတစ်လုံး ရှိသည်။ တောင်ပုလေး၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို ဂူဝ,က နေရာယူထားလေသည်။ ဂူဝသည် အနားကပ်လာသော မည်သူ့ကိုမဆို ဝါးမြိုရန် အသင့်စောင့်ဆိုင်းနေသည့် ပါးစပ်ကြီးအလား ချောက်ချားစရာကောင်း၏။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ အုံ့မှိုင်းအေးစိမ့်နေပြီး မြေကြီးကို အပြာရောင်နှင်းရေခဲများက ဖုံးလွှမ်းနေ၏။ အရာအားလုံးမှာ တိတ်ဆိတ်လျက်ရှိသည်။ တိတ်ဆိတ်နေခြင်းကား နှစ်ပေါင်းအသင်္ချေကြာသည်အထိ မည်သူ၏နှောင့်ယှက်ခြင်းကိုမှ မခံခဲ့ရပုံပင်။

ချုံမန်းတိုင်မှ လွဲ၍....

ပြန်လည်မွေးဖွားခြင်းဂူအနားပတ်ဝန်းကျင်တွင်‌ ပြောက်တိပြောက်ကျား ထိုင်နေကြသော ကျင့်ကြံသူများရှိသည်။ အများစုက တစ်ယောက်တည်း သို့မဟုတ် အစုအဖွဲ့များနှင့် ဖြစ်တန်ရာသည်။ ထိုကဲ့သို့လူများသည် ပြန်လည်မွေးဖွားခြင်းဂူအနားကပ်၍ ၎င်း၏ ဆန်းကြယ်စွမ်းအားဖြင့် ပြိုင်ဘက်ကင်းကျင့်စဉ်များကို ကျင့်ကြံဖို့ ကြိုးစားလျက်ရှိကြ၏။

အများစုသည် သင်းကွဲကျင့်ကြံသူများဖြစ်ကြပြီး ဘယ်သူမှ ဂူအနား သိပ်မကပ်ရဲကြပေ။ မန်ဟိုနှင့် ရှုချင် ပတ်ဝန်းကျင်သို့ ဝင်ရောက်လာသောအခါ သိပ်မလှမ်းကမ်းတွင် တင်ပျဉ်ခွေလျက် တရားထိုင်နေကြသော လူသုံးယောက်အဖွဲ့ ရှိ၏။ သူတို့၏မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြီး မန်ဟိုကို ကြည့်လိုက်ကြသည်။

မန်ဟို၏ အားနည်းနေမှုနှင့် သေခြင်းအရှိန်အဝါက သူ့ကို ဝန်းရံနေကြောင်း မြင်လိုက်သောအခါ သူတို့၏မျက်လုံးများ တလက်လက် တောက်ပလာတော့သည်။

မန်ဟို မည်သည့်အတွက်ကြောင့် ဤနေရာသို့ ရောက်လာသည်လဲ သူတို့ ကောင်းကောင်းရိပ်စားမိကြ၏ ။

"သူရဲ့ သေခြင်းအရှိန်အဝါက သိပ်သည်းနေပြီးတော့ သူ့မှာ ကျင့်ကြံခြင်းအခြေခံလည်း မရှိပါလား .... ပြန်လည်မွေးဖွားခြင်း.... ပြန်လည်မွေးဖွားခြင်းက ဘယ်လိုလုပ် အဲ့ဒီလောက်ရိုးစင်းနိုင်မှာလဲ"

"‌‌ပြန်လည်မွေးဖွားဖို့ ကြိုးစားမယ့် လူတစ်ယောက်တော့ ထပ်ရောက်လာခဲ့ပြီ။ ဒါနဲ့ သူ့ဘေးက အမျိုးသမီးက ဘာလို့ရင်းနှီးနေပုံပေါ်တာလဲ"

"အဲ့ဒါ ချင်းလော်ဂိုဏ်းက နတ်သမီးလေးရှုချင်မဟုတ်လား"

မန်ဟိုသည် ‌လွန်ခဲ့သော ‌နှစ်ရာပေါင်းများစွာကတည်းက တောင်ပိုင်းဒေသမှ ထွက်သွားခဲ့ပြီး ထိုအချိန်အတောအတွင်း ရှုချင်၏နာမည်မှာ အနယ်နယ်အရပ်ရပ်သို့ ပျံ့နှံ့လာခဲ့လေသည်။ လူအတော်များများသည် သူမနှင့် ကိုယ်တိုင်ကိုယ်ကျ ရင်းနှီးလာကြသည်သာမက ချင်းလောင်ဂိုဏ်းအတွင်း သူမ၏ရာထူးအဆင့်အတန်းကြောင့်လည်း သူမမှာ အများ၏အာရုံစိုက်ရာ ဖြစ်လာခဲ့‌၏။

သူမလိုလူမျိုး ပြန်လည်မွေးဖွားခြင်းဂူတွင် ပေါ်လာဖို့ဆိုသည်မှာ ဤကျင့်ကြံသူများအတွက် အံ့အားသင့်ဖွယ်ဖြစ်ရာ သူတို့သည် ချက်ချင်း စိတ်ဝင်စားလာကြတော့၏။ သူတို့က စာပို့ကျောက်စိမ်းပြားများကို ထုတ်ပြီး အခြားသူများကိုလည်း လှမ်းအကြောင်းကြားလိုက်ကြသည်။

သတင်းကြား၍ မန်ဟိုနှင့်ရှုချင်ကို ကြည့်ဖို့ ပြန်လည်မွေးဖွားဂူ၏ ထိုပတ်ဝန်းကျင်သို့ သင်းကွဲကျင့်ကြံသူများ အပြေးအလွှား ရောက်လာရန် မကြာလိုက်ပေ။

ဆွေးနွေးသံများ ပဲ့တင်ထပ်လာပြီး မကြာမီ လူအများသည် ရှုချင်ဘေးရှိလူက မည်သူဖြစ်သလဲ ထင်ကြေးပေးလာကြတော့သည်။

ရှုချင်ကတော့ စောင့်ကြည့်နေသူအကုန်လုံးကို ဂရုစိုက်တစ်ချက်မစိုက်။ သူမကမ္ဘာလေးတွင် မန်ဟိုတစ်ယောက်သာ ရှိချေသည်။

မန်ဟို့အတွက် လမ်းဆက်လျှောက်ရန် ခဲယဉ်းနေသော်လည်း သူ၏မျက်လုံးများမှာ ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်နေ၏။ သူ၏အကြည့်သည် အရှေ့ရှိ လမ်းနှင့် သူ့လက်မောင်းအား တွဲပေးထားသော ရှုချင်အပေါ်တွင်သာ အာရုံစိုက်ထားသည်။ သူတို့နှစ်ယောက် အတူတကွ ဆက်လျှောက်သွားကြသည်။

ရံဖန်ရံခါ မန်ဟိုနှင့် ရှုချင်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးတတ်ကြ၏။ မန်ဟို့အမူအရာမှာ နူးညံ့ကြင်နာနေပြီး ရှုချင်၏မျက်ဝန်းလေးများတွင်‌တော့ ယုယညင်သာမှုတို့ ပြည့်သျှံနေသည်။ ဤလမ်းသည် ဘဝခရီးလမ်းဖြစ်လျှင် မန်ဟိုနှင့်ရှုချင်သည် တူနှစ်ကိုယ်ယှဉ်မကွာ လက်ချင်းတွဲလျက် လျှောက်လှမ်းနေကြလေသည်။

၎င်းသည် လျှောက်လှမ်းရလွယ်ကူသော လမ်းတစ်လမ်းတော့ မဟုတ်။ ပြန်လည်မွေးဖွားခြင်းဂူမှ မီတာသုံးသောင်း ဝေးကွာနေသေးသည့်အချိန် မန်ဟိုမှာ ခိုက်ခိုက်တုန်နေလေပြီ။ ယခုတွင် သေခြင်းအရှိန်အဝါသည် သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းနေပြီး သူကား အလောင်းကြီးနှင့်ပင် ‌တူနေတော့၏။

သူ၏မျက်နှာမှာ အိုမင်းရွတ်တွနေပြီး သူ့မျက်လုံးများမှာလည်း မကြည်လင်တော့ချေ။ ရှုချင်လည်း အိုမင်းလာသော လက္ခဏာများ ပြနေလေပြီ။

သို့ရာတွင် သူမမျက်ဝန်းများမှာ ယခင်အတိုင်း ခိုင်မာပြတ်သားလျက်ရှိပြီး မန်ဟိုမှာ သူမကို ကြည့်လိုက်တိုင်း ရင်ထဲတွင် နူးညံ့ကြင်နာသော ချစ်စိတ်တို့ တဖွားဖွား ဖြစ်ပေါ်လာရ၏။

မီတာ ၃၀၀၀၀ ၊ မီတာ ၂၅၀၀၀ ၊ မီတာ ၂၀၀၀၀ .... မီတာ ၁၅၀၀၀ သာ ဝေးတော့သောအခါ မန်ဟိုမှာ ပြင်းထန်သော ပင်ပန်းမှုကို ခံစားနေရလေပြီ။ ဤအခိုက်အတန့်တွင် သေခြင်းအရှိန်အဝါသည် သူ၏ဝိညာဉ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်ကြောင်း သူ သိလိုက်၏။

ရှုချင်မှာ နွမ်းလျတုန်ရီနေပြီး မျက်နှာလေး ဖြူဆုပ်နေ‌လေသည်။ သူမ၏အသက်စွမ်းအားသည် တစ်ခါက သန်မာအားကောင်းခဲ့သော်လည်း ယခုတော့ သူမ၏ ပိတုန်းရောင်ဆံနွယ်ရှည်ရှည်လေးများအကြား ဆံပင်ဖြူဖြူများအား ဟိုတစ်မျှင်၊သည်တစ်မျှင် မြင်‌လာရသည့်အတိုင်းအတာအထိ လျင်မြန်စွာ ‌ကုန်ခမ်းနေလေပြီ။

သူမသည် အနည်းဆုံး အသက်ငါးနှစ် ရင့်‌ရော်သွားခဲ့ပြီဖြစ်ပြီး ရှေ့ဆက်သွားသည်နှင့်အမျှ ပို၍ အားနည်းလာနေ၏။

မန်ဟိုက လမ်းလျှောက်နေရာမှ ရပ်ပြီး သူမကို ကြည့်သည်။ သူသည် သူမကို သည့်ထက်ပို၍ ဆက်မသွားစေချင်‌ကြောင်း သိသာလေသည်။

"မင်း အိုလာရင် အစ်မလည်း မင်းနဲ့အတူ လိုက်အိုပေးမယ်" သူမက နူးညံ့သိမ်မွေ့သောအမူအရာလေးဖြင့် သူ့ကို အမြတ်တနိုး ကြည့်ရင်း တိုးတိုးလေး ပြောသည်။

မန်ဟိုက မျက်လုံး ခဏ ပိတ်လိုက်သည်။ ၎င်းတို့ကား ပြန်ပွင့်လာသောအခါ စူးရှတောက်ပနေလေပြီ။ နောက်ဆုံးလက်ကျန်အသက်စွမ်းအားကို ထုတ်လွှတ်လိုက်သကဲ့သို့ သူ၏ပိန်ချုံးခြောက်ကပ်နေသော ခန္ဓာကိုယ်သည် ရုတ်တရက် အားအင်ပြည့်ဝသွားသယောင် ရှိ၏။ သူက ညာလက်ကို မြှောက်လိုက်ပြီး သူ့ကိုယ်အတွင်းရှိ စွမ်းအားများ တရိပ်ရိပ် ထိုးတက်လာသည်။

ဤသည်မှာ သူ၏စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အပြင်အားကိုယ်မှ ထုတ်လွှတ်နိုင်သော နောက်ဆုံးလက်ကျန်စွမ်းအား ဖြစ်သည်။ သူက အင်္ကျီလက်စကို ခါလိုက်ရာတွင် စွမ်းအားသည် ရှုချင်ကို ရစ်ပတ်ပွေ့သယ်ပြီး သူမအား ပြန်လည်မွေးဖွားခြင်းဂူဧရိယာအတွင်းမှ ပျံထွက်သွားစေလိုက်၏။

ရှုချင်မှာ ရုန်းဖို့ရန် အစွမ်းမရှိပေ။ မန်ဟို၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခွန်အားက သူမကို မျက်စိတစ်မှိတ်အတွင်း နှင်ထုတ်လိုက်လေပြီ။ သူမ ပြန်ပေါ်လာသောအခါ ပြန်လည်မွေးဖွားခြင်းဂူဧရိယာ၏အပြင်တွင် ဖြစ်သည်။ သူမက နှုတ်ခမ်းလေးကို ဖိကိုက်လိုက်၏။

ရှုချင်သည် သူမနှင့် မန်ဟို ပြန်လည်မွေးဖွားခြင်းဂူအနားတွင် ရှိခဲ့သည့် နောက်ဆုံးတစ်ခေါက်ကို ပြန်မတွေးမိဘဲ မနေပေ။ ထိုစဉ်တုန်းက သူမမှာ စိတ်ထဲတွင် လွန်ဆွဲနေရင်း မန်ဟို ထွက်သွားသည်ကို အ‌ဝေးမှ ရပ်ကြည့်‌ရုံသာ တတ်နိုင်ခဲ့လေသည်။

"‌ဒီတစ်ခေါက်တော့ ငါ ဒီအတိုင်း ရပ်မနေနိုင်ဘူး" သူမက ခိုင်မာပြတ်သားမှုတို့ မျက်ဝန်းများတွင် ပြည့်နှက်နေလျက် တွေးလိုက်သည်။

ထိုစဉ် မန်ဟို၏အရှိန်အဝါသည် ပျံ့နှံ့သွားခဲ့ရာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအား အလွန်အမင်း ထိတ်လန့်သွားစေ၏။ သူတို့သည် မယုံကြည်နိုင်ဖွယ် ဖိအားကြီးတစ်ခု သူတို့အပေါ် သက်ရောက်လာသည်ကို ချက်ချင်း ခံစားလိုက်ရလေသည်။

သူတို့မှာ စိတ်နှလုံးတုန်ရီပြီး မျက်စိမျက်နှာပျက်သွားကြသည်။ တစ်ယောက်ပြီးတစ်ယောက် ပြန်လည်မွေးဖွားခြင်းဂူရှိရာသို့ လှမ်းကြည့်လိုက်သည်။

"ဟိုအဘိုးကြီးကြောင့် ဒီလို ဖြစ်နေတာလား"

"အဲ့ဒါ နတ်သမီးလေးရှုချင်နဲ့ အတူတူ လျှောက်နေခဲ့တဲ့ လူမလား"

"အဲ့ဒါ ဘာကျင့်ကြံခြင်းအခြေခံများလဲ။ မဟုတ်မှ.... စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်လား"

တစ်ချိန်တည်းမှာပင် မန်ဟို၏ခန္ဓာကိုယ်သည် မီတာ ၁၅၀၀၀ အကွာမှ ပြန်လည်မွေးဖွားခြင်းဂူဆီသို့ ပျံသန်းသွားသော အလင်းတန်းတစ်တန်း အသွင်ပြောင်းသွားသည်။

မျက်စိတစ်မှိတ်တည်းနှင့် သူကား မီဝာာ ၁၀၀၀၀ အမှတ်ကို ဖြတ်၍ ကျောက်တုံးဥယျာဉ်၏အစပ်သို့ ရောက်သွားလေပြီ။ ဤအခိုက်အတန့်တွင် ‌ဥယျာဉ်ထဲရှိ ကျောက်တုံးများ၏ ကောင်းမှုကြောင့် နောက်ဆုံးလက်ကျန် ကျင့်ကြံခြင်းအခြေခံစွမ်းအား ကြေမွသွားသဖြင့် မန်ဟို၏ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီသွားတော့သည်။ သူ့မှာ မြေကြီး‌အပေါ် လဲကျသွားပြီး နီးစပ်ရာကျောက်တုံးတစ်တုံးကို လှမ်းမှီလိုက်ရ၏။ သူ၏မျက်နှာမှာ လူသေကောင်သဖွယ် ဖြူဆုပ်နေပြီး မျက်လုံးများမှာလည်း ဝေဝါးနေလေပြီ။

သူသည် ပတ်ဝန်းကျင်တွင် ဖော်ပြ၍ပင်မရနိုင်သော သေခြင်းအရှိန်အဝါကို ခံစားနေရ၏။ ၎င်းမှာ အလွန်အားကောင်းလှသဖြင့် အဘက်ဘက်ရှိ မြေကြီးများအား ဖုံးလွှမ်းနေသော အဖြူရောင်မြူထုအဖြစ်ပင် ပြောင်းသွားခဲ့လေသည်။

မန်ဟိုသည် အတန်ကြာသော် ‌ခေါင်းမနည်းထောင်ပြီးနောက် သူနှင့် ပြန်လည်မွေးဖွားခြင်းဂူအကြား ကျန်ရှိသော မီတာ ၅၀၀၀ ကို လှမ်းကြည့်လိုက်သည်။ သူက အံတင်းတင်းကြိတ်လိုက်ပြီး တစ်လှမ်းချင်း တရွေ့ရွေ့ လျှောက်ဝောာ့သည် .....

သူ၏ဘဝတွင် မီတာ ၅၀၀၀ မှာ ဤမျှဖြတ်သန်းခက်သော အကွာအဝေးဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ မီတာ ၁၅၀၀ သာ လျှောက်ရသေးသည်၊ သူ့မှာ သွေးတစ်ပွက်အန်လိုက်ရ၏။ ‌သွေးကား ခရမ်းပုပ်ရောင်ဖြစ်ပြီး ပျက်စီးခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။

သူ၏မျက်လုံးများမှာ ယခင်ထက်ပင် ပို၍ဝေဝါးသွားပြီး သူ့ခန္ဓာကိုယ်မှာ ရေခဲတမျှ အေးစက်တောင့်တင်းနေလေပြီ။ အသိစိတ်မှာလည်း လွတ်တစ်ချက် ၊ မလွတ်တစ်ချက် ဖြစ်နေပြီး သူ တွေးနိုင်သည့် တစ်ခုတည်းသောအရာမှာတော့ ရှေ့ဆက်လျှောက်နေဖို့သာ .......

သူသည် ပြန်လည်မွေးဖွားရဖို့အတွက် ပြန်လည်မွေးဖွားခြင်းဂူဆီသို့ ‌တစ်လှမ်းချင်း၊ တစ်လှမ်းချင်း ဆက်လျှောက်နေ၏။

အချိန်မည်မျှကြာသွားပြီလဲ သူ မသိတော့။ သူကား တစ်ကိုယ်လုံး တုန်ရီ‌နေလျက် လျှောက်မြဲလျှောက်နေပြီး ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ၏သေခြင်းအရှိန်အဝါသည် အားကောင်းသထက် အားကောင်းလာလေသည်။ အဆုံးသတ်တွင် သူ၏အသိစိတ်ပင် ပို၍အားနည်းလာ၏။ အနောက်တွင် ... သူကိုယ်တိုင်၌ကား မမြင်နိုင်သော်လည်း သူ လျှောက်ခဲ့သော လမ်းမှာတော့ သူ ချောင်းဆိုးခဲ့သော ခရမ်းပုပ်ရောင်သွေးများဖြင့် စွန်းထင်းနေလေပြီ။

အရာအားလုံးသည် ‌မရဏကမ္ဘာသဖွယ် တိတ်ဆိတ်နေ၏....

ပြန်လည်မွေးဖွားခြင်းဂူထဲရှိ စိတ်ဆန္ဒစီးကြောင်းဆယ်ကြောင်းက သူ့ကို အေးတိအေးစက် စိုက်ကြည့်နေသည်။ ဂူ၏ ပိုနက်သောအပိုင်းမှ နောက်ထပ်စီးကြောင်းရှစ်ကြောင်းက ထွက်လာပြီး သူ့ကို လွှမ်းခြုံသွားသည်။ ၎င်းတို့သည် ရှေးပဝေဏသီတုန်းက နတ်မင်းများအလား ရှေးဆန်ခြင်းနှင့် အချိန်အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေ၏။

မန်ဟိုက နီးသထက် နီးလာသည်။ သူသည် မီတာ ၅၀၀ သာ ကွာဝေးတော့သည့်တိုင်အောင် လျှောက်လာခဲ့ပြီးလေပြီ။ ဤအခိုက်အတန့်တွင် ပြန်လည်မွေးဖွားခြင်းဂူ၏ ဟိုးအတွင်းထဲမှ တစ်ခုတည်းသော စိတ်ဆန္ဒစီးကြောင်းတစ်ကြောင်းသည် တိတ်ဆိတ်စွာ ပေါ်လာ၏။ ၎င်းပေါ်လာသောအခါ ကျန်စိတ်ဆန္ဒစီးကြောင်းများအားလုံး တုန်ရီပြီး ကြေမွပြိုကွဲကုန်ကြသည်။

အဖော်မဲ့စိတ်ဆန္ဒစီးကြောင်းသည် ဂူ၏အပြင် မီတာ ၅၀၀ အကွာရှိ မန်ဟို့ကို အာရုံစိုက်နေ၏။

နောက်ဆုံးတွင်တော့ မန်ဟိုမှာ တတ်နိုင်စွမ်းသော နောက်ဆုံးအတိုင်းအတာသို့ ရောက်သွားခဲ့လေပြီ။ သူ့တစ်ကိုယ်လုံး ဆတ်ခနဲ တုန်တက်သွား၏။ သူ့ခေါင်းမှာ ပျော့ခွေကျလာပြီး ဒူးများမှာ ကွေးမရတော့အောင် တောင့်တင်းလာသည်။ သူကား အရိုးပေါ်အရေ‌တင်နေသော အလောင်းကြီးတစ်လောင်းအလားပင်။

သူ့ကိုယ်ထဲတွင် မည်သည့်အသက်စွမ်းအားမှ မကျန်ရှိတော့။ ကံတရားကို ခေါင်းမာမာနှင့် အံတုနေသော ခိုင်မာပြတ်သားသောစိတ်ဆန္ဒအမျှင်သေးသေးလေးတစ်မျှငိသာ ရှိတော့သည်။

သို့သော် သူ၏အသိစိတ် ‌တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်လာသည့်အခါ ထိုအမျှင်ပင် မှောင်မည်းသွားလေ၏။ သူကား ပြန်လည်‌‌မွေးဖွားဂူမှ မီတာ ၂၅၀ အကွာတွင် ပုံရက်သား လဲကျသွားခဲ့လေပြီ။

"ပြီးဆုံးသွားပြီလား ....." မန်ဟိုသည် အသိစိတ်မပျောက်ကွယ်ခင် ‌ရေရွတ်လိုက်၏။

သူ လဲကျသွားသည့်အခိုက်အတန့်တွင် ဂူအတွင်းမှ သက်ပြင်းချသံတစ်သံ ပျံ့လွင့်လာသည်။ ရှိရှိသမျှ စိတ်ဆန္ဒအားလုံး တဖြည်းဖြည်း ပြန်ရုတ်သိမ်းခံလိုက်ရပြီး ဖြစ်ပျက်နေသောအရာကို စိတ်မဝင်စားကြတော့ပေ။ စောစောက အဖော်မဲ့စိတ်ဆန္ဒသာ မန်ဟို့အနောက်ရှိ တစ်စုံတစ်ခုကို ကြည့်ရင်း ကျန်ရစ်ခဲ့၏။

ထို့နောက် ယခုလေးတင် ပြန်ရုတ်သိမ်းခံလိုက်ရသော စိတ်ဆန္ဒများမှာ ‌တစတစ တုန်ရီလာကြလေသည်။ ၎င်းတို့အားလုံး နောက်တစ်ဖန် ပြန်ပေါ်လာပြီး မန်ဟို့အနောက်ရှိ အရာကို ကြည့်လိုက်ကြသည်။

သေခြင်းမြူခိုးဖြူဖြူများအကြားတွင် ‌တရွေ့ရွေ့ လျှောက်လာနေသော အမျိုးသမီးတစ်ယောက်ကို မြင်ရနိုင်သည်။ သူမက တစ်လှမ်းချင်း ခက်ခက်ခဲခဲ လှမ်းရင်း ကျောက်တုံးဥယျာဉ်ထဲ ဝင်ရောက်လာ၏။ သူမ၏အသက်စွမ်းအားသည် သူမနှလုံးသားအနက်ရှိုင်းဆုံးထဲရှိ တစ်နေရာမှ အရင်းခံသော ခိုင်မာပြတ်သားမှုတို့ဖြင့် ပြည့်နှက်နေသယောင်ပင်။

သူမ၏ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း ပိန်ချုံးခြောက်ကပ်လာနေပြီး သူမ၏ကျင့်ကြံခြင်းအခြေခံလည်း အားနည်းလာ၏။ မန်ဟို့ဆီ တရွေ့ရွေ့ လျှောက်လာနေစဉ် သူမ၏ ယခင်က ချစ်စဖွယ်ကောင်းခဲ့သော ပုံပန်းသွင်ပြင်လေးသည် ယခုတော့ အိုမင်းရင့်‌ရော်နေခဲ့ပြီဖြစ်၏။

သူမကား.... ရှုချင်။

ရှုချင်သည် တာအိုအခြေ ဆုံးရှုံးထားသော မန်ဟိုနှင့် မတူပေ။ သူမ၏ တစ်ခါက ပေါများအားကောင်းခဲ့သော အသက်စွမ်းအားများသည် ဇာမဏီသခင်မ၏ဝိညာဉ်နှင့် တစ်သားတည်းဖြစ်နေခဲ့၏။ ထို့ကြောင့် သူမက မန်ဟို ပြန်လည်မွေးဖွားခြင်းဂူသို့ သွားနိုင်သည်ထက်ပို၍ သွားနိုင်လေသည်။ သူမအတွက်တော့ ‌ရှေ့သို့ ရောက်အောင် ရုန်းကန်နေရရုံလေးသာ ဖြစ်၏။

မည်သည့်အသက်စွမ်းအားမှ မရှိတော့ဘဲ အရိုးကြိုးပြတ် လဲကျနေသော မန်ဟို့ကို မြင်သောအခါ မျက်ရည်များက ရှုချင်၏မျက်ဝန်းအိမ်မှ တလိမ့်ချင်း၊ တလိမ့်ချင်း စီးကျလာသည်။ သူမသည် မန်ဟို့ကို ညင်ညင်သာသာ ပွေ့လိုက်ရာ သူ့မှာ သူမရင်ခွင်ထဲ လဲပြိုကျလာလေသည်။ ထို့နောက် သူမက သူ့ကို နူးညံ့ကြင်နာစွာ နမ်းရှိုက်လိုက်သည်။

အသက်စွမ်းအားမျှင်လေးတစ်မျှင်သည် သူမနှုတ်ခမ်းလေးမှတစ်ဆင့် မန်ဟို့ပါးစပ်ထဲ ဝင်ရောက်သွား၏။ သူမမျက်နှာ‌လေးမှာ ထူးထူးခြားခြား ရဲတက်သွားပြီး ထိုနီမြန်းမှုအတွင်း၌ အားနည်းမှုကိုလည်း မြင်ရသလို၊ အသက်လည်း ပါလေသည်။

"ဒါက မိစ္ဆာအင်မော်တယ်ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်တစ်ခုပဲ ... အစ်မ မင်းကို အစ်မရဲ့အသက် ပေးလိုက်တာ....." သူမသည် မန်ဟို နောက်တစ်ဖန် အသက်စွမ်းအားအနည်းငယ်ဖြင့် ပြည့်နှက်သွားသည်ကို ကြည့်ရင်း ပြုံးလိုက်၏။ ထို့နောက် မှီခိုရာဂိုဏ်းမှာတုန်းက ဂိုဏ်သားအားလုံး၏အရှေ့၊ လရောင်၏အောက်ဝယ် နှစ်ယောက်သား အတူတူလမ်းလျှောက်ခဲ့သော အချိန်ကို ပြန်‌တွေးမိလိုက်သည်။

ရှုချင်သည် မီတာ ၂၅၀ အကွာရှိ ပြန်လည်မွေးဖွားခြင်းဂူကို လှမ်းကြည့်ပြီးနောက် မန်ဟို့ကို ‌ပွေ့သယ်ရင်း ‌ဆက်လျှောက်သွားလေသည်။

သူမမျက်နှာမှာ ပို၍‌ပါးရေတွန့်လာပြီး သူမကိုယ်လုံးလေးမှာလည်း တုန်ရီနေသည်။ သူမ၏အသက်စွမ်းအားမှာ လျော့နည်းနေပြီဖြစ်သည့်တိုင် ခြေတစ်လှမ်းလှမ်းလိုက်တိုင်း အသက်စွမ်းအားတချို့ကို မန်ဟို့ဆီ ဝေမျှပေးနေသေး၏။

ထိုသို့လုပ်တိုင်း သူမမှာ အားနည်းသထက် အားနည်းလာပြီး အိုမင်းသထက် အိုမင်းလာသည်။ သို့စေကာမူ သူမနှလုံးသားထဲ၌ နောင်တဟူ၍ စိုးစဉ်းမျှ မရှိပါချေ။

မန်ဟို့ကို သယ်ရင်း သူမသည် မီတာ ၂၅၀ ရောက်သည်အထိ ၊ ပြန်လည်မွေးဖွားဂူဝသို့ ရောက်သည်အထိ လျှောက်လာခဲ့လေပြီ။ ထို့နောက် တစ်ချက်ကလေးမှ တုံ့ဆိုင်းနေခြင်းမရှိဘဲ ....

အထဲသို့ လျှောက်ဝင်သွား၏။

မင်းရှင်ရင် ငါ ရှင်မယ်၊ မင်း သေရင် ငါ သေမယ်။

မင်း အိုသွားရင် ငါလည်း အတူတူ လိုက်အိုပေးမယ် .....

***

All Chapters