← Chapters

ပြန်လည်မွေးဖွားခြင်းဆိုတဲ့အရာမျိုး တကယ်ရော ရှိလို့လား

Vol. 50 Ch. 689

ပြန်လည်မွေးဖွားခြင်းဆိုတဲ့အရာမျိုး တကယ်ရော ရှိလို့လား

Vol. 50 Ch. 689

ရှုချင်သည် ပြုံးနေ၏။ ထိုအပြုံးကား ဆိုဖွယ်မရှိအောင် လှရက်လွန်းလေသည်။ ဆံပင်များဖြူနေပြီး ပါး‌ရေများတွန့်နေသော်လည်း သူမအပြုံးမှာတော့ လှမြဲ လှဆဲသာ ဖြစ်ပေသည်။

သူမက မန်ဟို့ကို မြတ်နိုးကြင်နာစွာ ကြည့်ပြီး မျက်နှာလေးမှာ သန့်စင်မွန်မြတ်သောအလင်းဖြင့် တောက်ပနေ၏။ သူမသည် မှီခိုရာဂိုဏ်းနှင့် တာ့ချင်း‌တောင်ပေါ်မှာတုန်းက ဖြစ်ပျက်ခဲ့သမျှ အမှတ်တရအားလုံးကို မြင်ယောင်နေဟန်တူသည်။ မြင်ကွင်းတိုင်း၊ မြင်ကွင်းတိုင်းမှာ မန်ဟိုနှင့် အဆုံးသတ်သွားပြီး ထိုသို့ဖြစ်ပျက်သောအခါ သူမမျက်ဝန်း‌လေးများတွင် အဆုံးမဲ့သောချစ်ခြင်းမေတ္တာများ ပြည့်သျှံသွားသည့်အလား ထင်ရလေသည်။

သူမတွင် ရိုးရှင်းသော အကျင့်စရိုက်ရှိပြီး အချစ်မျိုးစေ့များအား အလွယ်တကူ စိုက်ပျိုးခွင့်ပြုတတ်သည့် လူစားမျိုးမဟုတ်ပေ။ သို့ရာတွင် ထိုမျိုးစေ့ကို စိုက်ပျိုးလိုက်လျှင်တော့ .... တစ်သက်လုံး တည်မြဲသွားလိမ့်မည်သာ။

သူမက မန်ဟို့ကို ပွေ့ရင်း တစ်လှမ်းချင်း၊ တစ်‌လှမ်းချင်း ရွေ့ရင်း တောင်‌သားထဲရှိ ကြောက်စရာပါးစပ်ပေါက်ကြီးဖြစ်သည့် ပြန်လည်မွေးဖွားခြင်းဂူဝထဲသို့ တန်းတန်းမတ်မတ် လျှောက်သွားလေပြီ။

ဂူထဲ ဝင်လိုက်ခြင်းကား ရှင်ခြင်းနှင့် သေခြင်းအကြား တည်ရှိနေသော အတားအဆီးတစ်ခုကို ဖြတ်သန်းလိုက်ရသည့်အလားပင်။ ထိုအခိုက်အတန့်တွင် အရာအားလုံး မှောင်မိုက်သွားပြီး မည်သည့်အနွေးဓာတ်မှ မရှိတော့ပေ။ ကောင်းကင်နှင့် မြေကြီး၏ အသက်ဓာတ်မျှင်လေးတစ်မျှင်ပင် မတည်ရှိလေဝောာ့။ ကျန်ရှိခဲ့သည့်အရာဆို၍ မွန်းကြပ်ဖွယ်ကောင်းသော သေခြင်းတရားနှင့် အဆုံးမဲ့သော အအေးဓာတ်သာ။

ပြန်လည်မွေးဖွားခြင်းဂူ၏အပြင်နှင့် ဂူ၏အတွင်းမှာ သီးခြားစီဖြစ်တည်နေသော ကမ္ဘာနှစ်ခု ဖြစ်ချေသည်။

တစ်ခုသည် ရှင်ခြင်းကမ္ဘာဖြစ်ပြီး အခြားတစ်ခုမှာတော့ သေခြင်းကမ္ဘာပင်။

ရှုချင် မန်ဟို့ကို အထဲသယ်လာသောအခါ ဂူအတွင်းရှိ စိတ်ဆန္ဒအားလုံးသည် ချောင်ကြိုချောင်ကြားများသို့ ဆုတ်သွားကြရင်း ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေကြသည်။

သူတို့အတွက် မန်ဟိုနှင့် ရှုချင်သည် အပြင်မှာ ရှိနေတုန်းက သီးခြားကမ္ဘာတစ်ခုမှ လူများ ဖြစ်ကြသည်။ သူတို့မှာ သူတို့နှစ်ယောက်ကို အားကျမနာလိုခဲ့သည်သာမက အထင်သေးစက်ဆုပ်ခဲ့ကြလေသည်။

သို့သော် ယခုတွင် ရှုချင်က မန်ဟို့ကို ပြန်လည်မွေးဖွားခြင်းဂူထဲ သယ်လာခဲ့ပြီဖြစ်ရာ သူတို့အားလုံး တစ်ကမ္ဘာတည်း ဖြစ်သွားလေပြီ။

ဤနေရာတွင် စိတ်ဝိညာဉ်စွမ်းအင်ဟူ၍ မရှိ။ သက်ရှိသတ္တဝါများ ဂူထဲ ဝင်လာလျှင် သူတို့အသက်စွမ်းအားသည် ယခင်ထက်ပင်ပို၍ လျင်မြန်စွာ လျော့နည်းကုန်ခမ်းသွားမှာ ဖြစ်လေသည်။ အသက်စွမ်းအား ပျောက်ကွယ်သွားသောအခါ၊ သေခြင်းတရား၏လွှမ်းမိုးခြင်း ခံလိုက်ရသောအခါ သူတို့အားလုံး လုပ်နိုင်သမျှမှာ .... နိုးထခြင်းဆိုသော အရာကို စောင့်နေရုံသာ။

ရှုချင်သည် မန်ဟိုနှင့်အတူ တစ်ကိုယ်လုံး တုန်ရီနေလျက် ၊ မျက်နှာလေး ဖြူ‌ဆုပ်နေလျက် ဆက်လျှောက်သွားသည်။ သူမအသက်စွမ်းအားမှာ လျင်မြန်စွာ လျော့နည်းကုန်ခမ်းလာနေပြီး မန်ဟို့ကိုယ်အတွင်းရှိ အမျှင်လေးတစ်မျှင်မှာ‌တော့ မကြာခင် အလျှင်း ပျောက်ကွယ်သွားပေတော့မည်။

မန်ဟို့ အသက်ဓာတ်မျှင် ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ရှုချင်က သူ့နှုတ်ခမ်းကို နမ်းရင်း သူမ၏အသက်စွမ်းအားများကို ... သူ့ကိုယ်ထဲ ပို့ပေးလိုက်လေသည်။

ဂူ၏အထဲ မီတာဒါဇင်အနည်းငယ်မျှ ရောက်သောအခါ ရှုချင်၏မျက်နှာမှာ လုံးလုံးလျားလျား အိုမင်းရွတ်တွနေပြီး သူမခန္ဓာကိုယ်မှာလည်း အတိုင်းထက်အလွန် ပိန်လှီခြောက်ကပ်နေလေပြီ။ သူမသည် နုပျိုငယ်ရွယ်သော အရိပ်အယောင်ဟူ၍ တစိုးတစဉ်းမျှ မရှိတော့ဘဲ အရိုးပေါ်အရေတင်နေတော့သည်။ သူမကား အရာအားလုံး ဆုံးရှုံးလိုက်ရလေပြီ။

ရှုချင် တင်ပျဉ်ခွေထိုင်ချလိုက်သည်။

"မန်ဟို" သူမက ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။ "ငါ ဒီထက်ပိုပြီး မသွားနိုင်တော့ဘူး...." မန်ဟိုမှာ သူမခြေနှစ်ဖက်အကြား၌ သွေးဆုပ်ဖြူလျော်နေသော မျက်နှာ၊ ‌အိုမင်းရွတ်တွနေသော ပုံပန်းသွင်ပြင်ဖြင့် လဲလျောင်းနေ၏။ သူမက သူ့ကို ငုံ့ကြည့်လိုက်သည်။ "အစ်မလေ မှီခိုရာဂိုဏ်းကို ဝင်ခဲ့တုန်းက တစ်ဘဝလုံး ဘယ်သူနဲ့မှ လက်မထပ်ဘူးလို့ ကိုယ့်ကိုကိုယ် ကတိပေးခဲ့တယ်။ သူများရဲ့ ဇနီးသည် ဖြစ်လာမယ့်အစား ကျင့်ကြံခြင်းကိုပဲ တစိုက်မတ်မတ် အားစိုက်မယ် ဆိုပြီးတော့ပေါ့ .... " သူမသည် တစ်ချိန်တုန်းက ကျောက်စိမ်းသဖွယ် ရွှန်းစိုခဲ့ဖူးသော်လည်း ယခုတွင်တော့ အရိုးပေါ်အရေတင် ရွတ်တွနေသော လက်တစ်ဖက်ဖြင့် မန်ဟို့မျက်နှာကို ပွတ်သပ်လိုက်လေသည်။

"ဒါပေမဲ့ အဲဒီနောက် မင်းပေါ်လာခဲ့တာပဲ...." သူမက ပြောလိုက်သည်။ သူ့ကို အကြာကြီး စိုက်ကြည့်နေစဉ် သူမမျက်နှာလေးသည် အတန်ငယ် နီမြန်းနေ၏။ ထို့နောက် သူမက ခေါင်းငုံ့ပြီး သူ့ကို ထပ်မံနမ်းရှိုက်ရင်း သူမ၏အသက်စွမ်းအားများက ထည့်ပေးလိုက်ပြန်သည်။

အသက်စွမ်းအား ဝင်ရောက်သွားလျှင်ချင်း မန်ဟို၏မျက်နှာသည် အရောင်အနည်းငယ် ပြန်တက်လာ၏။ အခြားတစ်ဖက်တွင်တော့ ရှုချင်၏မျက်နှာမှာ ပို၍အိုမင်းခြောက်ကပ်သွားလေပြီ။ သူမပိုင်ဆိုင်ထားသော အသက်စွမ်းအားမှာ နည်းသထက် နည်းနည်းလာနေ၏။

"မင်းကလေ ဂိုဏ်းကို ရောက်တာ ခဏပဲ ရှိသေးဝာာတောင် အဲ့ဒီဆေးလုံးကို တိုက်တိုက်ဆိုင်ဆိုင် ရသွားသေးတာ" သူမက တိုးတိုးကလေး ရေရွတ်နေသည်။ "မင်း အဲ့ဒီဆေးလုံးကို အစ်မဆီ လက်ဆောင်ပေးတုန်းက ... အစ်မ မျက်နှာတည်တည်ပဲ နေခဲ့ပေမယ့် တကယ်တော့ ပျော်နေခဲ့တာ သိလား

"ဒါမဲ့ မင်းကြောင့်မဟုတ်ဘူး၊ ဆေးလုံးကြောင့်" သူမက ပြုံးလိုက်သည်။ "မင်းကို ဘာကြောင့် အင်မော်တယ်ဂူပေးခဲ့တာလဲဆိုရင် နှစ်ယောက်ကြေသွားမယ် တွေးမိလို့။ ဒါပေမဲ့ သိပ်ဉာဏ်များတဲ့ မြေခွေးလေး မင်းဟာလေ အစ်မကို ပိုပိုပြီး ငြိတွယ်လာအောင် လုပ်နိုင်ခဲ့တယ်။ မင်းဆိုတဲ့ကောင်လေးက ရုပ်ပျိုဆေးလုံးကို ယူခဲ့တယ်တဲ့ ...." ထိုစဉ်တုန်းက ဖြစ်ခဲ့သမျှအကုန်လုံးကို ပြန်တွေးကြည့်သောအခါ သူမအပြုံးလေးမှာ ပို၍နှစ်လိုဖွယ်ကောင်းလာပြီး သူမက မန်ဟို့ပါးကို တယုတယ ပွတ်သပ်လိုက်သည်။

"မင်း ကျောက်ဝူကန်ကို သတ်ခဲ့တုန်းက ဘယ်သူမှ မသိအောင် အစ်မ တိတ်တိတ်ကလေး ကူညီခဲ့တာ သိလား။ ဒီနေ့အထိ မင်း သိမယ်လို့ အစ်မ မထင်ပါဘူး

"ပြီးတော့ ဂိုဏ်းမှာ မင်း ဆိုင်ဖွင့်တယ် ... အစ်မသာ အဲ့မှာ မရှိခဲ့ရင်လေ .... အင်း ... အဲဒီအချိန်တုန်းက လူတွေအများကြီး မင်းကို စိတ်ဝင်စားကြခဲ့တယ်လို့ပဲ ပြောကြတာပေါ့" ရှုချင်မှာ ပြုံးချင်သော်လည်း ‌‌ရင်တွင် ဆို့ကြပ်၍ ချောင်းဆိုးချင်လာသည်။ မန်ဟို့အတွက် အနှောင့်အယှက်ဖြစ်မည်စိုးသဖြင့် သူမက ပါးစပ်ကို အုပ်လိုက်လေသည်။ သူမ လက်ကို ပြန်ချလိုက်သောအခါ ၎င်းမှာ ခရမ်းပုပ်ရောင်သွေးများဖြင့် ဖုံးနေချေပြီ။

"မှီခိုရာဂိုဏ်းသာ အဖျက်စီးမခံလိုက်ရရင် ဘာတွေ ဘယ်လိုများ ဖြစ်နေမလဲ မသိဘူးနော်.... ချင်းလော်ဂိုဏ်းကို ခေါ်သွားခံရတုန်းက အစ်မ သူ‌စိမ်းတွေနဲ့ တွေ့ခဲ့တယ်။ အရာအားလုံးဟာ ထူးဆန်းနေပြီး အဲ့ဒီယုတ်မာတဲ့ ဂိုဏ်းတူအစ်ကိုနဲ့ ရင်ဆိုင်ခဲ့ရတယ်...

"အဲ့ဒီအချိန်တွေတုန်းက မှီခိုဂိုဏ်းကို သိပ်လွမ်းခဲ့တာ။ ကျိုးပြည်ကိုလည်း လွမ်းခဲ့တယ် ။ မင်းကိုလည်း .... လွမ်းခဲ့တယ်" ရှုချင်သည် ငုံ့ကြည့်ပြီး အသက်စွမ်းအားနောက်တစ်မျှင်အား မန်ဟို့ဆီ ပို့လွှတ်လိုက်ပြန်သည်။

သူမမျက်နှာလေးသည် ဖြူဆုပ်နေပြီး သူမကိုယ်လေးမှာ အားအင်ချည့်နဲ့နေချေပြီ။ သူမမှာ အချိန်မရွေး ငြိမ်းသေတော့မည့်အလား တဖျပ်ဖျပ် လှုပ်နေသော မီးအိမ်နှင့် တူနေပြီး မန်ဟို့ထံသို့ အသက်စွမ်းအားပေးလိုက်တိုင်း သူမသေဆုံးရဖို့ ပိုမြန်လာမည်ဖြစ်ကြောင်း ကောင်းကောင်းသိလေသည်။

ယခုအချိန်တွင် သူမအနေဖြင့် မန်ဟိုကို စွန့်ပစ်ခဲ့နိုင်သေးသည်။ ပြန်လည်မွေးဖွားခြင်းဂူမှ ထွက်သွားလိုက်ပါက သူမ၏ ထူးခြားသောဝိညာဉ်ကြောင့် အပြင်လောကသို့ အလွယ်တကူ ပြန်သွားပြီး အသက်စွမ်းအားအလုံးစုံကို ပြန်ဖြည့်နိုင်ပေမည်။

သို့သော် ရှုချင်ကား ထိုသို့လုပ်မည်မဟုတ်သလို၊ နောင်တလည်း မရပေ။

"မင်းကတော့ မသိပေမယ့်" သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "အစ်မ မင်းကို လူတွေကြားထဲမှာ ပထမဆုံးအကြိမ် ပြန်တွေ့လိုက်ရတုန်းက .... အိပ်မက်မက်နေတယ် ထင်ခဲ့တာ .... ပြီးတော့ ရှေးဟောင်းမြင့်မြတ်သောနယ်မြေထဲမှာ အစ်မ အားကိုးရာမဲ့ပြီး မျှော်လင့်ချက်မရှိတော့တဲ့အချိန် မင်း ပေါ်လာခဲ့တယ်။ အဲ့ဒီအခိုက်အတန့်ကတည်းက မင်းဆိုတဲ့ကောင်လေးက အစ်မနှလုံးသားမှာ နေရာယူသွားခဲ့ပြီလေ

"သိပ်မကြာဘူး မင်း အစ်မကို ထပ်ကယ်ပြန်တယ်။ ‌ဇာမဏီသခင်မရဲ့ လေလွင့်ဝိညာဉ်ဆီကနေပေါ့

"နောက်ပိုင်း ပြန်လည်မွေးဖွားခြင်းဂူအပြင်မှာ မင်း အဝေးကြီးကို ထွက်သွားရင်း ပျောက်ကွယ်သွားတာကို ကြည့်ပြီး အစ်မမှာ ငိုပဲငိုနေနိုင်ခဲ့တယ်။ အစ်မနှလုံးသားတစ်ခုလုံး စုတ်ပြတ်သွားသလို နာကျင်ခဲ့ရတယ်.....

"ခရမ်းပင်လယ်ကို သွားဝောာ့ မင်းကို ရှာမတွေ့ခဲ့ဘူး။ ဒါမဲ့ မင်းနဲ့အရမ်းနီးကပ်နေတယ်ဆိုတာကိုတော့ အစ်မ ခံစားခဲ့ရတယ် ....

"နောက်ဆုံးတော့ ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းမှာ မင်းနဲ့ ထပ်တွေ့ရတယ်။ မန်ဟို... အစ်မလေ အဲ့ဒီတုန်းက သိပ်ပျော်ခဲ့တာ။ ကျေးဇူးတင်ပါတယ် မင်းကို" သူမသည် သူ့ကို အကြာကြီး ‌ငုံ့ကြည့်နေ၏။

ရှုချင်မှာ သူမခံစားရသည်နှင့်ပတ်သက်ပြီး တတွတ်တွတ် မပြောတတ်သော်လည်း သူမ၏အပြုအမူများသည် သူမ၏အချစ် မည်မျှနက်ရှိုင်းကြောင်း သက်သေထူနေ၏။  ယခုလို လက်‌တွဲဖော်မျိုးသာ ရလျှင်  မည်သူမဆို နောင်တကင်းကင်း ပျော်ပျော်ကြီး သေနိုင်လေသည်။

"မန်ဟို ၊ အစ်မလေ ထပ်မတောင့်ခံနိုင်တော့ဘူး...." သူမသည် တဖျပ်ဖျပ် လှုပ်နေသော မီးအိမ်မဟုတ်တော့ဘဲ လမ်းဆုံးသို့ ရောက်သွားခဲ့ပြီဖြစ်သည်။ ယခု သူမမျက်လုံးများကို ပိတ်လိုက်လျှင် ဘယ်တော့မှ ထပ်ဖွင့်နိုင်တော့မည်မဟုတ်ပေ။

သူမ မျက်လုံးများ ပိတ်လိုက်လျှင်တော့ ... နောင်နှစ်ပေါင်းများစွာ ကြာသောအခါ တစ်စုံတစ်ယောက် သူတို့နှစ်ယောက်၏ အလောင်းကို ရှာရန် ရောက်လာကောင်း ရောက်လာလိမ့်မည်။

ထိုအခါ တင်ပျဉ်ခွေထိုင်‌နေသော အမျိုးသမီး နှင့် သူမ‌ပေါင်ပေါ်တွင် လဲလျောင်းနေသော အမျိုးသားကို တွေ့ရလိမ့်မည်။

တစ်ယောက်က အိပ်ပျော်နေမည်။ တစ်ယောက်က ပြုံးနေမည်။ ထာဝစဉ်တစ်လျှောက်လုံး.......

"မင်း ရှင်ရင် ငါ ရှင်မယ်၊ မင်း သေရင် ငါ သေမယ် ....

"‌မင်း အိုရင် ငါလည်း မင်းနဲ့အတူ လိုက်အိုပေးမယ်

"မင်း ဒီနေရာမှာ အိပ်စက်အနားယူရင် ငါ မင်းကို အဖော်ပြုပေးမယ် ....." ရှုချင်သည် ခေါင်းငုံ့ပြီး အနမ်းတစ်ပွင့်မှ တစ်ဆင့် သူမ၏နောက်ဆုံးလက်ကျန် အသက်စွမ်းအားကို မန်ဟို့ဆီ စတင်‌လွှဲပြောင်းပေးလိုက်သည်။

အသက်စွမ်းအား သူမထံမှ ထွက်သွားသည်တွင် သူမမှာ ခိုက်ခိုက်တုန်လာပြီး သူမ၏ဆံပင်များ အထွေးထွေး ကျွတ်ကျလာသည်။ အရာအားလုံး ဝေဝါးစပြုလာ၏။ သို့သော် သူမက အံတင်းတင်းကြိတ်ပြီး ‌နောက်ထပ်ပေးရန် ပြင်လိုက်ပြန်သည်။

ဤအခိုက်အတန့်တွင် စောင့်ကြည့်နေသော စိတ်ဆန္ဒစီးကြောင်းအားလုံးပင် မြင်နေရသောအရာကြောင့် အံ့ဩတုန်လှုပ်ကုန်ကြ၏။ ထို့နောက် ဒဏ္ဍာရီလာငါးသိမ်းငှက်ကြီးနှင့် သက်ဆိုင်သော စိတ်ဆန္ဒစီးကြောင်းက အမျိုးသမီးတစ်ဦးအသွင်ပြောင်းရင်း ရုတ်တရက် ထွက်လာသည်။

သူမက ရှုချင်၏အရှေ့တွင် ရင်သပ်ရှုမောဖွယ်ကောင်းသော ပြိုင်ဘက်ကင်းအလှတရားဖြင့် ရပ်လိုက်သည်။

သူမသည် သိမ်းငှက်၏ လူအသွင် ဖြစ်၏။ သူမကား နဂါးငွေ့တန်းပင်လယ်အောက်ရှိ ခေါင်းတလားအထဲ တည်ရှိသော အရိုးများမှ လာလေသည်။ သူမမှာ .... အရုဏ်ဦး၌ အင်မော်တယ်တက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိခဲ့သော ရှင်သန်ခြင်းနှင်းပန်း၏ စိတ်အကောင်းပိုင်းလည်း ဖြစ်သည်။

ထိုစဉ်တုန်းက သူမသည် ယောက်ျားတစ်ယောက်ကို ချစ်မြတ်နိုးမိခဲ့၏။ ထိုအခိုက်အတန့်မှစပြီး သူမကိုယ်တိုင် ရူးသွပ်မိုက်မဲမှုပင်လယ်အတွင်း အနစ်မွန်းခံခဲ့လေသည်။ နာကြည်းခံပြင်းမှုနှင့် ပူဆွေးသောကတို့ကြောင့် သူမက စိတ်အကောင်းပိုင်းကို ဖျက်စီးပစ်ခဲ့လေသည်။ ထို့နောက် အရုဏ်ဦးအင်မော်တယ်ဟူ၍ ဖြစ်လာခဲ့သည်။

ယခု ထိုစိတ်အကောင်းပိုင်းက ရှုချင်အရှေ့တွင် အမျိုးသမီးတစ်ဦးအသွင်ဖြင့် ပေါ်လာခဲ့လေပြီ။

"အဲဒီအတိုင်း ဆက်လုပ်ရင် နင့်ဝိညာဉ် ကွဲကြေသွားလိမ့်မယ်" အမျိုးသမီးက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။

ရှုချင်သည် အသိစိတ် လွတ်တစ်ချက်၊ မလွတ်တစ်ချက် ဖြစ်နေသည့်တိုင် အမျိုးသမီးစကားကို ကြားလိုက်၍ မော့ကြည့်လာသည်။

"အဲဒီအတိုင်း ဆက်လုပ်ရင် နင့်ဘဝကို ထာဝရ ဆုံးရှုံးရလိမ့်မယ်...." အမျိုးသမီးက ရှုချင်ကို ငုံ့ကြည့်နေပြီး သူမကိုယ်သူမ ကြည့်နေသည့်အလား ခံစားနေရဟန်ပင်။ "ဟိုးရှေးရှေးကတည်းက မိစ္ဆာချုပ်နှောင်သူအဖွဲ့ဆိုတာ နှလုံးသားကို မရှိခဲ့ဘူး။ နင် အခုလို လုပ်ပေးနေတာ တကယ်ပဲ တန်လို့လား"

"တန်လား၊ မတန်လား ကျွန်မ မသိဘူး" ရှုချင်က ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။ "သူသာ မရှိရင် ကျွန်မဘဝက ရှင်လျက်နဲ့ သေနေရမှာ။ အဲဒီလိုဆိုမှတော့ ဘာကြောင့် အတူတူ မသေဘဲ နေဦးမလဲ။ ကျွန်မ သေရမှာ မကြောက်ဘူး။ ကျွန်မကြောက်တာက တစ်ယောက်တည်း အထီးကျန်နေရတဲ့ နာကျင်မှုကိုပဲ"

အမျိုးသမီးမှာ သိမ့်ခနဲ တုန်ရီသွားပုံရပြီး ရှုချင်ကို လေးလေးနက်နက် ‌ငုံ့ကြည့်နေသည်။ နောက်ဆုံးတွင် သူမက သက်ပြင်းဖွဖွ ချလိုက်၏။ "နင် နောင်တရလိမ့်မယ်"

ရှုချင်က ပြုံးလိုက်သော်လည်း ဘာမှမပြောပေ။ သူမနှလုံးသားထဲရှိ ယုံကြည်ချက်ကား မည်သည့်အကြောင်းကြောင့်မှ မယိုင်လဲနိုင်အောင် ခိုင်မာလေသည်။

"မယုံဘူးပေါ့လေ...." အမျိုးသမီးက ပြောသည်။ "ငါလည်း မယုံခဲ့ပါဘူး။ အင်း ဒီလိုဆိုမှတော့ ငါ နင် သိသွားအောင် ကူညီပေးမယ်။ နင်မှန်မလား၊ ငါမှန်မလား ကြည့်ကြတာပေါ့" ထူးဆန်းသောအလင်းရောင်တစ်ခု အမျိုးသမီး၏မျက်ဝန်းများတွင် တောက်ပလာသည်။

"နင့်ကိုယ်ပေါ်မှာ လေလွင့်ဝိညာဉ်တစ်ကိုယ်ရဲ့ အစအနတွေ ရှိနေတယ်" အမျိုးသမီးက ဆက်ပြောသည်။ "ချင်းလော်ဂိုဏ်းရဲ့ တာအိုမှော်ကျင့်စဥ်ရောပဲ။ ချင်းလော်ဂိုဏ်းမှာ အဖိုးထိုက်ဆေးလုံးတစ်လုံး ရှိတယ်။ နာမည်က ဝိညာဉ်ဖွားမြင်ဆေးလုံးတဲ့။ နင် အဲ့ဒီဆေးလုံးကို ယူပေးနိုင်ရင် သူ အသက်ဆက်ရှင်နိုင်လိမ့်မယ်" ထိုသို့ပြောရင်း အမျိုသမီးက အင်္ကျီလက်စ ခါလိုက်ရာ အေးစိမ့်စိမ့်လေတစ်ချက်သည် ရှုချင်၏ပတ်ပတ်လည်တွင် ဖြစ်တည်လာ၏။ ၎င်းက သူမကို‌ ပွေ့၍ ပြန်လည်မွေးဖွားခြင်ဂူအပြင် .....ရှင်ခြင်းကမ္ဘာ...... ချင်းလော်ဂိုဏ်း၏နယ်မြေအထိ တောက်လျှောက် သယ်ဆောင်သွားလေသည်။

လေ လွင့်ပျယ်ပျောက်ကွယ်သွားသောအခါ ရှုချင်သည် မျက်နှာဖြူဖပ်ဖြူလျော်နှင့် ရပ်နေ၏။ သူမအသိစိတ်မှာ မကြည်မလင် မဖြစ်တော့သည့်အပြင် သူမကား ယခင်ပုံစံအတိုင်းပြန်ဖြစ်သွားလေပြီ။ သူမသည် ပြန်လည်မွေးဖွားခြင်းဂူရှိရာသို့ ခေါင်းလှည့်ကြည့်ပြီး အသက်ရှူသံများ မြန်လာသည်။ ထို့နောက် ချင်းလော်ဂိုဏ်းသို့ ထွက်သွားတော့၏။

ပြန်လည်မွေးဖွားခြင်းဂူထဲတွင်တော့ အမျိုးသမီးသည် မန်ဟို့ကို‌ ကြည့်ရင်း ‌သူ့ဘေး၌ ရပ်နေ၏။

"ပြန်လည်မွေးဖွားခြင်းဆိုတဲ့အရာမျိုး တကယ်ရော ရှိလို့လား .....

"ငါ ဒီဂူရဲ့ ချောင်ကြိုချောင်ကြားတိုင်းကို သွားခဲ့ပြီးပြီ။ ကျောက်တုံးတစ်တုံးမကျန် လှန်ကြည့်ခဲ့ပြီးပြီ။ အဲဒီတော့ ငါ နင့်ကို ပြောမယ် .... ဒီနေရာမှာ ပြန်လည်မွေးဖွားခြင်းဆိုတာ မရှိဘူး

"ဒီမှာရှိတဲ့ တစ်ခုတည်းသောအရာက နဝမတောင်ပင်လယ် သံလိုက်ကျောက်တစ်တုံးပဲ။ အဲ့ကျောက်တုံးက လွန်ခဲ့တဲ့ နှစ်အသင်္ချေပေါင်းများစွာတုန်းက ဒီနေရာကို ပြုတ်ကျလာခဲ့ပြီး ဝိညာဉ်တွေ ထာဝရတည်ရှိနိုင်ဖို့အတွက် သရဲအင်မော်တယ်ကျင့်စဉ်ကို ကျင့်ကြံနိုင်ခွင့်ပေးခဲ့တယ်

"ပြန်လည်မွေးဖွားခြင်း …. ပြန်လည်မွေးဖွားခြင်း .... လှပတဲ့ အိပ်မက်လေးတစ်ခုပေါ့။ အဲဒီထက်တော့ မပိုဘူး။ မသေချင်တဲ့ လူတွေ ဖန်တီးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေးတစ်ပုဒ်သာသာပါပဲ

"မျိုးဆက် တစ်ဆက်က‌နေ တစ်ဆက် လျှောက်ပြောခဲ့တဲ့ အဲဒီလို အားတက်စရာကောင်းတဲ့ ပုံပြင်ဇာတ်လမ်းတွေက အမှန်တရားကို တစတစ ဖုံးကွယ်လာခဲ့တာပဲ ..... " အမျိုးသမီး၏အသံသည် ထူးဆန်းပြီး ခါးသီးနာကျည်းမှုနှင့်အတူ ပင်ပန်းနွမ်းနယ်မှုတို့ ပြည့်နေသည်။ သူမ အတိတ်က‌ အမှတ်တရများကို တွေးတောရင်း နစ်မြောနေစဉ် သူမ၏ခန္ဓာကိုယ်သည် တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်သွားလေ၏။

မန်ဟိုက မလှုပ်မယှက် လဲလျောင်းနေသည်။ သူ့တွင် အသိစိတ်မရှိတော့သည့်အပြင် သူ၏ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ တိတ်ဆိတ်လွန်းသဖြင့် လွန်ခဲ့လေပြီးသော ရှေးခေတ်များကတည်းက မည်သည့်အသံမှ မတည်ရှိခဲ့သည့်အလားပင်။

ရှုချင်၏အသက်စွမ်းအားအထောက်အပံ့ မရှိတော့သည့်အတွက် မန်ဟို၏အသက်စွမ်းအားမှာ လျင်မြန်စွာ ‌ဆုတ်‌ယုတ်လာသည်။ အမွှေးတိုင်တစ်ဝက်ထွန်းစာ ကြာသော် ... ၎င်းကား အလျှင်း ငြိမ်းသေသွားခဲ့လေပြီ။

သူ့ကိုယ်တွင်းရှိ အင်မော်တယ်လမ်းညွှန်လည်း ခမ်းခြောက်သွားပြီး သူ့အတွက် တဖြေးဖြေး အလကားဖြစ်လာသည်။ ထိုသို့ဖြစ်ပျက်သွားသောအခါ ပြန်လည်မွေးဖွားခြင်းဂူ၏ ဟိုးအတွင်းထဲ၌ တင်ပျဉ်ခွေထိုင်နေသော အရပ်မြင့်မြင့် ယောက်ျားတစ်ယောက်က ခေါင်းမော့လာပြီး သက်ပြင်းချလိုက်သည်။

"တကယ်တော့ ဒီနေရာမှာ ပြန်လည်မွေးဖွားခြင်းဆိုတာ မရှိဘူး" သူက ပြောသည်။ "နဝမတောင်ပင်လယ် သံလိုက်ကျောက်တစ်တုံးပဲ ရှိတယ်.....

"ဒီတော့ သူက ငါ့ကို ကူညီနိုင်တဲ့လူ မဟုတ်ဘူးပေါ့... ဒါဆို ငါ ဘယ်သူ့ကို စောင့်နေခဲ့တာလဲ"

***

All Chapters