စောင့်ထိန်းရမယ့် ကတိသစ္စာ
Vol. 50 Ch. 692
အရှေ့ဘက်နယ်မြေ၊ မဟာတန်နိုင်ငံမှ ဝေးလံခေါင်ဖျားသော ရွာလေးတစ်ရွာတွင် အဝတ်အစား ကပိုကရို မသပ်မရပ်နှင့် ပန်းချီဆရာတစ်ဦးသည် သူ့ကို အလွန်အမင်း ဖော်လန်ဖားနေသည့် သူဋ္ဌေးတစ်ဦးအား မနှစ်မြို့သလို ကြည့်နေ၏။
“အင်မော်တယ်သခင်ကြီးခင်ဗျား ၊ ကျွန်တော့်ပုံတူ ဆွဲပေးဖို့ တောင်းဆိုပါတယ်။ ကျသင့်တဲ့ အဖိုးအခကို ပေးဖို့ အဆင်သင့်ပါပဲဗျာ”
“ကျုပ် ပန်းချီတွေက သိပ်တန်ဖိုးကြီးတယ်” တုံ့ပြန်စကားဖြစ်သည်။
သူဋ္ဌေးက အားတက်သရော ခေါင်းညိတ်ပြီးနောက် သူ၏အစေအပါးများအား သေတ္တာအကြီးများ သယ်ဆောင်လာစေလိုက်သည်။
ပန်းချီဆရာအဘိုးအိုက ၎င်းတို့ကို မျက်လုံးထောင့်မှ မသိမသာ အကဲခတ်ပြီးနောက် ချောင်းဟန့်လိုက်သည်။ “ကဲ ကြည့်ရတာ ကျုပ်တို့နှစ်ယောက်က ဆုံတွေ့ဖို့ ကံပါပုံပဲ။ အဲဒါကြောင့် ကျုပ် ခင်ဗျားပုံတူဆွဲပေးမယ်”
သူက ပန်းချီဆက်ဆွဲရန် ပြင်လိုက်စဉ် ရုတ်တရက် မျက်မှောင်ကြုတ်သွားလေသည်။
“ကိစ္စတစ်ခု အခုလေးတင် ပေါ်လာတယ်” သူက ပြောသည်။ “စိတ်ခရီးနှင်ကြည့်လိုက်ဦးမယ် ခဏစောင့်ပေးပါ” ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်ပြီး မျက်လုံးများ ပိတ်လိုက်၏။
သူဋ္ဌေးမှာ သူ့ကို မနှောင့်ယှက်ဝံ့၍ ဘေးတွင်သာ ရပ်စောင့်နေလေသည်။
တောင်ပိုင်းဒေသ၊ ပြန်လည်မွေးဖွားခြင်းဂူတွင် သာနွီသည် အမှတ်တရများကို ပြန်မြင်ယောင်နေရင်း အဝေးကို ငေးကြည့်နေ၏။
သူမသည် ခုနစ်ရောင်ခြယ်ပွင့်လန်းခဲ့သော နှင်းပန်းတစ်ပွင့်ဖြစ်၏။ ကံကြမ္မာအပြောင်းအလဲဖြစ်သော တစ်နေ့တွင် အင်မော်တယ်တက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ သို့သော် လက်ခံကိုယ်ကို မရည်ရွယ်ဘဲ အချစ်သံယောဇဉ်ငြိတွယ်မိခဲ့လေသည်။ အင်မော်တယ်အဆင့် တက်လှမ်းသောအခါ သူမသည် သူမ၏စိတ်အကောင်းပိုင်းကို ခွဲထုတ်ပြီး နဂါးငွေ့တန်းပင်လယ်ကြမ်းပြင်တွင် မြှုပ်နှံခဲ့၏။
ထိုနေ့တွင် သူမမျက်ရည်များက နဂါးငွေ့တန်းပင်လယ်နှင့် တစ်သားတည်း ဖြစ်သွားခဲ့ပြီး သူမသည် .... အရုဏ်ဦးအင်မော်တယ်ဟူ၍ ဖြစ်လာခဲ့လေသည်။
သူမ၏စိတ်အကောင်းပိုင်းမှာမူ နဂါးငွေ့တန်းပင်လယ်အောက်တွင် ယခင်သာနွီအတိုင်း ကျန်ရစ်ခဲ့သည်။
နှစ်ပေါင်းများစွာ ကြာသော် စိတ်အကောင်းပိုင်း သာနွီသည် ခေါင်းတလားထဲမှ ထွက်လာပြီး ငါးတစ်ကောင်၏ခန္ဓာကိုယ်ထဲ ဝင်ရောက်ခဲ့၏။ ရေထဲမှ ခုန်ထွက်လာသောအခါ သူမသည် အားကောင်းသော သေခြင်းအရှိန်အဝါတစ်ခုကို ထုတ်လွှတ်လျက် ပြန်လည်မွေးဖွားခြင်းဂူသို့ ပျံသန်းသွားသော ဒဏ္ဍာရီလာ ငါးသိမ်းငှက်ကြီးတစ်ကောင် ဖြစ်လာခဲ့လေသည်။
အဆိုပါသေခြင်းအရှိန်အဝါကား သူမ၏ သေဆုံးသွားသော နှလုံးသားမှ လာသည်။
ပြန်လည်မွေးဖွားခြင်းဂူတွင် သူမသည် ဘဝအသစ် ပြန်လည်မွေးဖွားလာခြင်းမျိုး ကြုံတွေ့ရန် မျှော်လင့်ခဲ့၏။ သို့သော် သူမ မည်မျှရှာရှာ၊ ပြန်လည်မွေးဖွားခြင်းဂူတွင် ပြန်လည်မွေးဖွားခြင်းအား ရှာမတွေ့ပေ။ ထိုအခါမှ သူမ နားလည်လိုက်သည်။ ပြန်လည်မွေးဖွားခြင်းဂူဆိုသည်မှာ တကယ့်တကယ် စိတ်ကူးယဉ်သက်သက်သာ။
သူမမှာ ပြန်လည်မမွေးဖွားနိုင်တော့သဖြင့် အမှတ်တရများကို တမ်းတလွမ်းဆွတ်ရင်းသာ နေခဲ့လေသည်။ ကမ္ဘာပေါ်ရှိ ဘယ်သူမှ သူမ၏နာကျင်မှုကို နားမလည်နိုင်ပေ။ သို့သော်လည်း ရှုချင်ကို မြင်လိုက်ရသောအခါ ရှုချင်သည် ဟိုးအရင်နှစ်တွေတုန်းက သူမနှင့်တူကြောင်း သဘောပေါက်လိုက်၏။
သူမ သက်ပြင်းချလိုက်သည်။ သူမမြင်ယောင်နေသော အမှတ်တရများသည် ပိုပို၍လှပလာ၏။ ဆန့်ကျင်ဘက်တွင် သူမခန္ဓာကိုယ်မှာတော့ ညှိုးနွမ်းသေဆုံးနေသော ပန်းလေးတစ်ပွင့်ပမာ တစ်ဝက်ကျော် ပိန်ချုံးခြောက်ကပ်နေခဲ့လေပြီ။
သူမ၏ အကန့်အသတ်မဲ့အသက်စွမ်းအားများ မန်ဟို၏ကိုယ်ထဲ စီးဆင်းနေစဉ် သူ့နဖူးကို ထိထားသော သူမလက်မှာ သိသိသာသာ အားနည်းလာနေ၏။ မန်ဟိုမှာတော့ ယခုတွင် ပကတိအတိုင်း သက်သာလာပြီး နည်းနည်းလေးမှ မအိုတော့ပေ။
သူ့၏ခန္ဓာကိုယ်အတွင်း၌ တလက်လက် တောက်ပနေသော အလင်းစက်များ ပေါ်လာသည်။ ၎င်းတို့က ပြွတ်သိပ်ကြပ်နေပြီး တစ်စက်နှင့်တစ်စက် ပူးကပ်ရင်း တံတားခုံးတစ်ခုပုံသဏ္ဌာန် ဖော်ဆောင်ထား၏။
သို့သော် .... တံတားမှာ အစိတ်အပိုင်း မစုံလင်ပေ။ အလယ်တည့်တည့်တွင် ပြိုကျပျက်စီးနေကာ နှစ်ပိုင်းကွဲနေ၏။
အလင်းစက်များသည် သာနွီထံမှ မန်ဟိုဆီသို့ ပို့လွှတ်ပေးနေသော အသက်စွမ်းအားဖြစ်ပြီး တံတားမှာတော့ သက်စောင့်တံတားမှတစ်ပါး အခြားမဟုတ်ပေ။
“ကျွန်မ ရှင့်ကို အပြစ်မတင်ရက်ပါဘူး.....” သာနွီက နူးညံ့ပျော့ပျောင်းစွာ ရေရွတ်လိုက်လေသည်။ သူမမျက်ဝန်းလေးများမှာ ငေးကြောင်နေပြီး သူမ၏စိတ်သည် ဘယ်သူမှ မမြင်နိုင်သော အမှတ်တရများထဲတွင် နစ်မြောနေလေ၏။
သူမလက်မောင်းတစ်ဖက်လုံးမှာ ယခုတွင် အရိုးပေါ်အရေတင်လျက် ခြောက်ကပ်နေလေပြီ။ ခြောက်ကပ်ခြင်းသည် သူမလည်ပင်းအထိ ပျံ့နှံ့လာခဲ့ပြီး နွယ်နှာမောင်းများသဖွယ် သူမနဖူးထံ တက်သွားပြီးနောက်ဆုံး တစ်ခေါင်းလုံးကို ဖုံးလွှမ်းသွားတော့၏။ နွယ်နှာမောင်းများ သူမမျက်လုံးများဆီသို့ ရောက်သောအခါတွင် သူမသည် သူမလက်ခံကိုယ်ကို ပထမဆုံး ဆုံတွေ့ခဲ့ရသည့်အချိန်ကို မြင်ယောင်နေလေသည်။
ထိုအခိုက်အတန့်တွင် သူသည် သူမကို ကြည့်ခဲ့ပြီး သူမလည်း သူ့ကို ကြည့်နေခဲ့၏။ ၎င်းကား ထာဝရကြာမြင့်နေမည့် အခိုက်အတန့်လေးအလားပင်။
“ကျွန်မ ရှင့်ကို ဘယ်တော့မှ အပြစ်မတင်ခဲ့ပါဘူး ....” ထို့နောက် ခြောက်ကပ်မှုက သာနွီ၏မျက်ဝန်းများကို စိုးမိုးသွားသောအခါ မျက်ရည်နှစ်စက် ကျလာသည်။ ၎င်းတို့က သူမ၏ခြောက်ကပ်နေသော မျက်နှာလေးတစ်လျှောက် တလိမ့်လိမ့် ကျဆင်းလာပြီး ပေါက်ခနဲ မြေပေါ်ခလေသည်။
သူမမျက်ဝန်းလေးများမှာ အသက်မဲ့သွားပြီး ပိတ်သွားခဲ့လေပြီ။ ထို့နောက် သူမက မန်ဟို့နဖူးအပေါ် ဖိထားသော လက်ကို မြှောက်လိုက်သည်။ တခဏကြာသော် သူ့ကို အသာအယာ ရိုက်လိုက်၏။
ထိုရိုက်ချက်က အားသိပ်မပါဟန်တူသော်လည်း သူ့ကို မိုးကြိုးသဖွယ် ပစ်ချလိုက်သော အားတစ်ရပ် ဖြစ်သွားသည်။ သူ့မှာ အပြင်းအထန် တုန်ရီသွားပြီး သူ၏စိတ်တွင် ထစ်ချုန်းသံတစ်သံ ပြည့်နှက်သွားလေသည်။
သက်စောင့်တံတားအား ဖော်ဆောင်ပေးထားသည့် သူ့ကိုယ်အတွင်းရှိ အလင်းစက်များသည် ရုတ်တရက် တုန်ခါလာပြီးနောက် လွင့်စင်ပြန့်ကြဲသွား၏။ ထိုအခိုက်အတန့်တွင် တံတား၏ ကွဲထွက်နေခဲ့သော အပိုင်းနှစ်ပိုင်းကား ဆက်သွားပြီး တစ်ခုတည်းဖြစ်သွားလေသည်။
သက်စောင့်တံတား ပကတိအတိုင်း ပြန်ဖြစ်သွားသောအခါ မန်ဟို့ခန္ဓာကိုယ်သည် တဖျတ်ဖျတ် အကြောဆွဲလာ၏။ သူကား ရုတ်တရက် အသက်ရှူသွင်းလိုက်လေပြီ။ ထို့နောက် ငြိမ်သက်နေခဲ့သော နှလုံးသားမှ တဒုတ်ဒုတ် မြည်သံ ထွက်ပေါ်လာသည်။
မန်ဟို့နှလုံး စခုန်လာသောအခါ နဝမတောင်ပင်လယ်သံလိုက်ကျောက်တုံးမှ သာနွီ ဖဲ့ယူခဲ့သော အမှုန်များသည် သူ၏ရင်ဘတ်သို့ ရွေ့လျားသွားပြီး နှလုံးသားထဲ ဝင်ရောက်ပေါင်းစည်းသွားလေ၏။
ဒုတ် ဒုတ် ဒုတ်
သူ့နှလုံးကား တဒုတ်ဒုတ် ဆက်ခုန်လာပြီး နှလုံးခုန်သံမှာ ပြန်လည်မွေးဖွားခြင်းဂူတစ်လျှောက် ပဲ့တင်ထပ်နေတော့သည်။ ရုတ်တရက် သူ့နှလုံးအတွင်းထဲမှ အလွန်တရာ အားကောင်းလှသော ဆွဲအားတစ်ရပ် ပေါ်ထွက်လာသည်။
တစ်ပြိုင်တည်းမှာပင် မျက်လုံးမဲ့ပိုးကောင်၏ တုပ်နှောင်ရစ်ပတ်ခံထားရသော သူ၏ဝိညာဉ်မှာ ဆွဲအားသက်ရောက်ခြင်း ခံလိုက်ရသည်။ ဝိညာဉ်သည် သူ၏နှလုံးသားနှင့် ပေါင်းစည်းသွားပြီးနောက် သူ၏ခန္ဓာကိုယ်အပေါ် ထပ်သွားလေပြီ။
ဤအခိုက်အတန့်တွင် သက်စောင့်တံတားမှာ ပြန်ဆက်ပြီး အကောင်းပကတိအတိုင်း ဖြစ်သွား၏။ မျက်စိကျိန်းမတတ် တောက်ပသောအလင်းရောင်က ပြန်လည်မွေးဖွားခြင်းဂူတစ်ဂူလုံး လင်းထိန်သွားစေပြီး အမှောင်ထုအား ဖယ်ရှားပစ်လိုက်သည်။ ခံ့ညားထည်ဝါသော အလင်းရောင်ကား အဆုံးစွန်အထိ ထိန်ထိန်လင်းနေဝောာ့၏။
မန်ဟို့သွေးများ စတင်စီးဆင်းလည်ပတ်လာသည်။ အသက်စွမ်းအားများ လှုပ်ရှားဖြတ်လတ်နေသည်။ ဝိညာဉ်လည်း နေရာမှန်ပြန်ရောက်သွားသည်။ သူကား အသက်ပြန်ရှင်လာခဲ့လေပြီ။
သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာ၏။
သူ ပထမဆုံး မြင်လိုက်သည့်အရာမှာ သာနွီ..... သူမ၏ အရိုးပေါ်အရေတင် ခြောက်ကပ်နေသော ခန္ဓာကိုယ်ကို မြင်လိုက်ရပြီး သူ၏ တရိပ်ရိပ်လှုပ်ရှားနေသော အသက်စွမ်းအားကို ခံစားလိုက်ရသည်။ ၎င်းနှင့် ထိုအမျိုးသမီးအကြား ဆက်နွှယ်နေမှုကို သူ အာရုံရနေလေသည်။
သူ့စိတ်နှလုံး တုန်ရီသွားသည်။ ဤအခိုက်အတန့်တွင် ဖြစ်ပျက်သွားခဲ့သောအရာကို နားမလည်နိုင်လျှင် နှစ်ပေါင်းနှစ်ရာကျော် ရှင်သန်နေထိုင်ခဲ့ခြင်းက အလကားဖြစ်သွားလိမ့်မည်။
ဤအမျိုးသမီးကား သူမအသက်စွမ်းအားကို သူ့ဆီ ပေးခဲ့ကြောင်း သိသာသည် မဟုတ်ပါလော။
“စီနီယာ.....”
သာနွီက သူ့ကို ကြည့်လိုက်ပြီး သူမမျက်လုံးများမှာ တဖျပ်ဖျပ် လှူပ်ရင်း ပွင့်လာသည်။ “ငါ နင့်ကို အသက်ပြန်သွင်းပေးခဲ့တာက နင့်အတွက်မဟုတ်ဘူး၊ သူ့အတွက်ပဲ”
ပုံရိပ်တစ်ခု သူ၏စိတ်ထဲတွင် ပေါ်လာသည်။
ပြန်လည်မွေးဖွားခြင်းဂူအပြင်တွင် လဲကျသွားခဲ့သော သူ့ကိုယ်သူကို မြင်လိုက်ရပြီး ရှုချင် ရောက်လာသည်ကို တွေ့လိုက်ရသည်။ သူမက သူ့ကို ပွေ့ပြီး အရှေ့ရောက်အောင် ကြိုးကြိုးစားစား သယ်သွားလေသည်။ သူမသည် တစ်ခါက ချောမောလှပခဲ့သော်လည်း ယခုတော့ သူမဆံပင်များမှာ ဆွတ်ဆွတ်ဖြူနေပြီး အိုမင်းနေပြီဖြစ်သည်။ ခရမ်းပုပ်ရောင်သွေးများလည်း သူမ၏နှုတ်ခမ်းထောင့်လေးမှ စီးကျနေ၏။
သို့ရာတွင် မည်သည့်နောင်တအရိပ်အယောင်ကိုမှ သူမမျက်ဝန်းများ မမြင်ရ။ သူမသည် နွေးထွေးကြင်နာမှု၊ ခိုင်မာပြတ်သားမှုတို့ဖြင့် မန်ဟိုကို ကြည့်လိုက်သည်။
သူ ခံနိုင်ရည်ရှိစေဖို့ ရှုချင် သူမ၏အသက်စွမ်းအားများကို စတေးနေသည်ကို မန်ဟို ကြည့်နေမိသည်။ ရှုချင် သူမအသက်စွမ်းအားကို သူ့ဆီ ပို့လွှတ်ပေးလိုက်တိုင်း သူက အသက်ပြန်ဝင်သွားပြီး သူမကတော့ အားနည်းသွားလေသည်။
သို့သော် သူမ၏အပြုံးကား ဘယ်တော့မှ မပျောက်ကွယ်သွား။
ဤအရာများကို မြင်သောအခါ မန်ဟို တသိမ့်သိမ့် တုန်ရီလာသည်။ သူသည် ရှုချင် သူ့ကို ပြန်လည်မွေးဖွားခြင်းဂူထဲ ပွေ့သယ်သွားပြီး တင်ပျဉ်ခွေထိုင်လိုက်သည်ကို ကြည့်နေ၏။ သူမ သူ့မျက်နှာအား တယုတယ ပွတ်သပ်ပေးနေသည်ကို သူ ကြည့်နေမိသည်။
ရှုချင်သည် ဆံပင်ဖြူများနှင့် အဘွားကြီးဖြစ်နေသည့်တိုင် သူ့ဆီသို့ အသက်စွမ်းအားများ ဆက်လက်ပေးနေဆဲပင်။ သူမကိုယ်သူမ ဂရုမစိုက်ဘဲ တစ်ကြိမ်လျှင် နည်းနည်းချင်းစီ ပို့လွှတ်ပေးနေ၏။
“မင်း ရှင်ရင် အစ်မ ရှင်မယ်။ မင်း သေရင် အစ်မ သေမယ်”
မျက်ရည်များ မန်ဟို့ပါးပြင်တစ်လျှောက် စီးကျလာသည်။ ထို့နောက် သာနွီပေါ်လာသည်ကို သူ မြင်လိုက်၏။ သူမက ရှုချင်ကို မောင်းထုတ်လိုက်သည်.... ထို့နောက် ဖက်တီးက ဆေးပုလင်းပို့ပေးဖို့ ရောက်လာသည်။
ဤအခြင်းအရာအားလုံးက မန်ဟို၏စိတ်နှလုံးကို မိုးကြိုးသဖွယ် ထိမှန်သွားသည်။ သူ့မှာ တဆတ်ဆတ် တုန်ရီလာပြီး ရုတ်တရက် အလွန်အမင်း စိုးရိမ်ထိတ်လန့်မှုတို့ ဖြစ်ပေါ်လာဝောာ့သည်။
“ဘာ..... ဘာလို့ ရှုချင်ကိုယ်တိုင် လာမပို့တာလဲ” မန်ဟို ဆက်မတွေးရဲ။ သူက ခေါင်းထောင်၍ သာနွီကို ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် မန်ဟိုက ထရပ်လိုက်သည်။ သူ့ရင်ထဲတွင် သူ သိနေသည်.... ရှုချင်တော့ မကောင်းဝာာ တစ်ခုခု ဖြစ်နေလေပြီ။
သူ သူမကို ရှာမှဖြစ်မည်။ သူ ရှုချင်ကို ရှာမှ ဖြစ်မည်။
သို့သော် ရပ်လိုက်လျှင်ချင်း သူ့မျက်နှာ ကွက်ခနဲ ပျက်သွားပြီး ထိတ်လန့်မှင်သက်စွာဖြင့် ကျောက်ရုပ်ကြီးအတိုင်း ရပ်နေတော့သည်။ သူက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်လေသည်။
သူ့တွင် ကျင့်ကြံခြင်းအခြေခံဟူ၍ မရှိတော့ .... သူကား လုံးဝအခွံသက်သက်ကြီးသာ ဖြစ်နေချေပြီ.....
“ပြန်လည်မွေးဖွားခြင်းဆိုတဲ့ အရာမျိုး မရှိဘူး” သာနွီက သူမကိုယ်သူမ ပြောသည်။ သူမတစ်ကိုယ်လုံးနီးပါး ပိန်ချုံးခြောက်ကပ်နေလေပြီ။ သူမသည် မန်ဟို့ကို သူမ၏နောက်ဆုံးလက်ကျန် အသက်စွမ်းအားပေး၍ သေဆုံးတော့မည့်အချိန် ....
ရုတ်တရက် အရာအားလုံး တဝုန်းဝုန်း တုန်ခါလာသည်။
ပြန်လည်မွေးဖွားခြင်းဂူအတွင်းပိုင်းထဲမှ အနက်ရောင်မြူခိုးများ လွင့်မျောထွက်လာသည်။ ၎င်းတို့က ဂူ၏ချောင်ကြိုချောင်ကြားမကျန် လျင်မြန်စွာ နေရာယူသွားသည်သာမက ဂူပတ်ပတ်လည် မီတာထောင်ပေါင်းများအထိ ပြည့်နှက်သွားရာ အနက်ရောင်မြူကမ္ဘာကြီး ဖြစ်သွားစေသည်။
အနက်ရောင်မြူခိုးများသည် ကောင်းကင်အထိ ထိုးတက်သွားရင်း ဧရာမခေါင်းကြီးတစ်လုံးပုံစံ ဖြစ်လာသည်။ ခေါင်းကြီးတွင် ဆံပင်မည်းမည်းများရှိပြီး ၎င်း၏ပုံပန်းသွင်ပြင်မှာ အလွန်ဝေဝါးမှုန်မွှားနေသော်လည်း နှိုင်းယှဉ်၍မရလောက်အောင် ရှေးဆန်အိုမင်းနေကြောင်း သိသာပေသည်။
“ပြန်လည်မွေးဖွားခြင်း မရှိဘူးလို့ ဘယ်သူပြောလဲ” အသံကြီးက မာန်မဲလိုက်သည်။
သာနွီက ခေါင်းမော့လိုက်ပြီး သူမမျက်လုံးများတွင် ထူးဆန်းသောအလင်းရောင်တစ်ခု ပြည့်နှက်သွားသည်။ သာနွီသည် ပြန်လည်မွေးဖွားခြင်းဂူထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး အတွင်းရှိ ချောင်ကြိုချောင်ကြားမကျန် သွားခဲ့ဖူးသော်လည်း ယခုလို အနက်ရောင်မြူထုကဲ့သို့ အရာမျိုးအား တစ်ခါမှ အာရုံမရခဲ့ဖူးပေ။
ပို၍ပင် အံ့ဩတုန်လှုပ်သွားသူမှာတော့ ချုံမန်းတိုင်ပင်။ သူသည် ဂူ၏အနက်ပိုင်းထဲရှိ သူ၏နေရာမှ အသံကို ကြားလိုက်ရပြီး ၎င်းက သူ၏စိတ်ကို ထစ်ချုန်းသွားစေသည်။ သူက မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်မှုတို့ ဖုံးလွှမ်းနေလျက် ထရပ်လိုက်သည်။ သူလည်း ဂူထဲတွင် နှစ်ပေါင်းများစွာ ပုန်းကွယ်နေခဲ့ရာ မည်သည့်နေရာနှင့်မဆို ရင်းနှီးလေသည်။ သို့သော် အထဲ၌ ယခုလိုအရာမျိုး တည်ရှိနေသည်ကို သူ လုံးလုံးမသိခဲ့ပေ။
“ဒါ ဘယ်သူလဲ” သူက ပါးစပ်အဟောင်းသားနှင့် တွေးလိုက်သည်။ ရုတ်တရက် ပြန်လည်မွေးဖွားခြင်းဂူသည် ... သူ ယုံကြည်ထားခဲ့သည့်အတိုင်း မဟုတ်ကြောင်း ချုံမန်းတိုင် သဘောပေါက်သွား၏။
ဤနေရာတွင် ... သူပင်လျှင် မရှာဖွေနိုင်သော လျှို့ဝှက်ချက်များ ရှိနေလေသည်။
“ပြန်လည်မွေးဖွားခြင်းတာအိုဆိုတာ ကောင်းကင်နဲ့မြေကြီးရဲ့ နိယာမတွေရဲ့ အပြင်မှာ တည်ရှိတာပဲ။ မင်းအနေနဲ့ မခံစားကြည့်နိုင်တာပဲ ရှိတယ်....
“ဒီနေ့ မင်းဟာ ဒီလူကို ကူညီဖို့ သေခြင်းကို ရွေးချယ်ခဲ့တယ် ။ အဲ့ဒါက .... စစ်မှန်တဲ့ ပြန်လည်မွေးဖွားခြင်းပဲ
“ပြန်လည်မွေးဖွားခြင်းဟာ သေပြီး ရှင်လာရတဲ့ သံသရာတစ်ခုပဲ။ အခုကစပြီး ဒီလူက ကျင့်ကြံခြင်းလမ်းပေါ်မှာ မင်းကို ကိုယ်စားပြုလိမ့်မယ်။ မင်းက ဘဝပြန်ဝင်စားသံသရာမှာ သူ့အတွက် သေပေးခဲ့တယ်။ အဲ့ဒါက ... စစ်မှန်တဲ့ ပြန်လည်မွေးဖွားခြင်းပဲ
“မင်း နားလည်ရင်ဝောာ့ မင်းရဲ့ပူဆွေးလောင်မြိုက်နေတဲ့ သောကတွေထဲကနေ မင်းကိုယ်မင်း ကယ်တင်နိုင်မယ်။ နားမလည်နိုင်ရင်တော့ ... မင်းရဲ့ တမလွန်ဘဝဟာ မှောင်မိုက်နေမှာပဲ”
သာနွီ၏ခန္ဓာကိုယ်သည် တုန်ရီသွားပြီး အသက်ရှူသံများ မြန်လာသည်။ သူမသည် အသံ၏စကားလုံးများကို နားထောင်ပြီး သူမမျက်ဝန်းလေးများမှာ စဉ်းစားတွေးခေါ်နေသော အရိပ်အယောင်တို့ဖြင့် တဖြေးဖြေး လင်းလက်လာဝောာ့သည်။
“ပြန်လည်မွေးဖွားခြင်း..... စီနီယာ ကျေးဇူးပြုပြီး ကျွန်မကို သင်ကြားပြသပေးပါ” သူမသည် မျက်လုံးများအား ဖြေးညှင်းစွာ ပိတ်လိုက်ပြီး တခဏလေးအတွင်း လုံးဝခြောက်ကပ်သွားကာ ပြန်လည်မွေးဖွားခြင်းဂူ၊ ဤနေရာတွင် ရှင်သန်ခြင်းနှင်းပန်းအသွင်ပြောင်းသွားတော့၏။
“စိတ်အကောင်းပိုင်းက လူအသွင်ဖန်ဆင်းပြီး အဆုံးသတ်မှာ အသက်ကို သူ့အလောင်းထဲ ထည့်ပေးရင်း ကောင်းမွန်တဲ့လုပ်ရပ်တွေကို ဆောင်ရွက်ခဲ့သေးတယ်။ မင်းက အမှန်တရားနိယာမရဲ့ ပြယုဂ်ပေပဲ... ဒါကြောင့် မင်းကို ဒီတစ်ကြိမ်တော့ ငါ ကူညီပေးမယ်” အသံကြီး ပဲ့တင်ထပ်လာသည့်အချိန်မှာပင် အနက်ရောင်မြူထုက ကျုံ့သွားသည်။ ၎င်းသည် ပြန်လည်မွေးဖွားခြင်းဂူထဲတွင် စုစည်းလာပြီး ရှင်သန်ခြင်းနှင်းပန်း၏ဘေး၌ စုတ်တံအဖြစ် ပြောင်းသွားလေသည်။ စုတ်တံကား လေကို ပတ္တူစသဖွယ် သုံးနေသည့်အလား ဟိုဟိုသည်သည် ရွေ့လျားရင်း အလွန်တရာ အသက်ဝင်လှသော ရှင်သန်ခြင်းနှင်းပန်းတစ်ပွင့်အား ရေးခြယ်နေ၏။
စုတ်တံက ရွှစ်ခနဲ ဝှေ့ယမ်းလိုက်ရာတွင် ပုံရိပ်ယောင်ရှင်သန်ခြင်းနှင်းပန်းက သာနွီ၏ ခြောက်ကပ်နေသောအလောင်းအပေါ်၌ နေရာယူသွားတော့သည်။
“နှစ်တစ်သောင်း အိပ်နေလိုက်။ ပြီးရင် မင်း နိုးထလာခဲ့အခါ ပြန်လည်မွေးဖွားလာလိမ့်မယ်” အသံ ပဲ့တင်ထပ်နေစဉ် အနက်ရောင်မြူထု၏ အာရုံသည် ပြန်လည်မွေးဖွားခြင်းဂူ၏ ဟိုးချောင်ထဲရှိ ချုံမန်းတိုင်အပေါ် ကျရောက်သွား၏။
ချုံမန်းတိုင် စိတ်နှလုံးတုန်ရီသွားသည်။
“မင်းက ဘဝပေါင်းများစွာ၊ ပြန်လည်ဝင်စားခြင်းပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးတဲ့ ဝိညာဉ်ပဲ။ မင်းဟာ ဒီနေ့ရောက်လာအောင် မင်းရဲ့ မဆုတ်နစ်တဲ့ ဇွဲလုံ့လကို အားထားခဲ့တယ်... ဆက်သာသွား။ မင်းနဲ့ပတ်သက်ပြီး သိပ်ရင်းနှီးနေတာတစ်ခုကို ငါ အာရုံရနေတယ်”
ချုံမန်းတိုင်မှာ အသက်ရှူမြန်လာတော့သည်။ “ခင်ဗျားက .....”
သူ စကားပြောမပြီးခင် မြူများက တဖွေးဖွေး လှုပ်လာပြီး ချုံမန်းတိုင်မှာ ရုတ်တရက် ပွေ့မြှောက်ခံလိုက်ရသည်။ သူ့မှာ သူ၏ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ တောင်ကောင်းကင်ဂြိုဟ်၏အပြင်၊ ကြယ်တာရာကောင်းကင်ဆီသို့ အပို့ခံလိုက်ရတော့သည်။
“မင်း စောင့်နေတဲ့လူ ဒီကို ရောက်လာသည်ဖြစ်စေ၊ ရောက်မလာသည်ဖြစ်စေ” အသံက ပြောသည်။ “သူများကို ဘယ်လိုအသုံးချရမလဲပဲ သိရင် မင်းနှလုံးသားထဲမှာ ရှိတဲ့ အဲ့ဒီပုဂ္ဂိုလ်ကို အသက်ပြန်သွင်းနိုင်မယ့် အချိန်ရောက်လာတဲ့အခါ ... နောင်တပဲ ရမိလိမ့်မယ်။ နားလည်သွားတဲ့ အချိန်ကျရင် ဒီကို ပြန်လာခဲ့”
ပြန်လည်မွေးဖွားခြင်းဂူထဲတွင် အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေသည်။ မြူထုက ဟိုဟိုသည်သည် လှည့်ပတ်ရွေ့လျားရင်း မန်ဟို့ကို ကြည့်နေသော ပုံရိပ်တစ်ခု ဖြစ်လာသည်။
မန်ဟိုက တဆတ်ဆတ် တုန်ရီနေလျက် ထရပ်ပြီး ပြန်လည်မွေးဖွားခြင်းဂူဝသို့ လျှောက်သွားသည်။ သူ့မှာ ယခုတွင် သေမျိုးလူသားနှင့် မခြားပါသော်လည်း စောင့်ထိန်းရမည့် ကတိတစ်ခု ရှိသေးလေသည်။
မင်း ရှင်ရင် ငါ ရှင်မယ်၊ မင်း သေရင် ငါသေမယ်။
မန်ဟို ပြန်လည်မွေးဖွားခြင်းဂူအပြင်သို့ ခြေချတော့မည့်အချိန် သူ့အနောက်ရှိ ဝိုးတိုးဝါးတား ပုံရိပ်က အေးတိအေးစက် ပြောသည်။ “မင်း ပြီးပြည့်စုံတဲ့အလွှာကို ဘာကြောင့် ဒီလောက် ဂရုစိုက်နေရဝာာလဲ”
***