ထာဝရအလွှာ
Vol. 50 Ch. 693
မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူသည် ချာခနဲ လှည့်ပြီး အနောက်ရှိ မြူပုံရိပ်ကို ကြည့်လိုက်လေ၏။ သူ၏မျက်လုံးများမှာ နီရဲတွတ်နေပြီး ရူးတော့မတတ် ဖြစ်နေသော်လည်း နှုတ်ဆိတ်ငြိမ်သက်နေသော ရူးသွပ်မှုမျိုးဖြစ်သည်။
“ငါ့ကို မှတ်မိလား” မြူပုံရိပ်က တဖြေးဖြေး အဘိုးကြီးတစ်ယောက်အဖြစ် ထင်ရှားလာသည်။ သူသည် ရိုးရိုးသာမန် အဘိုးကြီးနှင့် တူသော်လည်း ထိုရိုးရှင်းမှုအထဲတွင် မဖော်ပြနိုင်လောက်အောင် ထူးခြားသောအသွင်အပြင်လည်း ရှိနေ၏။
“စီနီယာကြီး ရွှေတုန်းလျှို” မန်ဟိုက အံ့ဩတုန်လှုပ်လျက် ပြောသည်။ မှန်ပါသည်၊ ဤလူမှာ ရွှေတုန်းလျှိုဖြစ်ကြောင်း သူ ချက်ချင်း မှတ်မိလိုက်၏။
ရွှေတုန်းလျှို။ ကျီမျိုးနွယ်စု ကံကြွေးပျက်ကိန်း၏ ဖျက်စီးခြင်းကို မခံခဲ့ရသော သူ့မှတ်ဉာဏ်ထဲရှိ ပုဂ္ဂိုလ်။
“ပြီးပြည့်စုံတဲ့အလွှာဆိုတာ ကြီးမားမွန်မြတ်တဲ့ အခြေတစ်ခုသာ ဖြစ်တယ်။ အသိဉာဏ်မရှိ မိုက်မဲတဲ့သူတွေပဲ ပြီးပြည့်စုံတဲ့အခြေဟာ အစွမ်းထက်ဆုံး၊ အမွန်မြတ်ဆုံးလို့ ထင်ကြတာ။ သူက ဂန္တဝင်ကျမ်းစာသုံးခုကနေ ဆင်းသက်လာပြီး မင်းကို ကျမ်းဆရာသခင်တစ်ဦး ဖြစ်အောင် လုပ်ပေးနိုင်တယ်”
“ဒါမဲ့ ငါ့အတွက်တော့ ပြီးပြည့်စုံတဲ့အလွှာဆိုတာ သစ်ကိုင်းတစ်ကိုင်းလိုပဲ။ အဲ့ဒီအကိုင်းဟာ မင်းခန္ဓာကိုယ်အနှံ့ ဖြာထွက်ပြီးနောက်ဆုံး ပန်းတွေ ဖူးပွင့်လာမယ်။ ပန်းပွင့်တွေက တာအိုသစ်သီးဖြစ်လာမယ်။ အဲဒီတာအိုသစ်သီးကမှ စစ်မှန်တဲ့ ပါရာဂွန်တစ်ဦးဖြစ်ဖို့ သော့ချက်ပဲ
“မင်း အခု မင်းရဲ့အခြေကို ဆုံးရှုံးလိုက်ရပေမယ့် တာအိုသစ်သီးကတော့ ရှိနေသေးတုန်းပဲ။ မင်းဆုံးရှုံးလိုက်ရတာကပဲ အရေးအကြီးဆုံးလိုမျိုး ဘာကြောင့် ပြုမူနေတာတုန်း”
မန်ဟိုမှာ မှင်သက်သွားပြီး သူ၏စိတ်တွင် ထစ်ချုန်းသံကြီးတစ်သံ ပြည့်နှက်သွားတော့သည်။ “တာအိုသစ်သီးတဲ့လား”
“အေး တာအိုသစ်သီးဆိုတာပဲ” ရွှေတုန်းလျှိုက အေးတိအေးစက် ပြန်ဖြေသည်။ “ပြီးပြည့်စုံခြင်းအလွှာရဲ့ ရည်ရွယ်ချက်တစ်ခုလုံးက ပြီးပြည့်စုံခြင်းတာအိုသစ်သီးကို ကျစ်လစ်စေဖို့ပဲ
“အဲ့ဒီပြီးပြည့်စုံခြင်းတာအိုသစ်သီးက ပါရာဂွန်အလွှာကလွဲပြီး တခြားမဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒီအလွှာက မဖြစ်စလောက်ပဲ ရှိသေးတယ်” သူက အင်္ကျီလက်စကို ခံညားစွာ ဝှေ့ယမ်းလိုက်သည်။
“ပါရာဂွန်အလွှာရဲ့ အထက်မှာ ထာဝရအလွှာရှိတယ်
“အဲ့ဒါက ဒီအလွှာတွေကြားမှာ ထိပ်ဆုံးအလွှာပဲ။ ဒဏ်ရာ၊ ကျိုးပဲ့၊ အနာအဆာမဲ့ ၊ ပြီးပြည့်စုံခြင်း၊ တာအိုသစ်သီး ၊ ထာဝရ.... ဘယ်ကျင့်ကြံအဆင့်မဆိုရဲ့ မဟာအလွှာခြောက်ဆင့်။ မင်းက ပြီးပြည့်စုံခြင်းကိုပဲ ရောက်သေးတာ
“တာအိုသစ်သီးကို ရဖို့ ပြီးပြည့်စုံခြင်းကို ဖျက်စီးဖို့ လိုတယ်
“ထာဝရအတွက်ကတော့ ... မင်းက သတ်မှတ်ချက်တွေနဲ့တောင် ကိုက်ညီနေပြီးပြီ။ မင်းအတွက် မင်းရဲ့ပြီးပြည့်စုံခြင်းကို တစ်စုံတစ်ယောက်က ဖျက်တောင် ဖျက်စီးပေးပြီးပြီလေ။ ဘာလို့ မင်းနှလုံးသားက ... မွန်းကြပ်နေသေးတာလဲ။ ဘာလို့ ... ဒုတိယခွဲထွက်ခြင်းကို ဆက်မလုပ်ပဲ နေနေတာလဲ” ရွှေတုန်းလျှို၏ စကားလုံးများက မန်ဟို့နားထဲတွင် မိုးခြိမ်းသံသဖွယ် ထစ်ချုန်းနေရာ သူ၏စိတ်ထဲတွင် ဧရာမလှိုင်းတံပိုးကြီးများအား ထကြွလာစေတော့၏။
မန်ဟို့ဦးနှောက်မှာ ချာချာလည်နေပြီး သူ၏ခန္ဓာကိုယ်မှာ တုန်ရီလျက်ရှိကာ စူးရှတောက်ပသောအလင်းရောင်က သူ၏မျက်လုံးများတွင် နေရာယူထားလေသည်။ ရွှေတုန်းလျှို၏ စကားလုံးများသည် သူ၏စမ်းတဝါးဝါးဖြစ်နေမှုအလုံးစုံကို ဖယ်ရှားပစ်လိုက်၏။ ၎င်းမှာ အမှောင်မိုက်ဆုံးသော ညအချိန်တွင် အလင်းတန်းတစ်တန်း သူ၏အမှောင်ကမ္ဘာကို ရုတ်တရက် ထိုးခွင်းသွားသည့်အလားပင်။
“တာအိုသစ်သီး..... တာအိုသစ်သီး...” မန်ဟိုက ရင်တဒိန်းဒိန်း ခုန်နေလျက် တွေးလိုက်သည်။ “ပြီးပြည့်စုံခြင်းကို ဖျက်စီးပြီး တာအိုသစ်သီး ရရှိတာတဲ့လား
“ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက ငါ့ရဲ့ပြီးပြည့်စုံတဲ့အခြေကို လုယူသွားတယ်။ ဒါပေမဲ့ အဲ့ဒီပြီးပြည့်ခြင်းက ... ငါ့နှလုံးသားကို အပြည့်အဝ ကြိုတင်သိမ်းပိုက်ထားပြီးသား။ ဒါကြောင့် ဒီတစ်ခေါက် ငါ ... ငါ့နှလုံးသားကို ဖျက်စီးမယ်
“ငါ့နှလုံးသားထဲက ပြီးပြည့်စုံခြင်းကို ခွဲထုတ်ပစ်မယ်
“ငါ ကျင့်ကြံခြင်းအခြေခံ ရှိတုန်းက အဲ့ဒါကို ခွဲထုတ်နိုင်ဝာယ်။ ကျင့်ကြံခြင်းအခြေခံမရှိရင်လည်း ငါ မခွဲထုတ်နိုင်ဘူးလို့ ... ဘယ်သူပြောနိုင်မလဲ
“စိတ်ဝိညာဉ်ခွဲထွက်ခြင်း၊ စိတ်ဝိညာဉ်ခွဲထွက်ခြင်း၊ ခွဲထုတ်ခံလိုက်ရတာ စိတ်ဝိညာဉ်။ ခွဲထုတ်ခံလိုက်ရတာက နှလုံးသား .... အဲ့ဒါက ငါ့ရဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်း ဒုတိယဓားသွားပဲ
“ပြီးပြည့်စုံတဲ့အလွှာကို ခွဲထုတ်ပစ်မယ်။ အတိတ်ကို ဖျက်စီးပစ်မယ်။ ငါ့တာအိုသစ်သီးကို ဖန်တီးရမယ်” မန်ဟို၏ စိတ်သည် လက်ခနဲ ဉာဏ်အလင်းပွင့်သွားဝောာ့၏။ သူ့တွင် ကျင့်ကြံခြင်းအခြေခံမရှိသော်လည်း တရိပ်ရိပ် လှုပ်ရှားအုံကြွနေသော အရှိန်အဝါတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားလေသည်။
ထိုအရှိန်အဝါထဲတွင် ကောင်းကင်ဘုံပြောင်းလဲခြင်းများ၊ တလိပ်လိပ်ထနေသော တိမ်တိုက်များနှင့် တဝေါဝေါတိုက်နေသော လေများ ပါရှိနေသယောင်ပင်။ အံ့ဩဖွယ်ကောင်းစွာနှင့် နဂါးငွေ့တန်းပင်လယ်မှာတုန်းက မန်ဟို ကြုံတွေ့ခဲ့ဖူးသည့်အတိုင်း မဟာတာအိုတစ်ပါး ဆင်းသက်လာတော့မည့် ရှေ့ပြေးနိမိတ်များ ပေါ်ပေါက်လာသည်။
ထိုအခိုက်အတန့်တွင် တောင်ပိုင်းဒေသ၏ နယ်မြေအားလုံးအပေါ်ရှိ ကောင်းကင်ကြီးမှာ လှုပ်ရှားလာ၏။ လေများ တဝေါဝေါ တိုက်ခတ်လာပြီး လျှပ်စီးများ ပြိုးပြိုးပြက်ပြက် လက်ကာ မိုးခြိမ်းသံများ တဂျိန်းဂျိန်း ဆူညံနေလေပြီ။ တောင်ကောင်းကင်ရှိ ပညာရှင်အားလုံး တုန်လှုပ်ကုန်ကြပြီး မရေမတွက်နိုင်သောလူများက ကောင်းကင်ကို တအံတဩ မော့ကြည့်လိုက်ကြ၏။
တစ်ချိန်တည်းမှာပင် တောင်ကောင်းကင်ဂြိုဟ်၏အပြင်ဘက် ကြယ်တာရာကောင်းကင်တွင် ... နဝမတောင်ထဲမှ အံ့ဖွယ်စိတ်ဆန္ဒတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ ၎င်းသည် နဝမတောင်နှင့်ပင်လယ်ကို လွှမ်းခြုံသွားပြီး တောင်ကောင်းကင်ဂြိုဟ်အပေါ်သို့ အာရုံစိုက်လိုက်၏။
ဤသည်မှာ နဝမတောင်ပင်လယ် မဟာတာအို၏ စိတ်ဆန္ဒဖြစ်လေသည်။ ၎င်းကား နဝမတောင်နှင့်ပင်လယ်မှ အခြေခံအဖြစ်ထားထားသော ကောင်းကင်နှင့်မြေကြီး၏ သဘာဝနိယာမဖြစ်သည်။
ဤစိတ်ဆန္ဒကိုယ်တိုင်မှာ မဟာတာအိုတစ်ပါးလည်း ဖြစ်ပေသည်။ ၎င်းပေါ်ပေါက်လာမှုက တောင်ကောင်းကင်ဂြိုဟ်၏ကောင်းကင်တစ်ခုလုံးတွင် အကန့်အသတ်မရှိသော အလင်းရောင်တို့ဖြင့် ထိန်ထိန်လင်းသွားစေသည်။ တောင်ကောင်းကင်ဂြိုဟ်၏အပြင်ရှိ ကျီမျိုးနွယ်စု၏ အင်မော်တယ်အပ်နှင်ခြင်းစင်မြင့်ပင်လျှင် တုန်ရီသွားပြီး အလုပ်မလုပ်တော့ပေ။
တောင်ကောင်းကင်ဂြိုဟ်ရှိ ကျီမျိုးနွယ်အကြီးအကဲများနှင့်အတူ အခြားဂိုဏ်းများနှင့် မျိုးနွယ်စုများမှ မရေမတွက်နိုင်သော အစွမ်းထက်ပညာရှင်များအားလုံး အထိတ်တလန့် ဒူးထောက်၍ အရိုအသေပေးလာကြသည်။
တောင်ကောင်းကင်ဂြိုဟ်၏ ကောင်းကင်ထက်တွင် နဝမတောင်နှင့်ပင်လယ်၏ စိတ်ဆန္ဒသည် ရုတ်တရက် ပြန်လည်မွေးဖွားခြင်းဂူရှိ မန်ဟို့ထံသို့ ပိုင်းချလိုက်သော ဓားသွားပုံသဏ္ဌာန်ဖြစ်လာ၏။
ဤကျဆင်းလာနေသော စိတ်ဆန္ဒကား သူ၏ ပထမခွဲထွက်ခြင်းဓားသွားထက် အဆများစွာ အစွမ်းထက်လေသည်။ တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်လုံး တုန်ခါလာ၏။
ကောင်းကင်မှာ ကွဲထွက်သွား၍ ကြယ်လနက္ခတ်တာရာများ ပေါ်လာသည်။ မရေမတွက်နိုင်သော ကြယ်စင်မြစ်ပြင်များသည် ဖြစ်ပျက်နေသောအရာကို မျက်ဝါးဝါးထင်ထင် ကြည့်ရှုရန် စောင့်ဆိုင်းနေကြသည့်အလား တလက်လက် တဖျပ်ဖျပ် လင်းလက်တောက်ပနေကြ၏။
ပြန်လည်မွေးဖွားခြင်းဂူတွင် မန်ဟို့အရှေ့၌ ဓားသွားတစ်ခုပေါ်လာသည်။ ထိုစိတ်ဝိညာဉ်ခွဲထွက်ခြင်းဓားသွားက တလက်လက် တောက်ပနေရင်း သူ၏ခေါင်းအပေါ်တွင် ပျံဝဲနေ၏။
သူက ဆံပင်များ ဖွာလန်ကြဲနေလျက် ခေါင်းထောင်ပြီး ဟိန်းဟောက်လိုက်သည်။ “ဖြတ်တောက်လိုက်စမ်း”
သူ၏အသံ ပဲ့တင်ထပ်သွားသောအခါ မဟာတာအိုဓားသွားက ပြန်လည်မွေးဖွားခြင်းဂူကို ပိုင်းချရင်း မန်ဟို့ခေါင်းအထက်ရှိ ဓားသွားနှင့် တစ်သားတည်းဖြစ်ကာ သူ၏ခေါင်းကို ဖြတ်သွားတော့သည်။
ဓားသွားက မန်ဟို့ခေါင်းကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် မြေကြီးနှင့် ထိသွားသည့်အထိ သူ့အား ပိုင်းဖြတ်လိုက်လေသည်။ သူ၏ခန္ဓာကိုယ်ကား နှစ်ပိုင်းတိတိ ပိုင်းဖြတ်ခံလိုက်ရသည့်အလားပင်။
အက်ကွဲကြေမွသံများ ကြားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှ မဟုတ်။ ပြီးပြည့်စုံသောအလွှာကို ဆုံးရှုံးလိုက်ရခြင်းအား လက်မခံနိုင်သည့်စိတ်ကြောင့် ဖြစ်ပေါ်လာသော သူ့ကိုယ်အတွင်းရှိ အချုပ်အနှောင်များ၊ အတားအဆီးများမှ ဖြစ်ပေသည်။
ထိုကန့်သတ်ချုပ်ချယ်မှုအားလုံး အလျှင်း ခွဲထုတ်ဖျက်စီးခံလိုက်ရလေပြီ။
မန်ဟိုမှာ ချက်ချင်းပင် ပြင်းပြင်းထန်ထန် တုန်ရီစပြုလာသည်။ ထို့နောက် အညောင်းအညာပြေသွားသော၊ တည်ငြိမ်အေးချမ်းသွားသော ခံစားချက်က သူ့တစ်ကိုယ်လုံးတွင် ပြည့်နှက်သွားသည်။ စောစောက သူ့မှာ တောင်ကြီးတစ်လုံး၏ အလေးချိန်ဖြင့် အဖိနှိပ်ခံထားရသလိုဖြစ်ခဲ့၏။ ယခုဝောာ့ ထိုတောင်ကား ပျောက်ကွယ်သွားခဲ့လေပြီ။
အံ့ဩဖွယ်ကောင်းနှင့် တစ်ချိန်တည်းမှာပင် သူ၏နဖူးအပေါ်၌ မှော်သင်္ကေတသဖွယ် ၊ ရောင်စဉ်တစ်မျိုး ထုတ်လွှတ်နေသော သစ်သီးတစ်လုံး၏ပုံသဏ္ဌာန် ပေါ်ပေါက်လာသည်။
ဤသည်မှာ .... တာအိုသစ်သီးတစ်လုံးပင်။
၎င်းကို မရေမတွက်နိုင်သော မှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားပြီး မည်သည့်ရှုထောင့်တွင်မဆို အပြစ်အနာအဆာမဲ့ ပြီးပြည့်စုံသည်။
ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးသည် မန်ဟို၏တာအိုအခြေကို လုယူနိုင်ခဲ့သော်လည်း တာအိုသစ်သီးကိုတော့ မယူနိုင်ခဲ့ပေ။ တာအိုသစ်သီးသည် မန်ဟို့တစ်ယောက်တည်းအပိုင်ဖြစ်၍ မည်သူမှ ယူဆောင်ခြင်းမပြုနိုင်သည်သာ။
တာအိုသစ်သီးပေါ်လာသည့်အခိုက်အတန့်တွင် မန်ဟို့ကိုယ်အတွင်း၌ ကျင့်ကြံခြင်းအခြေခံတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ပထမဆုံး ၎င်းသည် စဦးချီဖွဲ့စည်းမှုဖြစ်၏။ ထို့နောက် ချီအခြေတည်ခြင်း၊ အမြုတေဖြစ်တည်မှုနှင့် အနုသုခုမရုပ်ခန္ဓာ။
အနုသုခုမရုပ်ခန္ဓာ အထွတ်အထိပ်အဆင့်ရောက်သော် မန်ဟို၏ လွတ်လပ်လိုမှု ၊ အမှီအခိုကင်းလိုမှုက ပထမခွဲထွက်ခြင်းကို ပြန်ပေါ်လာစေသည်။
သူ၏ ကျင့်ကြံခြင်းအခြေခံကား အကောင်းပကတိ ပြန်ဖြစ်သွားလေပြီ။
ပြစ်ဒဏ်သည် ကံကြမ္မာကောင်းလည်း ဖြစ်နိုင်ပေ၏။
မန်ဟို့စွမ်းအားမှာ ရောင်စုံအလင်းတန်းအလားပင်။ ပြီးပြည့်ခြင်းအလွှာကို ဖျက်စီးပြီးနောက် သူခန္ဓာကိုယ်မှာ ထပ်မံတုန်ရီသွားပြန်သည်။ ပို၍ပင် အားကောင်းသော ကျင့်ကြံခြင်းအခြေခံက သူ၏ခန္ဓာကိုယ်မှ ရုတ်တရက် ဖြာထွက်သွားလေသည်။
ဤသည်မှာ ဒုတိယခွဲထွက်ခြင်းအဆင့်ကျင့်ကြံခြင်းအခြေခံပင်။
“တာအိုသစ်သီးပါရာဂွန်” ထူးဆန်းသောအလင်းရောင်တစ်ခု မန်ဟို၏မျက်လုံးများတွင် တောက်ပသွားပြီး သူ့မှာ အသက်ရှူသံများ ပိုမြန်လာတော့သည်။ သူ၏အပြင်အားကိုယ်သည် အပြင်အားကိုယ်သိဒ္ဓိတင်ကျင့်စဉ်ကြောင့် ရောက်ရှိခဲ့သော ကမ္ဘာတုန်ဟည်းအဆင့်သို့ ပြန်လည်ရောက်ရှိသွားခဲ့၏။ ထိုမျှသာမက သာနွီမှ သူ့ကိုယ်ထဲ ပို့လွှတ်ပေးခဲ့သော အကန့်အသတ်မဲ့ အသက်စွမ်းအားများကြောင့် အပြင်အားကိုယ်သည် ယခင်ထက်ပင်ပို၍ သန်မာနေလေပြီ။
“တာအိုသစ်သီးက ကောင်းပေမယ့်” ရွှေတုန်းလျှိုက တိုတိုပြတ်ပြတ် ပြောသည်။ “ထာဝရအလွှာအတွက် အရည်အချင်းပြည့်မှီနေမှတော့ ဘာလို့ ထိုင်ပြီး ဉာဏ်အလင်းမရှာသေးလဲ” သူက အင်္ကျီလက်စကို ခါလိုက်ရာ မန်ဟို့မှာ မြေကြီးအပေါ်တွင် ချက်ချင်း တင်ပျဉ်ခွေလျက်သား ဖြစ်သွား၏။ “မင်းကိုယ်မင်း မေး ၊ ထာဝရဆိုတာ ဘာလဲ”
“ထာဝရဆိုတာ ဘာလဲ” မေးခွန်းက မန်ဟို့ခေါင်းထဲတွင် ပဲ့တင်ထပ်သွားသည်။
ထာဝရ.....
မျက်လုံးမဲ့ပိုးကောင်မှာ ထာဝရဖြစ်တည်သည်။ ပိုးကောင်ကို ဖျက်စီးမရလျှင် ပိုးချည်အား ဖြတ်တောက်မရနိုင်။ ပိုးချည် မပြတ်တောက်လျှင် ပိုးကောင်ကား အဖျက်စီးခံရမည်မဟုတ်။
၎င်းက ထာဝရသံသရာပင်။
ဝိညာဉ်ခွဲဖြာမန္တန်သည် ထာဝရဖြစ်၏။ မသေနိုင်သောဝိညာဉ်မှာ အဖန်တလဲလဲ ပေါ်ပေါက်လာမည်။ ကောင်းကင်နှင့်မြေကြီး၏ ဘဝပြန်ဝင်စားသံသရာစက်ဝန်းအနေဖြင့် ၎င်းကို မဖျက်စီးနိုင်။ သင်သေလျှင် နှစ်ပေါင်းများစွာကြာသော် သင့်အသွေးအသားသည် ပြန်လည်မွေးဖွားလာလိမ့်မည်။
“ထာဝရဆိုတာ ငါ့ကိုယ်အတွင်းမှာ ထာဝရတည်ရှိနေတဲ့ တစ်စုံတစ်ခုပဲ။ ကောင်းကင်နဲ့မြေကြီးမှာ ရှိတဲ့ ဘယ်သက်ရှိသတ္တဝါမှ အဲ့ဒီအရာကို ငါ့ဆီကနေ လုယူမသွားနိုင်ဘူး။ ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်ဆန္ဒကိုယ်တိုင်တောင်မှ ငါ့အပိုင်ဖြစ်တဲ့ ထာဝရကို လုယူနိုင်မှာ မဟုတ်ဘူး
“ထာဝရဆိုတာ ခိုင်မာပြတ်သားမှုတစ်မျိုး၊ ကြီးစိုးခြယ်လှယ်နေတဲ့ သဘောထားတစ်မျိုး
“ငါ့အပိုင်ဖြစ်တဲ့အရာဟာ ငါတစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တယ်” မန်ဟိုက ရုတ်တရက် ရွှေတုန်းလျှိုကို မော့ကြည့်လိုက်သည်။
“သိပြီလား” ရွှေတုန်းလျှိုက သူ့ကို ကြည့်ရင်း ပြောသည်။
“သိပြီ” သူ ပြန်ဖြေလိုက်သည့်အခိုက်အတန့်တွင် ထစ်ချုန်းသံကြီးတစ်သံ သူ၏ခန္ဓာကိုယ်တွင် မြည်ဟည်းသွား၏။ တာအိုသစ်သီးသည် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားရာ မရေမတွက်နိုင်သော မှော်သင်္ကေတများကို ပြန့်ကြဲသွားစေသည်။ ၎င်းတို့က သူ့တစ်ကိုယ်လုံး ပြည့်နှက်သွားပြီးနောက် သူ၏ကျင့်ကြံခြင်းအခြေခံ၊ သူ၏အသွေးအသား၊ သူ၏ဝိညာဉ်အတွင်း စိမ့်ဝင်ပေါင်းစည်းသွားလေသည်။
တစ်ချိန်တည်းမှာပင် ဝိညာဉ်ခွဲဖြာမန္တန်က မန်ဟို့စိတ်ထဲတွင် လည်စပြုလာသည်။ တစ်ချက်ကလေးသာ လည်ရသေးသည်၊ မန်ဟိုကား မန္တန်၏အဓိပ္ပာယ်အစစ်အမှန်ကို နားလည်သဘောပေါက်သွားလေပြီ။
၎င်းသည် ထာဝရအလွှာအကြောင်း လူအများ နားလည်အောင် လမ်းပြပေးသော အဆင့်မြင့်ဝာာအိုမှော်ကျင့်စဉ်တစ်ခု ဖြစ်နေ၏။
ဝိညာဉ်ခွဲဖြာမန္တန်ကို ကျင့်ကြံနိုင်ရန် လူတစ်ယောက်သည် သေခြင်းတရားကို ကြုံတွေ့ဖို့၊ မယုံကြည်နိုင်ဖွယ် စိတ်တန်ခိုးနှင့် ထူးခြားသော ကံကြမ္မာကောင်းကို ပိုင်ဆိုင်ဖို့ ၊ အရေးအကြီးဆုံးအနေဖြင့် ခြေတစ်လှမ်းမှားရုံနှင့် သေဆုံးခြင်း သို့မဟုတ် ကျင့်စဉ်ပျက်စီးခြင်းအား ဦးတည်သွားစေနိုင်သော သေခြင်းနှင့်ရှင်ခြင်းအကြား ချောက်ကမ်းပါးတွင် အသက်မျှင်မျှင်လေးဖြင့် လျှောက်လှမ်းကြည့်ဖို့ လိုအပ်လေသည်။
မန်ဟိုအတွက်မူ သူ ဉာဏ်အလင်းရနိုင်သော အကြောင်းရင်းမှာ မျက်လုံးမဲ့ပိုးကောင်ကြောင့် ဖြစ်သည်။ ၎င်း၏ ရှင်ခြင်းသေခြင်းပိုးချည်က သူ၏ဝိညာဉ်ကို ထွက်မသွားနိုင်အောင် မြဲမြဲမြံမြံ ချည်နှောင်ပေးထားခဲ့လေသည်။ သူ၏ဝိညာဉ်သည် အပြင်အားကိုယ် သေဆုံးနေစဉ်အတွင်း အသက်ရှင်နေခဲ့၏။
ရှင်ခြင်းနှင့် သေခြင်းအကြား ထိုနေရာတွင် မန်ဟို့ဝိညာဉ်သည် .... ထာဝရအလွှာအတွက် အရည်အချင်း ပြည့်မှီသွား၏။
ဟိုးလွန်ခဲ့သောနှစ်များက ခဲယွင်ဟိုင်သည် ထိုသို့လုပ်ဆောင်မှုမျိုး ပေးစွမ်းနိုင်သော ခေါင်းတလားအား ခဲကျုံစစ်အတွက် ပြင်ဆင်ပေးခဲ့၏။ ထို့ကြောင့် ခဲကျုံစစ်သည် ဝိညာဉ်ခွဲဖြာမန္တန်ကို ကျင့်ကြံရာတွင် အောင်မြင်ခဲ့ရလေသည်။
မှော်သင်္ကေတများက သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းအကုန်လုံးအား ထိုးဖောက်ဝင်ရောက်နေသဖြင့် မန်ဟိုမှာ တုန်ရီနေတော့သည်။ ဤသင်္ကေတများနှင့် တစ်သားတည်းဖြစ်နေသည့်အတွက် သူ၏ကျင့်ကြံခြင်းအခြေခံသည် ဒုတိယခွဲထွက်ခြင်းတွင်သာ ဖြစ်ပါသော်လည်း သူ့အဆင့်ကား ထာဝရအလွှာဖြစ်နေလေပြီ။
သူသည် ပြီးပြည့်စုံခြင်းအလွှာ မဟုတ်တော့ဘဲ ပြီးပြည်စုံခြင်းထက်မြင့်သော ထာဝရအလွှာသို့ ရောက်ရှိသွားခဲ့လေပြီ။
ထာဝရအလွှာ၊ ငါ့အပိုင်က ငါ့တစ်ယောက်တည်းအပိုင်ပဲ။ ဘယ်သူမှ ငါ့ဆီကနေ မလုယူနိုင်စေရဘူး
မန်ဟိုက ရွှေတုန်းလျှိုဘက် လှည့်၍ လက်နှစ်ဖက်ယှက်ကာ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
“စီနီယာကြီးခင်ဗျား၊ လမ်းမှန်ကို ညွှန်ကြားပြသပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”
ရွှေတုန်းလျှိုက သူကို ခေတ္တကြည့်ပြီးနောက် ပြောသည်။ “ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး... အခုကစပြီး မင်း ဝမ်မျိုးနွယ်စုအပေါ် ရန်ငြိုးမထားဖို့ပဲ ငါ မျှော်လင့်တယ်။ မင်း သတ်ချင်ရင် မင်းရဲ့တာအိုအခြေကို လုယူသွားတဲ့လူကိုပဲ သတ်။ တခြားသူတွေကို မသတ်နဲ့။ မင်းကို ရန်မပြုတဲ့ လူတွေကို သတ်ပြီး မကောင်းဆိုးဝါး အဖြစ်မခံနဲ့
“ကဲ အခုသွားတော့ ။ မင်းမှာ စိတ်ပူစရာအကြောင်း ရှိနေတော့လည်း ငါ မင်းကို ထပ်ဆွဲမထားဝောာ့ပါဘူး”
မန်ဟိုက သူ့ကို ကြည့်ပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် လက်နှစ်ဖက်ယှဉ်၍ အရိုအသေ ထပ်ပေးပြီးနောက် ဓားအိမ်မှ မထုတ်ရသေးသော ဓားသဖွယ် အသတ်အဖြတ်စိတ်ဆန္ဒများ ထုတ်လွှတ်လျက် ဂူထဲမှ ထွက်သွားဝောာ့သည်။
ရွှေတုန်းလျှိုက မန်ဟို ထွက်သွားသည်ကို ကြည့်ပြီးနောက် အတန်ကြာသော် လှည့်၍ ပြန်လည်မွေးဖွားခြင်းဂူအတွင်းပိုင်းသို့ လျှောက်ဝင်သွားသည်။ ချုံမန်းတိုင်နှင့် သာနွီတို့လို လူများအတွက် ပြန်လည်မွေးဖွားခြင်းဂူမှာ သိပ်မကြီးပေ။ သို့သော် ရွှေတုန်းလျှိုအတွက်ဝောာ့ အကန့်အသတ်မဲ့၏။
သူသည် ကျောက်သားစိုင်မှ ထွင်းထားသော အခန်းတစ်ခန်းသို့ မရောက်မချင်း တရွေ့ရွေ့ လျှောက်လာခဲ့၏။
ကျောက်အခန်းမှာ တစ်ပိုင်းတစ ရေးခြယ်ထားသော ပတ္တူစတစ်စမှအပ ပြောင်ရှင်းနေလေသည်။
ပန်းချီသည် တောရွာလေးတစ်ရွာကို ပုံဖော်ထား၏။ ဆံပင်ဖြူဖြူအဘိုးကြီးတစ်ဦးက လက်နှစ်ဖက်ကို ကျောနောက်ပစ်လျက် အဝေးသို့ ရပ်ကြည့်နေသည်။ သူ့ဘေးတွင် တစ်စုံတစ်ခုကို တောင်းဆိုနေပုံရသော ကောင်လေးတစ်ယောက်ရှိသည်။ အဘိုးကြီးက လူငယ်ကို ခေါင်းယမ်းပြလိုက်သည်။
ရွှေတုန်းလျှိုသည် ပန်းချီကားကို ကြည့်ပြီး အတိတ်ကို ပြန်ပြောင်းတွေးဝောာနေသော အရိပ်အယောင်တစ်ခုက သူ၏မျက်ဝန်းများတွင် ပေါ်လွင်နေသည်။ နောက်ဆုံးတွင် သူက မျက်လုံးပိတ်လိုက်၏။
ထိုအခိုက်အတန့်တွင် အရှေ့ဘက်နယ်မြေ၌ တင်ပျဥ်ခွေထိုင်နေသာ ပန်းချီဆရာဘိုးကြီး၏မျက်လုံးများ ပွင့်လာသည်။ သူက အရှေ့ရှိ သူဋ္ဌေးကို ပြုံးပြပြီး လည်ချောင်းရှင်းလိုက်၏။
“ကျုပ် စိတ်ခရီး အဆင်ပြေပြေ ပြီးသွားပြီ။ ကဲ အခု ခင်ဗျားအတွက် ပန်းချီစဆွဲတာပေါ့”
***