သူ ရောက်လာပြီ
Vol. 50 Ch. 694
မန်ဟိုကား ပြန်လည်မွေးဖွားခြင်းဂူမှ ထွက်လာခဲ့လေပြီ။
ထိုအခိုက်အတန့်တွင် သူ၏ကျင့်ကြံခြင်းအခြေခံသည် တဟုန်းဟုန်း တောက်လျက် ရှိ၏။ သူကား လူသတ်ဓားချီကို ထုတ်လွှတ်နေသော ဓားတစ်လက်နှင့် အမှန်တကယ် တူချေသည်။ သူ၏အသတ်အဖြတ်စိတ်ဆန္ဒက တလိပ်လိပ် ဖြာထွက်နေရာ ပတ်ဝန်းကျင်ရှိ လေထုကိုပင်လျှင် အေးခဲသွားစေနိုင်၏။
နှင်းရေခဲများက ကျောက်တုံးဥယျာဉ်ထဲရှိ ကျေက်တုံးများကို ဖုံးလွှမ်းရင်း မြေပြင်တစ်လျှောက် ပျံ့နှံ့သွားလေသည်။ သူ ရှေ့လျှောက်လာစဉ် သူ၏နတ်ဘုရားအာရုံက ပြန်လည်မွေးဖွားခြင်းဂူအပြင်တွင် ရပ်လျက် စိုးရိမ်တကြီး လှမ်းကြည့်နေသော ရင်းနှီးသည့်လူဆီ ရောက်သည်အထိ ဖြာထွက်သွား၏။
“ဖက်တီး...” မန်ဟိုက တွေးလိုက်သည်။ သူသည် ဦးတည်ရာပြောင်းပြီး တခဏကြာသော် ဖက်တီး၏ ရှေ့တည့်တည့်တွင် ပြန်ပေါ်လာသည်။
“ဘယ်သူလဲ” ဖက်တီးက ကြောက်အားလန့်အား အော်ရင်း ထွက်ပြေးတော့မည့်အလားပင်။ သူသည် ကပျာကယာ နောက်ဆုတ်သွားပြီး မှော်ပစ္စည်းဒါဇင်ပေါင်းများစွာက ဖောက်ခနဲ ဖောက်ခနဲ ပေါ်လာသည်။
ဖက်တီးမှာ မန်ဟို့ကို မြင်သောအခါ ကြောင်ပြီး ကြည့်နေ၏။ ထို့နောက်မှ အဆုတ်ကွဲလုမတတ် ကျယ်လောင်စွာ အော်တော့သည်။ “မန်ဟို မန်ဟို”
မန်ဟို့မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ထွန်းသွားသည်။ ဖက်တီးနှင့် ကွဲကွာနေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယခုပြန်ဆုံသောအခါ ဖက်တီးရင်ထဲရှိ မိတ်ဆွေသံယောဇဉ်များကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရလေသည်။ သူတို့နှစ်ယောက်သား ဘာမှထပ်မပြောဝောာ့ဘဲ ရှေ့တက်ပြီး ယောက်ျားဆန်ဆန် ပွေ့ဖက်လိုက်ကြသည်။
ဖက်တီးမှာ အင်မတန် ဝမ်းသာပျော်ရွှင်နေ၏။ သူသည် မန်ဟို့ကို ကြည့်ပြီး မှီခိုရာဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ပြန်ပြောင်းတွေးလိုက်မိလေသည်။ တွေးနေရင်းတန်းလန်း ရုတ်တရက် ရှုချင်ကို သတိရလိုက်ပြီး သူ့မျက်နှာပျက်သွားဝောာ့၏။ “မင်း အစ်မရှုကို သွားကယ်မှ ဖြစ်မယ်”
မန်ဟိုမှာ ဤစကားကို ကြားသောအခါ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ “ဘာဖြစ်ခဲ့လို့လဲ”
ဖက်တီးသည် တခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် ခေါင်းခါလိုက်၏။ “ဘာ.. ဘာမှမဖြစ်ပါဘူး.....”
သူ့ကြည့်ရသည်မှာ မရှင်းပြလိုသည့်အလားပင်။
မန်ဟိုက ခတ္တခဏ တိတ်ဆိတ်သွားသည်။ သူသည် မေးခွန်းများ ထပ်မေးမနေတော့ဘဲ လေပေါ် ပျံတက်လိုက်၏။ တကယ်တော့လည်း မေးစရာမလိုပေ။ ချင်းလော်ဂိုဏ်းသို့ သွားလိုက်ရုံနှင့် သူရှာနေသော အဖြေများ ရလိမ့်မည်သာ။
ဖက်တီးသည် မန်ဟို့ကို ကောင်းကောင်းနားလည်သူဖြစ်၍ မန်ဟို ထိုသို့ပျံထွက်သွားသည် မြင်သည်နှင့် သူ့အတွေးကို ခန့်မှန်းနိုင်လိုက်လေသည်။ ဖက်တီးက အံတင်းတင်းကြိတ်ပြီး အော်ပြောလိုက်သည်။ “မန်ဟို၊ အစ်မရှုကို မြန်မြန်သွားကယ်။ မင်းအတွက် ဆေးလုံးယူလိုက်တာကြောင့် သူ့ကို အခု ချင်းလော်ဂိုဏ်းရဲ့မြေအောက်မှာ ချုပ်ထားကြတယ်။ တစ်ဂိုဏ်းလုံးက သူ့ကို အရှင်လတ်လတ် အရည်ဖျော်ပစ်မလို့ လုပ်နေကြတာ”
မန်ဟိုက လေလယ်တွင် တုံ့ခနဲ ရပ်သွားပြီး မျက်လုံးများ သွေးကဲ့သို့ ချက်ချင်း နီရဲသွား၏။ “မင်း အခု ဘာပြောလိုက်တာ”
အမျက်ဒေါသနှင့် သတ်ဖြတ်လိုစိတ်တို့က သူ့ကို ဝါးမြိုသွားလေပြီ။ သူ၏ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်လာပြီး သူ့ပတ်ပတ်လည်ရှိ လေထုမှာလည်း တစစီကွဲကြေတော့မည့်အလား အသံမြည်လာသည်။
ဖက်တီးက အံတင်းတင်းကြိတ်လိုက်သည်။ ဤအထိပြောပြီးမှတော့ ပေါက်သည့်နဖူး မထူးတော့ချေ။ “မြန်မြန် သွားကယ်။ မကြာခင် ... နောက်ကျလွန်းသွားလိမ့်မယ်
“အစ်မရှုက ပြန်လည်မွေးဖွားဂူကနေ ပြန်ထွက်လာနိုင်တဲ့ ပထမဆုံးလူဆိုပြီး သတင်းပျံ့သွားခဲ့တယ်။ သူက အဲ့ဒီဆေးလုံးကို ခိုးဖို့ အရာအားလုံးပုံအောခဲ့ပြီး ငါ့ကို လက်ထဲ ထည့်ခဲ့တာ။ အစ်မရှုကြောင့် ငါ ဒီဆေးလုံးကို မင်းဆီ ယူလာနိုင်ခဲ့ဝာာပဲ
“နောက်ဆုံးမှာ ချင်းလော်ဂိုဏ်းက အစ်မရှုကို ဖမ်းမိသွားတယ်။ သူတို့ပြောတာတော့ အစ်မရှုက ပြန်လည်မွေးဖွားခြင်းဂူကနေ အသက်ရှုရက် ထွက်လာနိုင်ခဲ့ဝာာမလို့ ဂူရဲ့အရှိန်အဝါက သူ့ခန္ဓာကိုယ်အပေါ် သက်ရောက်နေတယ်တဲ့။ ချင်းလော်ဂိုဏ်းခေါင်းဆောင်ကြီးတွေက သူ့ကို ရတနာဆေးလုံးတွေအဖြစ် သန့်စင်ပြီး ပြန်လည်မွေးဖွားခြင်းအရှိန်အဝါကို ရအောင် စားကြဖို့ မျှော်လင့်နေကြတယ်”
ဤတစ်ခေါက် မန်ဟို့ခေါင်းထဲရှိ ထစ်ချုန်းသံမှာ မိုးကြိုးအစင်းသန်းပေါင်းများစွာ တစ်ပြိုင်တည်း ပစ်ချပေါက်ကွဲသွားသည့်အလားပင်။ သူသည် ရှုချင် သူ့ဆီသို့ အသက်စွမ်းအားပို့လွှတ်ပေးခဲ့သော မြင်ကွင်းကို ပြန်မြင်လိုက်မိသည်။ မွေးရပ်မြေ၊ ကျိုးပြည်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး ပြန်တွေးမိလိုက်သည်။ သူမ အုတ်ဂူတူးပြီး ကမ္ဗည်းကျောက်စာတိုင် စိုက်ခဲ့သောပုံကို သူ သတိရသွားသည်။
သူသည် ရှုချင် သူ့ကို ကြည့်လိုက်သောအခါ သူမ၏ ခိုင်မာပြတ်သားသော မျက်ဝန်းတစ်စုံကို မြင်ယောင်သွားပြီး ရေရွတ်လိုက်၏။ “မင်း ရှင်ရင် ကိုယ် ရှင်မယ်။ မင်း သေရင် ကိုယ် သေမယ်”
မည့်သည့်မိန်းမသားမှ သူ့ကို ယခုလို တစ်ခါမှ မဆက်ဆံပေးခဲ့ဖူးပေ။ မည်သည့်မိန်းမသားမှ သူ့အသက်ကို ဤမျှ ဂရုမစိုက်ခဲ့ဖူးပေ။ ဘယ်တုန်းကမှ.....
မန်ဟိုသည် ခေါင်းမော့ပြီး ကောင်းကင်နှင့်မြေကြီးထံမှ အရောင်များပင် ပျောက်ကွယ်သွားရလောက်အောင် ဝမ်းနည်းကြေကွဲနေသော အသံကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ တိမ်များ တလိပ်လိပ် ထသွားပြီး လေများ တဝေါဝါ သောင်းကျန်းသွားကာ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားသည် အရှိန်အဟုန်ပြင်းစွာ ပေါ်ထွက်လာတော့၏။ လေမုန်တိုင်းတစ်လုံးက အရပ်မျက်နှာတစ်ခွင် ဝုန်းဒိုင်းကြဲ တိုက်ခတ်သွားလေပြီ။ ပတ်ဝန်းကျင်ရှိ လေထုမှာလည်း ပြိုကွဲပျက်စီးတော့မည့်အလားပင်။
“ချင်းလော်ဂိုဏ်းးးးးးးးး
“မင်းတို့ ရှုချင် ခေါင်းပေါ်က ဆံပင်လေးတစ်ပင်ကိုတောင် ထိခိုက်အောင် လုပ်ရဲရင် ငါ ၊ မန်ဟို မင်းတို့ခန္ဓာကိုယ်တွေကို တစစီ စုတ်ဖြဲပြီး မင်းတို့အရိုးတွေကို အမှုန့်ခြေပစ်မယ်” သူက ညာလက်ကို ဝှေ့ယမ်း၍ သိုလှောင်အိတ်ကို ပုတ်လိုက်ရာ စစ်ရထားပေါ်လာသည်။ သူသည် အထဲဝင်၍ အကောင်းအတိုင်းပြန်ဖြစ်နေခဲ့သော အင်မော်တယ်လမ်းညွှန်ကို လှည့်ပတ်ပြီး အင်မော်တယ်ချီတချို့ ပို့လွှတ်လိုက်၏။ စစ်ရထားကား တမုဟုတ်ချင်း ပျောက်ကွယ်သွားဝောာ့သည်။
ဖက်တီးက သူထွက်သွားသည်ကို ကြည့်ပြီး ရေရွတ်လိုက်သည်။ “မန်ဟို ၊ ရှုချင် မင်းအတွက် အကုန်လုံးပေးဆပ်ခဲ့ပြီးမှ မင်း သူ့ကို ငြင်းလိုက်မယ်ဆိုရင် ... မတရားရာ ကျလိမ့်မယ်”
မန်ဟို၏မျက်လုံးများသည် ကြောက်စရာကောင်းလောက်အောင် မီးတဝင်းဝင်း တောက်နေ၏။ ကြီးမားသော ဒေါသနှင့် ရူးသွပ်မှုတို့က ပေါင်းစည်းသွားလေရာ သူ၏သတ်ဖြတ်လိုစိတ်မှာ အံ့မခန်းလိလိ ပြင်းထန်နေတော့သည်။ “ရှုချင် ၊ ကိုယ့်ကို စောင့်နော်။ ကိုယ် မင်းကို ကယ်ဖို့ လာနေပြီ
“ရှုချင် ၊ တောင့်ခံထားဦးနော် ကိုယ်လာနေပြီ ကိုယ်လာနေပါပြီ”
သူ၏ကျင့်ကြံခြင်းအခြေခံသည် ဒုတိယခွဲထွက်ခြင်းအဆင့်ဖြစ်သည့်အပြင် ထာဝရအလွှာလည်း ဖြစ်ချေသည်။ သူကား တာအိုရှာဖွေခြင်းအဆင့်အောက်တွင် နံပါတ်တစ် ဖြစ်၏။
သူ့တွင် သူစိတ်တိုင်းကျ လုပ်နိုင်သော အရည်အချင်း ရှိသည်။ ထို့အပြင် သူသည် ဂိုဏ်းတစ်ဂိုဏ်းအား တန်ပြန်တိုက်ခိုက်နိုင်သည်အထိပင် အရည်အချင်း ရှိလေသည်။
ချင်းလော်ဂိုဏ်းဖြစ်နေလျှင်တောင်မှ။
ထိုမြေအောက်တွင် မရေမတွက်နိုင်သော လေလွင့်ဝိညာဉ်များ တည်ရှိနေလျှင်ဝောာင်မှ။
၎င်းသည် တောင်ပိုင်းဒေသ၏ ထိပ်သီးဂိုဏ်း ၊ ချင်းလော်ဂိုဏ်းဖြစ်နေလျှင်တောင်မှ။
မန်ဟိုကား နည်းနည်းလေးမှ ဂရုမစိုက်။ ၎င်းတို့မှာ တွေးဖို့ရန်ပင် မတန်ပေ။ ယခုလို အခြေအနေမျိုးတွင် နိုင်မလား၊ ရှုံးမလား စိတ်ပူနေလျှင် သို့မဟုတ် သူ့အသက်သူ စိုးရိမ်နေလျှင် ... သူကား လူဟုပင် ခေါ်ဖို့ မထိုက်တော့။
စစ်ရထားသည် လေကိုခွင်းလျက် တရိပ်ရိပ် သွားနေ၏။ လေပင်လျှင် အမှတ်တရများ ပြည့်နေသယောင်ရှိသည်။ တာ့ချင်းတောင်ပေါ်က အဖြစ်အပျက်များ ... မှီခိုရာဂိုဏ်း .... မြင့်မြတ်သောနယ်မြေတွင် ဖြစ်ပွားခဲ့သောအရာများ ... ချင်းလော်ဂိုဏ်း ... ပြန်လည်မွေးဖွားခြင်းဂူ ... ထိုအရာများအား သူ ပြန်မြင်ယောင်နေမိသည်။
သူနှင့် ရှုချင် အတူတူ ရှိခဲ့သော အချိန်များကို သူ မြင်လိုက်ရသည်။ ပုံရိပ်များသည် သူ့အရှေ့ရှိ လေထဲတွင် လွင့်မျောနေ၏။ ရှုချင်၏ နူးညံ့ကြင်နာမှု၊ ရိုးရှင်းမှု၊ ခိုင်မာပြတ်သားမှုတို့ကို သူ မြင်လိုက်ရလေသည်။
ယခုတွင် ထိုအရာအားလုံးသည် မန်ဟို့နှလုံးသားထဲ၌ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သွားခဲ့လေပြီ။
အားလုံးအထဲ စိတ်နှလုံးတုန်ရီဖွယ်အကောင်းဆုံးမှာ သူ့အတွက် သူမ၏အသက်စွမ်းအားကို စွန့်လွှတ်စတေးခဲ့ပုံပင်။ ဤအခိုက်အတန့်တွင် မန်ဟို၏ အသက်အဖြတ်စိတ်ဆန္ဒမှာ သူ့တစ်ဘဝလုံးတွင် ခံစားခဲ့ဖူးရသမျှထက် အဆများစွာ ပိုမိုအားကောင်းလာတော့သည်။
“ရှုချင် ၊ မင်းတောင် ကိုယ့်အတွက် အသက်ကို စတေးပေးနိုင်ရင် ကိုယ်လည်း မင်းအတွက် စတေးပေးနိုင်တယ်
“ဒီနေ့ကစပြီး မင်းဟာ ကိုယ့်ရဲ့ချစ်သူပဲ။ ကောင်းကင်နဲ့ မြေကြီးကို သက်သေတည်တယ်။ မင်းရှင်ရင် ကိုယ်ရှင်မယ်၊ မင်းသေရင် ကိုယ်သေမယ်”
**
ချင်းလော်ဂိုဏ်းသည် ကြီးကျယ်ခမ်းနားသော နေရာတစ်နေရာဖြစ်၏။ ဂိုဏ်းကို ဝိုင်းပတ်ထားသော တောင်တစ်သိန်းသည် တောင်(၉၉)လုံးအား အလယ်ဗဟိုတွင်ထား၍ တံတိုင်းပမာ ကာရံထားလေသည်။ တောင်(၉၉)လုံး၏အထက်တွင် ပြောင်းပြန်လန်နေသော ပထမတောင်ရှိ၏။ ၎င်းက ကုန်းမြေထုကြီးတစ်ခုပမာ ဖြစ်နေပြီး ၎င်း၏အောက်မျက်နှာပြင်မှ မိုးခမနွယ်ပင်များ တွဲလောင်းကျလျက်ရှိသည်။ တချို့က မီတာဒါဇင်အနည်းငယ်သာ ရှည်လျားသော်လည်း တချို့က ဤကုန်းမြေထုကြီးတစ်လျှောက် တွန့်လိမ်ကောက်ကွေးရစ်ပတ်နေရာ နတ်ဘုံနတ်နန်းပမာ ခံစားရစေတော့သည်။
တခမ်းတနား တန်ဆာဆင်ထားသော အဆောက်အဦးများ၊ စေတီပြာဿဒ်များနှင့် ဘုရားကျောင်းများကား ၎င်းကို ဖုံးလွှမ်းနေ၏။ အဆိုပါဇောက်ထိုးတောင်ကုန်းမြေထု၏ အောက်တွင်တော့ တောင်(၉၉)လုံးအား ရောင်စုံတံတားခုံးများဖြင့် ဆက်သွယ်ထားလေသည်။ ၎င်းမှာ အတိုင်းထက်အလွန် လှပလွန်း၏။
ရေများက ပျံဝဲနေသောတောင်ခြေရှိ မညီမညာကျောက်တုံးများမှ တသွင်သွင် စီးကျနေရာ ဂိုဏ်းအား ဖော်ပြမတတ်နိုင်လောက်အောင် ခမ်းနားလှပနေစေတော့သည်။ ခေါင်းလောင်းသံများလည်း တချွင်ချွင် သဲ့သဲ့မြည်နေရာ တည်ငြိမ်အေးချမ်းသောအငွေ့အသက်ကို ဖန်တီးလေသည်။
လောလောဆယ်တွင် ချင်းလော်ဂိုဏ်းတစ်ဂိုဏ်းလုံးအား သိပ်သည်းထူထဲသော အနက်ရောင်မြူများ လွှမ်းနေသည်။ အနက်ရောင်မြူများ၏အပြင်တွင် ချင်းလော်ဂိုဏ်း မန္တန်ဝင်္ကပါများ လည်နေကြ၏။ ၎င်းတို့က ချေဖျက်ခြင်းစွမ်းအားအပြည့်ဖြင့် ကြာပွင့်ပုံသဏ္ဌာန်လှိုင်းများအား တရိပ်ရိပ် ထုတ်လွှတ်နေလေသည်။
ကြာပွင့်တွင် ပွင့်ချပ် (၉၉) ချပ် ရှိပြီး တစ်ချပ်စီကိုလည်း ကြာပွင့်(၉၉)ပွင့်ဖြင့် ဖွဲ့စည်းထားလေသည်။ အကုန်လုံးပေါင်းစည်းထားခြင်းက ကြောက်စရာ ဧရာမကြာပွင့်ကြီးတစ်ပွင့်ကို ဖော်ဆောင်ပေးနေ၏။
ဝင်္ကပါထဲတွင် ချင်းလော်ဂိုဏ်းများ တင်ပျဉ်ခွေတရားထိုင်နေကြသည်။ တောင်(၉၉)လုံး၏ အထက်ကောင်းကင်တွင်လည်း ထောင်သောင်းချီသော ဂိုဏ်းသားများသည် ကျင့်ကြံခြင်းအခြေခံအဆင့် မည်သို့ပင်ဖြစ်စေ တရားထိုင်နေကြ၏။
တောင်(၉၉)လုံးကမူ ဗဟိုဝင်္ကပါတစ်ခုကို ဖော်ဆောင်ထားသည်။ ၎င်းတို့သည် တဝီးဝီး လည်နေရင်း စိတ်ဝိညာဉ်စွမ်းအင်များကို ကျင့်ကြံသူများ၏စွမ်းအားများ၊ ချင်းလော်ဂိုဏ်းအရင်းအမြစ်များ၏စွမ်းအားဖြင့် ပေါင်းစည်း၍ ပထမတောင်မှတစ်ဆင့် ... ဂိုဏ်း၏အမွေအနှစ် အဖိုးထိုက်ရတနာထဲသို့ စီးဝင်နေစေသည်။
အဖိုးထိုက်ရတနာက ပထမတောင်၏အပေါ်တွင် တည်ရှိသော၊ ကောင်းကင်ဘုံနှင့် ဆက်သွယ်နေသည့်အလား မြင့်မားလွန်းသော အမွှေးနံ့သာအိုးဖြစ်သည်။ ဧရာမအမွှေးနံ့သာအိုးကြီးသည် မျိုးရိုးစဉ်ဆက် ယဇ်ပူဇော်ပသရာဖြစ်ပေ၏။ ၎င်း၏အထဲတွင် အမွှေးတိုင်ကြီးသုံးချောင်းက ထာဝရလောင်ကျွမ်းနေပြီး အငွေ့များ တလူလူ တက်နေလေသည်။ ကောင်းကင်ထက်သို့ ပျံ့လွင့်လာသော အငွေ့များသည် လေ၏တိုက်ခိုက်ခြင်းကို ခံရရာတွင် မိုးမခအကိုင်းအခက်များပမာ အမျှင်များ ခွဲဖြာထွက်ကုန်ကြ၏။ အမျှင်များအထဲတွင် မြေအောက်ကမ္ဘာမှ ဝိညာဉ်များ၏ အမြဲပြောင်းလဲနေသည့်ဘဝပုံစံအမျိုးမျိုးကို မြင်ရနိုင်လေသည်။
အမွှေးနံ့သာအိုး၏ပတ်ပတ်လည်တွင် အဘိုးကြီးသုံးယောက် တင်ပျဉ်ခွေထိုင်နေသည်။ တစ်ယောက်စီသည် ရှေးဆန်သောပုံပန်းသွင်ပြင်များ ရှိပြီး ချင်းလော်ဂိုဏ်းအပြင်သို့ ထွက်ခဲသော လူများဖြစ်ကြ၏။ သူ၏ကျင့်ကြံခြင်းအခြေခံများမှာမူ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ဖြစ်ကြလေသည်။
ဤလူများသည် ချင်းလော်ဂိုဏ်း၏ တာအိုအစောင့်အရှောက်များ၊ ချင်းလော်ဂိုဏ်း၏ အခြေခံအုတ်မြစ်များ ဖြစ်ကြ၏။
သုံးယောက်အထဲ အစွမ်းထက်ဆုံးမှာ အလယ်ရှိ မျက်နှာနီနီအဘိုးကြီး မုလောင်တိုဖြစ်သည်။ သူ၏ကျင့်ကြံအဆင့်မှာ တတိယခွဲထွက်ခြင်းအဆင့်ပင်။
ကျန်နှစ်ယောက်အနက် တစ်ယောက်မှာ ဒုတိယခွဲထွက်ခြင်းအဆင့်ဖြစ်ကာ ကျန်တစ်ယောက်က ပထမခွဲထွက်ခြင်းအဆင့်ဖြစ်လေသည်။
ဤသည်မှာ ချင်းလော်ဂိုဏ်း၏ခေါင်းဆောင်ကြီးများပင်။
သူတို့သည် တင်ပျဥ်ခွေထိုင်၍ မန္တန်ဝင်္ကပါ၏စွမ်းအားနှင့် ဂိုဏ်းသားများ၏ ပေါင်းစုစွမ်းအားများကို အသုံးပြုရင်း ဂိုဏ်း၏အဖိုးထိုက်ရတနာကို အသက်သွင်းပြီး ၎င်းအထဲရှိ လူကို ဆေးလုံးများအဖြစ် သန့်စင်ပြောင်းလဲနေသည်။
ဤသည်မှာ အဆိုပါလူပုဂ္ဂိုလ်ကို ရက်ပေါင်း(၄၉)ရက် ကြာ အရည်ဖျော်ပစ်သည့် နတ်မီးလင်းဖိုဝိညာဉ်ကူးပြောင်းသန့်စင်ခြင်းဆိုသော မှော်ပညာရပ်တစ်ခု ဖြစ်၏။ မည်သူမှ (၄၉)ရက်ထက် ကြာအောင် တောင့်မခံနိုင်ပေ။ နောက်ဆုံးတွင် ထိုလူသည် သွေးအဖြစ် အရည်ပျော်သွားပြီးနောက် ဆေးလုံးအဖြစ် ပြန်စုခဲသွားမည်ဖြစ်သည်။
ဝိုးတိုးဝါးတားပုံရိပ်တစ်ခုအား အမွှေးနံ့သာအိုးထဲတွင် မြင်ရနိုင်သည်။ အမျိုးသမီးတစ် ယောက်ဟုသာ ပြောနိုင်လေသည်။ သူမမျက်နှာအား ရှင်းရှင်းလင်းလင်း မမြင်ရသည့်အပြင် သူမ၏ခန္ဓာကိုယ်မှာ မရေမတွက်နိုင်သော မှော်သင်္ကေတများဖြင့် ဖုံးနေ၏။ သင်္ကေတများက သူမအသွေးအသားထဲရှိ နစ်ဝင်နေပြီး သူမကို ဖြေးဖြေးချင်း အရည်ဖျော်ပစ်ရင်း တလက်လက် ဝောာက်ပနေကြသည်။
အမျိုးသမီးမှာ အံတင်းတင်းကြိတ်ရင်း ဆက်လက်တောင့်ခံနေသဖြင့် တဆတ်ဆတ် တုန်ရီနေလေသည်။ သူမခန္ဓာကိုယ်မှာ အချိန်မရွေး အရည်ပျော်သွားတော့မည် ထင်ရ၏။
ပြန်လည်မွေးဖွားခြင်းဂူ၏အရှိန်အဝါက သူမထံမှ တရိပ်ရိပ် ဖြာထွက်နေသည်။ ထိုသို့ ဖြာထွက်လာတိုင်း အမွှေးနံ့သာအိုးက စုပ်ယူလိုက်ကာ တဟုန်းဟုန်း တောက်လောင်သွားပြီးနောက် အံ့မခန်းလိလိ အနီရောင်အလင်းကို ထုတ်လွှတ်ပေးတတ်၏။
အဘိုးကြီးသုံးယောက်က အချင်းချင်း ဆွေးနွေးလာကြသည်။
“ဒီတော့ သူက (၃၇) ရက်တောင် တောင့်ခံနိုင်ဝာာပဲ”
“ဒီရှုချင်က မယိမ်းယိုင်တဲ့ ခိုင်မာပြတ်သားမှုကို ပိုင်ဆိုင်ထားတယ်။ စိတ်မကောင်းစရာက သူ့ခန္ဓာကိုယ်က ပြန်လည်မွေးဖွားခြင်းဂူအရှိန်ရဲ့ သက်ရောက်တာခံထားရတာပဲ။ သူက ပြန်လည်မွေးဖွားခြင်းဂူကနေ ပထမဆုံးထွက်လာနိုင်တဲ့သူ မဟုတ်ပေလား....
“အဲ့ဒီလိုဆိုရင် သူက ပြန်လည်မွေးဖွားခြင်းဆေးလုံးအဖြစ် သန့်စင်ခံရဖို့ ကံပါတယ်လို့ပဲ ဆိုရမှာပေါ့။ အဲ့ဒီလိုဆေးလုံးနဲ့ဆိုရင် .... ချင်းလော်ဂိုဏ်းရဲ့ အိပ်ပျော်နေတဲ့ ဘိုးဘေးကြီး ပြန်လည်မွေးဖွားလာနိုင်ပြီ”
“သူ့ကိုယ်ထဲမှာ ဇာမဏီသခင်မရဲ့ ဝိညာဉ်ရှိနေတာ တကယ် နှမြောစရာကောင်းတယ်။ သူ့ရဲ့ နိဗာနတာအိုကိုလည်း ဘယ်တော့မှ လက်ဆင့်ကမ်းမရတော့အောင် ဆုံးရှုံးသွားရမှာ။ ဒါပေမဲ့ တစ်ဂိုဏ်းလုံးကို အကျိုးပြုဖို့ သူ့ကို စတေးပြီး အမွေအနှစ်လေးတစ်ခုတည်း ဆုံးရှုံးရတာက .... သူ သေသွားလဲ တန်တယ် ဆိုရမယ်”
“ဒီကိစ္စက ချင်းယန်ဂိုဏ်းပဲ လုပ်ရမယ့်ကိစ္စမဟုတ်ဘူး။ ခင်ဗျားရဲ့ လော်ယင်ဂိုဏ်းရောပဲ လုပ်ရမယ့်ကိစ္စ။ ကျုပ်တို့ချင်းယန်ဂိုဏ်းရဲ့ ဘိုးဘေးကြီးက ခင်ဗျားတို့ရဲ့ ဧကရာဇ်မဟုတ်လား”
အဘိုးကြီးသုံးယောက်သည် အမွှေးနံ့သာအိုးကို ကြည့်ပြီး မျက်လုံးများကား မျှော်လင့်ချက်များဖြင့် တောက်လောင်လာသည်။
တစ်ချိန်တည်းမှာပင် အမွှေးနံ့သာအိုး၏အထဲရှိ တုန်ရီနေသော ဝိုးတိုးဝါးတား ပုံရိပ်သည် ခပ်တိုးတိုးကလေး ရေရွတ်လိုက်၏။
“မန်ဟို မင်း အဆင်ပြေရဲ့လား.... မင်း ပြန်လည်မွေးဖွားလာလို့ ထွက်လာရင် နောက်ကျလွန်းသွားပြီသိလား ... ကတိမတည်နိုင်တာက အစ်မပါ၊ မင်း ကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့နော် .....
“မင်း ပြန်မမွေးဖွားလာခဲ့ရင်ဝောာ့ .... မကြာခင် မင်းကို အစ်မ အဖော်ပြုပေးပါ့မယ်
“တို့နှစ်ယောက်ပြောခဲ့သလိုပေါ့ ။ မင်းရှင်ရင် ငါ ရှင်မယ် ၊ မင်း သေရင် ငါ သေမယ် .....”
ထိုအခိုက်အတန့်မှာပင်
ချင်းလော်ဂိုဏ်းမန္တန်ဝင်္ကပါ၏အပြင်မှ အလွန်တရာ ကျယ်လောင်သော ပေါက်ကွဲသံကြီး ကြားလိုက်ရသည်။ ၎င်းသည် မိုးခြိမ်းသံထက်ပင် ထိတ်လန့်ဖွယ်ကောင်း၏။ ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒနှင့် အမျက်ဒေါသတို့ကို ထုတ်လွှတ်လျက် ရှေးဟောင်းစစ်ရထားတစ်စင်း ပေါ်လာသည်။ ၎င်းပေါ်လာသည့်အခါ လေထုသည် အက်ကွဲကြေမွသွား၏။
မန်ဟိုက အစိမ်းရောင်ဝတ်ရုံနှင့် စစ်ရထားထဲတွင် ရပ်နေသည်။ သူသည် ညာလက်ဖြင့် တံခွန်သုံးခုအလံကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း အရှေ့တွင် ဝှေ့ယမ်းလိုက်၏။ ၎င်းက အနက်ရောင်ပိတ်ကားသဖွယ် ဆန့်ထွက်ရင်း ကောင်းကင်တစ်ပြင်လုံး ဖုံးကွယ်သွားလေသည်။ တစ်ချိန်တည်းမှာပင် မန်ဟို၏မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်တို့ဖြင့် တဖျက်ဖျပ် လက်လျက်ရှိ၏။
သူ ရောက်လာပြီ။
သူကား ကတိတည်ဖို့ ရောက်လာခဲ့လေပြီ။
***