← Chapters

ချင်းလော်ဂိုဏ်းကို တိုက်ခိုက်ခြင်း

Vol. 50 Ch. 695

ချင်းလော်ဂိုဏ်းကို တိုက်ခိုက်ခြင်း

Vol. 50 Ch. 695

မန်ဟို၏ ရောက်ရှိလာမှုက မိုးကောင်းကင်ကို တုန်ခါဟည်းသွားစေပြီး မြေငလျင်တို့ လှုပ်ခါရမ်းလာစေသည်။ အရာအာလုံး သိမ့်သိမ့်တုန်နေပြီး အဆုံးမဲ့လှိုင်းဂယက်ကြီးများ ဖြာထွက်လာသည်။

အလွန်တရာ ကျယ်လောင်သော ထစ်ချုန်းသံကြီးနှင့်အတူ စစ်ရထားသည် လေထုကို အက်ကွဲကြေမွသွားစေရင်း ပေါ်လာသည်။ မရေမတွက်‌နိုင်သော အက်ကြောင်းကြီးများ  မှိုလိုပေါက်လာနေသောကြောင့် တခွမ်းခွမ်း အက်ကွဲသံများ၊ တဂျိန်းဂျိန်း ထစ်ချုန်းသံများ ဆူညံပွက်လောရိုက်နေစဉ် မန်ဟိုက စစ်ရထား၏အလယ်တွင် မားမားမတ်မတ် ရပ်နေသည်။

ကောင်းကင်တစ်ပြင်လုံးမှာ တစ်စုံတစ်ယောက်၏ လက်သီးကြီးဖြင့် ထိုးချလိုက်ခံရသော မှန်တစ်ချပ်အလားပင်။ ၎င်းသည် ရစရာမရှိအောင် ကြေမွမသွားသေးသော်‌လည်း အံ့မခန်းလိလိ အက်ကြောင်းကြီးများက အရပ်မျက်နှာတစ်ခွင် ဖြာထွက်နေပြီဖြစ်ကြောင်း မြင်နိုင်လေသည်။

အထူးသဖြင့် သူ ကိုင်ထားသော တံခွန်သုံးခုအလံ။ ဤသည်မှာ အလံ၏ အံ့ဖွယ်စွမ်းအားကို ပထမဆုံးအကြိမ် အမှန်တကယ် ရည်ရွယ်ချက်ရှိရှိ ထုတ်လွှတ်ခြင်း ဖြစ်လေသည်။ ၎င်းသည် တဖျတ်ဖျတ် လွင့်နေပြီး ၎င်း၏အမှောင်ထုက အရာအားလုံးကို ဖုံးလွှမ်းရင်း ကောင်းကင်ကြီးအား လင်းနေသောကမ္ဘာနှင့် မှောင်နေသောကမ္ဘာအဖြစ် ထက်ခြမ်းခြမ်းလိုက်လေသည်။

ချင်းလော်ဂိုဏ်းရှိ မြင်ကွင်းကို လှမ်းကြည့်လိုက်သောအခါ မန်ဟို၏မျက်လုံးများသည် လုံးဝ သွေးချင်းနီလျက်ရှိ၏။ အနက်ရောင်မြူထုကို သူ မြင်လိုက်ရသည်။ ကြီးစိုးခြယ်လှယ်နေသော ကြာပွင့်ကို သူ မြင်လိုက်ရလေသည်။

သူသည် နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သော်လည်း ကြာမန္တန်ဝင်္ကပါနှင့် အနက်ရောင်မြူထုက ချင်းလော်ဂိုဏ်း၏‌တောင်များကို ကာကွယ်ထားသည့် မဟာမန္တန်ဝင်္ကပါကြီးတစ်ခုကို ဖော်ဆောင်ပေးထားလေသည်။ ဤသည်မှာ သာမန်ဝင်္ကပါမဟုတ်။ မန်ဟို့နတ်ဘုရားအာရုံပင်လျှင် အထဲသို့ မထိုးဖောက်နိုင်ပေ။

သူ၏အသတ်အဖြတ်စိတ်ဆန္ဒမှာ ချက်ချင်းပင် ထိုးတက်သွားတော့၏။

“ချင်းလော်ဂိုဏ်း” သူက အော်လိုက်သည်။ အသံကြီးသည် မိုးခြိမ်းသံထက်ပင် ပြင်းထန်ကျယ်လောင်စွာဖြင့် ဟိန်းထွက်သွား၏။ သူ၏အပြင်အားကိုယ်မှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအထွတ်အထိပ်အဆင့်ဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံသည် ဒုတိယခွဲထွက်ခြင်းအထွတ်အထိပ် ဖြစ်ပေသည်။ ဤသည်မှာ ထာဝရအလွှာသို့ ဝင်ရောက်ပြီးနောက် ယခုလိုမျိုး ပထမဆုံးအကြိမ် အော်လိုက်ခြင်းပင်။ သူသည် စစ်ရထားအပေါ် လက်ကို ဖိချလိုက်ရာ တံခွန်သုံးခုအလံအား တရွှမ်းရွှမ်း မြည်သွားစေ၏။ အလင်းကို ဝါးမြိုနေသော ညအချိန်သဖွယ် အမှောင်ထုက ချင်းလော်ဂိုဏ်းကို ဝန်းရံထားသည့် ဧရာမကြာပွင့်ကြီးထံသို့ ရွှစ်ခနဲ ပြေးဝင်သွားသည်။ တဖောင်းဖောင်း ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားလေပြီ။

ကောင်းကင်နှင့်မြေကြီးသည် တုန်ခါလာပြီး ပေါက်ကွဲသံများ လေတွင် ပြည့်နှက်သွား၏။ ကြာပွင့်ကြီးက ချက်ချင်းသလို ပြိုကွဲသွားပြီးနောက် ပြန်ပေါ်လာလေသည်။ ကြည့်ရသရွေ့ တောင်တစ်သိန်း၏အရှိန်အဝါက ဧရာမမန္တန်ဝင်္ကပါကြီးအား အားဖြည့်ပေးနေဟန်တူသည်။

မန်ဟို၏ဟစ်ကြွေးသံ၊ တံခွန်သုံးခုအလံနှင့် ဧရာမန္တန်ဝင်္ကပါကြီးအား တိုက်ခတ်သွားမှုကြောင့် မြေကြီးကား ပြင်းပြင်းထန်ထန် တုန်ခါလာလေသည်။ အသံများသည် ပေါင်းစည်းသွားရင်း အရပ်လေးမျက်နှာသာမက ချင်းလော်ဂိုဏ်းအတွင်းရှိ အနက်ရောင်မြူထုအထဲထိပင် တဂျုန်းဂျုန်း ရိုက်ခတ်သွားသော အံမခန်းလိလိတိုက်ကွက်ကြီးဖြစ်သွား၏။

ချင်းလော်ဂိုဏ်းသားအကုန်လုံး မန်ဟို၏ဒေါသူပုန်ထနေသောအသံကြီးအား ရုတ်တရက် ကြားလိုက်ရလေသည်။

“ရှုချင်ကို ပေးစမ်း” သူက ပြောသည်။ ဤသည်မှာ သူ၏ဒုတိယစကားဖြစ်၏။ ယခုစကားလုံးများ၏စွမ်းအားမှာ ပထမစကားထက် အဆများစွာ ကျော်လွန်လေသည်။ ပို၍ပင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ထစ်ချုန်းသံကြီးက အရာခပ်သိမ်းကို လှုပ်ခါသွားစေသည်။ ကြာပွင့်မှာ မှေးမှိန်သွားပြီး မြူများ တဖွေးဖွေး လှုပ်သွား၏။ ချင်းလော်ဂိုဏ်းသားအားလုံး သူတို့၏စိတ်နှလုံးများ ပြင်းပြင်းထန်ထန် တုန်ရီနေသည်ကို ခံစားလိုက်ကြရလေသည်။

လှပသော နန်းဆောင်များလည်း လှုပ်ရမ်းလာပြီး တချို့ဆိုလျှင် မန်ဟို့အသံအားကြီးကြောင့် ပြိုပင် ပြိုကျကုန်သည်။ တောင်(၉၉)လုံးရှိ ချင်းလော်ဂိုဏ်းသားများအားလုံး မျက်လုံးပြူးကုန်ကြ၏။

ပထမတောင်အပေါ်ရှိ အမွှေးနံ့သာအိုးပတ်ပတ်လည်တွင် တင်ပျဥ်ခွေထိုင်နေသော အဘိုးကြီးသုံးယောက်က မျက်လုံးများဖွင့်လိုက်ကြ၏။ စူးရှတောက်ပသော အလင်းရောင်များအား မြင်ရနိုင်လေသည်။

“စိတ်ဝိညာဉ်ခွဲထွက်ခြင်း”

“ဒုတိယခွဲထွက်ခြင်းအဆင့်”

“အစွမ်းထက်ပညာရှင်”

သူတို့သုံးယောက်သား အကြည့်ချင်းဖလှယ်လိုက်သောအခါ တစ်ယောက်၏မျက်လုံးထဲရှိ လေးနက်သွားမှုကို တစ်ယောက် မြင်လိုက်ကြသည်။

“မန္တန်ဝင်္ကပါကို အရေးပေါ်ကိစ္စတွေအတွက်နဲ့ တခြားဂိုဏ်းတွေ အခုလက်ရှိဖြစ်နေတာကို မသိစေဖို့အတွက်ပဲ အသက်သွင်းထားတာ။ ဒီလူက ဘယ်သူလဲ”

“ဘယ်သူဖြစ်ဖြစ် အရေးမကြီးပါဘူး။ သူက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်ဆိုရင်တောင်မှ အခု ချင်းလော်ဂိုဏ်းကို ရောက်လာပြီဆိုမှဝောာ့ ကျုပ်တို့အရှေ့မှာ ဒူးထောက်ရမှာပဲ”

အဘိုးကြီးသုံးယောက်က တခဏ တီးတိုးရေရွတ်နေကြပြီးနောက် တတိယခွဲထွက်ခြင်းအဆင့်အဘိုးကြီးက အေးတိအေးစက် နှာမှုတ်လိုက်သည်။ “အထဲတောင် ဝင်နိုင်မှာမဟုတ်ဘူး ။ ဆက် အရည်ဖျော်ကြတာပေါ့”

တဂျိန်းဂျိန်း ထစ်ချုန်းသံများအလယ်တွင် ချင်းလော်ဂိုဏ်းသားထောင်သောင်းချီသည် ‌သန့်စင်ခြင်းအား ပြန်လည်စတင်လိုက်ရာ အမွှေးနံသားအိုးအား နီရဲလာစေလိုက်သည်။ အထဲရှိ ပုံရိပ်မှာမူ မန်ဟို့အသံကို ကြားလိုက်သောအခါ သိမ့်ခနဲ တုန်ရီသွား၏။

“သူ .... ရောက်လာပြီ ..... “

ချင်းလော်ဂိုဏ်းမန္တန်ဝင်္ကပါ၏ အပြင်တွင် မန်ဟို၏မျက်လုံးများသည် သွေးကဲ့သို့ နီစွေးနေချေပြီ။ သူက လက်မြှောက်ပြီး တံခွန်သုံးခုအလံအား ရွှမ်းခနဲ လေကိုခွင်းသွားစေလိုက်သည်။ အမှောင်ထုက တလိပ်လိပ် ပြန့်ကားသွားကာ ချင်းလော်ဂိုဏ်း၏ ကြာမန္တန်ဝင်္ကပါကို ဝင်တိုက်လိုက်၏။

တုန်လှုပ်ချောက်ချားဖွယ် ပေါက်ကွဲသံများ တဝုန်းဝုန်း၊ တဂျုန်းဂျုန်း ရိုက်‌ညောင်းသွားသည်။ ဧရာမကြာမန္တန်ဝင်္ကပါကြီးသည် ရုတ်တရက် တဝှီးဝှီး လည်လာကာ စိတ်ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာ၏။ ထိုစွမ်းအားများမှာ ထာဝရဖျက်စီး၍မရနိုင်သည့်အလားပင်။ မန်ဟို ဝင်္ကပါအား မည်သို့ပင် ဖျက်စီးစေကာမူ ၎င်းက နဂိုအတိုင်း ပြန်ဖြစ်လာသည်။

မည်သည့်အရာမှ အလုပ်ဖြစ်မည့်ပုံမပေါ်ပေ။

ချင်း‌လော်ဂိုဏ်းသားများမှာ ယခုတွင် စိတ်အေးသွားကြပြီး ဂိုဏ်းမှ အမိန့်များအပေါ် အာရုံစိုက်လိုက်ကြသည်။ အရည်ဖျော်ခြင်းကား ဆက်သွားနေ၏။ အမွှေးနံ့သာအိုးကို ဝန်းရံထားသော အဘိုးကြီးများမှာမူ အေးစက်စက်ပြုံးရင်း သန့်စင်ခြင်းအား ဆက်လက်လုပ်ဆောင်နေကြလေသည်။

သူတို့ကား စိတ်မပူ။ အကာအကွယ်မန္တန်ဝင်္ကပါမှာ တာအိုခွဲထွက်ခြင်းအဆင့်ပညာရှင်မှလွဲ၍ အခြားမည်သည့်အရာနှင့်မှ နှိုင်းယှဉ်၍မရလောက်အောင် အစွမ်းထက်လွန်းလေသည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်တစ်ဦးအနေဖြင့် ဝင်္ကပါကို ဖျက်စီးဖို့ ကြိးစားလျှင် အနည်းဆုံးလနှင့်ချီ ကြာပေလိမ့်မည်။

သန့်စင်ခြင်းလုပ်ငန်းစဉ်မှာမူ ပြီးဆုံးဖို့ ရက်အနည်းငယ်သာ လိုတော့လေသည်.... ပြီးလျှင် ဂိုဏ်း၏အင်အားအလုံးစုံဖြင့် ပြိုင်ဘက်ကို တိုက်ခိုက်နိုင်မည်။ ထိုလူကား ဒုတိယခွဲထွက်ခြင်းအဆင့် ဖြစ်နေလျှင်တောင်မှ မုချသေရလိမ့်မည်။

“မဆင်မခြင်နဲ့ ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲ” တတိယခွဲထွက်ခြင်းအဆင့်အဘိုးကြီးက အေးတိအေးစက် ပြောသည်။

မန်ဟိုက ဧရာမကြာမန္တန်ဝင်္ကပါကြီးကို စိန်းစိန်းဝါးဝါးရင်း စစ်ရထားထဲတွင် ရပ်နေသည်။ သူသည်  ထိုသောက်ကျိုးမ‌ပေးသောအရာကြီးကို တံခွန်သုံးခုအလံဖြင့် အနည်းဆုံးအကြိမ်တစ်ရာ ဖျက်စီးခဲ့ပြီးပြီဖြစ်၏။

သို့သော် သူ မည်မျှ ချိုးဖျက်ပစ်စေကာမူ ၎င်းသည် မပျက်စီးနိုင်သည့်အလား နဂိုအတိုင်း ပြန်ပြန်ဖြစ်သွားသည်။

“သူတို့က ဒီကြာမန္တန်ဝင်္ကပါကို အားဖြည့်ပေးဖို့ ချင်းလော်ဂိုဏ်းရဲ့ တောင်တစ်သိန်းလုံးဆီက စိတ်ဝိညာဉ်စွမ်းအားအကုန်လုံးကို ထုတ်နေကြတာပဲ... ငါ တိုက်ခိုက်နေရတာက မန္တန်ဝင်္ကပါကို မဟုတ်ဘူး၊ ဒီတောင်တစ်သိန်းဆီက စိတ်ဝိညာဉ်စွမ်းအားကိုပဲ

“စိတ်ဝိညာဉ်စွမ်းအား မပျက်စီးသရွေ့ ဝင်္ကပါကို ဖောက်ဝင်လို့မရနိုင်ဘူး

“ဒါ‌မဲ့ ... မန္တန်ဝင်္ကပါကို နောက်ဆုံးအတိုင်းအတာအထိ ရောက်သွားအောင် တာအိုရှာဖွေခြင်းစွမ်းအားနည်းနည်းပါးပါးနဲ့ တွန်းပို့နိုင်တယ်။ အနည်းဆုံး ဆယ်ကြိမ်တစ်ဆက်တည်း ထိုးနှက်လိုက်တာနဲ့ တောင်တစ်သိန်းဆီက စိတ်ဝိညာဉ်စွမ်းအားတွေ လိုက်မမှီဘူး ဖြစ်သွားမယ်။ ဒါဆို သူ့ရဲ့ အားနည်းချက်တွေကို ငါ ကြည့်နိုင်ပြီ

“ဒီအရာကို ဖျက်စီးပစ်ဖို့ အားနည်းချက်လေးတစ်ချက်ပဲ လိုတယ်” မန်ဟိုက ညာဘက်ကို မြှောက်၍ ဖမ်းဆုပ်သည့် လှုပ်ရှားမှုလုပ်လိုက်ရာ တံခွန်သုံးခုအလံကို သူ့ဆီ ပြန်လာစေလိုက်သည်။ ၎င်းသည် လေကိုခွင်းလာပြီး သူ၏အစိမ်းရောင်ဝတ်ရုံအပေါ်တွင် အနက်ရောင်ခြုံထည်ပမာ လွှမ်းခြုံသွား၏

သူက စစ်ရထားအပေါ် လက်တင်ပြီး အင်မော်တယ်လမ်းညွှန်အား လှည့်ပတ်လိုက်ကာ အင်မော်တယ်ချီအား စစ်ရထားထဲ စီးဆင်းသွားစေသည်။

“ကံဆိုးစွာနဲ့ ငါ့မှာ တာအိုရှာဖွေခြင်းအဆင့် စွမ်းအားမရှိ‌ဘူး

“တံခွန်သုံးခုအလံတောင်မှ မန္တန်ဝင်္ကပါကို ဆက်တိုက်ရိုက်နှက်မပေးနိုင်ဘူး။ ဒါဆိုရင် ... ငါ ဒီတိုင်း ထိပ်တိုက် ဝင်တိုက်ပစ်မှပဲ ထင်တယ်” ရူးသွပ်မိုက်မဲမှုတို့ မန်ဟို၏မျက်လုံးများတွင် တောက်ပသွားသည်။

သူသည် မန္တန်ဝင်္ကပါကို ထိုးဖောက်ဖို့ မကြိုးစားဘဲ ထိပ်တိုက်ဝင်တိုက်ပစ်ပေမည်။

စစ်ရထားက တဝီးဝီး မြည်လာပြီး မရေမတွက်နိုင်သော မှော်သင်္ကေတများနှင့်အတူ ဟိန်း‌ဟောက်နေသော သားရဲကြီးများ ပေါ်လာသည်။ ၎င်းတို့က စစ်ရထားကို ဆွဲရင်း ပြေးတက်သွားကြ၏။

အမြန်နှုန်းကား ဖော်ပြဖို့ပင် ခက်သည်။ မျက်စိတစ်မှိတ်လေးအတွင်း စစ်ရထားသည် မူလနေရာမှ ထွက်ခွာ၍ ဥက္ကာခဲကြီးသဖွယ် .... ကြာပွင့်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်တိုက်လိုက်လေပြီ။

ကြာပွင့်မှာ ချက်ချင်း ပြိုကွဲသွားသော်လည်း တစ်ချိန်တည်းမှာပင် ပြန်လည်ဖြစ်ပေါ်လာသည်။

သို့သော် စစ်ရထားက မရပ်ဘဲ ဆက်လက်ပြေးဝင်လာသည်။ ၎င်းကား ဓားချွန်ချွန်တစ်လက်သဖွယ် တောင်တစ်သိန်း၏စိတ်ဝိညာဉ်စွမ်းအားများအတွက် အချိန်မရှိအောင် ပြေးဝင်လာပြန်သည်။

“နဝမဝိညာဉ်ခန္ဓာ” မန်ဟိုက ဟိန်းဟောက်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် အဆုံးအစွန်အထိ သန်မာလာပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာ စွမ်းအားအပြည့်အဝ ထုတ်ဖော်လိုက်လေပြီ။ တာအိုရှာ‌ဖွေခြင်းအဆင့်စွမ်းအား မဟုတ်သော်လည်း မန်ဟိုသည် တာအိုရှာဖွေခြင်းအဆင့်အောက်တွင် နံပါတ် (၁) ပုဂ္ဂိုလ်အဖြစ် ခေါ်ခံရဖို့ ထိုက်တန်လေသည်။

ဝုန်းးးးးးးးးးး

စစ်ရထားသည် နောက်ထပ်မီတာသုံးရာ ဝင်ရောက်သွား၏။ မန်ဟို့ခန္ဓာကိုယ် တုန်ရီလာပြီး ကြီးမားသောဖိအားကြီးက သူ့အပေါ် သက်ရောက်လာသည်။ သို့သော် မည်သည့်အရာမှ သူ့ကို ရှေ့တက်မလာနိုင်အောင် မဟန့်တားနိုင်။ မည်သည့်အရာမှ စစ်ရထား၏လမ်းကြောင်းတွင် မရပ်နိုင်။ ၎င်းသည် လှောင်အိတ်မှ လွတ်လာသော တိရစ္ဆာန်ကြီးတစ်ကောင်အလား ကမူးရှူးထိုး ရှေ့တက်လာနေသည်။

သူတို့ ဝေးဝေးရောက်လေလေ ၊ ဖိအားကြီးမှာ ပြင်းထန်လာလေလေ ဖြစ်သည်။ ကြာဝင်္ကပါ၏အတွင်းပိုင်းမှာ ပျက်စီးပြိုကျလာသော်လည်း ယခင်အတိုင်း ပြန်လည်ပြုပြင်လာ၏။ တောင်တစ်သိန်းသည် လည်လာပြီး စိတ်ဝိညာဉ်စွမ်းအားများ အကန့်အသတ်မရှိ စီးဝင်လာသည်။ မန်ဟိုက လက်မြှောက်၍ အရှေ့သို့ ညွှန်လိုက်သည်။

“မိစ္ဆာချုပ်နှောင်ခြင်း၊ အဋ္ဌမမန္တန်

“ဒီတောင်တစ်သိန်းရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ချုပ်နှောင်လော့

တောင်တစ်သိန်းမှာ တဝုန်းဝုန်း တုန်ခါလာသည်။ မန်ဟို အော်လိုက်စဉ် စစ်ရထားက နောက်ထပ်မီဝာာသုံးရာအထိ ဝုန်းဒိုင်းကြဲ တိုးဝင်သွားလေပြီ။ ၎င်းသည် ယခုတွင် အနက်ရောင်မြူများ၏အစထံမှ မီတာခြောက်ရာသာ ဝေးကွာတော့၏။

ဤအခိုက်အတန့်တွင် တောင်တစ်သိန်းလုံး အလွန့်အလွန် ပြင်းပြင်းထန်ထန် တုန်ခါလာလေပြီ။ အပြင်အကျဆုံးတောင်တစ်ထောင်ခန့်ဆိုလျှင် ကွဲအက်လာပြီးနောက် ချက်ချင်း ပေါက်ကွဲသွားတော့၏။

၎င်းတို့မှာ မန်ဟို၏တိုက်ခိုက်နေသောပုံစံကို ခံနိုင်ရည်မရှိကြပေ။ စိတ်ဝိညာဉ်စွမ်းအားများ ချုပ်နှောင်ခံလိုက်ရပြီးနောက်တွင် တန်ပြန်ကန်အားက ၎င်းတို့အား ချက်ချင်း ကြေမွသွားစေခဲ့၏။

ချင်းလော်ဂိုဏ်း တောင်တစ်သိန်းအနက်မှ တောင်တစ်ထောင် ပြိုကျသွားသောအခါ ချင်းလော်ဂိုဏ်းသားများ မျက်နှာပျက်သွားကြသည်။ အမွှေးနံ့သာအိုးအနား ထိုင်နေကြသော အဘိုးကြီးသုံးယောက်မှာမူ သူငယ်အိမ်များ ကျုံ့သွား၏။

သူတို့ထဲမှ တစ်ယောက်က လက်မြှောက်ပြီး လက်ညှိုးထိုးလိုက်သည်။

“မန္တန်ဝင်္ကပါတစ်ခု‌ ဖော်ဆောင်ဖို့ ဂိုဏ်းသားတစ်သောင်းလွှတ်လိုက်။ အားကုန်တိုက်ကြ။ သူ့ကို သတ်နိုင်ရင် သတ်ပစ်။ မသတ်နိုင်ရင် သုံးရက် အချိန်ဆွဲပေးထား”

သူ၏စကားလုံးများကို တုံ့ပြန်သည့်အနေဖြင့် ဂိုဏ်းသားတစ်သိန်းအဖွဲ့သည် လေပေါ်ပျံတက်သွားကြ၏။ သူတို့က အနက်ရောင်မြူများကို ခွင်း‌၍ ကြာမန္တန်ဝင်္ကပါထဲ ဝင်ရောက်ပြီးနောက် အထဲရှိ ကြာပွင့်များထဲတွင် တင်ပျဉ်ခွေထိုင်လိုက်လေသည်။ သူတို့သည် ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်လွှတ်ရင်း ဧရာမကြာမန္တန်ဝင်္ကပါကြီးကို ထိန်းချုပ်လိုက်ကြ၏။

သူတို့၏ တညီတညွတ်တည်း လုပ်ဆောင်မှုများကြောင့် ဧရာမကြာမန္တန်ဝင်္ကပါကြီးသည် အသတ်အဖြတ်စိတ်ဆန္ဒများကို ထုတ်လွှတ်ရင်း လည်စပြုလာ၏။ မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သော ကြာပွင့်ချပ်များက ဓားချွန်ချွန်များသဖွယ် မန်ဟို့ဆီသို့ ပျံထွက်သွားလေသည်။

ကြာပွင့်ချပ်များကား သတ်ဖြတ်လိုစိတ်အြည့်ဖြင့် အငြိုးကြီးကြီး ရွာနေသော မိုးပေါက်များအလားပင်။ သို့သာ် ၎င်းတို့ မန်ဟို့အနားပင် မကပ်နိုင်ခင် မန်ဟို၏မျက်လုံးများက သတ်ဖြတ်လိုစိတ်နှင့် အမျက်ဒေါသကို ထုတ်လွှတ်လိုက်သည်။ သူသည် စစ်ရထားကို အရှေ့ရောက်အောင် မောင်းရင်း အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်၏။ တံခွန်သုံးခုအလံက တဂျိန်းဂျိန်း ထစ်ချုန်းအော်မြည်ရင်း ‌ပြန့်ကားထွက်သွားလေပြီ။ ယခုလေးတင် အနက်ရောင်မြူထုထဲမှ ထွက်လာခဲ့သော ဂိုဏ်းသားတစ်သိန်းမှာ တုန်ရီလာကြပြီး သွေးများ အန်လာကြ၏။

မန်ဟိုနှင့်စစ်ရထားမှာမူ သက်ရောက်နေသော ဖိအားကြီးကို တွန်းလှန်ရင်း ကမူးရှူးထိုး ရှေ့ဆက်သွားနေသည်။ သူတို့ နောက်ထပ်မီတာသုံးရာ ရောက်သွား၏။ ဤအခိုက်အတန့်တွင် မန်ဟိုမှာ တောင်တစ်သိန်းလုံး သူ၏ခန္ဓာကိုယ်အပေါ် အမှန်တကယ် ဖိနှိပ်နေသည့်အလား ခံစားနေရလေပြီ။

၎င်းတို့ကား သူ့ကို မကြာခင် စိစိညက်ညက် ခြေပစ်တော့မည်။

သူ့ကိုယ်အတွင်းရှိ အင်မော်တယ်ချီကိုလည်း သူ ထပ်မံ မထိန်းချုပ်နိုင်တော့ပေ။ နောက်ဆုံးမီဝာာသုံးရာရောက်အောင် စစ်ရထားအား တွန်းပို့ရခက်ပေတော့မည်။ မန်ဟိုက မျက်လုံးများ မီးဝင်းဝင်းတောက်နေလျက် တစ်ချက်လေးမှ မတွန့်ဆုတ်ဘဲ စစ်ရထားကို မောင်းနှင်လိုက်ပြီးနောက် ‌နောက်ဆုံးမီတာသုံးရာကို ဆက်သွားရန် သူ၏အပြင်အားကိုယ်ခွန်အားကို အားပြုလိုက်သည်။

သူတို့ ရှေ့ဆက်သွားသည်နှင့်တစ်ပြိုင်နက် တောင်တစ်သိန်းမှ ဖိအားသည် ကျရောက်လာ၏။ မန်ဟိုမှာ အသားတို့ တဆတ်ဆတ် တုန်လာပြီး အရိုးအက်သံများ ထွက်လာသည်။ သူက တုံ့ခနဲ ရပ်လိုက်သည်။ သူ ရပ်သွားသည်ကို မြင်သော် ဂိုဏ်းသားတစ်သိန်းမှာ ယုံကြည်ချက်အနည်းငယ် ရှိသွား၏။ သူတို့အားလုံး မုဒြာလက်ကွက်များ ဖော်လိုက်ရာ သူတို့ထိုင်နေသော ကြာပွင့်များအား မန်ဟို့ဆီသို့ နေရာရွှေ့ပြောင်းသွားစေသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ကြာပွင့်များသည် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် နတ်ရုပ်ကြီးတစ်ရုပ်အဖြစ် စတင်ပေါင်းစည်းလာလေပြီ။

နတ်ရုပ်ကြီးသည် အင်မတန် ရှိန်စရာကောင်း၏။ ၎င်းတွင် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိသည်သာမက ကြာပွင့်များလည်း ၎င်းကိုပတ်၍ လည်နေသေး၏။ ထို့အပြင် အဆိုပါ ကြာပွင့်များမှာ လူတစ်သိန်းမှ ဖြစ်ပေါ်လာခြင်းပင်။ ခေါင်းသုံးလုံးစလုံးက မန်ဟို့ကို ကြည့်နေပြီး လက်ခြောက်ဖက်လုံးက သူ့ကို  လက်ညှိုးတည့်တည့် ထိုးလိုက်ကြသည်။

“ဒီနေရာက ထွက်သွားစမ်း” နတ်ရုပ်ကြီးက လူတစ်သိန်း၏ စုပေါင်းထားသော အသံများဖြင့် ဟိန်းဟောက်လိုက်သည်။ မန်ဟိုက သွေးအေးရက်စက်သောအပြုံးတစ်ခုဖြင့် မော့ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒသည် သိပ်သည်းပြင်းထန်နေပြီး သူ၏သတ်ဖြတ်လိုစိတ်မှာ ရုတ်တရက် ပို၍ပင် မြင့်တက်သွားတော့၏။

နဝမဝိညာဉ်ခန္ဓာ။ ဒုတိယစိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံခြင်းအခြေခံ။ ထာဝရအလွှာ။ ဤအရာအားလုံးက သူ၏ကိုယ်ထဲတွင် တဝုန်းဝုန်း တုန်ခါမြည်ဟည်းလာသည်။ သူသည် ညာလက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ရှေ့တက်လိုက်၏။

လူတစ်‌ယောက် နှင့် ရန်သူတစ်သိန်းမဟာမန္တန်ဝင်္ကပါ။

“မင်းတို့ကို ဖျက်စီးဖို့ အချိန်ကျပြီ” သူက ဟစ်ကြွေးလိုက်သည်။

***

All Chapters