ဝင်္ကပါကို ချိုးဖျက်ခြင်း
Vol. 50 Ch. 696
မန်ဟို့လက်သီးက ကျရောက်လာသည်။ ၎င်းသည် ပြီးပြည့်စုံခြင်းခိုးယူခံလိုက်ရသည့်အတွက် ခံပြင်းဒေါသအပေါင်းနှင့် စိတ်သန္တန်မှ ခွဲထုတ်ဖျက်စီးပစ်လိုက်သော နောင်တအားလုံးဖြင့် အားဖြည့်ပေးထားသည့်လက်သီးပင်။
လက်သီးတစ်လုံး ကျရောက်လာသည်။ အရာအားလုံး ပေါက်ကွဲသွားပြီ။
နတ်ရုပ်ကြီး၏ လက်ခြောက်ဖက်သည် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားပြီး ခေါင်းသုံးလုံးလည်း ကြေမွသွား၏။ ရုပ်တုတစ်ရုပ်လုံးကား ဗုံးတစ်လုံးပမာ ပေါက်ကွဲသွားလေပြီ။
စွမ်းအားမည်မျှ ထုတ်လွှတ်လိုက်သလဲ အတိအကျ ဖော်ပြဖို့ မဖြစ်နိုင်ပေ။ ချင်းလော်ဂိုဏ်းသားတစ်သိန်းမှာ ပါးစပ်မှ သွေးများပန်းထွက်လျက် ဧရာမကြာမန္တန်ဝင်္ကပါအတွင်းသို့ လည်ထွက်သွားကြသည်။ မန်ဟို့လက်သီး၏ ပြင်းထန်သော လေဟုန်က သူတို့ကို တိုးဝှေ့၍ ခန္ဓာကိုယ်များအား တစစီစုတ်ဖြဲကာ ချက်ချင်း အသက်နုတ်ပစ်လိုက်တော့သည်။
မန်ဟိုသည် ခိုင်မာပြတ်သားမှုတို့ တောက်ပနေသော မျက်ဝန်းများဖြင့် ရှေ့တက်လာပြီး ဒုတိယအကြိမ် လက်သီးထိုးချလိုက်သည်။
ထို့နောက် တတိယအကြိမ်၊ စတုတ္ထအကြိမ် နှင့် ပဉ္စမအကြိမ်။
လက်သီးတစ်ချက် ကျလာတိုင်း ကြာမန္တန်ဝင်္ကပါ၏အစိတ်အပိုင်းများစွာ ကြေမွသွားသည်။ လက်သီးတစ်ချက်ပြီးတစ်ချက်ထိုးရင်း မန်ဟိုက မီတာသုံးဆယ်စီ၊ မီတာသုံးဆယ်စီ ရှေ့တက်လာသည်။ ကိုးချက်မြောက်လက်သီးကျရောက်သွားသည့်အခါတွင်တော့ သူကား မန္တန်ဝင်္ကပါ၏အစွန်ဆုံးသို့ ရောက်သွားခဲ့လေပြီ။ နောက်ဆုံးလက်သီးချက်ကား .... ကောင်းကင်ဘုံကိုးခုပျက်စီးခြင်းလက်သီးပင်။
ကြာပွင့်သည် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားပြီး အလွန်ကြီးမားသော ပေါက်ကွဲမှုကြီးက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေ၏။
ဝုန်းခနဲ ပေါက်ကွဲသံကြီးသည် တောင်တစ်သိန်းအနက်မှ တောင်တစ်သောင်းခန့်ကို တိုက်ရိုက် ကြွေမွသွားစေ၏။ နောက်ဆုံးတော့ ချင်းလော်ဂိုဏ်း၏ တောင်ကာရံကြာမန္တန်ဝင်္ကပါကား ပျက်စီးသွားခဲ့လေပြီ။
ထိုအခိုက်အတန့်တွင် မန်ဟိုသည် ကြာမန္တန်ဝင်္ကပါမှ ထွက်ပြီး အနက်ရောင်မြူထုထဲ ဝင်ရောက်လိုက်၏။
“ရှုချင်ကို ပေးစမ်းးးးး” သူ ပြောသည်။ သူ၏လေသံအနေအထားအရ သူသည် တစ်လောကလုံး၏ အုပ်ချုပ်သူဧကရာဇ်ကြီးအလားပင်။ အသံကြီးက ဖော်ပြ၍မတတ်နိုင်သော အင်အား၊ အမျက်ဒေါသအပြည့်ဖြင့် ချင်းလော်ဂိုဏ်းတစ်ဂိုဏ်းလုံး ဟိန်းထွက်သွားလေသည်။
သူ၏အသံကြီး ဟိန်းထွက်လာစဉ် မြူများမှာ တဖွေးဖွေး လှုပ်လာပြီး ခပ်ကျဉ်းကျဉ်း အပေါက်များ ပေါ်လာသည်။ မန်ဟိုက ထိုကဲ့သို့အပေါက်တစ်ပေါက်မှတစ်ဆင့် မြူတစ်ဖက်ခြမ်းရှိ တောင်(၉၉)လုံးနှင့် ပထမတောင်ပေါ်ရှိ အမွှေးနံ့သာအိုးတစ်အိုးကို ဖျတ်ခနဲ မြင်လိုက်ရလေသည်။
အမွှေးနံ့သာအိုးထဲတွင် တင်ပျဉ်ခွေထိုင်နေသည်ကား တုန်ရီနေသောပုံရိပ်တစ်ခု။ ဝေဝါးနေသော်လည်း အရှိန်အဝါကတော့ အလွန်ရင်းနှီးနေသည် .....
ရှုချင်
သူ ရှင်လျှင် ရှင်ပေးမည့်၊ သူ သေလျှင် လိုက်သေပေးမည့် ရှုချင်။
ချင်းလော်ဂိုဏ်း၏ထောင်သောင်းချီသော ဂိုဏ်းသားများက ရှုချင်ကို သန့်စင်နေကြသည်။
မန်ဟိုမှာ နွေခေါင်ခေါင် မိုးကြိုးပစ်ချခံလိုက်သည့်အလား ခံစားလိုက်ရ၏။ ပြောမပြနိုင်လောက်အောင် ပြင်းထန်သော အမျက်ဒေါသသည် သူ၏ရင်တွင်း၌ တရိပ်ရိပ် မြင့်တက်လာပြီး အဆုံးမရှိသော သတ်ဖြတ်လိုစိတ် ဖြစ်လာခဲ့လေပြီ။
သတ် သတ် သတ်
ထိုအခိုက်အတန့်တွင် မန်ဟို၏ ချင်းလော်ဂိုဏ်းအပေါ် မုန်းတီးမှုသည် ဘယ်တော့မှ မညှိနှိုင်းနိုင်တော့သော အတိုင်းအတာအထိ ရောက်ရှိသွား၏။ ချင်းလော်ဂိုဏ်း၏ ဂိုဏ်းသားတစ်ယောက်မကျန် သေကို သေရမည်။
“သူ့ကို သတ်ပစ်” အမွှေးနံ့သာအိုးဘေးရှိ အဘိုးကြီးသုံးယောက်အနက် အလယ်အကျဆုံးလူက အော်လိုက်သည်။ လောလောဆယ်တွင် သုံးယောက်လုံးမှာ အံ့ဩမှင်သက်နေကြလေသည်။ မန်ဟိုက မဟာကြာမန္တနန်ဝင်္ကပါကို ချိုးဖျက်နိုင်လိမ့်မည်ဟု သူတို့ ဘယ်ထင်နိုင်ခဲ့မည်နည်း။
ပထမခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူက ချက်ချင်း ထရပ်လိုက်သည်။ သူသည် ဒေါသကြီးသူဖြစ်သည်နှင့်အားလျော်စွာ မျက်နှာထား တင်းမာခက်ထန်စွာဖြင့် လေပေါ် ပျံတက်လိုက်၏။
“တောင်တစ်ရာရဲ့ အစွန်ဆုံးတောင်နှစ်ဆယ်က ဂိုဏ်းသားတို့” အဘိုးကြီးက ပြောသည်။ “လော်ယင်ဝင်္ကပါထဲကို ငါနဲ့အတူ လိုက်ခဲ့ကြ။ အဲဒီကောင့်ကို ငါတို့ သတ်ကြမယ်” သူက ထိုသို့ပြောရင်း အနက်ရောင်မြူထုထဲ ဝင်ရောက်လိုက်သည်။ တစ်ဆက်တည်းမှာပင် ဂိုဏ်းသားသုံးသောင်းက သူ့နောက်မှ လိုက်ပါပျံသန်းလာကြသည်။ သူတို့အားလုံးအထဲ အားအနည်းဆုံးမှာ ချီအခြေတည်အဆင့်ဖြစ်ပြီး အစွမ်းထက်ဆုံးမှာ အနုသုခုမရုပ်ခန္ဓာအဆင့် ဖြစ်ကြသည်။
သူတို့ မြူထဲဝင်ရောက်လာသည့်အချိန်မှာပင် မန်ဟို၏ ပူဆွေးသောက၊ အမျက်ဒေါသတို့ ပြည့်သျှံနေသော အသံကြီးက ရုတ်တရက် ဟိန်းထွက်လာသည်။
“ချင်းလော်ဂိုဏ်း၊ ငါ ဒီနေရာမှာ ကျိန်ဆိုတယ် .... မင်းတို့တစ်ဂိုဏ်းလုံး တစ်ယောက်မှ မကျန်အောင် ငါ သုတ်သင်ပစ်မယ်။ တောင်ကောင်းကင်ဂြိုဟ်မှာ မင်းတို့ နဲ့ ငါ တစ်ယောက်မဟုတ် တစ်ယောက် မရှိစေရဘူး”
မန်ဟို၏သတ်ဖြတ်လိုစိတ်က အညှာအတာမရှိသော အတိုင်းအတာအထိ ရောက်သွားခဲ့လေပြီ။ သူက ညာလက်ကို မြှောက်၍ တံခွန်သုံးခုအလံကို ထုတ်လိုက်သည်။ ၎င်းသည် အရပ်လေးမျက်နှာသို့ ခံညားထည်ဝါစွာ ပြန့်ကားထွက်သွားရာ သူ၏ပတ်ပတ်လည်ရှိ မြူများ တဖွေးဖွေး လှုပ်လာပြီး ထစ်ချုန်းသံများ လေတွင် ပြည့်နှက်သွားလေသည်။ ချင်းလော်ဂိုဏ်း ပထမခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူကမူ ထိုသူ မြူထဲ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် မြူထုသည် အသိစိတ်ရှိသွားသည့်အလား အသက်ဝင်လာ၏။
“ချင်းလော်ဂိုဏ်းရဲ့ စိတ်ဆန္ဒ၊ သက်ရှိသတ္တဝါအားလုံး၏ အသိအမြင်။ တိုက်ပွဲဝင်ပြီး ကောင်းကင်ဘုံက ကြယ်တွေကို ခူးဆွတ်မယ်။ ဝင်္ကပါပုံစံ (၁)” ပထမခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီး၏အသံ ပဲ့တင်ထပ်နေစဉ် ဂိုဏ်သားသုံးသောင်းက တစ်ယောက်ပြီးတစ်ယောက် မြူထဲ ဝင်လိုက်ကြသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် မြူထုသည် နဂါးနက်များပုံစံ ဝင်္ကပါရှစ်ခုအဖြစ် စုသွား၏။
နဂါးနက်များမှာ အင်မတန် ရက်စက်ကြမ်းကြုတ်သောဟန် ရှိသည်။ ၎င်းတို့က ဒေါသတကြီး ဟိန်းဟောက်ရင်း တစ်ကောင်နှင့် တစ်ကောင် ရစ်သိုင်းထွေးယှက်ရင်း မန်ဟို့ကို စားရန် ပြေးဝင်လာကြသည်။
နဂါးနှစ်ကောင်ကို ကြည့်လိုက်စဉ် မန်ဟို၏မျက်လုံးများက အေးစက်စက် တောက်ပသွားသည်။ သူ၏သတ်ဖြတ်လိုစိတ်မှာ ဘယ်တုန်းကမှ မရောက်ခဲ့ဖူးသော အတိုင်းအတာအထိ ရောက်သွားခဲ့လေပြီ။ ကျင့်ကြံခြင်းအား စတင်အားထုတ်ခဲ့သည့်နေ့စ၍ ယနေ့မတိုင်ခင်အထိ သူကား ဤမျှသတ်ဖြတ်လိုစိတ် မဖြစ်ခဲ့ဖူးပေ။
နဂါးရှစ်ကောင် ချဉ်းကပ်လာနေသည့်အချိန် မန်ဟိုက ရှေ့တက်ပြီး တံခွန်သုံးခုအလံကို ဝှေ့ယမ်းလိုက်သည်။ အမှောင်ထုက ဖြာထွက်လာရင်း နဂါးနက်ရှစ်ကောင်အနက် သုံးကောင်ကို လွှမ်းခြုံသွား၏။ အလံသည် ထူးဆန်းသောအလင်းရောင်ဖြင့် စတင်တောက်ပလာပြီး ၎င်း၏မျက်နှာပြင်အပေါ်တွင် မရေမတွက်နိုင်သော မျက်နှာများ ပေါ်လာသည်။ မျက်နှာများကား သွေးဆာနေသည့်အလား၊ အငမ်းမရဖြစ်နေသည့်အလား ကြမ်းကြုတ်ရှုံ့မဲ့နေကြလေ၏။
တစ်ချိန်တည်းမှာပင် မန်ဟို၏ခန္ဓာကိုယ်က နဂါးတစ်ကောင်၏အရှေ့တွင် ရိပ်ခနဲ ပြန်ပေါ်လာသည်။ သူသည် တစ်ချက်လေးမှ မတုံ့ဆိုင်းဘဲ လက်သီးထိုးချလိုက်၏။ ဝုန်းခနဲ မြည်ဟည်းသွားပြီး နဂါးနက်ကြီး အကြောဆွဲသွားလေသည်။ သနားစဖွယ် အော်သံများနှင့်အတူ ၎င်း၏အသားများမှာ တစ်လွှာပြီးတစ်လွှာ ကွဲထွက်လာသည်။ မန်ဟို့အနောက်တွင် နောက်ထပ် နဂါးနက်သုံးကောင် ဟိန်းဟောက်ပြီး ပြေးဝင်လာကြ၏။ ၎င်းတို့က မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားလာရာ သူ လှည့်ကြည့်လိုက်သည့် အခိုက်အတန့်မှာပင် သူ၏အရှေ့တည့်တည့်သို့ ရောက်လာခဲ့ပြီဖြစ်သည်။
“မိစ္ဆာချုပ်နှောင်ခြင်း၊ အဋ္ဌမမန္တန်” သူက ညာလက်ဖြင့် လက်ညှိုးထိုးရင်း ပြောသည်။ ချက်ချင်းပင် နဂါးနက်သုံးကောင်သည် မမြင်ရသော သံကြိုးများဖြင့် တုပ်နှောင်ခံနေရသည့်အလား တုန်ရီလာကြ၏။
“မိစ္ဆာမှော်ကျင့်စဉ် ၊ သမာဓိအပ်နှင်းခြင်းပညာရပ်၊ ဝိညာဉ်နုတ်ယူခြင်း” မန်ဟိုသည် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ပြီး သူ အရှေ့သို့ ညွှန်လိုက်စဉ် သူ၏မျက်လုံးများတွင် ရက်စက်သောအလင်းရောင်တောက်သွားသည်။
နဂါးနက်များအတွင်းမှ ကြောက်လန့်တကြား စူးစူးဝါးဝါး အော်သံများ ပဲ့တင်ထပ်လာသည်။ ၎င်းတို့အထဲတွင် ကျင့်ကြံသူတစ်သောင်းကျော်ရှိပြီး သူတို့မှာ မျက်စိမျက်နှာပျက်လျက် အော်ဟစ်နေကြလေသည်။ သူတို့၏ကိုယ်အတွင်းမှ ဝိညာဉ်များ နုတ်ယူခံနေရသဖြင့် သရဲပုံရိပ်များ အထပ်ထပ်ဖြစ်ပေါ်လာသည်။
နဂါးသုံးကောင်က တမုဟုတ်ချင်း ပေါက်ကွဲသွား၏။ အလောင်းတစ်သောင်းကျော်က ရုတ်တရက် မြေကြီးအပေါ် တဘုတ်ဘုတ် ကျလာလေသည်။
သမာဓိအပ်နှင်းခြင်းပညာရပ်သည် မိစ္ဆာချုပ်နှောင်သူများ၏ မှော်ကျင့်စဉ်တစ်ခု ဖြစ်သည်။ သမာဓိသည် အတွေးတစ်ချက်ဖြင့်လာသည်၊ အပ်နှင်းခြင်းသည် အတွေးတစ်ချက်ဖြင့် လာသည်။ ရှင်ခြင်းသည် အတွေးတစ်ချက်ဖြင့် လာသည်။ သေခြင်းသည်လည်း အတွေးတစ်ချက်ဖြင့် လာသည်။
ထိုအခိုက်အတန့်မှာပင် ကျန်နဂါးသုံးကောင်မှာလည်း တံခွန်သုံးခုအလံကြောင့် ပြင်းပြင်းထန်ထန် တုန်ရီပြီး အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားလေ၏။ နောက်ဆုံးနဂါးမှာမူ တုံ့ခနဲ ရပ်သွားသည်။ နဂါး၏ခေါင်းပိုင်းတွင် ပထမခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီး၏ ပုံရိပ်က မှော်ဆန်ဆန် ပေါ်လာပြီး သူ့မျက်နှာတွင် ထိတ်လန့်အံ့ဩမှုတို့ စိုးမိုးနေတော့သည်။
“ဝင်္ကပါပုံစံ ၂” သူက အော်လိုက်သည်။ နဂါးအားလုံး၏ အကြွင်းအကျန်အပိုင်းအစများက ပထမခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးဆီသို့ ပြေးဝင်သွားသော အနက်ရောင်မြူခိုးများအသွင် ပြောင်းသွားသည်။ ထိုမြူခိုးများထဲတွင် အသတ်မခံရသေးသော ဂိုဏ်းသားတစ်သောင်းရှိ၏။
မျက်စိတစ်မှိတ်အတွင်း အနက်ရောင်မြူခိုးများသည် မီတာသုံးရာအမြင့် ဘီလူးကြီးတစ်ကောင် ဖြစ်လာသည်။ ၎င်းသည် အနက်ရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး နတ်ဘုရားကြီးအလားပင်။ ၎င်းက ပေါ်လာသည်နှင့်တစ်ပြိုင်နက် မန်ဟို့ဆီ ပြေးဝင်လာ၏။
“သေပေတော့” လူတစ်သောင်း၏ စုပေါင်းအသံကြီးက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဟိန်းထွက်သွားသည်။ တစ်ချိန်တည်းမှာပင် တောင်တစ်သိန်းသည် ဘီလူးကြီးအား လွှမ်းခြုံသွားပြီး ၎င်း၏ခန္ဓာကိုယ်ကို တောက်ပလာစေသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်၏။ ရုတ်တရက်ဆိုသလို ၎င်းသည် မီတာ ၁၅၀၀ မြင့်သွားလေပြီ။
ဘီလူးကြီး၏အရွယ်အစားနှင့် ယှဉ်လျှင် မန်ဟိုမှာ ပိုးကောင်လေးတစ်ကောင်သာ။
မန်ဟိုသည် လာနေသော ဘီလူးကြီးကို ကြည့်ပြီး မျက်လုံးများ ပိုမိုသွေးအေးလာ၏။ ထို့နောက် အမွှေးနံ့သာအိုးထဲတွင် ရှုချင် သေလား၊ ရှင်လား မသိရသဖြင့် သူ့မှာ ပို၍ပင် ရင်ပူလာတော့သည်။ တစ်ချိန်တည်းမှာပင် ဤမန္တန်ဝင်္ကပါကို မဖျက်စီးလျှင် ချင်းလော်ဂိုဏ်းသို့ မဝင်ရောက်နိုင်မည်ကိုလည်း နားလည်လိုက်၏။
“သေစမ်း” ဘီလူးကြီးက လက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ဖြန်ကား၍ မန်ဟို့ကို ရိုက်ချရန် ပြင်ရင်း ဟိန်းဟောက်လိုက်သည်။ လက်ဝါးကြီးနှစ်ဖက်သည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားလာပြီး မျက်စိတစ်မှိတ်အတွင်း မန်ဟို့ကို ထိပေတော့မည်။
သူသည် မရှောင်ဘဲ လက်ဝါးနှစ်ဖက်အား သူ့ကို ရိုက်ခွင့်ပြုလိုက်၏။
စောင့်ကြည့်နေသော မည်သူမဆိုအတွက် မန်ဟိုမှာ ဘီလူးကြီးလက်ဝါးနှစ်ဖက်ဖြင့် လွှမ်းမိုးခံရတော့မည့်အလား ထင်ရသည်။ သို့သော် အနီးကပ်ကြည့်လျှင်တော့ .... ဘီလူးကြီး တုန်ရီနေသည်ကို မြင်တွေ့ရပေမည်။
၎င်းသည် တုန်ရီနေသည်သာမက ၎င်း၏အမူအရာမှာ အံ့ဩမယုံနိုင်ဖြစ်နေသော ပုံစံရှိသည်။
“ဒါ ... ဘယ် .... ဘယ်လို အပြင်အားကိုယ်လဲ” အမွှေးနံ့သာအိုးဘေးရှိ ဒုတိယခွဲထွက်ခြင်းအဆင့် အဘိုးကြီးက ရေရွတ်လိုက်သည်။ သူက တအံ့တဩ ထရပ်လိုက်၏။
“စိတ်အေးအေးထား ၊ ဒေါသထွက်စရာမလိုပါဘူး” တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးက အေးစက်စက် ပြောသည်။ “ဒါက ပုံစံသုံးခုထဲကမှ ပုံစံ ၂ ပဲ ရှိသေးတာမဟုတ်လား”
သူတို့စကားပြောနေသည့်အချိန်မှာပင် ဘီလူးကြီး၏လက်နှစ်ဖက်က ဖောင်းခနဲ ပေါက်ကွဲသွားလေသည်။ အနက်ရောင်မြူခိုးများ ဖြာထွက်ပျံ့နှံ့သွားပြီး မန်ဟိုက နည်းနည်းလေးမှ မထိခိုက်ဘဲ လမ်းလျှောက်ထွက်လာသည်။ သူသည် ဘီလူကြီးအပေါ်တက်ပြီးနောက် ချက်ချင်း လက်သီးထိုးချလိုက်၏။
ဘီလူးကြီးက မန်ဟို့ကို ခုခံရန် ပါးစပ်ဟပြီး မြူတစ်လုပ် ထွေးထုတ်လိုက်သည်။ တစ်ပြိုင်တည်းဆိုလို ၎င်းက အမြန်ဆုံးနောက်ဆုတ်လိုက်၏။ ဘီလူးကြီး၏နဖူးအပေါ်တွင် ကြောက်ရွံတုန်လှုပ်နေသော မျက်နှာအမူအရာဖြင့် ပထမခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီး၏ပုံရိပ် ပေါ်လာသည်။
သူက ချက်ချင်း အော်လိုက်၏။ “ပုံစံ ၃”
တုံ့ပြန်သည့်အနေဖြင့် ဘီလူးကြီး၏ခန္ဓာကိုယ်မှာ အဆုံးမဲ့သော အနက်ရောင်မြူခိုးများအဖြစ် ပြိုကွဲသွားပြီး မန်ဟို့ဆီ ပြေးဝင်ကာ သူ့ကို ဝိုင်းလိုက်လေသည်။ ၎င်းသည် မန်ဟို့အား အထဲတွင်ထား၍ ဧရာမအလုံးကြီးတစ်လုံးအသွင်ပြောင်းရင်း လည်လာသည်။ အနက်ရောင်မီးတောက်များလည်း တဟုန်းဟုန်း ထွက်ပေါ်လာ၏။ ထို့နောက် မြူလုံးကြီးက မန်ဟို့ကို အထဲတွင် သန့်စင်ပစ်တော့မည့်အလား ကျုံ့လာသည်။
၎င်းက မရပ်မနား ကျုံ့လာနေ၏။ မီတာ ၃၀၀ ၊ မီတာ ၁၅၀ ၊ မီတာ ၁၀၀ ၊ မီတာ ၃၀ .....
အမွှေးနံ့သာအိုး၏ဘေးရှိ တတိယခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးက သွေးအေးအေး မှတ်ချက်ပြုလိုက်သည်။ “ပုံစံ(၃)က မိုလီရဲ့ကျင့်ကြံခြင်းအခြေခံစွမ်းအားနဲ့ ပေါင်းစည်းထားတာမလို့ ဒုတိယခွဲထွက်ခြင်းအဆင့်ပညာရှင်တစ်ယောက်ကို အလွယ်တကူ သတ်ပစ်နိုင်တယ်။ သူ့ အပြင်အားကိုယ် ဘယ်လောက်ပဲ သန်မာသန်မာ၊ ပျော့ပျောင်းမှုက မာကြောမှုကို အနိုင်ယူနိုင်တယ်။ သူ ဘယ်လိုမှ မလွတ်နိုင်ဘူး”
သူ့ဘေးရှိ ကျန်စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးက ပြုံးရင်း သဘောတူလိုက်သည်။ “လော်ယင်ဝင်္ကပါက ဘယ်သက်ရှိသတ္တဝါကိုမဆို သန့်စင်နိုင်တယ်။ စိတ်မကောင်းစရာက ... ဆေးလုံးတွေ မထုတ်ပေးနိုင်တာပဲ။ မဟုတ်လို့ကတော့ အဲ့ဒီလူကို အဖိုးထိုက်ရတနာအဖြစ် သေချာပေါက် သတ်မှတ်လို့ရမယ့် ဆေးလုံးအဖြစ် သန့်စင်ပစ်နိုင်တယ်”
သူတို့နှစ်ယောက် စကားလက်ဆုံကျနေစဉ် ရုတ်တရက် ဂျိန်းခနဲ ထစ်ချုန်းသွား၏။ သူတို့မျက်နှာများ ရိပ်ခနဲ ဖြစ်သွားပြီး မော့ကြည့်လိုက်ကြသည်။ အောက်ရှိ ထောင်ပေါင်းများစွာသော ချင်းလော်ဂိုဏ်းသားများလည်း ထိုနည်းတူပင်။
သူတို့မြင်လိုက်ရသည်မှာ (၁၀)မီတာအရွယ်သာ ရှိတော့သည့်အထိ ကျုံ့သွားသော အနက်ရောင်မြူလုံးကြီးတစ်လုံးဖြစ်သည်။ ထို့နောက် ထိုမြူလုံးအတွင်းမှ ပြိုင်ဘက်ကင်းလောက်အောင် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ခုအား ထုတ်လွှတ်လိုက်၏။
အရှိန်အဝါ၏ ရက်စက်ကြမ်းကြုတ်မှုမှာ ပြောပြဖို့ရန်ပင် ခဲယဉ်းပြီး ၎င်း၏ထိတ်လန့်ဖွယ် သွေးအေးမှုလည်း ထိုနည်းတူပင်။ လူတိုင်း စောင့်ကြည့်နေစဉ် (၁၀)မီတာမြူလုံးအတွင်း၌ ဒေါသူပုန်ထနေသော ပုံရိပ်တစ်ခု ပေါ်လာသည်။
၎င်းကား လူမဟုတ်....ပန်းတစ်ပွင့် ဖြစ်သည်။
ရောင်စုံပန်းတစ်ပွင့်။
၎င်း၏အကိုင်းအခက်များ၊ အရွက်များက ယိမ်းနွဲ့နေပြီး ပွင့်ချပ်များလည်း တဖျပ်ဖျပ် လှုပ်နေသည်။ ၎င်း၏အရှိန်အဝါ ဖြာထွက်လာသောအခါ မြူလုံးကြီးမှာ ခံနိုင်ရည်မရှိတော့ဘဲ ဖောင်းခနဲ ပေါက်ကွဲသွားတော့၏။ ထိုသို့ပေါက်ကွဲသွားသည့်အခါ ချင်းလော်ဂိုဏ်းသားများ၏ အလောင်းများမှ သွေးများ၊ အသားအတုံးအတစ်များက အရပ်မျက်နှာတစ်ခွင် လွင့်စင်ပြန့်ကြဲသွားသည်။ ထို့အပြင် အံ့ဩထိတ်လန့်မယုံနိုင်မှုတို့ မျက်နှာတွင် ဖုံးလွှမ်းလျက် ရှိသော အဘိုးကြီးတစ်ဦး အမြန်ဆုံး ထွက်ပြေးလာသည်။
အဘိုးကြီးကား ပထမခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးမှတစ်ပါး အခြားမဟုတ်ပေ။
“ကယ်ပါဦး” သူက ထွက်ပြေးနေရင်း အော်လိုက်သည်။
သို့သော် သူ ဝေးဝေးလံလံ မသွားနိုင်ခင် ၊ မည်သူမှ တုံ့ပင်မတုံ့ပြန်နိုင်ခင် မည်းနက်နေသောအကိုင်းတစ်ကိုင်းက အမြင့်ဆုံးအရှိန်ဖြင့် မြွေလိမ်မြွေကောက် ထွက်လာသည်။ ၎င်းသည် အဘိုးကြီးကို ရစ်ပတ်ပြီး အကြမ်းပတမ်း ပြန်ဆွဲခေါ်သွား၏။ အကိုင်းက သူ့ကို မန်ဟို့ဆီ တရွတ်တိုက် ဆွဲခေါ်သွားသဖြင့် အဘိုးကြီးမှာ ကြောက်လန့်တကြား အော်ဟစ်နေလေသည်။ မန်ဟိုက အဘိုးကြီးကို လည်ပင်းမှ ဖမ်းဆုပ်လိုက်သည်။
မန်ဟိုက ရှေ့သို့လျှောက်လာသည်။ သူ၏အနောက်တွင် မီဝာာ (၆၀) တိတိ မြင့်သော ငါးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းကား ဒေါသတကြီး ရှေ့နောက်ယိမ်းရင်း လိုက်ပါလာ၏။
ဤသည်မှာ မန်ဟို၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်းရတနာ၊ ရှင်သန်ခြင်းနှင်းပန်းပင်။
***