← Chapters

တောင်တစ်သိန်း

Vol. 50 Ch. 697

တောင်တစ်သိန်း

Vol. 50 Ch. 697

အနက်ရောင်မြူဝင်္ကပါကား ပျက်စီးသွားခဲ့လေပြီ။

မန်ဟိုက အသတ်အဖြတ်စိတ်ဆန္ဒတို့ ဟုန်းဟုန်းတောက်လျက် ထွက်လာသည်။ သူသည် ညာလက်ကို အားပါပါ ဖြစ်ချရင်း ချင်းလော်ဂိုဏ်း ပထမခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးကို အသက်နုတ်ပစ်လိုက်တော့သည်။ အရိုးများ တဂျွတ်ဂျွတ် ကြေမွသွားပြီးနောက် မန်ဟိုက လက်ကို ဖြေလိုက်ရာတွင် အဘိုးကြီး၏အလောင်းသည် မြေကြီးပေါ်သို့ အရုပ်ကြိုးပြတ် ကျသွား၏။

မန်ဟိုက ထိုလူ၏ သိုလှောင်အိတ်နှင့်ပတ်သက်ပြီး အဖက်ပင်မလုပ်ပေ။

မန်ဟို့အနောက်တွင် ရှင်သန်ခြင်းနှင်းပန်းသည် သူ၏ကြောက်မက်ဖွယ်ရာ အရိပ်မည်းမည်းကြီးလား ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်ရင်း ဟိုဟိုသည်သည် ယိမ်းနေ၏။ ရှင်သန်ခြင်းနှင်းပန်းမှာ တကယ်တော့ သူ ဒုတိယခွဲထွက်ခြင်းပြီးမြောက်သွားလျှင်ချင်း အသုံးပြုရန် အသင့်ဖြစ်နေခဲ့ခြင်းပင်။

ထိုမျှသာမက သူ့ကိုယ်အတွင်းရှိ အသက်စွမ်းအားသည် ခုနစ်ရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်း သာနွီ့ဆီမှ လာလေသည်။ ထို့အကြောင်းကြောင့် သူသည် ရှင်သန်ခြင်းနှင်းပန်းနှင့် သူသေကိုယ်သေ တိုက်ခိုက်ခဲ့ရသော်လည်း ၎င်း၏စိတ်ဆန္ဒကို ဖယ်ရှားပြီးနောက် ၎င်းသည် ကြည်ကြည်ဖြူဖြူ ဖြစ်လာ၏။

ထိုကဲ့သို့ ကြည်ဖြူမှုက သူတို့နှစ်ယောက်အကြား ဖြတ်တောက်၍မရနိုင်သော ဆက်သွယ်မှုတစ်ခုကို ဖန်တီးပေးလေသည်။

ထိုကဲ့သို့ဆက်သွယ်မှုတစ်ခုသည် ကျင့်ကြံသူအများစု ဖန်ဆင်းထားသော စိတ်ဝိညာဥ်ခွဲထွက်ခြင်းရတနာများအား လွှမ်းမိုးနိုင်၏။

ဤအခိုက်အတန့်တွင် မန်ဟို့ကမ္ဘာ၌ အမွှေးနံ့သာအိုးထဲမှ ပုံရိပ်မှတစ်ပါး ဘယ်သူမှ မရှိဝောာ့ပေ။ သူသည် မြူမန္တန်ဝင်္ကပါမှ ထွက်လာလျှင်ချင်း ပထမတောင်သို့ တန်းတန်းမတ်မတ် ဦးတည်သွားသော အစိမ်းရောင်အခိုးအငွေ့အသွင်ပြောင်းသွား၏။

ထိတ်လန့်သွားသော အရိပ်အယောင်များက အမွှေးနံ့သာအိုးဘေးရှိ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်၏မျက်နှာများကို စိုးမိုးသွားသည်။ ဒုတိယခွဲထွက်ခြင်းအဆင့် အဘိုးကြီးက လေပေါ်ပျံတက်ပြီး ဟိန်းဟောက်လိုက်သည်။ “သူ့ကို တားကြ”

တစ်ပြိုင်တည်းမှာပင် အောက်ရှိ ချင်းလော်ဂိုဏ်းသားအကုန်လုံး ဧရာမမန္တန်ဝင်္ကပါတစ်ခုအား ဖော်ဆောင်ရန် ပျံတက်လာကြသည်။ ကောင်းကင်နှင့်မြေကြီး၏စွမ်းအား သက်ဆင်းလာပြီး တောင်တစ်သိန်းသည် စိတ်ဝိညာ‌‌ဉ်စွမ်းအားများ ထုတ်လွှတ်လိုက်၏။ မန္တန်ဝင်္ကပါက စွမ်းအားများဖြင့် သက်ဝင်လှုပ်ရှားလာတော့သည်။

တတိယခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူက ပျံတက်မလာသော်လည်း ထရပ်ပြီး အမွှေးနံ့သာအိုးအပေါ် လက်တင်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံ လည်ပတ်သွားသဖြင့် သူ၏မျက်လုံးများ တဖျပ်ဖျပ် တောက်ပလာလေသည်။ သူကား သန့်စင်ခြင်းကို ဆက်လက်ဆောင်ရွက်ရန် သူ၏ အားကောင်း‌သော ကျင့်ကြံခြင်းစွမ်းအားတစ်ခုတည်းသာ အသုံးပြုနေပြီဖြစ်၏။

“ဒီလူက နယ်နယ်ရရ မဟုတ်ဘူး” သူက တွေးလိုက်သည်။ “သူ ဒီအထိ ရောက်လာပြီဆိုကတည်းက ငါတောင် သူ့ကို အနိုင်ယူနိုင်ပါ့မလား မသေချာဘူး။ ဒါကြောင့် သူ့ရဲ့ခံစားချက်တွေကို နှောင့်ယှက်ရမယ်။ ကျိုးတဲရဲ့ကျင့်ကြံခြင်းအခြေခံရယ်၊ ကျန်ဂိုဏ်းသားတွေ ဖော်ဆောင်ထားတဲ့ မန္တန်ဝင်္ကပါကို ထည့်တွက်မယ်ဆိုရင် သူ့နှလုံးသား ယောက်ယက်ခတ်နေသရွေ့ ကျိုးတဲ သူ့ကို နိုင်နိုင်ခြေများလိမ့်မယ်

မန်ဟို ထွက်လာသည်နှင့်တစ်ပြိုင်နက် ဒုတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီး၏ ဟန့်တားမှုကို ကြုံ‌တွေ့လိုက်ရသည်။ မန်ဟို၏သတ်ဖြတ်လိုစိတ်တို့ ပိုမိုအားကောင်းလာသည်။ အထူးသဖြင့် အမွှေးနံ့သာအိုးဘေးရှိ တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီး သန့်စင်ခြင်းလုပ်ငန်းစဉ် မြန်မြန်ပြီးအောင် ကြိုးစားနေသည်ကို မြင်သောအခါ မန်ဟို့မျက်လုံးများမှာ လုံးဝ နီရဲသွားတော့၏။

“ဖယ်စမ်း” သူက အင်္ကျီလက်စကို ခါရင်း ဟိန်းဟောက်လိုက်သည်။ ချက်ချင်းပင် ဒုတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးမှာ ပါးစပ်မှ သွေးများပန်းထွက်လျက် လွင့်ထွက်သွားလေသည်။ သူ့မှာ အံ့ဩမှင်သက်သွားပြီး မန်ဟို့လမ်းကို ပိတ်ဖို့ သူ၏အားထုတ်မှု တကယ်လည်း မန်ဟို့ကို အတန်ငယ် အရှိန်လျော့သွားစေ၏။

တစ်ဆက်တည်းမှာပင် အောက်ရှိ ကျင့်ကြံသူထောင်‌သောင်းပေါင်းများစွာသည် မန္တန်ဝင်္ကပါ၏စွမ်းအားကို လျင်မြန်စွာ ထုတ်လွှတ်လိုက်ကြ၏။ တလက်လက် တောက်ပနေသော အလင်းရောင်က လေပေါ် ထိုးတက်သွားပြီးနောက် ပတ်ဝန်းကျင်ကို နေရာလပ်မကျန် လွှမ်းခြုံသွားလေသည်။ အံ့သြဖွယ်ကောင်းစွာနှင့် တောက်ပနေသောပုံရိပ် တစ်ခုပြီးတစ်ခုလည်း လေပေါ် ထိုးတက်သွားကြ၏။ ၎င်းတို့က လင်းလက်နေသော ဝိညာဉ်များကို ကိုယ်စားပြုပြီး အောက်ရှိ မရေမတွက်နိုင်သော ချင်းလော်ဂိုဏ်းသားများကို ကိုယ်စားပြုလေသည်။

၎င်းတို့က မန်ဟို့လမ်းကို ပိတ်ရန် ‌နေရာယူလိုက်ကြသည်။

“မင်း ဘယ်လိုဖောက်ထွက်လာမလဲ ကြည့်ကြသေးတာပေါ့” ဒုတိယစိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးက ယုတ်မာကောက်ကျစ်စွာ ပြောသည်။ သူ၏အသံ ပဲ့တင်ထပ်လာစဉ် မန္တန်ဝင်္ကပါသည် တဝီးဝီးလည်လာရာ ကောင်းကင်ထက်နှင့် မြေပြင်ပေါ်ရှိ အရောင်များကို မှေးမှိန်သွားစေ၏။ လေများလည်း တဝေါဝေါ တိုက်ခတ်လာပြီး တောင်တစ်သိန်းမှ စိတ်ဝိညာဉ်စွမ်းအင်များ တလိပ်လိပ် ထွက်လာလေသည်။

“မင်းတို့ကောင်တွေ သေချင်နေဝာာလား” မန်ဟိုက အသတ်အဖြတ်စိတ်ဆန္ဒတို့ ဟုန်းဟုန်းတောက်နေလျက်‌ ပြောလိုက်သည်။ သူသည် ရှေ့တက်လာပြီး တံခွန်သုံးခုအလံကို မြှောက်လိုက်၏။ ထို့အပြင် သွေးအင်မော်တယ်နတ်ဘုရားစွမ်းရည်များ ပေါ်လာကာ ချက်ချင်းပင် အကြီးအကျယ် သေကြေပျက်စီးခြင်းတို့ ဖြစ်ပျက်သွားစေသည်။

မချိတင်ကဲအော်ဟစ်သံများ အဆက်မပြတ် ပဲ့တင်ထပ်လာသည်။ မန်ဟို့ကျင့်ကြံခြင်းအခြေခံ၏ မယုံကြည်နိုင်ဖွယ်စွမ်းအားကြီးကြောင့် ဤရန်သူများမှာ ပိုးကောင်များထက် မပိုပေ။ သို့သော် ချင်းလော်ဂိုဏ်းသားအရေအတွက်ကား များပြားလှသဖြင့် တခဏလေးအတွင်း အကုန်သတ်ပစ်ရန်မှာတော့ မဖြစ်နိုင်သည်သာ။

ဒုတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးက တတ်နိုင်သမျှ သတိကြီးကြီးထား၍ အလစ်တိုက်ခိုက်နေသည်။ သူနှင့်မန်ဟို တိုက်ကွက်ဖလှယ်တိုင်း အလွန်ကျယ်လောင်သော ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားသည်။ အကြိမ်တိုင်း ဒုတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးမှာ သွေးအန်လိုက်ရပြီး သူ၏နှလုံးသားတွင် အံ့ဩထိတ်လန့်မှုတို့ ပြည့်နှက်သွားရ၏။

မန္တန်ဝင်္ကပါ၏အပြင်တွင်တော့ တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးသည် သန့်စင်ခြင်းလုပ်ငန်းစဉ်ကို ပို၍ပင်မြန်အောင် အားထည့်နေ၏။ ထို့နောက် ကြိတ်မှိတ်သည်းခံနေရသော အားနည်းမှုအပြည့်ဖြင့် ရှုချင်၏ ညည်းညူလိုက်သံက အမွှေးနံ့သာအိုးထံမှ ဟိန်းထွက်လာသည်။ မန်ဟိုကား ရူးချေပြီ။

“အကုန်လုံး သေကြစမ်း” သူသည် ရုတ်တရက် ခေါင်းထောင်ပြီး မြေကြီးကို တွန်းချလိုက်၏။ ထိုအခါ အောက်ရှိ မြေပြင်ကြီးမှာ တသိမ့်သိမ့် တုန်ရီလာလေသည်။ မန်ဟို၏ဆံပင်များသည် အကြမ်းပတမ်း ပျံ့လွင့်လျက်ရှိပြီး သွေးကြောပြာကြီးများက သူ၏နဖူးတွင် ထောင်နေတော့သည်။ သူကား ယခုမတိုင်ခင်အထိ မမြင်ခဲ့ရဖူးသော ပုံစံမျိုးဖြင့် သွေးရူးသွေးတန်း ဖြစ်နေလေပြီ။

“တောင်ဝါးမြိုမန္တန်။ တောင်တစ်သိန်း မြောက်တက်လာစမ်း” မန်ဟိုက ခေါင်းနောက်လှန်ပြီး အကျယ်ကြီး ဟိန်းဟောက်လိုက်၏။ အောက်ရှိ မြေကြီးမှာ အရည်သဖွယ် ပွက်ပွက်ဆူလာပြီး ချင်းလော်ဂိုဏ်း၏ တောင်တစ်သိန်းကား တဝုန်းဝုန်း လှုပ်ခါလာလေသည်။

၎င်းတို့သည် အခြေမှ ကျွတ်ထွက်လာတော့မည့်အလား ထင်ရ၏။‌ ပြောပြမတတ်နိုင်အောင် အစွမ်းထက်လှသော စွမ်းအားတစ်ရပ်က လက်တစ်သိန်းအသွင်ပြောင်းသွားခဲ့ပြီး ယခုတွင် ‌တောင်များအား ပထဝီမြေကြီးထံမှ ဆွဲနုတ်ပစ်ရန် ကြိုးစားနေသည့်အလားပင်။

ဤသည်မှာ ..... တောင်ဝါးမြိုမန္တန်ဖြစ်သည်။

မန်ဟို၏‌ ဒုတိယခွဲထွက်ခြင်း ၊ ထာဝရအလွှာမှ အားဖြည့်ပေးထားသော တောင်ဝါးမြိုမန္တန်။

မန္တန်အား ထုတ်လွှတ်လိုက်သောအခါ ၎င်းသည် ကောင်းကင်ဘုံအတွက် ထိတ်လန့်စရာကောင်း‌ပြီး ကမ္ဘာမြေအား ကြောက်လန့်တုန်ရီသွားစေနိုင်သည်။

“မြောက်တက်လာစမ်း” မန်ဟိုက ဟိန်းဟောက်လိုက်သည်။ တောင်တစ်သိန်းမှာ နောက်တစ်ကြိမ် လှုပ်ခါပြီး ဤတစ်ခေါက်တွင် တောင်တစ်သောင်းမှာ အခြေမှ ပြင်းပြင်းထန်ထန် ဆွဲနုတ်ခြင်းခံလိုက်ရလေပြီ။ တောင်များ လေပေါ်မြောက်တက်သွားစဉ် ကျောက်တုံးကျောက်ခဲများက ‌တဖွားဖွား ကျလာ၏။

တောင်များ၏ စောင်းမြောင်းမညီညာသောအခြေများတွင် အပင်များ၊ မြစ်များ ထောင်းခနဲ ပြတ်ထွက်သွားပြီး တွဲလောင်းကျနေကြ၏။ တချို့က မီတာအနည်းငယ်သာ ရှည်လျားပြီး တချို့က ဒါဇင်ချီလေသည်။

ဤမြင်ကွင်းကြီးက ချင်းလော်ဂိုဏ်းသားအားလုံးကို လုံးလုံးလျားလျား ကြက်သေသေသွားစေ၏။ သာမန်ဂိုဏ်းသားများ၊ အနုသုခုမရုပ်ခန္ဓာအဆင့် အကြီးအကဲများ၊ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများ အကုန်ပါသည်။ သူတို့၏ ထိတ်လန့်အံ့ဩမှုမှာ ထိပ်ဆုံး၏ထိပ်ဆုံးသို့ ရောက်သွားခဲ့လေပြီ။

“သူက ဘယ်သူတုန်းဟ။ မြင်ဖူးသလိုပဲ သူ့ကို”

“ငါလည်း သူ့ကို မြင်ဖူးသလိုပဲ။ သူ ဘာလုပ်နေတာတုန်း”

“လခွမ်း။ အဲ့ဒါ ဘာနတ်ဘုရားစွမ်းရည်ကြီးလဲ”

ထစ်ချုန်းသံများ လေတွင် ပြည့်နှက်နေပြီး လူတိုင်းမှာ ဆွံ့အနေကြတော့သည်။ ‌‌ချင်းလော်ဂိုဏ်း၏ တေင်တစ်သိန်းမှာ အမြစ်မှ ဆွဲနုတ်ခံနေရလေပြီ။ ယခုတွင် လူတော်တော်များများသည် မန်ဟို့အား တစ်နေရာတွင် မြင်ဖူးသလိုလို ခံစားလာကြရ၏။ သို့သော် အရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်နေသည့်အတွက် ဤကြောက်စရာပညာရှင်ကို မည်သည့်အချိန်တုန်းက မြင်ခဲ့ဖူးသည်လဲ စဉ်းစားနေရန် အချိန်မရှိပေ။

“သူ့ကို တားကြ” တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးက ဟိန်းဟောက်လိုက်သည်။ တောင်တစ်သိန်းသည် ချင်းလော်ဂိုဏ်း ရေရည်ရပ်တည်နိုင်အောင် အားထားရသော အခြေခံအုတ်မြစ်ဖြစ်သည်။ ထို့အပြင် ဂိုဏ်းရှိ အကာအကွယ်မန္တန်ဝင်္ကပါများ လည်ပတ်ရန်အတွက်လည်း ၎င်းတို့၏စိတ်ဝိညာဉ်စွမ်းအင်များကို လိုအပ်လေသည်။

သို့ဖြစ်၍.... တောင်တစ်သိန်းသာ အမှန်တကယ် အမြစ်မှဆွဲနုတ်ခံလိုက်ရလျှင်.... ဂိုဏ်းတစ်ဂိုဏ်းလုံး ပျက်စီးသွားပြီဟု မသတ်မှတ်နိုင်သော်လည်း နောက်ဆုံးတွင် ပျက်စီးသွားရမည်သာ ဖြစ်၏။

ဤအခိုက်အတန့်တွင် ရှုချင်မှာ လုံးဝ မရှိတော့သလောက် အရည်ပျော်သွားလေပြီ။ တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးက ချက်ချင်း မန်ဟို့ဆီ ပြေးဝင်သွား၏။ ယခုထက်ထိ ဘာမှမလုပ်ရသေးသော ချင်းလော်ဂိုဏ်းသားအားလုံးလည်း အန္တရာယ်ကို လျစ်လျူရှု၍ မန်ဟို့ဆီ ချီတက်သွားကြသည်။

ယခုတွင်‌ တံခွန်သုံးခုအလံ၊ ဒေါသူပုန်ထနေသော ရှင်သန်ခြင်းနှင်းပန်းနှင့် သူ၏သိုလှောင်အိတ်ထဲမှ ပျံထွက်လာခဲ့သော မှော်သင်္ကေတတစ်သိန်းက မန်ဟို့ကို ခြံရံထားသည်။ မှော်သင်္ကေတများ၏ စိတ်ဝိညာဉ်များသည် အရပ်‌လေးမျက်နှာအား တိုက်ခတ်သွားသော မုန်တိုင်းတစ်လုံးအဖြစ် အတူတကွ ပေါင်းစည်းသွား၏။

ဂျလိန်း

တောင်တစ်သိန်းအနက်မှ တောင်သောင်းချီသည် အမြစ်မှ ဆွဲနုတ်ခံလိုက်ရပြီဖြစ်၏။ ၎င်းတို့ လေလယ်တွင် ပျံဝဲနေစဉ် ၎င်းတို့၏အရှိန်အဝါများ၊ စိတ်ဝိညာဉ်စွမ်းအင်များသည် အရပ်မျက်နှာတစ်ခွင်သို့ ဖြစ်ကတတ်ဆန်း ယိုစိမ့်ထွက်ကုန်ကြသည်။

“ပြောစမ်း၊ မင်းတို့ကောင်တွေ အခု အကြောက်တရားဆိုတာ ဘာလဲ သိပြီလား” မန်ဟိုက ခေါင်းမော့ပြီး တဟားဟား အော်ရယ်လိုက်သည်။ သူ၏မျက်လုံးများမှာ နီရဲနေပြီး သူ၏အသတ်အဖြတ်စိတ်ဆန္ဒကား မိုးထိုးနေလေသည်။ သူက အံတင်းတင်းကြိတ်ရင်း နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်သည်။ “တောင်ဝါးမြိုမန္တန်၊ မြောက်တက်စမ်း”

ဂျလိန်း

နောက်ထပ်တောင်တစ်သောင်း ဆွဲနုတ်ခံလိုက်ရပြီး လေပေါ် မြောက်တက်လာသည်။ ယခုတွင် တောင်နှစ်သောင်း ပျံဝဲနေချေပြီ။ ကျန်တောင်ရှစ်သောင်းမှာ ပြင်းပြင်းထန်ထန် တုန်ခါနေပြီး နားပင်ကွဲရလောက်အောင် အဆက်မပြတ် တဝုန်းဝုန်း မြည်နေလေသည်။ ရံဖန်ရံခါ တောင်တချို့၏ ထိပ်ပိုင်းများ ပဲ့ထွက်၍ ပျံတက်လာတတ်၏။

မန်ဟိုအား နတ်ဘုရားစွမ်းရည်များ ခြံရံနေစဉ် ဒုတိယနှင့် တတိယခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးများအပါအဝင် ချင်းလော်ဂိုဏ်းသားအားလုံးမှာ သူ့အနားရောက်အောင် အသည်းအသန် ကြိုးစားနေကြ၏။ မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားသော်လည်း သူ၏ထာဝရအလွှာစွမ်းအားက မည်သူ့ကိုမဆို အံ့ဩမယုံနိုင်ဖြစ်သွားစေသည်။

မန်ဟို၏ဒဏ်ရာအကုန်လုံး ချက်ချင်း ပြန်သက်သာလာသည်။

သူသည် ထာဝရအလွှာနှင့် ထာဝရဝိညာဉ်ကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။

မသေနိုင်သော ထာဝရဝိညာဉ်နှင့်ဆိုလျှင် ဝိညာဉ်အမျှင်ပါးပါးလေးတစ်မျှင် ရှိနေသရွေ့ သေခြင်းအား ကျော်လွှားပြီး လူတစ်ယောက်သည် အသက်ပြန်ရှင်လာနိုင်၏။

ထာဝရအလွှာနှင့်ဆိုလျှင် သွေးစက်ကလေးတစ်စက် ‌မပျက်စီးဘဲ ကျန်ခဲ့သရွေ့ လူတစ်ယောက်သည် အသက်ပြန်ရှင်လာနိုင်၏။

“အခုထိ မြောက်တက်လာမသေးဘူးပေါ့လေ” မန်ဟိုက ဟိန်းဟောက်လိုက်သည်။ နောက်ထပ် တောင်သုံးသောင်း၏အခြေများ ကြေမွလာသဖြင့် တဝုန်းဝုန်း မြည်ဟည်းသွားပြီး ၎င်းတို့က လေပေါ် မြောက်တက်လာလေသည်။ လောလောဆယ်တွင် တောင်ငါးသောင်းကျော် လေလယ်တွင် ပျံဝဲနေပြီဖြစ်၏။

တောင်တစ်ဝက်ကျော်ကား မြောက်တက်နေလေပြီ။ မြေပြင်တစ်လျှောက် ပြေးလွှားစီးဆင်းနေသော စိတ်ဝိညာဉ်စွမ်းအင်သွေးကြောများအပေါ် ဖိနှိပ်ထိန်းချုပ်ပေးထားသည့် ဖိအားမရှိတော့ရာ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များမှာ ပရမ်းပတာ ဖြစ်ကုန်ကြလေသည်။ ဖြာထွက်နေသာ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများက ‌သစ်ပင်များကို ခုတ်ထွင်ပိုင်းဖြတ်သွားသည့်အတွက် တစ်မြေလုံးမှာ ပြောင်ရှင်းနေတော့သည်။

ယခုတွင် ရုန့်ရင်းဆန်ခတ် အဖြစ်အပျက်များက တောင်‌ပိုင်းဒေသတစ်ခုလုံး၏ အာရုံကို ဆွဲဆောင်သွားလေပြီ။

ဇီယွင်ဂိုဏ်းတွင် ဆေးလုံးမိစ္ဆာသည် တရားထိုင်နေရင်းတန်းလန်း ရုတ်တရက် မျက်နှာ ရိပ်ခနဲ ဖြစ်သွား၏။ သူက ထရပ်ပြီး ခေါင်းမော့ကြည့်လိုက်သည်။ သူ မြင်လိုက်ရသောအရာမှာ ဇီယွင်ဂိုဏ်း၏အပေါ်ရှိ လေထဲတွင် ပျံဝဲနေသော သွေးစက်တစ်စက် ဖြစ်၏။

သွေးစက်သည် ရဲရဲနီနေပြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် အုပ်ဆောင်းသဖွယ် ဖြာထွက်လာရင်း ဇီယွင်ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဖုံးလွှမ်းလိုက်သည်။

“သွေးမိစ္ဆာဂိုဏ်းချုပ်၊ မင်း ဘာလုပ်နေတာလဲ” ဆေးလုံးမိစ္ဆာက လေပေါ် ပျံတက်လာသည်။ တစ်ချိန်တည်းမှာပင် ဇီယွင်ဂိုဏ်းထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများလည်း ပျံတက်လာကြ၏။

ဆေးလုံးမိစ္ဆာက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ပြီး တစ်ကမ္ဘာလုံး တုန်ခါသွား၏။ ကြီးမားသောစွမ်းအားတစ်ရပ်က သွေးအုပ်ဆောင်းကို ဝင်တိုက်လိုက်ရာ ဧရာမပေါက်ကွဲမှုကြီး ညံသွားလေသည်။ သွေးအုပ်ဆောင်းမှာ တုန်ရီသွားသော်လည်း ခြေရာလက်ရာမပျက် ရှိနေဆဲပင်။

အနီရောင်ဝတ်ရုံဝတ်ဆင်ထားသော ‌ရှေးဆန်ဆန် လူတစ်ယောက် အုပ်ဆောင်း၏အပြင်တွင် ပေါ်လာသည်။ သူက ဇီယွင်ဂိုဏ်းကို ငုံ့ကြည့်လိုက်၏။ “ရောင်ရင်းဆေးလုံးမိစ္ဆာ၊ ဒီသွေးက ‌ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းကပဲ။ မိစ္ဆာဘုရင်တစ်ပါးရဲ့သွေးကို မင်း ဖောက်ထွက်နိုင်မယ်လို့ တကယ်ပဲ ထင်လား”

ဤအဘိုးကြီးသည် ‌တောင်ပိုင်းဒေသ သွေးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်မှတစ်ပါး အခြားမဟုတ်ပေ။

ဒဏ္ဍာရီများအရ သွေးမိစ္ဆာဂိုဏ်း၏ ဟိုးအတွင်းပိုင်းထဲတွင် ကောင်းကင်နှင့်မြေကြီး၏ နတ်ဆိုးမိစ္ဆာကြီးတစ်ကောင် ပုန်း‌အောင်းနေသည်ဟု ဆိုကြသည်။ ထိုမိစ္ဆာကြီးက သွေးမိစ္ဆာဂိုဏ်း၏ တာအိုအစောင့်အရှောက်ဖြစ်လေသည်။

ရှင်းရှင်းပြောရလျှင် ဂိုဏ်းအပြင်၌ မြင်နေရသောလူမှာ ဤသွေးမိစ္ဆာဂိုဏ်းချုပ် ဖြစ်၏။

“မင်း ငါ့အပေါ် အငြိုးမထားဖို့ မျှော်လင့်တယ်” အဘိုးကြီးက ‌ဆက်ပြောသည်။ “မင်းကို ခုနစ်ရက် ထိန်းထားဖို့ ရည်ရွယ်ချက်နဲ့ ဒီအထူးရတနာ ၊ ဒီသွေးကို ငါ သုံးခဲ့တာပဲ

“ခုနစ်ရက်ပြီးရင် ‌သွေးအုပ်ဆောင်း မှေးမှိန်ပျောက်ကွယ်သွားလိမ့်မယ်။ သွေးစက်ကိုတော့ .... တောင်းပန်တဲ့အနေနဲ့ မင်း သိမ်းထားလို့ရတယ်”

“မင်း” ဆေးလုံးမိစ္ဆာ၏မျက်နှာ တင်းမာခက်ထန်သွားသည်။ သွေးအုပ်ဆောင်း၏အပြင်ရှိ သွေးရောင်ဝတ်ရုံနှင့်အဘိုးကြီးက လှည့်ပြီး ပျောက်ကွယ်သွား၏။

အလားတူမြင်ကွင်းများသည် ကျင်းဟန်ဂိုဏ်း၊ ယီးကျန့်ဂိုဏ်း၊ လီမျိုးနွယ်စုနှင့် စုန့်မျိုးနွယ်စုတို့တွင် တစ်ချိန်တည်း ဖြစ်ပျက်သွား၏။ စုစုပေါင်း သွေးစက်ငါးစက်က တောင်ပိုင်းဒေသတွင် ပေါ်လာခဲ့ကာ အင်အားစုများ၏ ဌာနချုပ်များကို ဖုံးလွှမ်းသွားခဲ့သည်။

‌သွေးစက်များသည် ဂိုဏ်းထဲမှ မည်သူမဆို ထွက်မသွားနိုင်အောင် ဟန့်တားနေသော ချုပ်နှောင်ကွက်များဖြစ်လာသည်။ တာအိုအစောင့်များပင် နိုးထမလာအောင် ကာကွယ်ထား‌လေသည်။

“သွေးမိစ္ဆာဂိုဏ်း ဘာလုပ်မလို့ပါလိမ့်”

ယင်းက လူတိုင်း သိချင်နေသောအရာပင်။ သို့သော် ပို၍ပင် အံ့ဩစရာကောင်းသည်ကား .... ကောင်းကင်ကြီးတစ်ပြင်လုံး နီစွေးသွားလေပြီ။

လွန်ခဲ့သော အချိန်အနည်းငယ်က သွေးမိစ္ဆာဂိုဏ်းသားတစ်သိန်းသည် တောင်ပိုင်းဒေသအပေါ်ရှိ လေထုထဲတွင် ထွက်ပေါ်လာခဲ့ကြသည်။ ဂိုဏ်းသားတစ်ယောက်စီသည် လက်မောင်းများကို လှီး၍ သွေးများ လွင့်စင်ထွက်သွားစေသည်။ အကုန်လုံး၏ အလယ်တည့်တည့်တွင် ပျံဝဲနေသော လီရှိချီက ရိုးရိုးသာမန် မှော်ပုလင်းတစ်ပုလင်းကို လေပေါ် မြှောက်လိုက်သည်။ ပုလင်းထဲမှ ရွှေရောင်သွေးစက်တစ်စက်က ပျံထွက်လာပြီး လတ်လတ်ဆတ်ဆတ် သွေးနီနီများအား စုပ်ယူလိုက်သည်။ ရွှေရောင်သွေးစက်သည် နီရဲတောက်လာပြီးနောက် သွေးစက်အားလုံးသည် တဖျပ်ဖျပ် လက်နေသည့် ဧရာမအနီရောင်အုပ်ဆောင်ကြီးအသွင်ဖြင့် ဖြာထွက်လာကာ တောင်ပိုင်းဒေသတစ်ဝန်းလုံးကို ဖုံးလွှမ်းလိုက်လေသည်။

တောင်ပိုင်းဒေသကား ပိတ်လှောင်ခံလိုက်‌ရလေပြီ။

ထိုကဲ့သို့ ကြီးမားသော ပိတ်လှောင်မှုမျိုးမှာ သိပ်ကြာကြာ ခံမည်မဟုတ်။ အလွန်ဆုံး ... ခုနစ်ရက်သာ။

ပိတ်လှောင်ခြင်း ဖြစ်ပျက်သွားသော အခိုက်အတန့်တွင် မန်ဟိုသည် ချင်းလော်ဂိုဏ်း၏ တောင်ငါးသောင်းကို ဆွဲနုတ်ခဲ့ပြီးပြီးဖြစ်၏။ ယခုတွင် စိတ်ဝိညာဉ်စွမ်းအင်များမှာ တောင်ပိုင်းဒေသတစ်ဝန်းလုံးသို့ ကစဉ့်ကလျား ဖြာထွက်နေလေသည်။

သွေးအုပ်ဆောင်းက လှိုင်းများအပြင်ထွက်မသွားအောင် ဟန့်တားထားသည်။ ဂိုဏ်းကြီးများသော်လည်းကောင်း၊ မဟာမျိုးနွယ်စုများသော်လည်းကောင်း... အစွမ်းထက်ပညာရှင်များသော်လည်းကောင်း သိရှိနိုင်မည်မဟုတ်ပေ။

ထိုစဉ် သွေးမိစ္ဆာဂိုဏ်း၏ ဟိုးအတွင်းပိုင်းထဲတွင် သွေးကန်တစ်ကန် တည်ရှိ၏ ။

ကန်ထဲတွင် လူတစ်ယောက် တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။ သူသည် အရိုးပေါ်အရေတင် ပိန်ချုံးခြောက်ကပ်နေပြီး အလောင်းတစ်လောင်းနှင့် တူလေသည်။ ရုတ်တရက် သူ၏မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြီး အနန္တရှေးဆန်ခြင်းဖြင့် ပြည့်နှက်နေ၏။

“ငါ အကြာမှအကြာကြီး စောင့်နေခဲ့ရတာ။ နောက်ဆုံးတော့ .... ဒီနေ့ ရောက်လာခဲ့ပြီ”

***

All Chapters