← Chapters

သောင်းကျန်းခြင်း

Vol. 50 Ch. 698

သောင်းကျန်းခြင်း

Vol. 50 Ch. 698

တောင်ပိုင်းဒေသ၏ ချင်းလော်ဂိုဏ်းတွင် မန်ဟို့ကို တလက်လက် တောက်ပနေသော အနီရောင်အလင်းက ရစ်သိုင်းခြုံရံထားသည်။ ‌ချင်းလော်ဂိုဏ်းမှ ကျင့်ကြံသူများက နတ်ဘုရားစွမ်းရည်အမျိုးမျိုး၊ မှော်သိုင်းအဖုံဖုံ၊ မှော်ပစ္စည်းအသွယ်သွယ်ကို သူ့ဆီ ပို့လွှတ်နေကြသည်။ သူ့အတွက် အံ့ဖွယ်အပြင်အားကိုယ်ဖြင့်ပင်လျှင် ကြာကြာတောင့်ခံထားဖို့ရန် မဖြစ်နိုင်ပေ။

တံခွန်သုံးခုအလံမှာ နောက်ပြန်လိပ်သွားပြီး ရှင်သန်ခြင်းနှင်းပန်းလည်း ဆုတ်ခွာနေလေပြီ။ ချင်းလော်ဂိုဏ်းသားများမှာလည်း သွေးရူးသွေးတန်း တိုက်ခိုက်နေကြ၏။ တစ်ယောက်မှ သူတို့ဂိုဏ်း၏ အခြေခံအုတ်မြစ်ဖြစ်သော တောင်တစ်သိန်း အမြစ်မှဆွဲနုတ်ခံနေရသည်ကို ရပ်ကြည့်မနေနိုင်ကြပေ။

“တစ်သိန်းလုံးကို စောင့်နေဖို့ အချိန်မရှိဘူး” မန်ဟိုက တွေးလိုက်သည်။ “ငါးသောင်းနဲ့ အလုပ်ဖြစ်လိမ့်မယ်” ထို့နောက် သူသည် ရုတ်တရက် ညာလက်ကို ဆန့်ထုတ်ပြီး ကောင်းကင်သို့ ညွှန်လိုက်၏။ တောင်ငါးသောင်းမှာ တဝုန်းဝုန်း မြည်လာပြီးနောက် အံ့မခန်းလိလိ အမြန်နှုန်းဖြင့် ကျဆင်းသွားလေပြီ။

၎င်းတို့သည် ချင်းလော်ဂိုဏ်းသားများဖြင့် ဖွဲ့စည်းဖော်ဆောင်ထားသော မန္တန်ဝင်္ကပါဆီသို့ တန်းတန်းမတ်မတ် ထိုးဆင်းသွားကြပြီး ၎င်းကို ဝင်တိုက်လိုက်ကြ၏။ စိတ်မ‌ချမ်းမြေ့ဖွယ်အော်သံ တစ်သံပြီးတစ်သံ ဆူညံသွားသည်။ မန်ဟို၏မျက်လုံးများသည် ရုတ်တရက် မီးဝင်းဝင်းတောက်သွား၏။

“ပေါက်ကွဲလိုက်စမ်း” သူက ပြောလိုက်သည်။ ထိုစကားတစ်ခွန်းတည်းကိုသာ.....

ထိုစကားတစ်ခွန်းက အရာအားလုံးကို လှုပ်ရမ်းလာစေသည်။ တောင်ငါးသောင်းကား တစ်တောင်ပြီးတစ်တောင် တဖောင်းဖောင်း ပေါက်ကွဲသွား၏။ ကောင်းကင်မှာ စုတ်ပြတ်သပ်သွားပြီး မြေကြီးမှာ တအုန်းအုန်း တုန်ခါနေချေပြီ။ ‌တောင် (၉၉)လုံးပင်လျှင် ပြင်းပြင်းထန်ထန် သက်ရောက်ခံလိုက်ရ၍ ကြေမွလာသည်။

မန္တန်ဝင်္ကပါ တစစီ ပျက်စီးသွားသဖြင့် ထောင်ပေါင်းများစွာသော ကျင့်ကြံသူများ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ ဝင်္ကပါကို ဖွဲ့စည်းဖော်ဆောင်ပေးခဲ့သော လူတစ်ဝက်ခန့်မှာ ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ဖျက်စီးခံလိုက်ရလေသည်။ ကျောချမ်းဖွယ် အသံနက်ကြီးများ ဆူညံပွက်လောရိုက်သွား၏။

“မဖြစ်ဘူးးးးး” ဒုတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးက ဟိန်းဟောက်လိုက်သည်။ သူသည် နတ်ဘုရားစွမ်းရည်တစ်ခု ထုတ်လွှတ်လိုက်ကာ ဆူးချွန်များ ထိုးထွက်နေသော အခွံကြီးဖြင့် ဧရာမရွှမ်းဝူလိပ်ကြီးတစ်ကောင်အား ပေါ်လာစေသည်။ ၎င်း ပြေးတက်လာစဉ် မန်ဟိုက လက်ချောင်းတစ်ချောင်း ဝှေ့ယမ်းလိုက်ပြီး ကြေမွပြိုကျနေသော တောင်ငါးလုံးအား အဘိုးကြီးအပေါ် ဖိချလိုက်စေသည်။ အဘိုးကြီးက ပါးစပ် သွေးများ ပန်းထွက်နေလျက် နောက်ဆုတ်သွား၏။ တစ်ချိန်တည်းမှာပင် မန်ဟိုက မြေကြီးကို နောက်တစ်ကြိမ် လက်နှစ်ဖက်ဖြင့် တွန်းချလိုက်ရာ ချင်းလော်ဂိုဏ်းရှိ မြေကြီးအား ဟက်တက်ကွဲထွက်သွားစေသည်။

စိတ်ဝိညာဉ်စွမ်းအင်များ တရိပ်ရိပ် ထွက်လာပြီး တောင်ထိပ်များ ကြေမွသွားကာ ကောင်းကင်တစ်ပြင်လုံး မှောင်မိုက်လာသည်။ မန်ဟိုက ပထမတောင်ဆီသို့ ဆက်လျှောက်သွား၏။

သို့သော် သူ ၎င်းအပေါ် ခြေချလိုက်သည့်အချိန်မှာပင် သူ့အရှေ့ရှိ လေထုသည် လှိုင်းထသွားပြီး ချင်းလော်ဂိုဏ်း၏ တတိယခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီး ထွက်လာသည်။

သူ၏မျက်နှာတွင် ပြင်းထန်သော အမုန်းနှင့် ရက်စက်ကြမ်းကြုတ်သောအသွင်က အတိုင်းသားပေါ်လွင်နေ၏။ သူက ပေါ်လာသည့်အခိုက်အတန့်တွင် အင်္ကျီလက်စခါလိုက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် မီတာသုံးဆယ်တိတိ ရှည်လျားသော ကျားဖြူကိုးကောင် ပေါ်လာလေသည်။

ကျားဖြူများ၏အနောက်တွင် တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးက ဟိန်းဟောက်ပြီး လက်တစ်ဖက် မြှောက်လိုက်သည်။ လက်အတွင်းမှ ချုပ်နှောင်အမှတ်အသားတစ်ခု ‌ထွက်လာပြီး အရွယ်အစား လျင်မြန်စွာ ကြီးမားလာရင်း မန်ဟို့ဆီ ပြေးဝင်လာလေပြီ။

အဝေးတွင် ဒုတိယခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးက အံတင်းတင်းကြိတ်လိုက်၏။ သူသည် ဒဏ်ရာများရထားသော်လည်း မည်သို့ဆိုစေ ချဉ်းကပ်လာသေးလေသည်။ သူ၏လက်က မုဒြာလက်ကွက်တစ်ကွက် လျှပ်တပြက် ဖော်လိုက်ရာ အနက်ရောင်မြူခိုးများအား သူ့ကို လှည့်ပတ်ရစ်သိုင်းလိုက်စေပြီး ရွှမ်းဝူလိပ်ရုပ်ကြီး ဖြစ်လာစေသည်။ လိပ်ရုပ်ကြီးက လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်နှင့်အတူ ပတ်ဝန်းကျင်ရှိ အရာခပ်သိမ်းအား တုန်လှုပ်ချောက်ချားသွားစေသည့် ငိုညည်းသံများကိုလည်း ထုတ်လွှတ်လိုက်သည်။

မန်ဟို့မျက်လုံးများ လင်းခနဲ လက်သွားပြီး သူက သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ချက်ချင်းပင် တစ်ခုတည်းသာ ကျန်တော့သော အချိန်ဓားထိပ်ထွက်လာ၏။ မန်ဟိုက ၎င်းကို လက်ချောင်းများကြား ညှပ်ပြီး လျှပ်တပြက် ပျောက်သွားလေသည်။ သူ ပြန်ပေါ်လာသောအခါ ဒုတိယခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီး၏ အရှေ့တည့်တည့်တွင် ဖြစ်၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ အချိန်ဓားထိပ် ပျံထွက်သွားလေသည်။

၎င်း ရွှမ်းဝူလိပ်ကို ဝင်တိုက်လိုက်သောအခါ လိပ်ကြီးမှာ ချက်ချင်း ခြောက်ကပ်ရှုံ့တွသွားတော့သည်။ လိပ်ကြီးသည် မချိတင်ကဲ အော်ပြီးနောက် ပြိုကွဲပျက်စီးသွားရတော့၏။ဒုတိယခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးမှာ ဓားထိပ် သူ့ဆီ ချဉ်းကပ်လာသည်ကို ကြည့်ရင်း မျက်နှာပျက်သွားတော့သည်။ သူ ရှောင်တိမ်းဖို့ ပြင်လိုက်စဉ် မန်ဟိုက လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။

“ချုပ်နှောင်”

စကား‌လေးတစ်လုံးသာ ဖြစ်သော်လည်း ၎င်းက ဒုတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးကို ရပ်သွားစေ၏။ ဓားထိပ်သည် သူ့ကို ထုတ်ချင်းဖောက်သွားရာ သွေးများပန်းထွက်သွားသည်သာမက နှစ်‌တစ်သောင်းသက်တမ်းလည်း ခမ်းခြောက်သွားလေပြီ။

“အားးးးးး”

ရုပ်ပိုင်းဆိုင်ရာနာကျင်မှုက မပြောပလောက်သော်လည်း သက်တမ်းဆုံးရှုံးလိုက်ရခြင်းကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုက အဘိုးကြီးကို ယူကျုံးမရ အော်လိုက်မိစေသည်။ ဤအခိုက်တွင် မန်ဟိုက လှည့်ထွက်သွားခဲ့ပြီဖြစ်သည်။ သူက အင်္ကျီလက်စခါလိုက်ပြီး လေပြင်းတစ်ချက်က ကျားဖြူကိုးကောင်ကို နောက်ဆုတ်သွားစေသည်။ ထို့နောက် သူသည် သူ့အပေါ် သက်ရောက်နေသော ချုပ်နှောင်အမှတ်အသားအား မော့ကြည့်လိုက်၏။ ယခုတွင် ၎င်းမှာ မီတာသုံးရာမြင့်နေပြီဖြစ်ပြီး  ၎င်း ချဉ်းကပ်လာနေစဉ် အရာအားလုံးကို တုန်ခါနေစေလေသည်။

“ဖိနှိပ်လိုက်” တတိယခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးက လက်နှစ်ဖက်လုံးဖြင့် လက်ကွက်ဖော်ရင်း ချုပ်နှောင်အမှတ်အသားအား မန်ဟို့ဆီ ကျဆင်းသွားစေကာ ပြောလိုက်သည်။

“အဲ့ဒီတောင်တွေ တည်ရှိနေတဲ့ ဘယ်နေရာမဆို ၊ ငါ့ရဲ့ ဧရိယာကမ္ဘာပဲ” မန်ဟိုက ပြောသည်။ သူသည် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီး အရှေ့ညွှန်လိုက်၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ပုံရိပ်ယောင်တောင်ငါးသောင်း သူ၏ပတ်ပတ်လည်တွင် မှိုလိုပေါက်လာသည်။ ယင်းတို့ကား စောစောလေးက သူ ဖျက်စီးပစ်ခဲ့သော တောင်ငါးသောင်းဖြစ်လေသည်။

တောင်များက ပေါ်လာသည်နှင့်တစ်ပြိုင်နက် မန်ဟို၏ဧရိယာကမ္ဘာအသွင်ပြောင်းသွားသည်။ ဧရိယာကမ္ဘာသည် တဂျုန်းဂျုန်း အော်မြည်ရင်း လာနေသော ချုပ်နှောင်အမှတ်အသားဆီသို့ ဖြာထွက်သွား၏။ ၎င်းက ဒဏ်ရာရနှင့်ပြီးသား ဖြစ်သော ဒုတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးထံလည်း ‌ပျံ့နှံသွားသည်။ ဤတိုက်ကွက်က ဒုတိယခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးကို မခံချိမခံသာ အော်လိုက်ရစေသည်။ သူ၏ခန္ဓာကိုယ်မှာ တုန်ရီပြီးနောက် ပေါက်ကွဲသွားတော့၏။ သူကား ခန္ဓာရော ၊ ဝိညာဉ်ပါ သေဆုံးသွားခဲ့လေပြီ။

တစ်ချိန်တည်းမှာပင် မန်ဟိုက တန်ပြန်ဟပ်မှု၏အဟုန်ကို ငှားယူပြီး တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးကို ဖြတ်ကျော်ကာ မျက်စိတစ်မှိတ်အတွင်း ပထမတောင်အ‌ပေါ်ရှိ အမွှေးနံ့သာအိုးဘေး ရောက်သွားတော့သည်။

သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ စိုးရိမ်တကြီး ချဉ်းကပ်သွားပြီး ညာလက်ဖြင့် လှမ်းလိုက်၏။ အထဲရှိ တုန်ရီနေသော ပုံရိပ်ကို ထိတော့မည့်အချိန် သူ့အနောက်မှ ဒေါသတကြီး ဟိန်းဟောက်လိုက်သံအား ကြားလိုက်ရလေသည်။

ဟိန်းဟောက်သံကြီးက ပျံ့နှံ့လာပြီး မန်ဟို့ကို ခေါင်းပန်းကြီးသွားစေသော အန္တရာယ်အငွေ့အသက် ပါဝင်နေ၏။

“အဲ့ဒီမိန်းကလေးကို ကယ်ချင်တယ်ပေါ့လေ။ မင်း ကယ်နိုင်ခွင့်ပေးမယ့်အစား ပြန်လည်မွေးဖွားခြင်းဆေးလုံးသန့်စင်တာကိုပဲ အပျက်စီးခံလိုက်မယ်”

အသံကြီး ဟိန်းထွက်လာသည့်အခိုက်အတန့်တွင် အမွှေးနံသာအိုးကား တုန်ရီလာပြီး ပြင်းထန်သောအပူလှိုင်းများ ထုတ်လွှတ်လာ၏။

“မင်း နောက်ဆုတ်ရင် မီးပြင်းဖိုထဲက မင်းချစ်သူ သေလိမ့်မယ်။ မင်း နောက်မဆုတ်ရင် မင်းတို့နှစ်ယောက်လုံး အတူတူ သေရလိမ့်မယ်”

မန်ဟိုက အမွှေးနံ့သာအိုးထဲရှိ တဟုန်းဟုန်း တောက်နေသော မီးတောက်များကို ကြည့်လိုက်သည်။ အနောက်မှအန္တရာယ်ကလည်း သူ့ဆီသို့ ချဉ်းကပ်လာနေလေပြီ။ သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားသော စိတ်ဆန္ဒဖြင့် တောက်ပသွား၏။ သူက တုံ့ခနဲ ရပ်လိုက်ပြီး နောက်မဆုတ်ပေ။

သူ့လက်နှစ်ဖက်သည် မုဒြာလက်ကွက်တစ်ကွက်‌ ဖော်လိုက်ပြီး အနောက်မှအန္တရာယ်နှင့် အမွှေးနံသာအိုးမှ ဟပ်နေသော အပူကို လျစ်လျူရှုရင်း ရှေ့တက်လိုက်သည်။ သူသည် အမွှေးနံ့သာအိုးထဲ ဝင်ရောက်ပြီး အထဲရှိ တောင့်တင်းနေသောပုံရိပ်ကို တယုတယ ပွေ့ဖက်လိုက်၏။

သူ၏ခန္ဓာကိုယ်မှာ ချက်ချင်းပင် အပူလှိုင်းများ၏ တိုက်ခိုက်ခြင်းခံလိုက်ရသည်။ သူ့ဆံပင်များ လောင်ကျွမ်းသွားပြီး မျက်နှာအပေါ်ရှိ အသားများ မည်းခြစ်သွားသည်။ သူ၏လက်ချောင်းများ ရှုံ့တွခြောက်ကပ်သွားရင်း အရိုးများပေါ်လာသည်။ သူ၏ရင်ဘတ်ပင်လျှင် နှလုံးသားအား မြင်ရသည်အထိတိုင်အောင် အပူ၏စားသုံးခြင်းခံလိုက်ရသည်။

သို့သော် သူကား အမွှေးနံ့သာအိုးထဲ ဝင်ရောက်၍ ရှုချင်ကို ကြင်နာစွာ ဖက်လိုက်သေး၏။ ထိုအခိုက်အတန့်တွင် အနောက်မှ အန္တရာယ် ရောက်လာလေပြီ။

ဝှီးးးးးးးးးး

ကျားဖြူရှစ်ကောင်မှ အသွင်ပြောင်းသွားခဲ့‌သော ဆူးချွန်ရှစ်ခုသည် သူ့နောက်ကျောသို့ စိုက်ဝင်လာသဖြင့် မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။

အမှန်တော့ ထိုနာကျင်မှုအား မန်ဟို သတိပင်မထားမိပေ။ လောလောဆယ်တွင် သူသည် သူ့လက်ထဲ၌ ပွေ့ထားသော ရှုချင်ကို တွေတွေကြီး စိုက်ကြည့်‌နေ၏။ သူမမှာ သူမှတ်မိထားသလို မလှတော့ပေ။ သူမ၏ခန္ဓာကိုယ်သည် ပိန်ချုံးခြောက်ကပ်နေပြီး အိုမင်းနေလေပြီ။ သူမတွင် အသက်စွမ်းအားလည်းမရှိ၊ ဝိညာဉ်လည်းမရှိ။

ဘာဆိုဘာမှ မရှိတော့ပေ။

မန်ဟိုမှာ အသားတို့ တဆတ်ဆတ် တုန်နေပြီး မျက်ရည်များ ဝဲလာသည်။

“အစ်မရှု......”  သူ့နှလုံးသားအား အစိမ်းလိုက်ခွဲပြီး ဆွဲထုတ်ပစ်နေသကဲ့သို့ ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သပ်လျက် နာကျင်ရလေသည်။ သူ့မှာ လုံးဝ ရူးကြောင်ကြောင် ဖြစ်နေတော့သည်။ တစ်ချိန်တည်းမှာပင် သူ့အနောက်မှ တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီး၏အသံ ထွက်လာသည်။

“ကျားရှစ်ကောင် အင်မော်တယ်‌လောင်ကျွမ်းခြင်းပြစ်ဒဏ်”

သူ၏စကားလုံးများအတိုင်း မန်ဟို့ကိုယ်ထဲ စိုက်ဝင်နေခဲ့သော ဆူးချွန်ရှစ်ခုသည် ပြောပြမတတ်လောက်အောင် ကြောက်စရာကောင်းသော စွမ်းအားတစ်ရပ်အား ထုတ်လွှတ်စပြုလာ၏။ ၎င်းက ချက်ချင်း သူ၏ခန္ဓာကိုယ်နေရာအနှံ့အပြား ‌ပြည့်နှက်သွားသည်။

မန်ဟိုသည် မျက်လုံးနီနီကြီးများဖြင့် ရှုချင်ကို ကြည့်နေ၏။ သူက တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီး တိုက်ခိုက်နေသည်ကို ခုခံရန် ဘာမှမလုပ်ဘဲ အရူးကြီးသဖွယ် ခါးခါးသီးသီး ရယ်လိုက်သည်။

သူ့ပါးစပ်မှ ပန်းထွက်လာသော သွေးများမှာ မီးလောင်ပြာချခံရခြင်းနှင့်သာ အဆုံးသတ်ရ‌လေသည်။

“ပထမပြစ်ဒဏ်” တတိယခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးက ပြောသည်။ ဝုန်းခနဲ မန်ဟို့ခန္ဓာကိုယ်အထဲတွင် ပေါက်ကွဲသွား၏။

“ဒုတိယပြစ်ဒဏ်”

“တတိယပြစ်ဒဏ်”

မန်ဟို့ကိုယ်ထဲ စိုက်ဝင်နေသော ဆူးချွန်ရှစ်ချောင်းက တစ်ခုပြီး တစ်ခု ပေါက်ကွဲသွားသဖြင့် တဖောင်းဖောင်း ပေါက်ကွဲသံများ မြည်ဟည်းနေတော့သည်။ ၎င်းတို့က သူ၏ဝိညာဉ်ကို ထုနှက်ပြီး သူ၏ခန္ဓာကိုယ်ကို စုတ်ဖြဲပစ်နေသော်လည်း သူက ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည့် တစ်ခုတည်းသောအရာမှာ ‌သူ့လက်တွင်း၌ ‌ပွေ့ထားသော အမျိုးသမီး၏အလောင်းကိုသာ ဖြစ်၏။

သူ မုန်းသည်၊ ဒေါသထွက်သည်၊ ရူးချင်သည် ၊ နောင်တသည်။

သူ အလာ နောက်ကျလွန်းခဲ့ပြီ ...

“မင်း ရှင်ရင် အစ်မ ရှင်မယ် ၊ မင်း သေရင် အစ်မ သေမယ်....

“မင်း အိုလာရင် အစ်မလည်း လိုက်အိုပေးမယ်......” မန်ဟိုသည် အတိတ်မှစကားများကို ပြန်ကြားယောင်နေ၏။ ပေါက်ကွဲမှုများက သူ၏ခန္ဓာကိုယ်ကို ထိုးကျင့်နှိပ်စက်နေစဉ် သူက ခါးခါးသီးသီး ဟားတိုက်ရယ်နေလေသည်။

“ပဉ္စမပြစ်ဒဏ်

“ဆဋ္ဌမပြစ်ဒဏ်

“သတ္တမပြစ်ဒဏ်

ရုတ်တရက် ပြင်းပြသော မျှော်လင့်ချက်များ မန်ဟို့မျက်နှာအပေါ်တွင် တောက်ပလာသည်။ သူ၏အသက်ရှူသံများ မြန်လာပြီး သူ့အနောက်မှ ‘အဋ္ဌမပြစ်ဒဏ်’ ဆိုသော စကားလုံးများ ဟိန်းထွက်လာသည့်အချိန်မှာပင် သူသည် ပြဿနာတစ်ခုရှိနေကြောင်း သဘောပေါက်လိုက်၏။

“ရှုချင်ရဲ့ဝိညာဉ် ... ရှုချင်ရဲ့ဝိညာဉ်က ခနွာကိုယ်ထဲမှာ မရှိတော့ဘူး ။ သူ့ဝိညာဉ် ....

“ခန္ဓာကိုယ်ဆိုတာ ပြန်ဖန်တီးလို့ရတယ်။ ဝိညာဉ်မပြိုကွဲသွားသရွေ့ သူ မသေနိုင်ဘူး။ ဒါပေမဲ့ ကိုယ်ထဲမှာ ဝိညာဉ်အရိပ်အယောင်လုံးဝ မရှိပါလား.... တစ်ယောက်ယောက် နုတ်ယူသွားတဲ့အတိုင်းပဲ” မန်ဟို့တစ်ကိုယ်လုံး တုန်သွားပြီး သူ့ကိုယ်ထဲတွင် ထစ်ချုန်းသံကြီး ပြည့်နှက်သွား၏။ သူက ရှုချင်၏အလောင်းကို သိုလှောင်အိတ်ထဲသို့ တယုတယ ထည့်လိုက်လေသည်။ ထိုသို့ထည့်လိုက်စဉ် ‌သူ၏ထာဝရအလွှာမှာ စိတ်ကြည်လင်ပြတ်သားသွားမှုနှင့် တစ်သားတည်းဖြစ်သွားရင်း အဋ္ဌမပြစ်ဒဏ်တိုက်ကွက်ကြောင့် ပေါက်ကွဲသွားတော့သည်။

ထိုအခိုက်အတန့်တွင် ကခုန်‌နေသော ‌မီးတောက်များက မန်ဟို့ခန္ဓာကိုယ်ကို လွှမ်းခြုံဝါးမြိုသွားလေ၏။ ကျန်ရှိသော ချင်းလော်ဂိုဏ်းသားတစ်သိန်းကျော်မှာ ဤအခြင်းအရာကို မြင်လိုက်ကြသည်။ တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးလည်း ထိုနည်းတူပင်။

မီးတောက်များ နှင့် ‌မီးတောက်များအထဲရှိ လူတစ်ယောက်ကို သူတို့ မြင်လိုက်ကြသည်။ အပေါ်နှင့်အောက်ရှိ အရာအားလုံး မှေးမှိန်ပျောက်ကွယ်လာပြီး ချင်းလော်ဂိုဏ်းသားများ၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ဝင်းပ‌လာတော့သည်။

တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးမှာလည်း ထိုအခါမှ စိတ်သက်သာရာရသွားတော့၏။ မန်ဟို၏ အန္တရာယ်များပုံက သူ မကိုင်တွယ်နိုင်သော အရာဖြစ်၍ ရှုချင်ကြောင့် သူ့ကို မသတ်နိုင်မည်ကိုပင် စိုးရိမ်ခဲ့ရလေသည်။

“နောက်ဆုံးတော့ ပြီးသွားပြီ....” တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးက ရေရွတ်လိုက်သည်။ သို့ထိတိုင် စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် သူ့မျက်နှာမှာ ရိပ်ခနဲ ဖြစ်သွားပြီး အံ့ဩတုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်သွားလေသည်။ သူက တုံ့ဆိုင်းမနေဘဲ နောက်ဆုတ်လိုက်သည်။

သူနောက်ဆုတ်လိုက်စဉ် မန်ဟိုက တဟုန်းဟုန်းတောက်နေသော မီးတောက်များကို ငြိမ်းသေသွားစေရင်း လမ်းလျှောက်ထွက်လာ၏။ မန်ဟိုက ထာဝရဖြစ်သည်။ ထာဝရဖြစ်သောအရာအား သုတ်သင်ချေမှုန်း၍ မရပေ။

သူ့ကို သတ်ဖို့ တစ်ခုတည်းသော နည်းလမ်းမှာ သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်မျိုးလုံးကို အဆက်မပြတ် ‌ချေမှုန်းသုတ်သင်ပစ်ဖို့သာ ရှိ၏။ တခြားနည်းလမ်းများကို အသုံးပြုလျှင် အလွန်တရာ ခက်ခဲပေလိမ့်မည်။

တတိယခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးအတွက် ထိုသိုလုပ်နိုင်သည့် အရည်အချင်းမရှိကြောင်း သိသာသည်။

ထိုလူ ဆုတ်သွားသည်အချိန်၌ မန်ဟို၏အသတ်အဖြတ်စိတ်ဆန္ဒသည် အံ့မခန်းဖွယ်ရာပုံစံဖြင့် ပေါက်ကွဲထွက်လာတော့၏။

“ရှုချင်ရဲ့ ဝိညာဉ် ဘယ်မှာလဲ” သူက တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးကို အမဲဖြတ်တော့မတတ် စူးစူးစိုက်စိုက် ကြည့်ရင်း မေးလိုက်သည်။ သူက ဖြေး‌‌ဖြေးညင်းညင်း ပြောလိုက်ပြီး သူ၏မျက်လုံးများကား နေရာလပ်မကျန် ရဲတွတ်နေချေပြီ။ သူ့အသံသည် သွေးဆာနေမှု၊ သတ်ဖြတ်လိုမှုတို့ဖြင့် ပြည့်နှက်နေပြီး ကြားလိုက်သည့် မည်သူမဆို အန္တရာယ်ကို ခံစားလိုက်ရပေမည်။

ချင်းလော်ဂိုဏ်းသား တစ်သိန်းကျော်မှာ ကြောက်ဒူးတုန်လာကြ၏။ ဤအခိုက်အတန့်တွင် တချိူ့မှာ မန်ဟို့အား ဘာကြောင့် အင်မတန် ရင်းနှီးနေရသလဲ သဘောပေါက်သွားတော့သည်။ စောစောတုန်းက သူတို့သည် ရင်းနှီးမှုကို ခံစားခဲ့ရသော်လည်း သိပ်‌လေးလေးနက်နက် မတွေးကြည့်ခဲ့ပေ။ သို့သော် ယခုတွင် အတိတ်မှ နာမည်တစ်ခုကို ရုတ်တရက် မှတ်မိသွားကြတော့၏။

“မန်ဟို”

***

All Chapters