← Chapters

တာအိုခြောက်ပါးခေါင်းဆောင်ကြီး

Vol. 50 Ch. 700

တာအိုခြောက်ပါးခေါင်းဆောင်ကြီး

Vol. 50 Ch. 700

မန်ဟို တောင်ဝါးမြိုမန္တန်ကို အသုံးပြု၍ နဝမတောင်ကို ဆင့်ခေါ်လိုက်သည့်အခိုက်အတန့်တွင် တောင်ကောင်းကင်ဂြိုဟ်၏အပြင် ကြယ်တာရာကောင်းကင်ကြီးထဲတွင် ပြောပြမတတ်နိုင်လောက်အောင် ခံ့ညားကြီးမြတ်သော နဝမတောင်ကြီးကား ရုတ်တရက် တုန်ခါသွားလေ၏။

တုန်ခါခြင်းနှင့်အတူ တောင်၏စိတ်ဆန္ဒသည်လည်း လျှို့ဝှက်ဆန်းကြယ်သော ဆင့်ခေါ်မှုအား တုံ့ပြန်လိုက်သည့်အလား တောင်ကောင်းကင်ဂြိုဟ်ဆီ ချဉ်းကပ်လာပြီး မန်ဟို့လက်ဝါးပြင်ထက်ရှိ နဝမတောင်၏ လျင်မြန်စွာ ပြန့်ကားကြီးထွားလာနေသော ပုံရိပ်အပေါ်သို့ ကျရောက်သွား၏။

၎င်းမှာ စိတ်ဆန္ဒမျှင်လေးတစ်မျှင်သာ ဖြစ်ပါသော်လည်း မန်ဟိုနှင့် လေလွင့်ဝိညာဉ်များအတွက်တော့ အဆုံးအစွန်အထိ ရင်သပ်ရှုမောဖွယ်ကောင်းလေသည်။

လေလွင့်ဝိညာဉ်များ၏ အံ့ဩတုန်လှုပ်မှုကား အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေပြီ။

"ဩဇာသက်ရောက်မှု"

"သူက .... နဝမတောင်ရဲ့ ဩဇာသက်ရောက်မှုကို တကယ်ကြီး ဖော်ဆောင်နေတာပဲ"

လေလွင့်ဝိညာဉ်များမှာ တုန်ရီသွားပြီး မန်ဟို၏မျက်လုံးများသည် ယခုတွင် ဗလာကျင်းနေ၏။ သူက ရုတ်တရက် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သူ့လက်ထဲရှိ နဝမတောင်ကား ရှေ့ထွက်သွားတော့သည်။

၎င်းသည် လနတ်မင်းဟူ၍ သူ့ကိုယ်သူ သတ်မှတ်ထားသော လေလွင့်ဝိညာဉ်အပေါ် ကျရောက်သွားရာ ထိုလေလွင့်ဝိညာဉ်က ရှိရှိသမျှ အားအင်အကုန်ဖြင့် ခုခံလေသည်။ မရေမတွက်နိုင်သော နက္ခတ်တာရာများ ၎င်း၏ပတ်ပတ်လည်တွင် ပေါ်လာပြီး တောင်ကို ခုခံရန် ပြေးဝင်သွားကြသည်။

ဝုန်း

နက္ခတ်တာရာများ ပြိုကွဲသွားပြီး နဝမ‌တောင်၏ ဝင်တိုက်ခြင်းခံလိုက်ရသဖြင့် လနတ်မင်းလေလွင့်ဝိညာဉ်မှာ စူးစူးဝါးဝါးအော်ရင်း စုတ်ပြတ်သပ်ပျက်စီးသွားတော့၏....

ထို့နောက် နဝမတောင်က ဧရာမဝဲကြီးကို ဝင်တိုက်၍ တစစီ ကြေမွ‌သွားစေသည်။ တောင်ကြီးမှာ လုံးဝရပ်တန့်မရပုံပင်။ ယဇ်ပလ္လင်အပေါ်ရှိ လေလွင့်ဝိညာဉ်သုံးကောင်မှာ ကြောက်လန့်တကြား နောက်ဆုတ်လိုက်ကြသော်လည်း နဝမ‌တောင်အတွက်တော့ နှေးလွန်းလေ၏။

ထစ်ချုန်းသံကြီး မြည်ဟည်းနေသည့်ခုလတ်တွင် တစ်ကောင်က ဘေးသို့ ရှောင်လိုက်နိုင်သည်။ သို့သော် ကျန်နှစ်ကောင်မှာတော့ သနားစဖွယ် အော်ဟစ်လိုက်ကြရ၏။ ၎င်းတို့သည် နတ်ဘုရားစွမ်းရည်အားလုံး၊ မှော်ပစ္စည်းအားလုံး ထုတ်လွှတ်လိုက်ကြသော်လည်း နောက်ဆုံးတွင် ....သေကြေပျက်စီးခြင်းအား ရှောင်လွှဲမရလိုက်ပေ။

ဤအခိုက်အတန့်တွင် မန်ဟိုမှာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် သွေးတချို့အန်လိုက်ရသည်။ နဝမတောင်မှာလည်း တဖြေးဖြေး ဝေဝါးပျောက်ကွယ်လာ၏။

၎င်းပျောက်ကွယ်သွားသည့်အခါ အားနည်းမှုက မန်ဟို၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ နဝမတောင်၏ပုံရိပ်မှာ ဤမျှအံ့ဩထိတ်လန့်ဖွယ်ကောင်းလိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားခဲ့ပေ။ ယခု သူသည် ၎င်းဖြင့် တာအိုရှာဖွေခြင်းအဆင့်ကို ခုခံခဲ့ခြင်းဖြစ်၏။

ကံဆိုးစွာနှင့် ပေးဆပ်လိုက်ရသော တန်ကြေးမှာတော့ သူ၏ကျင့်ကြံခြင်းအခြေခံ မခံနိုင်သော အရာပင်။ သူ၏ဝိညာဉ်တွင် ထာဝရစိတ်ဆန္ဒပါရှိသော်လည်း တန်ပြန်အားက သူ့ကို ထိခိုက်သွားစေသေး၏။ ဤနတ်ဘုရားစွမ်းရည်ကိုသာ ကြာကြာသုံးပါက သူ၏ဝိညာဉ် ‌အားနည်းခြောက်ကပ်သွား‌မည်ဖြစ်သည်။

လွတ်သွားသော လေလွင့်ဝိညာဉ်မှာမူ ယခုတွင် ကြောက်လန့်တကြား ထွက်ပြေးနေသည်။ ၎င်းမှာ မန်ဟို့ကြောင့် စဉ်းစားနိုင်စွမ်းမရှိတော့ဘဲ လိပ်ပြာလွင့်မတတ် ထိတ်လန့်တုန်ရီနေလေပြီ။

မန်ဟိုက ၎င်းကို လျစ်လျူရှုရင်း ယဇ်ပလ္လင်အပေါ် တက်လိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး သလင်း‌ဖန်လင်းကို ဆွဲယူတော့မည့်အချိန် ရုတ်တရက် ပိန်လှီနေသောလက်တစ်ဖက်က သူ၏မျက်နှာအရှေ့တွင် မည်သည့်နေရာကမှန်းမသိ ပေါ်လာလေသည်။

၎င်းက သူ့ကို လက်ညှိုးထိုးလိုက်ပြီး ထိုသို့ထိုးလိုက်စဉ်တွင် မန်ဟိုသည် လက်ချောင်းနှင့် ၎င်း၏ဝါညစ်ညစ်လက်သည်းမှ ထုတ်လွှတ်နေသော ရှေးကျအိုမင်းမှုကို မြင်လိုက်ရသည်။

လက်ချောင်းသည် မည်သည့်လှိုင်းမှ မထုတ်လွှတ်သလို၊ မည်သည့်စိတ်ဝိညာဉ်စွမ်းအင်ကိုမှလည်း မထုတ်လွှတ်ပေ။ သို့သော် ၎င်းကြောင့် ကောင်းကင်နှင့်မြေကြီး၏ သဘာဝနိယာမများသဖွယ် မဟာတာအိုတစ်ပါး၏အငွေ့အသက်အား မန်ဟို ခံစားလိုက်ရသည်။

သူ့မှာ ရှောင်တိမ်းနိုင်ခြင်းမရှိ။ လက်ချောင်း သူ၏ရင်ဘတ်အား အသာအယာ တို့ထိလိုက်သည်ကိုသာ ကြည့်နေနိုင်၏။

ထိုလှုပ်ရှားမှုလေးကြောင့် သူသည် အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီး ကြားလိုက်ရပြီး သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားလေသည်။ သူ့မှာ ကြီးမားသော လက်သီးကြီးဖြင့် ထိုးနှက်ခံလိုက်ရသည့်အလား ဒလိမ့်ခေါက်ကွေး လည်ထွက်သွားတော့၏။ သူ၏ခန္ဓာကိုယ်က နန်းတော်တစ်ဆောင်အား ဝင်တိုက်လိုက်သဖြင့် ၎င်းမှာ မန်ဟို၏ဝင်တိုက်အားကို ခံနိုင်ရည်မရှိတော့ဘဲ အစိတ်စိတ်အမြွှာမြွှာ ပြိုကျသွားတော့သည်။

သူ့မှာ နန်းတော်အပြိုအပျက်ထဲမှ ထွက်သွားပြီး အပေါ်ရှိ မြေကြီးအမိုးကို ဝင်တိုက်သွားလေသည်။ မြေပြင်သည် တုန်ခါသွားပြီး ထစ်ချုန်းသံကြီးက အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်နေ၏။ မြေကြီးမှာ နှစ်ခြမ်းကွဲသွားပြီး မန်ဟိုမှာ ချင်းလော်ဂိုဏ်းအပေါ်ရှိ လေထုထဲသို့ လွင့်ထွက်သွားနေဆဲပင်။ သူ့မှာ ယင်၏အမှောင်ထုမှ ယန်၏အလင်းရောင်ဆီသို့ ဖြတ်သန်းနေရသယောင်ပင်။ ‌နောက်ဆုံးအရှိန်သေသွားသောအခါ သူ့ရင်ဘတ်မှာ သွေးသားတိမ်အဖြစ် ပေါက်ကွဲသွားဝောာ့၏။

ချက်ချင်းပင် သူ၏ထာဝရဝိညာဉ်နှင့် ထာဝရအလွှာက အလုပ်လုပ်လာရာ ဒဏ်ရာသည် ပြန်ကျက်လာ၏။ သို့သော်  ပြန်ကျက်သွားသည့်အချိန်မှာပင် ပေါက်ကွဲသွားပြန်သည်။ ပြန်ကျက်လိုက်၊ ပေါက်ကွဲလိုက်နှင့် ရက်ရက်စက်စက် သံသရာလည်နေတော့၏။ မန်ဟိုမှာ အစိမ်းရောင်ဝတ်ရုံပင် ခရမ်းရောင်သမ်းသွားသည့်တိုင်အောင် သွေးတစ်လုပ်ပြီးတစ်လုပ် အန်နေရလေသည်။

အောက်ရှိ ချင်းလော်ဂိုဏ်းသားများမှာ ထိတ်လန့်နေသောမျက်နှာအမူအရာများဖြင့် မော့ကြည့်နေကြ၏။

တစ်ချိန်တည်းမှာပင် ‌မြေကြီး၏အနက်ပိုင်းထဲမှ တဟွတ်ဟွတ် ချောင်းဆိုသံများ ကြားလိုက်ရသည်။

အနက်ရောင်မြူခိုးများ အောက်မှ ပျံ့လွင့်တက်လာပြီး ချင်းလော်ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဖုံးလွှမ်းသွားလေသည်။

ချောင်းဆိုးသံမှာ မြေကြီးထဲမှ တစ်ယောက်ယောက် ထွက်လာနေသည့်အလား ကျယ်သထက် ကျယ်လာသည်။

ရုတ်တရက် အသက်ကြီးကြီးအသံကြီးတစ်သံ ကြားလိုက်ရ၏။ "ငါ ခဏလေး မှေးနေရုံရှိသေးတယ် မင်းက ဒီလိုမွှေပြီးပြီပေါ့"

ပိန်ချုံးကြုံလှီနေသော အဘိုးကြီးတစ်ဦးပေါ်လာသည်။ သူသည် ဦးထုပ်တစ်လုံး ဆောင်းထားပြီး အနက်ရောင်ဝတ်ရုံတစ်စုံ ဝတ်ဆင်ထား၏။ သူ၏ပုံပန်းသွင်ပြင်မှာ ကြည့်ဖို့ပင် ကြောက်စရာကောင်းလှသည်အထိ အိုမင်းရွတ်တွဖြူဆုပ်နေလေသည်။ သူ့မျက်လုံးများက ရီဝေနေပြီး သူ၏ခန္ဓာကိုယ်မှ သွေးစုပ်ဖုတ်ကောင်သဖွယ် သေခြင်းအရှိန်အဝါကို ထုတ်လွှတ်နေ၏။

သူ လမ်းလျှောက်ထွက်လာစဉ် သူ၏ပတ်ပတ်လည်ရှိ အရာအားလုံးမှာ အေးခဲလာပြီး အနက်ရောင်နှင်းပွင့်ချပ်များ လွင့်မျောကျလာသည်။

တတိယခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူမှာ ဖုတ်ကောင်လို အဘိုးကြီးပေါ်လာသည်ကို မြင်သောအခါ ချက်ချင်း တုန်ရီပြီး ချွေးပြန်လာသည်။ သူ့မှာ စဉ်းပင်မစဉ်းစားမိလိုက်ဘဲ ဒူးထောက်ဝပ်တွားအရိုအသေပေးလိုက်၏။ "ဂျူနီယာမျိုးဆက်မှ အရိုအသေပေးပါတယ် ၊ တာအိုခြောက်ပါးခေါင်းဆောင်ကြီး"

တစ်ပြိုင်တည်းဆိုသလို စောစောက မန်ဟို့တိုက်ကွက်မှ လွတ်မြောက်သွားခဲ့သော လနတ်မင်းလေလွင့်ဝိညာဉ်လည်း တုန်တုန်ယင်ယင်ဖြင့် ပျံသန်းလာသည်။ သူလည်း ဒူးထောက်အရိုအသေပေးလိုက်၏။

"ဂျူနီယာမျိုးဆက်မှ အရိုအသေပေးပါတယ်၊ ‌‌‌တာအိုခြောက်ပါးခေါင်းဆောင်ကြီး"

မြေကြီးအောက်တွင် မရေမတွက်နိုင်သော လေလွင့်ဝိညာဉ်များသည် ကြောက်ရို့ရိုသေနေသော မျက်နှာအမူအရာများဖြင့် ဒူးထောက်အရိုအသေပေးလိုက်ကြ၏။ တစ်ချိန်တည်းမှာပင် သူတို့၏ နှုတ်ဆက်ဂါဝရပြုလိုက်သော အသံများက ပဲ့တင်ထပ်သွားတော့သည်။ မြေကြီးအပေါ်တွင် ရပ်နေသော ချင်းလော်ဂိုဏ်းသားများမှာမူ ထိန်းချုပ်မရနိုင်အောင် တုန်ရီလာကြပြီး ဤအဘိုးကြီးအား မသိသော်လည်း ဒူးထောက်ဝပ်တွားအရိုအသေပေးလိုက်ကြ၏။

မန်ဟို့မျက်နှာမှာ ရှုံ့မဲ့နေပြီး သူ့ရင်ဘတ်ဒဏ်ရာက သူ၏ထာဝရအလွှာကို ဆက်လက်တိုက်ခိုက်နေကြောင်း ခံစားနေရလေသည်။ သူက အဘိုးကြီးကို မမှိတ်မသုန် ကြည့်ပြီးနောက် မကြာခင် အဘိုးကြီး၏ ကျင့်ကြံခြင်းအခြေခံမှာ ...

တာအိုရှာဖွေခြင်းအဆင့် ဖြစ်ကြောင်း သဘောပေါက်လိုက်၏။

ဤလူသည် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးထက် မဆိုစလောက် အစွမ်းထက်ကြောင်းကိုလည်း မန်ဟို ပြောနိုင်သည်။

ဤသည်မှာ ဂိုဏ်းကြီးတစ်ဂိုဏ်း၏ စစ်မှန်သော တာအိုအစောင့်အရှောက်တစ်ဦး ဖြစ်သည်။ တောင်ပိုင်းဒေသရှိ ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မဟာမျိုးနွယ်စုသုံးစုတွင် အလားတူတာအိုအစောင့်အရှောက်တစ်ဦးစီ ရှိကြလေသည်။ ထို့အတွက်ကြောင့်သာ မဟုတ်လျှင် သူတို့၏အမွေအနှစ်များအား နှစ်တစ်သောင်းကျော်အထိ မည်ကဲ့သို့ လက်ဆင့်ကမ်းလာနိုင်ခဲ့မည်နည်း။

အဘိုးကြီးက ချောင်းအနည်းငယ်ဆိုးပြီးနောက် အရိုးခြောက်လက်ကြီးအား ဆန့်ထုတ်လိုက်ကာ မြေကြီးထံသို့ ကုတ်ခြစ်လိုက်ဟန် လုပ်လိုက်သည်။ နောက်ကျိကျိ မြေအောက်မြစ်ရေများ ရုတ်တရက် တဖွေးဖွေး လှုပ်လာပြီး‌ မြေကြီးအပြင်သို့ ပျံတက်လာကြသည်။ ရေများက တဖြေးဖြေး ကျုံ့လာရင်း အဘိုးကြီးကို ရစ်သိုင်းလှည့်ပတ်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် အဘိုးကြီးသည် ပထမတောင်အပေါ်ရှိ အမွှေးနံ့သာအိုးထံ လက်ညှိုးထိုးလိုက်ရာ ၎င်းမှာ တုန်ခါလာပြီးနောက် လေကိုခွင်း၍ သူ့ဆီ ပျံသန်းလာလေသည်။ အမွှေးနံ့သာအိုးသည် လက်သီးဆုပ်အရွယ်အထိ ကျုံ့လာပြီး အဖုံးပွင့်သွား၏။ နောက်ကျိကျိမြစ်ရေများက ၎င်းအတွင်းထဲ စီးဝင်သွားလေသည်။ နောက်ဆုံးတွင်တော့ အမွှေးနံ့သာအိုးသည် အဘိုးကြီး၏လက်ဝါးအပေါ် သက်ဆင်းလာ၏။

ယခုတွင် ၎င်းသည် အမွှေးနံ့သာအိုးနှင့် မတူတော့ဘဲ အရက်အိုးအသွင် ဖြစ်နေလေပြီ။

အဘိုးကြီးက ၎င်းကို မြှောက်၍ တစ်ကျိုက်သောက်လိုက်သည်။ ထို့နောက် သူသည် မျက်လုံးများ ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပနေလျက် မန်ဟို့ကို လှမ်းကြည့်၏

"မင်းမှာ တော်တော်လေးကောင်းတဲ့ ကျင့်ကြံခြင်းအခြေခံ ရှိတာပဲ" သူက ပြောသည်။ "ငါ့ကြောင့်သာမဟုတ်ရင် ချင်းလော်ဂိုဏ်းရဲ့ နှစ်တစ်သောင်းအခြေခံအုတ်မြစ် တကယ် ဖျက်စီးခံရလောက်မှာ" အဘိုးကြီးက မြေကြီးကို လက်ညှိုးထိုးလိုက်ရာ ၎င်းအတွင်းရှိ ရှုချင်၏ဝိညာဉ်သလင်းဖန်လုံးကို ပျံထွက်လာစေသည်။ သူက ၎င်းကို လက်ချောင်းများဖြင့် ဖမ်းယူလိုက်၏။ "သူ့ကို လိုချင်လား"

အနက်ရောင်မြူခိုးအမျှင်များက အဘိုးကြီးလက်မှ စီးမျောထွက်လာပြီး သလင်းဖန်လုံးကို ဝန်းရံရစ်သိုင်းလိုက်သည်။ ၎င်းတို့သည် အထဲသို့ အပြေးအလွှား ဝင်ချင်နေသည့်အလား လိုချင်တပ်မက်မှုများဖြင့် သလင်းဖန်လုံးအတွင်း တိုးဝင်နေကြသော နာနာဘာဝများအသွင်ပြောင်းသွား၏။

ရှုချင်၏ဝိညာဥ်မှာ ချက်ချင်းပင် ကြောက်လန့်တုန်ရီ‌လာတော့သည်။

မန်ဟို့နှလုံးသားလည်း တုန်ရီလာသည်။

"ပြန်လည်မွေးဖွားခြင်းအနံ့ ရနေတယ်" အဘိုးကြီးက အက်ကွဲကွဲ ပြောသည်။ "ငါ့ဂိုဏ်းသားတွေနဲ့ တပည့်တွေက သူ့ကို ငါ သုံးဖို့အတွက် သန့်စင်ပေးနေကြတာ။ သူက မင်းအတွက် ဘာလဲ၊ ချစ်သူလား"

မန်ဟိုက အဘိုးကြီးကို စိန်းစိန်းဝါးဝါး ကြည့်နေသော်လည်း ဘာမှပြန်မပြောပေ။ နာကျင်မှုက သူ၏နှလုံးသားကို ထိုးကျင့်နှိပ်စက်နေ၍ သူ့အသားတို့မှာ တဆတ်ဆတ် တုန်နေတော့သည်။

"ဘာမှမပြောဘူးပေါ့" အဘိုးကြီးက လက်ချောင်းများကို ဖြစ်ချလိုက်သည်။ သလင်းဖန်လုံး၏မျက်နှာပြင်အပေါ်တွင် အက်ကြောင်းများ ပေါ်လာသည်။

"ဟုတ်တယ် ကျုပ်ရဲ့ချစ်သူ" မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး အဘိုးကြီးကို စိုက်ကြည့်နေဆဲပင်။

"ဒါဆို အဲဒါက မင်း ရောက်လာတဲ့ အကြောင်းရင်းပေါ့" အဘိုးကြီးက အေးဆေးတည်ငြိမ်စွာ ပြောသည်။ သူ့ကို ဝန်းရံလျက်ရှိသော သေခြင်းအရှိန်အဝါမှာ ပိုမိုသိပ်သည်းလာ၏။ "မင်း ပေါ်လာရင် သူ့ဝိညာဉ်က ငါ့အတွက် အားတိုးဆေးဖြစ်လာပြီး သူရဲ့ခန္ဓာကိုယ်က ငါ့အပိုင် ဆေးလုံးတစ်လုံးအဖြစ် သန့်စင်ခံရမှာ"

ယခုတွင် ကောင်းကင်ကြီးမှာ မှောင်မိုက်သွားခဲ့ပြီး လထွက်လာလေပြီ။ လရောင်ခြည်တို့ ဖြာကျလာသည့်အခါ အဘိုးကြီးက တဒင်္ဂ မော့ကြည့်ပြီးနောက် အနက်ရောင်မြူများအား ၎င်းကို ဖုံးလွှမ်းသွားစေလိုက်သည်။

"ကံဆိုးစွာနဲ့ မင်း လာတာ အလကားပဲ။ ဒါပေမဲ့ မင်းကို ငါ အခွင့်အရေးတစ်ခု ပေးပါ့မယ်" သူ၏ရီဝေနေသောမျက်လုံးများသည် ထူးဆန်းစွာ တောက်ပလာ၏။ "ကဲ မင်းရဲ့ အကောင်းဆုံးနတ်ဘုရားစွမ်းရည်တွေ ၊ မှော်သိုင်းတွေ သုံးချည်။ ငါ့ဆီက တိုက်ကွက်တစ်ကွက်ကို မင်း တောင့်ခံနိုင်ရင် မင်းကို သူ့ဝိညာဉ်နဲ့အတူ ထွက်သွားခွင့်ပြုမယ်။ ဘယ်လိုလဲ"

မန်ဟိုသည် ချင်းလော်ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် အစွမ်းထက်ဆုံးဖြစ်သည့် ဤတာအို‌‌ခြောက်ပါးခေါင်းဆောင်ကြီးကို စိုက်ကြည့်လိုက်၏။ စိတ်ထဲတွင် သူက ခါးခါးသီးသီး ပြုံးလိုက်လေသည်။ တကယ်တော့ မန်ဟိုမှာ ဤနေရာသို့ မလာခင်ကတည်းက အဆင်ပြေချောမွေ့မည်မဟုတ်ကြောင်း သိထားပြီးဖြစ်သည်။ သို့သော် သူကား ဘယ်လိုပဲဖြစ်ဖြစ် လာခဲ့သေး၏။

မလာလျှင် သူ၏ကိုယ်ပိုင်တာအိုကို ချိုးဖောက်ရာ ကျပေမည်။

ထိုမျှသာမက သူသည် ထွက်သွားဖို့ ရည်ရွယ်ချက်မရှိဘဲ လာခဲ့ခြင်းဖြစ်သည်။

"မင်းရှင်ရင် ကိုယ်ရှင်မယ် ၊ မင်းသေရင် ကိုယ်သေမယ်.... အဲ့ဒါ ကိုယ်တို့နှစ်‌ယောက်ရဲ့ ကတိသစ္စာ" မန်ဟိုက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းပြီးနောက် လက်ကို မြှောက်လိုက်သည်။ သူ၏ဘယ်မျက်လုံးတွင် နေ့သဖွယ် တောက်ပနေသော အလင်းရောင် တစတစ ပေါ်လာသည်။ သူ၏ညာမျက်လုံးတွင်တော့ ညသဖွယ် မှောင်မိုက်နေသော အမှောင်ထုအား မြင်ရနိုင်သည်။

ဤသည်မှာ မြေအောက်ကမ္ဘာသင်္ဘောအပေါ်ရှိ ချပ်ဝတ်တန်ဆာနှင့်အဘိုးကြီးထံမှ အမှောင်နှင့်အလင်းအကြောင်း ဉာဏ်အလင်းပွင့်ပြီးနောက် ရရှိခဲ့သော သူ၏အစွမ်းထက်ဆုံး နတ်ဘုရားစွမ်းရည်ဖြစ်၏။

သူ၏ညာလက်ထဲတွင် အနက်ရောင်မြူခိုးများနှင့်အတူ အဖြူရောင်မြူခိုးများ ပေါ်လာသည်။

မြူစီးကြောင်းနှစ်ကြောင်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် တာအိုခြောက်ပါးခေါင်းဆောင်ကြီးမှာ အထိတ်တလန့် ကြည့်လိုက်လေသည်။

"ဒါက ... " သူက ပြောသည်။

စောစောက မန်ဟိုကို သူ မသတ်ခဲ့သည့် အကြောင်းရင်းမှာ ကံကြမ္မာကောင်းတစ်မျိုးအား မန်ဟို့အပေါ်တွင် အာရုံရလိုက်ခြင်းကြောင့်ပင်။ တာအိုခြောက်ပါးခေါင်းဆောင်ကြီး၏ ကျင့်ကြံအဆင့်ကို ထည့်တွက်လျှင် သူသည် အန္တရာယ်နှင့် ကံကြမ္မာကောင်းနှစ်မျိုးလုံးကို ခံစားရနိုင်၏ ။

သူကား ယခုတွင် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး မန်ဟို၏ပြီးပြည့်စုံသော အခြေကို ကြည့်နေခဲ့သည့်အတိုင်း မန်ဟို့ကို ကြည့်နေလေပြီ။ မန်ဟို့ကို မယုံနိုင်လောက်အောင် အသုံးဝင်သော ကံကြမ္မာကောင်းအဖြစ် သတ်မှတ်၍ရနိုင်ကြောင်း သူ အာရုံအနည်းငယ်ရလိုက်သည်။

ကောက်ကျစ်သောအပြုံးတစ်စက တာအိုခြောက်ပါးခေါင်းဆောင်ကြီး၏မျက်နှာအပေါ်တွင် ဖြစ်ထွန်းလာသည်။ သူ မျက်လူံများ တဖျပ်ဖျပ် ဝင်းလက်လျက် စောင့်ကြည့်နေစဉ် အနက်ရောင်နှင့်အဖြူရောင်မြူများကား လျင်မြန်စွာ သိပ်သည်းလာကာ နောက်ဆုံးတွင် ပုလဲနှစ်လုံးဖြစ်သွား၏။

ပုလဲနက်

ပုလဲဖြူ

ပုလဲနှစ်လုံး ပေါ်လာသည်နှင့်အခိုက်အတန့်တွင် တာအိုခြောက်ပါးခေါင်းဆောင်ကြီး၏သူငယ်အိမ်များ ကျုံ့သွားသည်။ ကျင့်ကြံခြင်းအဆင့်နှင့် ခွန်အားအဆင့်ကိုပင် အားမနာနိုင်တော့ဘဲ သူ၏မျက်နှာတွင် အံ့ဩမယုံကြည်နိုင်မှုတို့ ပြည့်နှက်သွားလေသည်။

"‌ဒါ .... တာအိုတစ်ပါးပဲ

"သာမန်တာအိုလည်း မဟုတ်ဘူး။ ဒီပုလဲဖြူနဲ့ ပုလဲနက်က အနန္တအာရုံကို ပေးစွမ်းနေတယ် ..... "

မန်ဟို၏မျက်လုံးများက တဖျပ်ဖျပ် လက်သွားပြီး ညာလက်ကို ဆန့်ထုတ်လိုက်သည်။ သူ့မှာ တကယ့်တကယ် ပုလဲနှစ်လုံးကို မည်သို့အသုံးပြုရမလဲ မသိသော်လည်း ၎င်းတို့က သေချာပေါက် သူ၏အစွမ်းထက်ဆုံး မှော်ပညာရပ်တစ်ခုဖြစ်၏။

သူ လက်ကို ဝှေ့ယမ်းလိုက်စဉ် အဖြူအနက်ပုလဲနှစ်လုံးသည် တာအိုခြောက်ပါးခေါင်းဆောင်ကြီးဆီသို့ ပြေးဝင်သွားသော အလင်းတန်းနှစ်တန်း ဖြစ်သွားတော့သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်မှာ ရုတ်တရက် အရောင်များ ပြောင်းလဲလာ၏။ တစ်ကမ္ဘာလုံးကား အဖြူအမည်းကမ္ဘာကြီး ဖြစ်သွားလေပြီ။ အဖြူအမည်းမှအပ တတိယအရောင်ဟူ၍ မတည်ရှိလေတော့။

"ကောင်းကင်တာအို

"နဝမတောင်ကမဟုတ်ဘဲ ‌တောင်ကိုးလုံးရဲ့အပြင်က ကောင်းကင်တာအိုတစ်ပါး"

***

All Chapters