သွေးမိစ္ဆာဂိုဏ်း၏ သွေးမင်းသား
Vol. 50 Ch. 701
"ပုလဲနက်က သေခြင်းကို ကိုယ်စားပြုပြီး ပုလဲဖြူက ရှင်ခြင်းကို ကိုယ်စားပြုတယ်
"နေဦး မဟုတ်သေးဘူး။ ပုလဲဖြူက သေခြင်းကို ကိုယ်စားပြုပြီး ပုလဲနက်က ရှင်ခြင်းကို ကိုယ်စားပြုတာ
"ဟမ် အဲ့ဒါလည်း မဟုတ်သေးဘူး။ ဒီထဲမှာ တာအိုတွေ ဘယ်လောက်တောင် ရှိနေတာလဲ။ ကံကြွေးရဲ့ အကြောင်းနဲ့ အကျိုး။ အမှန် နဲ့ အမှား။ ရှင်ခြင်း နဲ့ သေခြင်း။ ဘဝပြန်ဝင်စားသံသရာစက်ဝန်း။ ကောင်းကင်နဲ့ မြေကြီး...." တာအိုခြောက်ပါးခေါင်းဆောင်ကြီး၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ ပုလဲများ သူ့အနား ချဉ်းကပ်လာစဉ် သူက အရှေ့တွင် ညာလက်ကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် အမွှေးနံ့သာအိုးက ပျံထွက်လာပြီး ကြီးမားပြန့်ကားလာသည်။ နောက်ကျိကျိရေများလည်း ၎င်းအထဲမှ ဝေါခနဲ ထွက်လာတော့သည်။
"မရဏမြစ်" တာအိုခြောက်ပါးခေါင်းဆောင်ကြီးက ဟိန်းဟောက်ကာ နောက်ကျိကျိရေများမှ ကြောက်ခမန်းလိလိ သေခြင်းအရှိန်အဝါ ထွက်လာစေလိုက်သည်။ အရှိန်အဝါသည် ပုလဲနှစ်လုံးထံ စီးဆင်းသွားသော မြစ်တစ်စင်းအသွင်ပြောင်း ပြန့်ကားလာ၏။
သို့သော် ၎င်း ပုလဲများ အနားရောက်သွားသည့်အချိန်မှာပင် မရဏမြစ်သည် တုန်ခါလာပြီး ပြိုကွဲစပြုလာသည် .... မရေမတွက်နိုင်သောဝိညာဉ်များ ပေါ်လာပြီး တွေဝေငေးကြောင်စွာဖြင့် အရပ်လေးမျက်နှာသို့ လွင့်စင်ထွက်ကာ ပျောက်ကွယ်သွားကြ၏။
ထို့နောက် အမွှေးနံ့သာအိုး တုန်ရီလာပြီး အတွင်းထဲ၌ ကျွမ်းလောင်နေသော အမွှေးတိုင်များ၏ပုံရိပ်များ မြောက်တက်လာသည်။ တာအိုခြောက်ပါးခေါင်းဆောင်ကြီး၏ မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူသည် ညာလက်ဖြင့် မုဒြာလက်ကွက် ကပျာကယာ ဖော်ပြီးနောက် အရှေ့သို့ ညွှန်လိုက်၏။
"စေတိယမီးတောက်" အမွှေးနံ့သာအိုးကြီးမှာ တုန်ရီလာပြီး ပုံရိပ်ယောင်ကမ္ဘာများ ရုတ်တရက် ဖြစ်တည်လာသည်။ ၎င်းတို့အားလုံးတွင် ဒူးထောက်ဝပ်စင်းနေကြသော သက်ရှိသတ္တဝါများ ပါရှိလေသည်။
၎င်းတို့၏ ဒူးထောက်အရိုအသေပေးမှုနှင့်အတူ ၎င်းတို့၏အရှိန်အဝါများသည် လေထဲသို့ ပျံ့လွင့်တက်လာပြီးနောက် တစ်သားတည်း ပေါင်းစည်းသွားကြ၏။ ထို့နောက် ကမ္ဘာလောကများမှာ တာအိုခြောက်ပါးခေါင်းဆောင်ကြီး၏ ရုပ်သွင်ရှိသော ရုပ်တုကြီးများအဖြစ် ပြောင်းသွားကြသည်။ ၎င်းတို့က အဖြူအမည်းပုလဲများဆီသို့ တဟုန်ထိုး ပြေးဝင်လာကြသည်။
ပုလဲနှစ်လုံး နီးကပ်လာပြီး အံ့မခန်းလိလိ ပေါက်ကွဲမှုကြီး ရိုက်ညောင်းသွားသည်။ ကမ္ဘာလောကများအားလုံး၊ ရုပ်တုအားလုံးမှာ အဖြူအမည်းပြောင်းသွားပြီး ပဲ့ကျပျက်စီးလာတော့သည်။ အမွှေးနံ့သာအိုးမှာ တုန်ရီလာပြီးနောက် လျင်မြန်စွာ ကျုံ့လာ၏။ တာအိုခြောက်ပါးခေါင်းဆောင်ကြီး၏ မျက်နှာ နောက်တစ်ဖန် ရိပ်ခနဲ ဖြစ်သွားပြန်သည်။ သူသည် ညာလက်ကို ဆန့်ထုတ်ပြီး မြေကြီးထံသို့ တွန်းဖိချလိုက်သည်။
"ယင်-ယန်လည်ပတ်ခြင်း။ ကောင်းကင်နဲ့မြေကြီး အသွင်ပြောင်းလဲ" သူက မာန်အပြည့်ဖြင့် ညာလက်ကို မြှောက်လိုက်ရာ ဧရာမအလံကြီးတစ်ခု ပေါ်လာသည်။
အလံသည် ဆန့်ထွက်လာစဉ် ၎င်းအတွင်း၌ ဟိန်းဟောက်နေသော ဝိညာဉ်ပေါင်းများစွာအား မြင်နိုင်လေသည်။
"စေတိယဝိညာဉ် တစ်သန်း"
အံ့ဩဖွယ်ကောင်းစွာနှင့် လိပ်နေရာမှ ပြေလာသော အလံအတွင်းရှိ ဝိညာဉ်တစ်သန်းကား ကျောချမ်းဖွယ်ဟိန်းဟောက်သံများကို ထုတ်လွှတ်ရင်း အဖြူအမည်းပုလဲနှစ်လုံးဆီသို့ တန်းတန်းမတ်မတ် ပျံသန်းလာသည်။
ဝိညာဉ်တစ်သန်း လွင့်စင်ပြိုကွဲသွားရန် သိပ်မကြာလိုက်ပေ။ သို့သော် အဖြူအမည်းပုလဲနှစ်လုံးမှာ ၎င်းတို့ပုံစံကို မထိန်းထားနိုင်တော့ဘဲ အဖြူအနက်မြူစီးကြောင်းများအသွင်ဖြင့် တာအိုခြောက်ပါးခေါင်းဆောင်ကြီးထံသို့ ပြေးဝင်သွားတော့သည်။
တာအိုခြောက်ပါးခေါင်းဆောင်ကြီး၏ မျက်လုံးများ ထူးဆန်းစွာ တောက်ပသွားပြီး သူက မရှောင်ပေ။ အမှန်တွင် အဖြူရောင်နှင့် အနက်ရောင်မြူစီးကြောင်းနှစ်ကြောင်း ချဉ်းကပ်လာနေစဉ် သူက ရှေ့တက်လာပြီးနောက် ၎င်းတို့ကို ဝါးမြိုရန် ပါးစပ်ဟလိုက်လေသည်။
တာအိုခြောက်ပါးခေါင်းဆောင်ကြီး မြူစီးကြောင်းနှစ်ကြောင်းလုံးကို ဝါးမြိုလိုက်သည့်အခါ သူ့တစ်ကိုယ်လုံး တုန်ရီလာတော့သည်။ သူက အားကို တောင့်ခံရန် ကြိုးစားနေသဖြင့် မျက်နှာဖြူဖပ်ဖြူလျော် ဖြစ်သွားလေသည်။ အားက သူ့အတွက် များလွန်းနေ၏။ သူသည် သွေးတစ်ပွက်အန်ပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းမှ တဂျွတ်ဂျွတ် အရိုးအက်သံများ ကြားလိုက်ရသည်။ ရုတ်တရက် သူ၏ရင်ဘတ်မှ အနက်ရောင်မြူစီးကြောင်းနှင့် အဖြူရောင်မြူစီးကြောင်းတို့ ထွက်လာပြီးနောက် လေတွင် ပျောက်ကွယ်သွားဝောာ့သည်။
ပတ်ဝန်းကျင်ရှိ ချင်းလော်ဂိုဏ်းသားများမှာ ဆွံ့အမှင်သင်နေကြတော့သည်။ မန်ဟိုက တာအိုခြောက်ပါးခေါင်းဆောင်ကြီးကို ကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေ၏။ ဤသည်မှာ သူ အသုံးပြုနိုင်သမျှပညာရပ်များထဲ အစွမ်းထက်ဆုံးပညာရပ် အမှန်တကယ် ဖြစ်လေသည်။
"စိတ်ဝင်စားစရာပဲ ၊ သိပ် စိတ်ဝင်စားစရာပဲ" တာအိုခြောက်ပါးခေါင်းဆောင်ကြီးက ခေါင်းနောက်လှန်ရင်း အကျယ်ကြီး အော်ရယ်လိုက်သည်။ "သိပ်ကောင်းတယ်။ ပြောင်မြောက်လိုက်တဲ့ နတ်ဘုရားစွမ်းရည်။ မင်းက ငါပေးတဲ့ တာဝန်ကို ဖြည့်ဆည်းပေးပြီးပြီဆိုတော့ ငါ ပြန်ဆုချရမယ့် အချိန်ကျပြီ" သူက ထိုသို့ပြောရင်း ဘယ်လက်ကို ဆုပ်လိုက်ရာ ရှုချင်၏ ဝိညာဉ်သလင်းဖန်လုံးမှာ ချွတ်ခနဲ တစ်ဝက်ကျော် ကြေမွသွားလေသည်။ သူမဝိညာဉ်က ထွက်မလာသော်လည်း ပတ်ဝန်းကျင်ရှိ လေလွင့်ဝိညာဉ်များအားလုံးမှာ ငမ်းငမ်းတက် သားရေတမြားမြား ကျနေကြတော့သည်။
"ခင်ဗျားးးးးး" မန်ဟိုက မျက်ထောင့်နီကြီးဖြင့် အော်လိုက်သည်။ ယခုတွင် သူ သေရရ၊ ရှင်ရရ ဂရုမစိုက်ပေ။ ထိုသလင်းဖန်လုံးထဲရှိ ဝိညာဉ်မှလွဲ၍ ကမ္ဘာကြီးထဲရှိ မည်သည့်အရာကိုမဆို သူ ဂရုမစိုက်ပေ။
ဝိညာဉ်က ရုတ်တရက် မျက်လုံးဖွင့်ပြီး မန်ဟို့ကို ကြည့်လိုက်သည်။ ၎င်းသည် နူးညံ့သောအကြည့်၊ တမ်းတနေသော အကြည့်လေး ဖြစ်၏ ....
"ကျင့်ကြံခြင်းအားထုတ်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံး" တာအိုခြောက်ပါးခေါင်းဆောင်ကြီးက အသံအက်အက်ဖြင့် ပြောသည်။ "ငါဆိုတဲ့လူက ဘယ်တော့မှ ကတိမတည်ခဲ့ဖူးဘူး။ ပြီးတော့ မင်းက ငါ့ကို ဒေါသထွက်အောင် လုပ်ခဲ့တာသေးတာကို ငါက မင်းကို သဘောထားကြီးကြီးနဲ့ အသက်ချမ်းသာပေးမယ် ထင်လား" သူက အကျည်းတန်အပြုံးကြီးဖြင့် လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ဘေးတွင် ယဇ်စင်တစ်ခုပေါ်လာသည်။ ၎င်းသည် ထိပ်ဆုံးသို့ ဦးတည်နေသော လှေကားထစ်ကိုးထစ်ဖြင့် စေတီတစ်ဆူပုံသဏ္ဌာန်ရှိ၏။
ယဇ်စေတီ၏အပေါ်တွင် မျက်လုံးကြီးများ ပြူးထွက်နေသော လေလွင့်ဝိညာဉ်များက အသံမထွက်ဘဲ အော်ဟစ်နေကြ၏။
ထို့နောက် တာအိုခြောက်ပါးခေါင်းဆောင်ကြီးက သလင်းဖန်လုံးကို ယဇ်စေတီဆီ ပျံသန်းသွားစေသည်။ ၎င်းမှာ အက်ကွဲသံများ ထုတ်လွှတ်ရင်း လေထဲ၌ ပျံဝဲနေလေပြီ။
ခွမ်းးးးးးးးးးးး
သလင်းကျောက်လုံး ကြေမွသွားပြီး ရှုချင်၏ ဝိညာဉ်ထွက်လာသည်။ သူမပတ်ပတ်လည်ရှိ လေလွင့်ဝိညာဉ်များက စိတ်လှုပ်တရှားအော်ရင်း ခုန်အုပ်လိုက်ကြ၏။
"မင်း သူ့ကို ကယ်နိုင်ရင်" တာအိုခြောက်ပါးခေါင်းဆောင်ကြီးက မန်ဟို့ကို ကြည့်ရင်း ပြောသည်။ "ဒီတစ်ခေါက်တော့ ငါ ကတိတည်မယ်"
မန်ဟိုက ယဇ်စင်ထက်သို့ သွေးရူးသွေးတန်း ပြေးသွားသည်။ သို့သော် သူ အနားပင် မကပ်နိုင်ခင် လေလွင့်ဝိညာဉ်များက ရှုချင်၏ဝိညာဉ်ကို ကိုက်ခဲစားသုံးနေကြလေပြီ။ ရှုချင်သည် တသိမ့်သိမ့် တုန်ရီနေလျက် မန်ဟို့ကို လှမ်းကြည့်ပြီး မျက်ရည်လေးများ ဝဲနေသယောင်ပင်။
မန်ဟို့မှာ နှလုံးသားအား ပါးပါးလှီးနေသကဲ့သို့ ခံစားနေရတော့သည်။ သူက ပူဆွေးဝမ်းနည်းမှုအပြည့်ဖြင့် ဟိန်းဟောက်သည်။ "ငါ့အသွေးအသားကို စားကြ"
ထို့နောက် သူက ရင်ဘတ်ကို ရိုက်ချလိုက်သည်။ သွေးသားအတုံးအတစ်များ အရပ်မျက်နှာတစ်ခွင် ပြန့်ကြဲသွား၏ ။ မိစ္ဆာချုပ်နှောင်သူတစ်ဦး၏အရှိန်အဝါကား အရှိန်အဟုန်ပြင်းစွာ ဖြာထွက်လာခဲ့လေပြီ။
လေလွင့်ဝိညာဉ်များက တုံ့ခနဲ ရပ်ပြီး ခေါင်းလှည့်ကြည့်လာကြသည်။ ၎င်းတို့၏ မျက်လုံးထဲရှိ ငမ်းငမ်းတက်နေသော လောဘမှာ ထိပ်ဆုံးအထိ မြင့်တက်သွားပြီး ၎င်းတို့က မန်ဟို့ဆီ ချီတက်လာကြသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့သည် မန်ဟို့ရင်ဘတ်ထဲ တိုးဝင်ပြီး အငမ်းမရ ကိုက်ခဲစားသုံးနေကြ၏။
နာကျင်မှု။
ပြောမပြတတ်လောက်အောင် နာကျင်မှု။
သို့သော် မန်ဟိုကား မမှု။ သူသည် ရှေ့ဆက်လျှောက်လာ၏။ လှေကားထစ် တစ်ထစ်ပြီး တစ်ထစ် တက်သွားသည်။ ပို၍များပြားသော လေလွင့်ဝိညာဉ်များက သူ့အပေါ် ခုန်အုပ်လိုက်ကြပြီး သူ၏အသွေးအသားတို့ကို အငမ်းမရ စားသုံးကုန်ကြ၏။
သို့သော် တစ်ကောင်မှ မန်ဟို အပေါ်သို့ တက်လှမ်းသွားသည်ကို မတားနိုင်ကြပေ။
ပတ်ဝန်းကျင်ရှိ ချင်းလော်ဂိုဏ်းသားများမှာ လုံးလုံးလျားလျား အံ့ဩမှင်သက်နေကြတော့၏။ မန်ဟို့ကို အရိုးထဲ၊ အသည်းထဲမှ မုန်းသောလူများပင် ပါသည်။
တာအိုခြောက်ပါးခေါင်းဆောင်ကြီး၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
အနက်ရောင်မြူများသည် မန်ဟို့ပတ်ပတ်လည်တွင် တဖွေးဖွေး လှုပ်နေပြီး သူ၏အသွေးအသားတို့မှာ လျင်မြန်စွာ ပျောက်ဆုံးနေလေပြီ။ သို့သော် သူ့တွင် ထာဝရအလွှာရှိနေသေး၍ သူ၏ခန္ဓာကိုယ်အား အလိုလို ကုသပေးနေသည်။ မှန်ပါသည်၊ ၎င်းက နာကျင်မှုကို ပိုပြင်းထန်စေသည်။
မန်ဟိုသည် တစ်ထစ်ပြီးတစ်ထစ် တက်လာခဲ့ပြီးနောက်ဆုံး ရှုချင်ဆီ ရောက်သွားသည်။ သူက သူမကို ပွေ့ဖက်ရန် တုန်ရီနေသော လက်နှစ်ဖက်ဖြင့် လှမ်းလိုက်သည်။
သို့သော် ဤအခိုက်အတန့်တွင် တာအိုခြောက်ပါး၏မျက်လုံးများ၌ ကောက်ကျစ်ယုတ်မာမှုတို့ ပြည့်သွားသည်။ သူက အေးစက်စက် နှာမှုတ်ပြီးနောက် လက်ချောင်းတစ်ချောင်းက ဆန့်ထုတ်လိုက်သည်။ ချက်ချင်းပင် အနက်ရောင်မြူစီးကြောင်းတစ်ကြောင်းက ရှုချင်၏ဝိညာဉ်ဆီ ပြေးဝင်သွား၏။
"ပြီးဆုံးသွားပြီ" သူက ပြောသည်။
အနက်ရောင်မြူများက ရှုချင်ဆီ ပြေးဝင်သွားလေပြီ။ မန်ဟိုက သူ၏ဘဝတွင် ယူကျုံးမရ ဝမ်းအနည်းဆုံးဖြစ်သောအသံကြီးဖြင့် အော်ဟစ်လိုက်၏။ "မဖြစ်ဘူးးးးးးးးးးးးး"
သူသည် မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ မည်သို့ပင် ဖြစ်နေစေကာမူ ရှုချင်ကို လှမ်းဆွဲလိုက်၏။ သို့သော် အနက်ရောင်မြူစီးကြောင်းက ရပ်မသွား။ ၎င်းသည် ရှုချင်၏ ဝိညာဉ်ကို ထိုးဖောက်ပြီး သူမကို ဝါးမြိုလိုက်သော အနက်ရောင်မီးတောက်များအသွင်ပြောင်းသွား၏။
ဤအခိုက်အတန့်တွင် မန်ဟို့လက်နှစ်ဖက်က ရှုချင်၏ဝိညာဉ်အပေါ် ကျရောက်သွားသည်။ ၎င်းတို့က အနက်ရောင်မီးတောက်များကို ထိုးဖောက်ရင်း သူမကို လှမ်းဆွဲလိုက်၏။
သူ သူမကို ထလိုက်သည့်အခိုက်အတန့်တွင် သူ့မျက်ဝန်းအိမ်မှ မျက်ရည်များ စီးပြိုကျလာတော့သည်။ သူ့မှာ ယခုတော့ လုံးဝရူးကြောင်သွားလေပြီ။ သူလုပ်နိုင်သမျှမှာ အနက်ရောင်မီးတောက်များအတွင်း၌ ရှုချင် တဖြေးဖြေး ဝေဝါးပျောက်ကွယ်လာသည်ကို ကြည့်နေရုံသာ။
ရှုချင်၏ နှုတ်ခမ်းလေးများ လှုပ်သွားသည်။ အသံကတော့ မထွက်လာ။ "မင်း ရှင်တယ် အစ်မ သေသွားပြီ .... အစ်မကို ကတိပေးပါ ကောင်းကောင်းမွန်မွန် ဆက်ရှင်သန်သွားပါ့မယ်လို့ ....."
မန်ဟိုမှာ ဝမ်းနည်းပူဆွေးလျက် ဆောက်တည်ရာမဲ့နေတော့သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ အသုံးမဝင်သလို လောကကြီးသည်လည်း အသုံးမဝင်ပေ။ "ကျုပ်က ပျော်ပျော်ရွှင်ရွှင်လေး ကျင့်ကြံအားထုတ်ချင်ရုံပါ။ ရှုချင်နဲ့ အတူရှိချင်ရုံပါ။ ကျင့်ကြံခြင်းတဲ့လား။ ကျင့်ကြံခြင်းဆိုတာ တကယ်ပဲ .... တကယ်ပဲ ဘယ်လိုဘဝမျိုးလဲ"
ဤအခိုက်အတန့်တွင် ရုတ်တရက် အသံတစ်သံ မန်ဟို့နားထဲ ရောက်လာသည်။
"ငါ့ကို ကတိတစ်ခုပေးရင် မင်းကို ငါ ကူညီပေးနိုင်တယ်" အသံကြီးမှာ ကောက်ကာငင်ကာ ပေါ်လာသော်လည်း မန်ဟိုကတော့ ဂရုမစိုက်အားပေ။ သူက ကြားလိုက်လျှင်ချင်း မည်မျှထူးဆန်းသလဲ စဉ်းစားခြင်းမရှိဘဲ တွေဝေတုံ့ဆိုင်းခြင်းမရှိ တုံ့ပြန်လိုက်သည်။
"ကတိပေးတယ်။ ခင်ဗျား ဘာပဲ လိုချင်လိုချင် ။ ကျုပ် ကတိပေးတယ်"
သူ စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် ပျောက်ကွယ်လုဆဲဆဲ ဖြစ်နေသော ရှုချင်သည် ရုတ်တရက် ကောင်းကင်မှ ထိုးဆင်းလာသော သွေးနီအလင်းတန်းတစ်တန်း၏ လွှမ်းခြုံခြင်းခံလိုက်ရလေသည်။
ချက်ချင်းဆိုသလို အနက်ရောင်မီးတောက်များ ငြိမ်းသွား၏။
တာအိုခြောက်ပါးခေါင်းဆောင်ကြီး မျက်နှာပျက်သွားစဉ် ခေါင်းအထက်၌ တဖွေးဖွေးလှုပ်နေသော သွေးနီတိမ်တိုက်ကြီးတစ်ခု ပေါ်လာသည်။ ကောင်းကင်သည် နီစွေးသွားပြီး ဧရာမမျက်နှာကြီးတစ်ဖက် လေလယ်တွင် ပေါ်လာသည်။
၎င်းသည် အဘိုးကြီးတစ်ယောက်မျက်နှာဖြစ်၏။ သူ၏မျက်လုံးများမှာ နီစွေးနေပြီး သူ၏နဖူးမှ သွေးနီချိုကြီးတစ်ချို ထိုးထွက်နေသည်။ မျက်နှာကြီးပေါ်လာသည်နှင့်တစ်ပြိုင်နက် ချင်းလော်ဂိုဏ်းသားများသည် သွေးများ သူတို့၏ခန္ဓာကိုယ်ထဲမှ ထွက်သွားချင်နေသည့်အလား တပွက်ပွက် ဆူလာသည်ကို ခံစားလိုက်ရ၏။
မြင်မြင်ရသမျှအရာအားလုံးမှာ သွေးနီရောင်သာ။
တာအိုခြောက်ပါးခေါင်းဆောင်ကြီး၏သူငယ်အိမ်များ ကျုံ့သွားပြီး သူ၏စွမ်းအားလှိုင်းများ ဖြာထွက်လာသည်။ သူသည် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အမွှေးနံ့သာအိုးအား သူ၏ခေါင်းကို လှည့်ပတ်လိုက်စေသည်။
"သွေးမိစ္ဆာ။ မင်း တကယ်ပဲ ချင်းလော်ဂိုဏ်းကိစ္စကို ဝင်စွက်ဖက်ရဲလား"
"ဘာလို့မစွက်ဖက်ရဲရမှာလဲ" ကောင်းကင်ထက်ရှိ မျက်နှာကြီးက ပြန်ဖြေသည်။ တာအိုခြောက်ပါးခေါင်းဆောင်ကြီး၏ ကိုယ်အတွင်း၌ သွေးများက ရုတ်တရက် ပေါက်ကွဲပြီး အရပ်လေးမျက်နှာသို့ လွင့်စင်ထွက်သွားလေသည်။
တာအိုခြောက်ပါးခေါင်းဆောင်ကြီးက မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး လေပေါ်ပျံတက်ကာ မျက်နှာကြီးဆီ ဦးတည်သွားသော အလင်းတန်းတစ်တန်း ဖြစ်သွားသည်။ "လူတိုင်းပြောတာတော့ သွေးမိစ္ဆာက တောင်ပိုင်းဒေသမှာ နံပါတ်(၁)အစွမ်းထက်ပညာရှင်တဲ့။ ငါကတော့ မယုံဘူး"
"တောင်ပိုင်းဒေသတဲ့လား" မျက်နှာကြီးက ခေါင်းခါလိုက်သည်။ "အလွန်ဆုံးမှ လူသားမဆန်တဲ့မြေတစ်မြေပါပဲ" အံ့ဩဖွယ်ကောင်းစွာနှင့် ပိန်လှီနေသော သွေးနီလက်ကြီးတစ်ဖက်က သွေးစိတ်ဆန္ဒကို ထုတ်လွှတ်ရင်း ပေါ်လာသည်။ ၎င်းက တာအိုခြောက်ပါးခေါင်းဆောင်ကြီးထံ ပြေးဝင်၍ ဖမ်းဆုပ်လိုက်ပြီး အသာအယာ ဖြစ်ညစ်လိုက်၏။
ခွမ်းခနဲ အမွှေးနံ့သာအိုး ကြေမွသွားသည်။ မရဏမြစ် ပျောက်ကွယ်သွားပြီး သူ၏ပါးစပ်မှ သွေးများ ထပ်မံ ပန်းထွက်သွား၏။ တာအိုခြောက်ပါးခေါင်းဆောင်ကြီးမှာ လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားလေသည်။
"မင်း....မင်း....."
"ငါ မင်းကို မသတ်ဘူး" မျက်နှာကြီးက သွေးအေးအေး ပြောသည်။ "အဲ့ဒီတာဝန်ကို နောက်ကျရင် သွေးမိစ္ဆာဂိုဏ်းရဲ့ သွေးမင်းသား ဆောင်ရွက်လိမ့်မယ်" လက်ကြီးသည် ဆုပ်ထားသည်ကို ဖြေလိုက်ရာ တာအိုခြောက်ပါးခေါင်းဆောင်ကြီးမှာ တစ်ကိုယ်လုံးမှ သွေးများ ယိုစီးကျနေလျက် မြေကြီးပေါ် ပြုတ်ကျသွားလေသည်။
ချင်းလော်ဂိုဏ်းသားများမှာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် အထိတ်တလန့် ကြည့်နေကြ၏။
ကောင်းကင်ထက်ရှိ မျက်နှာကြီးက တစ်လောကလုံးတွင် မန်ဟို့တစ်ယောက်တည်းကိုသာ ဂရုစိုက်သည့်အလား မန်ဟို့ကို ကြည့်လိုက်သည်။
"မင်း ကတိပေးခဲ့တယ်"
မန်ဟို့မျက်နှာမှာ သွေးမရှိတော့သော်လည်း အနီရောင်အလင်းဖြင့် လွှမ်းခြုံခံထားရသည့် ရှုချင်၏ဝိညာဉ်ကို ငုံ့ကြည့်လိုက်သည့်အခါ သူ၏မျက်နှာအမူအရာမှာ တည်ငြိမ်အေးချမ်းသွားလေသည်။ ရှုချင်မှာ ဝေဒနာမခံစားရတော့ဘဲ တဖြေးဖြေး ပြန်လည်သက်သာလာနေလေပြီ။ မန်ဟိုက ကောင်းကင်ထက်ရှိ မျက်နှာကြီးကို မော့ကြည့်လိုက်သည်။
"မိစ္ဆာဘဝကူးပြောင်းရမယ်ဆိုရင်တောင်မှ ဂျူနီယာ အသင့်ပါပဲ"
"မိစ္ဆာဘဝကူးပြောင်းစရာ မလိုပါဘူး။ ငါ မင်းကို လုပ်စေချင်တာက ... နတ်ဆိုးဖြစ်စေချင်တာပဲ
"သွေးမိစ္ဆာဂိုဏ်းကို ဝင်။ အနှိုင်းမဲ့ နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲပြီး သွေးမိစ္ဆာဂိုဏ်းရဲ့ သွေးမင်းသား ဖြစ်လာပါ
"မိစ္ဆာချုပ်နှောင်သူအဖွဲ့တော့ နောက်ဆုံး နတ်ဆိုးဆန်လာရတော့မယ်။ ဘယ်လောက်အပျင်းပြေစရာကောင်းလိုက်သလဲ။ ဒါဟာ ကောင်းကင်တာအိုရဲ့ လိုအင်ဆန္ဒမဟုတ်ဘူး။ ငါ့ရဲ့ လိုအင်ဆန္ဒ
"နတ်ဆိုးအဖြစ် ပြောင်းလဲပါ။ အခုကစပြီး မင်းဟာ မိစ္ဆာတွေထက် အဆင့်မြင့်တဲ့ နတ်ဆိုးတစ်ကောင် ဖြစ်သွားပြီ။ မင်းလမ်းကို မင်း ဆက်လျှောက်ရမယ်။ ငါ မင်းကို ... မိစ္ဆာတွေကို မချုပ်နှောင်စေချင်တော့ဘူး။ အဲ့ဒီအစား မင်းရဲ့ မိစ္ဆာချုပ်နှောင်စွမ်းအားတွေ သုံးပြီး နဝမတောင်နဲ့ပင်လယ်ရဲ့ မိုးကောင်းကင်ကို ချုပ်နှောင်မလား ငါ ကြည့်ချင်တယ်"
***