ဇီတုန်၏ တာအိုရှာဖွေခြင်း
Vol. 50 Ch. 702
ကောင်းကင်ထက်ရှိ မျက်နှာကြီး၏ အသံကြီးသည် ရှေးဆန်အိုမင်းနေပြီး ၎င်း အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားစဉ် ဧရာမလက်ကြီးတစ်ဖက် ကျဆင်းလာ၏။ လက်ကြီးသည် မန်ဟိုနှင့် ရှုချင်၏ဝိညာဉ်ကို သယ်ဆောင်ရင်း ကောင်းကင်သို့ ထိုးတက်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်း သူတို့အားလုံး ပျောက်ကွယ်သွားသည်......
ချင်းလော်ဂိုဏ်း၏အပျက်အစီး အပြိုအပျက်များနှင့် မျက်နှာများ ဖြူဆုပ်နေကြသော ဂိုဏ်းသားသောင်းပေါင်းများစွာသာ ကျန်ခဲ့သည်။ တာအိုခြောက်ပါးခေါင်းဆောင်ကြီးမှာ အရုပ်ဆိုးအကျည်းတန်နေသော မျက်နှာကြီးဖြင့် ရပ်ကျန်ခဲ့လေသည်။
"သွေးမိစ္ဆာဂိုဏ်း" သူ့နှလုံးသွေးတို့ တစက်စက် ကျနေ၏။ သူ့မှာ မရှုမလှ ရှုံးနိမ့်သွားခဲ့လေပြီ။ သူ့နှလုံးသားကား အကြောက်တရားအပြည့်ဖြင့် တဒိန်းဒိန်း ခုန်နေတော့သည်။
"တောင်ပိုင်းဒေသရဲ့ နံပါတ် (၁) အစွမ်းထက်ဆုံးပညာရှင်" သူက တွေးလိုက်သည်။ သူသည် ယခင်တုန်းက ထိုအတွေးကို လက်မခံနိုင်ခဲ့သော်လည်း ယနေ့တိုက်ပွဲပြီးနောက်တွင်တော့ သွေးမိစ္ဆာဂိုဏ်းချုပ်သည် တောင်ပိုင်းဒေသ၌ နံပါတ် (၁) အစွမ်းထက်ဆုံးပညာရှင်ဖြစ်ကြောင်း လက်ခံရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။
"ယီးကျန့်ဂိုဏ်းက ကျန်းချိန်ကျစ်တောင်မှ သွေးမိစ္ဆာအတွက် ပြိုင်ဘက်ဖြစ်မယ်မထင်ဘူး" သူ့မျက်နှာကြီးမှာ ပို၍အရုပ်ဆိုးလာတော့သည်။ နောက်ဆုံးတော့ သူသည် အင်္ကျီလက်စကို ခါရင်း အနက်ရောင်အခိုးအငွေ့အသွင်ပြောင်း၍ မြေကြီးထဲ ဝင်သွားလေ၏။
ချင်းလော်ဂိုဏ်းမှာ ရစရာမရှိအောင် ဖျက်စီးမခံလိုက်ရသော်လည်း တောင်တစ်သိန်းအနက် အများစုမှာ စိစိညက်ညက် ကြေမွနေလေပြီ။ တောင်နှစ်သောင်းသာ ကျန်ရစ်ခဲ့၏။ ချင်းယန်အဖွဲ့အရဖြစ်စေ၊ လော်ယင်အဖွဲ့အရဖြစ်စေ ဂိုဏ်းမှာ ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့၏။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူလေးဦးလည်း သေဆုံးသွားခဲ့ပြီ။
မရေမတွက်နိုင်သော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ၊ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူများလည်း အသက်ဆုံးရှုံးခဲ့ကြသည်။ ချင်းလော်ဂိုဏ်း၏ တာအိုအစောင့်အရှောက်ကျေးဇူးကြောင့်သာ သူတို့မှာ ဂိုဏ်းကြီးအဖြစ် သတ်မှတ်၍ရသေးခြင်းဖြစ်သည်။ သို့သော် ဂိုဏ်းမှာ အလွန်ဆိုးဆိုးဝါးဝါး ထိခိုက်ဆုံးရှုံးခဲ့ရ၍ နောင်နှစ်တစ်သောင်းကြာလျှင်ပင် နဂိုအတိုင်း ပြန်ဖြစ်ဖို့ ခဲယဉ်းသွားလေပြီ။
ထိုစဉ် တောင်ပိုင်းဒေသကို ဖုံးလွှမ်းထားခဲ့သော သွေးအုပ်ဆောင်းကြီး ပျောက်ကွယ်သွား၏။ ဇီယွင်ဂိုဏ်း၊ ယီးကျန်ဂိုဏ်း ကျင်းဟန်ဂိုဏ်းအပြင် လီနှင့်စုန့်မျိုးနွယ်စုနှစ်စုအား စိုးမိုးထားခဲ့သော သွေးအုပ်ဆောင်းများ ပျောက်ကွယ်သွားလေပြီ။
ဂိုဏ်းများ၊ မျိုးနွယ်စုများမှာ ပိတ်လှောင်ထားခြင်းမခံရတော့ပေ။ အစွမ်းထက်ပညာရှင်များက တောင်ပိုင်းဒေသအတွင်းသို့ နတ်ဘုရားအာရုံများ ဖြန့်ကျက်လိုက်ပြီး ချင်းလော်ဂိုဏ်း၏အပျက်အစီးများကို မြင်သောအခါ ပင့်သက်ရှိုက်သွားကြ၏။
ချက်ချင်းပင် သူတို့သည် စာရင်းရှင်းလိုစိတ်များကို မြိုသိပ်လိုက်တော့၏။
တဖြေးဖြေး 'နံပါတ် (၁) အစွမ်းထက်ဆုံးပညာရှင်' ဆိုသော စကားလုံးသည် တောင်ပိုင်းဒေသတစ်ခွင် တစ်ကျော့ပြန် ပျံ့နှံ့လာလေပြီ။
မန်ဟို ထွက်သွားပြီး နာရီအနည်းငယ်ကြာသော် ဆေးလုံးမိစ္ဆာသည် ချင်းလော်ဂိုဏ်း၏အပေါ်ရှိ လေထဲတွင် ပေါ်လာ၏။ သူ့မှာ အောက်ရှိ အပျက်အစီးများကို ငုံ့ကြည့်ရင်း ယခင်ထက်ပင် အိုစာသွားသယောင်ပင်။
အချိန်အကြာကြီးကြာသော် သူက သက်ပြင်းချပြီး သူ့ကိုယ်သူ ပြောလိုက်သည်။ "ငါက ဆရာဖြစ်ပြီးတော့ တပည့်လုပ်သူကို ကယ်တောင် မကယ်နိုင်ခဲ့ပါလား။ ငါ့ကိုယ်ငါ …. ဆရာလို့ ခေါ်ဖို့တောင် အရည်အချင်းရှိရဲ့လား
"သူက ငါ့ကို သုံးကြိမ် ဂါဝရပြုပြီး ဆရာလို့ခေါ်ခဲ့တယ် .... " နောက်ဆုံးတွင် ဆေးလုံးမိစ္ဆာသည် မျက်လုံးများတွင် ခိုင်မာပြတ်သားမှုတို့ လင်းလက်တောက်ပနေလျက် ခေါင်းမော့လာ၏။
"ငါဟာ အခုဆိုရင် ဘဝကို အေးဆေးသက်သာ နေခဲ့တာ ကြာပြီ ... အင်မော်တယ်တာအိုကိုလည်း မရှာဖွေခဲ့ဘူး.... ကြောက်နေတာကြောင့်များလား
"အခု ခွဲထွက်ခြင်းအတွက် အချိန်ကျပြီ...." သူသည် ခေါင်းတခါခါနှင့် ဇီယွင်ဂိုဏ်းကို လှည့်ပြန်သွား၏။
သုံးရက်ကြာသော် မဟာတာအိုတစ်ပါး သက်ဆင်းလာသည်။ ထိုအခိုက်အတန့်တွင် တောင်ပိုင်းဒေသရှိ အစွမ်းထက်ပညာရှင်အားလုံး၏အကြည့်များက ဇီယွင်ဂိုဏ်းဆီသို့ ရောက်သွား၏။
အမှန်တွင် ကျဆင်းလာသည်ကား မဟာတာအိုတစ်ပါးတည်းမဟုတ် ၊ သုံးပါးဆက်တိုက် ကျဆင်းလာခဲ့ခြင်းပင်။
ယီးကျန်ဂိုဏ်းတွင် ဝတ်ဖြူစင်ကြယ်နှင့် အဘိုးကြီးတစ်ယောက်ရှိသည်။ သူ့အရှေ့တွင် လပြောက်ဓားတစ်လက် ပျံဝဲနေ၏။ "ဇီတုန် .... နောက်ဆုံးဝောာ့ ခွဲထွက်ခြင်းလုပ်ဆောင်ပြီပဲ" သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။
ကျင်းဟန်ဂိုဏ်း၊ တားမြစ်နေရာတစ်နေရာ၊ အမှောင်ထုကွင်းပြင်အတွင်းတွင် မျက်လုံးများသဖွယ် လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်လာသည်။ "သူက ဒီနှစ်တွေ တစ်လျှောက်လုံး တအုံ့နွေးနွေး ဖြစ်နေခဲ့တာ နောက်ဆုံးတော့ သုံးသပ်နိုင်သွားပြီလား"
လီနှင့်စုန့်မျိုးနွယ်စု ပညာရှင်များနှင့်အတူ အခြားသောလူများသည် ဖြစ်ပျက်နေသော အရာကို မျက်ဝါးထင်ထင် မြင်ရရန် ဇီယွင်ဂိုဏ်းရှိရာသို့ ကြည့်လိုက်ကြ၏။
"အရင်ဘဝတုန်းက ဆရာကြီးဇီတုန်ဟာ ကျီမျိုးနွယ်စုရဲ့ အတုအယောင်အင်မော်တယ်ဖြစ်ဖို့ ငြင်းဆိုခဲ့ပြီး အစစ်အမှန်အင်မော်တယ်ပဲ ဖြစ်ချင်ခဲ့တယ်။ ကံဆိုးစွာနဲ့ အင်မော်တယ်ပြစ်ဒဏ်ကျရောက်မလာခင် တရားထိုင်လျက် သေဆုံးခဲ့ရတယ်။ သူက ဘဝပြန်ဝင်စားသံသရာစက်ဝန်းကနေ နောက်ဘဝကို ကူးပြောင်းပြီး ဆေးလုံးအဖြစ် ပြန်ဝင်စားခဲ့တယ်။ ဆေးလုံးရဲ့ စိတ်ဝိညာဉ် နိုးထလာခဲ့အခါ မဟာအကြီးအကဲဆေးလုံးမိစ္ဆာဆိုပြီး ဖြစ်လာခဲ့တာပဲ...."
"မဟာတာအိုသုံးပါးနဲ့ သုံးကြိမ်ဆက်တိုက် ခွဲထွက်ခြင်း။ သူ့အရင်ဘဝရဲ့ အသိအမြင်အပေါ် အခြေခံပြီး စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကနေ ... တာအိုရှာဖွေခြင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းနေတဲ့ ပုံပဲ"
"ဆရာကြီးဇီတုန်ရဲ့ ပင်ကိုယ်ပါရမီ နဲ့ ဒီခွဲထွက်ခြင်းအနေအထားကို ကြည့်ရသလောက် သူ့အနေနဲ့ တာအိုရှာဖွေခြင်းအဆင့် ရဲ့ အထွတ်အထိပ်ရောက်ဖို့ ကြာမှာမဟုတ်ဘူး။ တစ်ခုပဲ မေးစရာရှိတယ် .... ဒီတစ်ခေါက် အစစ်အမှန်အင်မော်တယ်အဆင့် တက်လှမ်းမှာလားဆိုတာပဲ"
"အစစ်အမှန်အင်မော်တယ် .... အစစ်အမှန်အင်မော်တယ် .... အင်မော်တယ်အဆင့်တက်ရင်မတက် ၊ မဟုတ်လို့ကတော့ ဝိညာဉ်ပျက်ပြားပြီး သေဆုံးရမယ်။ အဲ့ဒါပြီးရင် ဘဝပြန်ဝင်စားလို့မရတော့ဘဲ တည်ရှိမှု ဆိတ်ငြိမ်းသွားပြီ"
ထို့အပြင် နောက်ထပ်အစွမ်းထက်ပညာရှင်တစ်ယောက်လည်း သွေးရောင်အဝတ်အစားနှင့် သွေးရောင်တောင်တစ်လုံးအပေါ်တွင် ရပ်လျက် ပေါ်လာသည်။ "နှစ်တစ်သောင်းကြာတိုင်း တစ်ကြိမ် ပွင့်တဲ့ စစ်မှန်တဲ့ အင်မော်တယ်လမ်းစဉ် ပြန်ပေါ်လာပြီ။ အစစ်အမှန်အင်မော်တယ်ဖြစ်ဖို့ အခွင့်အရေး နောင်တစ်ကြိမ် ပေါ်လာခဲ့ပြီ..... သူတို့ရဲ့တာအိုအရေးနိမ့်ပြီး ခန္ဓာကိုယ်တွေ ၊ ဝိညာဉ်တွေ ပျက်ပြားတာတွေ ဘယ်လောက်များများ ကြုံတွေ့ရမလဲ ။ မန်ဟိုရေ ကံတရားကတော့ မင်းနဲ့ငါကို မိစ္ဆာချုပ်နှောင်သူအဖွဲ့နဲ့ ပတ်သက်စေခဲ့ပြီ
"မင်းကို သွေးမိစ္ဆာဂိုဏ်းထဲ အတင်းအကြပ် ဝင်ခိုင်းခဲ့တာ အတ္တကြီးရာရောက်ပေမယ့် မင်းအပေါ်မှာ ငါ မကောင်းတဲ့အကြံအစည် မရှိပါဘူး။ ဒီအတိုင်း မင်းတို့အဖွဲ့ရဲ့ စာအုပ်ကြီးအတိုင်း စည်းကမ်းတင်းကြပ်လွန်းတဲ့ မျိုးဆက်ရှစ်ဆက်ကို သိပ်မကျေနပ်တာတစ်ခုပဲ
"မိစ္ဆာချုပ်နှောင်သူအဖွဲ့။ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းရဲ့ အကြီးအမှူးတွေ။ မင်းနှလုံးသားက .... တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းရဲ့ အတွင်းမှာလား ၊ အပြင်မှာလား
"အပြင်မှာဆိုရင်တော့ မင်းက တောင်ပင်လယ်နယ်ပယ်နဲ့ မထိုက်တန်ဘူး မင်း နှလုံးသားက ဒီမှာရှိရင်တော့ လာကြောင့် မိုးကောင်းကင်တွေကို မချုပ်နှောင်သေးလဲ မိစ္ဆာချုပ်နှောင်သူ
"ရှေးတုန်းက မိစ္ဆာချုပ်နှောင်သူအဖွဲ့ဟာ အမြဲ နှလုံးသားမရှိဘူး။ ကိုးဆက်မြောက်ကရော ... အတူတူပဲ ဖြစ်နိုင်မလား။ ငါကတော့ ယုံကြည်ဖို့ ငြင်းဆန်တယ်
"ငါ မင်းကို ထိခိုက်အောင် မလုပ်ဘူး။ မဟာကံကြမ္မာကောင်းကြီးတောင် ချီးမြှင့်ပေးဦးမှာ။ မင်း ရင့်ကျက်လာအောင် ငါ ကူညီပေးမယ်။ မင်းရဲ့ တာအိုစောင့်ရှောက်သူ လုပ်ပေးမယ်။ မင်း ဒီနေရာက ထွက်သွားချင်ရင်လည်း ငါ တားမှာ မဟုတ်ဘူး။ သွေးမိစ္ဆာဂိုဏ်းမှာ နေထိုင်ရင်း ရရှိလာမယ့် အတွေ့အကြုံတွေ၊ ကုန်ဆုံးသွားတဲ့ အချိန်တွေက နောင်တစ်ချိန်ကျရင် အဲဒီလိုအရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချရတဲ့အခါ မင်းကို တခဏ စဉ်းစားသုံးသပ်စေနိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်" ထိုလူက တစ်ယောက်တည်း ရေရွတ်ရင်း သက်ပြင်းချလိုက်သည်။ သက်ပြင်းချသံက တောင်ပိုင်းဒေသတစ်ခွင်လုံး ပဲ့တင်ထပ်သွားလေသည်။
ထိုလူရပ်နေသော တောင်၏ နာမည်မှာ သွေးမိစ္ဆာတောင် ဖြစ်သည်။
သွေးမိစ္ဆာဂိုဏ်းသည် တောင်ပိုင်းဒေသရှိ ဂိုဏ်းကြီးငါးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်လေသည်။ အတိတ်တုန်းက ၎င်းသည် ၎င်း၏နာမည်ကြားလိုက်သော မည်သူ့ကိုမဆို ကြောက်လန့်သွားစေလောက်အောင် လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်နေရာပင်။ အမှန်တွင် ၎င်း မည်သည့်နေရာတွင် ရှိသလဲ သိသူ မရှိသလောက် ရှား၏။ သူတို့သိသည့် တစ်ခုတည်းသောအရာမှာ သွေးမိစ္ဆာဂိုဏ်းသားအားလုံး သွေးအေးလူသတ်သမားများဖြစ်သည်ကိုပင်။
ဥပမာ ... လီရှိချီ။
ဂိုဏ်းအတွင်းရှိ တက်သစ်ကြယ်ပွင့်များအကြား အသိများသော နောက်တစ်ယောက်မှာတော့ ဝမ်ယိုချိုင်ပင်။ သူ မည်သည်နေရာသွားသွား၊ သွေးအလင်းရောင်က သူ့ကို အမြဲတစေ ခြံရံလျက်ရှိ၏။
အမှန်တော့ သွေးမိစ္ဆာဂိုဏ်းသည် သိပ်မကြီးလှပေ။ တောင်ငါးလုံးသာ ရှိ၏။
အလယ်အကျဆုံးတောင်မှာ သွေးမိစ္ဆာတောင်ဖြစ်၏။ ၎င်းအနားတစ်ဝိုက်ရှိ တောင်လေးလုံးမှာတော့ နာမည်အတည်တကျ မရှိဘဲ ၎င်းတို့ကို ပိုင်သော လူများ၏နာမည်အတိုင်းသာ ခေါ်ကြသည်။
လောလောဆယ်တွင် မန်ဟိုသည် သွေးမိစ္ဆာတောင်အပေါ်၌ တင်ပျဉ်ခွေထိုင်နေ၏။ သူ့အနောက်တွင် သွေးအလင်းရောင်ထုတ်လွှတ်နေပြီး အေးစိမ့်စိမ့်အရှိန်အဝါတစ်ခု သက်ဝင်လှုပ်ရှားနေသော ဂူဝတစ်ခု ရှိသည်။
သူ့အရှေ့တွင် တောက်ပနေသော အနီရောင်စက်လုံးဖြင့် ဝန်းရံခံထားရသည့် ရှုချင်၏ဝိညာဉ်ရှိသည်။
မန်ဟိုက ရှုချင်ကို ကြည့်နေပြီး ရှုချင်ကလည်း မန်ဟို့ကို ကြည့်နေသည်။
သူတို့မှာ ယင်နှင့်ယန်ဖြင့် ပိုင်းခြားခံထားရသော်လည်း သူတို့၏အကြည့်များမှာတော့ ထာဝရတည်မြဲနေမည့်အလားပင်။
သွေးမိစ္ဆာတောင်အပေါ်တွင် သွေးအရှိန်အဝါနှင့် ပုံရိပ်တစ်ခုလည်း ရပ်နေသည်။ သူ၏မျက်နှာကို မမြင်ရသော်လည်း လောလောဆယ်တွင် သူကား ကောင်းကင်ကို မော့ကြည့်နေ၏။ "မင်း သေသေချာချာ တွေးပြီးပြီလား" သူက တစ်လုံးချင်း မေးလိုက်သည်။
မန်ဟိုက ပြန်မဖြေ။ သူ့အနေဖြင့် သွေးမိစ္ဆာဂိုဏ်းသို့ ရောက်သည်မှာ ရက်အနည်းငယ်ရှိလေပြီ။ သူ ပထမဆုံး ရောက်လာတုန်းက သွေးပုံရိပ်က သူ့အား စကားနည်းနည်းပါးပါး ပြောခဲ့၏။
"မင်း မင်းချစ်သူကို တစ်သက်လုံး အဖော်ပြုပေးချင်လား ဒါမှမဟုတ် တစ်ဘဝစာပဲလား။ တစ်သက်လုံးဟာ တစ်ဘဝလုံးလို့ ဆိုရနိုင်ပေမယ့် တစ်ဘဝလုံးကတော့ တစ်သက်လုံးလို့ မဆိုနိုင်ပေဘူး။ တစ်ဘဝစာလေးပဲက ကိစ္စမရှိဘူး၊ ငါ မင်းကို ကူညီပေးနိုင်တယ်။ တစ်သက်လုံးအတွက်ကတော့ ... ငါ မကူညီနိုင်ဘူး"
ယင်းက မန်ဟို့ကို ပေးထားသော ရွေးချယ်မှုပင်။
မန်ဟိုက ပြန်မဖြေ။ သူက ရှုချင်ကိုသာ မမှိတ်မသုန် ကြည့်နေသည်။ ရှုချင်ကလည်း ဘာမှမပြော။ မန်ဟို့ကိုသာ ရွှန်းရွှန်းစားစား ပြန်ကြည့်နေသည်။
နောက်ဆုံးတွင် မန်ဟိုက အသံတိုးတိုးဖြင့် ပြန်ဖြေသည်။ "ရှုချင်နဲ့ ကျုပ်က သစ္စာဆိုထားပြီးသား။ ရှုချင် ရှင်ရင် ကျုပ် ရှင်မယ်၊ ရှုချင် သေရင် ကျုပ်ပါ သေမယ်"
သွေးပုံရိပ်သည် အကြာကြီး တိတ်ဆိတ်သွားပြီးနောက် သူ၏ရှေးဆန်သောအသံကြီးက နောက်တစ်ဖန် သွေးမိစ္ဆာတောင်တစ်ဝန်း ဟိန်းထွက်သွားသည်။
"မင်း တစ်ဘဝစာကို ရွေးချယ်ရင် သူရဲ့ ဝိညာဉ်ကို သူရဲ့သွေးအသားကိုယ်ထဲ ထည့်ပေးမလို့ပဲ။ အဲဒီကိုယ်ကို ကောင်းကင်နဲ့မြေကြီးရဲ့ အံ့ဖွယ်အရာတစ်ခုနဲ့ အားဖြည့်ပေးမယ်။ ပြီးရင် သူ နှစ်တစ်ရာအတွင်း အကောင်းအတိုင်း ပြန်ဖြစ်လာလိမ့်မယ်
"ဒါပေမဲ့ သူ့ရဲ့ ဝိညာဉ်က ဒဏ်ရာရထားသလို ခန္ဓာကိုယ်ကလည်း အားနည်းနေတယ်။ ပေါင်းစည်းဖို့ ခက်မယ်။ မအောင်မြင်ရင် နှစ်တစ်ရာတောင် နေရမှာ မဟုတ်ဘူး။ အောင်မြင်ရင်လည်း စိတ်ဝိညာဉ်ခွဲထွက်နိုင်မှာမဟုတ်ဘူး။ သူ့ရဲ့ သက်တမ်း မကုန်မချင်းတော့ မင်းတို့ တစ်ယောက်နဲ့တစ်ယောက် နှစ်တစ်ထောင်အတူ ကုန်ဆုံးလို့ရမယ်
"မင်း တစ်သက်လုံးကို ရွေးချယ်ရင်တော့.... သူ့အနေနဲ့ ဘဝပြန်ဝင်စားသံသရာစက်ဝန်းထဲကို ဝင်ရောက်ရမယ်။ သူ့ဝိညာဉ်က စတုတ္ထတောင်ရဲ့ မြေအောက်ကမ္ဘာကို ခရီးနှင်ပြီးတော့ အသစ်ပြန်လည်မွေးဖွားလာလိမ့်မယ်။ အင်မော်တယ်အဆင့်မတက်လှမ်းခင်တော့ သူ့ရဲ့ အရင်ဘဝကို မှတ်မိမှာ မဟုတ်ဘူး။ ဒါပေမဲ့ အင်မော်တယ်အဆင့် တက်လှမ်းတာနဲ့ အကုန်လုံး မှတ်မိသွားလိမ့်မယ်
"ဒါဆို မင်းကို တစ်သက်လုံး ရိုးမြေကျ အဖော်ပြုပေးနိုင်ပြီ
"မင်း ကြိုက်တာ ရွေးချယ်။ ပြန်လည်ဝင်စားဖို့ မြေအောက်ကမ္ဘာကို ပို့မလား ၊ နှစ်တစ်ထောင်အတူနေမလား
"မင်း သူ့ကို မြေအောက်ကမ္ဘာကို ခေါ်သွားရင် ငါ မင်းကို ကတိတစ်ခုတော့ ပေးနိုင်တယ်။ ငါက မြေဗိမာန်သခင် ဗောဓိသတ္တ ခိတိဂဗ္ဗ (တိဆန်းဖူဆ)နဲ့ ရင်းနှီးတယ်။ မင်းချစ်သူအနေနဲ့ မြေအောက်ကမ္ဘာမှာ ဘာကိုမှ ခံစားရမှာမဟုတ်ဘူး။ ပြီးတော့ ကောင်းသောကံကြမ္မာတွေနဲ့လည်း ပြန်ဝင်စားလိမ့်မယ်။ ပြီးရင် အင်မော်တယ်အဆင့်တက်လှမ်းနိုင်မယ့် အခွင့်အရေးလည်း များလိမ့်မယ်
"မင်းအနေနဲ့ ဆုံးဖြတ်ဖို့ အချိန်တစ်လရတယ်။ သွေးကန်မှာ ငါ မင်းကို စောင့်နေမယ်" တဖြေးဖြေး သွေးရောင်ပုံရိပ်က တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်သွားလေသည်။
နေထွက်ပြီး နေဝင်သွားသည်။ မန်ဟိုက ရှုချင်ကို ကြည့်နေပြီး ရှုချင်ကလည်း နူးညံ့ကြင်နာစွာ ပြန်ကြည့်နေသည်။
သူတို့နှစ်ယောက်ကား စကားမပြောဘဲ တစ်ယောက်မျက်ဝန်းကို တစ်ယောက် ကြည့်နေကြသည်။ တစ်ရက်ပြီး တစ်ရက် ၊ တစ်ရက်ပြီး တစ်ရက် ....
လဝက်သာ ရှိသေးသော်လည်း ထာဝရကြာနေသည့်အလားပင်။ နောက်ဆုံးတွင် ရှုချင်က ပြုံးလိုက်သည်။ "ဘဝပြန်ဝင်စားသံသရာစက်ဝန်းကို ပို့ပေးပါ။ မင်းနဲ့ နှစ်တစ်ထောင်ပဲ မနေချင်ဘူး။ တစ်သက်လုံး အတူ ရှိချင်တယ်"
မန်ဟိုက ပြန်မဖြေ။
ရှုချင်က သူ့ကို တခဏ ကြည့်လိုက်သည်။ "တို့နှစ်ယောက် သစ္စာဆိုထားတယ်လေ မဟုတ်ဘူးလား။ အစ်မ မင်းနဲ့ အတူ အိုမင်းချင်တယ်.... "
မန်ဟို ခေါင်းခါလိုက်သည်။ သူ ပါးစပ်ဟ၍ စကားပြောတော့မည့်အချိန် ရှုချင်က ပြုံးပြီး ကြားဖြတ်ပြောလိုက်သည်။ "အစ်မကို မရှာနိုင်မှာ စိုးရိမ်နေတာမလား"
"စီနီယာသွေးမိစ္ဆာ ပြောတဲ့အတိုင်း တို့ ပြန်ဝင်စားဖို့ ရွေးချယ်ရင် အစ်မ ဘယ်တောင်မှာ ပြန်မွေးဖွားလာမလဲ မပြောနိုင်ဘူး.... ဒါပေမဲ့ ကတိပေးကြရအောင်။ မင်း အစ်မကို လာရှာ ၊ အစ်မ စောင့်နေမယ်....
"ကြောက်နေစရာမလိုပါဘူး ဂိုဏ်းတူမောင်လေးရယ်။ အစ်မတို့ရဲ့ ဒီဘဝကတိက တစ်သက်လုံးစာအတွက် ကတိပဲ ...
"နောင်ဘဝကျရင် မင်း ကောင်းကင်တွေကို ဖြတ်လျှောက်လာပြီး အစ်မကို လာရှာမှာ သေချာပေါက် အိပ်မက်မက်နေပါ့မယ်။ မင်းက အစ်မလက်ကို လှမ်းဆွဲပြီးတော့ အစ်မတို့ တစ်သက်လုံး အတူတူ နေသွားကြတာပေါ့
"ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီးလည်း ထပ်ပြောနေစရာ မလိုပါဘူး။ တို့ (၉၉) နှစ်လုံး အတူတူ နေနိုင်သေးတာပဲ။ နောက်ဆုံးနှစ်ကျမှ ... အစ်မ ဘဝပြန်ဝင်စားခြင်းသံသရာစက်ဝန်းကို ဝင်ရောက်မယ်လေ" ရှုချင်က မန်ဟို့ကို ရွှန်းရွှန်းစားစား ကြည့်နေ၏။
မန်ဟိုက သူမကို ကြည့်ပြီး ရင်နာနာဖြင့် ခေါင်းညိတ်လိုက်သည်။
သူမက ပြုံးသည်။ အင်မတန် လှပသော အပြုံးလေးဖြစ်၏။ မန်ဟိုသည် သူမဝိညာဉ်ပါရှိသော အနီရောင်ပုလဲကို လှမ်းယူလိုက်ရာ ၎င်းက သူ၏လက်ဝါးအပေါ် သက်ဆင်းလာသည်။ သူသည် မျက်လုံးမှိတ်ပြီး သူမကို ပွေ့ဖက်လိုက်သကဲ့သို့ ယုယုယယ ဆုပ်ကိုင်လိုက်၏။
သူ၏ လှပသော ရှုချင်လေး မည်ကဲ့သို့ အိုမင်းသွားခဲ့ရသည်လဲ သူ ဘယ်တော့မှ မေ့မည်မဟုတ်ပေ။
သူ၏အသက်စွမ်းအားတချို့မှာ သူမအပိုင် ဖြစ်ကြောင်း သူ ဘယ်တော့မှ မေ့မည်မဟုတ်ပေ။
နောက်ဆုံးတွင် သူက မျက်လုံးများ ဖွင့်၍ ထရပ်လိုက်သည်။ "မင်း ဘယ်တောင်မှာ ပြန်ဝင်စားပါစေ ကိုယ် မင်းကို တွေ့အောင် လာရှာမယ်"
သူသည် ထိုသို့ပြောရင်း ရှုချင်၏ဝိညာဉ်ကို သွေးကဲ့သို့ တလက်လက် တောက်ပနေသော ဂူဝထဲသို့ ဂရုတစိုက် သယ်သွားလေ၏။
မန်ဟိုသည် ဂူထဲ တရွေ့ရွေ့ လျှောက်သွားပြီး အဆုံးသို့ လျင်မြန်စွာ ရောက်သွားလေသည်။ အရှေ့တွင်ကား သွေးကန်တစ်ကန်။ သွေးကန်ထဲတွင် ပိန်လှီနေသော အလောင်းကောင်တစ်ကောင်။ အလောင်းကောင်သည် ၎င်းအား အတိုင်းထက်အလွန် ရက်စက်ကြမ်းကြုတ်ပုံပေါ်စေသည့် မမြင်နိုင်သောလှိုင်းများအား ထုတ်လွှတ်နေလေသည်။ ၎င်း၏နဖူးတွင်ကား သွေးရောင်ချိုကြီးတစ်ချို ထိုးထွက်၏။
သူသည် ပျက်စီးစုတ်ပြတ်နေသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး အပေါက်အပြဲများမှ မြင်လိုက်ရသော အရေပြားမှာ သွေးကြောပြာပြာကြီးများ ဖုံးနေသည့် သွေးနီရောင်အသားဖြစ်သည်။ ပုံပန်းသွင်ပြင်တစ်ခုလုံးသည် အလွန်အမင်း ကြောက်စရာကောင်းလှ၏။ သူ၏နှုတ်ခမ်းများမှာ ခြောက်ကပ်နေပြီး မျက်တွင်းဟောက်ပက်ဖြစ်ကာ တစ်ကိုယ်လုံးမှာ ပိန်လှီနေ၏။ သူ့ပါးစပ်ထဲတွင် မြင်ရသည်မှာတော့ ချွန်ထက်နေသောအစွယ်များပင်။
သူ၏ခန္ဓာကိုယ်မှာ လူပုံစံဖြစ်သော်လည်း ကျင့်ကြံသူမဟုတ်ကြောင်း သိသာသည်။
ဤသည်မှာ မိစ္ဆာတစ်ကောင်။ သွေးမိစ္ဆာဂိုဏ်းချုပ်။
***