← Chapters

သွေးမိစ္ဆာ၏ နှလုံးသား

Vol. 51 Ch. 703

သွေးမိစ္ဆာ၏ နှလုံးသား

Vol. 51 Ch. 703

စုတ်ပြတ်နေသော သွေးရောင်ဝတ်ရုံ၊ သွေးကြောပြာပြာကြီးများ ဖုံးနေသော သွေးရောင်အသား။ ခြောက်ကပ်ရှုံ့တွနေသော နှုတ်ခမ်းတစ်စုံ။ မျက်တွင်းဟောက်ပက်နှင့် ပိန်လှီနေသော ကိုယ်ခန္ဓာ။ ချွန်ထက်နေသော အစွယ်များနှင့် လူပုံသဏ္ဌာန်ရှိသော်လည်း လူမဟုတ်သော မိစ္ဆာ။

သွေးမိစ္ဆာဂိုဏ်းချုပ်၏ ကိုယ်အစစ်။

သွေးမိစ္ဆာဂိုဏ်းချုပ်သည် ဂိုဏ်းအပြင်တွင် ပေါ်လာတိုင်း ကိုယ်ပွားများကိုသာ အသုံးပြုခဲ့လေသည်။ ထိုနှစ် မှီခိုရာဂိုဏ်းမှာတုန်းက သော်လည်းကောင်း၊ အစောပိုင်း ချင်းလော်ဂိုဏ်းမှာတုန်းက သော်လည်းကောင်း အကုန်လုံးမှာ ဖန်ဆင်းထားသော ကိုယ်ပွားများသာ ဖြစ်ခဲ့၏။

သူ၏ကိုယ်အစစ်ကတော့ ဤနေရာတွင် အမြဲ ကျိန်းစက်နေခဲ့လေသည်။ အစမှ ယခုအထိ သူသည် ဂူအပြင်သို့ ခြေလှမ်းလေးတစ်ဝက်ပင် မချခဲ့သလို ကန်ထဲမှလည်း မထွက်လာခဲ့ဖူးပ။

မန်ဟို့အကြည့် သူ့အပေါ် ကျရောက်လာသောအခါ သူက ‌ခေါင်းကို ဖြေးညင်းစွာ ထောင်ပြီး ‌လှည့်ကြည့်လာသည်။

သူ၏အကြည့်သည် အသင်္ချေသောအချိန်နှစ်များဖြင့် ပြည့်နှက်နေသည့်အလား ရှေးကျနေ၏။ သူ့ကို ကြည့်လိုက်သော မည်သူမဆို အချိန်နောက်ပြန်ရွေ့လျားနေရသကဲ့သို့ ခံစားရပေမည်။ ထိုခံစားချက်က အတိတ်ကို လှမ်းမျှော်ကြည့်နေရသည့်အလား၊ ရှေးခေတ်အချိန်များကို ကြည့်နေရသည့်အလား၊ ကြယ်တာရာများကို ရှုစားနေရသည့်အလား ခံစားချက်မျိုးပင်။

"ငါ မင်းရဲ့ ရွေးချယ်မှုကို သိထားပြီးပြီ" သူက ဂူတစ်လျှောက် ပဲ့တင်ထပ်သွားသော ခပ်အက်အက်အသံဖြင့် ပြောသည်။

အရိုးပေါ်အရေတင် ပိန်လှီနေသော လက်တစ်ဖက်က မြောက်သွားပြီး အသာအယာ ဝှေ့ယမ်းလိုက်သည်။ ကန်အတွင်းမှ သွေးများက သူ့လက်ချောင်း၏ လှုပ်ရှားမှုအတိုင်း မြင့်တက်လာပြီး မှော်သင်္ကေတတစ်ခုအဖြစ် စုစည်းသွား၏။

မှော်သင်္ကေတက အသွင်သဏ္ဌာန်ပြည့်စုံသွားသည်နှင့် တစ်ပြိုင်နက် အရောင်ပြောင်းလာသည်။ ၎င်းကား သွေးရောင်မဟုတ်တော့ဘဲ ရွှေရောင် တောက်နေလေပြီ။

သင်္ကေတသည် အသက်ဝင်‌နေသကဲ့သို့ မယုံနိုင်လောက်အောင် အစွမ်းထက်သော အသက်စွမ်းအားတစ်မျိုးက ၎င်းထံမှ ပျံ့နှံ့လာသည်။ အသက်စွမ်းအား ပေါ်လာလျှင်ချင်း ‌သွေးမိစ္ဆာဂိုဏ်းချုပ်မှာ ပို၍ပင် သိသိသာသာ ‌အိုမင်းသွား၏။ သူကိုယ်တိုင်ကတော့ မန်ဟို့ကို မရှင်းပြသော်လည်း ဤရွှေရောင်မှော်သင်္ကေတမှာ သူ့အသက်စွမ်းအား၏ အဆီအနှစ်တချို့ဖြင့် ဖန်တီးထားခြင်းဖြစ်လေသည်။ ထိုကဲ့သို့အသက်စွမ်းအားမျိုးမှာ ခေတ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့ခြင်းမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး အစားထိုး၍မရနိုင်ပေ။

ရွှေသင်္ကေတက မှိတ်တုတ်မှိတ်တုတ် လင်းလက်ပြီးနောက် မန်ဟို့ဆီ ပျံသန်းလာသည်။

"ဒီမှော်သင်္ကေတကို သူ့ရဲ့ အပြင်အားကိုယ်အဟောင်းအပေါ်မှာ ထားလိုက်" သူက အသံအက်အက်၊ ပုံမှန်လေသံအနေအထားဖြင့် ပြောသည်။ " ကိုးရက်အားဖြည့်စက်ဝန်း ကိုးခု၊ စုစုပေါင်း (၈၁) ရက်ကြာတဲ့အခါ မင်းချစ်သူရဲ့ ဝိညာဉ်အနေနဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ရောက်ပြီး လမ်းပြန်လျှောက်နိုင်လိမ့်မယ်။ နှစ်တစ်ရာအတွင်း ဘဝပြန်ဝင်စားသံသရာစက်ဝန်းကို မဝင်ရောက်ဘူးဆိုရင်တော့ သူ့ရဲ့ နှစ်‌တစ်ထောင် သက်တမ်းဟာ ကုန်ဆုံးသွားလိမ့်မယ်

"ဘဝပြန်ဝင်စားစက်ဝန်းထဲ ဝင်ရောက်လိုက်တာနဲ့ ဒီမှော်သင်္ကေတက သူ့ကို ဟင်းလင်းပြင်ကနေ ဖြတ်သွားနိုင်အောင် လမ်းပြပေးလိမ့်မယ်။ သူ မြေအောက်ကမ္ဘာကို ရောက်သွားတဲ့အချိန်ကျရင် အဲဒါက သူ့ကို စောင့်ရှောက်ပေးမှာဖြစ်တယ်။ ပြီးတော့ သူ အင်မော်တယ်အဆင့်တက်လှမ်းခြင်းကို ရောက်ရှိရင်လည်း ကူညီပေးလိမ့်မယ်"

မန်ဟိုက သင်္ကေတကို ကြည့်လိုက်သည်။ သူ၏ကျင့်ကြံအဆင့်ကို ထည့်တွက်လျှင် သူ့အနေဖြင့် ၎င်းအတွင်း၌ တည်ရှိသော ကြောက်မက်ဖွယ်အသက်စွမ်းအားနှင့် ၎င်းပေါ်လာပြီးနောက် သွေးမိစ္ဆာဂိုဏ်းချုပ် အားနည်းသွားခဲ့ပုံကို မည်သို့မမြင်ဘဲ ရှိမည်နည်း။

ရှုပ်ထွေးနေသော ခံစားချက်များ ရုတ်တရက် သူ့ရင်ထဲတွင် ပေါက်ဖွားလာသည်။ သွေးမိစ္ဆာ‌ဂိုဏ်းချုပ်မှ သူ့အား ‌သွေးမင်းသားဆိုသော ဘွဲ့ကို အတင်းအကြပ် လက်ခံခိုင်းခဲ့သော်လည်း သူ့မှာ အတိုင်းမသိ ကျေးဇူးတင်မိနေသေးလေသည်။

မန်ဟိုက မှော်သင်္ကေတကို ဂရုတစိုက် လက်ခံ၍ သိမ်းပြီးနောက် သွေးမိစ္ဆာဂိုဏ်းချုပ်ကို လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

"အတိုင်းမသိ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"

သွေးမိစ္ဆာ၏ မျက်လုံးများသည် ထူးဆန်းသော အလင်းရောင်တစ်ခုဖြင့် တောက်ပသွားပြီး သူ၏အက်ကွဲကွဲရယ်သံကြီးက သွေးမိစ္ဆာဂိုဏ်းတစ်လျှောက် ပဲ့တင်ထပ်သွားလေသည်။

မန်ဟိုက ဘာမှထပ်မပြောတော့ပေ။ သူ၏ဘဝမှာ သွေးမိစ္ဆာဂိုဏ်းနှင့် ပတ်သက်စရာအကြောင်း မရှိသည်ကို သူ သိသည်။ သို့သော် သွေးမိစ္ဆာဂိုဏ်းချုပ်က သူ့အပေါ် အနှိုင်းမဲ့သောကြင်နာမှုအား ပြသခဲ့ပြီးလေပြီ။

ထိုနှစ်တုန်းက မှီခိုရာဂိုဏ်းအပြင်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များတွင်လည်း သွေးမိစ္ဆာဂိုဏ်းချုပ်၏ကျေးဇူးနှင့် မကင်းပေ။ ထို့ထက်ဝေးဝေး ခြေရာ‌လိုက်ကောက်ကြည့်ပါလျှင် သွေးမိစ္ဆာဂိုဏ်းချုပ်ကား မှီခိုရာဂိုဏ်းအတွင်းတွင်လည်း အမှန်တကယ် ပေါ်လာခဲ့ဖူး၏။ မန်ဟိုနှင့် သွေးမိစ္ဆာဂိုဏ်း၏ ပတ်သက်မှုကား အချိန်ကြာမြင့်စွာ တည်ရှိခဲ့ပြီးပြီ ဖြစ်လေသည်။

မှန်ပါသည်၊ မန်ဟိုသည် ချင်းလော်ဂိုဏ်းမှာတုန်းက ထိုအကွက်ထဲ မရောက်ရောက်အောင် ဖိအားပေးခံခဲ့ရကြောင်း ကောင်းကောင်းသိသည်။ သို့စေကာမူ သူသည် သူ့အရှေ့ရှိ ဤ‌လမ်းကို လျှောက်ရန် ရွေးချယ်ခဲ့သေး၏။

"ငါ မင်းဆီက ဘာမှ မတောင်းဆိုဘူး" သွေးမိစ္ဆာဂိုဏ်းချုပ်က ပြောသည်။ "မင်း ချင်းလော်ဂိုဏ်းကို ဖျက်စီးဖို့ ၊ သွေးမိစ္ဆာဂိုဏ်းနဲ့ ချင်းလော်ဂိုဏ်းကို စစ်သွားတိုက်ရင်တောင်မှ .... ငါ မင်းကို တားမှာမဟုတ်ဘူး

"ဒီမှာ မင်းလုပ်ချင်တာ ဘာမဆို လုပ်နိုင်တယ်။ ငါ့ရဲ့တစ်ခုတည်းသော ဆန္ဒကတော့ မင်းကို သွေးမိစ္ဆာမဟာမှော်သိုင်းကို ကျင့်ကြံစေချင်တာပဲ။ အဆင့် (၆) အထိ ရောက်အောင် ကျင့်ပြီးရင်တော့ မင်း ငါ့ဆီကနေ လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားနိုင်ပြီ"

မန်ဟိုက အံ့အားသင့်နေသော မျက်နှာထားဖြင့် သွေးမိစ္ဆာဂိုဏ်းချုပ်ကို ‌ဆတ်ခနဲ ခေါင်းထောင်ကြည့်လိုက်သည်။ သတ်မှတ်ချက် တစ်ခုတည်းသာ ရှိပြီး ယင်းက ထိုသို့ ဖြစ်နေလိမ့်မည်ဟူ၍ သူ မခန့်မှန်းထားမိပေ။

"မင်း အဆင့် (၃) အထိ ကျင့်ပြီးတဲ့အခါ" သွေးမိစ္ဆာဂိုဏ်းချုပ်က မန်ဟို့ကို မမှိတ်မသုန် ကြည့်ရင်း ‌ပြောသည်။ "မင်းကို ကံကြမ္မာကောင်းတချို့ ချီးမြှင့်ပေးမယ်။ အဲ့ဒါပြီးရင် အဆင့်တစ်ဆင့်တက်တိုင်း မင်း ပိုပြီးကောင်းတဲ့ကံကြမ္မာတွေ ရမယ်

"ငါ ချင်းလော်ဂိုဏ်းရဲ့ တာအိုခြောက်ပါးကို မသတ်ခဲ့ဘူး။ သူ့ရဲ့အခြေကိုပဲ ဖျက်စီးခဲ့တာမလို့ သူ့ကျင့်ကြံအဆင့်က ‌ တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်ကို မြန်မြန် ကျဆင်းသွားလိမ့်မယ်။ မင်းရဲ့ သွေးမိစ္ဆာမဟာမှော်သိုင်း အဆင့် (၄) ကို ရောက်ရင် သူ့ကို လွယ်လွယ်ကူကူပဲ သတ်နိုင်တယ်။ အဲဒီအချိန်ကျရင် မင်းကိုယ်တိုင် ချင်းလော်ဂိုဏ်းကို တစ်ယောက်မကျန် အမြစ်ဖြုတ်ပစ်လိုက်တော့"

မန်ဟိုက ဘာမှပြန်မပြောသော်လည်း သူ၏မျက်လုံးများမှာ ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပနေလေသည်။

"ငါ မင်းကို ပေးလိုက်တာကတော့ ဂိုဏ်းရဲ့ ဘွဲ့ဂုဏ်းထူးလေးတစ်ခုပဲ။ မင်း ခြေထောက်အပေါ်မှာ မင်း ရပ်တည်နိုင်မလား၊ လူတိုင်း မင်း နောက်‌လိုက်ပြီး မင်းရဲ့အဆင့်အတန်းကို အသိအမှတ်ပြုအောင် စည်းရုံးနိုင်မလားဆိုတာကတော့ .....

"မင်းရဲ့ စွမ်းဆောင်နိုင်ရည်ပေါ် မူတည်တယ်" သွေးမိစ္ဆာသည် မန်ဟို့ကို လေးလေးနက်နက် တစ်ချက်ကြည့်ပြီးနောက် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ သွေးစက်တစ်စက်က မန်ဟို့အရှေ့သို့ ပျံသန်းလာပြီး လွင့်မျောနေ၏။ မန်ဟိုက လက်ကို ကိုင်လိုက်ပြီး ၎င်း သူ၏လက်ဝါးကို ထိလိုက်သောအခါ ၎င်းသည် သွေးရောင်သလင်းဖန်လုံးတစ်လုံး အသွင်ပြောင်းသွားလေသည်။ အဆိုပါသလင်းဖန်လုံးထဲတွင် လျှို့ဝှက်နက်နဲသော မဟာတာအိုတစ်ပါး ပါဝင်နေသည့်အလား မှော်သင်္ကေတများ တဖျပ်ဖျပ် လက်နေ၏။

သွေးစက်ကို ထုတ်လွှတ်ပေးပြီးနောက် သွေးမိစ္ဆာဂိုဏ်းချုပ်မှာ ထပ်မံ သိသိသာသာ အားနည်းသွားပြန်သည်။ သွေးစက်သည် သူ၏စိတ်ဆန္ဒတချို့ ပါရှိပြီး ဖျက်စီး၍မရနိုင်သော သက်စောင့်သွေးဖြစ်၏။ ၎င်းတွင် ကံကြမ္မာကောင်းလည်း ပါဝင်နေသည်။

ဤသည်ကား အမွေအနှစ်တစ်ခုဖြစ်၏။

သွေးမိစ္ဆာဂိုဏ်းချုပ်၏ အမွေအနှစ်။

မန်ဟို သွေးစက်အား ခံယူလိုက်သည်ကို ကြည့်ပြီးနောက် သွေးမိစ္ဆာဂိုဏ်းချုပ်သည် သူ့ကို နွေးနွေးထွေးထွေး ကြည့်လေ၏။

"ငါ ရှင်သန်နေထိုင်ခဲ့တာ နှစ်တွေ ကြာခဲ့လှပြီ" သူက ရင်ထဲတွင် ရေရွတ်နေသည်။ "ငါ့အခြေအနေကလည်း နေ့တိုင်း ဆိုးသထက် ဆိုးလာခဲ့တယ်။ နောက်ဆုံးကျရင် ငါ့ဝိညာဉ်ဟာ ကွဲကြေပြီး ငါလည်း သေရလိမ့်မယ်။ အဲဒီအခါကျရင်တော့ မြေအောက်ကမ္ဘာမှာ ငါ့ရဲ့ သေဆုံးသွားတာ ကြာပြီဖြစ်တဲ့ မိတ်ဆွေတွေကို အဖော်ပြုပေးနိုင်ပြီ .... သူတို့ သေသွားတော့ ငါ့မှာ တစ်ယောက်တည်း ရှင်သန်နေခဲ့ရတာ ..... ညီမလေးရေ ငါ့ကို စောင့်‌နေပါ၊ မိတ်ဆွေတို့‌ရေ ငါ့ကို စောင့်နေပါ။ မကြာခင် ငါတို့ ပြန်ဆုံစည်းရပါတော့မယ် ...

"ငါသေရင် ငါရဲ့သေဆုံးမှုက သူတို့အားလုံးအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်။ ငါရဲ့သေဆုံးမှုက မိစ္ဆာချုပ်နှောင်သူအဖွဲ့ကို ပြောင်းလဲပေးလိမ့်မယ်

"တကယ်တော့ အဲဒါက ငါ ဒီနေရာ တောင်ပိုင်းဒေသကို သက်ဆင်းဖို့ ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းပဲ .... ဒါက မိစ္ဆာချုပ်နှောင်သူတွေရဲ့ မွေးရပ်မြေမဟုတ်လား။ ငါ့ကို စောင့်နေကြပါ။ မကြာခင် အဲဒီနေ့ရက် ရောက်လာတော့မှာပါ ...."

မန်ဟိုက လက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးပြီးနောက် ဂူမှ ထွက်ခွာရန် လှည့်လိုက်သည်။

ဂူဝမှ ထွက်တော့မည့်အချိန် သူက ရုတ်တရက် ရပ်သွား၏။

"ဂိုဏ်းချုပ်" သူက ပြောသည်။ "သွေးမင်းသားအနေနဲ့ ကျုပ်မှာ သတ်ခွင့်ရလိုင်စင် ရှိတယ်မလား။ သွေးမိစ္ဆာဂိုဏ်းသား ဘယ်လောက်ရဲ့ အသက်တွေ အကျုံးဝင်လဲ"

သွေးမိစ္ဆာသည် ဤစကားကို ကြားလိုက်လျှင်ချင်း မျက်လုံးများ တောက်ပသွားပြီး သွေးကန်ထဲမှ နောက်တစ်ကြိမ် ခေါင်းထောင်လာသည်။

"တစ်နှစ်ကို အယောက်တစ်ရာ"

"ဘယ်အဆင့်ဖြစ်ဖြစ်လား"

"ဘယ်အဆင့်ဖြစ်ဖြစ်" တည်ငြိမ်အေးဆေးသော အဖြေ ဖြစ်သည်။ သွေးမိစ္ဆာဂိုဏ်းချုပ်အတွက် သွေးမိစ္ဆာဂိုဏ်းရှိ ဂိုဏ်းသားတစ်ယောက်မှ မန်ဟို့လောက် အရေးမပါပေ။

မန်ဟိုက ဘာမှထပ်မပြောတော့။ သူသည် ကျင့်ကြံခြင်းဂူမှ ထွက်လိုက်၏။ သူ ထိုသို့ ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် သွေးမိစ္ဆာဂိုဏ်းချုပ်၏အသံက တစ်ဂိုဏ်းလုံးတွင် ပဲ့တင်ထပ်သွားလေသည်။

"ဒီနေ့ကစပြီး မန်ဟိုက ... သွေးမိစ္ဆာဂိုဏ်းရဲ့ သွေးမင်းသားဖြစ်ပြီ"

မိုးခြိမ်းသံကဲ့သို့ စကားလုံးများက သွေးမိစ္ဆာဂိုဏ်း၏ တောင်ငါးတောင်လုံးတစ်လျှောက် ဟိန်းထွက်သွား၏။ ချက်ချင်းပင် အပြင်တောင်လေးတောင်အတွင်းမှ နတ်ဘုရားအာရုံစီးကြောင်းများ ထွက်လာကြပြီး အားလုံးက သွေးမိစ္ဆာ‌တောင်အပေါ်တွင် ရပ်နေသော ‌မန်ဟို့အပေါ် အာရုံစိုက်လိုက်ကြသည်။

မန်ဟိုသည် ပုံမှန်မျက်နှာအမူအရာဖြင့် လှေကားထစ်များအတိုင်း ဆင်းလာသည်။ သူ၏ တည်ကြည်သောမျက်နှာထားက စကားနည်းပြီး တိတ်ဆိတ်ပုံပေါ်စေသည်။ သေအံ့ဆဲဆဲ ဖြစ်ပြီးနောက် သူ၏အကျင့်စရိုက်သည် အပြောင်းလဲကြီး ပြောင်းလဲခဲ့၏။ အထူးသဖြင့် ချင်းလော်ဂိုဏ်းတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးနောက်တွင်ပင်။ သူသည် ပိုမို၍ အကြင်နာမဲ့ရက်စက်လာပြီး ၎င်းမှာ သိသိသာသာ ပေါ်လွင်နေတော့သည်။

ပို၍ပင် လွှမ်းမိုးမှုရှိသည်မှာ ရှုချင်နှင့်ပတ်သက်ပြီး ဖြစ်ပွားခဲ့သမျှ အရာအားလုံးကြောင့်ဖြစ်သည်။ မန်ဟို့အတွက် သူ၏ဘဝတစ်ခုလုံးမှာ ယခင်နှင့် မတူနိုင်တော့ပေ။

သူသည် သူ့ကို စစ်ဆေးအကဲခတ်နေသော နတ်ဘုရားအာရုံစီးကြောင်းများကို မဟန့်တားပဲ တိတ်ဆိတ်စွာ လမ်းလျှောက်နေ၏။ စီးကြောင်းတစ်ကြောင်းစီမှာ ရန်လိုမှုများဖြင့် ပြည့်နှက်နေသည်။ သွေးမိစ္ဆာဂိုဏ်းအတွက် မန်ဟိုမှာ.... သူစိမ်းတစ်ယောက်သာ မဟုတ်ပါလော။

သူစိမ်းတစ်ယောက် သွေးမိစ္ဆာဂိုဏ်းကို ‌ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာပြီး ချက်ချင်းလက်ငင်း သွေးမင်းသားရာထူးအထိ အဆင့်တိုးမြှင့်ခံလိုက်ရခြင်းက မကျေနပ်စရာပင်။ လူပေါင်းများစွာ မခံမရပ်နိုင်ဖြစ်နေကြကြောင်း သိသာသည်။

သူတို့၏မခံမရပ်နိုင်မှုအား သွေးမိစ္ဆာဂိုဏ်းချုပ်အပေါ် ပြသ၍မရသော်လည်း မန်ဟိုနှင့်ပတ်သက်လျှင်တော့ သူတို့သည် သူ့ကို စိုးစဉ်းမျှ ဂရုမစိုက်ပေ။ သွေးမိစ္ဆာဂိုဏ်း၏ သွေးမင်းသားအဖြစ် ခန့်အပ်ခံရလျှင်တောင်မှ ..... အင်အားရှိဖို့ လိုသေးသည် မဟုတ်ပါလော။

ချင်းလော်ဂိုဏ်းတွင် ဖြစ်ပျက်ခဲ့‌သောကိစ္စအတွက်မူ မန်ဟိုတစ်ယောက်တည်းသာ သိလေသည်။ သွေးမိစ္ဆာဂိုဏ်းရှိ ကျန်ပညာရှင်များမှာ ဂိုဏ်းချုပ် မန္တန်ဝင်္ကပါတစ်ခု စီရင်ပြီးနောက် မန်ဟိုနှင့်အတူ ချင်းလော်ဂိုဏ်းမှ ပြန်‌ရောက်လာခဲ့သည်ကိုသာ သိကြ၏။

ချင်းလော်ဂိုဏ်းအ‌နေဖြင့်လည်း မည်သို့မည်ဖုံဖြစ်ပျက်ခဲ့သလဲ သတင်းဖြန့်မည်မဟုတ်ကြောင်း ထင်ရှားသည်။ သို့ဖြစ်၍ သွေးမိစ္ဆာဂိုဏ်းအတွက် အချိန်တိုလေးအတွင်း အသေးစိတ်သိရှိရန် မဖြစ်နိုင်။

သွေးမိစ္ဆာဂိုဏ်း၏ ကျန်တောင်လေးလုံးကို သိမ်းပိုက်ထားသော အစွမ်းထက်ပညာရှင်များရှိ၏။ သူတို့သည် ဂိုဏ်းအတွင်း၌ သူတို့အဖွဲ့အစည်းများကိုသူတို့ တည်ထောင်ထားရာ နောက်ဆုံးတွင် ယင်းက သွေးမိစ္ဆာဂိုဏ်းကို အဓိကအင်အားစုလေးစု သို့မဟုတ် အဖွဲ့လေးဖွဲ့ ကွဲသွားစေခဲ့သည်။

အမှန်အတိုင်းဆိုရလျှင် အဖွဲ့လေးဖွဲ့မှာ မတည့်ကြသည့်အပြင် မည်သူက ‌အသာစီးရထားသလဲ ဆုံးဖြတ်ရခက်သည်။ အပေါ်ယံတွင်တော့ အတွဲညီညီစည်းလုံးကြသယောင် ရှိသော်လည်း တကယ်တမ်း တိုးတိုးတိတ်တိတ် ယှဉ်ပြိုင်နေကြခြင်းပင်။

ဂိုဏ်း၏အတွင်းတွင် ဖြစ်စေ၊ အပြင်တွင် ဖြစ်စေ၊ အမြဲ ထိုအတိုင်း ဖြစ်နေခဲ့သည်သာ။

သွေးမင်းသားဆိုသော ရာထူးမှာ အဆိုပါအင်အားစုများ ငမ်းငမ်းတက်နေကြသော အရာဖြစ်၏။ သူတို့သာ သွေးမင်းသားနေရာကို ရလျှင် အရာအားလုံး ပြောင်းလဲသွားပြီး တောင်အားလုံးကို အုပ်ချုပ်နိုင်ခွင့် ရှိသွားပေမည်။

ပထမတောင်ထိပ်ကို သံမဏိသွေးတောင်ဟု ခေါ်သည်။ ကျင့်ကြံသူငါးသောင်း နေထိုင်ကြပြီး အကုန်လုံးသည် မိစ္ဆာကျင့်ကြံသူများ၊ သွေးအေးလူသတ်သမားများ ဖြစ်ကြ၏။ လောလောဆယ်တွင် သူတို့အားလုံး၏ အေးစက်စက်အကြည့်များက သွေးမိစ္ဆာတောင်အပေါ်မှ မခွာချေ။

သူတို့သည် သွေးမင်းသားအသစ်အား စိုးစဉ်းမျှ ဂရုမစိုက်သလို၊ သူ၏ တမူထူးခြားသော ကျင့်ကြံခြင်းအခြေခံကိုလည်း စိတ်မဝင်စားပေ။ သည့်ထက် တမူထူးခြားနေလျှင်တောင်မှ သူကား သူစိမ်းတစ်ယောက်ထက် မပိုသေးသည်သာ။ ထိုကဲ့သို့သူစိမ်းတစ်ဦးက သံမဏိသွေးတောင်တစ်တောင်လုံးနှင့် တိုက်ခိုက်နိုင်မည်လော။

သံမဏိသွေးတောင်၏ အမြင့်ဆုံးနေရာရှိ ကျင့်ကြံခြင်းဂူတစ်လုံးတွင် သံမဏိသွေးတောင်ခေါင်းဆောင်ကြီးများ ရှိသည်။ သူတို့ကား ကျင့်ကြံသူများမဟုတ်ဘဲ မိစ္ဆာကိုယ်ပွားများဖြစ်ကြ၏။ သူတို့၏ ကိုယ်အစစ် မည်သည့်ပုံစံရှိသည်ကိုမူ လူအနည်းအကျဉ်းသာ သိကြလေသည်။

သူတို့သည် အပြင်သို့ ထွက်လေ့ထွက်ထ မရှိသည့်အပြင် လောလောဆယ်တွင် မန်ဟို့ကို ကြည့်ရင်း တင်ပျဉ်ခွေထိုင်နေကြ၏။

"အငယ်ပိုင်းမျိုးဆက်ဝင်တစ်ယောက်ထက် မပိုဘူး" တစ်ယောက်က ထပြောသည်။

ခေါင်းဆောင်ကြီးနှစ်ဦး၏ ကျင့်ကြံခြင်းဂူအပြင်တွင် ရပ်နေသော သက်လတ်ပိုင်းလူတစ်ယောက်လည်း ရှိသည်။ ‌သွေးမိစ္ဆာ‌တောင်ကို ကြည့်နေစဉ် သူ၏မျက်လုံးများသည် အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တဖျပ်ဖျပ် လက်လျက်ရှိ၏။

"သွေးမင်းသားဘွဲ့က ငါ့ ချန်းရီအတွက် ဖြစ်ရမှာ။ ဒီမန်ဟိုက ကျားပါးစပ်ထဲက အမဲသားကို လုယူရဲတယ်တဲ့လာ။ သေချင်နေတာပဲ" သူ၏ခန္ဓာကိုယ်သည် သွေးအလင်းရောင်ဖြင့် တောက်ပလာပြီး သူ၏မျက်လုံးများမှာ သွေးရောင်သမ်းနေတော့သည်။ ထိုလူသည် သိသိသာသာပင် ဒေါသူထနေပြီး မရေမတွက်နိုင်သောဝိညာဥ်များက စူးစူးဝါးဝါးအော်ရင်း သူ၏ပတ်ပတ်လည်တွင် ပေါ်လာ၏။

သူက အံတင်းတင်းကြိတ်ပြီး ဒူးထောက်၍ ကျင့်ကြံခြင်းဂူကို အရိုအသေပေးလိုက်သည်။ "ဆရာတို့ ၊ တပည့်ကို လှုပ်ရှားခွင့်ပြုပါ"

"သူက သွေးမင်းသားဖြစ်နေပေမယ့်" သံမဏိသွေးခေါင်းဆောင်ကြီးတစ်ဦးက ပြောသည်။ "မင်းနဲ့ သူ့ရဲ့အဆင့်အတန်းအကြား မတူတာလေး တစ်ခုက သူ့မှာ သွေးမိစ္ဆာမဟာမှော်သိုင်းကို ကျင့်ခွင့်ရသွားတာလေးပဲ ရှိတယ်။ မင်း သူ့ကို အညံ့ခံအောင် လုပ်နိုင်ရင် သူက မင်းရဲ့ ရုပ်သေးရုပ် ဖြစ်လာလိမ့်မယ်"

"အမှန်ပဲ" နောက်တစ်ယောက်က အေးတိအေးစက် ပြောသည်။ "သူ မင်းကို အညံ့ခံရလောက်အောင် မင်း အစွမ်းထက်ရင် ငရဲခန်းမရဲ့ ကြီးကြပ်ရေးမှူးဖြစ်တဲ့ မင်းဆရာတွေအနေနဲ့ သူ့ကို အထဲမှာ သတ်ခွင့်ရှိသွားလိမ့်မယ်။ သူ့ကို ဂိုဏ်းချုပ်ကိုယ်တိုင် ခန့်ပေးထားတာဆိုတော့ မင်း အရင်လှုပ်ရှားလို့ မဖြစ်ဘူး"

သက်လတ်ပိုင်းလူက ခေါင်းမော့လိုက်ပြီး သူ၏မျက်လုံးများမှာ တင်းမာအေးစက်နေတော့သည်။ သူက တုံ့ဆိုင်းမနေဘဲ တောင်ထိပ်မှ ထွက်သွား၏။

တစ်ချိန်တည်းမှာပင် ‌အမှောင်နတ်ဘုံ‌တောင်ဟု အသိများသော သွေးမိစ္ဆာဂိုဏ်း၏ ဒုတိယတောင်ထိပ်အပေါ်တွင် ကျင့်ကြံသူတစ်ယောက်သည် တရားထိုင်နေရာမှ ထပြီး သွေးမိစ္ဆာတောင်ကို ကြည့်လိုက်၏။ ဤသည်မှာ လေးစားရသော အမှောင်နတ်ဘုံခေါင်းဆောင်ကြီးဖြစ်၏။ သူ့အား မိစ္ဆာဟု သမုတ်ကြသော်လည်း တကယ်တော့ ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။

သူ့အနောက်တွင် သဘောမနောကောင်းပုံမရသော သူ၏တပည့်ရှစ်ဦးရှိသည်။ သူတို့၏မျက်လုံးများသည် နီရဲတောက်နေပြီး အသတ်အဖြတ်စိတ်ဆန္ဒတို့ ပြည့်နှက်နေ၏။

အမှောင်နတ်ဘုံခေါင်းဆောင်ကြီး၏ ဩဇာသက်ရောက်သော အမှောင်နတ်ဘုံတောင်၏ ဂိုဏ်းသားသောင်းပေါင်းများစွာသည် သွေးမိစ္ဆာတောင်အား သွေးအေးသောမျက်လုံးများဖြင့် တိတ်ဆိတ်စွာ စိုက်ကြည့်နေကြလေသည်။

***

All Chapters