← Chapters

သွေးမိစ္ဆာမဟာမှော်သိုင်း

Vol. 51 Ch. 704

သွေးမိစ္ဆာမဟာမှော်သိုင်း

Vol. 51 Ch. 704

"စိတ်ဝင်စားစရာပဲ" အမှောင်နတ်ဘုံခေါင်းဆောင်ကြီးက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ဂိုဏ်းချုပ်က သူ့ကို တောင်ထိပ်ရော ၊ နောက်လိုက်ရော မပေးလိုက်ပါလား ဟမ် ....  အဲ့ဒါ ဘာအဓိပ္ပာယ်ဖြစ်မလဲ" သူသည် စာပေသမားပုံစံဝတ်ဆင်ထားသော ကောင်လေးတစ်ယောက်အသွင်ဖြင့် ပေါ်လာပြီး လက်နှစ်ဖက် ကျောနောက်ပစ်လျက် ရပ်နေ‌လေသည်။

"ဆရာ" သူ့အနောက်ရှိ တပည့်တစ်ဦးက ပြောသည်။ "ဘာလို့ သူစိမ်းတစ်ယောက်က သွေးမင်းသားဖြစ်လာရမှာလဲ ။ ကျွန်တော် လက်မခံနိုင်ဘူး"

"ဟုတ်တယ်၊ ဒီမန်ဟိုဆိုတဲ့လူကို တိုက်ခိုက်ဖို့ တပည့်တို့ကို ခွင့်ပြုပေးပါ ဆရာ။ သူ့မှာ သွေးမင်းသားဖြစ်သင့်တဲ့ အရည်အချင်းရှိလား၊ မရှိလား ကြည့်ချင်တယ်"

"ဘာတွေ လောနေကြတာလဲ" ကောင်လေးက ကျောချမ်းဖွယ်ကောင်းစွာ တစ်ချက်ရယ်ရင်း ပြောသည်။ "တချို့လူ‌တွေက မင်းတို့ထက်တောင် ပိုပြီးလောနေကြဦးမှာ" သူသည် စကားထပ်မပြောတော့ဘဲ ကျင့်ကြံခြင်းဂူထဲသို့ ပြန်ဝင်သွားလေ၏။

တပည့်ခုနစ်ဦး၏အသတ်အဖြတ်စိတ်ဆန္ဒက လေထဲတွင် ပြည့်နှက်နေသည်။ သူတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးနောက် မန်ဟို သွေးမိစ္ဆာတောင်၏ ကျောက်လှေကားထစ်များအတိုင်း ဆင်းသွားသည်ကို ပြန်စိုက်ကြည့်လိုက်ကြသည်။

တူညီသော ဖြစ်ရပ်သည် သွေးမိစ္ဆာဂိုဏ်း၏ စတုတ္ထတောင်ထိပ်တွင်လည်း ပိုပြင်းထန်သောအားနှင့်အတူ ဖြစ်ပျက်သွား၏။ မိစ္ဆာမီးခေါင်းဆောင်ကြီးသုံးဦးမှာ သူတို့ကိုယ်သူ မထိန်းချုပ်ဘဲ အမျက်ဒေါသနှင့် မာန်မာနတို့ကို ထုတ်ဖော်လိုက်တော့သည်။

ပဉ္စမတောင်သာလျှင် တိတ်ဆိတ်နေ၏။ တောင်ထိပ်တွင် ဆံပင်ဖြူဖြူ၊ ခါးကုန်းကုန်းအဘိုးကြီးသည် တောင်ဝှေးတစ်ချောင်းကို အားပြု၍ ရပ်ရင်း သွေးမိစ္ဆာတောင်ကို လှမ်းကြည့်နေ၏။

သူ့ဘေးတွင် အင်မတန် လှပသော်လည်း အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေသော မိန်းကလေးတစ်ဦး ရပ်နေ၏။

"ဆရာ" မိန်းကလေးက ပြောသည်။ "ဂိုဏ်းချုပ်ရဲ့ စီစဉ်မှုအပေါ် မကျေနပ်တဲ့အကြောင်းကို ဘာကြောင့် သရဲတောင်ဝှေးတောင်ရဲ့ ဂိုဏ်းသားတွေအနေနဲ့ ဖော်ပြခွင့်မရှိတာလဲ။ အဲဒါက လုံးဝမတရားဘူးလေ ဆရာ။ ‌သံမဏိသွေးတောင်က ချန်းရီ‌ သွေးမင်းသားဖြစ်လာရင်တောင် တပည့် လက်ခံနိုင်သေးတယ်။ ဒါပေမဲ့ ဒီမန်ဟိုဆိုတဲ့လူကို ကြားတောင်မကြားဖူးဘူး"

အဘိုးကြီးက ပြုံးလိုက်သည်။ သူက အသံအက်အက်ဖြင့် ပြော၏။ "မင်းဆရာက အကြာကြီး နေထိုင်ခဲ့ဖူးတဲ့လူပါ။ ငါက နည်းနည်းရူးကြောင်ကြောင် ဖြစ်ခဲ့ဖူးပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ စဉ်းစားဆင်ခြင်တတ်လာခဲ့ပြီလေ

"မင်း သိလား၊ ငါက ဂိုဏ်းချုပ် ကွယ်လွန်သွားတုန်းက သွေးမိစ္ဆာတောင်မှာ ရှိနေခဲ့တယ်

"နှစ်တွေတစ်လျှောက် သွေးမင်းသားနေရာဟာ ခုနစ်ကြိမ်တိတိ ခန့်အပ်ခံခဲ့ရတယ်။ အကြိမ်တိုင်း ငါ အဲဒီမှာ ရှိနေခဲ့ဖူးတယ်

"ငါဟာ အကြာကြီး နေထိုင်ဖူးတာမလို့ အများကြီးလည်း မြင်ဖူးတယ်။ ငါ့မျက်လုံးတွေက ရှေးပဝေဏသီခေတ်အထိ ကြည့်မြင်နိုင်တယ်.... ဒါကြောင့် ဒီမန်ဟိုနဲ့ပတ်သက်ပြီး တစ်ခုခုက သိပ်ထူးခြားနေတယ်ဆိုတာ ငါ ပြောနိုင်တယ်"

သူ့ဘေးရှိ မိန်းကလေးက မျက်မှောင်ကြုတ်သွားသည်။

"သူ့ကို ရန်သွားမစနဲ့" အဘိုးကြီးက ဆက်ပြော၏။ "အနားတောင်မကပ်ပ်နဲ့။ ဆရာ ဆုံးဖြတ်ချက်မချခင် သူ့ကို နည်းနည်း စောင့်ကြည့်ဖို့ လိုသေးတယ်" အဘိုးကြီးသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် ကျင့်ကြံခြင်းဂူထဲ ပြန်ဝင်သွား၏။

မန်ဟိုကတော့ ဝာည်ငြိမ်အေးဆေးစွာဖြင့် လှေကားထစ်များအတိုင်း ဆင်းလာသည်။ သူ ဝောာင်တစ်ဝက်ကျော် ဆင်းလာပြီးသောအခါ အရှေ့တွင် အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးတစ်ဦးကို လှမ်းမြင်လိုက်သည်။ သူမက လှေကားထစ်ဘေးရှိ ကျောက်ဆောင်တစ်ခုအပေါ်တွင် ရပ်နေ၏။ ၎င်း၏အရှေ့တွင် တဖွေးဖွေး လှုပ်နေသော မြူများအတွင်းသို့ ဆင်းနေသည့် ကျောက်ကမ်းပါးနံရံတစ်ခု ရှိသည်။

အမျိုးသမီး၏ဝတ်ရုံသည် လေယူရာ ယိမ်းနွဲ့နေရာ သူမအား တခြားကမ္ဘာလာသည့်အလား ဖြစ်နေစေဝောာ့သည်။ သူမမှာ လှပချောမောပြီး ဤအခိုက်အတန့်တွင် အင်မော်တယ်နတ်သမီးပမာ တင့်တယ်ကြော့ရှင်းနေလေ၏။

မန်ဟိုက သူမကို တခဏကြည့်ပြီးနောက် အကြည့်လွှဲကာ တောင်အောက်ဆက်ဆင်းသွား၏။

အမျိုးသမီးက မန်ဟို့ကို လှည့်ကြည့်သည်။ "အစ်ကိုမန်" သူမက ပြောသည်။ "မိစ္ဆာအင်မော်တယ်ဂိုဏ်းမှာတုန်းက ဆုံခဲ့သေးတယ်နော်။ နိမ့်ကျတဲ့ အညတရကျွန်မကို မေ့သွားတာများလား"

ဤအမျိုးသမီးမှာ မန်ဟိုနှင့် ပထမဆုံး ဆုံခဲ့တုန်းက ယောက်ျားလေးလို ဝတ်စားခဲ့သော သွေးမိစ္ဆာဂိုဏ်း တာအိုကလေး လီရှိချီမှတစ်ပါး အခြားမဟုတ်ပေ။

မန်ဟိုက ဘာမှမပြောပေ။ သူသည် သူမကို ကြည့်ရုံလေးသာ ကြည့်ပြီး ခေါင်းညိတ်ပြီးနောက် လှေကားထစ်များအတိုင်း ဆက်ဆင်းသွား၏။

"အစ်ကိုမန်" သူမက ဆက်ပြောသည်။ "သွေးမိစ္ဆာတောင်မှာ ကျွန်မရယ်၊ ဂိုဏ်းချုပ်ရယ်ပဲ နေတာ။ ကျွန်မ ဒီနေရာမှာ စောင့်နေရတဲ့ အကြောင်းရင်းက အစ်ကိုမန့်ကို သတိပေးဖို့ လိုလို့ပါ။ ကျန်တဲ့တောင်လေးလုံးက အစ်ကိုမန် သွေးမင်းသားအဖြစ် ခန့်အပ်ခံတာကို ဘဝင်မကျဘူးဖြစ်နေကြတယ်" သူမက လှပသောလက်ကလေးကို ဝှေ့ယမ်းကာ ကျောက်စိမ်းပြားတစ်ပြားအား သူ့ဆီ ပျံသန်းသွားစေလိုက်သည်။

"ဒီထဲမှာ ကျန်တဲ့တောင်ထိပ်လေးခုနဲ့ ပတ်သက်တဲ့ အချက်အလက်အနည်းငယ် ပါတယ်" သူမက ဆက်ပြောသည်။ "တစ်ချက်ကြည့်လိုက်ပါ၊ အကူအညီဖြစ်လောက်ပါတယ်"

မန်ဟိုက ၎င်းကို လက်ခံပြီး တဒင်္ဂ တိတ်ဆိတ်သွားသည်။ နောက်ဆုံးမှ သူက ပြောလာ၏။ "ကျေးဇူးပါပဲ" ထို့နောက် သူ့လမ်းသူ ဆက်သွားလေသည်။

"တာအိုရောင်ရင်း ရှုချင်ရော ဘယ်...‌ ဘယ်လိုနေလဲ"

"ကျေးဇူးပါပဲ" သူက ထပ်ပြောလိုက်သည်။ သူ၏အသံသည် တောင်အောက်မှ လွင့်မျောလာ၏။

သွေးမိစ္ဆာတောင်မှ ဆင်းလာပြီးနောက် မန်ဟိုသည် မှိုင်းညို့‌သော တောတစ်အုပ်သို့ ရောက်သွားကြောင်း တွေ့လိုက်ရသည်။ တခြားဂိုဏ်းများတွင်ဆိုလျှင် တောင်ခြေ၌ အပြင်စည်းဂိုဏ်းသားများ ပြည့်နေတတ်သော ဘုရားကျောင်းများရှိ၏။ သွေးမိစ္ဆာဂိုဏ်းကတော့ ထိုသို့မဟုတ်။

အပြင်စည်းဂိုဏ်းသားများ ရှိသော်လည်း သူတို့လည်း တောင်ပေါ်တွင် နေထိုင်ကြသည်။ တောင်ခြေများတွင်မူ တောအုပ်များသာ တည်ရှိ၏။

သို့ရာတွင် နေထိုင်သူ တစ်ယောက်မှ မရှိသည်တော့ မဟုတ်။ သီးသန့် ကျင့်ကြံအားထုတ်ဖို့အတွက် တောင်ပေါ်မှ ဆင်းလာသော ဂိုဏ်းသားများ၏အပိုင် သစ်လုံးအိမ်များ ရှိလေသည်။ သစ်လုံးအိမ် တော်တော်များများ မြင်ရသော်လည်း တချို့မှာ တာရှည်ပစ်ထားခံရသဖြင့် ယိုယွင်းနေသော အခြေအနေတွင် ဖြစ်လေ၏။

ရံဖန်ရံခါ ဂိုဏ်းသားများအား မြင်ရတတ်ပြီး တစ်ယောက်မကျန် သူ့ကို လေးစားမှုတစ်စက်မှမရှိဘဲ အေးတိအေးစက် ကြည့်တတ်ကြလေသည်။

မန်ဟိုက သွေးအေးသော မျက်နှာထားဖြင့် တည်ငြိမ်အေးဆေးလျက်သာ ရှိသည်။ သူသည် တောင်အောက်သို့ ဆင်းလာကတည်းက အကြည့်များစွာ၏ အာရုံစိုက်ရာဖြစ်နေခဲ့ကြောင်း ခံစားခဲ့ရပြီး ဖြစ်လေသည်။ ထို့ကြောင့် သူသည် ဂိုဏ်း၏ အစွန်အဖျားကျသော နေရာသို့ မရောက်မချင်း လျှောက်လာခဲ့ပြီးနောက်မှ တင်ပျဉ်ခွေထိုင်လိုက်သည်။ တင်ပျဉ်ခွေထိုင်ပြီးသောအခါ မျက်လုံးများမှိတ်ပြီး ပင်ပန်း၍ အိပ်ပျော်နေသော ရှုချင်၏ ဝိညာဉ်ဖန်လုံးကို ထုတ်လိုက်သည်။ အကြာမှ အကြာကြီး ကြည့်နေပြီးနောက်တွင်မှ ဂရုတစိုက် ပြန်သိမ်းလိုက်၏။

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ တောင်များမှ နတ်ဘုရားစီးကြောင်းအတော်များများအား သူတို့၏သက်ဆိုင်ရာ ပိုင်ရှင်များမှ ပြန်ရုတ်သိမ်းသွားကြ၏။ အထင်သေးရွံရှာနေသော စီးကြောင်းများတော့ မပါ‌ပေ။

"ဒီမန်ဟိုက ဘယ်လို သွေးမင်းသားမျိုးလဲ။ သိပ်တော်မယ်၊ သိပ်ထက်မယ် ထင်တာ။ အခုကျ တောင်ခြေမှာ သစ်လုံးအိမ်လေးတစ်အိမ်ရဖို့တောင် မတိုက်ခိုက်နိုင်ပါလား"

"သူက သစ်လုံးအိမ်လေးအတွက် သူများကို ရန်တောင် မစချင်ဘူးပေါ့။ သွေးမိစ္ဆာဂိုဏ်းမှာ အကုန်လုံးက ခွန်အားနဲ့ ရက်စက်မှုအပေါ် မူတည်တယ်။ ကျင့်ကြံခြင်းဂူ၊ တောင်ထိပ်၊ ချစ်သူ၊ ကျင့်စဉ်၊ ကျင့်ကြံခြင်းအရင်းအမြစ်၊ အကုန်လုံးက ခွန်အားအကြီးဆုံးသူဆီပဲ သွားတာ။ သူ ပိုင်ထားတဲ့ ရာထူးလည်း အပါအဝင်ပေါ့"

"ဟမ့် တိတ်ဆိတ်အေးချမ်းမှုကို လိုချင်တယ်တဲ့လား ဟမ်။ ကိုယ့်အပိုင် မဟုတ်တဲ့ ရာထူးကို ရသွားကတည်းက လက်လျှော့အရှုံးပေးလိုက်တာ ကောင်းမယ်"

"ဒါပေမဲ့ အလျင်စလို ပြုမူစရာမလိုပါဘူး။ သူ့အကြောင်း နည်းနည်းပဲ သိသေးတာ မဟုတ်လား။ ထပ်စောင့်ကြည့်တာပေါ့..."

မန်ဟိုက မျက်လုံးပိတ်ပြီး နတ်ဘုရားအာရုံစီးကြောင်းများကို 'ဖုတ်လေတဲ့ ငါးပိ၊ ရှိသည်'ဟုပင် မထင်ပေ။ သူသည် နတ်ဘုရားအာရုံကို သိုလှောင်အိတ်ထဲ ပို့လွှတ်လိုက်ရာ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးထံမှ သူ့ကို ကာကွယ်ပေးရင်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့သော သွေးခွေးကြီးကို ရှာတွေ့သွား၏။ ၎င်း၏ ရုပ်ခန္ဓာကိုယ်က ပြန်လည်မွေးဖွားလာခဲ့သော်လည်း အားနည်းပြီး သေးငယ်နေသေးလေသည်။

ထို့နောက် ‌ကြက်တူရွေးနှင့် အသားဂျယ်လီ .... မန်ဟိုမှာ သူတို့အကြောင်း တွေးမိသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ မြေအောက်ကမ္ဘာသင်္ဘောအပေါ်တွင် နိုးလာကတည်းက ထိုနှစ်ကောင်၏အရိပ်အယောင်ကိုပင် မမြင်ခဲ့ရပေ။

သို့သော် ထိုငမိုက်သားနှစ်ကောင် သေချာပေါက် တောင်ပိုင်းဒေသတွင် ရှိနေသည်ကိုတော့ သူ ထူးထူးဆန်းဆန်း အာရုံရနေ၏ ။

မန်ဟိုသည် ညမိုးချုပ်လာသည့်တိုင်အောင် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်နေ၏။ နောက်ဆုံးတွင် သူက မျက်လုံးများ ဖွင့်ပြီး ရှုချင်၏ ပိန်ချုံးခြောက်ကပ်နေသော အလောင်းကို ထုတ်လိုက်သည်။ ရွှေရောင်မှော်သင်္ကေတအား ၎င်းနှင့် တစ်သားတည်းဖြစ်အောင် ဖြေးဖြေးချင်း ပေါင်းစည်းပြီးနောက်တွင် ရှုချင်သည် အသက်ဝင်လာသော လက္ခဏာများ ပြလာ၏။ သူမကား ‌တဖြေး‌ဖြေး သက်သာစပြုလာလေပြီ။

သူမအသားအရေမှာ ဖြေးညင်းစွာ ပြောင်းလဲလာပြီး သူမတစ်ကိုယ်လုံးမှာ နိုးထလာနေသော လက္ခဏာများပြရင်း ပိုမို၍ ပျော့ပျောင်းလာပြီး ဆွဲဆောင်မှုရှိလာသည်။ ၎င်းသည် ပြီးဆုံးရန် ကိုးရက်စက်ဝန်း ကိုးခု၊ စုစုပေါင်း (၈၁) ရက်ကြာမည့် ဖြစ်စဉ်ပင်။

မန်ဟိုမှာ ခံစားနေရသော စိတ်လှုပ်ရှားမှုများကို ချုပ်တည်းရင်း သူမကို ကြာမြင့်စွာ မြတ်မြတ်နိုးနိုး ကြည့်နေပြီးနောက် သူမခန္ဓာကိုယ်ကို သေသေချာချာ ပြန်သိမ်းလိုက်သည်။

"အစ်မရှု၊ (၈၁) ရက်ကြာပြီးရင် နိုးလာဝော့မယ်" သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ အတော်လေးကြာပြီးနောက်ဆုံး သူသည် သွေးမိစ္ဆာ သူ့ကို ပေးထားသော သွေးသလင်းကျောက်ကို ထုတ်လိုက်သည်။

သူက ၎င်းကို ခေတ္တသာ ကြည့်ပြီး လက်ချောင်းများဖြင့် ဖြစ်ညစ်လိုက်သည်။ ချက်ချင်းပင် သူ့ကိုယ်ထဲရှိ သွေးများမှာ တပွက်ပွက် ဆူလာပြီး မယုံကြည်နိုင်ဖွယ် သွေးအရှိန်အဝါကို ထုတ်လွှတ်လာ၏။

တစ်ဆက်တည်းမှာပင် ‌မှော်သင်္ကေတများက သူ့ခေါင်းထဲတွင် ပေါ်လာလေသည်။ ၎င်းတို့သည် ကြမ်းတမ်းပြီး ရှေးဆန်သော သွေးအရှိန်အဝါကို ထုတ်လွှတ်ပြီး အမွေအနှစ်တစ်ခုအသွင်ပြောင်းလာ၏။

တစ်ချိန်တည်းမှာပင် သူ့သိုလှောင်အိတ်ထဲရှိ သွေးမျက်နှာဖုံးမှလည်း ရုတ်တရက် အားကောင်းသော လှိုင်းများ စတင် ထုတ်လွှတ်လာသည်။ အထဲရှိ သွေးခွေးကြီးမှာ မန်ဟို့ထံမှ လာနေသော အရှိန်အဝါကို အလိုအလျောက် တုံ့ပြန်ရင်း စုပ်ယူလိုက်၏။

"သွေးမိစ္ဆာမဟာမှော်သိုင်း" မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သွေးမိစ္ဆာမဟာမှော်သိုင်းမှာ တကယ်တမ်း သွေးမိစ္ဆာဂိုဏ်းထဲ၌ တားမြစ်ထားသော ပညာရပ်တစ်ခု ဖြစ်သည်။ သွေးမိစ္ဆာဂိုဏ်းချုပ်သာလျှင် ၎င်းကို ပိုင်ဆိုင်နိုင်၏။ ယခင် သွေးမင်းသားများပင်လျှင် သိုင်းကျမ်းကို နှုတ်အားဖြင့်သာ သိရှိခဲ့ရသည်။ မန်ဟိုက သက်စောင့်သွေးအမွေအနှစ် အစစ်အမှန်ကို ခံယူရရှိသည့် တစ်ယောက်တည်းသောသူ ဖြစ်ချေသည်။

သိုင်းကို အဆင့်ခြောက်ဆင့်ဖြင့် ဖွဲ့စည်းထားပြီး နှစ့်ဆင့်လျှင် အလွှာတစ်လွှာဖြစ်ရာ စုစုပေါင်း သုံးလွှာရှိသည်ဟု ဆိုလိုလေသည်။

"ချီသွေး၊ စိတ်ဝိညာဉ်အကြော၊ သွေးဝိညာဉ်...." သူက ရေရွတ်လိုက်ပြီး ‌သွေးအလင်းက သူ၏မျက်လုံးများတွင် တောက်ပလာသည်။ သူသည် ရုတ်တရက် သွေးမိစ္ဆာမဟာမှော်သိုင်းနှင့်ပတ်သက်ပြီး မွေးရာပါပါရမီကို ပိုင်ဆိုင်ထားကြောင်း သိလိုက်ရလေသည်။

တခဏသာ ရှိ‌သေးသည်၊ သူကား အဆင့် (၁) ကို ရောက်၍ ချီသွေးအလွှာသို့ တစ်ဝက် ဝင်ရောက်နေလေပြီ။

ချီသွေးအလွှာသည် ကြောက်စရာကောင်း၏။ ၎င်းက တခြားလူတစ်ယောက်၏ ချီနှင့်သွေးကို စုပ်ယူပစ်နိုင်သည်။

ချက်ချင်းပင် မန်ဟို၏မျက်လုံးများသည် မီးပမာ ရဲရဲနီသွားလေ၏။ သူက ယခုတွင် နီရဲတောက်နေပြီဖြစ်သော လက်ကို ဖြေးညှင်းစွာ မြှောက်လိုက်သည်။

သူ၏လက်မှာ ... ချီသွေးကို စုပ်ယူဝါးမြိုရန် အသင့်ဖြစ်နေသည့် မရေမတွက်နိုင်သော တွင်းနက်ကြီးများဖြင့် ဖုံးနေသည့်အလားပင်။

"ငါ ဒီသိုင်းကို မြန်မြန်ဆန်ဆန် ကျင့်နိုင်သွားတာ ယုံတောင် မယုံနိုင်ဘူး...." မန်ဟိုက တွေးလိုက်သည်။ "ကြည့်ရတာ‌ သွေးအင်မော်တယ်နတ်ဘုရားစွမ်းရည်တွေကို ကျင့်ကြံထားတာနဲ့ တစ်ခုခု ပတ်သက်နေလိ့မ်မယ်.... သွေးအင်မော်တယ်၊ သွေးမိစ္ဆာ ... သူတို့နှစ်ယောက်ကြားမှာ ပတ်သက်မှု တစ်ခုခု ရှိကိုရှိရမယ်" သူသည် တခဏကြာတွေးပြီး ယင်းက အဖြေဖြစ်‌နိုင်ကြောင်း သဘောပေါက်လိုက်သည်။ ထို့နောက် သူ၏ကိုယ်ထဲသို့ လှမ်းကြည့်လိုက်ရာ သူ၏မိစ္ဆာချုပ်နှောင်ခြင်းမှော်ပညာရပ်များမှာ မဆိုစလောက် ကွဲပြားသွားကြောင်း သတိထားမိလိုက်၏။

လက်ဆုပ်လက်ကိုင် မပြနိုင်သော ‌ပြောင်းလဲမှုတစ်မျိုး ဖြစ်သွားခဲ့သော်လည်း အ‌တိအကျတော့ မသိပေ။

"သွေးမိစ္ဆာဂိုဏ်းချုပ်က ငါ မိစ္ဆာချုပ်နှောင်သူဆိုတာ သိလို့ဖြစ်မယ်။ အဲ့ဒါကြောင့် သွေးမိစ္ဆာမဟာမှော်သိုင်းက ငါ့အတွက် ကျင့်ကြံရတာ အရမ်းလွယ်နေတာ ဖြစ်ကောင်း‌ဖြစ်နိုင်တယ်"

မန်ဟိုသည် အ‌တွေးနယ်ချဲ့ပြီးး တခဏကြာသော် သွေးမိစ္ဆာမဟာမှော်သိုင်း နောက်တစ်ကြိမ် ကျင့်ကြံဖို့ ကြိုးစားသင့်ကြောင်း ဆုံးဖြတ်လိုက်သည်။ ရေးသားထားသော နည်းလမ်းအတိုင်း သူကား ‌ဆက်ကျင့်ကြံနေ၏။ နှစ်နာရီကြာသော် သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး ‌သူ့မျက်လုံးထဲရှိ သွေးအလင်းရောင်မှာ မျက်ဆံတစ်ခုလုံးအပြည့် နေရာယူသွားလေသည်။ သူ့ပုံစံမှာ တုန်လှုပ်ချောက်ချားဖွယ်ရာအထိ ကြောက်စရာကောင်းနေတော့သည်။

"ချီသွေးအလွှာ မဟာစက်ဝန်းအဆင့်" မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ယခုတွင် သူသည် သွေးမိစ္ဆာမဟာမှော်သိုင်း မည်မျှကြောက်စရာကောင်းသလဲ မြင်လိုက်‌ရလေပြီ။ အခြားသူများ၏ ချီနှင့်သွေးကို စုပ်ယူခြင်းဖြင့် ၎င်းက အပြင်အားကိုယ်ကို သန်မာစေနိုင်သည်။

မည်မျှသန်မာနိုင်သလဲဆိုရာတွင်တော့ အကန့်အသတ် မရှိပေ။

"ကံဆိုးတာက အမြဲမဟုတ်ဘဲ ငှားယူထားတဲ့ စွမ်းအား ဖြစ်နေတာပဲ" သူသည် ရုတ်တရက် သွေးမိစ္ဆာမဟာမှော်သိုင်း၏ စိတ်ဝိညာဉ်အကြောများအလွှာသို့ ဝင်ရောက်လိုစိတ်များ ပြင်းထန်လာသဖြင့် မျက်လုံးများ တလက်လက် တောက်ပလာတော့သည်။

"ကျင့်ကြံသူအားလုံးသာ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်အများကြီး စုဆောင်းထားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ဝိညာဉ်အကြောတွေ ရှိနေတာကြောင့်ပဲ။ စိတ်ဝိညာဉ်အကြောအဆင့်က ငါ့ကို တခြားသူတွေရဲ့ စိတ်ဝိညာဉ်အကြောတွေကို စားသုံးပြီး ကျင့်ကြံခြင်းအခြေခံထဲ ပေါင်းထည့်နိုင်တယ်"

သူသည် မျက်လုံးများပိတ်၍ ကျင့်ကြံရာတွင် စိတ်နှစ်လိုက်တော့၏။ နေမွန်းတည့်သည့်အခါမှ နောက်ဆုံး သူက မျက်လုံးများဖွင့်ပြီး မျက်မှောင်ကြုတ်သွားလေသည်။

"ကျင့်ကြံလို့မရပါလား။ တစ်ခုခု လိုနေတယ်" သူ စဉ်းစားနေသည့်ခုလတ်တွင် သွေးမိစ္ဆာ၏ ရှေးဆန်ဆန်အသံကြီးက သူ၏နားထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွား၏။

"သိပ်ကောင်းတယ်၊ သွေးမိစ္ဆာမဟာမှော်သိုင်းရဲ့ အဆင့် (၂) ကို ရောက်ပြီကိုး။ အဆင့် (၃) ရောက်ရင် မင်း သေချာပေါက် အံ့ဩသွားရမယ့် တစ်စုံတစ်ခု ပေးမယ်

"အဲ့ဒါက မင်းတို့ မိစ္ဆာချုပ်နှောင်သူအဖွဲ့နဲ့ ပတ်သက်တယ်။ အဲဒီပစ္စည်းနဲ့ဆိုရင် ... မင်း မိစ္ဆာချုပ်နှောင်မှော်သိုင်းတစ်ခုကို ရရှိနိုင်မယ်"

မန်ဟိုက သွေးမိစ္ဆာတောင်ကို မော့ကြည့်လိုက်သည်။ သူသည် စကားမပြောသော်လည်း ရင်တဒိန်းဒိန်း ခု‌န်နေ၏။ ဤအခိုက်အတန့်တွင် သွေးမိစ္ဆာဂိုဏ်းချုပ်က ... သူ၏ မိစ္ဆာချုပ်နှောင်သူဆိုသော ရာထူးကို အရေးထားကြောင်း သေချာသွားလေပြီ။

"ငါသိဖို့ ကျန်သေးတဲ့ မိစ္ဆာချုပ်နှောင်သူတွေရဲ့ လျှို့ဝှက်ချက်တွေက ဘာများဖြစ်မလဲ" သူက တွေးလိုက်သည်။ သူ့အနေဖြင့် မိစ္ဆာချုပ်နှောင်သူ ဖြစ်လာခဲ့သည်မှာ ‌နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည့်တိုင် အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်နဲ့ သမာဓိအပ်နှင်းခြင်းပညာရပ်ကိုသာ အသုံးပြုနိုင်သေးလေသည်။

***

All Chapters