← Chapters

သတ်  

Vol. 51 Ch. 706

သတ်  

Vol. 51 Ch. 706

ဝှစ်  ဝှစ်  ဝှစ်

သံမဏိသွေးတောင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများက အံတင်းတင်းကြိတ်၍ အသတ်အဖြတ်စိတ်ဆန္ဒများ ထုတ်လွှတ်ရင်း မန်ဟို့ဘေးမှ ဖြတ်ကာ ဝမ်ယိုချိုင်ဆီသို့ ဦးတည်သွားကြသည်။

မှန်သည်၊ သူတို့ကား ဝမ်ယိုချိုင်ကို သတ်မည်မဟုတ်။ သို့သော် ဒဏ်ရာအပြင်းအထန်ရအောင်တော့ လုပ်လိမ့်မည်။ အထူးသဖြင့် သူတို့က ငရဲခန်းမအား ကိုယ်စားပြုပြီး သူတို့၏အစ်ကိုကြီးချန်းကိုယ်တိုင် အမိန့်ပေးခဲ့သည်ကို ထည့်တွက်လျှင်ပင်။ သူတို့အမြင်တွင် သူတို့သည် နောက်ကွယ်၌ သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦး ရှိ၍ အသာစီးရထားလေ၏။ မလောက်လေးစား သွေးမင်းသားတစ်ဦးအနေဖြင့် သူတို့ထက် သာလွန်သော ကျင့်ကြံခြင်းအခြေခံရှိလျှင်တောင်မှ သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦးကို တန်ပြန်တိုက်ခိုက်နိုင်မည်မဟုတ်ပေ။

ဤအကြောင်းရင်းကြောင့် သူတို့၏အသတ်အဖြတ်စိတ်ဆန္ဒသည် ပို၍ပင် အားကောင်းလာ၏။ မှော်ပစ္စည်းများ ပေါ်လာပြီး သွေးရောင်အလင်းက အထက်ကောင်းကင်ဘုံအထိတိုင် ထိန်ထိန်လင်းနေချေသည်။ တောင်အားလုံးရှိ လူတိုင်းလူတိုင်း၏ အကြည့်များအောက်တွင် သူတို့ကား ရှေ့ဆက်သွားနေလေသည်။

ချန်းရီသည် ဤစမ်းသပ်ချက်အား မန်ဟို မည်သို့ တုံ့ပြန်မလဲ မြင်ရရန် စောင့်ရင်း မန်ဟိုကို စိန်းစိန်းဝါးဝါး ကြည့်ကာ သွေးအေးအေး ပြုံးနေ၏။

"ငါ့နှလုံးသားထဲမှာ အကြင်နာမဲ့ရက်စက်မှု ကိန်းအောင်းနေတယ်" မန်ဟိုက ရေရွတ်လိုက်သည်။ "အဲ့ဒါက ငါ နဂါးငွေ့တန်းပင်လယ်မှာ သေဆုံးသွားခဲ့ကတည်းက ရှိနေခဲ့တာပဲ...." သူသည် ညာလက်ကို မြှောက်၍ လက်ချောင်းတစ်ချောင်းအား ပုံမှန်အတိုင်း ဝှေ့ယမ်းလိုက်၏။

လက်ချောင်းမှာ လေထုမှတစ်ပါး အခြားမည်သည့်အရာအပေါ်ကိုမှ မသက်ရောက်လိုက်သော်လည် မျက်စိတစ်မှိတ်လေးအတွင်း သံမဏိသွေးတောင်ကျင့်ကြံသူများအနက် အမြန်ဆုံးလူမှာ ချက်ချင်း တုန်ရီလာတော့သည်။ ဇဝေဇေဝါဖြစ်သွားသော အရိပ်အယောင်က သူ၏မျက်နှာတွင် ဖြတ်ပြေးသွားပြီး သူ့မှာ သွေးတစ်လုပ် အန်လိုက်ရသည်။ တခဏကြာသော် သူကား ဖောင်းခနဲ ပေါက်ကွဲသွားတော့၏။

မမြင်ရသော ဧရာမလက်ကြီးနှစ်ဖက်က သူ့ကို ဖောက်ခနဲ ဖြစ်ပစ်လိုက်သည့်အလားပင်။

ဖြစ်ပျက်သွားသော အမြန်နှုန်းကား လိုက်၍ပင် မမှီပေ။ အလွန်ရုတ်တရက် ဆန်လွန်းသဖြင့် ကြည့်ရှုနေခဲ့သော လူအားလုံး ကြက်သေသေကုန်တော့၏။

မန်ဟို့အနောက်တွင် ဝမ်ယိုချိုင် မျက်နှာပျက်သွားပြီး ရင်ဒိန်းဒိန်း ခုန်လာတော့သည်။ "မကောင်းတော့ဘူး" သူက တွေးလိုက်သည်။ "မန်ဟိုက စိတ်လိုက်မာန်လွန်းအားကြီးတယ်။ ငါ ဘာလုပ်သင့်လဲ"

စိုးရိမ်မှုတို့ သူ၏ရင်ထဲတွင် မြင့်တက်လာသည်။ ချန်းရီက မန်ဟို့ကို စမ်းသပ်နေရုံသာ ဖြစ်ကြောင်း သူ ပြောနိုင်သော်လည်း မန်ဟိုက ဤမျှကမူးရှူးထိုး လုပ်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ဖူးပေ။

ချန်းရီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ယခင်က သူသည် သွေးမင်းသားအနေဖြင့် သေလောက်အောင် တိုက်ခိုက်လိမ့်မည်မဟုတ်ဟုသာ တွက်ထားခဲ့၏။ သို့သော် ဤအလှည့်အပြောင်းက သူ့ရင်ထဲတွင် ဝမ်းသာပျော်ရွှင်မှုတို့ ဖြစ်ပေါ်လာစေတော့သည်။ သွေးမင်းသားမှာ အတွေ့အကြုံနုနယ်လွန်းသည်ဟု သူ မစဉ်းစားမိဘဲ မနေပေ။ ချန်းရီ ရှေ့တက်လိုက်စဉ် သူ၏မျက်လုံးများ၌ သွေးအေးမှုတို့ တောက်ပသွား၏။

"သွေးမင်းသား" သူက ဟိန်းဟောက်လိုက်သည်။ "ဂိုဏ်းစည်းကမ်းတွေကို ဘယ်လိုတောင် ဖောက်ဖျက်ရဲတာလဲ"

တစ်ချိန်တည်းမှာပင် ဒုတိယတောင်ထိပ်အပေါ်ရှိ အရိပ်သဖွယ်ပုံစံများနှင့် တပည့်ခုနစ်ဦးသည် ဖြစ်ပျက်နေသောအရာကို မျက်လုံး တဖျပ်ဖျပ် လက်လျက် စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

စတုတ္ထတောင်ထိပ်အပေါ်ရှိ ယပ်တောင်နှင့်လူငယ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ထူးဆန်းသော အလင်းရောင်တစ်ခု သူ၏မျက်လုံးများတွင် ပေါ်လာသည်။

ပဉ္စမတောင်အပေါ်ရှိ ခါးကုန်းအဘိုးကြီး၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ သူ့ဘေးရှိ လှပသော မိန်းကလေးမှာ တအံတဩ စိုက်ကြည့်နေသည်။ မန်ဟိုက အမှန်တကယ် လူသတ်လိမ့်မည်ဟူ၍ သူမ ဘယ်တော့မှ မထင်ထားခဲ့ဖူးပေ။

"ဒီတော့ ဒီသွေးမင်းသားက တော်တော်လေး ရက်စက်တဲ့သူ ဖြစ်နေတာကိုး" ခါးကုန်းကုန်း အဘိုးကြီးက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချရင်း ပြောသည်။ "ဒါပေမဲ့ နည်းနည်း စိတ်လိုက်မာန်ပါတတ်တဲ့အပြင် ငယ်လည်း ငယ်သေးတယ်။ သူက ငါ့လို အကြာမှအကြာကြီး ရှင်သန်နေထိုင်ခဲ့ဖူးတဲ့သူနဲ့တော့ ဘယ်တူပါ့မလဲ"

မန်ဟိုက ပတ်ဝန်းကျင်ရှိ လူတိုင်း၏ တုံ့ပြန်မှုကို လုံးလုံးလျားလျား လျစ်လျူရှုထားလေသည်။ သူသည် နောင်တကမ္ဘာအတွင်း နစ်မျောနေသည့်အလား ထင်ရ၏။

"အကြင်နာမဲ့ရက်စက်မှုက ပြန်လည်မွေးဖွားခြင်းဂူမှာ အားကောင်းလာခဲ့တယ်...." သူက သက်ပြင်းချလိုက်သည်။ သူသည် လက်ချောင်းကို ထပ်မံ ဝှေ့ယမ်းလိုက်ရာ လာနေသော ဒုတိယအနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ မျက်နှာပျက်သွားပြီး တုံ့ခနဲ ရပ်သွား၏။ တဂျိန်းဂျိန်း ထစ်ချုန်းသံများ ပဲ့တင်ထပ်လာပြီးနောက် သူကား ခန္ဓာကိုယ်ရော၊ ဝိညာဉ်ပါ ပေါက်ကွဲသွားတော့သည်။

နောက်တစ်ယောက် အသတ်ခံရပြန်လေပြီ။

ဤမြင်ကွင်းက ချန်းရီ၏မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေသည်။ ပျော်ရွှင်မှု‌ကြောင့်တော့မဟုတ်၊ အံ့ဩထိတ်လန့်မှုကြောင့်ပင်။ စောစောက သူသည် မန်ဟို‌အနေဖြင့် တစ်ယောက်လောက် သတ်ပြီးလျှင် ရပ်မည်ထင်ခဲ့သော်လည်း မမျှော်လင့်ထားဘဲ နောက်တစ်ယောက် သတ်လိုက်ပြန်လေပြီ။

တစ်ဆက်တည်းမှာပင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏မျက်လုံးများမှာ ထူးဆန်းစွာ တောက်ပလာတော့သည်။ တောင်ပေါ်ရှိ ဂိုဏ်းသားများလည်း အံ့ဩမှင်သက်နေကြ၏။

"ချင်းလော်ဂိုဏ်းမှာ .... အကြင်နာမဲ့ရက်စက်မှုက ပေါက်ကွဲထွက်လာခဲ့တယ်" မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ဒါပေမဲ့ အာသာမပြေဘဲ ငါ့ရင်ထဲမှာ အစိုင်အခဲဖြစ်တည်ပြီး ပိုလို့တောင် ကြီးထွားရင်း ... သွေးမိစ္ဆာဂိုဏ်းချုပ် ပြောခဲ့တဲ့အတိုင်း နတ်ဆိုးဆန်မှုအဖြစ် ပြောင်းလာခဲ့ပြီ"

တတိယအနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူမှာ သူ၏အပေါင်းအဖော်နှစ်ယောက် သူ့မျက်‌စိရှေ့မှာတင် အသတ်ခံလိုက်ရသည်ကို ကြည့်ရင်း ‌ကြက်သေသေနေတော့၏။ သူသည် နောက်ဆုတ်ချင်ပါသော်လည်း ထိုအခိုက်အတန့်တွင် မန်ဟိုက လက်မြှောက်၍ လက်ချောင်းကို တတိယအကြိမ် ဝှေ့ယမ်းလိုက်လေပြီ။

"အစ်ကိုကြီး ကယ်ပါဦး ..." ထိုလူက အာခေါင်ခြစ်အော်လိုက်သည်။ သို့သော် သူ၏ခန္ဓာကိုယ်မှာ ဖောင်းခနဲ ပေါက်ကွဲသွားတော့၏။ လူတိုင်းမှာ စောစောက အဖြစ်အပျက်ကို ငေးငေးကြောင်ကြောင် ကြည့်ရင်း ပြင်းပြင်းထန်ထန် တုန်ရီနေတော့သည်။

"ဟ ...  တကယ်ကြီး သုံးယောက်လုံးဆက်တိုက် သတ်ပစ်လိုက်တာပဲ"

"အ,လိုက်တာကွာ ။ ဒီကောင်က တကယ် အရူးပဲ။ သွေးမိစ္ဆာဂိုဏ်းကို အခု‌မှ ရောက်လာပေမယ့် ခေါင်းငုံ့ခံမနေတဲ့အပြင် ဒီလိုမျိုးလုပ်ရဲတယ် ကြည့်စမ်း"

"သူတော့ အခု ဒုက္ခလှလှရောက်ပြီ။ ဂိုဏ်းထဲက ဂိုဏ်းတူအဖွဲ့ဝင်တွေကို သတ်ရဲရုံတင်မကဘူး၊ ငရဲခန်းမဂိုဏ်းသားတွေကိုမှ သတ်ဖို့ရွေးလိုက်တာ"

စကားသံများ ဆူညံပွက်လောရိုက်နေစဉ် ချန်းရီက မန်ဟို့ကို တစ်ချိန်လုံး စိန်းစိန်းဝါးဝါး ကြည့်ရင်း လေပေါ်ပျံတက်လိုက်သည်။ ပထမက သူသည် အံ့ဩတုန်လှုပ်နေခဲ့သော်လည်း အံ့ဩတုန်လှုပ်မှုနေရာတွင် အကန့်အသတ်မဲ့သော ဝမ်းသာပီတိတို့ အစားထိုးဝင်ရောက်လာ၏။ စိတ်ထဲတွင် သူကား အော်ဟစ်ရယ်မောနေလေသည်။

"ငါ့ဆရာတွေက သူ့ကို ရန်အရင်မစဖို့ မှာထားပေမယ့်" သူက တွေးလိုက်သည်။ "ဒီငတုံးကောင်က သတ်ဖို့ ဆုံးဖြတ်လိုက်ဝာယ်ကိုး။ သူ့ရဲ့အဆင့်အတန်းအရဆိုရင် တစ်ယောက်သတ်တာက သည်းခံပေးလို့ရမှာ။ သုံးယောက်သတ်တာကတော့ ... အဲ့ဒီအတိုင်းသာဆိုရင် ငါ သူ့ကို နည်းနည်းပါးပါး ပိုသတ်အောင် လုပ်နိုင်ရင် သူ သေချာပေါက် သေမင်းနဲ့ကစားနေသလို ဖြစ်လိမ့်မယ်"

အတွေးရထားကြီး ဤနေရာရောက်သော် ချန်းရီက ပြုံးလိုက်သည်။

"မင်းကို သွေးမင်းသားအနေနဲ့ ငါ လေးစားခဲ့တယ်" ချန်းရီက အော်ဟစ်ပြောသည်။ "မင်းက တုံ့ပြန်တဲ့အနေနဲ့ ဂိုဏ်းထဲမှ သေစေလောက်တဲ့ တိုက်ကွက်တွေကို ထုတ်ရဲတဲ့အပြင် ငရဲခန်းမကိုတောင် ရန်စရဲခဲ့တယ်။ မင်း ကျင့်ကြံခြင်းအခြေခံအဆင့် ဘယ်လောက်ပဲဖြစ်ဖြစ် မင်း သေချာပေါက် အပြစ်ပေးခံရမယ်။ ကိုယ့်လူတို့ ....  သူ့ကို အချုပ်ခန်းထဲ ခေါ်သွားကြ"

သံမဏိသွေးတောင်၏ ဂိုဏ်းသားများမှာ တွန့်ဆုတ်နေကြသည်။ သို့သော် ဤအခိုက်အတန့်တွင် သံမဏိသွေးတောင်မှ ကြောက်ခမန်းလိလိ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်လှိုင်းများ ဖြာထွက်လာ၏။

"သွေးမင်းသား ရာဇဝတ်မှုကျူးလွန်ရင် တခြားသူတွေလိုပဲ ဆက်ဆံခံရမယ်" ရှေးဆန်သောအသံကြီးက တည်ကြည်လေးနက်စွာ ပြောသည်။ "အချုပ်ခန်းထဲ ခေါ်သွားပြီး သံမဏိသွေးတောင်ကို ခေါ်လာခဲ့။ ကလန်ကဆန် ပြန်လုပ်ရင် ချက်ချင်း ဖမ်းချုပ်လိုက်" စကားလုံးများ တစ်ဂိုဏ်းလုံး ပဲ့တင်ထပ်သွားစဉ် ချန်းရီ၏အမူအရာမှာ ရိပ်ခနဲ ဖြစ်သွားပြီး သူကား မောက်မောက်မာမာ ရယ်တော့သည်။

"ဒီကောင်တော့‌ သေပြီ" သူက တွေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ချန်းရီနှင့်အတူ ပါလာသော ဂိုဏ်းသားများမှာ စိတ်လှုပ်ရှားသွားလာကြပုံရသည်။ ယခုတွင် သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦး၏ အထောက်အပံ့ရပြီဖြစ်၍ သူတို့မှာ ယုံကြည်ချက်ရှိလာကြတော့သည်။ သူတို့သည် သွေးမင်းသားအနေဖြင့် သူတို့ကို တိုက်ခိုက်ရဲမည်မဟုတ်ဟု တစ်ရာရာခိုင်နှုန်း သေချာသဖြင့် ချက်ချင်း မန်ဟို့ဆီ ပြေးတက်သွားကြလေ၏။ သွေးမင်းသား တိုက်ခိုက်လျှင် သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ယောက် ချက်ချင်း ရောက်လာလိမ့်မည်ဖြစ်သည်။

ထိုစဉ် ဒုတိယတောင်ထိပ်၊ ‌အမှောင်နတ်ဘုံတောင်အပေါ်ရှိ ဘုရား‌ကျောင်းတွင် အမှောင်နတ်ဘုံခေါင်းဆောင်ကြီးသည် ကောင်လေးတစ်ယောက်ပုံစံဖြင့် တင်ပျဉ်ခွေထိုင်နေ၏။ သူသည် စာပေသမားဝတ်ရုံကို ဝတ်ဆင်ထားပြီး တောင်အောက်သို့ ကြည့်နေစဉ် သူ၏မျက်နှာအမူအရာမှာ တင်းမာခက်ထန်နေသည်။

ဘုရားကျောင်းအပြင်တွင် တပည့်ခုနစ်ယောက်လုံးသည် ဖြစ်ပျက်နေသောမြင်ကွင်းကို အထင်‌သေးစွာ ကြည့်နေကြသည်။ သူတို့၏ မန်ဟို့အပေါ် အထင်သေးမှုမှာ ယခင်ထက်ပင် ကြီးမားနေလေပြီ။ သူ့တွင် စဉ်းစားဆင်ခြင်တတ်သည့် ဦးနှောက်မရှိဟု သူတို့ ယုံကြည်နေကြ၏။

ရိုးရှင်းသော စမ်းသပ်မှုလေးကို တုံ့ပြန်သည့်အနေဖြင့် သူကား အားနည်းမှုကို ချက်ချင်း ဖော်ပြလိုက်သည်မဟုတ်ပါလော။

စတုတ္ထတောင်ထိပ်အပေါ်တွင် ယပ်ဝောာင်နှင့် လူငယ်သည် တဟားဟား ရယ်နေ၏။ "ဒီသွေးမင်းသားက တော်တော်အတွေ့အကြုံမရှိတာပဲ" သူက တွေးသည်။ "ကျင့်ကြံခြင်းအခြေခံက အံ့ဖွယ်ကောင်းပေမယ့် ဘယ်လိုပြုမူနေထိုင်ရမလဲ မသိဘူးပဲ။ အင်း ဒါက သူ့အတွက် သင်ခန်းစာပေါ့လေ။ နောက်ဆုံးတော့လည်း သူက သွေးမင်းသားဆိုတဲ့ဘွဲ့နဲ့ မတန်ပါလား။ မကြာခင် ခေါင်းငုံ့အရှုံးပေးရတော့မှာ သေချာတယ်"

ပဉ္စမ‌တောင်ထိပ်အပေါ်ရှိ ခါးကုန်းကုန်းအဘိုးကြီးက သက်ပြင်းချလိုက်သည်။ "ငယ်လွန်းတယ်"

မန်ဟိုက ခေါင်းမော့လာပြီး သူ၏မျက်လုံးများက အေးစက်နေ၏။ အမှန်တွင် သူ၏တစ်ကိုယ်လုံးမှာ ရေခဲတုံးကြီးအလား ဖြစ်နေပြီး သူ့ကိုယ်အတွင်းရှိ အကြင်နာမဲ့ရက်စက်သောအရှိန်အဝါမှာ ပြင်းပြင်းထန်ထန် ‌ပေါက်ကွဲထွက်လာတော့သည်။

"ငါ့ရဲ့ အကြင်နာမဲ့ရက်စက်မှုက နတ်ဆိုးဆန်မှုအဖြစ် ပြောင်းသွားခဲ့ပြီ" သူက ရေရွတ်လိုက်သည်။ "ပြီးတော့ ငါကိုယ်တိုင်လည်း မထိန်းချုပ်နိုင်ဘူး။ ငါ့တာအိုနဲ့ မကိုက်ညီပေမယ့်လည်း ... ဒီလိုဖြစ်နေမှတော့ ထိန်းချုပ်မနေဘဲ ထုတ်ဖော်လိုက်ရုံပဲ ရှိတယ်"

မန်ဟိုသည် ရှေ့တစ်လှမ်းတက်လိုက်ပြီး မျက်တောင်တစ်ခတ်လေးအတွင်း သူ၏အသတ်အဖြတ်စိတ်ဆန္ဒမှာ ပေါက်ကွဲထွက်လာခဲ့လေပြီ။ တစ်ချိန်တည်းမှာပင် သူက အင်္ကျီလက်စကို ခါရမ်းလိုက်၏။

၎င်းက သာမန်လက်လေးတစ်ဖက် ဝှေ့ယမ်းလိုက်ရုံသာ ဖြစ်သော်လည်း ‌တုန်လှုပ်ချောက်ချားစရာကောင်းသော လေပြင်းတစ်ချက်အား တိုက်ခိုက်သွားစေသည်။ ၎င်းသည် ကောင်းကင်ပျက်စီးခြင်းလေအလား လာနေသော ကျင့်ကြံသူတစ်ဒါဇင်ကို တိုးဝှေ့ရင်း အရပ်မျက်နှာတစ်ခွင် ပျံ့နှံတိုက်ခတ်သွားလေ၏။

၎င်း သူတို့ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် သူတို့၏မျက်နှာများ ပျက်ယွင်းသွားပြီး ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ ကျင့်ကြံခြင်းအဆင့် မည်မျှအံ့မခန်းဖွယ်ရာ ဖြစ်စေကာမူ သူတို့မှာ လေအားကို မခံနိုင်သဖြင့် ခန္ဓာကိုယ်များ စုတ်ပြတ်သပ်ကုန်ကြသည်။ သွေးများ၊ အသားစိုင်များက အရပ်လေးမျက်နှာသို့ တဖွားဖွား လွင့်စင်ပျံထွက်သွားကြသည်။

ချန်းရီ၏မျက်နှာမှာ လူသေကောင်ကြီးပမာ ဖြူ‌ဆုပ်နေပြီး သူ၏သူငယ်အိမ်များကား ကျဉ်းမြောင်းနေ၏။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့် ဖြစ်သည့်အတွက် လေကို ခံနိုင်သည်ဆိုရုံလေး ခံနိုင်သွားသည်။ သို့သော် ‌လေက သူ့ကို လှည့်ပတ်ရစ်သိုင်းရင်း ရက်ရက်စက်စက် ဖြစ်ညစ်ပစ်လိုက်သော ဧရာမလက်ကြီးတစ်ဖက် အသွင်ပြောင်းသွားလေသည်။

၎င်း ဖြစ်ညစ်လိုက်သည့်အခါ အရိုးကျိုးသံများ တဂျွတ်ဂျွတ် မြည်လာသည်။ ချန်းရီက ‌‌ထိတ်ထိတ်ပျာပျာ အော်လိုက်သည်။ "ဆရာတို့၊ ကယ်ပါဦး"

စောင့်ကြည့်နေသူများ ဤအခြင်းအရာကို မြင်သောအခါ အလွန်အမင်းအံ့ဩခြင်းတို့ ဖြစ်ကုန်ကြသည်။ ဒုတိယတောင်ထိပ်အပေါ်ရှိ အမှောင်နတ်ဘုံခေါင်းဆောင်ကြီးက ထရပ်လိုက်သည်။ ဘုရားကျောင်း၏အပြင်ရှိ တပည့်ခုနစ်ယောက်လည်း ကြက်သေသေနေကြ၏။

စတုတ္ထတောင်ထိပ်နှင့် ပဉ္စမတောင်ထိပ်အပေါ်တွင်လည်း ထိုအတိုင်း ဖြစ်ပျက်သွားသည်။

"သူ ဘာလုပ်နေတာလဲ"

"ဘာလို့ ဒီလောက်အများကြီး သတ်ပစ်တာတုန်း"

"ငရဲခန်းမကို စိန်ခေါ်နေတာလားဟ"

"ဒါ ... ဒါက စမ်းသပ်မှုလေးတစ်ခုပဲကို ဒီလိုတုံ့ပြန်တယ်တဲ့လား"

ဤအခိုက်အတန့်တွင် သံမဏိသွေးတောင်မှ  အေးစက်စက်နှာမှုတ်သံတစ်သံ ပဲ့တင်ထပ်လာပြီး နတ်ဘုရားအာရုံစီး‌ကြောင်းနှစ်ကြောင်းက ချန်းရီကို ကယ်ရန် အောက်သို့ ထိုးဆင်းလာကြ၏။

လေလယ်ရှိ ဧရာမလက်ကြီးက ရုတ်တရုတ် အားထည့်ပြီး ဖြစ်ညစ်ပစ်လိုက်စဉ် မန်ဟိုက တည်ငြိမ်အေးဆေးလျက်သာ ရှိချေသည်။

"လက်ဖယ်စမ်း" နတ်ဘုရားအာရုံစီးကြောင်းနှစ်ကြောင်းက ဟိန်းဟောက်လိုက်သည်။

အသံကြီး မြည်ဟည်းလာသည့်အချိန်မှာပင် ချန်းရီအော်သံမှာ အသံအစူးဆုံးအထိ ရောက်ရှိသွားတော့၏။

"မလုပ်နဲ့ ..." သူက အော်သည်။ "ဒါက ... ဒါက စမ်းသပ်မှုလေးတစ်ခု......." သူ စကားပြောမဆုံးခင်မှာပင် သူ၏ခန္ဓာကိုယ်သည် ခြေလက်များ ရုပ်ပျက်ဆင်းပျက် ပြတ်ထွက်သွားကာ ဖောက်ခနဲ ပေါက်ကွဲသွားတော့၏။ သူ၏အနုသုခုမရုပ်ခန္ဓာလည်း အလျှင်းဖျက်စီးခံလိုက်ရသည်။ သူကား ခန္ဓာကိုယ်နှင့်တကွ ဝိညာဉ်ပါ သေဆုံးသွားလေပြီ။

သူ့အတွက် စမ်းသပ်မှုလေးသက်သက်သာ ဖြစ်သော်လည်း မန်ဟို့အတွက်တော့ ... တိုက်ခိုက်ခြင်းနှင့် ပတ်သက်လျှင် စမ်းသပ်မှုဆိုဝာာမျိုး မရှိပေ။

သုသာန်တစပြင်ပမာ တိတ်ဆိတ်‌နေ၏။ စမ်းသပ်မှုလေးတစ်ခုက ဤသို့အဆုံးသတ်သွားလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြပေ။ အချိန်အနည်းငယ်ကြာသော် နတ်ဘုရားအာရုံစီးကြောင်းနှစ်ကြောင်းက မန်ဟို့ထံသို့ ထိုးဆင်းလာသည်။

"မင်း သေချင်နေလား" တစ်ကြောင်းက ဟိန်းဟောက်‌မာန်မဲလိုက်သည်။

"ရာရာစစ ငါ့ရဲ့ သံမဏိသွေးတောင်ဂိုဏ်းသားတွေကို သတ်ရဲရတယ်လို့။ မင်းကို အရိုးတခြား၊ အသားတခြား ဖြစ်အောင် လုပ်ပစ်မယ်ကွ" သံမဏိသွေးဝောာင်ခေါင်းဆောင်ကြီးနှစ်ဦးမှာ သိသိသာသာ ဒေါသူပုန်ထနေကြသည်။ လောလောဆယ်တွင် မန်ဟိုက သွေးမင်းသားဖြစ်နေပါစေ၊ သူ၏ကျင့်ကြံခြင်းအခြေခံက ထူးခြားနေပါစေ၊ သူတို့အတွက် မည်သည့်အရာမှ အရေးမကြီးတော့ပေ။

အမှန်အတိုင်းပြောရလျှင် မန်ဟို၏ကျင့်ကြံခြင်းအခြေခံနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုက ထူးခြားနေသည်။ ရှင်ခြင်းနှင်းပန်း၏ အသက်စွမ်းအားက သူ၏ဒုတိယခွဲထွက်ခြင်းအရိပ်အယောင်များကို ဖုံးကွယ်ပေးထားသည့်အတွက် သူ့ကို ပထမခွဲထွက်ခြင်းအဆင့်တွင်သာ ရှိသေး‌သယောင် ထင်ရစေသည်။

ဝုန်း

သူ၏နတ်ဘုရားအာရုံမှာ အလွန်တရာ အားကြီးလှသည်။ သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦးသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများ ဖြစ်လင့်ကစား အရေးမကြီးပေ။ သူတို့နတ်ဘုရားအာရုံစီး‌ကြောင်းများမှာ မန်ဟို၏နတ်ဘုရားအာရုံကို တောင့်ခံနိုင်စွမ်းမရှိသဖြင့် ရုတ်ခြည်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားတော့၏။

ကြီးမားသောလှိုင်းများက သစ်ပင်ပန်းမန်များကို ဒေါသတကြီး တိုက်ခတ်ရင်း သွေးမိစ္ဆာဂိုဏ်းတစ်ဝန်းလုံး သောင်းကျန်းသွားသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

မန်ဟိုက တွန့်ဆုတ်ဝန်လေးမှု တစိုးတစဉ်းမျှ မရှိသော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်ပြီး သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်ပစ်လိုက်သည်။

"ငါ့ကို နှိမ်နင်းဖို့ ဒီကို လာစရာ မလိုပါဘူး" မန်ဟိုက အေးအေးဆေးဆေး ပြောသည်။ "မင်းတို့နှစ်ယောက်ကို နှိမ်နင်းဖို့ အဲ့ဒီကို ငါ လာခဲ့မယ်" သူကား ထိုသို့ပြောပြီး ပထမတောင်ထိပ်သို့ တန်းတန်းမတ်မတ် ဦးတည်သွားလေပြီ။

ဤအခိုက်အတန့်တွင် သွေးမိစ္ဆာဂိုဏ်းတစ်ဂိုဏ်းလုံး ဆူညံပွက်လောရိုက်သွားတော့၏။

***

All Chapters