← Chapters

ချိုးနှိမ်ခြင်း

Vol. 51 Ch. 707

ချိုးနှိမ်ခြင်း

Vol. 51 Ch. 707

မန်ဟို့အတွက် တောင်ထိပ်သို့ ရောက်ရန် ခြေတစ်လှမ်းလှမ်းရုံသာ လိုလိုက်သည်။ သူ ၎င်းအပေါ် ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် သံမဏိသွေးတောင်တစ်တောင်လုံး တုန်ခါသွား၏။ တောင်ထိပ်ရှိ ဘုရားကျောင်းထဲတွင် သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦး မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားပြီး စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်စွမ်းအင်လှိုင်းများကို ထုတ်ဖော်လိုက်သည်။

တဂျိန်းဂျိန်း ထစ်ချုန်းသံများ ကောင်းကင်နှင့်မြေကြီးတွင် ပြည့်နှက်သွားပြီး အရပ်လေးမျက်နှာရှိ မြူခိုးတိမ်တိုက်များ တဖွေးဖွေး လှုပ်ကုန်သည်။ တစ်ချိန်တည်းမှာပင်  ဧရာမမျက်နှာကြီးတစ်ဖက်က သံမဏိသွေးတောင်၏အထက် လေလယ်တွင် ပေါ်လာသည်။ ၎င်းသည် သွေးရောင်အတိလွှမ်းနေပြီး ချိုကြီးနှစ်ခုက ၎င်း၏နဖူးမှ ထိုးထွက်နေလေသည်။

၎င်းကား ပြိုင်ဘက်ကင်းလောက်အောင် ရက်စက်ကြမ်းကြုတ်မည့်ပုံပင်။ သံမဏိသွေးတောင်ခေါင်းဆောင်ကြီးနှစ်ဦးမှာမူ သူတို့ဝတ်ရုံများသည် လေတွင် အကြမ်းပတမ်း လူးလွန့်လှုပ်ရှားနေပြီး သူတို့လက်ထဲတွင် အသွားနှစ်ဖက်ပုဆိန်ကြီးများကို ကိုင်ထားလေ၏။

ပုဆိန်ကြီးများမှာ မိစ္ဆာလက်နက်ဖြစ်ပေသည်။ ခေါင်းဆောင်ကြီးနှစ်ဦးသည် အစွမ်းထက်သောရန်သူနှင့် ရင်ဆိုင်နေရ၍ ရင်တဒိန်းဒိန်း ခုန်နေတော့သည်။

“သူ ... ဒီလောက်အစွမ်းထက်တာ ယုံတောင်မယုံနိုင်ဘူး”

“သူ့ ကျင့်ကြံအဆင့်က ဘာအဆင့်လဲ။ ဒုတိယခွဲထွက်ခြင်းအဆင့်ဆိုတဲ့ အရိပ်အယောင်ကို မမြင်ရပေမယ့် ပထမခွဲထွက်ခြင်း မဟာစက်ဝန်းအဆင့်ဆိုရင်တောင်မှ ဒီလောက်အားကောင်းတဲ့ နတ်ဘုရားအာရုံ မရှိသင့်ဘူး”

ခေါင်းဆောင်ကြီးနှစ်ဦး ပေါ်လာသည့်အခိုက်အတန့်မှာပင် မန်ဟိုသည် လှေကားထစ်များအပေါ် ခြေချ၍ ပထမတောင်ထိပ်သို့ တက်လာပြီဖြစ်သည်။ သူသည် ထိပ်ဆုံးသို့ တစ်လှမ်းချင်း၊ တစ်လှမ်းချင်း တက်သွား၏။

မျက်လုံးအားလုံးက သူ့အပေါ် ကျရောက်နေပြီး လူတိုင်းသည် ဤအခိုက်အတန့်တွင် မန်ဟိုကား သူ၏ဘွဲ့နှင့် အမှန်တကယ် ထိုက်တန်သည်ဟူ၍ တွေးနေကြလေပြီ။

ဒုတိယတောင်ထိပ်၏အပေါ်တွင်  စာပေသမားကောင်လေးပုံစံနှင့် အမှောင်နတ်ဘုံခေါင်းဆောင်ကြီးသည် မန်ဟိုနှင့် သံမဏိသွေးခေါင်းဆောင်ကြီးအကြား နတ်ဘုရားအာရုံတိုက်ပွဲရလဒ်ကို အာရုံရသွား၏။ သူသည် မျက်နှာတစ်ခုလုံး အံ့ဩတုန်လှုပ်ခြင်းတို့ ဖုံးလွှမ်းနေလျက် ငေါက်ခနဲ ထရပ်ပြီးနောက် ဘုရားကျောင်း၏အပြင်သို့ ချက်ချင်း နေရာရွှေ့ပြောင်းလိုက်တော့သည် ။

အပြင်တွင် သူ၏တပည့်ခုနစ်ယောက်မှာ ပင့်သက်ရှိုက်နေကြပြီး သူတို့၏မျက်နှာများအပေါ်တွင် မယုံကြည်နိုင်မှုတို့ ဖုံးလွှမ်းနေလေသည်။

“သူက သံမဏိသွေးခေါင်းဆောင်ကြီးနှစ်‌ယောက်ရဲ့ နတ်ဘုရားအာရုံတွေကို တစ်ယောက်တည်း ခုခံတိုက်ခိုက်ခဲ့ဝာာလား”

“သူ... သူ့မှာ ဘယ်လိုကျင့်ကြံခြင်းအခြေခံမျိုး ရှိတာလဲ”

“သူ ဘာလုပ်နေတာတုန်း။ ဒါက စမ်းသပ်မှုလေးတစ်ခုပဲ မဟုတ်ဘူးလား”

“တိတ်ကြစမ်း” အမှောင်နတ်ဘုံခေါင်းဆော်ကြီးက မာန်မဲလိုက်သည်။ သူ၏တပည့်ခုနစ်ဦးမှာ လန့်သွားပြီး ဆောင်းလယ်က ပုစဉ်းရင်ကွဲများသဖွယ် တိတ်ဆိတ်သွားလေသည်။

စတုတ္ထတောင်ထိပ်အပေါ်ရှိ အဘိုးကြီးသုံးဦးလည်း မီးတောက်မီးလျှံ တဟုန်းဟုန်း တောက်လျက် ဘုရားကျောင်းမှ အပြေးအလွှား ထွက်လာကြသည်။ သူတို့ ပထမတောင်ထိပ်သို့ လှမ်းကြည့်လိုက်စဉ် သူတို့၏မျက်နှာများမှာ အံ့ဩထိတ်လန့်နေဟန်ရှိသည်။

အဖြစ်အပျက်တစ်ခုလုံးကို အထင်သေးနေသော မျက်နှာထားဖြင့် ‌ကြည့်နေခဲ့သော ယပ်တောင်နှင့်ကောင်လေးမှာတော့ ယခုတွင် ပါးစပ်အဟောင်းသားဖြစ်နေပြီး အသက်ပင် မရှူနိုင်တော့ပုံပင်။

သူသည် ရုတ်တရက် ဤသည်မှာ သွေးမင်းသား မရင့်ကျက်နေသော အခြေအနေနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ အလွန်မြင့်မားလွန်းသည့်အတွက် မည်သည့်ပရိယာယ်ဗျူဟာမှ ခင်းစရာ မလိုအပ်ခြင်းပင်။ သူကား တစ်ချက်တည်းနှင့် ရန်သူများကို ရှင်းပစ်ခဲ့သည် မဟုတ်ပါလော။

မန်ဟို လှေကားထစ်များအတိုင်း တက်လာသည်နှင့်တစ်ပြိုင်နက် ပထမ၊ ဒုတိယနှင့် စတုတ္ထတောင်ထိပ်တို့အားလုံး လုံးလုံးလျားလျား မှင်သက်သွားကြလေပြီ။ ထိုအခိုက်အတန့်တွင် လေများ တဝေါဝေါ တိုက်၍ တိမ်တိုက်များ တပွက်ပွက် ဆူလာသည်။ အနက်ရောင်မြူထုပေါ်လာပြီး ထိုအထဲတွင် အဖြူရောင်မြူထုကိုလည်း မြင်ရပေမည်။

မျက်စိတစ်မှိတ်အတွင်း အနက်ရောင်နှင့်အဖြူရောင်သည် တစ်ခုကိုတစ်ခု ရစ်သိုင်းလှည့်ပတ်ပြီး ဧရာမပုလဲနှစ်လုံးပုံသဏ္ဌာန်ဖြစ်ပေါ်လာသည်။ ထိုမျှသာမက ပုလဲနှစ်လုံး၏အောက်တွင် မြူများဝေ၍ တိမ်များဆိုင်းနေသော တောင်တစ်လုံးရှိသည်။

နဝမတောင်။

ပုလဲဖြူ၊ ပုလဲနက် နှင့် နဝမတောင်။

အတူတကွ။

ဤသည်မှာ ချင်း‌လော်ဂိုဏ်း၏ တာအိုခြောက်ပါးခေါင်းဆောင်ကြီးနှင့် တိုက်ပွဲပြီးနောက် မန်ဟို စိတ်ကူးရသွားခဲ့သောအရာဖြစ်သည်။ ၎င်းသည် မပြည့်စုံသေးသော်လည်း ကြောက်ခမန်းလိလိရလဒ်ကို ထုတ်ပေးနိုင်၏။

ပုလဲဖြူပုလဲနက်နှင့် နဝမတောင်က သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦးကို ဖိချလိုက်သဖြင့် အသံအကျယ်ကြီး မြည်ဟိန်းသွားတော့သည်။

ဝုန်းးးးးးးးးးးးးးး

မြေကြီးသည် သိမ့်သိမ့်တုန်နေပြီး ထစ်ချုန်းသံကြီးက လေထဲတွင် ပြည့်နှက်နေသည်။ သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦး၏ မျက်နှာများ ပျက်ယွင်းသွားကြသည်။

ထိုစဉ် ပဉ္စမတောင်ထိပ်အပေါ်တွင် ခါးကုန်းကုန်းအဘိုးကြီး၏မျက်လုံးများမှာ ပြူးကျယ်နေပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။

သူ့ဘေးတွင် ရပ်နေသည့် လှပသော မိန်းကလေးမှာတော့ လုံးလုံးလျားလျား အံ့ဩနေချေသည်။

“သူ ဘာ.... ဘာလုပ်နေတာလဲ။ သူ တကယ်ပဲ သံမဏိသွေး‌တောင်ကို တိုက်ခိုက်မှာလား။ ဆရာပြောတော့ အလေးအနက်ဖြစ်လာမှာ မဟုတ်ဘူးဆို”

ခါးကုန်းကုန်းအဘိုးကြီးက မျက်လုံးကလေး ကလယ်လယ်နှင့် ချောင်းဟန့်လိုက်သည်။ “စိတ်အေးအေးထားစမ်းပါ။ ငါ့ အတွေ့အကြုံအရဆိုရင် လွန်လွန်ကျူးကျူးဖြစ်မှာမဟုတ်ဘူး သေချာတယ်။ အလွန်ဆုံး ပထမတောင်ထိပ် ဝင်ပါလာလိမ့်မယ်။ ဟားဟားဟားးး။ ဒီသွေးမင်းသားက တကယ်ပဲ စမ်းသပ်တာကို အားပြပွဲလို့ သတ်မှတ်လိုက်တာကိုး”

အလယ်တောင်ထိပ်၊ သွေးမိစ္ဆာတောင်တွင် သွေးမိစ္ဆာဂိုဏ်းချုပ်၏မျက်နှာသည် တည်ကြည်နေသော်လည်း အားရကျေနပ်နေသော အပြုံးတစ်ခုက သူ၏မျက်နှာအပေါ်တွင် ဖြစ်ထွန်းနေ၏။

“မင်းနှလုံးသားထဲမှာ ကိန်းအောင်းနေတဲ့ အကြင်နာမဲ့ရက်စက်မှုက ပြင်းထန်လွန်းတယ်။ ဖြေဖျောက်လို့လည်း မရနိုင်ဘူး။ မင်းအနေနဲ့ အဲ့ဒါကို နတ်ဆိုးဆန်မှုအဖြစ် ပြောင်းလဲပစ်ရမယ်။ မင်းကို ငါ အတင်းအကြပ်ဖိအားပေးချင်လို့မဟုတ်ဘူး။ ဒါက မင်းအတွက် အကူအညီဖြစ်မယ့်တစ်ခုတည်း‌သော နည်းလမ်းဖြစ်နေလို့ပဲ

“မင်း အခု နားမလည်ပေမယ့် တတိယခွဲထွက်ခြင်းအဆင့်ရောက်ရင် ဉာဏ်အလင်းပွင့်သွားလိမ့်မယ်”

လီရှိချီလည် သွေးမိစ္ဆာတောင်အပေါ်တွင် ဖြစ်ပြီး ဖြစ်ပျက်နေသော မြင်ကွင်းကို ကြည့်နေစဉ် သူမ၏မျက်လုံးများမှာ ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပနေတော့သည်။ မန်ဟိုက သွေးမိစ္ဆာဂိုဏ်းရှိ မည်သူမဆိုထက် အဆ,အဆပေါင်းများစွာ သာကြောင်း သူမ သိထားသည်မဟုတ်ပါလော။

ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းရှိ အဖြစ်အပျက်များမှာ သူမနှလုံးသားထဲတွင် ဖျောက်ဖျက်ပစ်၍ မရနိုင်အောင် စွဲမြဲကျန်ရစ်ခဲ့သဖြင့် သူမသည် ထိုနေရာတွင် ဖြစ်ပျက်ခဲ့သမျှအကုန်လုံးကို တစ်ခုမကျန် မေ့မရပေ။ ထိုမျှသာမက ပြန်လာပြီးနောက် သွေးမိစ္ဆာဂိုဏ်းချုပ်မှအပ မည်သူ့ကိုမှ သူမ မပြောခဲ့ပေ။

အားလုံးအထဲ အအံ့ဩဆုံးဖြစ်နေသူမှာတော့ ဝမ်ယိုချိုင်ပင်။ သူသည် ဖြစ်ပျက်နေသောအရာအားလုံးကို ကြောင်ကြည့်နေပြီး အသက်ရှူသံများ မြန်လာ‌သည်။ ခိုင်မာပြတ်သားမှုတို့က သူ၏မျက်လုံးများတွင် စတင်တောက်ပလာ၏။ “မန်ဟိုက .... သိပ်အစွမ်းထက်နေပြီ။ ငါလည်း .... နောက်ကျန်ရစ်ခဲ့လို့ မဖြစ်ဘူး”

ဂျိန်း

မန်ဟို တတိယလှေကားထစ်အပေါ် ခြေချလိုက်သည့်အခါ အလွန်ကျယ်လောင်သောအသံကြီးတစ်သံ ဆူညံသွားသည်။ လေလယ်တွင် မြူမည်းမည်းများနှင့် မြူဖြူဖြူများအကြားရှိ ပုလဲနှစ်လုံးနှင့်အတူ နဝမတောင်သည် လည်လာရင်း ‌သံမဏိ‌သွေးတောင်ထိပ်သို့ ဦးတည်သွား၏။ မယုံကြည်နိုင်ဖွယ် ဖိအားကြီး၏အောက်တွင် သံမဏိသွေးတောင်ခေါင်တောင်ကြီးနှစ်ဦး၏ ဧရာမမျက်နှာကြီးမှာ ရုတ်တရက် နာကျ‌င်နေသောအမူအရာ ဖြစ်သွားလေသည်။

မန်ဟို လေးလှမ်းမြောက် လှမ်းလိုက်စဉ် သူ၏မျက်နှာကား သွေးအေးလျက်သာ ရှိ၏။

ကြောက်ခမန်းလိလိ ထစ်ချုန်းသံကြီးက အရာအားလုံးကို တုန်ခါသွားစေသည်။ သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦး၏ စွမ်းအားဖြင့် ဖော်ဆောင်ထားသော မျက်နှာကြီးက ဟိန်းဟောက်ရင်း ရုန်းကန်လိုက်သည်။ သို့သော် အသုံးမဝင်။ ချေမှုန်းခြင်းဖိအားကြီးအောက်တွင် ၎င်းမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့၏။

စောင့်ကြည့်နေသူများအတွက် ပုလဲဖြူပုလဲနက်နှင့် နဝမတောင်ကြောင့် ကောင်းကင်တစ်ခြမ်းလုံး စုတ်ပြဲသွားသည့်အလားပင်။ သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦးမှာ သူတို့၏မျက်နှာကြီး ဖျက်စီးခံလိုက်ရသည်ကို မြင်သော် ကြောက်ဒူးတုန်လာကြပြီး သွေးအန်လိုက်ရ၏။ မျက်စိတစ်မှိတ်လေးအတွင်း သူတို့သည် အိုမင်းလာကာ သူတို့၏မျက်နှာများအပေါ်တွင် အံ့ဩတုန်လှုပ်မှုက ကြီးစိုးနေတော့သည်။

“သူ ဘယ်လောက်တောင် အစွမ်းထက်တာလဲ” သူတို့က ခေါင်းများ ချာချာလည် မူးဝေနေလျက် တွေးလိုက်သည်။ သူတို့၏ အကြမ်းတမ်းဆုံးစိတ်ကူးများတွင် မန်ဟိုက အရှိန်အဝါလေးသုံးရုံနှင့် သူတို့ကို ဤအတိုင်းအတာအထိ ဖိနှိပ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ဖူးပေ။

ဒုတိယတောင်ထိပ်အပေါ်တွင် အမှောင်နတ်ဘုံခေါင်းဆောင်ကြီးသည် ပုလဲဖြူပုလဲနက်နှင့် နဝမတောင်ကို ကြည့်ကာ မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွား၏။ “အဲဒါ ဘာနတ်ဘုရားစွမ်းရည်လဲ”

သူ့ဘေးရှိ တပည့်များမှာ တုန်ရီနေပြီး ပထမတောင်ထိပ်၏ ကျင့်ကြံသူ ငါးသောင်းလည်း ထိုနည်းတူပင်။ သူတို့သည် ကောင်းကင်ကြီးနှင့် မန်ဟို့ကို မော့ကြည့်ရင်း ချောက်ချားခြင်းတို့ ဖြစ်နေကြ၏။

စတုတ္ထတောင်အ‌ပေါ်ရှိ မီးတောက်လွှမ်းပုံရိပ်သုံးခုလည်း တအံ့တဩ စိုက်ကြည့်နေကြသည်။

“ချေမှုန်းခြင်း။ အခု အဲ့ဒါ ချေမှုန်းခြင်းဆိုတာပဲ”

“သူက သူတို့ကို တိုက်ရိုက်တိုက်ခိုက်နေတာတောင် မဟုတ်ဘူး ၊ သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ယောက်ကို စုတ်ပြတ်သပ်သွားတဲ့အခြေအနေရောက်အောင် ချေမှုန်းပစ်ဖို့ စွမ်းအင်သက်သက်ပဲ အသုံးပြုနေတာ”

“သွေးမင်းသား။ သူက တကယ် သွေးမင်းသားပဲ”

လူတိုင်းမှာ ရင်သပ်ရှုမောနေကြ၏။ သွေးမိစ္ဆာဂိုဏ်းတွင် အားကြီးသူအား လေးစားကြသည်။ သွေးဆက်ကြောင့် နေရာရထားသော လက်ရွေးစင်တပည့်တချို့ကလွဲ၍ လူတိုင်းမှာ မန်ဟို၏ အားပြပွဲကြောင့် လုံးလုံးလျားလျား ထိတ်လန့်နေကြလေပြီ။

မန်ဟိုက ငါးလှမ်းမြောက် လှမ်းလိုက်သည်။

ပုလဲဖြူပုလဲနက် နှင့် နဝမတောင်က ချေမှုန်းခြင်းဖိအားကို အဆက်မပြတ် ထုတ်လွှတ်နေသည့်အတွက် အရာအားလုံးမှာ တုန်ခါဟည်းနေတော့သည်။ သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦး၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး ဟိန်းဟောက်ကြုံးဝါးရင်း လေပေါ် ပျံတက်လိုက်ကြသည်။ သို့သော် သူတို့ပျံတက်လိုက်သည့်အချိန်မှာပင် ထစ်ချုန်းသံကြီး ပဲ့တင်ထပ်သွားပြီး ပြင်းပြင်းထန်ထန် ရိုက်ချခံလိုက်ရလေ၏။ သူတို့မှာ တောင်ထိပ်နှင့် မိတ်ဆက်သွားကာ ၎င်းအား တဝုန်းဝုန်း တုန်ခါသွားစေပြီး တောင်တစ်လုံးမှာ မြေကြီးထဲသို့ သုံးမီတာတိတိ နစ်ဝင်သွားတော့သည်။

စောင့်ကြည်နေသူအားလုံးမှာ ကြက်သေသေသွားကြလေပြီ။

သံမဏိသွေးခေါင်းဆောင်ကြီးနှစ်‌ယောက်မှာ သွေးတစ်ပွက် အန်လိုက်ရသည်။ သူတို့၏ခန္ဓာကိုယ်များမှာ ဒဏ်ရာဒဏ်ချက်များဖုံးနေပြီး ပုလဲဖြူပုလဲနက်နှင့် နဝမတောင်အပေါ် သူတို့၏အံ့ဩတုန်လှုပ်မှုမှာ သည့်ထက်ပို၍ မကြီးထွားနိုင်တော့ပေ။

“နတ်ဘုရားစွမ်းရည်ကို မတိုက်ခိုက်နိုင်ရင် သူ့ရဲ့ ကိုယ်အစစ်နဲ့ တိုက်ခိုက်မယ်”

“သူ့ရဲ့ မှော်သိုင်းတွေက အစွမ်းထက်လွန်းတယ်။ အဝေးကနေ မတိုက်ခိုက်နိုင်ဘူးဆိုမှတော့ အနီးကပ်တိုက်ခိုက်မှ ဖြစ်လိမ့်မယ်”

ခေါင်းဆောင်ကြီးနှစ်ဦးမှာ ဟိန်းဟောက်လိုက်ပြီး သူ၏ခန္ဓာကိုယ်များကား တဗုန်းဗုန်း မြည်သံများ ထုတ်လွှတ်ကာ ကြီးထွားလာတော့သည်။ သူတို့သည် လျင်မြန်စွာပင် အရပ်ကိုးပေကျော်မြင့်သော လက်လေးဖက်ဘီလူးနတ်ဆိုးကြီးများ ဖြစ်လာကြ၏။

သူတို့၏နဖူးများမှ ချိုနှစ်ခု ထိုးထွက်နေပြီး လူနှင့် တစ်စက်မှ မတူတော့ဘဲ မိစ္ဆာများဖြစ်သွားကြလေပြီ။ သူတို့သည် ပုဆိန်ကြီးများကို မြှောက်ပြီးနောက် အားကောင်းသော အသတ်အဖြတ်စိတ်ဆန္ဒများဖြင့် မန်ဟို့ထံ ထိုးဆင်းသွားသည့် အလင်းတန်းနှစ်တန်း ဖြစ်သွားလေ၏။

“သေစမ်းးးးးးးးးး”

“သတ်ပစ်”

သူတို့ ထိုးဆင်းလာကြစဉ် မန်ဟိုက ‌ခြောက်လှမ်းမြောက်အား လှမ်းလိုက်သည်။ သူသည် မိစ္ဆာနှစ်ကောင်ကို သွေးအေးအေး ကြည့်ပြီး ညာလက်ကို မြှောက်၍ အားပြင်းပြင်း ရိုက်ချလိုက်သည်။

သူ၏အပြင်အားကိုယ်ကား သိဒ္ဓိတင်ထားပြီးဖြစ်သည့်အပြင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းမဟာစက်ဝန်းအဆင့်ဖြစ်သည်။ ၎င်းကား တာအိုရှာဖွေခြင်းအဆင့်နှင့်ယှဉ်လျှင် ဒုတိယသာ လိုက်၏။

သူ၏ကျင့်ကြံခြင်းအခြေခံသည် ဒုတိယခွဲထွက်ခြင်းအဆင့်သာ ဖြစ်သော်လည်း သူ၏စွမ်းအားအစစ်အမှန်က သူ့ကို ....တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်လုံးတွင် တာအိုရှာဖွေခြင်းအဆင့်အောက် နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်စေသည်။

သူ၏လက်ဝါးကြီးသည် လေကို ခွင်း၍ မိစ္ဆာကြီးနှစ်ကောင်အပေါ်တည့်တည့်သို့ ကျရောက်သွား၏။

ဝုန်းခနဲ ပုဆိန်ကြီးနှစ်လက် တစစီ ပေါက်ကွဲသွားသည်။ မိစ္ဆာကြီးနှစ်ကောင်၏မျက်နှာအ‌ပေါ်တွင် အံ့ဩတုန်လှုပ်မှုတို့ စိုးမိုးသွားပြီး ပါးစပ်မှ ‌သွေးများ ပန်းထွက်သွားကြ၏။ မချိတင်ကဲ အော်သံများ ကြားလိုက်ရပြီး သူတို့မှာ ပေါက်ကွဲတော့ခါနီးနီး ဖြစ်သွားသယောင်ပင်။ သူတို့ နောက်သို့ ဒလိမ့်ခေါက်ကွေး လွင့်ထွက်သွားကြစဉ် သွေးများက အရပ်လေးမျက်နှာသို့ လွင့်စင်ဖြန်းပက်သွား၏။

မန်ဟို၏ လက်ဝါးကြီးက သူတို့ကို တောင်ထိပ်နှင့် ပြန်လည်မိတ်ဆက်သွားစေခဲ့သည်။ တစ်ချိန်တည်းမှာပင် ပုလဲဖြူပုလဲနက်နှင့် နဝမတောင်ကား ကျဆင်းလာလေပြီ။

“မလုပ်နဲ့”

“ဂိုဏ်းချုပ် ကယ်ပါဦး”

“အမှောင်နတ်ဘုံ။ မိစ္ဆာမီး ။ ကယ်ပါဦး”

သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦး အော်ဟစ်အကူအညီတောင်းသောအခါ ဒုတိယနှင့်စတုတ္ထတောင်မှ သွေးအလင်းရောင်များ မြင့်တက်လာသည်။ ၎င်းတို့ ပျံထွက်လာစဉ် အသံတစ်သံ ပဲ့တင်ထပ်လာ၏။

“တော်သင့်ပြီ”

“မင်းစွမ်းအားကို ပြပြီးပြီပဲ။ ဘာလို့ မတော်နိုင်သေးတာလဲ”

ရှစ်လှမ်းမြောက်လှမ်းလိုက်စဉ် မန်ဟို၏မျက်ဝန်းများ၌ အကြင်နာမဲ့ရက်စက်မှုတို့ ဖြတ်ပြေးသွားသည်။

“ဖယ်စမ်း” သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရင်း ပြောလိုက်သည်။ ၎င်းသည် လာနေသော သွေးအလင်းရောင်များဆီ ပြေးဝင်သွားသည့် ကြောက်ခမန်းလိလိ သွေးရောင်အလင်းတန်းတစ်တန်း ဖြစ်သွား၏။ ၎င်း၏ပြင်းအားက လာနေသောအလင်းတန်းနှစ်တန်းကို ချက်ချင်း ကြေမွသွားစေပြီး ပျောက်ကွယ်သွားစေလေသည်။

“စမ်းချင်သေးတယ်လား။ ဒါဆို ကောင်းကောင်းကြည့်ထားကြ။ ငါ ဒီသံမဏိသွေးတောင်ကို သဘောကျနေတာကြာပြီ” သူ၏အသံ ဟိန်းထွက်လာစဉ် ပုလဲဖြူပုလဲနက်နှင့် နဝမတောင်က သံမဏိသွေးတောင်ထိပ်အပေါ် ဖိချလိုက်လေပြီ။

ချေမှုန်းခြင်း

အရာအားလုံး တုန်ရီလှုပ်ရှားသွားပြီး ကောင်းကင်တစ်ခွင် အရိုင်းဆန်သော အရောင်များ ရုတ်ရင်းဆန်ခတ် လင်းလက်သွားသည်။ ပထမတောင်ထိပ်၏ ကျင့်ကြံသူငါးသောင်း ထိတ်လန့်တုန်ရီနေကြစဉ် သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦးမှာ ‌သနားစဖွယ် အော်ဟစ်လိုက်ကြရသည်။ သူတို့၏ခန္ဓာကိုယ်များမှာ နဝမတောင်၏ စိစိညက်ညက် ခြေခြင်း ခံလိုက်ရလေ၏။

ခန္ဓာကိုယ်များ ပျက်စီးသွားသဖြင့် အနုသုခုမနတ်ခန္ဓာများ ပျံထွက်လာကြသော်လည်း မလွတ်မြောက်လိုက်ပေ။ ပုလဲဖြူပုလဲနက်က ၎င်းတို့ကို ချက်ချင်း စုပ်ယူလိုက်ပြီး အထဲတွင် ပိတ်လှောင်လိုက်၏။

ထိုအခိုက်အတန့်တွင် မန်ဟိုသည် ရှစ်လှမ်းမြောက်ကို လှမ်း၍ တောင်ထိပ်သို့ ရောက်လာခဲ့လေပြီ။ သူ ထိုနေရာတွင် တစ်ယောက်တည်း ရပ်နေစဉ် ပထမတောင်၏ဂိုဏ်းသားအကုန်လုံးမှာ ကတုန်ကယင်ဖြင့် ဒူးထောက်ဂါဝရပြုလိုက်ကြသည်။

“ဂါဝရပြုပါတယ် သွေးမင်းသား”

“ဂါဝရပြုပါတယ် သွေးမင်းသား”

အသံများသည် ပထမတောင်ထိပ်မှ ပျံ့လွင့်လာပြီး ‌ဧရာမလှိုင်းလုံးကြီးသဖွယ် အထက်ကောင်းကင်ယံသို့ ရိုက်ခတ်၍ အရပ်လေးမျက်နှာသို့ ဖြာထွက်သွားလေသည်။

သွေးမိစ္ဆာဂိုဏ်းတစ်ဂိုဏ်းလုံး ထိုအသံများက နေရာယူသွား၏။

သို့‌သော် အသံများ ပျံ့လွင့်လာသည့်အချိန်မှာပင် တင်းမာခက်ထန်နေသော ခပ်စူးစူးအသံတစ်သံ ကြားလိုက်ရသည်။

“မန်ဟို မင်းမှာ အဆင့်မြင့်ကျင့်ကြံခြင်းအခြေခံရှိပေမယ့် ဒီနေရာက သွေးမိစ္ဆာဂိုဏ်းကွ။ နေရာလုဖို့ ငရဲခန်းမခေါင်းဆောင်ကြီးတွေကို သတ်တာက ဂိုဏ်းစည်းမျဉ်းတွေကို ‌ချိုးဖောက်ရာရောက်တယ်။ မင်း လျော်ကြေး ပြန်ပေးဆပ်ရမယ်”

“သံမဏိသွေးတာအိုရောင်ရင်းနှစ်ဦးကို ချေမှုန်းပစ်တဲ့အတွက် မင်း လျော်ကြေး ပေးဆပ်ရမယ်”

အသံများသည် ဒုတိယတောင်နှင့် စတုတ္ထတောင်မှ လာသည်။ အမှောင်နတ်ဘုံခေါင်းဆောင်ကြီးနှင့် မိစ္ဆာမီးခေါင်းဆောင်ကြီးသုံးဦးကား အလျှော့မပေးလိုကြသည့်အပြင် သူတို့၏စိတ်ထဲတွင် မန်ဟိုကား စွမ်းအားထုတ်ပြပြီးပြီဖြစ်၏။ ‌ထို့ကြောင့် မကြာခင် သွေးမိစ္ဆာဂိုဏ်းချုပ် မုချ ပေါ်လာလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့သည် မျက်နှာပြန်ရရေးနှင့် သူတို့ သွေးမင်းသားကို မကြောက်ကြောင်း လူတိုင်း သိသွားစေရန်  ပြောလိုက်ခြင်းဖြစ်သည်။

***

All Chapters