← Chapters

ရှုချင် နိုးထလာခြင်း

Vol. 51 Ch. 710

ရှုချင် နိုးထလာခြင်း

Vol. 51 Ch. 710

မန်ဟိုသည် လေလယ်တွင် ပျံဝဲနေ၏။ ကောင်းကင်အမြင့်၌ ပွင့်ထွက်နေသော ဧရာမအက်ကွဲကြောင်းကြီး၏မြင်ကွင်းကြီးမှာ အလွန်တရာ ရင်သပ်ရှုမောဖွယ်ကောင်းလေသည်။

ပတ်ဝန်းကျင်ရှိ သွေးမိစ္ဆာဂိုဏ်းသားများမှာ မည်သူမည်ဝါဖြစ်စေ မန်ဟိုကို တုန်ရီဗြောင်းဆန်နေသော စိတ်နှလုံးတို့ဖြင့် ကြည့်နေကြသည်။ ဤအခိုက်အတန့်တွင် သူကား လူတိုင်း၏အာရုံစိုက်ရာ ဖြစ်သွားလေပြီ။

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများပင်လျှင် လေးစားကြောက်ရွံနေကြပြီး ထိုလေးစားကြောက်ရွံ့မှုမှာ သူတို့၏နှလုံးသားအပေါ်၌ ထာဝရ ခတ်နှိပ်ခံလိုက်ရပြီဖြစ်သည်။

သွေးမိစ္ဆာဂိုဏ်းတစ်ဂိုဏ်းလုံး စိုးမိုးနေသော တိတ်ဆိတ်မှုမှာ ‌အလယ်တောင်၊ သွေးမိစ္ဆာတောင်မှ ပဲ့တင်ထပ်လာသည့် အသက်ကြီးကြီးအသံတစ်သံကြောင့် ရုတ်တရက် ပြိုကွဲသွား၏။

ခပ်အက်အက် အသံသည် ခေတ်ပေါင်းမရေမတွက်နိုင်အောင် အိုမင်းရှေးကျသည့်အလား ဖြစ်နေပြီး သွေးမိစ္ဆာဂိုဏ်းတစ်ဂိုဏ်းလုံး ဟိန်းထွက်လာသည့်အတွက် ဂိုဏ်းသားအားလုံး ကြားလိုက်ကြရသည်။

“မန်ဟိုဟာ အစတုန်းက တောင်ပိုင်းဒေသ ၊ ကျိုးပြည်မှာ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးရာလောက်က မွေးဖွားခဲ့တဲ့ စာပေသမားလေးတစ်ဦးပဲ ...

“တစ်နေ့မှာ အမှတ်မထင်ဘဲ ကျင့်ကြံခြင်းလမ်းပေါ်လျှောက်လှမ်းဖို့ ကံဖန်လာခဲ့တယ်။ သူ့မှာ တာအိုမဏ္ဍိုင် ဆယ်ခုနဲ့ ပြီးပြည့်စုံတဲ့အခြေရှိခဲ့ပြီး အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတွေကို သတ်ဖြတ်ခဲ့တယ်”

အသံကား အမှန်ပင် သွေးမိစ္ဆာဂိုဏ်းချုပ်၏အသံဖြစ်သည်။ ၎င်း ပဲ့တင်ထပ်လာစဉ် သွေးမိစ္ဆာဂိုဏ်း၏ ကျင့်ကြံသူအားလုံးမှာ ချက်ချင်း စိတ်ဝင်တစား နားထောက်လိုက်ကြ၏။ ကျိုးပြည်‌အကြောင်း ပြောသောအခါ ဝမ်ယိုချိုင်၏မျက်နှာတွင် လွမ်းဆွေးမှုတို့ ဖြတ်ပြေးသွားသည်။ ကျိုးပြည်မှာ သူ၏မွေးရပ်မြေလည်း မဟုတ်ပါလော။

“နောက်တော့ တောင်ပိုင်းဒေသကို သူ ထွက်လာခဲ့တယ်။ စုန့်မျိုးနွယ်စုရဲ့ သမက်ရှာပွဲမှာ အနိုင်ရခဲ့ပေမယ့် စုန့်မျိုးနွယ်စုရဲ့ သမက်ဆိုတဲ့ အဆင့်အတန်းကို စွန့်လွှတ်ပြီး ဇီယွင်ဂိုဏ်းထဲ ဝင်ရောက်ခဲ့တယ်

“ဇီယွင်ဂိုဏ်းမှာ သူရဲ့ ဆေးဖော်စပ်ခြင်းအသိဟာ ထိပ်ဆုံးအဆင့်ရောက်ခဲ့တယ်။ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ဖြစ်လာခဲ့ပြီး .... မဟာအကြီးအကဲဆေးဒယ်အိုး ဆိုပြီး အသိများလာခဲ့တာပဲ”

ဤစကားလုံးများ သွေးမိစ္ဆာဂိုဏ်းတွင် ဟိန်းထွက်သွားသောအခါ တိတ်ဆိတ်မှုမှာ ဆက်လက်မကြီးစိုးနိုင်တော့ပေ။ ပင့်သက်ရှိုက်သံများ ကြားလိုက်ရပြီး အုံးအုံးထ ဆူညံပွက်လောရိုက်သွားတော့၏။ ‌မျက်လုံးအားလုံးက လေလယ်တွင် အေးဆေးတည်ငြိမ်စွာ ပျံဝဲနေသော မန်ဟိုဆီသို့ နောက်တစ်ကြိမ် ကျရောက်သွားပြန်သည်။

“မန်ဟို ... အခုမှ မှတ်မိတယ်။ မန်ဟိုက ဇီယွင်ဂိုဏ်းမှာတုန်းက မဟာအကြီးအကဲဆေးဒယ်အိုးပဲ”

“ဘုရားဘုရား။ မနှစ်တုန်းက ငါ လေလံပွဲတစ်ပွဲ တက်ခဲ့သေးတယ်။ အဲ့ဒီမှာ မဟာအကြီးအကဲဆေးဒယ်အိုးရဲ့ အမှတ်အသားနဲ့ ဆေးလုံးတစ်လုံးကို အံ့မခန်းဈေးနဲ့ ရောင်းထွက်သွားတာ”

“သူပဲ မဟာအကြီးအကဲဆေးဒယ်အိုး”

“မှတ်မိပြီ။ မန်ဟိုက အဲဒီနှစ်တုန်းက တကယ် ပွက်လောရိုက်အောင် လုပ်ပြီး ပျောက်သွားတာပဲ”

လူအများသည် ယခုတွင် မန်ဟိုကို ယခင်ထက် ပို၍လွန်ကဲသော လေးစားကြောက်ရွံမှုတို့ဖြင့် စိုက်ကြည့်နေကြလေပြီ။ စောစောက သူတို့သည် မန်ဟို၏ကျင့်ကြံခြင်းအခြေခံကြောင့်သာ အညံ့ခံခဲ့ကြသော်လည်း ယခုတော့ သူ၏အတွေ့အကြုံများက သူတို့ မယုံကြည်နိုင်ဖွယ် ကြောက်ရွံရိုသေလေးစားမှုတို့ဖြင့် ပြည့်နှက်လျက် တုန်လှုပ်သွားစေသည်။

လီရှိချီသည် မန်ဟို့ကို တိတ်ဆိတ်စွာ ကြည့်ရင်း အတိတ်တုန်းက အဖြစ်အပျက်များကို ပြန်မြင်ယောင်နေ၏။

“ချီအခြေတည်အဆင့်မှာ သူက အမြုတေဖြစ်တည်မှုအဆင့်ကို နှိမ်နင်းနိုင်တယ်။ အမြုတေဖြစ်တည်မှုအဆင့်ရောက်တော့ အနုသုခုမရုပ်ခန္ဓာအဆင့်ကို သတ်နိုင်ပြီ။ မင်းတို့အားလုံး မန်ဟို့ဇာတ်လမ်းတွေကို ကြားဖူးမှာပဲ။ သူက တောင်ပိုင်းဒေသကနေ ထွက်သွားပြီး အနက်ရောင်နယ်မြေကို ရောက်တဲ့အခါ အလျင်အမြန်ပဲ ထင်ရှားကျော်ကြားလာခဲ့တယ်။ အဲဒီနောက် အနောက်ပိုင်းသဲကန္တာရကို ဝင်ရောက်ပြီး ခရမ်းမိုးပျက်သုဉ်းခြင်းကပ်ဘေးကနေ သူ့မျိုးနွယ်စုကို တစ်ယောက်တည်း ခေါ်ထုတ်လာခဲ့တယ်။ သူဟာ မရေမတွက်နိုင်တဲ့ ရန်သူတွေကို သတ်ဖြတ်ခဲ့ပြီး သူ့နာမည်က အနောက်ပိုင်းသဲကန္တာရတစ်ဝန်းလုံးကို ဖိန့်ဖိန့်တုန်စေခဲ့တယ်

“အဲဒီနောက်ပိုင်း သက်ရှိတွေကို ပျက်စီးဆွေးမြည့်စေနိုင်စွမ်းရှိတဲ့ ခရမ်းပင်လယ်ကြီးရဲ့ အောက်ခြေကို သူ နစ်မြုပ်သွားတယ်။ ပင်လယ်ကြမ်းပြင်မှာ မဟာတာအိုတစ်ပါးကို ဉာဏ်အလင်းပွင့်ခဲ့ပြီး အနုသုခုမရုပ်ခန္ဓာ မဟာစက်ဝန်းအဆင့်ကို ဝင်ရောက်ခဲ့တာပဲ”

သွေးမိစ္ဆာဂိုဏ်းချုပ်၏အသံသည် ယခင်အတိုင်း ရှေးဆန်မြဲ ရှေးဆန်နေဆဲ ဖြစ်၏။ ဂိုဏ်းသားအားလုံး သူ့စကားလုံးများကို ကြားသောအခါ အံ့ဩခြင်းလှိုင်းတံပိုးကြီးတို့ တလိပ်လိပ် မြင့်တက်လာကြဝောာ့သည်။ သူတို့သည် မန်ဟို့ကို မယုံနိုင်သလို ကြည့်လိုက်ကြ၏။ သူတို့အတွက် သူ၏အတွေ့အကြုံများမှာ အမှန်တကယ် ဒဏ္ဍာရီလာဇာတ်လမ်းတစ်ပုဒ်ပင်။

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများ၏ ရန်လိုနေသော အမွေခံတပည့်များပင်လျှင် ယခုတွင် အရူးအမူး လေးစားရိုသေသောစိတ်တို့ဖြင့် မန်ဟိုကို စိုက်ကြည့်နေကြလေပြီ။

“သူက အများကြီး လုပ်ဆောင်ခဲ့တာပဲ”

“သူနဲ့ယှဉ်ရင် ငါတို့ဘဝတွေက လွယ်ကူတယ်။ ငါတို့အနေနဲ့ ဟိုနေရာမှ လူသတ်လိုက်၊ ဒီနေရာ လူသတ်လိုက်တော့ လုပ်ပေမယ့် သူနဲ့ယှဉ်ရင်‌... ငါတို့အတွေ့အကြုံတွေက စကားလုပ်ပြောဖို့တောင် မတန်ဘူး”

မန်ဟိုက ဘာမှမပြောပေ။ သူ့အတွက်တော့ ‌သူ၏အတွေ့အကြုံအကြောင်း ပြန်ပြောပြနေသော သွေးမိစ္ဆာဂိုဏ်းချုပ်၏ စကားများက သူစိမ်းတစ်ယောက်၏ဇာတ်လမ်းများအား နားထောင်နေရသကဲ့သို့ပင်။ သို့သော် သူသည် သွေးမိစ္ဆာဂိုဏ်းချုပ် သူ့အကြောင်းများစွာ သိနေသည်ကိုလည်း အံ့ဩခြင်းမဖြစ်မိ။

“မန်ဟိုက အနုသုခုမရုပ်ခန္ဓာ မဟာစက်ဝန်းအဆင့်မှာ ပထမခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အနက်ရောင်နယ်မြေနဲ့ အနောက်ပိုင်းသဲကန္တာရကို တုန်လှုပ်သွားစေခဲ့တဲ့ စစ်ပွဲတစ်ပွဲမှာ သူက အဲဒီလူရဲ့မျိုးနွယ်စုတစ်စုလုံးကို သုတ်သင်ဖယ်ရှားပစ်ခဲ့လိုက်တာပဲ

“စစ်ပွဲက သိပ်မကြာခဲ့သလို ၊ သတင်းလည်း သိပ်မပျံ့လာခဲ့ဘူး။ ပြီးတော့ သူက ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းဆီ သွားခဲ့တယ်

“အဲဒီမှာ ဘာဖြစ်ခဲ့သလဲဆိုတာတော့ ငါ ဂဃနဏ မသိဘူး။ တစ်ခုတော့ သိတယ် .... သူ့ကြောင့် အဲဒီမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက အင်မတန် အံ့ဩတုန်လှုပ်စရာကောင်းတယ် ဆိုတာပဲ

“ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းကနေ ပြန်ရောက်လာတဲ့နောက် မန်ဟိုဟာ တာအိုရှာဖွေခြင်းအထွတ်အထိပ် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးနဲ့ ပက်ပင်းတိုးခဲ့တယ်။ ဒါနဲ့ သူလည်း အဲဒီခေါင်းဆောင်ကြီးရဲ့ ကိုယ်ပွားကို သတ်ပြီး နဂါးငွေ့တန်းပင်လယ်ကို မလွှဲမရှောင်သာဘဲ သွားခဲ့ရတယ်။ အဲဒီလို အကြိမ်ရေတော်တော်များများ ထိတိုက်တွေ့ပြီးတဲ့နောက်မှာ သူ့ရဲ့ကျင့်ကြံခြင်းအခြေခံ အလုခံလိုက်ရပြီး သေမျိုးလူသား ပြန်ဖြစ်ခဲ့ရတယ်”

ဇာတ်လမ်း၏ ဤနေရာသို့ ရောက်သော် ပင့်သက်ရှိုက်သံများ ထွက်လာသည်။ နားထောင်နေသော ဂိုဏ်းသားများမှာ သူတို့ ကြားနေရသောအရာကို ယုံရခက်နေ၏။ ဤမတိုင်အထိ ကြားခဲ့ရသော မန်ဟို၏အတွေ့အကြုံများသည် ဒဏ္ဍာရီတစ်ပုဒ်နှင့် တူခဲ့တော်လည်း ဇာတ်လမ်းမှာ ပို၍အံ့အားသင့်ဖွယ်ကောင်းသော အချိုးအကွေ့ကို ကြုံ့တွေ့လိုက်ရလေပြီ။

“သူက .... သေမျိုးလူသား ဖြစ်သွားခဲ့တယ်တဲ့လား”

“ကျင့်ကြံခြင်းအခြေခံကို ဆုံးရှုံးထားတာပေါ့။ တာအိုရှာဖွေခြင်းအဆင့်ပညာရှင်ရဲ့ ရန်သူဖြစ်ခဲ့တယ်တဲ့ဟုတ်လား။ သွေးမင်းသားက .... တကယ် အံ့မခန်းပါပဲ”

“ကျင့်ကြံခြင်းအခြေခံကို ဆုံးရှုံးခဲ့ရတာ ဟုတ်လား။ ဒါပေမဲ့ အခု သူ့ကို ကြည့်ပါဦး။ မယုံနိုင်လောက်အောင် ရက်စက်ပြီး ရဲစွမ်းသတ္တိရှိလိုက်တာ။ ဘာဖြစ်ခဲ့တာပါလိမ့်”

စကားသံများ ဆူညံပွက်လောရိုက်နေသည်။ မိစ္ဆာမီးခေါင်းဆောင်ကြီးသုံးဦးမှာ ပါးစပ်အဟောင်းသားဖြစ်နေကြပြီး ‌အမှောင်နတ်ဘုံခေါင်းဆောင်ကြီးက မန်ဟို့ကို ကြောင်ကြည့်နေလေသည်။ ပဉ္စမတောင်အပေါ်ရှိ ခါးကုန်းကုန်းအဘိုးကြီးမှာမူ မျက်လုံးများ ထူးဆန်းစွာ တောက်ပနေ၏။

သူ့ဘေးရှိ လှပသော မိန်းကလေးနှင့် အမွေခံတပည့်များမှာ မန်ဟို၏ဇာတ်လမ်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်လေသည်။ သူတို့အားလုံးသည် လေလယ်တွင် တည်ငြိမ်အေးဆေးစွာ ရပ်နေသော သူ့ကို မော့ကြည့်ရင်း အသက်ရှူမှားသွားကြသည်။ တဖြေးဖြေး သူတို့သည် သူနှင့်ပတ်သက်၍ တစ်စုံတစ်ခုက ... အဖော်မဲ့အထီးကျန်နေပုံပေါ်ကြောင်း ‌သတိထားမိလိုက်ကြ၏။

ဝမ်ယိုချိုင်က မန်ဟိုကို‌ တွေတွေကြီး ငေးကြည့်‌နေသည်။ သူသည် ကျန်ဇာတ်လမ်းများကို သိသော်လည်း အကုန်လုံးအသေးစိတ်တော့ မသိပေ။

မန်ဟိုက ဆိတ်ဆိတ်သာ နေ၏။ ‌သွေးမိစ္ဆာဂိုဏ်းချုပ် နဂါးငွေ့တန်းပင်လယ်၌ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်နှင့် သူ၏ ထိပ်တိုက်တွေ့မှုများကိုပင် သိနေသည့်အပေါ် မအံ့ဩပေ။ ချင်းလော်ဂိုဏ်းအဖြစ်အပျက်က ၎င်းကို သက်သေထူပြီးလေပြီ။

သွေးမိစ္ဆာဂိုဏ်းချုပ်ကား မန်ဟို့အကြောင်း နည်းနည်းလေးမှ မထိမ်ချန်ပေ။ သူသည် သိသိသမျှ အကုန် ပြောပြနေ၏။

“သေမျိုးလူသား ဖြစ်လာပြီးနောက် မန်ဟိုဟာ ပြန်လည်မွေးဖွားခြင်းဂူကို သွားဖို့ ရွေးချယ်ခဲ့တယ်

“အဲဒီမှာ သူ့ချစ်သူက သူ့အတွက် အကုန်လုံးပေးဆပ်ဖို့ ရွေးချယ်ခဲ့တယ်။ အဆုံးသတ်‌မှာ သူ ပြန်မွေးဖွားလာတယ်။ ဒုတိယခွဲထွက်ခြင်းလုပ်ဆောင်ပြီး တာအိုရှာဖွေခြင်းအဆင့်အောက် နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လာခဲ့တယ်။ သူ့ချစ်သူကတော့ ချင်းလော်ဂိုဏ်းရဲ့ ဖမ်းဆီးတာ ခံခဲ့ရတယ်

“မန်ဟိုက တစ်ယောက်တည်း ချင်းလော်ဂိုဏ်းဆီ သွားခဲ့တယ်။ ချင်းလော်ဂိုဏ်းသား ထောင်ပေါင်းများစွာကို သတ်ပြီး စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတွေကိုတောင် ခြွင်းချက်မထားခဲ့ဘူး။ နောက်ဆုံးတော့ ချင်းလော်ဂိုဏ်းရဲ့ နံပါတ်တစ် ခေါင်းဆောင်ကြီး တာအိုခြောက်ပါးနဲ့ တိုက်ခိုက်ခဲ့တယ်

“ငါက အဲဒီတိုက်ပွဲမှာ ကြားဝင်ခဲ့တယ်။ အဲဒီလိုနဲ့ သွေးမိစ္ဆာဂိုဏ်းမှာ သွေးမင်းသားအသစ် မန်ဟိုဆိုတာ ရှိလာခဲ့တာပဲ

“ဒါ သူရဲ့ဇာတ်လမ်းပေါ့။ မင်းတို့ထဲက ဘယ်သူ ... သူ့ကို အညံ့မခံဘဲ နေကြမှာလဲ” သွေးမိစ္ဆာဂိုဏ်းချုပ်၏ ရှေးကျသောအသံကြီး တိုးညှင်းတိမ်ဝင်သွားစဉ် ဂိုဏ်းသားတစ်ဦးတစ်‌ယောက်ချင်းစီ၏ ရင်ထဲတွင် အံ့ဩတုန်လှုပ်ခြင်းလှိုင်းလုံးကြီးများ သောင်းကျန်းနေတော့သည်။

သူတို့မှာ မန်ဟို၏အတွေ့အကြုံများကို ‌နား‌ထောင်ရင် မှင်သက်နေကြလေသည်။ သူ လျှောက်လှမ်းခဲ့သော အံ့ဖွယ်လမ်းနှင့်အတူ သူ၏ကျင့်ကြံခြင်းအခြေခံက သူတို့ကို ပြင်းပြသော ချစ်ကြောက်ရိုသေလေးစားမှုတို့ဖြင့် ပြည့်နှက်သွားစေ၏။

ဒုတိယတောင်အပေါ်ရှိ အ‌မှောင်နတ်ဘုံခေါင်းဆောင်ကြီး၏ အမွေခံတပည့် ခုနစ်ဦး၊ စတုတ္ထတောင်အပေါ်ရှိ ယပ်တောင်နှင့်လူငယ်၊ ပဉ္စမတောင်အပေါ်ရှိ လှပသော မိန်းကလေးလေးတို့မှာ စိတ်နှလုံးများ ချာချာလည်လျက် မန်ဟို့ကို ကြည့်နေကြသည်။

သူတို့အတွက် ဤသည်မှာ မန်ဟို သွေးမင်းသားဖြစ်ထိုက်သည့် ကိစ္စရပ်မဟုတ်တော့ပေ။ အမှန်တွင် ယခုလို ဂိုဏ်းမင်းသားမျိုးရှိသည့် ဂိုဏ်းများမှာ မရှိသလောက် ရှားသည်သာ။

သူ့လိုလူမျိုးသည် ကိုယ်ပိုင်ဂိုဏ်းပင် တည်ထောင်နိုင်၏။

တစ်ယောက်ပြီးတစ်ယောက် လက်ယှဉ်၍ မန်ဟိုကို အရိုအသေပေးလိုက်ကြသည်။

“သွေးမင်းသား လေးစားပါတယ်”

မန်ဟို၏ကျင့်ကြံခြင်းအခြေခံသည် သူ့ကို ဦးညွတ်‌၍ သစ္စာမခံလိုသော မည်သူ့ကိုမဆို ဖိနှိပ်ချေမှုန်းခဲ့၏။ သူ၏အတွေ့အကြုံများက သူ့ကို အသိအမှတ်မပြုလိုသော မည်သူ့ကိုမဆို ရင်တုန်စိတ်လှုပ်ရှားစေခဲ့သည်။ သွေးမိစ္ဆာဂိုဏ်းချုပ်၏ စကားများအရ မန်ဟိုသည် .... သွေးမိစ္ဆာဂိုဏ်း၏ သွေးမင်းသားဖြစ်ဖို့ အမှန်ပင် ထိုက်တန်လေသည်။

မန်ဟိုက ဘာမှမပြော။ သူသည် ညာလက်ကို မြှောက်လိုက်ရာ ပုလဲဖြူပုလဲနက်နှင့် နဝမတောင်ကို ပျောက်ကွယ်သွားစေလိုက်၏။ တစ်ချိန်တည်းမှာပင် သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦး၏ အနုသုခုမနတ်ခန္ဓာများ လွတ်မြောက်သွားသည်။ မန်ဟိုက သူတို့၏ဖြစ်တည်မှုကို အမှန်တကယ် မဖယ်ရှားခဲ့ပေ။

သူတို့၏အနုသုခုမနတ်ခန္ဓာများမှာ တဆတ်ဆတ် တုန်နေကြသည်။ သူတို့မှာ ပုလဲဖြူပုလဲနက်အတွင်းမှနေ၍ ဖြစ်ခဲ့သမျှအရာအားလုံးကိုလည်း မြင်ခဲ့ရသလို၊ သွေးမိစ္ဆာ၏စကားလုံးများကိုလည်း ကြားခဲ့ရလေသည်။ လောလောဆယ်တွင် သူတို့မှာ မန်ဟို့အား ရန်စလိုစိတ် စိုးစဉ်းမျှပင် မရှိလေတော့။ ထိုအစား လေး‌လေးနက်နက် ကြောက်ရွံရိုသေသွားကြပြီး ကျန်ရှိလူတိုင်းနှင့်အတူ မန်ဟို့အား ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။

မန်ဟို့အကြည့်က လူအုပ်ကြီးကို လွှမ်းခြုံသွားသည်။ ထို့နောက် သူသည် တိတ်ဆိတ်စွာ လှည့်၍ အဝေးသို့ ထွက်သွားလေသည်။ သူက တောင်ထိပ်ငါးခု၏ ပတ်ဝန်းကျင်ရှိ တောင်ထိပ်တစ်ခုကို သိမ်းပိုက်ရန် မ‌ရွေးချယ်ဘဲ အပြင်ရှိ လှပသော တောင်ကြားတစ်နေရာကို သိမ်းပိုက်လိုက်လေသည်။

တောင်ကြားတွင် နာမည်မရှိသော်လည်း မန်ဟို သိမ်းပိုက်ပြီးနောက်တွင် သွေးမိစ္ဆာဂိုဏ်းသားများသည် ၎င်းကား သွေးမိစ္ဆာဂိုဏ်းချုပ်၏တောင်ပြီးလျှင် ဒုတိယအထွတ်အမြတ်ထားရာ ‌နယ်မြေအဖြစ် သတ်မှတ်လာကြ၏။

တောင်ကြား၏အပြင်တွင် စောင့်ကြပ်ပေးဖို့အတွက် ဂိုဏ်းသားအမြောက်အမြားများမှာ ပျော်သည်ထက်ပင် ပိုကြပြီး တောင်ကြားအား သွေးမိစ္ဆာဂိုဏ်း၏ အရေးအပါဆုံးနေရာများအထဲမှ တစ်နေရာ ဖြစ်လာစေတော့သည်။

မန်ဟိုကြောင့် ဝမ်ယိုချိုင်သည် သွေးမိစ္ဆာဂိုဏ်းတွင် ပို၍ပင် ထင်ပေါ် ကျော်ကြားလာခဲ့၏။ ပဉ္စမတောင်ထိပ်မှ ခါးကုန်းကုန်းအဘိုးကြီးက သူ့ကို တပည့်အဖြစ် ကိုယ်တိုင်ခေါ်ယူခဲ့လေသည်။

ရလဒ်အနေဖြင့် ဝမ်ယိုချိုင်သည် ယခင် ရာထူးထက် အဆများစွာ မြင့်မားသော ပဉ္စမတောင်ထိပ်၏ အမွေခံတပည့်ဖြစ်လာ၏။

‌မန်ဟို သိမ်းပိုက်ထားသော တောင်ကြားမှာမူ သွေးမိစ္ဆာဂိုဏ်းသည် ၎င်းအား .... သွေးမင်းသားလျှိုမြောင်ဟူ၍ တိတ်တဆိတ် ညွှန်းဆိုလာကြလေသည်။

သွေးမင်းသားသည် တိတ်ဆိတ်အေးချမ်းမှုကို သဘောကျသူဖြစ်၍ မည်သူမှ ဆင့်ခေါ်မခံရမချင်း ‌သွေးမင်းသားလျှိုမြောင်သို့ မဝင်ရောက်ရဲကြပေ။

အချိန်များ ကုန်လွန်လာ၏။ ကိုးရက်စက်ဝန်း ကိုးခုလည်ပြီးသော် (၈၁)ရက်မြောက်နေ့တွင် မန်ဟိုသည် တောင်ကြားရှိ သူ၏သစ်လုံးအိမ်ထဲတွင် တင်ပျဉ်ခွေထိုင်နေ၏။ ပန်းရနံ့များက လေတွင် ပျံ့လွင့်နေပြီး မြက်စိမ်းစိမ်းများက တစ်နေရာလုံးတွင် အစိမ်းရောင်ကဗ္ဗလာအား ခင်းထားသည့်အလား ဖြစ်နေသည်။ ၎င်းသည် ကသောင်းကနင်းဖြစ်နေသော ကမ္ဘာကြီး၏ဝေးရာရှိ စိတ်ကူးယဉ်ရိပ်မြုံလေးသဖွယ်ပင်။

မန်ဟို့အရှေ့တွင် အမျိုးသမီးတစ်ဦးသည် မျက်လုံးများပိတ်လျက် လဲလျောင်းနေ၏။ သူမမှာ လှပချောမောပြီး စိတ်ဝိညာဉ်အင်မော်တယ်တစ်ဦး၏ အရှိန်အဝါကို ထုတ်လွှတ်နေလေသည်။ သူမအသားအရေလေးသည် အပြစ်အနာအဆာမဲ့သော ကျောက်စိမ်းပမာ ဖြူဆွတ်ပြီး ကြည်လင်နေ၏။

မန်ဟိုက သူမကို ငုံ့ကြည့်ပြီး စိတ်ရှည်ရှည် စောင့်စားနေသည်။

နေဝင်ရီတရောသို့ ရောက်သော် အမျိုးသမီး၏ မျက်တောင်လေးများမှာ နိုးထဖို့ အားယူနေသည့်အလား လှုပ်လာသည်။ တခဏကြာသော် သူမက မျက်လုံးလေးများအား .... ဖြေညင်းစွာ ဖွင့်လိုက်၏။

စစချင်း သူမမျက်ဝန်းလေးတွင် မရေမတွက်နို‌င်‌သော မှတ်ဉာဏ်များ သူမ၏ဦးနှောက်ထဲ စီးဝင်နေသကဲ့သို့  တွေဝေရှုပ်ထွေးမှုတို့ ပြည့်နှက်နေသည်။ ဖြစ်စဉ်သည် တခဏကြာလိုက်ပြီး နောက်ဆုံးတော့ တွေဝေငေးကြောင်မှု ပျောက်ကွယ်သွားပြီး ရှင်းလင်းပြတ်သားမှု ဖြစ်လာသည်။ ထို့နောက်တွင်မှ သူမသည် သူ့ဘေးတွင် သူမကို နွေးထွေးကြင်နာစွာကြည့်ရင်း ထိုင်စောင့်နေသော တစ်စုံတစ်ယောက်ကို သတိထားမိသွား၏ .... မန်ဟို။

ရှုချင်က မန်ဟို့ကို ကြည့်ပြီး ပြုံးလိုက်သည်။

နွေးထွေးကြင်နာသော၊ လှပသော အပြုံးလေးတစ်ပွင့်ပင်။

သူမက ဖြေးဖြေးချင်း ထပြီးနောက် မန်ဟို့ပါးကို လှမ်း၍ပွတ်သပ်လိုက်သည်။

“နိုးလာရတာ ကောင်းလိုက်တာ....”

မန်ဟိုက သူမကို ပြန်ကြည့်ပြီး ပြုံးလိုက်သည်။ သို့သော် ထိုအပြုံးသည် ဝမ်းနည်းမှုတို့‌စွက်ဖက်နေသော အပြုံးတစ်ခုဖြစ်၏။ သူ ယခု ခံစားနေရသောအရာမှာ (၉၉)နှစ် ထက်  မခံနိုင်ကြောင်း သူ သိလေသည်။

“ဒီတောင်ကြားကနေ နောက် (၉၉) နှစ်ကြာတဲ့အထိ အစ်မ တစ်ဖဝါးမှ မခွာဘူး” ရှုချင်က ပြောသည်။ “ဘဝပြန်ဝင်စားဖို့အတွက် အချိန်မကျမချင်း ... မင်းကို အဖော်ပြုပေးမယ်”

***

All Chapters