← Chapters

ရှေးဟောင်းတာအိုရေကန်များ

Vol. 51 Ch. 711

ရှေးဟောင်းတာအိုရေကန်များ

Vol. 51 Ch. 711

တစ်နှစ်။

မန်ဟို သွေးမိစ္ဆာဂိုဏ်းသို့ ရောက်လာခဲ့သည်မှာ တစ်နှစ်လုံးလုံး ကြာခဲ့လေပြီ။ ထိုအချိန်အတောအတွင်း သူသည် တောင်ကြား၏အပြင်သို့ မထွက်ခဲ့သလို ၊ ဘယ်သူမှလည်း သူ့ကို နှောင့်ယှက်ခြင်းမရှိခဲ့။ သူနှင့် ရှုချင်သည် သူ၏တောင်ကြားစိတ်ကူးယဉ်ရိပ်မြုံလေးတွင် နေထွက်နေဝင်သည်ကို အတူတူရှုစားကြ၏။ အရာအားလုံးမှာ အေးချမ်းသာယာနေပြီး သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် အဖော်ပြုရင်း နွေးထွေးကြင်နာမှုနှင့် သာယာချမ်းမြေမှုတို့တွင် ပျော်မွေ့နေကြလေသည်။

ထိုနှစ်အတောအတွင်း ရှုချင်သည် ကျင့်ကြံအားထုတ်ခြင်းမပြုပေ။ သူမက မန်ဟို့ကို အဖော်ပြုရင်း လူသားမိန်းမတစ်ဦးလိုသာ နေထိုင်ခဲ့သည်။ ရံဖန်ရံခါ သူမ၏ရယ်သံလွင်လွင်ကလေးသည် တောင်ကြားအတွင်းမှ ပျံ့လွင့်လာတတ်ပြီး ထိုသို့ပျံ့လွင့်လာလျှင် အပြင်တွင် စောင့်ကြပ်နေကြသော သွေးမိစ္ဆာဂိုဏ်းသားသည် ခပ်ပြုံးပြုံးဖြင့် တောင်ကြားဆီသို့ လှမ်းကြည့်တတ်ကြ၏။

ဤသည်မှာ သူတို့၏သွေးမင်းသားနှင့် သွေးမင်းသား၏ ချစ်သူပင်။

ထိုနှစ်အတောအတွင်း သွေးမိစ္ဆာဂိုဏ်းအတွင်း၌ မန်ဟို၏ဂုဏ်သတင်းမှာ နည်းနည်းလေးမှ လျော့ကျမသွားခဲ့ပေ။ ထိုမျှသာမက ချင်းလော်ဂိုဏ်းတွင် ဖြစ်ပွားခဲ့သော အကြောင်းအရာများမှာ သွေးမိစ္ဆာဂိုဏ်းမှတစ်ဆင့် တောင်ပိုင်းဒေသအတွင်းသို့ ပျံ့နှံ့လာခဲ့၏။ မကြာမီ မန်ဟို၏နာမည်သည် ပို၍ပင် ထင်ပေါ်ကျော်ကြားလာတော့သည်။

သူကား စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်၊ မဟာအကြီးအကဲဆေးဒယ်အိုး၊ သွေးမိစ္ဆာဂိုဏ်း၏သွေးမင်းသားဖြစ်ပြီး ချင်းလော်ဂိုဏ်းကို တိုက်ခိုက်ခဲ့သည်။ သတင်းစကားများ ပျံ့နှံ့လာပြီး မကြာခင်မှာပင် ‘မန်ဟို’ ဆိုသော နာမည်သည် တောင်ပိုင်းဒေသသားအားလုံး၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့လေပြီ။

မန်ဟိုလည်း ဝမ်မျိုးနွယ်စု၏ သနားစဖွယ်ကောင်းသော ကံကြမ္မာကို သိလိုက်ရသည့်အပြင် အကုန်လုံးဆုံးရှုံးလိုက်ရပြီး အင်မော်တယ်အဆင့်တက်လှမ်းခြင်းဟု ကယောင်ချောက်ချား ရေရွတ်ရင်း ဟိုဟိုသည်သည် လျှောက်သွားနေသော စိတ်မနှံ့အရူးကြီးအကြောင်းလည်း ကြားလိုက်ရသည် ....

ထိုနှစ်အတောအတွင်း မန်ဟိုသည် သွေးမိစ္ဆာမဟာမှော်သိုင်းကို ကျင့်ကြံရာ၌ ဇွဲမလျော့ပေ။ သို့သော် သူ့မှာ အဆင့် (၃) သို့ မတက်နိုင်ဖြစ်နေပြီး တစ်ခုခုလိုနေသလို ခံစားနေရသည်။

သူ့မှာ ရှေ့မတက်နိုင်ဘဲ တစ်နေလေသည်။ သွေးမိစ္ဆာဂိုဏ်းချုပ်ကလည်း သူ့ကို မည်သည့်အကြံဉာဏ်မှ မပေး။ အမှန်အတိုင်းဆိုလျှင် တစ်နှစ်လုံးလုံး သွေးမိစ္ဆာဂိုဏ်းချုပ်မှာ မန်ဟို့အား စကားတစ်ခွန်းမှ မပြောခဲ့ခြင်းဖြစ်သည်။ သူသည် သွေးမိစ္ဆာဂိုဏ်းတစ်ဂိုဏ်းလုံးအား မန်ဟို့လက်ထဲ ထည့်လိုက်သည့်အလားပင်။ မန်ဟိုသည် ယခုတွင် ဂိုဏ်းရှိ လူတိုင်း၏ ရှင်ခြင်းသေခြင်းအပေါ် ဆုံးဖြတ်ပိုင်ခွင့် ရှိသွားလေပြီ။

သူသည် သွေးမိစ္ဆာမဟာမှော်သိုင်းနှင့်ပတ်သက်၍ အဆင့်မတက်ခဲ့သော်လည်း ကောင်းကင်ဘုံကိုးဆင့်ရတနာခန္ဓာတံဆိပ်တော်ကျင့်စဉ်အား ဉာဏ်အလင်းရခဲ့၏။

အဆိုပါပညာရပ်သည် အနုမစိတ်သည့်အပြင် ရိုးရှင်းသော်လည်း အပြင်အားကိုယ် အံ့ဖွယ်အတိုင်းအတာအထိ ကျင့်ကြံပေးနိုင်သည်။ မှော်ပစ္စည်းတစ်ပုံခေါင်းလည်း လိုအပ်ပေသည် မဟုတ်ပါလော။ အဆင့်(၁)ကို ကျင့်ဖို့လေးအတွက် စိတ်ဝိညာဉ်ခွဲထွက်ခြင်းမှော်ပစ္စည်းတစ်သောင်း လိုအပ်လေသည်။

ကံကောင်းထောက်မသည်က စိတ်ဝိညာဉ်ခွဲထွက်ခြင်း အသက်အဆီအနှစ်ရတနာများမဟုတ်ခြင်းပင်။ အသက်အဆီအနှစ်ရတနာများ ဆိုလို့ကတော့ မန်ဟို ချက်ချင်း လက်လျှော့လိုက်မည်သာ။ သူ့အနေဖြင့် ထိုသို့အရာမျိုး ကျင့်ကြံဖို့ မတတ်နိုင်။

သို့သော်လည်း အဆင့်(၁)ကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်လျှင်တော့ သူ၏အပြင်အားကိုယ်သည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ကို ကျော်လွန်၍ တာအိုရှာဖွေခြင်းအဆင့်သို့ ရောက်ရှိသွားလိမ့်မည်။ အပြင်အားကိုယ် တာအိုရှာဖွေခြင်းအဆင့်သို့ ရောက်ရှိသွားသည့်အခါ ချီနှင့်သွေးတွင် ကောင်းကင်နှင့်မြေကြီး၏ သဘာဝနိယာမတစ်ခု ပါရှိလာလိမ့်မည်။

ထိုကဲ့သို့ ခန္ဓာကိုယ်မျိုးသည် ရတနာတစ်ပါးလိုမျိုး အဖိုးဖြတ်မရပေ။

အဆင့်(၂)ကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်လျှင် အပြင်အားကိုယ်သည် တာအိုရှာဖွေခြင်းအဆင့်မှ ဖောက်ထွက်ပြီး အပြင်အားကိုယ်အင်မော်တယ်ပြစ်ဒဏ်ကို ရင်ဆိုင်ရပေမည်။ ကျော်လွှားနိုင်သွားသည့်အခါတွင် .... ချီနှင့်သွေးကား အင်မော်တယ်အဆင့်တက်လှမ်းပေမည်။

“ဒီကျင့်စဉ်မှာ စုစုပေါင်း အဆင့်လေးဆင့် ရှိတယ်။ အမြင့်ဆုံးအထိ ကျင့်ကြံနိုင်လို့ကတော့...” သူ၏မျက်လုံးများသည် တခဏ စူးရှတောက်ပသွား၏။ ၎င်းသည် လျင်မြန်စွာပင် ပြန်လည်မှေးမှိန်သွားလေသည်။ အဆင့် (၄) ကို ကျင့်ကြံဖို့အတွက် လိုအပ်သော ပစ္စည်းများမှာ သူ ကြားပင်မကြားဖူးသော အရာများဖြစ်နေသည် မဟုတ်ပါလော။

“ပြီးတော့ ခြောက်သွေ့မီးတောက်မိစ္ဆာမှော်အစစ်အမှန်ကိုယ်တာအို ရှိသေးတယ်” သူသည် မျက်လုံးများ ထူးဆန်းစွာ လင်းလက်တောက်ပနေလျက် တွေးလိုက်၏။ တစ်နှစ်အတောအတွင်း သူ၏ အကြီးမားဆုံးအောင်မြင်မှုမှာ ကောင်းကင်ဘုံကိုးဆင့်ရတနာခန္ဓာတံဆိပ်တော်မဟုတ်ဘဲ ခြောက်သွေ့မီးတောက်မှော်အစစ်အမှန်ကိုယ်တာအိုနှင့် ပတ်သက်လေသည်။

မန်ဟိုသည် အတန်ကြာ စဉ်းစားသုံးသပ်ပြီးနောက်မှ အနည်းငယ် နားလည်သွား၏။ ၎င်းသည် တကယ်တော့ ကိုယ်ပွားတစ်ခု ဖန်တီးနိုင်သော ကျင့်စဉ်တစ်မျိုးပင်။ မှန်သည်၊ ကိုယ်ပွားကျင့်စဉ်ဆိုသည်မှာ တောင်ပိုင်းဒေသတွင် အတွေ့မများသလို၊ ရှားလည်း မရှားပေ။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူအများစုအနေဖြင့် ကိုယ်ပွားများ ဖန်တီးရန် နည်းလမ်းတစ်ခုဝောာ့ ရှာတွေ့ကြသည်သာ ဖြစ်၏။

ကိုယ်ပွားသေသွားလျှင် ကိုယ်အစစ်မှာ ဆက်လက် ရှင်သန်နိုင်သည်မဟုတ်ပါလော။ ထိုနည်းတူစွာပဲ ကိုယ်အစစ်သေလျှင်လည်း ကိုယ်ပွားသည် ဆက်လက်ရှင်သန်နိုင်၏။ ကိုယ်ပွားဖန်တီးခြင်းဆိုသည်မှာ နောက်ထပ် အသက်တစ်ချောင်းဖန်တီးခြင်းသာ ဖြစ်ပေသည်။

ကိုယ်ပွားဖော်ဆောင်ပေးနိုင်သော ကျင့်စဉ်တစ်ပုံကြီး ရှိပြီး အကုန်လုံးမှာလည်း သူနည်းသူ့ဟန်နှင့် ပြိုင်ဘက်ကင်းလေသည်။ ခြောက်သွေ့မီးတောက်မှော်အစစ်အမှန်ကိုယ်တာအိုကမူ ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းတွင် အဆင့်မြင့်ဆုံးတာအိုမှော်ကျင့်စဉ်များထဲမှ တစ်ခုအပါအဝင် ဖြစ်ပေသည်။ ထိုမျှသာမက ၎င်းသည် သခင်လီ၏ အောက်ရှိ မိစ္ဆာပါရာဂွန်သုံးဦးအနက်မှ ခြောက်သွေ့မီးတောက်မိစ္ဆာကြီး၏ အသက်အဆီအနှစ် တာအိုမှော်ကျင့်စဉ်မဟုတ်ပါလော။

၎င်းမည်မျှအစွမ်းထက်သလဲ ဆိုရာတွင် နဝမတောင်နှင့်ပင်လယ်တစ်ခုလုံးတွင် ၎င်းထက်ပို၍ ထင်ရှားသောတစ်စုံတစ်ခုကို ရှာတွေ့ဖို့ ခက်သည်အထိပင်။

“ကျန်တဲ့ ကိုယ်ပွားကျင့်စဉ်တွေက လူတစ်ယောက်ရဲ့ ဝိညာဉ်ကနေ အမျှင်တစ်မျှင် ထုတ်ယူပြီး အသွေးအသားကိုယ် ဒါမှမဟုတ် စိတ်ဝိညာဉ်ကိုယ်ထဲ ထည့်ရတာပဲ။ နောက်ရွေးချယ်စရာရှိတာက မှော်ပစ္စည်းတစ်ခုခု သုံးရင်း ခန္ဓာကိုယ်တစ်ခု ဖန်တီးပြီးတော့ ကိုယ်အစစ်နဲ့ ချိတ်ဆက်လိုက်တာ

“အဲ့ဒါတွေက ကိုယ်ပွား ပုန်ကန်လို့ဖြစ်လာမယ့် ဘယ်ပြဿနာကိုမဆို ရှောင်ရှားနိုင်တဲ့ အန္တရာယ်အကင်းဆုံး နည်းလမ်းတွေပဲ

“ဒါပေမဲ့ ခြောက်သွေ့မီးတောက်မှော်အစစ်အမှန်ကိုယ်တာအိုက သဟဇာတဖြစ်တဲ့ ကိုယ်ပွားခန္ဓာကိုယ် ဖန်တီးပေးနိုင်တယ်။ အဲ့ဒီကိုယ်ပွားခန္ဓာလည်း ဝိညာဉ်အမျှင်တစ်မျှင် လိုအပ်တယ်။ ကိုယ်ကိုယ်တိုင်ရဲ့ ဝိညာဉ်မဟုတ်ဘဲ အပြင်လူတစ်ယောက်ရဲ့ ဝိညာဉ်ဆီက ဖြစ်နေတာ တစ်ခုပဲ

“ဒါက ခန္ဓာကိုယ်ကို ဝိညာဉ်နဲ့ ထိန်းချုပ်တာ မဟုတ်ဘဲ ဝိညာဉ်ကို ခန္ဓာကိုယ်နဲ့ ထိန်းချုပ်တာမျိုး။ ဝိညာဉ်က ခြောက်သွေ့ပြီး ကိုယ်ပွားကို အားဖြည့်ပေးမယ့် မီးတောက်တစ်ခုအသွင်ပြောင်းသွားမယ်။ ဒါက တာအိုမှော်ကျင့်စဉ်ဆိုတာထက် မိစ္ဆာမှော်ကျင့်စဉ်ပဲ။ ကိုယ်ပွားကို ဖန်တီးလိုက်တာနဲ့ တစ်ပြိုင်နက် အပြင်အားကိုယ်ရဲ့စိတ်ဆန္ဒက အဲ့ကိုယ်ပွားကို အစစ်အမှန်ကိုယ်တစ်ကိုယ်အဖြစ် ပြောင်းလဲပြီး ကိုယ်ပွားရဲ့ဝိညာဉ်ကို ဖိနှိပ်ချုပ်ချယ်ရင်း အစစ်အမှန်ကိုယ်တာအို ဖြစ်လာမယ်

“ခန္ဓာကိုယ်က ဓားအိမ်၊ ဝိညာဉ်က ဓားလိုမျိုးပေါ့။ အားလုံးရဲ့ သော့ချက်က အဲဒီဓားကို ထိန်းချုပ်တာပဲ

“ဒီကျင့်စဉ်က မယုံနိုင်လောက်အောင် အဆင့်မြင့်လိုက်တာ

“ခြောက်သွေ့မီးတောက်မိစ္ဆာမှော်အစစ်အမှန်ကိုယ်တာအို “‌

“ဒီပညာရပ်ကျင့်ကြံပေးတာက ကိုယ်ပွားမဟုတ်ဘဲ ဒုတိယအစစ်အမှန်ကိုယ်တစ်ကိုယ်ပဲ။ မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ အစစ်အမှန်ကိုယ်”

*****

ကုန်လွန်သွားခဲ့သော ထိုနှစ်အတောအတွင်း အပြင်လောကတွင် အတော်များများ ဖြစ်ပျက်သွားခဲ့၏။ တုန်လှုပ်ဖွယ်အကောင်းဆုံးဖြစ်ရပ်များထဲက တစ်ခုမှာ မန်ဟိုပြန်ပေါ်လာမှုမဟုတ်ဘဲ တောင်ပိုင်းဒေသ၏အန္တရာယ်နယ်မြေသုံးခုအနက်မှ ရှေးဟောင်းတာအိုရေကန်များ စတင်ပေါက်ကွဲလာကြခြင်းပင်။

ထိုမျှသာမက ပေါက်ကွဲမှုများသည် တစ်ကြိမ်နှင့်တစ်ကြိမ် စိတ်လာ၏။ ပထမတုန်းက တာအိုရေကန်များ၏အစွန်အဖျားရှိ တာအိုရေပူစမ်းများသာ ဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် တာအိုရေကန်များပင်လျှင် ပေါက်ကွဲလာကြသည်။

“ရှေးဟောင်းတာအိုရေကန်တွေ နောက်တစ်ကြိမ် ပေါက်ကွဲနေပြန်ပြီ”.

“အရင်လတုန်းက အသေးစားတာအိုရေကန်တစ်ကန် ပေါက်ကွဲပြီး စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မှော်ပစ္စည်းတစ်ခု ပေါ်လာတယ်ကြားတယ်”

“တာအိုရေကန်တွေ အသာထားဦး။ တာအိုရေပူစမ်းတွေလည်း ပေါက်ကွဲနေတယ်။ ကျင့်ကြံသူတွေ အဲ့မှာ ပြုံတိုးနေကြပြီး တော်တော်များများ ဉာဏ်အလင်းရသွားတယ် ကြားတယ်”

ယခုတလော ထိုကဲ့သိုအော်သံများအား သွေးမိစ္ဆာဂိုဏ်းတွင် ခဏခဏ ကြားနေရလေသည်။ ဂိုဏ်းသားတချို့သည် ဂိုဏ်းမှ ထွက်ခွာ၍ ကံကြမ္မာကောင်းရှာဖွေဖို့ တာအိုရေကန်များဆီသို့ ခရီးနှင်သွားကြ၏။

အချိန်များ ကြာမြင့်လာသည်နှင့်အမျှ တာအိုရေကန်များအပေါ် စိတ်ဝင်စားသူများ များပြားလာသည်။ မှန်ပါသည်၊ စစချင်း စိတ်ဝင်စားသူများမှာ အမြုတေဖြစ်တည်မှုမှ အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်အထိသာ ဖြစ်ခဲ့သည်။

သို့သော် တစ်လကြာသော် ယီးကျန့်ဂိုဏ်းမှ အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် ဉာဏ်အလင်းရပြီး စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်သို့ ဝင်ရောက်သွားခဲ့၏။ ဤအခြင်းအရာက တောင်ပိုင်းဒေသတစ်ခုလုံးကို အံ့အားသင့်သွားစေပြီး စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ မတက်နိုင်ဖြစ်နေသော အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့် ကျင့်ကြံသူအားလုံးနီးပါး ကံကြမ္မာကောင်းရှာဖွေဖို့ ရှေးဟောင်းတာအိုရေကန်များဆီသို့ အပြေးအလွှား ရောက်လာကြသည်။

မကြာမီ မျက်မြင်သက်သေများက တာအိုရေကန်များအတွင်း၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုတစ်ခုအကြောင်း သတင်းဖြန့်လာကြသည်။ ကြည့်ရသရွေ့ ၎င်းသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများအား မဟာတာအိုတစ်ပါးနှင့်ပတ်သက်ပြီး ဉာဏ်အလင်းရရှိစေနိုင်သော အံ့ဖွယ်လှိုင်းများကို ထုတ်လွှတ်ပေးပုံပင်။

သတင်းသည် မုန်တိုင်းကြီးသဖွယ် တောင်ပိုင်းဒေသတစ်ခုလုံးကို လှဲကျင်းတိုက်ခတ်သွား၏။ ဂိုဏ်းနှင့်မျိုးနွယ်စုအကုန်လုံးမှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများမှာ ပြင်းပြသောမျှော်လင့်ချက်များဖြင့် စိတ်အားတက်ကြွလာကြလေသည်။

သွေးမိစ္ဆာဂိုဏ်းလည်း ခြွင်းချက်မဟုတ်။

မန်ဟိုထံမှ ခွင့်ပြုချက် ရရှိပြီးနောက် သံမဏိသွေးခေါင်းဆောင်ကြီး၊ အမှောင်နတ်ဘုံခေါင်းဆောင်ကြီးနှင့် မိစ္ဆာမီးခေါင်းဆောင်ကြီးတို့သုံးဦးသည် တောင်ကြားသို့ ဝင်ရောက်လာပြီး သစ်လုံးအိမ်၏အပြင်၌ အရက်အိုးတစ်အိုးကို ရှေ့တွင် ချ၍ တင်ပျဉ်ခွေထိုင်နေသော မန်ုဟို့အနား ချဉ်းကပ်လာကြသည်။

“သွေးမင်းသား တာအိုရေကန်တွေ ပေါက်ကွဲနေပြီ။ ဂိုဏ်းချုပ်က တံခါးပိတ်ကျင့်ကြံနေတော့ ဂိုဏ်းအရေးကိစ္စတွေကို မေးမှာမဟုတ်ဘူး။ သွေးမိစ္ဆာဂိုဏ်းအနေနဲ့ ဒီကံကြမ္မာကောင်းအခွင့်အရေးမှာ ပါဝင်ဖို့ ခွင့်ပြပေးလို့ရမလား”

“ဟုတ်တယ် သွေးမင်းသား။ ကျန်တဲ့ ဂိုဏ်းတွေ မျိုးနွယ်စုတွေဆို ရုတ်ရုတ်ဖြစ်နေကြပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ယီးကျန့်ဂိုဏ်းက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးတစ်ဦး ဦးဆောင်တဲ့ ကျင့်ကြံသူတစ်ဖွဲ့ကို ရှေးဟောင်းတာအိုရေကန်တွေဆီ လွှတ်လိုက်တယ်”

“ရှေးဟောင်းတာအိုရေကန်တွေရဲ့ အစပ်နားမှာ ရှိတဲ့ တာအိုရေပူစမ်းတွေ ပေါက်ကွဲတာဆို ကိစ္စမရှိဘူး။ ဒါပေမဲ့ အတွင်းပိုင်းမှာရှိတဲ့ အသေးစားရေကန်လေးတွေက နှစ်နှစ်ထောင်မှ တစ်ကြိမ် ပေါက်ကွဲတာ။ ပင်မရေကန်ကတော့ နှစ်သောင်းမှ တစ်ကြိမ်ပဲ ပေါက်ကွဲတာ

“တွက်ချက်ကြည့်ရသလောက်ဆိုရင် အခုက ရှေးဟောင်းတာအို‌ရေကန်တွေ အကုန်လုံးနီးပါး ပေါက်ကွဲမယ့်အချိန်ပဲ”

ရှုချင်က ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးများသည် သူမကို အလွန်ရိုရိုကျိုးကျိုး ဆက်ဆံကြ၏။ သူမအတွက်နှင့် မန်ဟို ချင်းလော်ဂိုဏ်းတစ်ဂိုဏ်းကို တစ်ယောက်တည်း တိုက်ခဲ့ခြင်းက သူ့နှလုံးသားထဲ၌ သူမ မည်သို့နေရာယူထားသလဲ သက်သေထူနေသည်မဟုတ်ပါလော။

မန်ဟိုက မျက်လုံးများ ဖွင့်လိုက်ပြီး ထိုအထဲတွင် နက်နဲသိမ်မွေ့မှုနှင့် ဖျောက်ဖျက်၍မရအောင် ပြင်းထန်လှသဖြင့် ဖုံးကွယ်ရခက်နေသော အကြင်နာမဲ့ရက်စက်မှုအား မြင်ရနိုင်လေသည်။ သူ မျက်လုံးများ ဖွင့်လိုက်သည့်အခိုက်အတန့်တွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများမှာ ရင် ဒိန်းခနဲ တုန်သွားပြီး လေးလေးစားစား ဦးညွတ်လိုက်ကြ၏။

“ရှေးဟောင်း‌တာအိုရေကန်တွေ...” မန်ဟိုက ရေရွတ်လိုက်သည်။ ယခု သူ၏ကျင့်ကြံခြင်းအခြေခံမှာ ရှေ့မတက်နိုင်ဖြစ်နေလေသည်။ သူ့တွင် အတွေးတစ်ပိုင်းတစရှိသော်လည်း တတိယခွဲထွက်ခြင်းနှင့်ပတ်သက်ပြီး မရှင်း‌လင်းသေးပေ။ ထိုမျှသာမက သည့်ထက်ပို၍ တံခါးပိတ်ကျင့်ကြံခြင်းကလည်း သွေးမိစ္ဆာမဟာမှော်သိုင်းနှင့်ပတ်သက်၍ အဆင့်တက်အောင် ကူညီနိုင်တော့မည်မဟုတ်။

သူက ရှုချင်ကို ခေါင်းလှည့်ကြည့်လိုက်သည်။

“အစ်မ အဆင်ပြေပါတယ်” သူက အပြုံးလေးနှင့် ပြောသည်။ “‌ဒီမှာပဲ စောင့်နေမယ်လေ.... မင်းအတွက် ကံကြမ္မာကောင်းနည်းနည်းပါးပါး သွားရှာတာ မကောင်းဘူးလား” သူ့ကို ကြည့်နေစဉ် သူမ၏အကြည့်လေးသည် နွေးထွေးကြင်နာမှုတို့ဖြင့် ပြည့်သျှံနေ၏။ ပြီးခဲ့သည့်နှစ်တစ်လုံး သူမမှာ အတိုင်းထက်အလွန် ပျော်ရွှင်ခဲ့ရလေသည်။ သူမသည် ကျင့်ကြံခြင်းကိုလည်း စိတ်မပူသလို၊ ရှုပ်ထွေးသော ဘဝကြီးအကြောင်းကိုလည်း တွေးမနေပေ။ မန်ဟိုနှင့်အတူရှိရလျှင် ပြည့်‌စုံပြီဖြစ်ပြီး မှီခိုရာဂိုဏ်းမှာတုန်းကလို ရိုးရှင်းသောဘဝလေးကို ပြန်လည်ခံစားနေရလေသည်။

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများက အဖြေကို စောင့်စားနေရင်း မန်ဟို့ကို မျှော်လင့်ကြီးစွာဖြင့် ကြည့်‌နေကြသည်။

ဤအခိုက်အတန့်တွင် မိစ္ဆာမီးခေါင်းဆောင်ကြီးသုံးဦးအနက်မှ ဒုတိယခွဲထွက်ခြင်းအဆင့်ပညာရှင်ယောင်းမင်က တစ်စုံတစ်ခုကို ရုတ်တရုက် သတိထားမိသွားပုံပင်။ သူသည် သိုလှောင်အိတ်ကို ငုံ့ကြည့်ပြီးနောက် တလက်လက် တောက်ပနေသော ကျောက်စိမ်းပြားတစ်ပြားကို ထုတ်လိုက်သည်။ သူသည် ၎င်းကို တခဏ ကြည့်နေပြီးနောက် မျက်နှာအမူအရာ ရိပ်ခနဲ ပြောင်းသွား၏။

“သွေးမင်းသား ၊ ကျုပ်တို့ အချိန်ထပ်ဆွဲနေလို့ မဖြစ်တော့ဘူး။ အခု ယီးကျန့်ဂိုဏ်း လှုပ်ရှားနေပြီ။ ကျင်းဟန်ဂိုဏ်း၊ ဇီယွင်ဂိုဏ်း၊ ချင်းလော်ဂိုဏ်း၊ စုန့်မျိုးနွယ်စုနဲ့ လီမျိုးနွယ်စုတို့လည်း နောက်က လိုက်သွားကြပြီ။ အကုန်လုံးက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်တွေ ဦးဆောင်တဲ့ အဖွဲ့တွေကို ရှေးဟောင်းတာအိုရေကန်တွေဆီ ပို့လွှတ်လိုက်ပြီ” သူက ထိုသို့ပြောရင်း ကျောက်စိမ်းပြားအား မန်ဟို့ဆီ ကမ်းပေးလေသည်။

မန်ဟိုသည် ‘ချင်းလော်ဂိုဏ်း’ ဟု ကြားသည်နှင့် ရှုချင် မျက်နှာလေးငယ်သွားသည်ကို မြင်လိုက်ရ၏။ သတ်ဖြတ်လိုစိတ်တို့ သူ၏မျက်လုံးများတွင် ပြည့်နှက်သွားပြီး သူက ကျောက်စိမ်းပြားကို ယူလိုက်သည်။ ၎င်းကို စစ်ဆေးပြီးနောက် သူ၏ခေါင်း မော့လာ၏။ သူ၏မျက်လုံးများကား ခိုင်မာပြတ်သားမှုတို့ဖြင့် တောက်ပနေလေပြီ။

“သွားစို့” သူက ထရပ်၍ ရှေ့သိုလျှောက်သွားရင်း ပြောလိုက်သည်။ ‌စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီး ခြောက်ယောက်လုံး၏မျက်နှာအမူအရာများ ဝင်းပသွား၏။ မန်ဟို့ကျင့်ကြံခြင်းအဆင့်ကို ထည့်တွက်လျှင် သူသာ သူတို့ကို ဦးဆောင်ပါက သွေးမိစ္ဆာဂိုဏ်းအနေဖြင့် သေချာပေါက် အကျိုးအမြတ်အလျှံအပယ် သိမ်းပိုက်မိလိမ့်မည်။

မန်ဟိုသည် ‌သူတို့ခြောက်ယောက်နှင့်အတူ တောင်ကြားမှ လမ်းလျှောက်ထွက်လာ၏။ အပြင်တွင် ဂိုဏ်းသားထောင်ပေါင်းများစွာသည် ပြင်းပြသောမျှော်လင့်ချက်များဖြင့် စုဝေးနေကြလေသည်။

မန်ဟိုက သူတို့ကို လှမ်းကြည့်လိုက်သည်။

“ငါနဲ့အတူ ရှေးဟောင်းတာအိုရေကန်တွေဆီ လိုက်ဖို့ တောင်ထိပ်တစ်ခုစီက‌နေ ဂိုဏ်းသား တစ်သောင်းစီ ရွေးချယ်မယ်”

“မှန်လှပါ သွေးမင်းသား”

“အမိန့်အတိုင်းပါ သွေးမင်းသား” စိတ်လှုပ်ရှား တစ်ခဲနက် ဟစ်အော်သံများက သွေးမိစ္ဆာဂိုဏ်းတစ်ဂိုဏ်းလုံးတွင် သောင်းသောင်းသဲသဲ မြည်ဟည်းသွား၏။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးခြောက်ဦး၏ ညွှန်ကြားမှုအောက်တွင် လူများရွေးချယ်ပြီးသွားပြီး မကြာမီ အလင်းတန်းသောင်းပေါင်းများစွာသည် လေပေါ်ထိုးတက်လာပြီး မန်ဟို့အနောက်မှ လိုက်သွားကြသည်။

လီရှိချီသည် သူတို့အထဲတွင် ပါလာသော်လည်း ဝမ်ယိုချိုင်ကတော့ မန်ဟို့တောင်ကြား၏အပြင်တွင် အစောင့်အဖြစ် တင်ပျဉ်ခွေထိုင်လျက် ကျန်ခဲ့လေသည်။

မန်ဟို ဂိုဏ်းသားများအား ခေါ်သွားသည့်အခိုက်အတန့်တွင် သွေးမိစ္ဆာတောင်ပေါ်တွင် သွေးမိစ္ဆာဂိုဏ်းချုပ်သည် ထိုင်နေ၏။ ဖြေးဖြေးချင်း သူ၏မျက်လုံးများ ပွင့်လာသည်။

“နတ်ဆိုးကို ဖျက်စီးဖို့ အရင်ဆုံး နတ်ဆိုးဆန်ရမယ်။ သူ့ရဲ့နတ်ဆိုးဆန်မှုက အခုထိ လုံလောက်အောင် မနက်ရှိုင်းသေးဘူး ....”

***

All Chapters