← Chapters

တာအိုရေကန်များ၌ စု‌ရုံးရောက်ရှိလာခြင်း

Vol. 51 Ch. 712

တာအိုရေကန်များ၌ စု‌ရုံးရောက်ရှိလာခြင်း

Vol. 51 Ch. 712

တောင်ပိုင်းဒေသ၏ အန္တရာယ်နယ်မြေသုံးခု။

ပြန်လည်မွေးဖွားခြင်းဂူ၊ ရှေးဟောင်းတာအိုရေကန်များ နှင့် ရှေးကံကြမ္မာဆိုးဘုရားကျောင်း။

အားလုံးအထဲ အလျှို့ဝှက်အဆန်းကြယ်ဆုံးကား ပြန်လည်မွေးဖွားခြင်းဂူ။ အရက်စက်ဆုံးမှာတော့ ရှေးကံကြမ္မာဆိုးဘုရားကျောင်းဖြစ်သည်။ သို့သော် ကျင့်ကြံသူများအတွက် ကျင့်ကြံအားထုတ်ခြင်းနှင့်ပတ်သက်လျှင် အကျိုးအမြတ်အများဆုံး ဖြစ်စေသည်မှာ ... ရှေးဟောင်းတာအိုရေကန်များပင်။

သို့ရာတွင် ၎င်းသည် အန္တရာယ်နယ်မြေအဖြစ် သတ်မှတ်ခံထားရသေး၏။ ၎င်းအထဲသို့ ဝင်ရောက်ပြီးလျှင် အသက်ရှက်ရက် ပြန်ထွက်လာနိုင်မလား၊ မလာနိုင်ဘူးလား မသေချာတော့ပေ။ တာအိုရေကန်များ ပေါက်ကွဲသည့်အချိန်မှ အန္တရာယ်မှာ မဆိုစလောက် လျော့နည်းသွားပြီး အခွင့်အလမ်းများ တိုးလာမည်ဖြစ်သည်။

တာအိုရေကန်များဝန်းကျင်တွင် အဖိုးထိုက်ရတနာများမှလွဲ၍ တခြားမည်သည့်အရာကိုမဆို ဖြတ်တောက်ပစ်နိုင်သည့် မမြင်ရ‌သောအကွဲကြောင်းများ မကြာခဏဆိုသလို ပေါ်လာတတ်သည်။ ထို့အပြင် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သော တားမြစ်မန္တန်အမြောက်အမြားလည်း ရှိချေ၏။ အမှတ်မထင် ခလုတ်တိုက်မိလျှင်တော့ သေနိုင်ချေကား (၉၀) ရာခိုင်နှုန်းပင်။

ထို့အပြင် နေရာရွှေ့ပြောင်းထောင်ချောက်များလည်း အမြောက်အများ ရှိချေသည်။ ၎င်းတို့သည် ဗြုန်းခနဲ ကောက်ကာငင်ကာ ပေါ်လာပြီး တာအိုရေကန်များဝန်းကျင်ရှိ တချို့တချို့သောနေရာများသို့ ‌ရောက်တက်ရာရာ နေရာရွှေ့ပြောင်းပေးတတ်၏။ ကံကောင်းလျှင်တော့ ဘေးမသီရန်မခ ထွက်သွားနိုင်မည်။ ကံမကောင်းလျှင်တော့ အကွဲကြောင်းတစ်နေရာရာ သို့မဟုတ် တာအိုရေကန်တစ်ကန်ကန်အတွင်းသို့ နေရာရွှေ့ပြောင်းခံလိုက်ရလိမ့်မည်။ ထိုအခြေအနေမျိုးတွင် တာအိုရှာဖွေခြင်းအဆင့်ပညာရှင်များပင် ဒဏ်ရာရလျှင်ရ၊ မရလျှင် အသက်နှင့်ကိုယ် အိုးစားကွဲရပေလိမ့်မည်။ ဘယ်သူမှ ကွင်းလုံးကျွတ် မလွတ်နိုင်ပေ။

ပို၍ပင် ကြောက်စရာကောင်းသော ဖြစ်နိုင်ခြေတစ်ခု ရှိသေးသည်..... နေရာရွှေ့ပြောင်းခြင်းသံသရာထဲသာ အမှတ်တမဲ့ဝင်ရောက်သွားမိလျှင် ထွက်သွားခွင့်မပေးဘဲ နေရာအမျိုးမျိုးသို့ အဆက်မပြတ် နေရာရွှေ့ပြောင်းနေမှာ ဖြစ်လေသည်။

၎င်းသည် အဆုံးမရှိသော သံသရာတစ်ခုဖြစ်ပြီး ဝင်ရောက်သွားမိသည့် ကျင့်ကြံသူများအနေဖြင့် ခန္ဓာကိုယ်ရော ၊ စိတ်ဝိညာဉ်ပါ မသေမချင်း အမြဲ‌တစေ နေရာရွှေ့ပြောင်းခံနေရခြင်းဖြင့် နှိပ်စပ်ခံရပေလိမ့်မည်။

ထိုသို့ ‌ချောက်ချားစရာရလဒ်မှာ ရှေးဟောင်းတာအိုရေကန်များတွင် မကြားဖူးသော အရာမဟုတ်ပေ။ အမှန်တွင် တစ်ခါတရံ နေရာရွှေ့ပြောင်းထောင်ချောက်များတွင် အလောင်းများ ဝင်လိုက်၊ထွက်လိုက် ဖြစ်နေသည်ကိုပင် မြင်ရတတ်လေသည်။

ရှေးတာအိုရေကန်များ မည်သည့်ဖြစ်ပေါ်လာခဲ့သည် ဆိုသည်နှင့်ပတ်သက်၍မူ သိသူ မရှိသလောက်ရှားသည်။ ဝန်းကျင်တစ်ခုလုံး၏ အလယ်တည့်တည့်တွင် အကြီးဆုံးတာအိုရေကန်ကြီးရှိ၏။ မရေမတွက်နိုင်သော အသေးစားကန်လေးများက ၎င်းကို ပတ်ပတ်လည်မှ ဝန်းရံထားလေသည်။ ဤကန်များတွင် မှန်သဖွယ်မျက်နှာပြင်များရှိရာ ကြည့်ရှုလိုက်သူများအတွက် ကောင်းကင်တစ်ပြင်လုံး ရောင်ပြန်ဟပ်နေသည်ကို မြင်ရသယောင်ပင်။

အဝေးတွင်ကား တာအိုရေပူစမ်းများ ရှိသည်။ ပုံမှန်ဆိုလျှင် ၎င်းတို့သည် ခမ်းခြောက်နေတတ်သော်လည်း ၎င်းတို့ ပေါ်ထွက်လာလျှင် တာအိုအရိပ်များကို မြင်ရနိုင်ပေ၏။

ဝာာအို‌ရေကန်များနှင့် တာအိုရေပူစမ်းများတွင် မြင်ရတတ်သည့် တာအိုအရိပ်များအပြင် ၎င်းတို့သည် တစ်ခါတလေ အဖိုးထိုက်ရတနာများ၊ ရှေးမှတ်တမ်းများ သို့မဟုတ် ထူးခြားအံ့ဖွယ်သားရဲများကိုပင် ပန်းထုတ်ပေးတတ်သည်။ ရံဖန်ရံခါ ‌ကောင်းကင်ဝတ္ထုများ၊ လောကဓာတ်ရတနာများ ပေါ်လာတတ်ပြီး အထူးကျင့်စဉ်များဖြင့် ကျောက်စိမ်းပြားများ ပါလေသည်။ တချို့က သုံးစားမရသော်လည်း တချို့ကား အဖိုးဖြတ်မရပေ။ အချုပ်ဆိုရလျှင် မည်သည့်ပစ္စည်းမဆို ပေါ်ထွက်လာနိုင်၏။

အချိန်ကြာလာသည်နှင့်အမျှ လူအများသည် ရှေးတာအိုရေကန်များအောက်တွင် ရှေးခေတ်ဟောင်း၏မြို့ပျက်ကြီးရှိနေလိမ့်မည်ဟု သံသယဖြစ်လာကြသည်။

အတော်များများမှာ ထိုမြို့ပျက်ကြီးထဲ ဝင်ရောက်လိုကြသော်လည်း တာအိုရှာ‌ဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူများပင်လျှင် ထိုသို့မလုပ်နိုင်ပေ။‌ တောင်ကောင်းကင်ဂြိုဟ်၏ ကျီမျိုးနွယ်ကျင့်ကြံသူများပင်လျှင် လက်လျှော့ထားကြရသည်။

‌လောလောဆယ်တွင် ရှေးဟောင်းတာအိုရေကန်များ၏အပြင်၌ ကျင့်ကြံသူထောင်နှင့်ချီ စုရုံးရောက်ရှိနေကြသည်။ အများစုမှာ တာအိုရေကန်များ၏ အတွင်းပိုင်းသို့ မဝင်ရောက်ရဲသော သင်းကွဲကျင့်ကြံသူများ ဖြစ်ကြလေသည်။ သူတို့သည် တာအိုရေပူစမ်းများကို လုရင်း ဆူဆူညံညံ စကား‌များနေကြ၏။

အားကြီးသောသူများအနေဖြင့် နောက်တစ်ချိန်တွင် အခြေခံအုတ်မြစ်အဖြစ် တည်ဆောက်နိုင်မည့် တာအိုရေပူစမ်းတစ်ခုကို သိမ်းပိုက်နိုင်ကြသည်။ သို့သော် တာအိုရေပူစမ်းများမှာ အရေအတွက်(၃၀၀၀) ထက်မပိုသဖြင့် လုယက်တိုက်ခိုက်ခြင်းက နိစ္စဓူဝကိစ္စသဖွယ် ဖြစ်နေတော့သည်။

မှန်ပါသည် ၊ ယခုလိုဆူညံပွက်လောရိုက်နေသည့်ကြားမှပင် ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် ဉာဏ်အလင်းပွင့်ကာ ပတ်ဝန်းကျင်တွင် ထင်ရှားကျော်ကြားလာသေး၏။ ထိုအခြင်းအရာက ကျင့်ကြံသူများအကြားတွင် တစ်ဖန် စိတ်လှုပ်ရှားလာစေပြီး ကံကြမ္မာကောင်းကို ရယူဖို့အတွက် သွေးရူးသွေးတန်း ဖြစ်ကုန်ကြလေသည်။

အချိန်များကုန်‌လွန်နေစဉ် ကျင့်ကြံသူများ တဖွဲဖွဲ ရောက်လာကြသည်။ မှန်သည် ၊ တချို့က တာအိုရေပူစမ်းများမဟုတ်ဘဲ၊ မီတာ (၃၀) တာအိုရေကန်များရှိသည့် အတွင်းပိုင်းသို့ စွန့်စွန့်စားစား သွားရောက်လိုကြလေ၏။

တာအိုရေပူစမ်းများမှာ ဆယ်ကြိမ်လျှင် ကိုးကြိမ်လောက်က တာအိုအရိပ်များကို ပန်းထုတ်ပေးသည်။ တစ်ခါ‌တလေမှသာ အခြားပစ္စည်းများအား ထုတ်ပေးတတ်လေသည်။

တာအိုရေကန်များမှာမူ ရေကန်၏အရွယ်အစား‌အပေါ် မူတည်၏။ ဥပမာ - မီတာ(၃၀) တာအိုရေကန်များတွင် တာအိုအရိပ်များမှလွဲ၍ အခြားပစ္စည်းများ ထုတ်ပေးနိုင်ခြေ ဆယ်ရာခိုင်နှုန်း ရှိလေသည်။ မီတာ (၃၀၀) တာအိုရေကန်များကတော့ အခွင့်အလမ်း သုံးဆယ်ရာခိုင်နှုန်းဖြစ်၏။

ထို့နောက် မီတာ (၃၀၀၀) တာအိုရေကန်များကတော့ ခြောက်ဆယ်ရာခိုင်နှုန်းအသီးသီးရှိသည်။

နောက်ဆုံးတွင်တော့ အဖိုးထိုက်ရတနာများဖြင့် ပန်းထွက်လာနိုင်ခြေ ကိုးဆယ်ရာခိုင်နှုန်းရှိသော မီတာ(၃၀၀၀၀) တာအိုရေကန်။

တာအိုရေပူစမ်းများအတွက်မူ တစ်ခါ ပန်းထွက်လာတိုင်း တာအိုအရိပ်တစ်ခု ပေါ်လာတတ်သည်။ ထို့နောက် အဆိုပါတာအိုရေပူစမ်းသည် တူညီသော တာအိုအရိပ်ကိုသာ ထပ်တလဲလဲ ထုတ်လွှတ်ပေးတော့မည်ဖြစ်၏။

တာအိုရေကန်များကတော့ မတူ။ တာအိုအရိပ် ပေါ်လာခဲ့လျှင်တောင်မှ နောက်ဆုံးတွင် ပျောက်ကွယ်သွားမည်ဖြစ်သည်။ ထို့နောက် ကန်တစ်ကန်၏အစပ်နားတွင် နောက်ထပ် ပေါက်ကွဲပန်းထွက်လာမည့်အချိန်ကို စောင့်နိုင်လေသည်။

ရှေးဟောင်းတာအိုရေကန်များဝန်းကျင်တွင် မီတာ (၃၀) ရေကန်တစ်ထောင်ခန့်ရှိသည်။ တစ်ကန်စီအား အသေးစားဂိုဏ်းတစ်ဂိုဏ်းစီက အပြင်လူတစ်ယောက်မှ အနားမကပ်နိုင်အောင် အသီးသီး သိမ်းပိုက်ထားသည်။ မီတာ (၃၀၀) ရေကန်ရာဂဏန်းအနက် အများစုကိုတော့ အလယ်အလတ်ဂိုဏ်းများ၊ မျိုးနွယ်စုများမှ အပိုင်စီးထားလေသည်။

မီတာ(၃၀၀၀) တာအိုရေကန်များမှာမူ စုစုပေါင်း ဆယ်ကန်ရှိပြီး ယီးကျန့်ဂိုဏ်းကဲ့သို့ အကြီးစားဂိုဏ်းများ ၊ မျိုးနွယ်စုများမှာ သိမ်းပိုက်ပိုင်ခွင့်ရှိသည်။

ဤအခိုက်အတန့်တွင် စုရုံး‌ရောက်ရှိလာကြသော တောင်ပိုင်းဒေသကျင့်ကြံသူအရေအတွက်မှာ တစ်သန်းတော့ မကျော်သေးသော်လည်း ခုနစ်သိန်း၊ ရှစ်သိန်းဝန်းကျင် ရှိနေလေပြီ။ ရောက်လာကြသူများ များပြားလာသည်နှင့်အမျှ တိုက်ခိုက်လုယက်မှုများလည်း ပြင်းထန်လာသည်။

ဝုန်း

ရုတ်တရက် ကျင့်ကြံသူအုပ်စုတစ်စု ကောင်းကင်တွင် ပေါ်လာသည်။ တစ်ဦးတစ်ယောက်ချင်းစီသည် ရွှေရောင်တောက်နေပြီး ထိုသို့တောက်ပနေရသည့်အကြောင်းရင်းမှာ ရွှေချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထား၍ပင်။ သူတို့အားလုံးမှာ လုံးဝ ရက်စက်ကြမ်းတမ်းဟန်ရှိလေသည်။

သူတို့ လေကို ခွင်းလာကြစဉ် ကောင်းကင်နှင့်မြေကြီးသည် မှေးမှိန်သွားပြီး လှိုင်းများက အရပ်လေးမျက်နှာသို့ ဖြာထွက်လာ၏။ သူတို့က အောက်ငုံ့မကြည့်ဘဲ ရှေးဟောင်းတာအိုရေကန်များ၏ အတွင်းပိုင်းကိုသာ မမှိတ်မသုန် ကြည့်နေကြသည်။ သူတို့က ဝင်ရောက်လာသောအခါ ခွဲဖြာပျံထွက်မသွားကြဘဲ ဂိုဏ်းအကြီးအကဲများ၏ ခေါင်းဆောင်မှုအောက်တွင် ဂရုတစိုက် ဆက်သွားနေကြလေသည်။

“ကျင်းဟန်ဂိုဏ်း ရောက်လာပြီ”

“အဲ့ဒါ ကျင်းဟန်ဂိုဏ်းက ကျင့်ကြံသူတွေပဲ။ အရှေ့ဆုံးက လူက ကျင်းဟန်ဂိုဏ်းရဲ့ ခေါင်းဆောင်ကြီး လင်းတုန်ပဲ။ သူ့အနောက်ကလူက မဟုတ်မှ မဟာအကြီးအကဲထာဝ‌ရတောင်လားဟ”

“ဘေးက ဖက်တီးကြီးကို မြင်လား။ မိန်းမအယောက်တစ်ရာယူမယ်လို့ သစ္စာဆိုခဲ့တာ သူပေါ့ ၊ အရှက်မရှိတဲ့ လီဖူကွေ့လေ”

တအံ့တဩအော်သံများ တာအိုရေကန်များ၏အတွင်းမှ ထွက်လာကြပြီး အသေးစားဂိုဏ်းများနှင့် အလယ်အလတ်ဂိုဏ်းများပင်လျှင် စိုးရိမ်လာကြတော့သည်။ အထူးသဖြင့် ဂိုဏ်းသူများမှာ လီဖူကွေ့ဆိုသော နာမည်ကို ကြားသည်နှင့် ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြ၏။

မကြာမီ အပြင်မှ ပို၍ကျယ်လောင်သော အသံများ ထွက်လာသည်။

“လီမျိုးနွယ်စု ရောက်လာပြီ”

“အဲဒါ ... လီမျိုးနွယ်ခေါင်းဆောင်ကြီးဆယ့်ကိုးမလား။ သူက ဒုတိယခွဲထွက်ခြင်းအဆင့်တဲ့။ သူ့နောက်က လူတွေကို ကြည့်စမ်း။ သူတို့ကြည့်ရတာ အဆင့်အတန်းတူတယ်ထင်တယ်။ မဟုတ်မှ သူတို့လည်း စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးတွေလား”

“စုန့်မျိုးနွယ်စုလည်း ရောက်လာပြီ။ ငါ စုန့်မျိုးနွယ်စုရဲ့ မှင်ကျောက်ခဲရုပ်သေးရုပ်တွေကို မြင်လိုက်ရတယ်”

“ချင်း‌လော်ဂိုဏ်။ ချင်းလော်ဂိုဏ်း‌ကလူတွေ ဒီရောက် နေတယ်”

“တောင်ပိုင်း‌ဒေသတစ်ဝန်းလုံးမှာရှိတဲ့ ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေ အကုန်လုံးနီးပါး ရောက်လာကြတာပဲ”

အသံများသည် ရှေးဟောင်းတာအိုရေကန်များတစ်လျှောက် တုံ့ပြန်လူးလာ ပဲ့တင်ထပ်နေ၏။ ချင်းလော်ဂိုဏ်း၏ ‌ခေါင်းဆောင်နေရာရှိ လူမှာ မန်ဟို့တိုက်ကွက်မှ အသက်ရှင်ကျန်ရစ်ခဲ့သော တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးမှတစ်ပါး အခြားမဟုတ်ပေ။ သိသာစွာပင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ အတော်‌လေး သက်သာလာခဲ့သော်လည်း သူသည် မျက်နှာထားတင်းတင်းဖြင့် ဘေးဘီဝဲယာကို ကြည့်ပြီး သူ့လူများကို တာအိုရေကန်များဆီသို့ ခေါ်သွားလေသည်။

စုန့်မျိုးနွယ်စုမှ အုပ်စုတွင် စုန့်ကျားပါသည်။ သူမ၏အမူအရာလေးမှာ တည်ငြိမ်အေးဆေးလျက်ရှိပြီး သက်လတ်ပိုင်းလူတစ်ယောက် သူမအနောက်မှ ထပ်ကြပ်မကွာ လိုက်လာနေသည်။ သူ၏ပုံစံမှာ ဒေါသထွက်မနေသည့်တိုင် ရှိန်စရာကောင်းလေသည်။ ယခင်ထက် ကျင့်ကြံအဆင့် မဆိုစလောက်လေး မြင့်နေပြီဖြစ်သော လူထူးဆန်းစုန့်လည်း ပါလာသည်။ သူကား ယခုတွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မှ ခြေလှမ်းတစ်ဝက်သာ လိုတော့သော အနုသုခမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့်တွင် ဖြစ်လေ၏။

သူတို့အနောက်တွင် စုန့်မျိုးနွယ်စု၏ ဂျူနီယာမျိုးဆက်တစ်သောင်းကျော်နှင့်အတူ ရုပ်သေးရုပ်တစ်သောင်းကျော် ရှိလေသည်။ ရုပ်သေးရုပ်များမှာ ပြင်းထန်‌သော အအေးဓာတ်ကို ထုတ်လွှတ်လျက် ခံစားချက်မဲ့နေကြပြီး အလွန်‌အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော ပုံပန်းသွင်ပြင်များအား ပိုင်ဆိုင်ထားလေ၏။

စုန့်မျိုးနွယ်စု တာအိုရေကန်များ၏အတွင်းပိုင်းသို့ ဝင်ရောက်လာကြသည့်အချိန်မှာပင် အဝေးရှိ ကောင်းကင်ထက်တွင် ခရမ်းရောင်မင်္ဂလာတိမ်တိုက်တစ်ခု ပေါ်လာသည်။ ၎င်း နီးကပ်လာသည့်အခါ ဝါကြင့်ကြင့်မျက်နှာနှင့် အဘိုးကြီးတစ်ဦးအား အထဲ၌ မြင်လိုက်ရသည်။ သူ့ကို တူညီသောအရှိန်အဝါများနှင့် အဘိုးကြီးအနည်းငယ်က ဝန်းရံထားလေသည်။ သူတို့၏မျက်နှာထားများသည် ခက်ထန်နေပြီး သူတို့ကား စကားပြောခြင်းမရှိပေ။ သူတို့အနောက်ရှိ တိမ်တိုက်တွင် ဂိုဏ်းသားထောင်ချီနှင့်အတူ ဓားတစ်လက် လှည့်ပတ်နေသာ ဧရာမဆေးပေါင်းဖိုကြီးတစ်လုံးရှိ၏။

သူတို့၏စွမ်းအားမှာ ‌ရောင်စုံတောက်ပနေပြီး သူတို့ချဉ်းကပ်လာနေကြစဉ် တာအိုရေကန်များအပြင်ရှိ ကျင့်ကြံသူများသည် သူတို့မည်သူလဲ ချက်ချင်း မှတ်မိသွားကြ၏။

“ဇီယွင်ဂိုဏ်း”

“အဲဒါ ဇီယွင်ဂိုဏ်းရဲ့ ဆရာကြီး‌နွမ်းလျတာအိုပဲ။ သူက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်လေ”

“သူ့အနောက်ကို ကြည့်ဦး။ ဇီယွင်ဂိုဏ်းရဲ့ အလှနတ်မိမယ်လေးနှစ်ယောက် ... ချူယွီယန်နဲ့ ဟန်ရွှယ့်ရှန်း”

ဇီယွင်ဂိုဏ်းသားများအကြားတွင် ချူယွီယန်၏အကြည့်သည် အောက်ရှိမြင်ကွင်းအပေါ်၌ ပြေးလွှားသွား၏။ တစ်စုံတစ်ယောက်ကို ရှာနေသော်‌လည်း ထိုသူ့ကို ‌မတွေ့ရသည့်အလား သူမ၏ လှပသောမျက်ခုံးလေးမှာ တွန့်ချိုးသွားလေသည်။ သူမဘေးတွင် ဆီးနှင်းသဖွယ် အသားအရေလေးနှင့် မယုံနိုင်လောက်အောင် ဆွဲဆောင်မှုရှိသော ချစ်စရာမိန်းကလေးတစ်ဦးရှိ၏။ သူမကား အနက်ရောင်နယ်မြေ၊ သန့်စင်နှင်းမြို့တော်၏ သန့်စင်သမီးတော် ဟန့်ရွှယ်ရှန်းမှတစ်ပါး အခြားမဟုတ်ပေ။

သူမလည်း လူအုပ်ကြားထဲတွင် ရှာနေသယောင်ရှိပြီး တခဏကြာသော် မျက်နှာလေးငယ်သွား၏။ သူမဘေးတွင်တော့ တည်ကြည်လေးနက်သော ခံ့ခံ့ညားညား သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ရှိသည်။ ရံဖန်ရံခါ သူသည် ပိပိရိရိ ဖုံးကွယ်ထားသော ‌နွေးထွေးကြင်နာမှုတို့ဖြင့် ဟန်ရွှယ်ရှန်းကို လှမ်းလှမ်းကြည့်တတ်လေ၏။

သူကား ထိုနှစ်တုန်းက ‌ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရာထူးအတွက် မန်ဟိုနှင့်ယှဉ်ပြိုင်ခဲ့သော ရီဖေးမုမှတစ်ပါး အခြားမဟုတ်ပေ.... သူသည် ဆေးဝါးတာအိုရွေးချယ်ခံတစ်ဦးဖြစ်လာခဲ့ပြီး ယခုတွင် အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေလေပြီ။

ထိုအဖွဲ့ထဲတွင် သိပ်ပြောပလောက်စရာ မရှိသည့်တိုင် အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်ဖြစ်သော နောက်တစ်ယောက်ရှိသည်။ သူလည်း သူ၏မှတ်ဉာဏ်များအတွင်း တစ်နေရာ၌ တည်ရှိနေသော ပုံရိပ်ကို ရှာ‌နေသည့်အလား အောက်ကို ငုံ့ကြည့်နေ၏။

“သူ မလာဘူးလား .....” အဘိုးကြီးက သက်ပြင်းချလိုက်သည်။ “အင်း ငါ ဘယ်သူလဲဆိုတောတောင် သူ မှတ်မိလောက်မှာ မဟုတ်ပါဘူးလေ ....” အဘိုးကြီး၏စိတ်ထဲတွင် ဇီယွင်ဂိုဏ်း၏အတိတ်တုန်းက အမှတ်တရပေါင်းများစွာ ဖြတ်ပြေးသွားငည်။

“အစ်ကိုကြီးမန် ၊ ပိုင်ယွင်လိုင်ကို မှတ်‌မိသေးရဲ့လား ....”

အံ့ဩဖွယ်ကောင်းစွာနှင့် ဇီယွင်ဂိုဏ်းသားများအကြားတွင် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များဖြစ်သည့် အန်းဇဲ့ဟိုင်နှင့် လင်ဟိုက်လုံကိုလည်း မြင်ရလေသည်။ သူတို့သည် ဟိုဟိုသည်သည် ကြည့်လိုက်ကြပြီး တွေ‌ဝေရှုပ်ထွေးသွားသော အမူအရာများအား သူတို့၏မျက်နှာအပေါ်တွင် မြင်ရနိုင်၏။

‌မင်္ဂလာတိမ်တိုက်က ဇီယွင်ဂိုဏ်းအဖွဲ့ကို ရှေးဟောင်းတာအိုရေကန်များအတွင်းသို့ သယ်ဆောင်သွားပြီးနောက် ပျောက်ကွယ်သွားသည်။ နောက်ဆုံးတွင် ရေကန်များအပြင်ဝန်းကျင်မှာ ယခင်အတိုင်း ပြန်ဖြစ်သွားတော့၏။

သုံးရက်ကြာသော် မိုးကုပ်စက်ဝန်းတွင် သွေးရောင်အလင်းတန်းတစ်တန်း တောက်ပလာသည်။ အလင်းရောင်သည် သွေး‌ရောင်မိစ္ဆာသားရဲကြီးတစ်ကောင်ပုံစံဖြင့် အရပ်လေးမျက်နှာသို့ ဖြာထွက်‌နေ၏။ အလင်းတန်းက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားလာပြီး ဧရာမမျက်နှာကြီးတစ်ဖက်အား မြင်လာရသည်။

သွေးအစက်အပြောက်များက ‌ကြောက်ခမန်းလိလိစွမ်းအင်တစ်မျိုး ထုတ်လွှတ်နေသော ခရုပတ်ချိုကြီးတစ်ချိုအား ဖော်ဆောင်ပေးထားသည်။

မျက်နှာကြီးအား အနီးကပ်ကြည့်လျှင် အံ့ဩဖွယ်ကောင်းစွာနှင့် ကျင့်ကြံသူထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားကြောင်း မြင်ရပေမည်။ ချိုကြီးမှာမူ ၎င်း၏ထိပ်တွင် သွေးရောင်ဝတ်ရုံနှင့် လူငယ်တစ်ဦးရှိ၏။ သူ၏ဆံပင်ရှည်ရှည်များက သူ၏တည်ကြည်သော မျက်နှာတစ်ဝိုက်တွင် တဖျပ်ဖျပ် လွင့်ကာနေသည်။ သူ၏မျက်ဝန်းများ၌ အကြင်နာမဲ့ရက်စက်မှုအား မြင်ရနိုင်လေသည်။

သူသည် ချောမောခံ့ညားသော်လည်း စာပေသမားအငွေ့အသက်မရှိတော့ဘဲ သွေးအေးရက်စက်ပုံပေါ်နေ၏။ ဤသည်ကား သေဆုံးပြီးနောက် အကြင်နာမဲ့ရက်စက်သော နတ်ဆိုးတစ်ကောင်သဖွယ် ဖြစ်လာသည့် မန်ဟိုပင်။

သူ့အနောက်တွင်‌ သွေးမိစ္ဆာဂိုဏ်း၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်းခေါင်းဆောင်ကြီးများနှင့်အတူ ဂိုဏ်းသားလေးသောင်းရှိ၏။

“သွေးမိစ္ဆာဂိုဏ်း”

“အဲဒီလူငယ်က ... မန်ဟိုများ ဖြစ်နေမလား။ သူက မဟာအကြီးအကဲဆေးဒယ်အိုး ဖန်မုဆိုပြီး ဖြစ်ခဲ့ဖူးတယ်။ အခုတော့ .... သွေးမိစ္ဆာဂိုဏ်းရဲ့ သွေးမင်းသား ဖြစ်နေပြီ”

“ချစ်သူဖြစ်တဲ့ ရှုချင်ကို ကယ်ဖို့ ချင်းလော်ဂိုဏ်းတစ်ဂိုဏ်းလုံးကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့သူ မန်ဟိုပဲ” ချက်ချင်းပင် တာအိုရေကန်အပြင်ဝန်းကျင်မှာ ဆူညံပွက်လောရိုက်သွားတော့၏။ ယခုတွင် ချင်းလော်ဂိုဏ်းကိစ္စပြီးကတည်းက တစ်နှစ်ကျော် ကြာခဲ့ပြီဖြစ်ရာ သတင်းမှာ ‌နေရာအရပ်ရပ်သို့ ပျံ့နှံနေခဲ့လေပြီ။

လူအုပ်ကြားထဲရှိ အမျိုးသမီးကျင့်ကြံသူများမှာ တဖျပ်ဖျပ် တောက်ပနေသော မျက်လုံးများဖြင့် မန်ဟိုကို ကြည့်ပြီး စိတ်ကူးယဉ်လိုက်ကြသည်။ “မန်ဟိုလို ချစ်သူမျိုး လိုချင်လိုက်ဝာာ”

စကားသံများ အုံးအုံးထနေစဉ် မန်ဟိုနှင့် သွေးမိစ္ဆာဂိုဏ်းအဖွဲ့သည် ရှေးဟောင်းတာအိုရေကန်ဝန်းကျင်သို့ ဝင်ရောက်သွားတော့၏။

ထိုအခိုက်အတန့်တွင် တစ်နေရာလုံး တုန်ခါစပြုလာသည်။ တုန်ခါခြင်းနှင့်အတူ တာအိုရေပူစမ်းတစ်ခုပြီးတစ်ခု ၊ တာအိုရေကန်တစ်ကန်ပြီးတစ်ကန်သည် ပေါက်ကွဲလာ၏။ မရေမတွက်နိုင်သော တာအိုအရိပ်များပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးတွင် အရောင်များ ပြိုးပြိုးပြက်ပြက် လက်သွားလေသည်။

သွေးမိစ္ဆာဂိုဏ်းကား တာအိုရေကန်ပေါက်ကွဲသည့်အချိန်မှာပင် ရောက်လာခဲ့လေပြီ။

***

All Chapters