← Chapters

တာအိုရေကန်‌ ပေါက်ကွဲခြင်း

Vol. 51 Ch. 713

တာအိုရေကန်‌ ပေါက်ကွဲခြင်း

Vol. 51 Ch. 713

ကောင်းကင်သည် တဂျိန်းဂျိန်း ထစ်ချုန်းနေပြီး မြေပြင်မှာ တဝုန်းဝုန်း တုန်ခါနေ၏။ ဘီလူးကြီးတစ်ကောင် ဟိန်းဟောက်ရင်း ‌ ‌‌မြေကြီးထဲမှ ထိုးထွက်လာနေသဖြင့် ၎င်း၏အသံအားကြီးက တာအိုရေပူစမ်းများနှင့် တာအိုရေကန်များတစ်လျှောက် ဖြာထွက်ရိုက်ခတ်နေသည့်အလားပင်။

အဝေးမှကြည့်လျှင် ပန်းထွက်လာသည်က ချော်ရည်များမဟုတ်ဘဲ မရေမတွက်နိုင်သော ရောင်စုံတာအိုအရိပ်များ ဖြစ်နေသည်လွဲ၍ မီးတောင်များ ‌ပေါက်ကွဲနေသကဲ့သို့ ထင်ရသည်။ ဤတာအိုအရိပ်များသည် ရှေးအဝတ်အစားများ ဝတ်ဆင်ထားသော ‌ကျင့်ကြံသူများ၏ပုံရိပ်များ ဖြစ်၏။ တချို့သည် မှော်တိုက်ပွဲဆင်နွှဲ‌နေကြပြီး အချို့မှာတော့ ကောင်းကင်နှင့်မြေကြီးနှင့်စပ်လျဉ်း၍ ဉာဏ်အလင်းရှာဖွေနေကြလေသည်။

အနိမ့်ဆုံး ချီအခြေတည်အ‌‌ဆင့်မှသည် အမြင့်ဆုံး အနုသုခုမရုပ်ခန္ဓာအ‌ဆင့်အထိ ကျင့်ကြံခြင်းအခြေခံမျိုးစုံအား မြင်ရလေသည်။

မြင်ကွင်းတစ်ခုလုံးကို ခြုံကြည့်လျှင် တာအိုအရိပ်များအား အတော်လေး များပြား၏။

ဤသို့ ရေကန်ပန်းထွက်လာသည့် ခိုက်အတန့်တွင် မန်ဟိုနှင့် သွေးမိစ္ဆာဂိုဏ်းအဖွဲ့သည် တာအိုရေကန်များဝန်းကျင်သို့ ဝင်ရောက်လာခဲ့လေပြီ။ တစ်ချိန်တည်းမှာပင် အထိတ်တလန့်အော်သံများ ပျံ့နှံ့လာသည်။

“အဲ့ဒါ ...”

“စိတ်ဝိညာဉ်ခွဲထွက်ခြင်း တာအိုအရိပ်ပဲ”

“တကယ်ကြီး စိတ်ဝိညာဉ်ခွဲထွက်ခြင်းပုံရိပ် ... နေဦး မဟုတ်သေးဘူး။ အဲဒါ အနုသုခုမရုပ်ခန္ဓာ မဟာစက်ဝန်းအဆင့်ကျင့်ကြံသူတစ်ယောက် ပထမခွဲထွက်ခြင်းလုပ်ဆောင်နေတဲ့ အခိုက်အတန့်ရဲ့ တာအိုအရိပ်ပဲ”

များပြားလှသော ကျင့်ကြံသူများသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းတာအိုအရိပ်ရှိရာသို့ သူ့ထက်ငါ အလုအယက် ပျံသန်းသွားကြ၏။

မန်ဟိုက တခဏ ရပ်ပြီး လှည့်ကြည့်လိုက်သည်။ အဝေးတွင် အပြာရောင်အလင်းတန်းတစ်တန်း ထိုးထွက်နေသော တာအိုရေပူစမ်းတစ်ခုကို သူ လှမ်းမြင်လိုက်၏။ ထိုအလင်းတန်းထဲတွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းလုပ်ဆောင်နေသော ပိန်ပိန်သွယ်သွယ်ကျင့်ကြံသူတစ်ယောက်၏ တာအိုအရိပ်ရှိလေသည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူထောင်ပေါင်းများစွာမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ မန်ဟိုနှင့်အတူ လိုက်လာသော သွေးမိစ္ဆာဂိုဏ်းသားများလည်း လှုပ်လှုပ်ရှားရှား  ဖြစ်သွားကြ၏။

မန်ဟိုက သူတို့ကို မတားပေ။ “ဘာလို့ ဒီမှာ ဉာဏ်အလင်းမရှာကြသေးတာလဲ” သူက ပြောလိုက်သည်။ ချက်ချင်းပင် ကျင့်ကြံသူနှစ်သောင်းက လက်ယှက်၍ သူ့ကို အရိုအသေပေးပြီးနောက် ပျံထွက်သွားကြလေသည်။ အကုန်လုံးမှာ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ မဟုတ်ကြသည့်အပြင် ပတ်ဝန်းကျင်တွင်လည်း အခြားအဆင့်များအတွက် စိတ်ဝင်စားစရာ ပစ္စည်းများ ရှိလေသည်။

မန်ဟို့အရှေ့ရှိ ဧရိယာမှ အုံးခနဲ အသံကြီးနှင့်အတူ ပြင်းထန်သောလှိုင်းလုံးကြီးများ ဖြာထွက်လာသည်။ မြောက်မြားစွာသော မီတာ(၃၀) တာအိုကန်များနှင့် မရေမတွက်နိုင်သော တာအိုရေပူစမ်းများသည် တအုံးအုံး ပေါက်ကွဲပန်းထွက်နေကြ၏။

“တာအိုရတနာ။ အဲဒါ တာအိုရတနာပဲ”

“အဲဒီဓားကို ကြည့်စမ်း။ ပဲ့နေပေမယ့် ဓားအရှိန်အဝါက မယုံနိုင်လောက်အောင် ထက်မြက်နေတာပဲ”

အနက်ရောင်ဓားတစ်လက်သည် မီတာ(၃၀) တာအိုရေကန်တစ်ကန်မှ အံ့မခန်းလိလိအမြန်နှုန်းဖြင့် ပျံထွက်လာပြီး ၎င်းထုတ်လွှတ်နေသော ဓားချီမှာ အလွန်အားကောင်းလေသည်။ ထိုမျှသာမက တခြားတာအိုရတနာများလည်း လေထဲ ပျံတက်လာကြသည်။

မီတာ(၃၀) တာအိုရေကန်အားလုံးကို အသေးစားဂိုဏ်းများက အပိုင်စီးထားခဲ့ကြသည်။ ပေါက်ကွဲခြင်းစတင်သောအခါ လူတိုင်းမှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားလာကြပြီး စတင်တိုက်ခိုက်ကြတော့၏။ မျက်တောင်တစ်ခတ်စာလေးအတွင်း တစ်နေရာလုံးမှာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားတော့သည်။

သွေးမိစ္ဆာဂိုဏ်း၏ ကျန်ဂိုဏ်းသားနှစ်သောင်းက မျှော်လင့်‌နေသော မျက်နှာထားများဖြင့် မန်ဟို့ကို ကြည့်လိုက်ကြသည်။

“ဒီတာအိုရေကန်တွေကို မင်းကို စိတ်တိုင်းကျသာလုပ်” သူက ပြောသည်။ “အန္တရာယ်နဲ့တွေ့ရင် တစ်ဂိုဏ်းတည်းသားတွေကို လှမ်းခေါ်ဖို့ မမေ့နဲ့” သူ၏စကားလုံးများကို တုံ့ပြန်သည့်အနေဖြင့် ဂိုဏ်းသားနှစ်သောင်းအနက်မှ အများစုသည် အတွင်းပိုင်းသို့ တဟုန်ထိုးထွက်သွားကြပြီး မီတာ (၃၀) ‌တာအိုရေကန်များအား လုယက်ကြတော့သည်။

မန်ဟို့ နောက်လိုက်သေးသူများမှာတော့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးခြောက်ဦးနှင့်အတူ ဂိုဏ်းသားထောင်ဂဏန်းမျှ ဖြစ်သည်။ သူတို့သည် မီတာ(၃၀) တာအိုရေကန်များကို အဖက်မလုပ်ဘဲ မန်ဟို့အတူ ရှေ့ဆက်သွားလိုက်ကြသည်။ သူတို့အားလုံးမှာ တဟုန်ထိုးထွက်သွားသော ရောင်စုံအလင်းတန်းများအသွင်ပြောင်းသွားလေသည်။

သူတို့သည် အလျင်အမြန် သွားနေကြပုံရသော်လည်း မန်ဟို့တွင် နတ်ဘုရားအာရုံအား အရှေသို့ ဖြန့်ကျက်လိုက်ရန် အချိန်ရသေးသည်။ သူ မြင်လိုက်ရသည်မှာ ဟိုဟိုသည်သည် ပျံသန်းနေကြသော ကျင့်ကြံသူများဖြစ်၏။ တချို့မှာ အကွဲကြောင်း၏ ခုတ်ပိုင်းမှုကြောင့် ခန္ဓာကိုယ်များ စုတ်ပြတ်သပ်သွားသဖြင့် သွေးပျက်မတတ် အော်ဟစ်နေကြလေသည်။ ကံကောင်းသူများမှာ ခြေလက်များသာ ပြတ်ပြီး ကံဆိုးသူများမှာတော့ ရစရာမရှိအောင် စုတ်ပြတ်သွားကြ၏။

အရာအားလုံးမှာ ဖရိုဖရဲဖြစ်နေပြီး သူသေကိုယ်သေတိုက်ပွဲများမှာ တာအိုရေကန်များနှင့် တာအိုရေပူစမ်းများဘေး၌ နေရာယူနေတော့သည်။

ဂျိန်း

အရှေ့တွင် လေထုသည် ထစ်ချုန်းသွား၏။  ကျင့်ကြံသူခုနစ်ယောက် ရှစ်ယောက်မှာ ချဥ်းကပ်သွားကြပြီး ရုတ်တရက် အစအနပင် မကျန်အောင် ဝါးမြိုခံလိုက်ရလေသည်။ သူတို့ ပျောက်ကွယ်သွားစဉ် သူတို့၏မချိတင်ကဲအော်သံများသာ ပဲ့တင်ထပ်ကျန်ရစ်ခဲ့လေ၏။

အောက်တွင် သွေးချောင်းစီးနေကြလေပြီ။ အထူးသဖြင့် တာအိုရတနာများပေါ်လာသောအခါ အစုလိုက်အပြုံလိုက်သတ်ပွဲကြီးမှာ အရပ်မျက်နှာတစ်ခွင် ဖြစ်ပွားနေတော့သည်။

“သတ်ပစ်” ဤသို့ တစ်ခဲနက် ဟစ်ကြွေးသံများမှာ အဆက်မပြတ် ပဲ့တင်ထပ်နေ၏။

မန်ဟိုက သူတို့အားလုံးကို လျစ်လျူရှုပြီး ရှေ့ဆက်သွားသည်။ မီတာ (၃၀၀၀) ခန့် သွားပြီးနောက်တွင် သူသည်  တုံ့ခနဲ ရပ်ပြီးညာလက်မြှောက်၍ သူ့အနောက်ရှိလူများကို ထိုသို့ရပ်လိုက်စေသည်။

သူတို့အားလုံး တုံ့ခနဲ ရပ်လိုက်စဉ် ပုလင်းသဖွယ်ဘူသီးခြောက် တာအိုရတနာတစ်ခု ပျံဝဲနေသည်အား သတိထားမိလိုက်ကြ၏။ ၎င်းအနား၌ ကျင့်ကြံသူများ ဝိုင်းအုံနေပြီး အကြိတ်အနယ် တိုက်ခိုက်နေကြသည်။ သို့သော် ဤအခိုက်အတန်တွင် ပတ်ဝန်းကျင်ရှိ မြေကြီးမှာ တလက်လက် တောက်ပလာ၏။ မှော်သင်္ကေတများက မှိတ်တုတ်မှိတ်တုတ်လက်လျက် ပေါ်လာပြီး နောက် အံ့ဩတုန်လှုပ်ဖွယ်နေရာရွှေ့ပြောင်းခြင်းစွမ်းအား ထွက်လာတော့သည်။

တစ်ချိန်တည်းမှာပင် အလောင်းတစ်ဒါဇင်ကျော်မှာ ရုတ်တရက် မည်သည့်နေရာကမှန်းမသိ ပေါ်လာ၏။

လူတိုင်းအတွက် တုံ့ပြန်ရန် အချိန်မရလိုက်ပေ။ အလောင်းများပေါ်လာသည့်အခိုက်အတန့်တွင် နေရာရွှေ့ပြောင်းခြင်းစွမ်းအားက ထစ်ချုန်းထွက်လာ၏။ တာအိုရေကန်များဘေးတွင် တိုက်ခိုက်နေသော ကျင့်ကြံသူရာဂဏန်းလောက်နှင့် ယခုလေးတင် ပေါ်လာခဲ့သော အလောင်းများအားလုံး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေပြီ။

မန်ဟိုပင်လျှင် မျက်လုံးမပြူးသွားဘဲ မနေ‌။ သူ့အနောက်ရှိ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများ၏မျက်နှာ‌အပေါ်တွင် လေးနက်သွားသောအမူအရာရှိပြီး ကျန်ဂိုဏ်းသားများမှာ ပင့်သက်ရှိုက်သွားကြသည်။

“အဲ့ဒါ နေရာရွှေ့ပြောင်းထောင်ချောက်လား”

“ရှေးဟောင်းတာအိုရေကန်တွေမှာ အမြဲ အဲ့ဒီအတိုင်း ဖြစ်ပျက်နေတာ။ ကြောက်စရာကောင်းတဲ့ နေရာရွှေ့ပြောင်းထောင်ချောက်တွေ ဆိုင်းမဆင့်ဗုံမဆင့် ကြုံသလို ပေါ်လာတတ်တယ်...”

“စောစောက နေရာရွှေ့ပြောင်းထောင်ချောက် ပေါ်လာတုန်းက အထဲမှာ အလောင်းဆယ်လောင်းကျော် မြင်လိုက်ရတယ်”

နေရာရွှေ့ပြောင်းထောင်ချောက်သည် ၎င်းဖမ်းသွားသော ကျင့်ကြံသူများနှင့်အတူ ပျောက်ကွယ်သွားပြီးနောက် တာအိုရေကန်ပေါ်တွင် ပျံဝဲလျက်ကျန်ခဲ့သော ပုလင်းဘူးသီးခြောက်မှာ ယခင်အတိုင်း တလက်လက် တောက်ပနေလျက် ကျင့်ကြံသူများကို ပိုမို ဆွဲဆောင်နေတော့သည်။ ပို၍များပြားသော ကျင့်ကြံသူများ ၎င်းထံသို့ အပြေးအလွှား ပျံလာကြ၏။ သို့သော် မန်ဟိုက လှုပ်ရှားနေလေပြီ။ မျက်စိတစ်မှိတ်အတွင်း သူသည် မီတာ(၃၀) တာအိုရေကန်၏အပေါ် ရောက်သွားကာ အင်္ကျီလက်စခါ၍ ပုလင်းဘူးသီးခြောက်ကို သိမ်းလိုက်၏။

သူ၏အပြုအမူက အပြေးအလွှားလာနေကြသော ကျင့်ကြံသူများကို တုံ့ခနဲ ရပ်သွားစေပြီး အခြားနေရာများသို့ ပြန်လှည့်သွားစေ၏။

“သွားစို့” သူက ပြောသည်။ သူနှင့် နောက်လိုက်များသည် ဆက်လက်ရွေ့လျားသော အလင်းတန်းများအသွင်ပြောင်းသွားကြ၏။

သူတို့ ရှေ့ရောက်လာသည်နှင့်အမျှ အကွဲကြောင်းများ ပေါ်လာတတ်သော နေရာရွှေ့ပြောင်းထောင်ချောက်ဆယ်ခုကျော်အား တစ်ကြိမ်ထက်မနည်း တွေ့ခဲ့ရလေသည်။ တစ်ခါတွင် အကွဲကြောင်းလေးတစ်ကြောင်းတည်းက လူတစ်ရာကျော်ကို တစ်ခါတည်း ပိုင်းဖြတ်ပစ်ခဲ့လေသည်။

တစ်နေရာတွင် မန်ဟိုသည် အသက်ရှိလူများ အတွင်း၌ ပိတ်မိနေသော နေရာရွှေ့ပြောင်းထောင်ချောက်များကို သတိထားမိလိုက်သဖြင့် ပို၍ပင် သတိရှိလာတော့သည်။ ပိတ်မိနေသူများမှာ လွတ်မြောက်ဖို့ အသည်းအသန် ကြိုးစားသော်လည်း စက္ကန့်ဝက်လေးမျှသာ ပေါ်လာခြင်းဖြစ်၍ မထွက်နိုင်တော့ဘဲ ဟိုဟိုသည်သည် နေရာရွှေ့ပြောင်းနေစဉ် ခြေမှိုက်လက်မှိုင် ချနေရတော့သည်။

ကံကောင်းသူများအတွက် နေရာရွှေ့ပြောင်းထောင်ချောက်များ၏စွမ်းအားသည် သုံး၊ လေးကြိမ် အသက်ဝင်ပြီးနောက် ပျောက်ကွယ်သွားတတ်၏။ ကံဆိုးသူများအဖို့မူ ... မသေမချင်း ထိုသံသရာထဲတွင် ပိတ်မိနေခြင်းဖြင့် အဆုံးသတ်သွားသည်။

တာအိုရေကန်များ၏အတွင်းပိုင်းသို့ ရောက်လာသည်နှင့်အမျှ လူများနည်းနည်းလာသော်လည်း တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာသည်။ မကြာမီ မီတာ(၃၀၀) ‌တာအိုရေကန်များ ပေါ်လာပြီး အကုန်လုံးကို အလယ်အလတ်ဂိုဏ်းများနှင့် မျိုးနွယ်စုများက နိုင်လိုမင်းထက် မောင်ပိုင်စီးထားကြ၏။

အများစုအား အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့်ကျင့်ကြံသူများက စောင့်ကြပ်နေကြသည်။

ထိုသို့သောကျင့်ကြံသူများ တိုက်ခိုက်နေကြစဉ် မန်ဟိုနှင့်သွေးမိစ္ဆာဂိုဏ်းက ချဉ်းကပ်လာ၏။ ဤကျင့်ကြံသူများမှာ ချက်ချင်း ထိတ်လန့်သွားကြပြီးသွေးမိစ္ဆာဂိုဏ်းသား‌များ၏မျက်လုံးများမှာ ထူးဆန်းစွာ တောက်ပလာလေသည်။ မန်ဟိုထံမှ ခွင့်ပြုချက်တောင်းပြီးနောက် သူတို့သည် တိုက်ပွဲထဲ ဝင်ရောက်သွားကြ၏။

ပြင်းထန်သောတိုက်ခိုက်သံများက အရာအားလုံးကို တုန်ခါသွားစေပြီး မန်ဟို ဖရိုဖရဲဖြစ်နေသော မြင်ကွင်းကို ကြည့်နေစဉ် သူ့မျက်လုံးထဲရှိ အကြင်နာမဲ့ရက်စက်မှုသည် ပို၍ပင် အားကောင်းလာ၏။ သူက တိုက်ခိုက်လိုစိတ်ကို ချုပ်တည်းရင်း ရှေ့ဆက်သွားလေသည်။ ဤနေရာရှိ တာအိုအရိပ်များနှင့် တာအိုရတနာများမှာ သူ့အတွက် စိတ်ဝင်စားစရာမဟုတ်ပေ။

သူတို့ရှေ့ဆက်သွားနေကြပြီး မကြာခင် မီတာ (၃၀၀) တာအိုရေကန်များ မြင်လာရသည်။ ရုတ်တရက် မန်ဟိုက မလှမ်းမကမ်းရှိ တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်၏ တာအိုအရိပ်နှင့် ရေကန်တစ်ကန်ကို ခေါင်းလှည့်ကြည့်လိုက်သည်။

အဆိုပါတာအိုအရိပ်သည် ကောင်းကင်နှင့်မြေကြီးအကြောင်း ဉာဏ်အလင်းရှာနေသည့်ခုလတ်တွင် ဖြစ်သော အနုသုခုမရုပ်ခန္ဒာအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ပုံရသည်။ ထိုကဲ့သို့တာအိုအရိပ်များမှာ အပြင်ရော အတွင်းတွင်ပါ မြင်ရလေ့ရှိလေ၏။

တာအိုအရိပ်၏ပတ်ပတ်လည်တွင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ ခုနစ်ယောက်၊ရှစ်ယောက်သည် ဉာဏ်အလင်းရဖို့ အပြိုင်အဆိုင်ကြိုးစားရင်း တင်ပျဉ်ခွေ ထိုင်နေကြ၏။ တစ်ယောက်ယောက် ဉာဏ်အလင်းရဖို့ နီးစပ်သွားလျှင် အခြားသူများက ထိုလူ အခွင့်အရေးမရအောင် ပေါင်းတိုက်ကြဖို့ ချောင်းနေလေသည်။

အသုံးပြုသောနည်းလမ်းများမှာ အညှာအတာမဲ့ပြီး တိုက်ကွက်များက သေစေနိုင်သည်။ ထိုမျှသာမရ ပတ်ဝန်းကျင်တွင်လည်း အလောင်းများပြန့်ကြဲနေ၏။

မန်ဟိုက ထိုမြင်ကွင်းကို လှမ်းကြည့်ပြီး မျက်လုံးများ တလက်လက် တောက်ပသွားသည်။ သူသည် တာအိုအရိပ်ဆီသို့ ရွေ့လျားသွားရာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးခြောက်ဦးနှင့်‌ သွေးမိစ္ဆာဂိုဏ်းသားများကို အံ့ဩသွားစေသည်။

မန်ဟို အမြင့်ဆုံးအရှိန်ဖြင့် ချဉ်းကပ်လာသည်ကို မြင်သောအခါ အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်မှာ မျက်နှာပျက်သွားကြသည်။

‌”သွေးမိစ္ဆာဂိုဏ်း”

“သူက ... မဟုတ်မှ သွေးမိစ္ဆာဂိုဏ်းရဲ့ သွေးမင်းသားလား”

သူတို့မှာ ရင်တဒိန်းဒိန်းခုန်လာကြပြီး တစ်ခုခုကို ဖုံးကွယ်ရန် သွားရောက်တော့မည့်အချိန်မှာပင် မန်ဟိုက လက်ကို ဆန့်ထုတ်၍ ဖမ်းဆုပ်သည့် လှုပ်ရှားမှုလုပ်လိုက်သည်။ ထို့နောက် သူက လက်ကို ဆတ်ခနဲ မြှောက်လိုက်၏။

‌ဗြိ

ပန်းချီကားတစ်ချပ်၏ ပတ္တူစ အဖြဲခံလိုက်ရသကဲ့သို့ပင်။ လှိုင်းများ ဖြာထွက်လာကာ နောက်ကမ္ဘာတစ်ခု ပေါ်လာသည်။ တာအိုကန်တစ်ကန် ရှိနေသေးသော်လည်း တာအိုအရိပ်အစား ၎င်းအပေါ်တွင် မီတာ(၃၀)အမြင့်တောင်တစ်လုံး ပျံဝဲနေ၏။ တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်နေကြသော အဘိုးကြီးသုံးဦးကိုလည်း မြင်လိုက်ရသည်ည်။

တောင်၏ပတ်ဝန်းကျင်ရှိ လေထုမှာ ပုံပျက်ရှုံ့‌တွနေကာ လှိုင်းများလည်း တအိအိ ဖြာထွက်နေသည်။ အဘိုးကြီးသုံးယောက်၏ မှော်ပစ္စည်းများမှာ ၎င်းထံသို့ တစတစ စုပ်ယူခံနေရရာ တောင်တွင် သံလိုက်စွမ်းအားတစ်မျိုး ရှိနေဟန်တူသည်။

မန်ဟို ပေါ်လာသည်နှင့်တစ်ပြိုင်နက် အဘိုးကြီးသုံးဦး၏မျက်နှာများ ရိပ်ခနဲ ဖြစ်သွားသည်။

“ဘယ်သူလဲ” တစ်ယောက်က ပြောသည်။ သူတို့အားလုံး မန်ဟို့ထံ လှည့်ကြည့်လိုက်ကြပြီး သူ၏အဝတ်အစားများနှင့် သူ့အနောက်ရှိ အစွမ်းထက်ပညာရှင် ခြောက်ဦးကို မြင်သောအခါ ပင့်သက်ရှိုက်မိသွားကြ၏။

စောစောက သူတို့သည် အမှန်တကယ် ဖြစ်ပျက်နေသောအရာကို အပြင်လူများ မမြင်ရအောင် လှည့်စားမန္တန်တစ်ခု အသုံးပြုထားခြင်းဖြစ်သည်။ ထိုနည်းဖြင့် သူတို့သုံးယောက် တိုက်ခိုက်ရာတွင် အာရုံစိုက်နိုင်လေမည်။ မှန်သည်၊ သူတို့သည် မန်ဟို့လိုလူ ပေါ်လာမည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။

“ဟမ်” မန်ဟိုက တဖျပ်ဖျပ် လက်နေသော မျက်လုံးများဖြင့် တောင်ကို လှမ်းကြည့်ကာ ပြောသည်။ တောင်သည် သာမန်မဟုတ်ကြောင်း သိသာသည့်အပြင် ၎င်း၏အပေါ်၌ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအရှိန်အဝါအနည်းငယ်ကို အာရုံရနိုင်လေသည်။

“စိတ်ဝိညာဉ်ခွဲထွက်ခြင်း မှော်ပစ္စည်း” သူက ရေရွတ်လိုက်သည်။ ထို့နောက် သူသည် လက်ကိုဆန့်ထုတ်၍ တောင်အား ဖမ်းဆုပ်လိုက်သည့်လက်ဟန် လုပ်လိုက်၏။ ကျင့်ကြံသူအဘိုးကြီးသုံးယောက်မှာ ‌တုံ့ပြန်ရန် နှေး‌လွန်းသဖြင့် မန်ဟို့ကို မတားနိုင်ကြပေ။ တောင်ထိပ်က ထစ်ချုန်းသွားပြီး မန်ဟို့လက်ဝါးအပေါ် ပျံဆင်းလာသော လက်ကြီးတစ်ဖက်အသွင် ပြောင်းသွားသည်။

၎င်းကို သိမ်းပြီးနောက် သူက ရှေ့ဆက်သွားလေသည်။

သွေးမိစ္ဆာဂိုဏ်းအဖွဲ့က နောက်မှ လိုက်သွား၏။ အဘိုးကြီးသုံးယောက်မှာမူ ‌‌မြေကြီးကို ခြေဆောင့်နင်းလိုက်ကြသော်လည်း ဒေါသမထွက်ကြပေ။ ‌ရှေးဟောင်းတာအိုရေကန်များတွင် ပေါ်လာသော ပစ္စည်းများမှာ ပိုင်ရှင်မဲ့များသာ မဟုတ်ပါလော။ သူတို့ကို ယူနိုင်သည့် မည်သူမဆို ရယူပိုင်ခွင့်ရှိလေသည်။

“သေစမ်း။ အချိန်ကုန်သွားတာပဲ အဖတ်တင်တယ်။ ကဲ အရင်အစီအစဉ်အတိုင်း သူများဟာတွေ လိုက်လုကြတာပေါ့”

“မြန်မြန် ဖင်လေးနေရင် ဒီပေါက်ကွဲနေတာ ပြီးသွားလိမ့်မယ်”

အဘိုးကြီးသုံးယောက် နောက်တာအိုရေကန်သို့ သွားတော့မည့်အချိန် ပို၍အတွင်းရောက်သော အပိုင်းမှ မကြားစဖူး အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီး ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် လုံးပတ် မီတာ (၃၀၀၀) အကျယ် အလင်းတန်းကြီးက လေပေါ် ထိုးတက်သွား၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်း၏အထဲတွင် တဖျစ်ဖျစ် မြည်နေသော မိုးကြိုးလျှပ်စီးဖြင့် ဝန်းရံလျက် ပျံဝဲနေသည့် အနက်ရောင်တူကြီးတစ်ချောင်း ရှိလေသည်။ မယုံကြည်နိုင်ဖွယ် ပေါက်ကွဲသံကြီးက ကြည့်ရှုနေသူ အတော်များများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်သည်။

“၃၀၀၀ ... အဲဒါ မီတာ (၃၀၀၀) တာအိုရေကန် ပေါက်ကွဲခြင်းလား”

“မီတာ (၃၀၀၀) တာအိုရေကန်တွေက မကြာခဏ ပေါက်ကွဲလေ့မရှိဘူး။ မီတာ(၃၀၀) တာအိုရေကန်တွေပဲ ပေါက်ကွဲတတ်တာ။ ဒါပေမဲ့ ကြည့်ဦး အခု ပေါက်ကွဲနေပြီ”

“ဒါ ရှေးဟောင်းတာအိုရေကန်တွေထဲမှာ မီတာ (၃၀၀၀) ရေကန် ပထမဆုံး ပေါက်ကွဲတာပဲ”

“အဲဒီမှာ ဂိုဏ်းကြီးတွေနဲ့ မဟာမျိုးနွယ်စုတွေပဲ ရှင်သန်နိုင်တာ ဆိုးလွန်းတယ်။ ငါတို့က သူတို့နဲ့ ပြိုင်တိုက်နိုင်မှာမဟုတ်ဘူး”

မီတာ(၃၀၀၀) အလင်းတန်းရှိရာသို့ လှမ်းကြည့်လိုက်စဉ် မန်ဟို့မျက်လုံးများ တလက်လက် တောက်ပသွား၏။ သူ့အနောက်ရှိ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူခြောက်ယောက်လည်း စိတ်အားထက်သန်နေသောမျက်ဝန်းများ ရှိချေသည်။ သူတို့သည် အဖွဲ့၌ ကျန်ရစ်သော ဂိုဏ်းသားထောင်ဂဏန်းမျှနှင့်အတူ အမြင့်ဆုံးအရှိန်ဖြင့် ‌တဟုန်ထိုးထွက်သွားကြတော့သည်။

***

All Chapters