နေရာရွှေ့ပြောင်းခြင်းသံသရာ
Vol. 51 Ch. 714
မန်ဟိုနှင့် သွေးမိစ္ဆာဂိုဏ်း ရောက်ရှိနေသည့်နေရာမှဆိုလျှင် မီတာ (၃၀၀၀) တာအိုရေကန်သည် သိပ်အလှမ်းမဝေးသယောင် ထင်ရ၏။ သို့သော် ရှေးဟောင်းတာအိုရေကန်များအတွင်း ပုန်းကွယ်လျှိုးနေသော အန္တရာယ်များကို ထည့်တွက်လျှင် ၎င်းသည် လျင်မြန်စွာ ခရီးနှင်နိုင်မည့်အကွာအဝေးမဟုတ်ပေ။
ထိုမျှသာမက သွေးမိစ္ဆာဂိုဏ်းထက် အဆောတလျင် ရောက်ရှိနေခဲ့သော ဂိုဏ်းများနှင့် မျိုးနွယ်စုများလည်း ရှိသည်။ သူတို့ကား ရှေးဟောင်းတာအိုရေကန်များ၏ အတွင်းဆုံးစည်းထဲသို့ ရောက်ရှိနေကြလေပြီ။ ထိုနေရာတွင် မီတာ (၃၀၀၀) တာအိုရေကန်များမှာ ဝေစုခွဲထားကြပြီးပြီဖြစ်သည့်အပြင် မီတာ(၃၀၀) တာအိုရေကန်များလည်း ထိုနည်းတူပင်။
တိုက်ပွဲများ ပြင်းထန်လိမ့်မည်ဟု ထင်ရသော်လည်း အမှန်တော့ ယင်းက အခရာမဟုတ်ပေ။
ဂိုဏ်းကြီးတစ်ဂိုဏ်း သို့မဟုတ် မဟာမျိုးနွယ်စုတစ်စုသည် တာအိုရေကန်တစ်ကန်ကို သိမ်းပိုက်လိုက်သည်နှင့် .... အခြားဂိုဏ်းများ၊ မျိုးနွယ်စုများသည် မယုံနိုင်လောက်အောင် တန်ဖိုးကြီးသော ပစ္စည်းတစ်ခု ပေါ်ထွက်မလာမချင်း တာအိုရေကန်ကို လုကြမည်မဟုတ်ပေ။
တာအိုရေကန်သည် သိမ်းပိုက်လိုက်သော မည်သူမဆို၏ အပိုင်ဖြစ်သည် ဆိုသော စည်းကမ်းချက်ကို လိုက်နာကြရလေမည်။
အမှန်တွင် ရတနာပစ္စည်းများအတွက် တိုက်ပွဲများမှာ တကယ်တမ်း တာအိုရေကန်များအတွက် တိုက်ပွဲများဖြစ်လေသည်။
တကယ်တမ်း ဂိုဏ်းကြီးများနှင့် မျိုးနွယ်စုကြီးများ ဤနေရာတွင် လုယက်နေကြသောအရာမှာ .... တာအိုရေကန်များ၏ အလယ်အကျဆုံးနေရာတွင် တည်ရှိသော ... မီတာ (၃၀၀၀) တာအိုရေကန်ဖြစ်၏။
တာအိုရေကန်များ၏ပေါက်ကွဲမှုမှာ အဆုံးစွန်အထိ ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ မန်ဟိုနှင့်အခြားသူများ တဟုန်ထိုး လာနေကြစဉ် သူတို့အရှေ့ရှိ လေထုသည် ပုံပျက်ရှုံ့တွလာ၏။ မန်ဟို၏မျက်လုံးများ လင်းခနဲ လက်သွားပြီး ညာလက်ဖြင့် နောက်သို့ ဝှေ့ယမ်းလိုက်သည်။ အဖွဲ့ ဘေးသို့ ရှောင်လိုက်စဉ် အကွဲကြောင်းကြီးကြောင်းက ရုတ်တရက် ပိုင်းဖြတ်သွားလေသည်။
ဤသို့ဖြင့် သူတို့သည် ဖြေးဖြေးချင်း ဆက်သွားနေကြ၏။ အကွဲကြောင်းများ ပို၍များပြားလာပြီး သွေးမိစ္ဆာဂိုဏ်းသားအတော်များများမှာ ဆက်သွားဖို့ လက်လျှော့လိုက်ကြပြီး ကိုယ်နည်းကိုယ့်ဟန်ဖြင့် ကံကြမ္မာကောင်းရှာဖွေရန် နေရစ်ခဲ့ကြတော့သည်။
နောက်ဆုံးတွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးခြောက်ဦးနှင့် အစွမ်းထက်ဆုံး သွေးမိစ္ဆာဂိုဏ်းသားတစ်ရာမပြည့်တပြည့်သာ မန်ဟိုနှင့် ဆက်လိုက်လာကြလေသည်။
သူတို့သည် ရှေးဟောင်းတာအိုရေကန်များ၏အတွင်းပိုင်းသို့ ဝင်လာကြရင်း မကြာမီ သူတို့နှင့် တာအိုရေကန်များအကြား မီတာသုံးထောင်သာ ကွာဝေးတော့၏။ ဤအခိုက်အတန့်တွင် တခြားဂိုဏ်းများနှင့် မျိုးနွယ်စုများလည်း သူတို့အဖွဲ့ကို မြင်လိုက်ကြသည်။
ထိုနေရာတွင် ရင်းနှီးသောမျက်နှာများစွာ ရှိ၏။ သို့သော် သူတို့၏အကြည့် မန်ဟို့အပေါ် ကျရောက်လာသည့်အခိုက်အတန့်မှာပင် ရုတ်တရက် မရေမတွက်နိုင်သော နေရာရွှေ့ပြောင်းခြင်းမှော်သင်္ကေတများက သူ၏ပတ်ပတ်လည်တွင် ပေါ်လာသည်။
မှော်သင်္ကေတများ ပေါ်လာလျှင်ချင်း မန်ဟိုနှင့် သွေးမိစ္ဆာဂိုဏ်းသားများ၏ မျက်နှာများ ရိပ်ခနဲ ဖြစ်သွားသည်။ မန်ဟိုကမူ နေရာရွှေ့ပြောင်းထောင်ချောက်၏အစွန်းတွင် ဖြစ်သော်လည်း ၎င်း၏နယ်နိမိတ်အတွင်း ဝင်နေသေးလေသည်။ ကျန်သွေးမိစ္ဆာဂိုဏ်းများအနက်မှ အမှောင်နတ်ဘုံခေါင်းဆောင်ကြီး၊ သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦး၊ မိစ္ဆာမီးခေါင်းဆောင်ကြီးတစ်တို့နှင့်အတူ သွေးမိစ္ဆာဂိုဏ်သားအနည်းငယ် ပိတ်မိသွားသည်။
အဝေးတွင် ဇီယွင်ဂိုဏ်းအဖွဲ့ဝင်အတော်များများက ချက်ချင်း ထရပ်လိုက်ကြသည်။ ကျင်းဟန်ဂိုဏ်း၏ ဖက်တီးနှင့် ယီးကျန့်ဂိုဏ်း၏ ချန်ဖန်းလည်း မျက်နှာပျက်သွား၏။
နေရာရွှေ့ပြောင်းခြင်းမှာ လျင်မြန်လွန်းလေသည်။ မျက်စိတစ်မှိတ်အတွင်း မန်ဟိုနှင့် ကျန်ခေါင်းဆောင်ကြီးများမှာ ပျောက်ကွယ်စပြုလာသည်။
မပျောက်ကွယ်ခင် မန်ဟိုမှာ “အလယ်ပိုင်းကို သွားပြီး ငါ့စောင့်နေ” ဟု အော်ရန်သာ အချိန်ရလိုက်၏။
သူ ပျောက်ကွယ်သွားသောအခါ မီတာ(၃၀၀၀) တာအိုရေကန်တစ်ကန်ကို သိမ်းပိုက်ထားသော ချင်းလော်ဂိုဏ်းတတိယခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူ၏ မျက်နှာပေါ်တွင် ဝမ်းသာအားရမှုတို့ ဖြတ်ပြေးသွားသည်။ “သေစမ်း ။ မင်း အသေဆိုးနဲ့သေပါစေလို့ ဆုတောင်းတယ်”
ယီးကျန်ဂိုဏ်းနှင့် ကျင်းဟန်ဂိုဏ်းအဖွဲ့ဝင်အများစုနှင့် လီမျိုးနွယ်စု တို့မှာ မန်ဟို၏ကံခေမှုကို နှစ်ထောင်းအားရနေကြသည်။ ချန်ဖန်း၊ ဖက်တီးနှင့် ဇီယွင်ဂိုဏ်းအဖွဲ့ဝင်များသာ စိုးရိမ်နေဟန်ရှိလေသည်။ အထူးသဖြင့် လူသေကောင်သဖွယ် မျက်နှာလေး ဖြူဆုပ်သွားသော ချူယွီယန်ပင်။
စုန့်မျိုးနွယ်များမှာတော့ တိတ်ဆိတ်နေကြပြီး စုန့်ကျား၏မျက်နှာလေးတွင်မူ ရှုပ်ထွေးနေသောအမူအရာလေး ရှိလေသည်။ သူမဘေးရှိ သက်လတ်ပိုင်းလူက မန်ဟို ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် မျက်လုံးများ မှိတ်လိုက်သည်။
နေရာရွှေ့ပြောင်းထောင်ချောက် ပျောက်ကွယ်သွားသောအခါ ကျန်မိစ္ဆာမီးခေါင်းဆောင်ကြီးနှစ်ယောက်မှာ စိုးရိမ်သောကများကို ဖုံးကွယ်ပြီး ကျန်ဂိုဏ်းသားများအား ရှေးဟောင်းတာအိုရေကန်များ၏ အလယ်ပိုင်းသို့ ဦးဆောင်ခေါ်သွားလေသည်။
သူတို့မှာ ကာကွယ်ပေးနေသော မန်ဟိုမပါသဖြင့် လမ်းတစ်လျှောက်လုံး အန္တရာယ်များဖြင့် ပို၍ပင် ဗျာများနေခဲ့ရပြီး ဂိုဏ်းသားဒါဇင်အနည်းငယ် ဆုံးရှုံးခဲ့ရ၏။ ယခုတွင် အသက်ရှင်ကျန်သူ သုံးဆယ်ခန့်သာ ရှိလေတော့သည်။
သူတို့ ခပ်သုတ်သုတ်လာနေကြစဉ် မိစ္ဆာမီးခေါင်းဆောင်ကြီးနှစ်ဦးသည်။ တာအိုရေကန်(၁၀)ကန်လုံးမှာ သိမ်းပိုက်ခံထားရပြီးဖြစ်ကြောင်း သတိထားမိလိုက်၏။ ထိုအဖွဲ့များရှိ လူများစွာမှာ သူတို့ ဖြတ်သန်းလာနေကြစဉ် မနှစ်မြို့သလို ကြည့်နေကြသဖြင့် မိစ္ဆာမီးခေါင်းဆောင်ကြီးနှစ်ဦး မျက်မှောင်ကြုတ်သွားလေသည်။
ထိုမျှသာမက ပတ်ဝန်းကျင်ရှိ ဂိုဏ်းများနှင့် မျိုးနွယ်စုများကား စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အရှိန်အဝါများအား ထုတ်ဖော်ထားကြ၏။ ကန်တစ်ကန်စီ၏အနားတစ်ဝိုက်တွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် အရှိန်အဝါအမြောက်အမြား ရှိလေသည်။
“သွေးမိစ္ဆာဂိုဏ်း။ အခု မင်းတို့ ဒီမှာ နေရာမရှိဘူး”
“မင်းက ကံတော်တော်ဆိုးဝာာပဲ။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးနှစ်ဦးပဲ ရှိရတယ်လို့။ မင်းတို့ကို ငါတို့က သဘောထားကြီးကြီးနဲ့ ဝေမျှပေးမယ်ထင်လား”
“ဘာလို့ ထွက်မသွားကြသေးတာလဲ”
“ဒီမှာ တာအိုရေကန်အပို မရှိတော့ဘူး။ ဒါပေမဲ့။ မင်းတို့အင်အားအရဆိုရင် မီတာ (၃၀၀) ရေကန်နည်းနည်းပါးပါးတော့ သိမ်းပိုက်နိုင်လောက်မှာပါ”
“စောနက နေရာရွှေ့ပြောင်းထောင်ချောက်ထဲ ပိတ်မိသွားတဲ့ တာအိုရောင်ရင်းတွေတော့ တော်တော်ကံမကောင်းတာပဲ။ အဲ့ထဲ ကျသွားတဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတစ်ဝက်ကျော်လောက် ဘယ်တော့မှ အသက်ရှင်ရက် ထွက်မလာနိုင်ဘူး”
မီတာ (၃၀၀၀) ရေကန်များအနက် ယီးကျန့်ဂိုဏ်းက သုံးကန် ၊ ကျင်းဟန်ဂိုဏ်းက နှစ်ကန်၊ ချင်းလော်ဂိုဏ်းက တစ်ကန်၊ ဇီယွင်ဂိုဏ်းက နှစ်ကန် အသီးသီး သိမ်းပိုက်ထားလေသည်။ လီနှင့်စုန့်မျိုးနွယ်စုမှာတော့ တစ်ကန်စီဖြစ်သည်။
မီတာ (၃၀၀၀) ရေကန်တစ်ကန်စီ၏ ပတ်ပတ်လည်တွင် မီတာ (၃၀၀) ရေကန်ဆယ်ကန်ရှိပြီး ဂိုဏ်းများနှင့် မျိုးနွယ်စုများမှ သိမ်းပိုက်ထားကြသည်။
မိစ္ဆာမီးခေါင်းဆောင်ကြီးနှစ်ဦး၏မျက်လုံးများ မီးဝင်းဝင်းတောက်သွားသည်။ အခြားဂိုဏ်းများမှ လှောင်ပြောင်သရော်သံများက သူတို့၏သူငယ်အိမ်များကို သွေးရောင်သမ်းသွားစေ၏။ သူတို့က တစ်ယောက်နှင့် တစ်ယောက် ခံပြင်းစွာ ကြည့်လိုက်ကြသည်။ မန်ဟိုသာ ရှိလျှင် သူတို့လုံးဝကြောက်မည် မဟုတ်ပေ။ သို့သော် သူကား ရှိမနေ။ ကျန်စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးလေးဦး ရှိနေလျှင် မည်သူမဆိုအတွက် ရှိန်စရာဖြစ်ပေဦးမည်။ သို့သော် သူတို့လည်း မရှိ။
ကံဆိုးစွာနှင့်... သူတို့မှာ မီတာ(၃၀၀၀) တာအိုရေကန်တစ်ကန်ကိုမှ မသိမ်းပိုက်နိုင်ပေ။
“ဘာလို့မြန်မြန်မသွားသေးတာလဲ” ယီးကျန့်ဂိုဏ်းမှ အဘိုးကြီးတစ်ဦးက ပြောသည်။ သူသည် မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ခြေထောက်နှစ်ဖက်အပေါ် သစ်သားဓားတစ်လက်ကို တင်လျက် တင်ပျဥ်ခွေထိုင်နေ၏။
အသံကြီးက မိုးခြိန်းသံသဖွယ် ထစ်ချုန်းထွက်လာရာ မိစ္ဆာမီးခေါင်းဆောင်ကြီးနှစ်ဦး၏ မျက်နှာများကို ရိပ်ခနဲ ဖြစ်သွားစေသည်။
“ဆရာကျန့်”
သွေးမိစ္ဆာဂိုဏ်းနှင့် ယီးကျန့်ဂိုဏ်းအကြားတွင် သွေးကြွေးရန်ငြိုးများ အမြဲရှိခဲ့၍ ယခုတော့ ပေါက်ကွဲတော့ခါနီးနီး ဖြစ်သွား၏။
ဤအခိုက်အတန့်တွင် ဇီယွင်ဂိုဏ်းမှ ခပ်ပိန်ပိန်အဘိုးကြီးက ရုတ်တရက် တင်ပျဥ်ခွေထိုင်နေရာမှ ထရပ်လိုက်သည်။
“သွေးမိစ္ဆာဂိုဏ်းမှ တာအိုရောင်ရင်းတို့” သူငက အေးတိအေးစက် ပြောသည်။ “ဒီတာအိုရေကန်ကို ခင်ဗျားယူလိုက်ပါ” ချက်ချင်းပင် သူ လက်ညှိုးထိုးလိုက်သော မီဝာာ(၃၀၀၀) တာအိုရေကန်မှ ဇီယွင်ဂိုဏ်းသားများက ဖယ်ပေးလိုက်ကြသည်။
အခြားဂိုဏ်းများမှကျင့်ကြံသူများ၏ မျက်လုံးများ အရောင်လဲ့သွားသည်။ ယီးကျန့်ဂိုဏ်းမှ ဆရာကျန့်က ဇီယွင်ဂိုဏ်းရှိရာသို့ အေးတိအေးစက် လှည့်ကြည့်သည်။
“ဆရာကြီးနွမ်းလျတာအို”
ဇီယွင်ဂိုဏ်း၏ ဆရာကြီးနွမ်းလျတာအိုက သူ့ကို တည်တည်ငြိမ်ငြိမ် ပြန်ကြည့်သည်။
သူတို့အကြည့်ချင်းဆုံသွားပြီး ဆရာကျန့်က အကြည့်လွှဲကာ အေးတိအေးစက် နှာမှုတ်လိုက်သည်။ သူကား ကြားဝင်မစွက်ဖက်တော့ပေ။
မိစ္ဆာမီးခေါင်းဆောင်ကြီးနှစ်ဦးမှာ အံ့ဩသွားသော်လည်း တစ်စုံတစ်ခုကို မှတ်မိသွားသယောင်ပင်။ သူတို့က လက်ယှက်ရင်း ယဉ်ယဉ်ကျေးကျေး ဦးညွတ်ပြီးနောက် တာအိုရေကန်ဆီသို့ သူတို့အဖွဲ့အား ခေါ်ဆောင်သွားတော့သည်။
သွေးမိစ္ဆာဂိုဏ်းသားများက ဇီယွင်ဂိုဏ်းကို ကျေးဇူးတင်လိုက်သော်လည်း သူတို့၏ခံပြင်းမှုမှာ လျော့ကျမသွားပေ။ သူတို့သည် နောက်ကျမှ ရောက်လာ၍ မည်သည့်အခွင့်အရေးကိုမဆို ဆုံးရှုံးလိုက်ရသည့်အပြင် အစွမ်းထက်ဆုံးပညာရှင်များလည်း နေရာရွှေ့ပြောင်းခံလိုက်ရ၏။ တစ်ချိန်က ဩဇာကြီးမားခဲ့သော သွေးမိစ္ဆာဂိုဏ်းမှာ ရှေးဟောင်းတာအိုရေကန်များတွင် အားနည်းသောနေရာသို့ ရောက်သွားတော့သည်။
သူတို့မှာ အခြေအနေဆိုးလွန်းသဖြင့် ထိခိုက်ထားသော ချင်းလော်ဂိုဏ်းနှင့်ပင် မယှဉ်နိုင်ပေ။
ထိုမျှသာမက ယီးကျန့်ဂိုဏ်းသည် အင်အားအကြီးဆုံးနေရာတွင် ဖြစ်၏။ သူတို့တွင် မီတာ(၃၀၀၀) တာအိုရေကန်သုံးကန် ရှိပြီး သိသာစွာပင် ယှဉ်ပြိုင်ရခက်ပေလိမ့်မည်။
မိစ္ဆာမီးခေါင်းဆောင်ကြီးနှစ်ယောက်မှာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့သည် ခံပြင်းမှုများ၊ အခြားသူများဆီမှ လှောင်ပြောင်မှုများကို သည်းခံရင်း မျက်လုံးများပိတ်၍ တရားထိုင်လိုက်ကြသည်။
သွေးမိစ္ဆာဂိုဏ်းသားများမှာမူ မရေရွတ်မိဘဲ မနေကြပေ။
”သွေးမင်းသား ဘယ်တော့ ပြန်လာမှာလဲ”
“သွေးမင်းသား ပြန်မလာခင်တော့ နေနှင့်ဦးပေါ့။ သူပြန်လာရင် အကုန်လုံး ဖြေရှင်းပေးလိမ့်မယ်”
“နေရာရွှေ့ပြောင်းထောင်ချောက်တွေက အားကောင်းလောက်ပေမယ့် သွေးမင်းသားရဲ့ ကျင့်ကြံခြင်းအခြေခံကို ထည့်တွက်ရင် သေချာပေါက် မကြာခင် ထွက်လာနိုင်လိမ့်မယ်”
ထိုစဉ် ရှေးဟောင်းတာအိုရေကန်များအတွင်း တစ်နေရာတွင် မန်ဟိုသည် မျက်မှောင်ကြုတ်နေ၏။ သူ့ ဘေးရှိ အမှောင်နတ်ဘုံခေါင်းဆောင်ကြီး၊ သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦးနှင့် မိစ္ဆာမီးခေါင်းဆောင်ကြီးတစ်တို့၏ မျက်နှာများတွင် ခံစားချက်အမျိုးမျိုး ဖြတ်ပြေးနေ၏။ တင်ပျဥ်ခွေထိုင်နေသော သွေးမိစ္ဆာဂိုဏ်သား ခုနစ်ယောက်၊ ရှစ်ယောက် ရှိသော်လည်း အကုန်လုံးမှာ ကြာကြာ တောင့်ခံနိုင်တော့မည့်ပုံမပေါ်ပေ။
နေရာရွှေ့ပြောင်းခြင်းကား တစ်ချက်လေးမှ မရပ်နားပေ။ ယခုတွင် ၎င်းက ရပ်သွားသော်လည်း ဘယ်သူမှ ဘာမှမလုပ်နိုင်ခင် နောက်ထပ်နေရာရွှေ့ပြောင်းခြင်း စတင်တော့သည်။
ဖောက်
ဂိုဏ်းသားတစ်ယောက်မှာ သွေးအန်ပြီးနောက် တစ်ကိုယ်လုံးခြောက်ကပ်ရင်း သေဆုံးသွားတော့သည်။ အခြားသူများလည်း တူညီသောကံကြမ္မာကို ကြုံတွေ့လိုက်ရသဖြင့် အော်သံများဆူညံနေတော့၏။
အလွန်တိုတောင်းလှသော အချိန်လေးအတွင်း သူတို့မှာ ဆယ့်သုံးကြိမ် နေရာရွှေ့ပြောင်းခဲ့ပြီးလေပြီ။
မန်ဟို့အရှေ့ရှိ ကမ္ဘာသည် ထပ်တလဲလဲ ပြောင်းလဲနေ၏။ သူတို့နေရာရွှေ့ပြောင်းတိုင်း ကြီးမားသောအားတစ်ရပ်က သူတို၏ခန္ဓာကိုယ်ကို ဝင်ဆောင့်ကာ ဝိညာဉ်များအား တုန်ရီသွားစေသည်။ ကြည့်ရသရွေ့ နေရာရွှေ့ပြောင်းထောင်ချောက်အတွင်းရှိ စွမ်းအားတစ်ရပ်ရပ်က သူတို့၏စွမ်းအင်ကို စားသုံးနေသယောင်ပင်။
“သွေးမင်းသား ကျုပ်တို့ ဒီအတိုင်း ဆက်သွားနေလို့ မဖြစ်ဘူး” မိစ္ဆာမီးခေါင်းဆောင်ကြီးတစ်က စိတ်ဓာတ်ကျနေသော အသံဖြင့် ပြောသည်။ “သွေးမင်းသား ကျုပ်တို့ ဘာလုပ်ကြမလဲ”
ဝုန်း
နေရာရွှေ့ပြောင်းခြင်းရပ်သွားပြီး မြက်ခင်းပြင်တစ်ခုကို သူတို့ မြင်လိုက်ရသည်။ ထို့နောက် ပျောက်ကွယ်သွားပြန်၏။
မန်ဟိုက တစ်ချိန်လုံး မလှုပ်မယှက် ရပ်နေသည်။ နောက်ဆုံးတွင် သူသည် လက်ကို မြှောက်လိုက်ရာ ပုလဲဖြူပုလဲနက်သည် နဝမတောင်ကို လှည့်ပတ်လျက် ပေါ်လာ၏။ သူ၏မျက်လုံးများက အရှေ့တည့်တည့်ကိုသာ စူးစိုက်နေပြီး (၁၃)ကြိမ်မြောက်သို့ မရောက်မချင်း နေရာရွှေ့ပြောင်းနေသည်ကို စောင့်လိုက်သည်။ (၁၃)ကြိမ်မြောက်ရောက်သော် အရှေ့တွင် တာအိုရေကန်တချို့ လှမ်းမြင်လိုက်၏ ။ ဤအခိုက်၌ သူ၏မျက်လုံးများ တောက်ပသွားလေသည်။
သူသည် တုံ့ဆိုင်းမနေဘဲ ပုလဲဖြူပုလဲနက်နှင့် နဝမတောင်ကို အရှေ့သို့ ပို့လွှတ်လိုက်၏။ ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားပြီး နေရာရွှေ့ပြောင်းထောင်ချောက်မှာ နေရာရွှေ့ပြောင်းခြင်း ပြန်လည်စတင်တော့သည်။
“ပြန့်ကားလိုက်” မန်ဟို့အသံကြီးက ပဲ့တင်ထပ်ထွက်သွားသည်။ နေရာရွှေ့ပြောင်းထောင်ချောက်အထဲတွင် နဝမတောင်သည် ရုတ်တရက် တောက်ပလာ၏။ ၎င်းကား မီဝာာတစ်ထောင်အမြင့်၊ မီတာတစ်သောင်းအမြင့်အထိ ပြန့်ကားလာရင်း ဧရာမတောင်ထိပ်ကြီးအလား နယ်မြေ၏အပြင်သို့ ထိုးထွက်သွားသည်။
ရှေးဟောင်းတာအိုရေကန်များအတွင်း၌ တောင်ထိပ်ကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျင့်ကြံသူအတော်များများ၏ သတိထားမိခြင်း ခံလိုက်ရလေသည်။ မီတာ (၃၀၀၀) တာအိုရေကန်များဘေးရှိ သွေးမိစ္ဆာဂိုဏ်းသားများမှာ ၎င်းကို မြင်လိုက်သည်နှင့် မျက်နှာဝင်းပသွားကြ၏။
မီတာ (၃၀) တာအိုရေကန်များဝန်းကျင်ရှိကျင့်ကြံသူများပင်လျှင် မြင်လိုက်ကြပြီး ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေကြတော့သည်။
“အဲ့ ... အဲဒါ တစ်ယောက်ယောက် နေရာရွှေ့ပြောင်းထောင်ချောက်ကနေ ထွက်ဖို့ ကြိုးစားနေတာပဲ”
“နေရာရွှေ့ပြောင်းထောင်ချောက်ထဲ ရောက်သွားတာနဲ့ ထွက်မရတော့ဘူးလေ”
ဂျိန်း
ဧရာမတောင်ကြီးကို ရွှေ့ဖို့အတွက် နေရာရွှေ့ပြောင်းခြင်းထောင်ချောက်မှာ စွမ်းအားအမြောက်အမြား စုစည်းပစ်လိုက်ရာ ၎င်းမှာ အက်ကွဲစပြုလာတော့သည်။
ထိုသို့ ရပ်သွားသည့်အခိုက်အတန့်တွင် မန်ဟိုက အော်လိုက်သည်။ “သွား”
ချက်ချင်းပင် အမှောင်နတ်ဘုံခေါင်းဆောင်ကြီးက ရပ်သွားသည့်အချိန်ကို အခွင့်ကောင်းယူ၍ နေရာရွှေ့ပြောင်းခြင်းထောင်ချောက်မှ ထွက်ရန် ကြိုးစားလိုက်သည်။
မန်ဟိုက သူ၏အနောက်တည့်တည့်တွင် ဖြစ်သည်။
သို့သော် သူတို့ အစပ်နားသို့ ရောက်သွားသည့်အချိန်မှာပင် နေရာရွှေ့ပြောင်းထောင်ချောက်သည် စွမ်းအားများထပ်မံထုတ်လွှတ်ရင်း သူတို့ကို ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။
“ဖိနှိပ်လိုက်” မန်ဟိုက မျက်မှောင်ကြုတ်လျက် ပြောသည်။
နဝမတောင်က နောက်တစ်ကြိမ် ဝုန်းခနဲ ထစ်ချုန်းရင်း ပြန့်ကားလာသည်။ နေရာရွှေ့ပြောင်းဝင်ပေါက်မှာ ရပ်တန့်သွားအောင် ဖိအားပေးခံလိုက်ရ၏။ ထိုအခိုက်အတန့်တွင် အမှောင်နတ်ဘုံခေါင်းဆောင်ကြီးနှင့် အခြားစိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများ ထွက်လိုက်ကြသည်။ သို့သော် တစ်ချိန်တည်းမှာပင် နေရာရွှေ့ပြောင်းထောင်ချောက်မှာ ရှေးဟောင်းတာအိုရေကန်များအတွင်း၌ မြင်ရခဲသော အံ့ဖွယ်နေရာရွှေ့ပြောင်းစွမ်းအားများဖြင့် အသက်ဝင်လာလေပြီ။ မီတာ(၃၀၀၀) တာအိုရေကန်တစ်ကန်နှင့်တူသော အလင်းတန်းကြီးတစ်တန်း ထိုးတက်သွား၏။ ထစ်ချုန်းနေသည့်ခုလတ်တွင် မန်ဟိုနှင့် နဝမတောင်မှာ ပျောက်ကွယ်သွားသည်။
“သွေးမင်းသား”
“သွေးမင်းသားရဲ့အစွမ်းအရဆိုရင် နေရာရွှေ့ပြောင်းသံသရာထဲကနေ သူ့ကိုယ်သူ လွတ်အောင် လုပ်နိုင်လိမ့်မယ်။ ငါတို့အနေနဲ့ အလယ်ပိုင်းသွားပြီး တာအိုရေကန်တစ်ကန် မြန်မြန် သိမ်းပိုက်သင့်တယ်”
“ဟုတ်တယ် သွားစို့”
ခေါင်းဆောင်ကြီးလေးဦးသည် မန်ဟိုကို မုချ ယုံကြည်ကြ၏ အကြည့်ချင်းဖလှယ်ပြီးနောက် သူတို့၏မျက်လုံးများတွင် ခိုင်မာပြတ်သားမှုတို့ တောက်ပသွားပြီး သူတို့ကား အလယ်ပိုင်းသို့ ပျံသန်းသွားသော ရောင်စုံအလင်းတန်းများ ဖြစ်သွားတော့သည်။
***