← Chapters

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အား ချေမှုန်းခြင်း

Vol. 51 Ch. 715

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အား ချေမှုန်းခြင်း

Vol. 51 Ch. 715

ရှေးဟောင်းတာအိုရေကန်များ၏ တောင်ကြားတစ်နေရာတွင် နေရာရွှေ့ပြောင်းခြင်းအလင်းရောင်က ကောင်းကင်ယံအထိ ထိုးတက်သွားသည်။ ပုံရိပ်တစ်ခုသည် တောင်ကြားအတွင်းမှ အမြင့်ဆုံးအရှိန်ဖြင့် ဝုန်းခနဲ ထွက်လာ၏။

ပုံရိပ်ထွက်လာသည်နှင့်တစ်ပြိုင်နက် နေရာရွှေ့ပြောင်းခြင်းအလင်းမှာ မှေးမှိန်ပျောက်ကွယ်သွားလေသည်။

လေကိုခွင်းသွားသော အဆိုပါပုံရိပ်ကား ... မန်ဟိုမှတစ်ပါး အခြားမဟုတ်ပေ။

သူ၏မျက်နှာမှာ ဖြူဆုပ်နေပြီး တောင်ကြားထဲမှ ပျံထွက်လာသည်နှင့်တစ်ပြိုင်နက် မြေကြီးအပေါ် ဆင်းသက်ပြီး ထိတ်လန့်တုန်လှုပ်နေသော ပုံစံဖြင့် နောက်လှည့်ကြည့်လိုက်သည်။

“အမှောင်နတ်ဘုံနဲ့ တခြားသူတွေကို ထုတ်ပေးပြီးတဲ့နောက်မှာ ငါ အကြိမ် ၇၀ ထပ်နေရာရွှေ့ပြောင်းခံခဲ့ရတယ်။ အဆုံးသတ်အထိ ရွှေ့ပြောင်းတာ မြန်မြန်လာပြီး ငါ့ချီနဲ့သွေးတွေ စုပ်ယူခံရတဲ့အတွက် အားနည်းလာခဲ့တယ်”

သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး ဆေးလုံးတချို့ထုတ်ကာ အလျင်အမြန် စားသုံးလိုက်၏။ ထို့နောက် လေပေါ်ပျံတက်ပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ တာအိုရေကန်များ ပေါက်ကွဲခြင်း ရပ်တန့်သွားခဲ့ပြီဖြစ်၍ တိုက်ပွဲအများစုသာ ဖြစ်ပွားနေလေသည်။

“သွေးမိစ္ဆာဂိုဏ်းက ဂိုဏ်းသား‌တွေ ငါ့အမိန့်အတိုင်း အလယ်ပိုင်းကို သွားလောက်ပြီ”

မီတာ (၃၀၀၀) တာအိုရေကန်များ ရှိရာကို စိတ်မှန်းနှင့် ဆုံးဖြတ်ပြီးနောက် မန်ဟိုက စတင်ပျံသန်းသွားတော့သည်။

သူသည် လမ်း‌တစ်လျှောက်လုံး အကွဲကြောင်းများကို ရှောင်ဖို့အတွက် နတ်ဘုရားအာရုံများ ဖြန့်ကျက်ပြီး နေရာရွှေ့ပြောင်းခြင်းပညာရပ်များကိုလည်း အသုံးပြုလေသည်။

ထိုစဉ် အလယ်ပိုင်းရှိ မီတာ (၃၀၀၀) တာအိုရေကန်များအနားတွင် ယီးကျန့်ဂိုဏ်းနှင့် သွေးမိစ္ဆာဂိုဏ်းသည် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း ဂျိုကြည့်ကြည့်နေကြသည်။

“သွေးမိစ္ဆာဂိုဏ်းဆိုတာ မိစ္ဆာတာအိုကျင့်ကြံသူတွေပဲ။ တစ်ကန်ပဲ သိမ်းပိုက်ရင် ထားဦး ထပ်ပြီး လိုချင်ရဲရတယ်လို့”

“သေချင်နေလား”

ယီးကျန့်ဂိုဏ်းသည် ပတ်ဝန်းကျင်တွင် အင်အားအကြီးဆုံးဖြစ်၏။ သူတို့သည် လက်ဦးမှုရယူပြီး တာအိုရေကန်သုံးကန်အား သိမ်းပိုက်ထားခဲ့လေသည်။ သူတို့တွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူ ရှစ်ဦးရှိပြီး အကုန်လုံးက အေးတိအေးစက် မျက်နှာထားများနှင့် တောက်ပနေသော အရှိန်အဝါများကို ထုတ်ဖော်ထား‌၏။

ရှစ်ယောက်အပြင် ဆရာကျန့်ဆိုသော အဘိုးကြီးသည် သွေးမိစ္ဆာဂိုဏ်းကို စက်ဆုပ်သလို ကြည့်ရင်း ခပ်လှမ်းလှမ်း၌ တင်ပျဥ်ခွေထိုင်နေ၏။

သွေးမိစ္ဆာဂိုဏ်းမှာမူ စောစောကတင် အမှောင်နတ်ဘုံခေါင်းဆောင်ကြီးနှင့် အခြားသူများ ရောက်လာခဲ့လေသည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးများကား ယီးကျန့်ဂိုဏ်းကို မျက်နှာချင်းဆိုင်ရင်း အသတ်အဖြတ်စိတ်ဆန္ဒများအား ထုတ်လွှတ်နေ၏။

“သွေးမိစ္ဆာဂိုဏ်းက ဇီယွင်ဂိုဏ်းရဲ့ ရေကန်ကို ငှားရုံပဲ ငှားထားတဲ့အတွက် ပြန်ပေးရမှာပဲ။ မင်းတို့ ယီးကျန့်ဂိုဏ်းက သုံးကန်တောင် အပိုင်စီးထားတာလေ ၊ တစ်ကန်‌တော့ ပေးသင့်တယ်”

“ဒီမှာ ယီးကျန့်ဂိုဏ်း။ တိုက်ခိုက်မလား မျှဝေပေးမလား ဆုံးဖြတ်”

နှစ်ဦးနှစ်ဖက်လုံး၏ အသတ်အဖြတ်စိတ်ဆန္ဒများက တအိအိ လှုပ်ရှားနေလေသည်။ သွေးမိစ္ဆာဂိုဏ်းနှင့် ယီးကျန့်ဂိုဏ်းသည် ရန်သူတော်ကြီးများဖြစ်ထားပြီးဖြစ်၍ အချိန်မရွေး တိုက်ပွဲ ထဖြစ်နိုင်လေသည်။ လက်ရှိအခြေအနေအရ ရှေးဟောင်းတာအိုရေကန်များ၌ အခွင့်အလမ်းများ ပေါများနေသည့်အချက်ပင် မပါသေးပေ။

ရုတ်တရက် ချင်းလော်ဂိုဏ်းမှ တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးက ထရပ်ပြီး သဘောကျစွာ ရယ်လိုက်သည်။ သွေးမိစ္ဆာဂိုဏ်းသို့ လှမ်းကြည့်လိုက်သော သူ၏မျက်လုံးများမှာ သွေးအေးလျက်ရှိ၏။

“သွေးမိစ္ဆာဂိုဏ်း ၊ မင်းတို့တာအိုက မိစ္ဆာတရားဆိုတာကို ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ တာအိုရေကန်တွေဆိုတာ တောင်ပိုင်းဒေသကျင့်ကြံသူအားလုံးအတွက် ကံကြမ္မာကောင်းပဲ။ မင်းတို့ ပြဿနာဆက်ရှာနေမယ်ဆိုရင် ငါကိုယ်တိုင် ဝင်ပါရလိမ့်မယ်”

ဤသည်ကိုကြားသော် ယီးကျန့်ဂိုဏ်းကျင့်ကြံသူများက မထီမဲ့မြင် ရယ်လိုက်ကြသည်။ ဆရာကျန့်က တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးကို လှမ်းကြည့်ပြီး ဖော်ဖော်ရွေရွေ ခေါင်းညိတ််ပြလိုက်၏။

သွေးမိစ္ဆာဂိုဏ်းမှ ခေါင်း‌ဆောင်ကြီးခြောက်ဦး၏မျက်နှာများ ရိပ်ခနဲ ဖြစ်သွားသည်။

ထို့နောက် ‌ကျင်းဟန်ဂိုဏ်းမှ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က တဟားဟား အော်ရယ်ရင်း ထွက်လာသည်။ သူသည် ‌စိန်သဖွယ် မာကြောသောအသားဖြင့် ထောင်ထောင်မောင်းမောင်း ထွားထွားကြိုင်းကြိုင်းဖြစ်ပြီး ချပ်ဝတ်တန်ဆာအပြည့်အစုံ ဝတ်ဆင်ထား၏။ “ယီးကျန့်ဂိုဏ်းနဲ့ ချင်းလော်ဂိုဏ်းက တာအိုရောင်ရင်းတို့” သူက ပြောသည်။ “ခင်‌ဗျားတို့ စကားထက် သင့်တော်လျော်ကန်တာ မရှိတော့ဘူး”

သူ့အနောက် ခပ်လှမ်းလှမ်းတွင် အဘိုးကြီးငါးယောက် တင်ပျဉ်ခွေထိုင်နေ၏။ သူတို့ မျက်လုံးများ ဖွင့်လိုက်သောအခါ ၎င်းတို့သည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အရှိန်အဝါဖြင့် တဖျပ်ဖျပ် လင်းလက်သွားတော့သည်။

သူ၏ပေါ်ပေါက်လာမှုက ကျင်းဟန်ဂိုဏ်း၊ ယီးကျန့်ဂိုဏ်းနှင့် ချင်းလော်ဂိုဏ်းတို့အကြား သဘောတူညီချက်ရှိကြောင်း ထင်ရှားသွားစေသည်။ ဂိုဏ်းသုံးဂိုဏ်း၏ စုပေါင်းအင်အားကား သွေးမိစ္ဆာဂိုဏ်းအပေါ် ဖိနှိပ်နေလေပြီ။

အားလုံးအထဲ အခြေအနေအဆိုးဆုံးမှာတော့ ဖက်တီးနှင့် ချန်ဖန်းပင်။ သူတို့မှာ ဘာမှမတတ်နိုင်သဖြင့် တိတ်တဆိတ် နောက်ဆုတ်သွားကြလေသည်။

ဇီယွင်ဂိုဏ်းနှင့် စုန့်မျိုးနွယ်စုမှာမူ ဆိတ်ဆိတ်သာ နေနေကြသည်။

လီမျိုးနွယ်စုသာ ကျန်တော့လေသည်။ လီမျိုးနွယ်စုခေါင်းဆောင်ကြီးဆယ့်ကိုးက အင်္ကျီလက်စခါပြီး ရှေ့လျှောက်လာသည်။ သူ၏မျက်လုံးများ၌ သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေ၏။

“မင်းတို့ သွေးမင်းသားဆိုတဲ့ကောင် သေပြီလား မသေသေးဘူးလား။ မသေသေးရင် ဘာလို့ ဒီရောက်မလာသေးတာလဲ” ထိုနှစ်တုန်းက လီမျိုးနွယ်တာအိုကလေး(လီတောက်ရီ) ၏ သေဆုံးမှုမှာ သူတို့အတွက် တနုံ့နုံ့ မကျေမနပ်စရာ ကိစ္စဖြစ်ခဲ့လေသည်။

ယခုတွင် လီမျိုးနွယ်စုပါ ပူးပေါင်းလိုက်ပြီဖြစ်ရာ အဖွဲ့လေးဖွဲ့ မဟာမိတ်ဖြစ်သွားတော့သည်။ သွေးမိစ္ဆာဂိုဏ်းခေါင်းဆောင်ကြီးများ မျက်နှာပျက်သွားကြပြီး နောက်ဆုတ်လိုက်၏။ သူတို့အနေဖြင့် ဂိုဏ်လေးဂိုဏ်း၏အင်အားကို ခံနိုင်မည်မဟုတ်ပေ။

“ဘာလို့ လေကုန်ခံနေဦးမှာလဲ” ချင်းလော်ဂိုဏ်း တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးက မျက်လုံးများ တဖျပ်ဖျပ် လက်နေလျက် ပြောသည်။ “မောင်းသာ ထုတ်ပစ်လိုက်။ ထွက်မသွားရင် သတ်ပစ်လိုက်ပေါ့” သူက ထိုသို့ပြောရင်း ရှေ့တက်ကာ ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ကျားဖြူရှစ်ကောင်က ဟိန်းဟောက်လျက် သွေးမိစ္ဆာဂိုဏ်းကျင့်ကြံသူများဆီ ပြေးတက်သွားလေပြီ။

‌လီမျိုးနွယ်ခေါင်းဆောင်ကြီးဆယ့်ကိုးလည်း တိုက်ခိုက်လိုက်သလို ၊ ယီးကျန့်ဂိုဏ်းကျင့်ကြံသူများလည်း ထိုနည်းတူပင်။ တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးဆယ်ဦးက ပျံထွက်လာပြီး တိုက်ခိုက်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်တိုက်ပွဲကား စတင်ခဲ့လေပြီ။

ဝုန်း

နှစ်ဖက်သည် တစ်ဖက်နှင့်တစ်ဖက် ဝင်တိုက်သွားပြီး စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးခြောက်ဦးမှာ ချက်ချင်း နောက်ဆုတ်လိုက်ရ၏။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူဆယ်ယောက်ကျော်ကို အဘက်ဘက်မှ ရင်ဆိုင်နေရသဖြင့် သူတို့မှာ မည်သို့မျှ ပြန်မတိုက်ခိုက်နိုင်ကြပေ။

တိုက်ကွက်ပြီးတစ်ကွက်က သွေးမိစ္ဆာဂိုဏ်းကျင့်ကြံသူများကို ရိုက်ခတ်‌နေသည်။ အံ့ဖွယ်မှော်ပစ္စည်းများနှင့် နတ်ဘုရားစွမ်းရည်များကို အသုံးပြုနေကြ၍ သွေးမိစ္ဆာဂိုဏ်းသားများမှာ တရွေ့ရွေ့ ဆုတ်ခွာနေကြလေသည်။ သူတို့နောက်ဆုတ်နေကြသည့်အချိန်မှာပင် ဂိုဏ်းလေးဂိုဏ်းမှ ကျင့်ကြံသူများက တိုက်ပွဲတွင် ဝင်ပါလာကြသည်။

မဟာမိတ်လေးဖွဲ့အနက် ချင်းလော်ဂိုဏ်းသည် သွေးမိစ္ဆာဂိုဏ်းနှင့် ရန်ငြိုးအကြီးမားဆုံး ရှိ၏။ လီမျိုးနွယ်စုကတော့ မန်ဟိုကြောင့် သူ့တိုကို ပစ်မှတ်ထားနေကြပြီး ယီးကျန့်ဂိုဏ်းမှာမူ သူတို့၏ရန်သူတော်ကြီးဖြစ်လေသည်။ ကျင်းဟန်ဂိုဏ်းသာ အကြောင်းပြချက် မည်မည်ရရ မရှိဘဲ တိုက်ခိုက်နေခြင်းဖြစ်၏။

‌တအုံးအုံး ပေါက်ကွဲသံများ ပဲ့တင်ထပ်နေပြီး အမှောင်နတ်ဘုံခေါင်းဆောင်ကြီး၏ပါးစပ်မှ သွေးများပန်းထွက်ကာ နောက်သို့ လွင့်ထွက်သွားလေသည်။ မိစ္ဆာမီးခေါင်းဆောင်ကြီးတစ်မှလွဲ၍ အားလုံးမှာ သွေးအန်၍ နောက်ဆုတ်လိုက်ကြရသည်။ တိုက်ပွဲ ပြင်းထန်လာသည်နှင့်အမျှ သွေးအလင်းရောင်များ တောက်ပလာပြီး မချိတင်ကဲအော်သံများ ပဲ့တင်ထပ်နေ၏။

ဇီယွင်ဂိုဏ်း၏ ဆရာကြီးနွမ်းလျတာအိုမှာ မျက်မှောင်ကြုတ်၍ ချီတုံချတုံဖြစ်နေသော်လည်း မျက်လုံးများ ပိတ်သွားလေသည်။ စုန့်မျိုးနွယ်စုမှာမူ သွေးမိစ္ဆာဂိုဏ်းကို မကူညီသလို၊ မဟာမိတ်လေးဖွဲ့နှင့်လည်း မပူးပေါင်းပေ။

“နောက်ဆုတ်” သွေးမိစ္ဆာဂိုဏ်းခေါင်းဆောင်ကြီးခြောက်ဦး၏ နှလုံးသားများမှာ ဒေါသမီးလျှံတို့ဖြင့် တဟုန်းဟုန်း တောက်နေသော်လည်း ဤအင်အားမျိုးကို ရင်ဆိုင်ရရာတွင် ထွက်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ဇီယွင်ဂိုဏ်းမှ သူတို့ကို ပေးထားသော တာအိုရေကန်ကိုလည်း လက်လျှော့ရပေမည်။

“မင်းတို့ လာတဲ့နေရာကို ပြန်သွားကြစမ်း” ချင်းလော်ဂိုဏ်းမှ တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးက ပြောသည်။ “သွေးမိစ္ဆာဂိုဏ်းကို ဒီလိုနေရာမျိုးမှာ လက်မခံဘူး” သူက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ ကျားဖြူရှစ်ကောင်ကို ဟိန်းဟောက်သံများ ထုတ်လွှတ်စေလိုက်သည်။ ထိုကြောက်မက်ဖွယ်အသံလှိုင်းများက‌ သွေးမိစ္ဆာဂိုဏ်သားများကို ဝင်ဆောင့်ပြီး သူတို့အား ပါးစပ်မှ သွေးများ ပန်းထွက်လျက် လွင့်ထွက်သွားစေသည်။ သာမန်ဂိုဏ်းသားများမှာ လှိုင်း၏ပြင်းအားကြောင့် မပေါက်ကွဲဘဲ မနေပေ။

သူတို့၏သတ်ဖြတ်လိုစိတ်ကား သည့်ထက်ပို၍ မမြင့်မားနိုင်တော့။

“သွေးမင်းသား ဘယ်မှာလဲ”

“သူ မလာရင် ငါတို့ လက်လျှော့ပြီး ထွက်သွားရတော့မယ်” ခေါင်းဆောင်ကြီးခြောက်ဦးမှာ ခံပြင်းမှုများကို ချုပ်တည်းရင်း နောက်ဆက်ဆုတ်နေကြရ၏။

“ဘယ်သူပေါ်လာလာ” ယီးကျန့်ဂိုဏ်းမှ အသံတစ်သံက အေးစက်စက် နှာမှုတ်ရင်း ပြောသည်။ “သွေးမိစ္ဆာဂိုဏ်းကို ဒီနေရာမှ လက်မခံနိုင်ဘူး။ ထွက်သွားကြ”

ဤအခိုက်အတန့်တွင် အဝေး၌ အလင်းတန်းတစ်တန်း ပေါ်လာသည်။ ၎င်းသည် လူသတ်အငွေ့အသက်များနှင့်အတူ မိုးထိသျှံနေသော အကြင်နာမဲ့ရက်စက်မှုတို့ကို သယ်ဆောင်ရင်း ကြယ်တံခွန်ကြီးသဖွယ် အံ့ဖွယ်အမြန်နှုန်းဖြင့် ချဉ်းကပ်၏။

အလင်းတန်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဇီယွင်ဂိုဏ်းမှ ကျင့်ကြံသူများက လှမ်းကြည့်လိုက်ကြသည်။ အထူးသဖြင့် ချူယွီယန်နှင့် ဟန်ရွှယ့်ရှန်းတို့မှာ ရွှန်းရွှန်းစားစား မမှိတ်မသုန် ကြည့်နေကြ၏။

စုန့်ကျားလည်း မော့မကြည့်မိဘဲ မနေ။

အလင်းသည် အလွန်မြန်လွန်းသဖြင့် မျက်တောင်တစ်ခတ်လေးအတွင်း ရောက်လာခဲ့လေပြီ။ ၎င်းက သွေးမိစ္ဆာဂိုဏ်းခေါင်းဆောင်ကြီးခြောက်ဦးဘေးမှ ဖြတ်ကာ သူတို့၏အရှေ့တည့်တည့်တွင် ရပ်လိုက်သည်။

ဝုန်းခနဲ အသံကြီးသည် တုန်လှုပ်ချောက်ချားဖွယ် လှိုင်းများနှင့်အတူ မဟာမိတ်လေးဖွဲ့မှ ကျင့်ကြံသူများကို ဝင်တိုက်သွား၏။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်မှာ မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားပြီး တုံ့ခနဲရပ်သွားကြလေသည်။ ရှေ့ဆုံးရှိ ကျင်းဟန်ဂိုဏ်းမှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးတစ်ဦးမှာ သွေးပျက်မတတ် အော်၍ နောက်လွင့်သွားပြီးနောက် ပေါက်ကွဲသွားတော့သည်။ ‌အရပ်လေးမျက်နှာသို့ လွင့်စင်သွားသော သွေးများ၊ အသားအတုံးအတစ်များသည် အဖွဲ့၏အရှေ့တွင် ရပ်နေသော သွေးရောင်ဝတ်ရုံနှင့်လူငယ်ကို ဖုံးကွယ်ခြင်းငှာ မစွမ်းနိုင်ချေ။

လူငယ်၏မျက်နှာမှာ တည်ကြည်လျက်ရှိသော်လည်း သူ၏မျက်လုံးများမှာ ‌ထိပ်ဆုံးအထပ်ရှိ ကောင်းကင်ဘုံကိုပင် အေးခဲပစ်နိုင်သည့်အလား အေးစက်နေ၏။ သူ၏ညာလက်က လက်သီးဆုပ်ထားသည်။ ထိုလက်သီးသည် ကျင်းဟန်ဂိုဏ်းမှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေခဲ့သော လက်သီးပင်။

လက်သီးလေးတစ်လုံးတည်းနှင့် ပထမခွဲထွက်အဆင့်ပညာရှင်ကို သတ်ဖြတ်လိုက်ခြင်းက ရှိရှိသမျှ လူတိုင်းအား တုန်လှုပ်သွားစေသည်။

မန်ဟို၏ ဆံပင်ရှည်ရှည်များသည် လေတွင် တလွင့်လွင့် လှုပ်ရှားနေပြီး သူ၏အဝတ်အစားများမှာလည်း ပျော့‌ပျော့ပျောင်းပျောင်း ယိမ်းနေ၏။ သူ၏ ဒုတိယခွဲထွက်ခြင်းအဆင့်ကျင့်ကြံခြင်းအခြေခံမှာ ကြောက်မက်ဖွယ်စွမ်းအင်များအား အဘက်ဘက်သို့ ထုတ်လွှတ်နေလေသည်။

မြေပြင်ရှိ အရောင်များသည် မှေးမှိန်သွားပြီး လေပြင်းများ တိုက်ခတ်လာ၏။ လေမုန်တိုင်းကြီးတစ်လုံးက ‌ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များကို လေပေါ်မြင့်တက်သွားစေသယောင်ပင်။

ဤအခိုက်အတန့်တွင် မျက်လုံးအားလုံးက မန်ဟို့အပေါ် ကျရောက်နေလေပြီ။

“သွေးမိစ္ဆာဂိုဏ်းက ဒီမှာ နေခွင့်မရှိဘူးလို့ ဘယ်သူပြောတာလဲ” သူက ဘေးဘီဝဲယာကို ကြည့်ရင်း ပြောလိုက်သည်။ မဟာမိတ်ဂိုဏ်းလေးဂိုဏ်းမှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများကို ကြည့်လိုက်စဉ် သူ၏အကြည့်တွင် အသတ်အဖြတ်စိတ်ဆန္ဒနှင့် အကြင်နာမဲ့ရက်စက်မှုတို့ ပြည့်နှက်နေလေသည်။

မန်ဟို့အနောက်တွင် သွေးမိစ္ဆာဂိုဏ်းကျင့်ကြံသူများမှာ ချက်ချင်း စိတ်လှုပ်ရှားလာကြပြီး ‌ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။

“သွေးမင်းသား”

“ဂါဝရပြုပါတယ် သွေးမင်းသား”

ချင်းလော်ဂိုဏ်းမှ တတိယခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူ၏မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ “မန်ဟို” သူက အော်လိုက်သည်။

‌ကျင်းဟန်ဂိုဏ်းမှ ကျင့်ကြံသူများလည်း တုန်လှုပ်သွားပြီး လီမျိုးနွယ်စုခေါင်းဆောင်ကြီးဆယ့်ကိုးမှာတော့ မျက်လုံးပြူးသွားတော့သည်။ ယီးကျန့်ဂိုဏ်းမှ လူများလည်း အံ့အားသင့်နေကြလေသည်။

ဇီယွင်ဂိုဏ်းမှ အဖွဲ့အနက် အန်းဇဲ့ဟိုင်နှင့် လင်ဟိုက်လုံမှာ သွေးရောင်ဝတ်ရုံနှင့်မန်ဟို့ကို တွေတွေကြီး ငေးကြည့်နေကြ၏။ သူတို့ခေါင်းထဲတွင် အမှတ်တရများ ဖြတ်ပြေးသွားပြီး ရုပ်မတူသော လူငယ်လေး၏ ပုံရိပ်သည် ယခု သူတို့အရှေ့ရှိ လူငယ်၏ပုံရိပ်နှင့် ထပ်သွားတော့သည်။

ချူယွီယန်မှာ တုန်ရီနေ၏။ မန်ဟို့ကို ပြောချင်သော အကြောင်းတွေ အများကြီးရှိသော်လည်း သူမနှုတ်မှ တစ်ခုမှ ထွက်မလာပေ။

ဟန်ရွှယ့်ရှန်းသည် ချူယွီယန်နှင့်ယှဥ်လျှင် ဖြူစင်ပြီး ကလေးဆန်၏။ သူမသည် မန်ဟို့ကို ကြည့်ရင်း သန့်စင်နှင်းမြို့တော်တွင် ဖြစ်ခဲ့သမျှအရာအားလုံးကို ပြန်တွေးတောနေလေသည်။

ရီဖေးမုကတော့ ဖြောင့်မတ်တည်ကြည်စွာဖြင့် ရပ်နေသည်။ ယခုတွင် အဆင့်မြင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်ဖြစ်နေပြီ ဖြစ်သော မန်ဟို့ကို ကြည့်နေစဉ် သူ၏မျက်နှာမှာ တွေဝေရှုပ်ထွေးနေသော အမူအရာရှိသည်။ ရီဖေးမုသည် သူတို့နှစ်ယောက် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဘွဲ့အတွက် ပြိုင်ဆိုင်ခဲ့ပုံကို ပြန်မတွေးမိဘဲ မနေပေ။

သူ့မှာ ဝန်မခံချင်သော်လည်း သူကိုယ်တိုင်ကား ..... အဝေးကြီး နောက်ကျကျန်ခဲ့ပြီဖြစ်ကြောင်း သိလေသည်။

ဇီယွင်ဂိုဏ်းအဖွဲ့ထဲတွင် နောက်တစ်ယောက် ရှိသေးသည်။ သူသည် မန်ဟိုနှင့်ပတ်သက်‌သော အမှတ်တရများကို ပြန်မြင်ယောင်နေသော အဘိုးကြီးတစ်ဦးဖြစ်၏။ သူလည်း တိတ်ဆိတ်စွာ ရပ်ရင်း သူ့လို ဘာမဟုတ်သည့် အညတရလေးကို မန်ဟို မှတ်မိရဲ့လား သိချင်နေလေသည်။

အရာအားလုံး တိတ်ဆိတ်နေ၏။ မန်ဟိုက သူ့အရှေ့တွင် ရပ်နေသောအုပ်စုကို ကြည့်ပြီးနောက် သူ၏မျက်လုံးများသည် ချင်းလော်ဂိုဏ်း တတိယခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူအပေါ် ကျရောက်လာသည်။

“မင်းလား ပြောတာ” သူက မေးလိုက်၏။

တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီး ဤစကားလုံးများကို ကြားသောအခါ သူ၏မျက်နှာတွင် အကြောက်တရားတို့ ဖုံးလွှမ်းသွားပြီး ခေါင်းနပန်ကြီးသွားတော့သည်။ သူသည် နောက်ဆုံးတစ်ခေါက် မြင်ခဲ့ရတုန်းက မန်ဟို မည်မျှကြောက်စရာကောင်းသလဲ ပြန်တွေးပြီး ကတုန်ကယင်ဖြင့် နောက်ဆုတ်သွားတော့၏။

စကား‌လေးတစ်ခွန်းတည်းနှင့် တတိယခွဲထွက်ခြင်းအဆင့်ပညာရှင်တစ်ဦးအား ကြောက်စိတ်မွှန်သွားစေခြင်းကား မယုံနိုင်ဖွယ်ရာပင်။ မှန်သည်၊ ထိုလူသည် ရိုးရိုးသာမန် တာအိုလေးတစ်ခုကိုသာ ခွဲထုတ်ဖျက်စီးခဲ့သူ ဖြစ်၍ မဟာတာအိုများကို ဖျက်စီးသည့် ကြောက်မက်ဖွယ် အစွမ်းထက် တတိယခွဲထွက်ခြင်းအဆင့်ပညာရှင်များနှင့် မတူပေ။ သို့သော် ၎င်းက .... မန်ဟို မည်မျှခွန်းအားကြီးသလဲ သက်သေပြနေသေး၏။

ကျင်းဟန်ဂိုဏ်းမှ လူက မျက်လုံးများ တဖျပ်ဖျပ် လက်လျက် ချက်ချင်း နောက်ဆုတ်သွား၏။ အခြားစိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ပညာရှင်များကိုလည်း သူနှင့်အတူ ခေါ်သွားသည်။ စောစောကလေးတင် အသတ်ခံလိုက်ရသူမှာ သူတို့ဂိုဏ်းမှ ဖြစ်သဖြင့် သူတို့မှာ နောက်ဆုတ်ရုံသာ တတ်နိုင်လေသည်။ လီမျိုးနွယ်စုလည်း မန်ဟိုဖြစ်သည့် ချွန်ထက်နေသော ဓားသွားကို မထိလိုသဖြင့် ဆုတ်သွားကြသည်။

မန်ဟိုက အခင်းဖြစ်ရာသို့ ကောက်ကာငင်ကာ ရောက်လာခဲ့ပြီး လက်သီးလေးတစ်ချက်တည်းနှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်ကို ချေမှုန်းခဲ့လေသည်။ ထိုသို့လုပ်ရပ်မျိုးက မြင်လိုက်သည့် မည်သူ့ကိုမ‌ဆို လေးလေးနက်နက် တုန်လှုပ်သွားစေမည်သာ ဖြစ်၏။

***

All Chapters