← Chapters

မိတ်ဆွေများနှင့် ပြန်လည်ဆုံတွေ့ရာဝယ်

Vol. 52 Ch. 717

မိတ်ဆွေများနှင့် ပြန်လည်ဆုံတွေ့ရာဝယ်

Vol. 52 Ch. 717

လီမျိုးနွယ်ခေါင်းဆောင်ကြီးဆယ့်ကိုး မျက်စိမျက်နှာပျက်သွားသည်။ သူသည် အံတင်းတင်းကြိတ်ရင်း တုံ့ဆိုင်းမနေတော့ဘဲ နောက်ဆုတ်လိုက်၏။ ကျန်စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများလည်း မန်ဟို့ကို အထိတ်ထိတ်အလန့်လန့် ကြည့်ကာ နောက်ဆုတ်သွားကြသည်။ သူတို့ကား ‌မျိုးနွယ်ဝင်များနှင့်အတူ တာအိုရေကန်မှ ထွက်သွားကြလေပြီ။

“ဒီနေရာကနေ မီတာသုံး‌သောင်းအတွင်း တားမြစ်‌နေရာလို့ သတ်မှတ်တယ်” မန်ဟိုက ဖြေးဖြေးချင်း ပြောသည်။ “ဝင်လာရဲတဲ့ ဘယ်သူမဆို ငါ မန်ဟိုရဲ့ အသတ်ခံရမယ်” လီမျိုးနွယ်ဝင်များသည် သုန်သုန်မှုန်မှုန်ဖြင့် မီတာသုံးသောင်းအကွာသို့ ရွေ့လျားသွားကြ၏။

ချက်ချင်းပင် ဘေးမှရပ်ကြည့်နေသူများအကြား စကားသံများ ကျွတ်ကျွတ်ညံလာတော့သည်။

“မန်ဟိုမှာ ဘယ်လိုကျင့်ကြံခြင်းအခြေခံရှိတာတုန်း”

“သူက အရင်တုန်းကလည်း ချင်းလော်ဂိုဏ်းကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့တယ်။ တာအိုခြောက်ပါးကို မနိုင်ခဲ့တာ မှန်ပေမယ့် ကောဟလဟတွေအရဆိုရင် သူက တာအို‌ရှာဖွေခြင်းအောက် နံပါတ်တစ် အစွမ်းထက်ဆုံးပုဂ္ဂိုလ်တဲ့လေ”

“အေး စောစောကလေးတင်ပဲ တတိယခွဲထွက်ခြင်းအဆင့်ပညာရှင်ကို သတ်ခဲ့တာဆိုတော့ တာအို‌ရှာဖွေခြင်းအောက် နံပါတ်တစ် အစွမ်းထက်ဆုံးပုဂ္ဂိုလ်လို့‌ ခေါ်ဖို့ ထိုက်တန်ပါပေတယ်”

စကားသံများ ဆူညံနေစဉ် သွေးမိစ္ဆာဂိုဏ်းသားများက လီမျိုးနွယ်စု၏ တာအိုရေကန်ကို သိမ်းပိုက်လိုက်ကြသည်။ ဇီယွင်ဂိုဏ်းမှ‌ ပေးခဲ့သော တာအိုရေကန်ကို ဖယ်လိုက်လျှင် ယခု သူတို့၌ တာအိုရေကန်နှစ်ကန်ရှိပြီဖြစ်၏။

သွေးမိစ္ဆာဂိုဏ်း ခေါင်းဆောင်ကြီးများမှာတော့ မန်ဟို နောက်ထပ်လှုပ်ရှားမည်ကို စောင့်ရင်း သွေးတို့ ဆူပွက်နေကြသည်။

မန်ဟို့အကြည့်က ဇီယွင်ဂိုဏ်းကို လျစ်လျူရှုရင်း စုန့်မျိုးနွယ်စုကို ကျော်ဖြတ်ကာ‌ ကျင်းဟန်ဂိုဏ်းအပေါ် ကျရောက်သွားလေသည်။

သက်လတ်ပိုင်း ကျင်းဟန်ဂိုဏ်း ကျင့်ကြံသူ၏ မျက်နှာကြီး မည်းမှောင်သွား၏။ စောစောတုန်းက သူသည် လီမျိုးနွယ်စုကို သွားရောက်ကူညီချင်ခဲ့ပါသော်လည်း မန်ဟိုထံမှ ရနေသော ခံစားချက်မှာ ကြောက်စရာကောင်းလွန်းခဲ့သည်။ ဤသို့ဖြင့် သူ ချီတုံချတုံ ဖြစ်နေခဲ့သည့်အခိုက်အတန့်မှာပင် လီမျိုးနွယ်စုကား ဆုတ်ခွာလိုက်ရလေပြီ။

ယခု မန်ဟိုက သူတို့ကို စူးစိုက်ကြည့်နေလေရာ ကျင်းဟန်ဂိုဏ်းမှ လူတိုင်းမှာ ကြောက်ဒူးတုန်လာကြတော့၏။ ဖက်တီးမှာမူ တဒင်္ဂ တွေဝေနေပြီးနောက် မန်ဟို့ကို မော့ကြည့်လိုက်သည်။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားသောအခါ မန်ဟိုက ယီးကျန့်ဂိုဏ်းဘက်သို့ အကြည့်လွှဲလိုက်၏။

ထိုအခိုက်အတန့်တွင်မှ ကျင်းဟန်ဂိုဏ်းတစ်ဂိုဏ်းလုံး ဟင်းချနိုင်တော့သည်။ သက်လတ်ပိုင်းကမူ အတွေးနက်သွားပုံရပြီးနောက် မျက်လုံးများ တင်းမာအေးစက်သွားလေသည်။

မန်ဟို ယီးကျန့်ဂိုဏ်းကို ကြည့်လိုက်သောအခါ ဟိုးအနောက်၌ ရပ်နေသော ချန်ဖန်းကို မြင်လိုက်ရသည်။ ချန်ဖန်းမှာ အမြုတေဖြစ်တည်မှု မဟာစက်ဝန်းအဆင့်သာ ရှိသေးသည်။ သူက ဖြူဖပ်ဖြူလျော်နှင့် မန်ဟို့ကို ကြည့်သည်။ မန်ဟိုလည်း သူကို ပြန်ကြည့်လိုက်၏။

အတန်ကြာ‌သော် မန်ဟိုက ယီးကျန့်ဂိုဏ်းထံမှ အကြည့်လွှဲသွားလေသည်။ သို့သော် ထိုအခိုက်အတန့်တွင် သူသည် ဆရာကျန့်အနောက်ရှိ လူတစ်ယောက်ထံမှ လာနေသော အန္တရာယ်အငွေ့အသက်ကို ရုတ်တရက် အာရုံရလိုက်၏။

ဆရာကျန့်မှာမူ မန်ဟို့ကို ရေခဲတမျှ အေးစက်နေသော မျက်လုံးများဖြင့် စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသည်။ မန်ဟို သူ့ဘက်သို့ ပြန်ကြည့်လိုက်သောအခါတွင် သူ့စိတ်ထဲ၌ ထစ်ချုန်းသံကြီး မြည်ဟည်းသွားသည့်အလား ထင်ရ၏။

ဆရာကျန့်မှာ ခပ်တိုးတိုး ညည်းလိုက်ရပြီး တစ်ကိုယ်လုံး တုန်ရီသွားသည်။ ပုတီးစေ့‌လောက်ရှိသော ချွေးသီးများ သူ၏နဖူးတွင် တွဲခိုသွားပြီး သူ့အပေါ် နင်းခြေနေသော ဖိအားကြီးကို တောင့်ခံ၍မရကြောင်း သဘောပေါက်လိုက်သဖြင့် သူ၏မျက်နှာအပေါ်တွင် ထိတ်ပျာသွား‌သောအမူအရာက ဖုံးလွှမ်းသွား၏။ ထို့နောက် သူသည် .... မန်ဟိုက သူ့ကို ကြည့်ပင် ကြည့်မနေကြောင်း သတိထားမိလိုက်၏။

ထိုအစား မန်ဟိုက သူ့အနောက်ရှိ လေတိုက်လျှင်ပင် လဲသွားလောက်သော ဆယ်ကျော်သက်လူငယ်ကို ကြည့်လိုက်ခြင်းဖြစ်သည်။

ဆယ်ကျော်သက်လူငယ်မှာ မန်ဟို သူ့ကို ကြည့်လိုက်သည်နှင့်  မဆိုစလောက် မေးမော့ပြီး တည်ငြိမ်‌အေးဆေးစွာ ပြန်ကြည့်လာသည်။

သူတို့နှစ်ယောက်၏ ရိုးရိုးသာမန်အကြည့်လေးက ကြားရှိ ဆရာကျန့်ကို ထိခိုက်သွားစေ၏။

ဆရာကျန့်မှာ မန်ဟို သူ့အနောက်ရှိ ဆယ်ကျော်သက်လူငယ်ကို ကြည့်နေကြောင်း သဘောပေါက်လိုက်သဖြင့် ရင်တဒိန်းဒိန်း ခုန်လာတော့သည်။

ရုတ်တရက် စောင့်ကြည့်နေသူအားလုံး၏ ရှေ့မှောက်တွင် မန်ဟိုကား ယီးကျန့်ဂိုဏ်းသို့ လျှောက်လာလေပြီ။ ပတ်ဝန်းကျင်ရှိ တင်းမာမှုကား သည့်ထက် မပြင်းထန်နိုင်တော့ပေ။

မန်ဟို ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မိုးကြိုးစက်ကွင်းများ ဖြာထွက်ထစ်ချုန်းသွားသယောင်ပင်။

သူသည် ယီးကျန့်ဂိုဏ်း၏ တတိယတာအိုရေကန်ဆီသို့ ဦးတည်နေရာ ထိုနေရာတွင် စုဝေးနေကြသော ကျင့်ကြံသူများမှာ ကမ္ဘာမကြေရန်သူတော်ကြီးနှင့် ရင်ဆိုင်ရတော့မည့်အလား အားတင်းလိုက်ကြသည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများမှာ ပူပန်လာကြပြီး အသက်ဖြောင့်ဖြောင့် မရှူနိုင်တော့ပေ။

မန်ဟိုက ဆရာကျန့်အနောက်ရှိ ဆယ်ကျော်သက်လူငယ်ကို ပြန်ကြည့်ပြီး အေးစက်စက် ပြောသည်။ “ငါ ဒီတာအိုရေကန်ကိုလည်း လိုချင်တယ်”

“မပေးနိုင်ဘူး” ဆရာကျန့်က ငေါက်ခနဲ ထရပ်ရင်း ပြောလိုက်သည်။ ယီးကျန့်ဂိုဏ်းသားများက ဓားများ ဆွဲထုတ်လိုက်ကြပြီး စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများထံမှ စွမ်းအင်လှိုင်းများ ရိုက်ခတ်လာသည်။ အချိန်တိုလေးအတွင်း ယီးကျန့်ဂိုဏ်း၏ဓားချီလှိုင်းများသည် လေများ ‌တဝေါဝေါ တိုက်ခတ်လာစေပြီး ကောင်းကင်တွင် အရောင်များ ပြိုးပြိုးပြက်ပြက် လက်သွားစေ၏။

သို့သော် ဤအခိုက်အတန့်၌ ဆရာကျန့်နောက်ရှိ ဆယ်ကျော်သက်လူငယ်က စကားထပြောသည်။ သူ၏အသံသည် အက်ကွဲပြီး ရှေးဆန်နေရာ ငယ်ရွယ်သောပုံပန်းသွင်ပြင်နှင့် နည်းနည်းလေးမှ မလိုက်ဖက်‌ချေ။

“ယူလိုက်”

ဆရာကျန့်မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားပြီး သူသည် ဆယ်ကျော်သက်လူငယ်ဘက် လှည့်၍ လေးလေးစားစား အရိုအသေပေးလိုက်သည်။ ကျန်စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများမှာ မှင်သက်သွားကြပြီး ဆယ်ကျော်သက်လူငယ်ကို ကြည့်လိုက်ကြကာ အရေးပါသော တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားကြပုံပင်။ သူတို့၏မျက်နှာများတွင် အရူးအမူးလေးစားကြည်ညိုခြင်း၊ အထင်ကြီးတန်ဖိုးထားခြင်းတို့ဖြင့် ပြည့်နှက်သွား၏။

“မင်း တာအိုရေကန်ကို သဘောကျတယ်ဆိုမှတော့” ဆယ်ကျော်သက်လူငယ်က ‌ဆက်ပြောသည်။ “ပေးရမှာပေါ့” သူက ပြုံးပြုံးလေး ပြောနေသော်လည်း သူ၏မျက်ဝန်းများရှိ ရေခဲတမျှ အေးစက်မှုကိုတော့ ဖုံးကွယ်နိုင်ခြင်းမရှိပေ။

မန်ဟိုက ဆယ်ကျော်သက်လူငယ်ကို ကြည့်ရင်း ဓားတစ်လက်ကို ကြည့်နေရသလို ခံစားလိုက်ရသည်။

အင်မတန် တုန်လှုပ်ချောက်ချားဖွယ်ရာသော ဓားတစ်လက်ပင်။

ဆယ်ကျော်သက်လူငယ်၏ပါးစပ်မှ စကားလုံးများ ထွက်သွားသည်နှင့်တစ်ပြိုင်နက် တာအိုရေကန်၏ပတ်ပတ်လည်ရှိ ယီးကျန့်ဂိုဏ်းသားအကုန်လုံး နောက်ဆုတ်၍ မန်ဟို့အတွက် နေရာဖယ်ပေးလိုက်ကြသည်။

မန်ဟိုက ခေါင်းညိတ်လိုက်ပြီး သွေးမိစ္ဆာဂိုဏ်းသားများက တာအိုရေကန်ကို သွားရောက်ထိန်းချုပ်လိုက်ကြ၏။

ယခုတွင်‌ ရှေးဟောင်းတာအိုရေကန်များ၏ အလယ်ပိုင်းရှိ မီတာ (၃၀၀၀) တာအိုရေကန်များနှင့် စပ်လျဉ်းပြီး အခြေအနေမှာတော့ ဤအတိုင်း ဖြစ်သွားလေပြီ။ သွေးမိစ္ဆာဂိုဏ်း - သုံးကန်။ ယီးကျန့်ဂိုဏ်း - နှစ်ကန်၊ ဇီယွင်ဂိုဏ်း - နှစ်ကန်။ စုန့်မျိုးနွယ်စု - တစ်ကန်။ ချင်းလော်ဂိုဏ်း - သုတ်သင်ခံလိုက်ရသည်။ လီမျိုးနွယ်စု - မီတာသုံးသောင်းအကွာသို့ နှင်ထုတ်ခံလိုက်ရသည်။

မီတာ (၃၀၀) တာအိုရေကန်များမှာမူ မီတာ (၃၀၀၀) တာအိုရေကန်တစ်ကန်စီကို ဝန်းရံထားသော ဆယ်ကန်စီအပါအဝင် စုစုပေါင်း ကန် (၇၀၀) ရှိသည်။

ထိုကန်များအနက် (၄၀၀) ကျော်မှာ သွေးမိစ္ဆာဂိုဏ်း သွေးမင်းသား၏အောင်လံဖြင့် အမှတ်သညာပြုထားခံရလေသည်။ မှန်၏၊ ဤပတ်ဝန်းကျင်တွင် သွေးမိစ္ဆာဂိုဏ်းသားဒါဇင်အနည်းငယ်မျှသာ ရှိသည်။ ဂိုဏ်းသားတစ်ယောက်လျှင် တစ်ကန်စီ သိမ်းပိုက်လျှင်တောင်မှ အလံများသာ စိုက်ထူထားသော ကန်များကား ရာချီကျန်သေးလေသည်။

မန်ဟိုက ချင်းလော်ဂိုဏ်းအပိုင် ဖြစ်ခဲ့ဖူးသော မီတာ (၃၀၀၀) ကန်၏ဘေးတွင် ထိုင်ချလိုက်ပြီး မျက်လုံးများပိတ်၍ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ရင်း နောက်ထပ် တာအိုရေကန်ပေါက်ကွဲခြင်း ဖြစ်မည့်အချိန်ကို စောင့်‌နေလိုက်သည်။ ပတ်ဝန်းကျင်ရှိ ဂိုဏ်းများနှင့် မျိုးနွယ်စုများမှ သူ့အကြောင်း သိသော လူများမှာ သက်ပြင်းခိုးချလိုက်ကြလေသည်။

မန်ဟို၏ ဤပုံစံ၊ သူ၏ သွေးအေးမှုမှာ သူစိမ်းတစ်ယောက်အတိုင်းပင်။

စုန့်မျိုးနွယ်တွင် လူထူးဆန်းစုန့်သည် မန်ဟို့ကို လှမ်းကြည့်ပြီး လေးပင်စွာ သက်ပြင်းချလိုက်၏။ သူ့မှာ ကျိုးပြည်တွင် မန်ဟို့ကို ပထမဆုံးတွေ့ခဲ့ရသည့်အချိန်ကို ပြန်မတွေးမိဘဲ မနေပေ။

ဇီယွင်ဂိုဏ်းမှ ဝူတင်းချိုးအတွက်လည်း ထိုနည်းတူပင်။ သူလည်း လူထူးဆန့်နည်းတူ ခံစားနေရပြီး ယနေ့ထက်ထိတိုင်အောင် ဇီယွင်ဂိုဏ်းတွင် ရှိနေသေးသော လှံတစ်လက်အကြောင်း တွေးနေမိ၏ .....

အချိန်များ ကုန်လွန်သွားသည်။ မီတာ (၃၀၀၀) တာအိုရေကန်များဝန်းကျင်မှာ အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေသည်။  ရေကန်အားလုံး ဝိုင်းထားသော မီတာ (၃၀၀၀၀) တာအိုရေကန်မှာမူ ၎င်း၏မျက်နှာပြင်တွင် လှိုင်းကြက်ခွပ်လေးပင် မမြင်ရပေ။ ၎င်းကား ဧရာမကြေးမုံကြီးအတိုင်းသာ ရှိနေ၏။

ချူယွီယန်သည် တစ်ချိန်လုံး တိတ်ဆိတ်နေပြီးနောက်ဆုံးတွင်တော့ ထရပ်ပြီး ဇီယွင်ဂိုဏ်းသားများအကြားမှ လမ်းလျှောက်ထွက်လာသည်။ ဆရာကြီးနွမ်းလျတာအိုက လှမ်းကြည့်သော်လည်း သူမ သွေးမိစ္ဆာဂိုဏ်းအနား သွားနေသည်ကို မတားပေ။

သူမ၏အပြုအမူက လူတော်တော်များများ၏ အာရုံကို ဆွဲဆောင်လိုက်သည်။

သူမ မန်ဟို တင်ပျဉ်ခွေထိုင်နေသော နေရာအနားရောက်လာသောအခါ သွေးမိစ္ဆာဂိုဏ်းသားများ၏ ဟန့်တားခြင်း ခံလိုက်ရသည်။

“မန်ဟို့ကို တွေ့ချင်လို့ပါ” သူမက သိပ်မလှမ်းမကမ်းတွင် တင်ပျဉ်ခွေထိုင်နေသော သူ့ကို လှမ်းကြည့်ကာ တိုးညှင်းဖျော့တော့စွာ ပြော‌သည်။

သွေးမိစ္ဆာဂိုဏ်းသားများမှာ သွေးမင်းသားနှင့် ဇီယွင်ဂိုဏ်း၌ ပတ်သက်မှုများ ရှိသည်ကို သိကြသဖြင့် တခဏ ချီတုံချတုံ ဖြစ်သွားကြသည်။

မန်ဟိုက မျက်လုံးများ ဖွင့်၍ ချူယွီယန်ကို လှမ်းကြည့်လေသည်။ “ခွင့်ပြုလိုက်” သူက ပြော‌သည်။

သွေးမိစ္ဆာဂိုဏ်းသားများက ချက်ချင်း ဘေးဖယ်ပေးလိုက်ကြသည်။ ချူယွီယန်သည် တွေဝေရှုပ်ထွေးနေသောမျက်လုံးများနှင့် မန်ဟို့ထံသို့ လျှောက်လာပြီး ‌‌သူ့ဘေးတွင် ထိုင်လိုက်သည်။

သူမသည် ဘာမှမပြောသလို၊ မန်ဟိုလည်း ဘာမှမပြောပေ။

အလွန့်အလွန် ကြာသွားသယောင် ထင်ရသည့်နောက်တွင်မှ သူမအသံလေး ထွက်လာ၏။ “နှစ်တွေတောင် ရာနဲ့ချီ ကြာခဲ့ပြီနော်။ နင် အဲဒီချောက်ထဲ ပြန်သွားသေးလား”

သူမ ပြောနေသော ချောက်က မည်သည့်ချောက်လဲ မန်ဟို ကောင်းကောင်းသိသည်။ ထိုနေရာသည် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယာက် သိခဲ့ရသော နေရာဖြစ်ပြီး မန်ဟို သွေးအင်မော်တယ်အမွေအနှစ်အား ရရှိခဲ့သော နေရာလည်း ဖြစ်ပေသည်။

“ဟင့်အင်း မသွားခဲ့ဘူး” သူက တည်ငြိမ်စွာ ပြန်ဖြေသည်။

“ငါ သွားခဲ့တယ်” သူမက သူ၏မျက်ဝန်းများကို ကြည့်ရင်း ပြောလာ၏။

မန်ဟိုက ပြန်မဖြေ။

ချူယွီယန်သည် ခါးသီးနေသော အမူအရာလေးဖြင့် တာအိုရေကန်များဆီသို့ အကြည့်လွှဲသွား၏။ နာရီများစွာ ကြာသောအခါ သူမက ထပ်ရပ်ပြီး ဇီယွင်ဂိုဏ်းရှိရာသို့ ပြန်လျှောက်သွားလေသည်။ သို့သော် ခုနစ်လှမ်း လှမ်းပြီးနောက် ရပ်လိုက်သည်။

“ရှုချင်ဆိုတာ မရှိခဲ့ရင် ....”

“ ‘မရှိခဲ့ရင်’ ဆိုတာမျိုး မရှိဘူးလေ” မန်ဟိုက နူးညံ့ပျော့ပျောင်းစွာ ပြန်ဖြေသည်။

“ဘာလို့လဲ”

“အခွင့်အရေးကို လွဲချော်သွားခဲ့ပြီးပြီ။ ဖြစ်ခဲ့တာလည်း ဖြစ်သွားခဲ့ပြီးပြီမဟုတ်လား”

ချူယွီယန်မှာ တသိမ့်သိမ့် တုန်ရီသွားပြီးနောက် မျက်ရည်များ ပါးပြင်တစ်လျှောက် စီးကျနေလျက် မန်ဟို၏တာအိုရေကန်မှ ဇီယွင်ဂိုဏ်း၏တာအိုရေကန်ဆီသို့ ပြန်ထွက်ခွာ‌သွားလေသည်။

ဟန်ရွှယ့်ရှန်းလည်း သူ့အပေါ် သူမ၏ခံစားချက်များကို မဖုံးကွယ်ဘဲ ရိုးသားဖြူစင်စွာဖြင့် မန်ဟို့ကို လာတွေ့သည်။

ဖက်တီးကတော့ ကြက်ရိုင်းကြီးတစ်ကောင် သယ်ရင်း ရောက်ချလာသည်။ မန်ဟိုက ၎င်းကို ကြည့်ပြီးနောက် မီးကင်လိုက်သည်။ လူတိုင်း၏ ရှေ့မှောက်တွင် သူတို့နှစ်ယောက်သားသည် ကြက်ကင်စားရင်း အကြာကြီး ထိုင်နေခဲ့၏။

ဖက်တီးက တဟားဟား ရယ်ရင်း သွားကြီးကို ဓားတစ်လက်ဖြင့် တိုက်စားနေသည်။ နောက်ဆုံးတော့ သူက ဝက်ဝံကြီးလို မန်ဟို့ကို ပွေ့ဖက်ပြီး ထွက်သွား၏။

အန်းဇဲ့ဟိုင်နှင့် လင်ဟိုက်လုံလည်း ရောက်လာသည်။ သူတို့သည် သက်ပြင်းတချချနှင့် အတိတ်အကြောင်းများ ပြန်ပြောနေကြသော်လည်း မဟာအကြီးအကဲဆေးလုံးမိစ္ဆာအကြောင်း မပြောမိအောင် သတိထားနေကြ၏။ ဇီယွင်ဂိုဏ်းတွင် မန်ဟို့အတွက် အရေးအပါဆုံးပုဂ္ဂိုလ်မှာ .... သူ့ဆရာဖြစ်ကြောင်း သူတို့နှစ်ယောက်လုံး ‌ကောင်းကောင်းသိကြလေသည်။

ရီဖေးမုကား မလာခဲ့ပေ။ ဇီယွင်ဂိုဏ်းမှ နောက်ဆုံး ရောက်လာသူမှာ အဘိုးကြီးတစ်ယောက်ဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ သိပ်မမြင့်မားသော်လည်း သူ အနားရောက်လာသည်နှင့်တစ်ပြိုင်နက် မန်ဟို့မျက်နှာအပေါ်တွင် အပြုံးတစ်ခု ဖြစ်ထွန်းသွားသည်။

“ပိုင်ယွင်လိုင်”

“ဖန် ..... မန်ဟို” အဘိုးကြီးက မန်ဟိုကို ဖန်ယုဟု အမှတ်တမဲ့ ခေါ်လိုက်မိသည်။

စုန့်မျိုးနွယ်စု၊ ကျင်းဟန်ဂိုဏ်းနှင့် ယီးကျန့်ဂိုဏ်းတို့မှလည်း လာရောက်ကြသည်။ စောစောက သူတို့သည် ရန်လိုခဲ့သော်လည်း ယခုတော့ စကားစမြည်ပြောရန် လာကြလေသည်။ ဤလူများသည် တောင်ပိုင်းဒေသ၌ မန်ဟိုနှင့် မျိုးဆက်တူသော ‌တာအိုကလေးများနှင့် ရွေးချယ်ခံများ ဖြစ်ကြ၏။ သူတို့အထဲ အစွမ်းအထက်ဆုံးမှာ အနုသုခုမရုပ်ခန္ဓာအဆင့်သာ ရှိကြလေသည်။

မန်ဟို့ကို မြင်သောအခါ သူတို့သည် အတိတ်တုန်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်မစဥ်းစားမိဘဲ မနေကြပေ။ ဤတစ်ခေါက် တာအိုရေကန်များဆီသို့ လိုက်မလာခဲ့သော လီထျန်းတောက်ကို မန်ဟို မတွေ့ရပေ။

ဝမ်လီဟိုင်နှင့် သူ၏ အတိတ်မှတ်ဉာဏ်များ၌ တည်ရှိခဲ့သော ထိုလူ ၊ ဝမ်တန်ဖေးမှာတော့ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ ဝမ်မျိုးနွယ်အမြစ်ဖြုတ်သတ်ဖြတ်မှု နောက်ပိုင်း ရှင်သေးရဲ့လားပင် မန်ဟို မသိပေ။

တောင်ပိုင်းဒေသသို့ ရောက်လာခဲ့ပြီးနောက်ပိုင်း မန်ဟို အရိပ်‌အယောင်ပင် မမြင်ခဲ့ရသော လူတစ်‌ယောက်ရှိသည်.... ဟန်ပေ့ .... ချင်းလော်ဂိုဏ်း၏ ဟန်ပေ့။

နောက်ဆုံး လာတွေ့သူမှာတော့ ချန်ဖန်းပင်။ သူ့မှာ ယခင်ထက်ပင် အိုနေပြီး အနုသုခုမရုပ်ခန္ဓာအဆင့်လည်း မရောက်‌သေးပေ။ သူ၏ခန္ဓာကိုယ်မှာ အတော်လေး ပိန်လှီနေပြီး မန်ဟို မှတ်မိသော ချန်ဖန်းနှင့် တခြားစီပင်။

သူက အရင်ဆုံး ဘာမှမပြောဘဲ ယူလာသော အရက်ပုလင်းကို သောက်ပြီးရင်း သောက်နေသည်။ ဘယ်အချိန်က စခဲ့လေသလဲ မသိသည့်တိုင် တစ်နေရာရောက်သော် သူကား နေ့တိုင်းပုံမှန် သောက်နေခဲ့မိလေပြီ။ နောက်ဆုံးတွင်တော့  စိတ်ပြေလက်ပျောက် သောက်ခြင်း မဟုတ်တော့ဘဲ မသောက်မနေနိုင်သော အခြေအနေအထိပင် ရောက်လာခဲ့၏။

သူ့မှာ ယခင်နှစ်တွေတုန်းကလို ထွန်းလင်းနေသော နေတစ်စင်းလည်း မဟုတ်တော့သလို ၊ ဓားသားတော်ခုနစ်ပါးအနက်လည်း မပါဝင်တော့ပေ။ ပညာသင်ဖက်ဂိုဏ်းသား တစ်ယောက်ပြီး တစ်ယောက် သူ့ကို ကျော်တက်သွားခဲ့ပြီး ယီးကျန့်ဂိုဏ်းအတွင်း ထိပ်ဆုံးရောက်ရန်ဆိုသော သူ၏အိပ်မက်များမှာလည်း အမှန်တကယ် ဖြစ်မလာတော့ပေ။

သို့သော် သူကား ပြုံးနေဆဲပင်။ သူသည် မန်ဟို့ကို ပြုံးပြနေပြီး ထိုအပြုံးတွင် စိုးရိမ်ပူပန်မှု၊ ချစ်ခြင်းမေတ္တာနှင့် နွေးထွေးမှုတို့ကား အမြဲမပြောင်းလဲဘဲ ရှိနေသေး၏။

“အစ်ကိုကြီးချန်...” မန်ဟိုက သူ့ကို လှမ်းကြည့်ကာ ပြောသည်။ သူ့မှာ သူ၏မိတ်ဆွေများနှင့်ပြန်တွေ့တိုင်း မှီခိုရာဂိုဏ်းအကြောင်း ပြန်မတွေးမိဘဲ မနေပေ။

“ကျင့်ကြံတာကို သေချာ အာရုံစိုက် ကြားလား” ချန်ဖန်းက ပြောသည်။ “မင်း အင်မော်တယ်အဆင့် တက်လှမ်းသွားလို့ကတော့ ငါ့ညီတော့ အင်မော်တယ်ဖြစ်ပြီကွ ဆိုပြီး ပတ်ကြွားပစ်မှာ” သူက သဘောကျစွာ ရယ်ပြီး မန်ဟို့ပခုံးကို ဆုပ်လိုက်သည်။ ထို့နောက် အရက်တစ်ကျိုက်အား ခပ်ကြာကြာ မော့သောက်ပြီးနောက် ယီးကျန့်ဂိုဏ်းသို့ ပြန်သွားလေသည်။

မန်ဟိုသည် ယီးကျန့်ဂိုဏ်းသားများမှ ချန်ဖန်းကို အထင်သေးစက်ဆုပ်သလို ကြည့်နေကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

***

All Chapters