ငါ့ကို ဒီရေကန်ပေး
Vol. 52 Ch. 718
ဗွမ်း
ရက်အနည်းငယ်ကြာသော် ရှေးဟောင်းတာအိုရေကန်များသည် နောက်တစ်ဖန် ပေါက်ကွဲစပြုလာ၏။ ဧရာမပေါက်ကွဲမှုကြီးဖြစ်၍ တာအိုရေကန်နှင့်ရေပူစမ်း ရှစ်ဆယ်ရာခိုင်နှုန်းခန့်မှ အလင်းတန်းအမြောက်အမြား ကောင်းကင်သို့ ထိုးတက်သွားကြလေသည်။
အတွင်းဝန်းကျင်လည်း အပြင်ဝန်းကျင်နှင့် ထိုနည်းတူပင်။
တာအိုရေကန်များ ပေါက်ကွဲလာသောအခါ မရေမတွက်နိုင်သော တာအိုအရိပ်များ ပေါ်လာ၏။ အတွင်းဝန်းကျင်ရှိ တာအိုရေကန်သုံးရာကျော်ပင် မှော်သင်္ကေတများ၊ ရတနာများဖြင့် ပန်းထွက်ပေါက်ကွဲလာခဲ့သည်။ မီတာ (၃၀၀၀) တာအိုရေကန်များအနက်မူ နှစ်ကန်က တာအိုအရိပ်များဖြင့် ပေါက်ကွဲသွားခဲ့ပြီး ရှစ်ကန်က မှော်ပစ္စည်းများ ပန်းထုတ်ပေးလိုက်လေသည်။
မှော်ပစ္စည်းအားလုံးမှာ မတူကွဲပြားကြပြီး ခြေရာလက်ရာမပျက် အကောင်းပကတိအတိုင်းရှိနေသေးသော ပစ္စည်းများရှိသလို၊ ပဲ့ရွဲ့စုတ်ပြတ်နေသော ပစ္စည်းများလည်း ရှိသည်။ တချို့က ဟောင်းနွမ်းပျက်စီးနေပြီး တချို့ကတော့ အသစ်ကြပ်ချွတ်ပင်။ ဤပစ္စည်းများထက် ပို၍ပင် များပြားသည်ကား မှော်ပစ္စည်းအပိုင်းအစများဖြစ်၏။ ရှေးဟောင်းအပျက်အစီးများမှ ကျောက်တုံးကျောက်ခဲများ ၊ ဖုန်သဲမှုန်များလည်း ရှိလေသည်။
သွေးမိစ္ဆာဂိုဏ်း၏ တာအိုရေကန်သုံးကန်အနက် နှစ်ကန်က မှော်ပစ္စည်းများ ပန်းထုတ်ပေးခဲ့သည်။ မန်ဟို သိမ်းပိုက်ထားသော ကန်မှာမူ ၎င်း၏အပေါ်တွင် တာအိုအရိပ်တစ်ခု ပေါ်လာခဲ့၏။
ကျင်းဟန်ဂိုဏ်းအပိုင် မီတာ (၃၀၀၀) တာအိုရေကန်၊ ဖက်တီးထိုင်နေသော ကန်အတွင်းမှ နောက်ထပ်တာအိုအရိပ်တစ်ခု ပေါ်လာခဲ့သည်။
အဆိုပါတာအိုအရိပ်က ဝဝဖြိုးဖြိုးကျင့်ကြံသူတစ်ယောက် ရှိန်လောက်ဖွယ် မှော်သိုင်းတစ်ခုအား ကျင့်ကြံနေသောပုံစံကို ဖော်ပြထား၏။ ဖက်တီးမှာ ၎င်းကို မြင်လျှင် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ချက်ချင်း ဉာဏ်အလင်းစရှာတော့သည်။
ပေါက်ကွဲမှုကြောင့်၊ မင်းမူနေခဲ့သော တိတ်ဆိတ်မှုသည် ထွက်ပြေးသွားရ၏။ သို့သော် ဆူညံ့ပွက်လောရိုက်မှုလည်း မရှိပေ။ တာအိုရေကန်များကို ခွဲဝေထားပြီးဖြစ်သည့်အတွက် မယုံနိုင်လောက်အောင် အံ့ဖွယ်ကောင်းသော ပစ္စည်းတစ်မျိုးမျိုး ပေါ်မလာမချင်း အပြင်ဝန်းကျင်တွင် ဖြစ်ပွားနေသကဲ့သို့ သွေးရူးသွေးတန်း တိုက်ခိုက်မှုများ ရှိမည်မဟုတ်ပေ။
မည်သူမဆို မိမိ သိမ်းပိုက်ထားသော ရေကန်မှ မည်သည့်အရာကို ပန်းထုတ်ပေးလိုက်သည်ပဲဖြစ်စေ ရယူပိုင်ဆိုင်ခွင့်ရှိသည်။
ချက်ချင်းပင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သက်ဆိုင်ရာတာအိုရေကန်များဆီသို့ ပျံသန်းသွားကြ၏။ သွေးမိစ္ဆာခေါင်းဆောင်ကြီးခြောက်ဦးလည်း ပန်းထွက်လာသည့် ပစ္စည်းများကို သိမ်းနေလေသည်။
ဤအရာအားလုံးကို ရေးသားနေရခြင်းက အချိန်တစ်ခုကြာသွားသော်လည်း တကယ့်တကယ် မီတာ (၃၀၀၀) တာအိုရေကန်များမှ ပစ္စည်းအားလုံး သိမ်းဆည်းခံရရန် အသက်ဆယ်ရှိုက်စာခန့်သာ ကြာလိုက်သည်။ ထို့နောက် အားလုံး၏အာရုံက မီတာ (၃၀၀) ရေကန်များဆီသို့ ရောက်သွား၏။
အထူးသဖြင့် မန်ဟို့အပိုင် မီတာ (၃၀၀) ရေကန်လေးရာကျော်ကိုပင်။ ၎င်းတို့အနက်မှ တစ်ရာကျော်က မှော်ပစ္စည်းများကို ပန်းထုတ်ပေးခဲ့သည့်အတွက် မှော်ပစ္စည်းများမှာ လေလယ်တွင် ပျံဝဲနေလျက်ရှိချေသည်။ တာအိုအရိပ်များနှင့်အတူ အခြားအံ့ဖွယ်အရာဝတ္ထုများလည်း ရှိနေသေးသည်။ အဆိုပါမြင်ကွင်းမှာ ရင်သပ်ရှုမောဖွယ် ကောင်းပြီး မြင်လိုက်ရသော မည်သူ့ကိုမဆို စိတ်လှုပ်ရှားသွားစေမည်သာ ဖြစ်၏။
သို့ထိတိုင် တိုက်ပွဲလေးတစ်ပွဲမှ မဖြစ်ပွားခဲ့။ စောစောက မန်ဟို၏အပြုအမူများသည် သူ မည်မျှခွန်အားကြီးမားသလဲ ဆိုသည်နှင့် မည်မျှရက်ရက်စက်စက် ပြုမူတတ်သလဲ ဆိုသည်ကို ရှင်းလင်းအောင်း သက်သေပြခဲ့ပြီးဖြစ်သည်။ သွေးမင်းသားအောင်လံတစ်ခုဖြင့် ကာကွယ်ထားခံရသော ပစ္စည်းကို လိုချင်လျှင် အရင်ဆုံး သေသေချာချာ စဉ်းစားဖို့ လိုလေသည်။
သွေးမိစ္ဆာဂိုဏ်းသားများမှာ ပင်ပန်းနေကြသော်လည်း ပျော်ရွှင်နေကြလေသည်။ သူတို့သည် တာအိုရေကန်များမှ ပန်းထုတ်ပေးလိုက်သော အရာဝတ္ထုအမျိုးမျိုးကို စုဆောင်းရင်း နှစ်နာရီကြာမျှ တရုန်းရုန်း ထနေခဲ့၏။ အခြားဂိုဏ်းများ၊ မျိုးနွယ်စုများမှ ကျင့်ကြံသူများမှာတော့ အားကျမနာလိုလျက်သာ ကြည့်နေနိုင်သည်။
သွေးမိစ္ဆာဂိုဏ်းသားများ စုဆောင်းသော ပစ္စည်းတို့အား မန်ဟို့ဆီ ပေးပို့တော့မည့်အချိန် တာအိုအရိပ်တစ်ခု ပန်းထုတ်ပေးခဲ့သော မီတာ (၃၀၀) တာအိုရေကန်မှာ ရုတ်တရက် ဗွမ်းဗွမ်းမြည်လာ၏။
ချက်ချင်းပင် ကျင့်ကြံသူများသည် မျှော်လင့်ချက်တို့ ပြင်းပြနေသော မျက်လုံးများဖြင့် ထရပ်လိုက်ကြသည်။
“ဒုတိယအကြိမ် ပေါက်ကွဲခြင်း”
“တာအိုရေပူစမ်းတွေအတွက် နှစ်ကြိမ် ပေါက်ကွဲတာက ပုံမှန်ပဲ။ မီတာ (၃၀) တာအိုရေကန်အတွက်လည်း မထူးခြားဘူး။ မီတာ (၃၀၀) တာအိုရေကန် ဒုတိယအကြိမ် ပေါက်ကွဲတာကတော့ ရှားတယ်”
”ဒုတိယအကြိမ် ပေါက်ကွဲတယ်ဆိုကတည်းက အဖိုးထိုက်ရတနာတစ်ခု ထွက်လာတော့မှာပဲ”
ဤအခိုက်အတန့်မတိုင်ခင်အထိ မန်ဟိုသည် တင်ပျဉ်ခွေလျက် တရားထိုင်နေသော်လည်း တာအိုရေကန် ဒုတိယအကြိမ် ပေါက်ကွဲသောအခါ သူ၏မျက်လုံးများ ပွင့်လာသည်။
ဗွမ်း
အထဲမှ အလောင်းတစ်လောင်း ထွက်လာသဖြင့် အပြာရောင်အလင်းများ တာအိုရေကန်ဝန်းကျင်သို့ ဖြာထွက်သွားသည်။
“အလောင်း”
“ရှေးခေတ်တုန်းက ကျင့်ကြံခြင်းအခြေခံနဲ့ အလောင်း”
“ဝိုး ... ငါ အဲ့ဒါကို ရမှ ဖြစ်မယ်”
အလောင်းများသည် ရှားမှ ရှားပြီး ၎င်း ပေါ်လာသည့်အခိုက်အတန့်တွင် ယီးကျန့်ဂိုဏ်း ၊ ကျင်းဟန်ဂိုဏ်း၊ ဇီယွင်ဂိုဏ်း ၊ စုန့်မျိုးနွယ်စုနှင့် အဝေးရှိ လီမျိုးနွယ်စုပင်လျှင် တုန်လှုပ်သွားကြ၏။ သို့သော် ... ဒုတိယအကြိမ် ပန်းထွက်လာခဲ့သော အဆိုပါတာအိုရေကန်၏ဘေးတွင် သွေးရောင်အလံတစ်လံ ရှိနေသည်။ ယင်းက လူတော်တော်များများကို စိတ်လျှော့လိုက်ရစေ၏။
ကျင့်ကြံသူသုံးယောက်က လေပေါ် ပျံတက်ပြီးနောက် မီတာ (၃၀၀) တာအိုရေကန်သို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။
သွေးမိစ္ဆာဂိုဏ်းခေါင်းဆောင်ကြီးခြောက်ဦးက ချက်ချင်း ဟန့်တားရန် ရွေးချယ်လိုက်ကြသည်။
“ရာရာစစ ကျင်းဟန်ဂိုဏ်း”
“အတင့်ရဲလိုက်တာ”
မန်ဟိုသည် ဖြစ်ပျက်နေသောအရာကို မြင်သောအခါ သူ၏နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်က သွေးအေးစွာ ကွေးညွတ်တက်သွားသည်။ ထို့နောက် သူ့လက်က သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အရာအားလုံးကို တုန်ခါသွားစေသည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်သည် ရိပ်ခနဲ ပျောက်ကွယ်သွား၏။
သူ၏အံ့ဖွယ်အမြန်နှုန်းမှာ ကျင်းဟန်ဂိုဏ်းကျင့်ကြံသူများနှင့် သွေးမိစ္ဆာဂိုဏ်းခေါင်းဆောင်ကြီးများထက် အဆများစွာ သာလေသည်။ သူသည် မျက်တောင်တစ်ခတ်အတွင်း တာအိုရေကန်အနား၌ ပေါ်လာပြီးနောက် အလောင်းကို သိမ်းရန် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။
“မင်းတို့ သုံးယောက် သေချင်နေတဲ့ပုံပဲ”
ကျင့်ကြံသူသုံးယောက်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွား၏။ မန်ဟို ပြသလိုက်သော အမြန်နှုန်းကို ထိတ်လန့်သွားသည့်အတွက် သူတို့မှာ တွန့်ဆုတ်တွန့်ဆုတ်နှင့် နောက်ဆုတ်သွားကြတော့သည်။
တစ်ချိန်တည်းမှာပင် ကျင်းဟန်ဂိုဏ်မှ ချပ်ဝတ်တန်ဆာအပြည့်နှင့် လူက ပျံထွက်လာသည်။ ကျင်းဟန်ဂိုဏ်းမှ ကျန်အစွမ်းထက်ပညာရှင်များက သူ့အနောက်မှ လိုက်ပါလာ၏။
မန်ဟိုက အေးစက်စက် နှာမှုတ်ပြီးနောက် ညာလက်ကို လေပေါ်မြှောက်ကာ ဖမ်းဆုပ်သည့်ဟန် လုပ်လိုက်သည်။ သွေးမိစ္ဆာမဟာမှော်သိုင်း ပေါ်လာသည်။ ဝဲကြီးတစ်ဝဲက ကျင့်ကြံသူသုံးယောက်ကို ဝန်းရံလိုက်ပြီး သွေးလက်ကြီးတစ်ဖက် ပေါ်လာလေပြီ။ ချက်ချင်းပင် အဘိုးကြီးသုံးယောက်မှာ စတင်စုပ်ယူစားသုံးခြင်းခံရတော့သည်။
အဘိုးကြီးသုံးယောက်မှာ ရှိရှိသမျှ စွမ်းအားအလုံးစုံဖြင့် လွတ်မြောက်ရန် ကြိုးစားသော်လည်း အချည်းနှီးဖြစ်နေသဖြင့် မချိတင်ကဲသာ အော်ဟစ်နေရတော့သည်။
“လွှတ်လိုက်စမ်း” ရွှေရောင်ချပ်ဝတ်နှင့် လူက ဟိန်းဟောက်သည်။ သူသည် ဝုန်းဒိုင်းကြဲ ပျံလာနေ၏။ သူ့အနောက်ရှိ ကျင့်ကြံသူငါးယောက်က မုဒြာလက်ကွက်များ ဖော်၍ အရှေ့သို့ ညွှန်လိုက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ရုပ်သေးရုပ်များ ထွက်လာသည်။
ရုပ်သေးရုပ်များသည် မီတာဒါဇင်မြင့်ပြီး ၎င်းတို့ ပျံထွက်လာစဉ် ချပ်ဝတ်နှင့်အဘိုးကြီးက နောက်ထပ်လက်ကွက်တစ်ကွက် ရုတ်တရက် ဖော်လိုက်သည်။ သူ့နဖူးပေါ်တွင် သွေးကြောပြာပြာကြီးများ ဖောင်းကြွလာကာ နောက်ထပ်ရုပ်သေးရုပ်တစ်ခု သူ၏အပေါ်တွင် ပေါ်လာ၏။
ဂလောက် ဂလောက် ဂလောက်
ရုပ်သေးရုပ်များက တစ်ရုပ်နှင့်တစ်ရုပ် လျင်မြန်စွာ ပေါင်းသွားသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်းတို့သည် မီတာ သုံးရာအမြင့်ရှိပြီး ရွှေဓားကြီးတစ်လက်ကို ကိုင်ဆောင်ထားသော ဧရာမရွှေရုပ်သေးရုပ်ကြီးအသွင်ပြောင်းသွားလေပြီ။ ၎င်းက အရာအားလုံးကို တုန်ခါနေစေသော ဖိအားကြီးတစ်ခုအား ထုတ်လွှတ်နေ၏။
ထိတ်လန့်ဖွယ်အသံကြီးတစ်သံက ရုပ်သေးရုပ်၏ပါးစပ်မှ ဟိန်းထွက်လာသည်။ “လွှတ်လိုက်စမ်း”
အသံကြီးသည် အရပ်မျက်နှာတစ်ခွင် ဖြာထွက်သွားသော အားပြင်းအသံလှိုင်းများ ဖြစ်သွားသည်။
“နောက်ကျလွန်းသွားပြီ” မန်ဟိုက အေးတိအေးစက် ပြန်ဖြေသည်။ သူသည် လက်သီးဆုပ်လိုက်ရာ အုံးခနဲ အသံကြီးတစ်သံ ရိုက်ညောင်းသွား၏။ ကျင်းဟန်ဂိုဏ်းကျင့်ကြံသူသုံးယောက်မှာ ဘီလူးကြီး၏ တက်နင်းခံလိုက်ရသည့်အလား ပျော့စိပျော့ပြဲ အသားပြားများဖြစ်သွားတော့သည်။ သွေးပျက်မတတ် အော်သံနက်ကြီးများက ပဲ့တင်ထပ်ကျန်ခဲ့လေသည်။ ချီနှင့်သွေးတို့က မန်ဟို့ထံ စီးဆင်းလာပြီး သူ၏ခန္ဓာကိုယ်နှင့်တစ်သားတည်းဖြစ်ကာ ကိုယ်အတွင်း၌ သောင်းကျန်းနေသော အံ့မခန်းစွမ်းအားတစ်ရပ်အသွင်ပြောင်းသွားသည်။
အနုသုခုမနတ်ခန္ဓာများ ခြေဦးတည့်ရာသို့ ကြောက်လန့်တကြား ထွက်ပြေးသွားကြစဉ် သွေးမိစ္ဆာဂိုဏ်း ခေါင်းဆောင်ကြီးခြောက်ဦးက နောက်မှ ထပ်ကြပ်မကွာ လိုက်သွားကြ၏။
“ကျင်းဟန်ဂိုဏ်းက မင်းကို ကြောက်တယ်များ ထင်နေလား” ရွှေရောင်ချပ်ဝတ်နှင့် လူက အော်သည်။ သူနှင့် သူ့အနောက်ရှိ ကျင့်ကြံသူငါးယောက်သည် တစ်ညီတစ်ညာတည်း မုဒြာလက်ကွက်များ ဖော်လိုက်၏။ တုံ့ပြန်သည့်အနေဖြင့် ရွှေရောင်တောက်နေသော ရုပ်သေးရုပ်ကြီးမှ တာအိုရှာဖွေခြင်းအဆင့် ရောက်လုဆဲဆဲ အရှိန်အဝါတစ်ခုအား စတင်ထုတ်လွှတ်လိုက်တော့သည်။
အရှိန်အဝါ ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ဂိုဏ်းများ၊ မျိုးနွယ်စုများ၏ အဖွဲ့ဝင်တို့ မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားကြသည်။
“အဲ့ဒီအရှိန်အဝါက တာအိုရှာဖွေခြင်းအဆင့်နဲ့ နီးစပ်နေပြီ”
“အဲဒါ ကျင်းဟန်ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံးမှော်ပညာရပ် ကျင်းဟန်ရုပ်သေးရုပ်ပဲ”
ရွှေရုပ်သေးရုပ်ကြီးက ဓားကို မြှောက်၍ ခုတ်ချလိုက်သည်။ မီတာ (၃၀) အကွဲကြောင်းကြီး ပေါ်လာ၏။ တာအိုရှာဖွေခြင်းအဆင့်ရောက်လုဆဲဆဲ အရှိန်အဝါသည် ပေါက်ကွဲထွက်လာကာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် မည်သူ့ကိုမဆို ဖိနှိပ်နိုင်သော ဖိအားကြီးတစ်ရပ် အသွင်ပြောင်းသွားလေသည်။
“သေစမ်း” ကျင်းဟန်ဂိုဏ်းကျင့်ကြံသူခြောက်ဦးက အော်လိုက်ရာ သူတို့၏အသံများက စုပေါင်းသွားပြီး အကုန်လုံး လှုပ်ရမ်းတုန်ခါလာစေ၏။
“တာအိုရှာဖွေခြင်းအဆင့် အရှိန်အဝါတဲ့လား ဟမ်” မန်ဟိုက မျက်လုံးများ တလက်လက် တောက်ပနေလျက် ပြောသည်။ “ငါ့မှာလည်း ရှိတယ်” သူ၏ကိုယ်အတွင်း၌ ကျင်းဟန်ဂိုဏ်း စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးသုံးဦး၏ ချီနှင့်သွေးသည် ချင်းလော်ဂိုဏ်း တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးထံမှ စုပ်ယူခဲ့သည့် လျော့နည်းပျောက်ကွယ်နေသော အကြွင်းအကျန်နှင့် ပေါင်းစည်းသွားပြီးနောက် ပေါက်ကွဲထွက်လာလေသည်။
သူသည် လက်သီးဆုပ်၍ လာနေသော ဓားဆီ တည့်တည့်ထိုးချလိုက်သည်။
အုန်းးးးးးးးးးးးးးး
လက်သီးအားကြီးအောက်ဝယ် လေထုသည် ကြေမွသွား၏။ မီတာ (၃၀) မဟုတ်ဘဲ မီတာ (၉၀) ကျယ်သော တွင်းနက်ကြီးတစ်တွင်းက တာအိုရှာဖွေခြင်းအဆင့်အရှိန်အဝါတစ်ခုဖြင့် သက်ဝင်နေလျက် ပေါ်လာလေပြီ။
တာအိုရှာဖွေခြင်းသည် သဘာဝနိယာမများ ခန္ဓာကိုယ်နှင့်တစ်သားတည်း ဖြစ်သွားသော အဆင့်တစ်ဆင့်ပင်။
သဘာဝနိယာမများသည် တတိယခွဲထွက်ခြင်းနှင့်အတူ ရရှိလာသော တာအိုဉာဏ်အလင်းအပေါ်တွင် အခြေခံသည်။ တာအိုရှာဖွေခြင်းက ခွဲထွက်ခြင်းသုံးခု၏ တာအိုများ တစ်ခုနှင့်တစ်ခု သဟဇာတ ဖြစ်မဖြစ် တွေ့မြင်ရမည့်အချိန် ဖြစ်သည်။ ၎င်းသည် နှလုံးသားကို ပြန်လည်ဆန်းစစ်ရခြင်းဖြစ်ပြီး မည်သည့်အရာ၏ လွှမ်းမိုးမှုမှ ခံ၍မရသလို၊ မည်သည့်အရာ၏ နှောင့်ယှက်မှုကိုမှလည်း ခံ၍မရပေ။
လူတစ်ယောက်၏ တာအိုက မှန်ကန်လျှင် မှန်ကန်သည်၊ မှားယွင်းလျှင်တော့ ဘာမှလုပ်မရတော့ပေ။ မှန်ကန်လျှင် ... တာအိုရှာဖွေခြင်းသို့ ဝင်ရောက်နိုင်သည်။ မှားလျှင် ... တာအိုပျောက်ကွယ်သွားမည်။
ထို့ကြောင့် ဤအရှိန်အဝါကို ဝာာအိုအရှိန်အဝါဟု ခေါ်လေသည်။
အရှိန်အဝါဖြာထွက်လာလျှင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။ ဆရာကျန့်၊ ဆရာကြီးနွမ်းလျတာအိုနှင့် စုန့်မျိုးနွယ်စုမှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးတို့မှာ အထူးသဖြင့် အံ့အားသင့်သွားကြသည်။ သူတို့ တအံ့တဩ ကြည့်နေကြသည့်အချိန်မှာပင် မန်ဟို့လက်သီးစွမ်းအားက ဓားစွမ်းအားနှင့် ထိသွားတော့သည်။
ဝုန်းးးးးးးးးးးး
ရွှေဓားကြီးသည် ပန်းပွင့်များလို ကြေမွဖြာထွက်သွားသည်။ ရုပ်သေးရုပ်ကြီးမှာ ပြင်းပြင်းထန်ထန် တုန်ရီသွားပြီး အက်ကွဲကြောင်းအမြောက်အမြား ၎င်း၏မျက်နှာပြင်အပေါ်တွင် ပေါ်လာသည်။ အက်ကြောင်းများ ပျံ့နှံ့လာသည့်အခါ ရုပ်သေးရုပ်ကြီး၏မျက်နှာပေါ်တွင် အံ့အားသင့်သွားသောပုံစံ ပေါ်လာပြီး ၎င်းကား ပေါက်ကွဲသွားတော့၏။
ရုပ်သေးရုပ် ပေါက်ကွဲသွားသဖြင့် ရွှေရောင်ချပ်ဝတ်နှင့် လူအပါအဝင် အတွင်းရှိ ကျင့်ကြံသူများမှာ သွေးအန်လိုက်ရသည်။ သူတို့၏ခန္ဓာကိုယ်များ စုတ်ပြတ်သပ်သွားပြီး သူတို့မှာ ကြောက်အားလန့်အားဖြင့် နောက်ဆုတ်သွားကြလေသည်။
မန်ဟို့ လက်သီးမှာမူ တာအိုအရှိန်အဝါကို ဆုံးရှုံးလိုက်ရသည်။
စွမ်းအားသည် သူ့ကိုယ်တိုင်မှမဟုတ်ဘဲ သွေးမိစ္ဆာမဟာမှော်သိုင်းကို သုံးခြင်းဖြင့် ရရှိခဲ့သော ခွန်အားမှလာ၏။ ယခုတွင် ပထမလက်သီးချက်ကို ထုတ်လွှတ်လိုက်ပြီးပြီဖြစ်၍ တူညီသော ဒုတိယလက်သီးမျိုး ထုတ်လွှတ်ဖို့ရန် မဖြစ်နိုင်တော့ပေ။
“သွေးမိစ္ဆာမဟာမှော်သိုင်းနဲ့ တိုက်ခိုက်လေလေ၊ အဲ့ဒါက ရက်စက်လာလေလေပါလား” မန်ဟိုသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် ထွက်ပြေးသွားသော ပုံရိပ်ခြောက်ခုဆီ ပျံသန်းသွားသည်။
သွေးမိစ္ဆာဂိုဏ်းခေါင်းဆောင်ကြီးခြောက်ဦး၏ လိုက်ဖမ်းခံနေခဲ့ရသော အနုသုခုမနတ်ခန္ဓာသုံးခုမှာ ထွက်မပြေးနိုင်တော့ပေ။ ဤအခိုက်အတန့်တွင် ၎င်းတို့မှာ ချုပ်နှောင်ဖမ်းခံလိုက်ရပြီဖြစ်သည်။ ယခုတွင် ကျင်းဟန်ဂိုဏ်း၏ အင်အားမှာ များစွာ လျော့နည်းသွားလေပြီ။
မန်ဟို သူ့ဆီ ပျံသန်းလာသည်ကို မြင်သောအခါ ရွှေရောင်ချပ်ဝတ်နှင့်လူမှာ ရုတ်တရက် ပျာယာခတ်သွားတော့သည်။ သူက အံတင်းတင်းကြိတ်၍ အော်လိုက်၏။ “ကျင်းဟန်ဂိုဏ်းရဲ့ တာအိုရေကန်တစ်ကန် ပေးတယ်”
“မရဘူး” ခေါင်းဆောင်ကြီးခြောက်ဦးအနက်မှ တစ်ယောက်က ပြန်အော်သည်။ “နှစ်ကန်ပေး”
“သောက်ချီးတဲ့မှ...” ကျင်းဟန်ဂိုဏ်းကျင့်ကြံသူများက ငြီးတွားလိုက်ကြပြီး ရွှေရောင်ချပ်ဝတ်နှင့်လူ၏ မျက်နှာပျက်သွားသည်။ သူ့မှာ စောစောက မန်ဟို၏ခွန်အားကြီးကို ကြောက်နေသဖြင့် သူနှင့် မတိုက်ခိုက်ချင်ပေ။ သူ သဘောတူတော့မည့်အချိန်မှာပင် ...
မန်ဟို၏မျက်လုံးများက တာအိုအရိပ်ကို မမှိတ်မသုန်ကြည့်လျက် တာအိုရေကန်ဘေး၌ ထိုင်နေသော ဖက်တီးအပေါ် ကျရောက်သွားသည်။
ထို့နောက် သူသည် တခြားရေကန်ကို ကြည့်ပြီး လက်ညှိုးထိုးလိုက်၏။ “အဲ့ဒီရေကန်ပေး”
ရွှေရောင်ချပ်ဝတ်နှင့်လူမှာ တခဏ မှင်သက်သွားပြီးနောက် ကပျာကယာ ခေါင်းညိတ်လိုက်သည်။ သူသည် ဖက်တီးကို ကြည့်လိုက်ပြီး နောက်ဆုံးတော့ ဆက်စပ်စဉ်းစားနိုင်သွား၏။ စောစောက မန်ဟို ကျင်းဟန်ဂိုဏ်းအား မတိုက်ခိုက်ခဲ့သော အကြောင်းရင်းမှာ ကျင်းဟန်ဂိုဏ်းကို ကြောက်လန့်၍မဟုတ်ဘဲ လီဖူကွေ့ကြောင့် ဖြစ်လေသည်။
ကျင်းဟန်ဂိုဏ်းသည် တာအိုအရိပ်နှင့် ရေကန်သို့ ဆုတ်ခွာသွားပြီး သွေးမိစ္ဆာဂိုဏ်းက နောက်ထပ် မီတာ (၃၀၀၀) တာအိုရေကန်ကို သိမ်းပိုက်လိုက်လေပြီ။ ယခုတွင် သူတို့၌ လေးကန်ရှိသွားပြီဖြစ်၏။
***