← Chapters

ပင်မရေကန် ပေါက်ကွဲခြင်း

Vol. 52 Ch. 719

ပင်မရေကန် ပေါက်ကွဲခြင်း

Vol. 52 Ch. 719

တာအိုရှာဖွေခြင်းအဆင့်အရှိန်အဝါတစ်ခု ပေါ်ပေါက်လာခဲ့ခြင်းကြောင့် မန်ဟိုကား တောင်ပိုင်းဒေသ၏ ဂိုဏ်းများနှင့် မျိုးနွယ်စုများအကြား အတိုင်းထက်အလွန် ထင်ရှားကျော်ကြား‌ပေတော့မည်။

စောစောက တိုက်ပွဲသည် မကြာမီမှာပဲ အနယ်နယ်အရပ်ရပ်သို့ ‌ပျံ့နှံ့သွားပြီး တောင်ပိုင်းဒေသ၏ ဒဏ္ဍာရီတစ်ပုဒ်ဖြစ်လာလိမ့်မည်။ မန်ဟို၏ နာမည်၊ ‌သွေးမိစ္ဆာဂိုဏ်း၏ သွေးမင်းသားဆိုသော ဘွဲ့ နှင့် မဟာအကြီးအကဲဆေးဒယ်အိုး တို့သည် မုချ ဟိုးလေးတကျော်ကျော် ဖြစ်လာလိမ့်မည်။

အားလုံးအထဲ အံ့ဩစရာအကောင်းဆုံးမှာ တစ်ခုတည်းမဟုတ်ဘဲ၊ တာအိုရှာဖွေခြင်းအရှိန်အဝါနှစ်ခု ပေါ်လာခဲ့ခြင်းပင်။

ပထမတစ်ခုမှာ ကျင်းဟန်ရုပ်သေးရုပ်ကြီး၏ တာအိုရှာဖွေခြင်းအရှိန်အဝါဖြစ်သည်။

လွန်ခဲ့သော အချိန်အနည်းငယ်က ....

ရှေးဟောင်းတာအိုရေကန်များအပြင်ပိုင်းရှိ လူတိုင်းသည် ၎င်းကို အာရုံရခဲ့သော်လည်း မည်သည့်အရာဖြစ်သလဲ သိသူ မရှိသလောက် ရှားလေသည်။ သို့သော် အဆိုပါအရှိန်အဝါမှ အဆုံးစွန်အထိ ကြောက်စရာကောင်းကြောင်း ပြောနိုင်၏။ ၎င်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးကို ချက်ချင်း အံ့ဩတုန်လှုပ်သွားစေလေသည်။

“အဲဒါ ဘယ်သူ့အရှိန်အဝါလဲ”

“ကြောက်စရာကောင်းလိုက်တာ။ ကောင်းကင်ဘုံကလာတဲ့ အင်အားကြီးအတိုင်းပဲ”

“ငါတို့ဂိုဏ်းရဲ့ခေါင်းဆောင်ကြီးဆီမှာတောင် ဒီလိုအရှိန်အဝါမျိုးမရှိဘူး”

ရှေးဟောင်းတာအိုရေကန်များ၏ အလယ်ပိုင်းရှိ ကျင့်ကြံသူထောင်ပေါင်းများစွာ၊ တောင်ပိုင်းဒေသ၏ နာမည်ကြီးဂိုဏ်းများနှင့်မျိုးနွယ်စုအားလုံးလည်း အရှိန်အဝါ၏ ကြောက်စရာကောင်းသော ဖိအားကို အာရုံလိုက်ကြ၏။

ဖိအားမှာ လွန်စွာ ပြင်းထန်လှသဖြင့် တာအိုရေပူစမ်းများနှင့် ရေကန်များ၏အပေါ်ရှိ တာအိုအရိပ်များပင်လျှင် မမြင်ရသော အားကြီးတစ်ရပ် ၎င်းတို့အပေါ် သက်ရောက်နေသည့်အလား ရှုံ့တွတွန့်လိမ်လာကြသည်။

“တာအိုရှာဖွေခြင်းအဆင့် အရှိန်အဝါ”

“သေချာပေါက် တာအိုရှာဖွေခြင်းအဆင့် မရှိန်အဝါပဲ”

“ဘုရားရေ၊ မဟုတ်မှ တာအိုရေကန်တစ်ကန်ကန်ထဲမှာ တာအိုရှာဖွေခြင်းအဆင့်ရတနာ ရှိနေတာလား။ ဒါမှမဟုတ် .... တာအိုရှာဖွေခြင်းအဆင့်ပညာရှင်တစ်ဦးဦး ဒီကို ကိုယ်တိုင်ရောက်လာတာလား”

ဝုန်း

လူတိုင်း အံ့ဩတုန်လှုပ်စွာဖြင့် ဟိုဟိုသည်သည် ကြည့်နေကြစဉ် နောက်ထပ်တာအို‌ရှာဖွေခြင်းအဆင့်အရှိန်အဝါလှိုင်းများ ဖြာထွက်လာပြန်သည်။ ဤအရှိန်အဝါ၏ပြင်းအားမှာ ပထမတစ်ခုထက် အဆများစွာ ကြီးမားပြီး ၎င်းက အရာအားလုံးကို တဝုန်းဝုမ်း တုန်ခါသွားစေ၏။

လေများ ထန်လာပြီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ နတ်ဘုရားစွမ်းရည်များပင်လျှင် သက်ရောက်ခံလိုက်ရ၍ ကစဉ့်ကလျား ဖြစ်ကုန်တော့သည်။  မှော်ပစ္စည်းများ တုန်ခါလာပြီး ပိုင်ရှင်နှင့် အဆက်အသွယ်ပြတ်တော့မည့်ထင်ရ၏။

သဘာဝနိယာမတစ်ခု ဆင်းသက်လာသည်။ ယင်းက ရှိသမျှကျင့်ကြံသူအကုန်လုံးကို သူတို့၏ ကျင့်ကြံခြင်းအခြေခံများ‌အပေါ် ဖိနှိပ်နေသော ထူးဆန်းစွမ်းအားတစ်ရပ်ဖြင့် သက်ဝင်နေသယောင်ပင်။

ထိုမျှသာမက တာအိုရှာဖွေခြင်းအဆင့်အရှိန်အဝါကြောင့် တာအိုရေပူစမ်းများ၏ အပေါ်ရှိ တာအိုအရိပ်တချို့သည် ပျက်စီးသွားသောအတိုင်းအတာအထိ ပုံပျက်သွားတော့သည်။

“ဘုရားဘုရား ၊ နောက်ထပ်အရှိန်အဝါပါလား”

“ဒီအရှိန်အဝါက ပထမတစ်ခုထက်တောင် အားကြီးသေးတယ်။ အရှိန်အဝါလှိုင်းနှစ်လှိုင်းဆိုတော့ တာအိုရှာဖွေခြင်းအဆင့်ရတနာမဟုတ်ဘူး။ တာအိုရှာဖွေခြင်းအဆင့်ပညာရှင်နှစ်‌ယောက် တိုက်ခိုက်နေတာပဲ”

“ဘယ်သူဖြစ်လောက်မလဲ ၊ ဘယ်တာအိုရှာဖွေခြင်းအဆင့်ပညာရှင် ပေါ်လာတာပါလိမ့်။ တောင်ပိုင်းဒေသမှာ တာအိုရှာ‌ဖွေခြင်းအဆင့်ကျင့်ကြံသူတွေက သိပ်ရှိတာ မဟုတ်ဘူးလေ။ ရေကြည့်ရင် သုံးဆယ်တောင် မကျော်ဘူး။ အများစုက နှစ်ပေါင်းမရေမတွက်နိုင်အောင် တံခါးပိတ်ကျင့်ကြံနေကြတာ”

မန်ဟိုနှင့် ကျင်းဟန်ရုပ်သေးရုပ်ကြီး ဝင်တိုက်သွားသဖြင့် တာအိုရေကန်တစ်ဝန်းကျင်လုံးတွင် အုတ်အော်သောင်းနင်း ဖြစ်နေတော့သည်။ ကြီးမားသော တာအိုရှာဖွေခြင်းအဆင့်အားနှစ်ခုသည် တစ်ခုကို တစ်ခု ပြင်းထန်စွာ ဝင်တိုက်လိုက်သဖြင့် လေပြင်းများအား အဘက်ဘက်သို့ ရိုက်ခတ်သွားစေသည်။

တာအိုအရိပ်အများစု ပျက်စီးသွားပြီး ကျင့်ကြံသူထောင်ပေါင်းများစွာမှာ စိတ်များ ဖိနှိပ်ခံရလိုက်သလို ခံစားလိုက်ရသည်။ သူတို့သည် မှင်သက်သွားပြီး စိတ်နှင့်ကိုယ် ပြန်ကပ်သွားဖို့ အချိန်အတော်ကြာ‌လိုက်လေသည်။

ဆန့်ကျင်ဘက်တွင် ရှေးဟောင်းတာအိုရေကန်အတွင်းပိုင်းမှာတော့ အခြေအနေများ လျင်မြန်စွာ တည်ငြိမ်သွားသည်။ ကျင်းဟန်ဂိုဏ်း အရှုံးပေးပြီးနောက် တိတ်ဆိတ်အေးချမ်းမှုက ပြန်လည်မင်းမူသွားလေပြီ။ မန်ဟိုသည် ယခုတွင် ဧရာမတာအိုအရိပ်ကြီးကို သုံးသပ်ဆင်ခြင်ရင်း တာအိုရေကန်ဘေး၌ တင်ပျဉ်ခွေထိုင်နေ၏။

တာအိုရေကန်များ၏ ပေါက်ကွဲမှုက မီတာ (၃၀၀၀) ကန်များ၏အပေါ်တွင် တာအိုအရိပ်နှစ်ခု ပေါ်လာစေခဲ့သည်။ တစ်ခုကို ဖက်တီးမှ လေ့လာနေပြီး ကျန်တစ်ခုကို မန်ဟိုက သုံးသပ်ဆင်‌ခြင်နေ၏။

မန်ဟို လေ့လာနေသော တာအိုအရိပ်မှာ ရိုးရှင်းသော ရှေးတာအိုအဝတ်အစားတစ်စုံနှင့် သက်လတ်ပိုင်းကျင့်ကြံသူတစ်ယောက်၏ ပုံရိပ်ဖြစ်သည်။ ထိုလူသည် တင်ပျဉ်ခွေလျက် တရားထိုင်နေပြီး သွေးစက်တစ်စက်က သူ၏အ‌ရှေ့တွင် ပျံဝဲနေ၏။ သူသည် မုဒြာလက်ကွက်များဖော်ပြီးလိုက်ရာ သူ၏ပတ်ပတ်လည်တွင် သရဲဝိညာဉ်အရိပ်များ ပေါ်လာသည်။ တစ်ချက်လေးကြည့်လိုက်ရုံနှင့် ထိုလူသည် ကိုယ်ပွားကျင့်စဉ်တစ်မျိုးမျိုး ကျင့်ကြံနေခြင်းဖြစ်ကြောင်း ပြောနိုင်၏။

တာအိုအရိပ်၏ကျင့်ကြံခြင်းအခြေခံကို မဆုံးဖြတ်နိုင်သော်လည်း အကြောင်းတစ်စုံတရာကြောင့် ကိုယ်ပွားကျင့်စဉ်မှာ ခြောက်သွေ့မီးတောက်မိစ္ဆာမှော်အစစ်အမှန်ကိုယ်တာအိုနှင့် ဆင်ကြောင်း သူ ပြောနိုင်လေသည်။ မန်ဟိုသည် အရိပ်ကို အကြိမ်အနည်းငယ်ကြည့်ပြီးနောက် လေ့လာရာတွင် စိတ်ရောကိုယ်ပါ နှစ်မြုပ်လိုက်တော့သည်။။

သူကား ပြီးခဲ့သောနှစ်များတစ်လျောက်လုံး ခြောက်သွေ့မီးတောက်မှော်အစစ်အမှန်ကိုယ်တာအိုကို ကြိမ်ဖန်မနည်း လေ့လာခဲ့၍ အကြမ်းဖျင်းတော့ နားလည်လေ၏။ သို့သော် လုံးဝ နားမလည်သော အပိုင်းတချို့လည်း ရှိသေးသည်။ အကြမ်းဖျင်း ကျင့်စဉ်ကို သိသည်။ မည်သို့လုပ်ဆောင်ရမလဲတော့ မသိ။

သူသည် အရေးပါသောကဏ္ဍတစ်ရပ်ကို ဉာဏ်အလင်းပွင့်သွားပြီဟု ခံစားရ၍ မုဒြာလက်ကွက်ဖော်ရန် လက်မြှောက်လိုက်တိုင်း သူ၏နားလည်မှုမှာ တကယ်တမ်း ဘာဆိုဘာမှမဟုတ်ကြောင်း တွေ့ခဲ့ရလေသည်။

ထို့ကြောင့် ဤတာအိုအရိပ်၏ပေါ်ပေါက်လာမှုမှာ သေချာပေါက် ကံမခြင်းပင်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး မကြာမီ သုံးလကြာခဲ့လေပြီ။

ရှေးဟောင်းတာအိုရေကန်များ၏ ပေါက်ကွဲမှုများမှာ ပိုမိုပြင်းထန်လာည်။ အစပိုင်းတွင် လေး၊ ငါးရက်ကြာမှ တစ်ကြိမ် ပေါက်ကွဲတတ်သော်လည်း ယခင်လတွင် တစ်ရက်ခြားတစ်ခါစီ ပေါက်ကွဲလာခဲ့၏။ ထိုမျှသာမက ပန်းထွက်လာသော ပစ္စည်းပမာဏလည်း တိုးပွားလာသည်။

အလောင်းခုနစ်လောင်း၊ ရှစ်လောင်းနှင့်အတူ သားရဲငါးကောင်ပေါ်လာခဲ့သည်။ ဂိုဏ်းများနှင့် ‌မျိုးနွယ်စုများသည် ၎င်းတို့အား အပြင်းအထန် တိုက်ခိုက်လုယက်ခဲ့ကြပြီး အနိုင်သူရသွားသူများက မယုံနိုင်လောက်အောင် အမြတ်ထွက်ခဲ့လေ၏။

တာအိုရေကန်များသည် ပိုပို၍ များပြားလာသော ပစ္စည်းများအား ပန်းထုတ်ပေးနေသော်လည်း ရေကန်တစ်ဝက်‌ကျော်ကို သွေးမိစ္ဆာဂိုဏ်းမှ ထိန်းချုပ်ထားလေသည်။ မည်သူမှ ၎င်းတို့အနား မသွားကြပေ။ ပြီးခဲ့သည့်သုံးလက မန်ဟို၏အပြုအမူများသည် တစ်ယောက်ယောက် ပစ္စည်းလေးတစ်ခုလောက် လုယူရန် တွေးလိုက်မိသည်နှင့် ပြင်းထန်သော နောက်ဆက်တွဲများအား ချက်ချင်း မြင်ယောင်မိသွားရလောက်အောင် ဖြစ်စေခဲ့၏ ။

သို့နှင့် သွေးမိစ္ဆာဂိုဏ်းများမှာ အားလုံးအထဲ အပင်ပန်းဆုံး ဖြစ်ကြသည်။ ပစ္စည်းတစ်ခုပြီးတစ်ခု မန်ဟို့ဆီ ဆက်သခံနေကြသဖြင့် သူ့တွင် အတော်လေး စုဆောင်းမိလာတော့သည်။

မန်ဟိုကိုယ်တိုင်ကမူ တာအိုအရိပ်အား လေ့လာနေသော ရေကန်ဘေးမှ တစ်ဖဝါးမှ မခွာပေ။ သူ မဖျက်စီးပစ်သရွေ့ တာအိုအရိပ်မှာ ထိုအတိုင်း ရှိနေမည်ဖြစ်သည်။ ယင်းက မီတာ (၃၀၀၀) တာအိုရေကန်၏ အထူးလုပ်ဆောင်ချက်တစ်မျိုးပင်။

နှစ်လကြာသော် ဖက်တီးသည် ဉာဏ်အလင်းများစွာ ရရှိခဲ့သည့်အလား တရားထိုင်နေရာမှ ထွက်လာ၏။ ထို့နောက် သူကား မျက်လုံးများပိတ်ပြီး ကျင့်ကြံတော့သည်။

နောက်ထပ်နှစ်လ ကြာမြင့်သွားလေပြီ။

တာအိုရေကန်များသည် ယခု‌တွင် နေ့တိုင်း ပေါက်ကွဲပန်းထွက်နေပြီဖြစ်၏။ တောင်ပိုင်းဒေသ၏ကျင့်ကြံသူများအတွက် ရှေးဟောင်းတာအိုရေကန်များမှာ သုခဘုံပမာ ဖြစ်လာခဲ့တော့သည်။ ရောက်တက်ရာရာ လျှောက်မသွားဘဲ တာအိုရေပူစမ်းတစ်ခု  သို့မဟုတ် တာအို‌ရေကန်တစ်ကန်ကို သိမ်းပိုက်ထားသရွေ့ အံဖွယ်ကံကြမ္မာကောင်းတစ်ခုကတော့ သေချာသည်။

သို့သော် အလယ်ပိုင်းရှိ ကျင့်ကြံသူများအတွက် ပေါက်ကွဲမှုအကြိမ်နှုန်း စိတ်လာခြင်းမှာ အဓိပ္ပာယ်တစ်ခုသာ ရှိသည်။ ပင်မရေကန်ကား ... မကြာခင် ဧရာမပေါက်ကွဲပေတော့မည်။

ရှေးဟောင်းတာအိုရေကန်များ၏ လှုပ်ရှားပေါက်ကွဲမှုများအနက် အခရာအကျဆုံးသော အခိုက်အတန့်သို့ ရောက်ရှိတော့မည်ဖြစ်၏ ... တစ်ချိန်လုံး လှိုင်းကြပ်ခွပ်ကလေးပင် မထခဲ့သော မီတာ (၃၀၀၀၀) တာအိုရေကန်ကြီးကား နောက်ဆုံးတွင် ပေါက်ကွဲပေတော့မည်။

ရှေးဟောင်းမှတ်တမ်းများအရ မီတာ (၃၀၀၀၀)တာအိုရေကန်သာ ပေါက်ကွဲမည်မဟုတ်ပေ။ တစ်ခါတည်းနှင့် မှော်ပစ္စည်းများစွာ ပန်းထွက်လာမည်ဖြစ်ပြီး အဖိုးထိုက်ရတနာများဆိုသည်မှာ သေချာသည်။

အမှန်တွင် ဂိုဏ်းများ၊ မျိုးနွယ်စုများ၏ အမွေအနှစ်ရတနာများနှင့် ညီမျှသော အဖိုးထိုက်ရတနာများပင် ပေါ်လာနိုင်ခြေရှိလေသည်။ ထိုကဲ့သို့ပစ္စည်းများမှာ ဂိုဏ်းနှင့်မျိုးနွယ်စုများအတွက် တာအိုရှာဖွေခြင်းအဆင့်ပညာရှင်များနှင့် ညီမျှလေသည်။ ဖြစ်နိုင်ခြေက တောင်ပိုင်းဒေသကျင့်ကြံသူများကို ရူးမတတ် လိုချင်စိတ်တို့ ဖြစ်ပေါ်လာစေ၏။

တဖြေးဖြေး မျက်လုံးများသည် မီတာ (၃၀၀၀၀) တာအိုရေကန်မှ မခွာတော့ပေ။

ဆန့်ကျင်ဘက်တွင် မန်ဟိုသည် ဉာဏ်အလင်းရှာဖွေရာတွင် စိတ်ရောကိုယ်ပါ ‌နစ်မျောနေပြီး ခြောက်သွေ့မီးတောက်မိစ္ဆာမှော်အစစ်အမှန်ကိုယ်တာအိုနှင့်ပတ်သက်၍  အတန်အသင့် ခန့်မှန်းသုံးသပ်နိုင်နေပြီဖြစ်သည်။

“ခြောက်သွေ့မီးတောက်၊ မိစ္ဆာမှော် ၊ အစစ်အစစ်အမှန်ကိုယ်တာအို။ ဒါက ကိုယ်ပွားကျင့်စဉ်မဟုတ်ဘူး။ အထဲမှာ တခြားတာအိုမှော်ကျင့်စဉ်တွေကို ဖုံးကွယ်ထားတာပဲ” ဤဉာဏ်အလင်းက မန်ဟို့စိတ်နှလုံးကို လှုပ်ရှားသွားစေသည်။ ဤမျှ နက်နက်ရှိုင်းရှိုင်း ကာကွယ်ထားသော နတ်ဘုရားစွမ်းရည် သို့မဟုတ် မှော်ကျင့်စဉ်မျိုးကို သူ မမြင်ခဲ့‌ဖူးပေ။

နောက်တစ်လ ကြာသွားသည်။ ယခုတွင် ရှေးဟောင်းတာအိုရေကန်များမှာ နာရီအနည်းငယ်ကြာတိုင်း ပေါက်ကွဲနေလေပြီ။ သွေးမိစ္ဆာဂိုဏ်းသားများမှာလည်း ဗျာများနေကြတော့၏။ သူတို့မှာ မှော်ပစ္စည်းများနှင့် အံ့ဖွယ်အရာဝတ္ထုများကို ခေါက်တုံ့ခေါက်ပြန် လိုက်သိမ်းနေရသဖြင့် နားဖို့ရန်ပင် အချိန်မရှိပေ။ မည်သူမဆိုအတွက် တာအိုရေကန်များ၏ အလယ်ပိုင်းမှာ သီးနှံခင်းကြီးအလား ဖြစ်နေတော့သည်။

သွေးမိစ္ဆာဂိုဏ်သားများမှာ ပင်ပန်းလွန်း၍ နာကျင်ကိုက်ခဲနေကြသော်လည်း ပျော်ရွှင်နေကြ၏။

မှန်ပါသည်၊ အခြားဂိုဏ်းများ၊ မျိုးနွယ်စုများမှ ကျင့်ကြံသူများမှာတော့ သူတို့ ဗျာများနေသည်ကို ကြည့်ပြီး အောင့်သက်သက် ဖြစ်နေကြသည် ... ပျော်ဖို့ကတော့ အဝေးကြီးမှာပင်။

အားလုံးအထဲ မပျော်ဆုံးမှာတော့ မီတာသုံးသောင်းအကွယ်၌ နေရာချထားရဆဲဖြစ်သော လီမျိုးနွယ်ဝင်များ ဖြစ်သည်။ သူတို့မှာ တာအိုရေကန်အတွင်းမှ မှော်ပစ္စည်းတစ်ခုပြီးတစ်ခု ပန်းထွက်လာသည်ကို ကူကယ်ရာမဲ့စွာသာ ကြည့်နေကြရ၏။ သူတို့သည် မီတာသုံးသောင်းအစပ်မှ ‌‌ခြေလှမ်းတစ်လှမ်းပင် မကျော်ရဲကြပေ။ သူတို့နေရာချထားသော ပတ်ဝန်းကျင်တွင် တာအိုရေကန်များရှိသော်လည်း အတွင်းရှိရေကန်များနှင့် နှိုင်း၍ပင် မရနိုင်သော ကန်များဖြစ်သည်။ ဘာမှမရှိသည်ထက်စာလျှင် တော်သေးသော်လည်း လီမျိုးနွယ်ကျင့်ကြံသူများမှာ ပို၍သာ မချင့်မရဲ ဖြစ်လာကြ၏။

မန်ဟို့အပေါ် သူတို့၏မုန်းတီးမှုမှာ တစ်ရက်ပြီးတစ်ရက် ဆထက်တိုးလာခဲ့လေသည်။

သို့ပါသော်လည်း မီတာသုံးသောင်းအမှတ်မှ ‌မကျော်ရဲကြ။ မန်ဟိုမှာ အစွမ်းထက်လွန်းပြီး ကြီးစိုးနိုင်လွန်းသည် မဟုတ်ပါလော။

ယီးကျန့်ဂိုဏ်း၊ ကျင်းဟန်ဂိုဏ်း၊ အဝေးရှိ လီမျိုးနွယ်စုနှင့် စုန့်မျိုးနွယ်စုတို့အားလုံးသည် ခံစားချက်များကို ချုပ်တည်းရင်း မီတာ (၃၀၀၀၀) ပင်မရေကန်ကို လှမ်းကြည့်ကာ စောင့်စားနေကြ၏။

“လုပ်စမ်းပါ မြန်မြန် ။ မီတာ (၃၀၀၀၀) ပင်မရေကန် မကြာခင် ပေါက်ကွဲတော့မှာ”

“ငါတို့ ဒီနေ့ရောက်အောင် တစ်ချိန်လုံး စောင့်နေခဲ့ရတာ။ ငါတို့ မသိတာက ဘယ်အချိန် အတိအကျ ပေါက်ကွဲမလဲ ဆိုတာပဲ”

“အဲ့မန်ဟိုရဲ့ ကျင့်ကြံခြင်းအခြေခံက မြင့်လွန်းအားကြီးတယ်။ ဒါမဲ့ သူ့ကို တိုက်ခိုက်စရာ မလိုဘူး။ မီတာ (၃၀၀၀၀) ရေကန် ပေါက်ကွဲရင် ဒီနေရာရဲ့ စည်းကမ်းချက်တွေ ပြောင်းလဲသွားလိမ့်မယ်။ အရင်က အလုပ်မလုပ်တဲ့ နေရာရွှေ့ပြောင်းလက်ဖွဲ့တွေလည်း အလုပ်လုပ်လိမ့်မယ်။ မီတာ (၃၀၀၀၀) ရေကန် ပေါက်ကွဲတာနဲ့ ငါတို့ လုပ်ရမှာက ပစ္စည်းတစ်ခု ဖမ်းယူပြီး နေရာရွှေ့ပြောင်းလက်ဖွဲ့နဲ့ ပြန်ဆုတ်ရုံပဲ။ တကယ့်ပြိုင်ပွဲက ဘယ်သူအမြန်ဆုံးဆိုတာ ဖြစ်လိမ့်မယ်”

“မန်ဟိုက ကျင့်ကြံအဆင့်မြင့်ပေမယ့် တစ်ယောက်တည်းလေ။ ပစ္စည်းတွေအများကြီးဆိုလို့ကတော့ ဘယ်သူ ကံကောင်းမလဲ စောင့်ကြည့်ကြတာပေါ့”

ဇီယွင်ဂိုဏ်းလည်း အလေးအနက် ထားလာသည်။ သို့သော် မန်ဟို့အပေါ် သူတို့၏သဘောထားမှာတော့ သူတကာထက်ပို၍ နွေးထွေးလေသည်။

စုန့်မျိုးနွယ်စုသည်လည်း သူတို့၏ရည်မှန်းချက်နှင့်သူတို့ ရှိကြသည်။ ဂိုဏ်းများနှင့် မျိုးနွယ်စုအားလုံးသည် ပင်မရေကန်အပေါ် အထူးအာရုံစိုက်ထားကြ၏။

ယီးကျန့်ဂိုဏ်းရှိ ဆရာကျန့်၏အနောက်တွင် တင်ပျဥ်ခွေထိုင်နေသော ဆယ်ကျော်သက်လူငယ်မှာမူ မီတာ (၃၀၀၀၀) ‌ပင်မရေကန်ကို ထူးဆန်းစွာ တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေသည်။

“ငါ ငါ့ကိုယ်ပွားကို ဒီနေရာကို လွှတ်ခဲ့ရတဲ့ အကြောင်းရင်းက ဒီအခိုက်အတန့်အတွက်ပဲ” သူက တွေးလိုက်သည်။ “ငါ နိမိတ်ဖတ်တာ မှန်ရင် ငါ ရှာနေတဲ့ ကံကြမ္မာကောင်းက ဒီပေါက်ကွဲမှုနဲ့အတူ လာလိမ့်မယ်။ အဲ့ဒီကောင်မန်ဟိုမှာ ကောင်းကင်ဘုံကိုတောင် တုန်လှုပ်စေနိုင်တဲ့ စွမ်းအား ရှိကောင်း ရှိနိုင်ပေမယ့် ငါတို့ တိုက်ခိုက်ရင် ငါ့မှာ သူ့ကို နှိမ်နင်းပစ်ဖို့က လွဲပြီး ရွေးချယ်စရာမရှိဘူး”

ကျန်းဟန်ဂိုဏ်းတွင် ရွှေရောင်ချပ်ဝတ်နှင့်လူက မန်ဟို့ကို လှမ်းကြည့်ပြီးနောက် သူ့အနောက်ရှိ လူတချို့နှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ သူတို့အားလုံး တစ်ယောက်မျက်လုံးထဲရှိ တွန့်ဆုတ်နေမှုကို တစ်ယောက် မြင်လိုက်ကြ၏။

ထို့နောက် သူတို့၏မျက်လုံးများသည် တွန့်ဆုတ်မှုအစား ခိုင်မာပြတ်သားမှုတို့ဖြင့် ပြည့်နှက်လာတော့သည်။

“တိုက်ကြမယ်”

“ကျင့်ကြံခြင်းဆိုတာ သတ်ဖြတ်လုယက်တာပဲ။ ကံကောင်းမှုနဲ့ အခွမ့်အလမ်းဆိုတာ မင်းဆီပဲ လာတာမဟုတ်ဘူး။ တိုက်ခိုက်လုယူမှဖြစ်မယ်”

ရှေးဟောင်းတာအိုရေကန်များ၏ အလယ်ပိုင်းတစ်ဝန်းကျင်လုံးမှာ တဖြေးဖြေး မွန်းကြပ်ဖွယ်အရှိန်အဝါတစ်ခုဖြင့် ပြည့်နှက်လာသည်။ မည်သူမှ စကားပြောခြင်းမရှိ။ အကုန်လုံးက မကြာခင် ဖြစ်ပေါ်လာတော့မည့် မီတာ (၃၀၀၀၀) ပင်မရေကန်၏ ပေါက်ကွဲမှုအပေါ် အာရုံစိုက်နေကြသည်။

မန်ဟိုသည် ဉာဏ်အလင်းအပေါ် အာရုံစိုက်နေဆဲဖြစ်သော်လည်း တာအိုအရိပ်ကို ကြည့်မနေတော့ပေ။ သူကား မျက်လုံးများပိတ်လျက် ခြောက်သွေ့မီးတောက်မိစ္ဆာအစစ်အမှန်ကိုယ်တာအို၏ အမှန်တရားများအကြောင်း စဉ်းစားတွေးခေါ်နေ၏။

သုံးရက်ကြာသော်

ဝုန်းးးးးးးးးးးးးး

တာအိုရေကန်အားလုံး ပေါက်ကွဲခြင်းရပ်သွားသဖြင့် မြေပြင်သည် သိမ့်သိမ့်တုန်သွား၏။ မန်ဟို့အရှေ့ရှိ ရေကန်မှာ ပျောက်ကွယ်စပြုလာသည်။ အရာအားလုံး ဝေဝါးလာ၏။ မီတာ (၃၀၀၀) တာအိုရေကန်များ၊ မီတာ (၃၀၀) တာအိုရေကန်များ၊ မီတာ (၃၀) တာအိုရေကန်အားလုံး လျင်မြန်စွာ ခမ်းခြောက်ပြီး ကျုံ့လာနေသည်။

တာအိုရေပူစမ်းများပင်လျှင် တစ်စက်မကျန် ခမ်းသွားခဲ့လေပြီ။

ကန်အားလုံး၏အောက်ရှိ တစ်စုံတစ်ယောက်က ကန်ရေအားလုံးကို ရှုသွင်းပစ်လိုက်သည့်အလားပင်။

မှန်သည် ၊ ရှူသွင်းခြင်းပြီးလျှင် ရှူထုတ်ခြင်း လာပေလိမ့်မည်။

“မီတာ (၃၀၀၀၀) ပင်မကန်ကြီး ပေါက်ကွဲတော့မယ်”

“စနေပြီ။ ကံကြမ္မာကောင်း‌တွေ ပေါ်လာဖို့ အချိန်ကျပြီ”

“မီတာ (၃၀၀၀၀) ကန်ကြီး ဘာကို ပန်းထုတ်ပေးမလဲ မသိဘူးနော်။ ယီးကျန့်ဂိုဏ်းရဲ့ အဖိုးထိုက်ရတနာက ပင်မကန်ပေါက်ကွဲမှုကနေ လာတာလို့ ကြားတယ်”

ယီးကျန့်ဂိုဏ်းမှ ဆယ်ကျော်သက်လူငယ်က ထရပ်လိုက်သည်။ ကျင်းဟန်ဂိုဏ်းမှ ရွှေရောင်ချပ်ဝတ်နှင့်လူမှာ အသက်ပြင်းပြင်း ရှူနေရလေသည်။ စုန့်မျိုးနွယ်စုမှ ကျင့်ကြံသူများသည် တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ရပ်နေကြ၏။ ဆရာကြီးနွမ်းလျတာအိုထံမှ လှိုင်းများ ဖြာထွက်နေသည်။ မီတာသုံးသောင်းအကွာရှိ လီမျိုးနွယ်ကျင့်ကြံသူအားလုံးကား သူတို့၏ကိုယ်တွင်းရှိ စွမ်းအားအလုံးစုံကို စုစည်းနေကြ၏။

မန်ဟိုတစ်ယောက်သာ မျက်လုံးများ ပိတ်ထားလျက်ရှိသေး၏။

ထို့နောက် ......

ယခင်က တည်ငြိမ်နေခဲ့သော မီတာ (၃၀၀၀၀) တာအိုရေကန်မှာ ၎င်း၏မျက်နှာပြင်အောက်မှ တစ်စုံတစ်ခု ထွက်လာနေသည့်အလား လှိုင်းဂယက်များ ထလာသည်။

ဗွမ်း

***

All Chapters