← Chapters

အရာအားလုံး ပေါက်ကွဲလာခြင်း

Vol. 52 Ch. 720

အရာအားလုံး ပေါက်ကွဲလာခြင်း

Vol. 52 Ch. 720

မီတာ (၃၀၀၀၀) တာအိုရေကန်မှအပ တာအိုရေကန်များနှင့် ရေပူစမ်းအကုန်လုံး ခမ်းနေကြလေပြီ။ မြေမျက်နှာပြင်တစ်လျှောက် ပက်ကြားအက်များ ပေါ်လာပြီး တချို့ဆိုလျှင် ဧရာမကြီးမားလေ၏။

နေရာရွှေ့ပြောင်းခြင်းထောင်ချောက်များသည် မျက်စိကျိန်းလောက်အောင် ပြိုးပြိုးပြက်ပြက် လက်လျက်ရှိပြီး တစ်ခါတရံ ထောင်နှင့်ချီသော ဧရိယာများကို လွှမ်းမိုးသွားတတ်သည်။

မီတာ (၃၀၀၀၀) ကန်ရေများ စတင်နိမ့်ကျလာသောအခါ အတွင်းပိုင်း၏အပြင်ရှိ တောင်ကောင်းကင်ကျင့်ကြံသူများမှာ နောက်ဆုတ်သွားကြလေသည်။ အကြီးမားဆုံးသော အခွင့်အရေးကြီးကား လက်တစ်ကမ်းသာ လိုတော့ကြောင်း သူတို့ သိကြ၏။

သူတို့အတွက် ကံမကောင်းစွာနှင့် ၎င်းမှာ ဘယ်တော့မှ လက်လှမ်းမမှီနိုင်သော ကံကြမ္မာကောင်းဖြစ်ပေသည်။ အတွင်းပိုင်းရှိ ကျင့်ကြံသူများသာလျှင် ထိုအခွင့်အရေးအား သိမ်းပိုက်နိုင်လိမ့်မည်။ ထိုမျှသာမက ပေါက်ကွဲပန်းထွက်မှုအတောအတွင်း အပြင်ဝန်းကျင်ရှိ မည်သူမဆို အသတ်ခံနိုင်လေသည်။

လောလောဆယ်တွင် အနားသတ်အပြင်၌ ကျင့်ကြံသူထောင်ပေါင်းများစွာသည် အတွင်းကို လှမ်းကြည့်ရင်း ပြွတ်ခဲနေ၏။ သူတို့မှာ သူတို့ကိုယ်တိုင်အတွက် ကံကြမ္မာကောင်းကို ရယူရန် အခွင့်အရေးမရှိလျှင်တောင်မှ ထိုအဖြစ်အပျက်ကို မျက်ဝါးဝါးထင်ထင် မြင်တွေ့ရခြင်းက ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်နေသေးသည် မဟုတ်ပါလော။ ကျင့်ကြံအဆင့်နောက်တစ်ဆင့်သို့ ဖောက်ထွက်စေနိုင်မည့် ဉာဏ်အလင်းတချို့လည်း ရကောင်းရနိုင်၏။

လူတိုင်း၏မျက်လုံးများက ပင်မကန်အပေါ်မှ မခွာကြပေ။

ဝုန်းးးးးးးးး

မီတာ (၃၀၀၀၀) ရေကန်ကြီး ပေါက်ကွဲသွားသဖြင့် မြေပြင်မှာ တသိမ့်သိမ့် တုန်ခါသွားသည်။

အဆိုပါမြင်ကွင်းက မည်မျှရင်သပ်ရှုမောဖွယ် ကောင်းသလဲ၊ လူတိုင်းအား မည်သို့ပါးစပ်အဟောင်းသားဖြစ်သွားစေသလဲ ဖော်ပြဖို့ရန် ခက်ခဲသည်။ တစ်ခုသာ ပြောနိုင်သည်။ ရှေးဟောင်းတာအိုရေကန်များ၏ ကျယ်ပြောသော အပြင်ဝန်းကျင်တွင် အောက်မှ ဧရာမဆွဲအားကြီးတစ်ရပ်ကြောင့် မြေကြီးများ ကျွံကျနေသည့်အလား ကြီးမားသောအက်ကြောင်းကြီးများ ဖြာထွက်ပျံ့နှံ့လာလေပြီ။

‌မြေပြင်မှာလည်း ကျွတ်ဆတ်နေပြီးဖြစ်ရာ အက်ကြောင်းများ ထလာသည့်အခါ ကျွံကျသွားတော့၏။

တစ်မြေလုံး အတိုင်းအတာတစ်ခုအထိ နစ်ဝင်သွားသောအခါ ၎င်းကား ပြန်ဖောင်းတက်လာပြီး တဝုန်းဝုန်း မြည်ရင်း မူလအခြေအနေသို့ ပြန်ရောက်သွားသည်။ ဤသို့ဖြင့် နစ်ဝင်သွားလိုက်၊ ပြန်ဖောင်းလာလိုက်နှင့် မြေကြီး၏ ဟိုးအတွင်းပိုင်း၌ ဘီလူးကြီးတစ်ကောင် အသက်ရှူနေသည့်အလား ဖြစ်နေချေသည်။ မီတာ (၃၀၀၀၀) ပင်မရေကန်ကြီးမှာမူ အပေါ်ထက်ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ဆက်သွယ်ပေးထားသော လမ်းကြောင်းကြီးအလားပင်။

မီတာ (၃၀၀၀၀) ရေကန်ကြီးသည် ရှူထုတ်လိုက်ခြင်း၏ ဗဟိုချက်ဖြစ်သည့်အတွက် ၎င်းထံမှ ရေများက ဧရာမတိုင်လုံးကြီးအလား လေထဲ ပန်းတက်သွား၏။

အဝေးမှကြည့်လျှင်  ထိုမြင်ကွင်းကြီးမှာ ရင်သပ်ရှုမောစရာကောင်းလှလေသည်။ ၎င်းကား အလင်းတန်းကြီးမဟုတ်။ နေရောင်‌အောက်ဝယ် သက်တံ့ရောင်စဉ်များဖြင့် တလက်လက် တောက်ပနေသော ရေတန်းကြီးဖြစ်သည်။ ၎င်းသည် အဆုံးစွန်ထိ ဖျပ်ဖျပ်‌လက်နေပြီး ၎င်း၏ညှို့ဓာတ်မှာ ပြင်းထန်လွန်းလှ၏။

ဤအခိုက်အတန့်တွင် တာအိုရေကန်များ၏အပြင်၊ ‌ကျင့်ကြံသူ‌‌ထောင်ပေါင်းများစွာအကြား၌ ဝိုးတိုးဝါးတားပုံရိပ်တစ်ခု ပေါ်လာသော်လည်း ဘယ်သူမှ သူ့ကို မမြင်ကြပေ။ သူသည် အနက်ရောင်လေများ ရစ်သိုင်းလှည့်ပတ်လျက်ရှိသော တာအိုဝတ်ရုံနှင့် လူငယ်တစ်ဦးဖြစ်၏။ သူက တာအိုရေကန်ဝန်းကျင်ကို စိုက်ကြည့်ရင်း မျက်လုံးများ တလက်လက် တောက်ပနေ၏။

“ဒီတော့ ငါ ဒီတစ်ခါလာတာ အလကားမဖြစ်ဘူးပဲ။ မြောက်ပိုင်းသဲကန္တာရရဲ့ ငါတို့ အခေါင်းပလ္လင်မျိုးနွယ်စုက ဒီနေရာမှာ ငါ့အတွက် ကံကြမ္မာကောင်းရှိတယ်ဆိုတာ တွေ့ရှိခဲ့တယ်။ ငါ ကျိုးချိန် ရောက်လာပြီဆိုမှတော့ ကံကြမ္မာကောင်းရေ မင်း ဘယ်ပြေးလွတ်တော့မလဲ”

လူငယ်တွင် သိသိသာသာပင် တာအိုရှာဖွေခြင်းအဆင့်ကျင့်ကြံခြင်းအခြေခံမရှိပေ။ သို့သော် သူ၏ခန္ဓာကိုယ်မှ တာအိုရှာဖွေခြင်းအရှိန်အဝါကို ခံစားရသည်ဆိုရုံကလေး ထုတ်လွှတ်နေ၏။ သူသည် ပတ်ဝန်းကျင်ကို စစ်ဆေးနေသယောင်ရှိပြီး ရှေးဟောင်းတာအိုရေကန်များရှိရာဘက်သို့ ဆတ်ခနဲ ခေါင်း‌ထောင်ကြည့်လိုက်လေသည်။  သူ မျက်မှောင်ကြုတ်သွား၏။ “ဟမ် .... သေစမ်း။ အဲဒီကောင်လည်း ဒီရောက်နေတာကိုး။ လုပိုင် .....”

မတူညီသောလားရာဘက်တွင် လူထွားကြီးတစ်ယောက်သည် တောင်ထိပ်တစ်လုံးအပေါ်တွင် ရပ်နေ၏။ သူက တိရစ္ဆာန်အရေပြားများမှ ချုပ်ထားသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး အလွန်ရုန့်ရင်းကြမ်းတမ်းဟန် ရှိလေသည်။ သူက အရက်ပုလင်းတစ်ပုလင်းကို လက်တစ်ဖက်တွင် ကိုင်ထားပြီး သူ၏ခြေထောက်အောက်တွင်တော့ မျိုးခြားသားရဲကြီးတစ်ကောင်၏ အလောင်းတစ်လောင်း ရှိသည်။ ရံဖန်ရံခါ သူသည် မျိုးခြားသားရဲကြီး၏အလောင်းမှ အသားစိုင်တစ်ချို့ ဆွဲဖြဲပြီး အစိမ်းလိုက်စားတတ်၏။ သူ၏မျက်လုံးများကား အရိုင်းဆန်နေချေသည်။

“ဆိုတော့ မြောက်ပိုင်းသဲကန္တာရ လူတော်တော်များများ ရောက်နေတာကိုး” လူထွားကြီးက တွေးလိုက်သည်။ “ဒီနေရာရဲ့ ကံကြမ္မာကောင်းက အဖော်မဲ့မျိုးနွယ် ငါ တိရွယ်ရဲ့ အပိုင်ပဲ။ ပြီးတော့ ကံကြမ္မာကောင်းပဲ လိုချင်တာမဟုတ်ဘူး။ တောင်ပိုင်းဒေသကျင့်ကြံသူတွေရဲ့ အသားနည်းနည်းပါးပါး စားကြည့်ချင်သေးတယ်။ သူတို့အသားက မြောက်ပိုင်းသား‌တွေထက် ပျော့ပြီး ပိုစားကောင်းတယ်”

ရှေးဟောင်းတာအိုရေကန်များဆီသို့ ငုံ့ကြည့်လိုက်စဉ် အပြုံးတစ်ခုက သူ၏မျက်နှာပေါ်တွင် ဖြစ်ထွန်းသွား၏။

ရုတ်တရက် သူသည် တစ်စုံတစ်ခုကို မြင်လိုက်ပြီး ဒေါကန်သွားတော့သည်။ “အင်‌ပါယာသွေးဆက်မျိုးနွယ်စုက လုပိုင်။ သေစမ်း။ သူက မြောက်ပိုင်းသဲကန္တာရမှာ တာအိုရှာဖွေခြင်းအဆင့်‌အောက် နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်ပြီးတော့ တောင်ကောင်းကင်ဂြိုဟ်ရဲ့ အထူးချွန်ဆုံးသခင်လေးလေးယောက်ထဲက တစ်ယောက်လည်း ဟုတ်တယ်။ သူ ဒီမှာ ဘာလုပ်နေတာလဲ။ ဒုတိယခွဲထွက်ခြင်းအဆင့်မှာ တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်နဲ့ တိုက်ခိုက်နိုင်တဲ့ လူမဟုတ်တဲ့သူလေ။ အကန့်အသတ်မရှိတဲ့ ကံကြမ္မာကောင်းတွေနဲ့ ဒိတ်ဒိတ်ကြဲ ကြယ်သခင်လေးဖြစ်တဲ့သူက ဒီမှာ -ီး လာလုပ်တာလား”

ထောင်ချီသော နေရာရွှေ့ပြောင်းထောင်ချောက်များ ရှေးဟောင်းတာအိုရေကန်များကို လွှမ်းခြုံသွားစဉ် လူငယ်သည် တင်းမာအေးစက်သော မျက်နှာအမူအရာဖြင့် တရိပ်ရိပ် ပျံသန်းနေ၏။ သူ့ပုံစံမှာ နူးညံ့သိမ်မွေ့သယောင်ရှိသော်လည်း ပြစ်မျိုးမှဲ့မထင်လောက်အောင် ကြည့်ကောင်းလေသည်။ သူ့လမ်းတစ်လျှောက်ရှိ နေရာရွှေ့ပြောင်းထောင်ချောက်များမှာ သူ့ကို ထိပင်မထိနိုင်ပေ။

“ဘယ်လောက်စိတ်ဝင်စားစရာကောင်းတဲ့ နေရာလဲ” သူက တွေးသည်။ “ငါနဲ့တော့ သိပ်မလိုက်ဖက်ဘူး။ ဘာလို့ အရှင်မအရုဏ်ဦးအင်မော်တယ်က ငါ့ကို ဒီနေရာ လွှတ်လိုက်တာပါလိမ့်မယ်။ အရှင်မပြောပုံအရဆိုရင် ငါ ဒီမှာ ဆုံတွေ့ရမယ့်ကံပါတဲ့ ရန်သူနဲ့ တွေ့ရလိမ့်မယ်တဲ့ ...

“အပျင်းပြေရ‌တာပေါ့လေ။ ဒီရန်သူ ဘယ်သူဖြစ်မလဲ သိချင်နေပြီ”

သူ ရှေ့ဆက်သွားနေစဉ် အတိတ်နိမိတ်မကောင်းသော အသွင်အပြင်ဖြင့် ရှေ့နောက်ယိမ်းနေသော ရှင်သန်ခြင်းနှင်းပန်း၏ ပုံရိပ်အား မြင်ရနိုင်လေသည်။

တာအိုရေကန်များဝန်းကျင်မှာ အစွမ်းထက် အင်အားစုများ ပြည့်နှက်နေချေ၏။

မြေကြီးသည် ကြောက်စရာကောင်းလောက်အောင် တုန်ခါလှုပ်ရမ်းနေပြီး အဝေးမှ ကြည့်နေကြသူတိုင်းမှာ ကြက်သေသေနေကြတော့သည်။

မီတာ (၃၀၀၀၀) တာအိုရေကန်၏အပြင်နားလေးတွင် ဂိုဏ်းကြီးများနှင့် မဟာမျိုးနွယ်စုများမှ ပညာရှင်များသည် သူတို့၏စွမ်းအားများကို အသင့်လှုံ့ဆော်ထားရင်း ၎င်း တစ်ရာရာခိုင်နှုန်း ပေါက်ကွဲမည့်အချိန်ကို စောင့်နေကြ၏။

ထို့နောက် ... ၎င်းကား ပေါက်ကွဲသွားလေပြီ။

မီတာ (၃၀၀၀၀) ပင်မကန်ကြီးအတွင်းမှ မရေမတွက်နိုင်သော မှော်ပစ္စည်းများ၊ အလောင်းများ တာအိုအရိပ်များ၊ အံ့ဖွယ်ဝတ္ထုများနှင့် သားရဲများပင်လျှင် ပေါ်ထွက်လာသဖြင့်  မိုးခြိမ်းတမျှ ကျယ်လောင်သော ထစ်ချုန်းသံကြီးအား ကြားလိုက်ရတော့သည်။

မျက်စိတစ်မှိတ်အတွင်း မှော်ပစ္စည်းများ၏ အံ့မခန်းရောင်စုံအလင်းများ ပြိုးပြိုးပြက်ပြက် လက်သွား၏။ အပြင်ရှိ ကျင့်ကြံသူများ၏ ပင့်သက်ရှိုက်သံတို့က အသံလှိုင်းကြီးသဖွယ် လှိမ့်လာလေသည်။ သူတို့သာ ထိုသို့တုံ့ပြန်လျှင် ရတနာများအား လှမ်းယူလိုက်ကြသော အတွင်းဝန်းကျင်ရှိ လူများ၏ တုံ့ပြန်မှုကို ပြောစရာပင် မလိုတော့ပေ။

မှော်ပစ္စည်းများအကြားတွင် အလျားခြောက်‌ပေရှိသည့် ဓားရှည်တစ်လက်ပါသည်။ ၎င်း၏ပတ်ပတ်လည်တွင် သုံးပေအရှည် ဓားတိုကိုးလက်က လှည့်ပတ်နေ၏။ ဓားရှည်မှ ထုတ်လွှတ်နေသော ဖိအားကြီးမှာ မယုံကြည်နိုင်ဖွယ်ရာပင်။

စစ်ဗုံကြီးလည်း ပါသည်။ ၎င်း၏ဘေးတွင် ၎င်းနှင့် ယှဉ်နိုင်ရုံလေး ယှဉ်နိုင်သည့် တစ်ခုတည်းသောအရာ၊ ဧရာမရုပ်သေးရုပ်ကြီးတစ်ခု ရှိလေသည်။

ဧရာမရောင်ခြည်စက်ဝန်းကြီးလည်း ရှိသည်။ မည်သည့်အရာမှ ၎င်းကို ဖန်တီးထားသလဲ ပြောရန် မဖြစ်နိုင်သော်လည်း ရွှေအလင်းရောင်စဥ်တို့ ကွန့်မြူးနေပြီး ၎င်း၏မျက်နှာပြင်တွင် မရေမတွက်နိုင်သော မှော်သင်္ကေတစာသားများ ရှိ၏။ အတွင်းထဲမှ အရပ်လေးမျက်နှာသို့ ဖြာထွက်နေသော ချုပ်နှောင်ခြင်းစွမ်းအားကို ခံစားရနိုင်လေသည်။

ထို့အပြင် ... အံ့ဩတုန်လှုပ်ဖွယ်ရာ အလောင်းတစ်လောင်း ရှိ၏။ ၎င်းသည် လူ့အလောင်းမဟုတ်ဘဲ နဂါးနက်တစ်ကောင်ပင်။

နဂါးဟုဆိုလျှင် ပိုမှန်မည်။ သို့သော် ဤ‌နဂါးတွင် တောင်ပံများရှိသည်။ မိုးနဂါးပျံကြီးတစ်ကောင်တော့ မဟုတ်သော်လည်း အလျားအားဖြင့် မီတာ (၃၀၀၀) တိတိရှိပြီး ချိုရှည်ရှည်များ ရှိချေသည်။

အနီရောင်ပင်စည် ၊ အနီရောင်အကိုင်းအခက်များ၊ အမည်းရောင်သစ်ရွက်များနှင့် အပြာရောင်ပန်းပွင့်များဖြင့် သစ်ပင်ကြီးတစ်ပင်လည်း ရှိလေသည်။ ၎င်း၏ အသီးသုံးလုံးမှာတော့ အဖြူရောင်ဖြစ်သည်။

ကျောက်စိမ်းပြားအမြောက်အမြား၊ သိုလှောင်အိတ်တစ်အိတ်ပြီးတစ်အိတ် နှင့် ကျုံ့နေသောနန်းတော်များပင်လျှင် ရှိ၏။ သို့သော် အားလုံးအထဲ အံ့ဩတုန်လှုပ်စရာအကောင်းဆုံးမှာ ဧရာလက်သည်းလက်ကြီးပင်။

လက်သည်းလက်ကြီးသည် မည်းနက်နေပြီး လက်သည်းသုံးခုရှိ၏။ ဤသည် အရှည်အားဖြင့် မီတာသုံးရာကျော်ပြီး လူသတ်ငွေ့များ တထောင်းထောင်း ထနေလေသည်။

ပစ္စည်းများမှာ များပြားလှသဖြင့် အကုန်လုံးဖော်ပြဖို့ရန် မဖြစ်နိုင်ပေ။ အပေါ်ယံမျှကြည့်လျှင် စုစုပေါင်းတစ်သောင်းခန့်ရှိပြီး အရှိန်အဝါအမျိုးမျိုး ရောနှောနေသည့်အတွက် မည်သည့်ပစ္စည်းက အစွမ်းထက်ဆုံးလဲ ဆုံးဖြတ်ရခက်၏။

မည်သို့ဆိုစေ ၎င်းတို့ ရေကန်ထဲမှ ပေါက်ကွဲထွက်လာစဉ် ဖြာထွက်သွားသော အရှိန်အဝါလှိုင်းကား အဆုံးအစွန်အထိ တုန်လှုပ်ဖွယ်ရာပင်။

လူငယ်အပြင် ယီးကျန့်ဂိုဏ်းမှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်လည်း ကန်ဆီသို့ တဟုန်ထိုး ထွက်သွားသည်။

ကျင်းဟန်ဂိုဏ်းမှ ရွှေရောင်ချပ်ဝတ်နှင့်လူက ကျန်စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများနှင့်အတူ ရွှေရောင်ရုပ်သေးရုပ်အသွင်ပြောင်း၍ ကန်ထဲ ချက်ချင်း ဝင်ရောက်သွား၏။

ဇီယွင်ဂိုဏ်းမှ ဆရာကြီးနွမ်းလျတာအိုလည်း ယီးကျန့်ဂိုဏ်းမှ ဆယ်ကျော်သက်လူငယ်နည်းတူ အံ့မခန်းအမြန်နှုန်းဖြင့် ရွေ့လျားသွားသည်။ သူသည် ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသောအခါ တာအိုရေကန်၏အပေါ်တွင် ဖြစ်၏။ ဇီယွင်ဂိုဏ်းမှ လူများအနက် သူတစ်ယောက်တည်းသာ လှုပ်ရှားခဲ့လေသည်။

အဝေးရှိ လီမျိုးနွယ်စုမှာမူ ချက်ချင်းပင် သွေးရူးသွေးတန်း ဖြစ်သွားတော့၏။ သူတို့၏စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများသည် အမြန်နှုန်းအရ မယှဉ်နိုင်သော်လည်း နေရာရွှေ့ပြောင်းလက်ဖွဲ့များ ရှိထားကြလေသည်။ သူတို့က ၎င်းတို့ကို အသက်သွင်းပြီးနောက် ပန်းထွက်နေသော တာအိုရေကန်၏အပေါ်တွင် ပြန်ပေါ်လာကြသည်။

နောက်ဆုံးတော့ ဤအခိုက်အတန့်တွင် စကားတစ်ခွန်းမှ မပြောခဲ့သလို၊ အရှိန်အဝါအနည်းငယ်မှ မဖော်ပြခဲ့သော စုန့်မျိုးနွယ်အဘိုးကြီးက ထရပ်လိုက်၏။ သူ၏ပတ်ဝန်းကျင်သည် လေမုန်တိုင်းကြီးသဖွယ် အသွင်ပြောင်းသွားပြီး သူကား စုန့်မျိုးနွယ်စုမှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းခေါင်းဆောင်ကြီးနှစ်ကြီးနှင့်အတူ တာအိုရေကန်သို့ ထွက်သွားလေပြီ။

တာအိုရေကန်၏ ပေါက်ကွဲမှုက မိုးရွာနေသည့်အလားပင်။

အခြားသူများအားလုံး လှုပ်ရှားလိုက်ကြသည့်အချိန်မှာပင် ကိုယ်‌ယော‌င်ဖျောက်ထားသော အခေါင်းပလ္လင်ဂိုဏ်းသား ကျိုးချိန်က  ရှေ့တစ်လှမ်းတက်လိုက်သည်။ ဘူးသီးခြောက်ပုလင်းကိုးခုက သူ့ကို လည်ပတ်ရင်း ပေါက်ကွဲနေသော တာအိုရေကန်သို့ ဦးတည်နေသည့် လိုဏ်ခေါင်းတစ်ခုအား ဖန်တီးပေးလိုက်သည်။

သူနှင့်မျက်စောင်းထိုးမှ တောင်ထိပ်ပေါ်တွင် လူထွားကြီး တိရွယ်သည် ခေါင်းထောင်ပြီး ဟိန်းဟောက်လိုက်၏။ “ကျုံ့ ကျုံ့ ကျုံ့”

သူကား သုံးကြိမ်တိတိ အော်လိုက်ပြီး တစ်ကြိမ်‌ အော်လိုက်တိုင်း သူ့အရှေ့ရှိ ကမ္ဘာကြီးသည် ကျုံးသွားသယောင် ထင်ရ၏။ သူ ‘ကျုံ့’ ဟူ၍ သုံးကြိမ်မြောက်ပြောပြီးချိန်တွင် ကမ္ဘာကြီးမှာ သူ့အတွက် ဓာတ်ပုံကို ချဲ့လိုက်သည့်အလား ဖြစ်သွားတော့သည်။ သူသည် ခြေတစ်လှမ်းလှမ်းလိုက်ပြီး လေဟာနယ်ကို ဖြတ်၍ ‌တာအိုရေကန်၏အပေါ်တည့်တည့်တွင် ပေါ်လာ၏။

တစ်ချိန်တည်းမှာပင် အပြင်ဝန်းကျင် ရှေးဟောင်းတာအိုရေကန်များရှိ နေရာရွှေ့ပြောင်းထောင်ချောက်များမှ ဖြတ်လျှောက်လာသော လူငယ် လုပိုင်က သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့အနောက်ရှိ ရှင်သန်ခြင်းနှင်းပန်း၏ ပုံရိပ်သည် ရုတ်တရက် ကျုံ့သွားပြီး သူ၏လက်ဖဝါးအပေါ်တွင် ခြောက်ရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းအသွင်ပြောင်းသွား၏။

ပန်း သူ၏လက်ထဲတွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ပတ်ဝန်းကျင်မှာ စတင်ပုံပျက်လာ၏။ ရုတ်တရက် သူရပ်နေသော နေရာတွင် တည်ရှိခဲ့ဖူးသော သို့မဟုတ် ဖြတ်သန်းသွားခဲ့ဖူးသော ပုံရိပ်များက သူ၏ပတ်ပတ်လည်တွင် ပေါ်လာလေသည်။

သူသည် လင်းလက်တောက်ပနေသော အလင်းရောင်များအလယ်တွင် ရပ်၍ အရာအားလုံး မည်သို့ပြောင်းလဲသွားခဲ့သလဲ စိုက်ကြည့်နေ၏။

“အသက်သုံးရှိုက်စာလောက် နောက်ပြန်သွားလိုက်ရင် လုံလောက်လိမ့်မယ်” သူက ခပ်ထေ့ထေ့ပြုံးကာ ဆိုသည်။ သူ၏ပတ်ပတ်လည်ရှိ အရာအားလုံးမှာ ထပ်မံပုံပျက်ရှုံ့တွလာပြီး ရုတ်တရက် သူ မြင်နေရသောအရာမှာ လွန်ခဲ့သည့် အသက်သုံးရှိုက်က ကမ္ဘာဖြစ်သွားလေပြီ။ သူက ရှေ့တစ်လှမ်း လှမ်းလိုက်ပြီး တာအိုရေကန်မပေါက်ကွဲခင် အခိုက်အတန့်လေးသို့ ပြန်ရောက်သွား၏။ သူသည် နောက်တစ်လှမ်း ထပ်လှမ်းပြီး တာအိုရေကန်၏အပေါ် လေလယ်သို့ ရောက်သွားလေပြီ။ ထိုအခိုက်တွင် ရေကန်မှာ ဝုန်းခနဲ ပေါက်ကွဲသွား၏။

သူ၏နတ်ဘုရားစွမ်းရည်များနှင်း မှော်သိုင်းများမှာ ဆန်းပြားပြီး အံ့အားသင့်ဖွယ်ရာပင်။

တာအိုရေကန် ပေါက်ကွဲသောအခါ မှော်ပစ္စည်းများ၏အလင်းရောင်သည် မိုးထိတိုင် တောက်ပကွန့်မြူးသွား၏။ သွေးမိစ္ဆာဂိုဏ်း၏ ခေါင်းဆောင်ကြီး ခြောက်ဦးက မန်ဟို့ကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်ကြသည်။ သူ၏မျက်လုံးများက ပိတ်ထားဆဲဖြစ်ရာ သူတို့လည်း ခြေဆောင့်နင်း၍ လေပေါ်ပျံတက်ကာ ပေါက်ကွဲနေသော တာအိုရေကန်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားတော့သည်။

သူတို့သည် ၎င်းနှင့် အစကတည်းက သိပ်မဝေးသဖြင့် အနားရောက်သွားရန် မကြာလိုက်ပေ။

မန်ဟိုကမူ မျက်လုံးများ ပိတ်ထားဆဲဖြစ်ပြီးသူ၏စိတ်သန္တန်မှာ ခြောက်သွေ့မီးတောက်မှော်အစစ်အမှန်ကိုယ်တာအိုဖြင့် ပြည့်နှက်နေလေသည်။ သူကား ဆင်ခြင်သုံးသပ်နေသော ခုလတ်တွင်သာ ရှိသေး၏။ ပထမတုန်းက စဉ်းစားဆင်ခြင်မရနိုင် ဖြစ်နေခဲ့သော်လည်း ယခုတော့ သူ၏အသိအမြင်သည် အဆုံးသတ်‌သို့ ရောက်နေလေပြီ။

သူသည် အမှန်တွင် ခြောက်သွေ့မီးတောက်မိစ္ဆာမှော်အစစ်အမှန်ကိုယ်တာအိုအား မတူကွဲပြားသော တာအိုမှော်ကျင့်စဉ်သုံးမျိုးပိုင်းခြားထားကြောင်း သိထားခဲ့ပြီးပြီဖြစ်သည်။ ပထမတစ်မျိုးမှာ ခြောက်သွေ့မီးတောက်၊ ဒုတိယတစ်မျိုးက မိစ္ဆာမှော်။ တတိယတစ်မျိုးက အစစ်အမှန်ကိုယ်တာအို ဟူ၍ အသီးသီးဖြစ်ကြသည်။

သို့သော် ယခုတွင် သူသည် တာအိုမှော်ကျင့်စဉ်မှာ တကယ်တမ်း အပိုင်းခုနစ်ပိုင်းခွဲနိုင်ကြောင်း အာရုံရလိုက်၏။ အပိုင်းတစ်ပိုင်းစီတွင် ၎င်း၏ကိုယ်ပိုင် အံ့ဖွယ်တာအိုမှော်ကျင့်စဥ်တစ်မျိုးစီ ရှိလေသည်။

ခြောက်သွေ့ ၊ မီးတောက် ၊ မိစ္ဆာ ၊ မှော် ၊ အစစ်အမှန် ၊ ကိုယ် ၊ တာအို။

ကိုယ်ပွားကဏ္ဍမှာ ‘ကိုယ်’ ဆိုသော စာလုံးမှသာ ကိုယ်စားပြုသော နတ်ဘုရားစွမ်းရည်လေးဖြစ်၏။

***

All Chapters