← Chapters

မင်း လျိုကျစ်ချွမ်းကို သိမှာပေါ့

Vol. 52 Ch. 721

မင်း လျိုကျစ်ချွမ်းကို သိမှာပေါ့

Vol. 52 Ch. 721

ရှေးဟောင်းတာအိုရေကန်ဝန်းကျင်၏ အပြင်ဘက်ရှိ ကျင့်ကြသူထောင်ပေါင်းများစွာမှာ မြင်တောင့်မြင်ခဲသော အံ့မခန်းမြင်ကွင်းကြီးကို မျက်ဝါးထင်ထင် မြင်တွေ့နေကြရသည်။

“အဲဒီဓားရှည်က ... ၆ ပေ ရှည်တယ်။ ဓားတိုတွေက ၃ ပေစီ ရှိတယ်။ အရောင်အဝါတွေ လျှပ်စီးတွေကို ကြည့်စမ်းပါဦး။ ပြစ်ဒဏ်မိုးကြိုးကျနေတာပဲ။ ဧကန္တ ... ဧကန္တ အဲ့ဓားက ဒဏ္ဍာရီလာ ဆောင်းလယ်ပြစ်ဒဏ်ဓားလား”

“ဘာလို့ အဲဒီဗုံကြီးက ငါ ရှေးဟောင်းမှတ်တမ်းတွေမှ ဖတ်ခဲ့ဖူးတဲ့ ကမ္ဘာဦးအစစ်အမှန်စိတ်ဝိညာဉ်ဗုံနဲ့ တစ်ထေရာတည်း တူနေတာပါလိမ့်.... ပြီးတော့ ဘေးက ရုပ်သေးရုပ် ... အဲဒါကို ကြည့်ရုံလေးနှင့်တင် ကြက်သီးတွေပါ ဖြန်းဖြန်းထတယ်”

“ဟို သားရဲလက်ကြီးကိုလည်း ကြည့်စမ်း။ အံ့ဖွယ်ပဲ။ တာအိုရှာဖွေခြင်းအဆင့်ရတနာများ ဖြစ်နေမလား”

“အဲ ... အဲဒါက နဂါးနက်တစ်ကောင်မလား။ တကယ့် နဂါးကြီးပဲဟ။ တော်တော်လေး သေးတဲ့ပုံပေါ်ပေမယ့် သူ့ခန္ဓာကိုယ်က သေချာပေါက် ရတနာတစ်ပါးပဲ”

ပစ္စည်းများ တစ်ခုပြီးတစ်ခုပေါ်လာနေစဉ်မှာပင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများကား မီတာ (၃၀၀၀၀) တာအိုရေကန်၏အပေါ်တွင် ချက်ချင်း စုရုံးရောက်ရှိသွားကြလေပြီ။

အုန်း

မှော်ပစ္စည်းများမှာ များပြားလွန်းလှသည်။ ပြင်းထန်သော တိုက်ပွဲသည် မျက်စိတစ်မှိတ်လေးအတွင်း ဖြစ်ပွားတော့၏။

“ထွက်သွားစမ်း”

“ဟေး ငါ အဲဒါ လိုချင်တယ်”

“ဒါ ငါ့ဟာ ။ လုရဲလုကြည့် အသက်နဲ့ကိုယ် အိုးစားကွဲသွားမယ်”

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်များက သူတို့သဘောကျသော ရတနာများဆီသို့ တဟုန်ထိုး ထွက်သွားကြသဖြင့် ပေါက်ကွဲသံများ ဆူညံသွားလေသည်။ ဟိန်းဟောက်ကြုံးဝါးသံများ လေတွင် ပြည့်နှက်သွားပြီး အရိုင်းဆန်သောအရောင်များ ဟိုဟိုသည်သည် ကခုန်သွား၏။

အာရုံအစိုက်ခံရဆုံးမှာတော့ ယီးကျန့်ဂိုဏ်းမှ ဆယ်ကျော်သက်လူငယ်နှင့် ကျင်းဟန်ရုပ်သေးရုပ်ကြီးပင်။ နှစ်ယောက်လုံးမှာ တာအိုရှာဖွေခြင်းအဆင့်အရှိန်အဝါများ ထုတ်လွှတ်နေသည်။ အထူးဆန်းဆုံးမှာတော့ မြောက်ပိုင်းသဲကန္တာရမှ လူသုံးယောက်ဖြစ်သည်။ သူတို့သည် မတူညီသောနေရာသုံးခုမှ ပျံထွက်လာခဲ့ကြာကာ သွားလေရာ နေရာတိုင်းရှိ လေထုအား ကွဲကြေသွားစေ၏။

သူတို့၏ ဗြုန်းခနဲ ရောက်ရှိလာမှုက တောင်ပိုင်းဒေသကျင့်ကြံသူများအတွင် ရင်ထိတ်စရာအကြောင်းရင်း ဖြစ်သွားသည်။ သို့သော် သူတို့ မည်သည့်နေရာက လာလဲ၊ နောက်ခံက ဘာလဲ စုံစမ်းနေရန် အချိန်မရှိပေ။ လူတိုင်းသည် လိုချင်သော ရတနာများဆီသို့ အသည်းအသန် သွားနေကြ၏။

ယီးကျန့်ဂိုဏ်းမှ ဆယ်ကျော်သက်လူငယ်က ၆ ပေအရှည် ဓားဆီသို့ အမြန်ဆုံးသွားနေသည်။ မျက်စိတစ်မှိတ်အတွင်း သူက ဓားရိုးကို ဆုပ်ကိုင်လိုက်လေပြီ။ (ယီး - အဖော်မဲ့၊ ကျန့် - ဓား)

ကျင်းဟန်ဂိုဏ်းမှ ဧရာမရွှေရုပ်သေးရုပ်ကြီးသည် တာအိုရှာဖွေခြင်းအဆင့် အရှိန်အဝါကို ထုတ်ဖော်၍ ယီးကျန့်ဂိုဏ်း စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင်ကြံသူများကို တိုးဝှေ့ဝင်တိုက်ရင်း စစ်ဗုံကြီးဘေးရှိ ရုပ်သေးရုပ်ဆီသို့ ဦးတည်နေသည်။

စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအင်နှင့် သဟဇာတမဖြစ်သော အားတစ်ရပ်ပါရှိနေသည့် အရှိန်အဝါကို ထုတ်ဖော်လျက် အမြန်ဆုံး ပျံသန်းနေသည်။ သူ ဖြတ်သွားသည့် နေရာတိုင်း၌ ပုံရိပ်ယောင်ဓားသွားများ ဖြာထွက်သွားတတ်၏။ သူ၏ ပန်းတိုင်မှာတော့ ခရမ်းရောင်တောက်နေသော ကျောက်စိမ်းပြားတစ်ပြားပင်။

လီမျိုးနွယ်ခေါင်းဆောင်ကြီးဆယ့်ကိုးက နဂါးနက်ကြီးထံ ဒေါသတကြီး ပျံသန်းသွားသည်။

ဇီယွင်ဂိုဏ်းမှ တစ်ယောက်တည်း ပေါ်လာသော အဖွဲ့ဝင်၊ ဆရာကြီးနွမ်းလျတာအိုက အနက်ရောင်သစ်ရွက်များ အပြာရောင်သစ်ရွက်များနှင့် အဖြူရောင်အသီးသုံးလုံးဖြင့် အနီရောင်ပင်စည်သစ်ပင်ကြီးဆီသို့ ဦးတည်သွားသည်။

မြောက်ပိုင်းသဲကန္တာမှ လူထွားကြီးတိရွယ်မှာမူ ဆူးတင်းပုတ်ကြီးကို ကိုင်ထား၏။ သူ၏ခန္ဓာကိုယ်မှ ရက်စက်ကြမ်းတမ်း‌သော အရှိန်အဝါ ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း အဆုံးစွန်အထိ မြင့်တက်သွားလေသည်။ တိရွယ် သူ၏ပန်းတိုင်ဖြစ်သော သုံးမီတာအရှည် လက်သည်းလက်ကြီးဆီသို့ တဟုန်ထိုး သွားနေစဥ် သူ၏ ရှေ့နောက်ယမ်းနေသော ဆူးတင်းပုတ်ကြီးက ပတ်ဝန်းကျင်ကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေစေ၏။

“ဒီလက်သည်းလက် ငါ တိရွယ်ရဲ့ အပိုင်”

‌မြောက်ပိုင်းသဲကန္တာရမှပင် ဖြစ်သော အခေါင်းပလ္လင်မျိုးနွယ်စုမှ တာအိုကလေး ကျိုးချိန်မှာတော့ အလွန်တရာ နူးညံ့သိမ်မွေ့ပြီး မိန်းကလေးဆန်သယောင်ရှိ၏။ သူ၏ပတ်ပတ်လည်ရှိ လေထုမှာ မကြေမွဘဲ တွန့်လိမ်ရှုံတွသွားရာ သူဖြတ်သွားသမျှ နေရာတိုင်းကို ခြောက်ကပ်ညှိုးနွမ်းသွားစေသည်။

သူသည် ချုပ်နှောင်စွမ်းအား ထုတ်လွှတ်နေသော ရွှေရောင်ခြည်စက်ဝန်းဆီသို့ အေးစက်သော မျက်နှာထားဖြင့် ဦးတည်နေ၏။

နောက်ဆုံးတစ်ယောက်မှာတော့ တောင်ကောင်းကင်ဂြိုဟ်၏ အထူးချွန်ဆုံး ကြယ်သခင်လေး လေးဦးထဲမှ တစ်ဦးဖြစ်သူ၊ အနောက်ပိုင်းသဲကန္တာရတွင် တာအိုရှာဖွေခြင်းအဆင့်အောက် နံပါတ်တစ်ပုဂ္ဂိုလ်၊ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်၌ တာအိုရှာဖွေခြင်းအဆင့်ကိုပင် တိုက်ခိုက်နိုင်သော အင်ပါယာသွေးဆက်မျိုးနွယ်စု၏ လုပိုင်ဖြစ်သည်။

သူသည် တာအိုရေကန် ပေါက်ကွဲနေသည့်အလယ်တွင် ပျံဝဲလျက်ရှိရာ မတူညီသောအချိန်နှင့် မတူညီသောနေရာတွင် တည်ရှိနေသည့်အလားပင်။ သူကား မည်သည့်အချိန်နှင့်နေရာတွင်မဆို စိတ်တိုင်းကျ ခရီးနှင်နိုင်ပုံရသည်။

သူက ပတ်ဝန်းကျင်ရှိ အရာဝတ္ထုအမျိုးမျိုးကို လှည့်ပတ်ကြည့်နေရင်း နောက်ဆုံး သူ၏အကြည့်သည် ဧရာမနဂါးနက်ကြီး၏အလောင်းအပေါ် ကျရောက်သွား၏။ ထိုအခိုက်တွင် သူ၏မျက်လုံးများကား ထူးဆန်းစွာ တောက်ပသွားတော့သည်။

သူသည် နဂါးနက်ကြီးနှင့် ထိုနဂါးကြီးကိုပင် ချိန်နေသော လီမျိုးနွယ်ခေါင်းဆောင်ကြီးဆယ့်ကိုးထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

လူတိုင်းမှာ ပစ်မှတ်ကိုယ်စီ၊ ပန်းတိုင်ကိုယ်စီ ရှိကြပြီး တချို့က သူများနှင့် တူသည်။ တချို့က ကွဲပြားသည်။ ထို့အပြင် သူတို့ ဓာတ်ကျသော အရာဝတ္တုများဆီသို့ ဦးတည်နေသော အခြားဂိုဏ်းများ၊ မျိုးနွယ်စုများမှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်များလည်း ရှိလေသည်။

သွေးမိစ္ဆာဂိုဏ်းခေါင်းဆောင်ကြီးခြောက်ဦးလည်း သူတို့ကို ဆွဲဆောင်လိုက်သော အရာများဆီသို့ အလျှိုလျှို ခွဲထွက်သွားကြသည်။

တိုက်ပွဲမှာ ရုန့်ရင်းဆန်ခတ် ဖြစ်မည်ထင်ရသော်လည်း တကယ်တော့ ဆန့်ကျင်ဘက်ပင်။ အစွမ်းထက်ပညာရှင်များသာလျှင် သိသိသာသာ ထူးခြားသော ပစ္စည်းများအတွက် တိုက်ခိုက်နိုင်ပေမည်။ အခြားသူများအနေဖြင့် ထိုသို့ပြုလုပ်ရန် အရည်အချင်းမရှိ။

‘”သေစမ်း အဲ့ဒါ ငါ့အပိုင်ကွ”

“ဘယ်သူမှ တာအိုရေကန်ကို မပိုင်ဘူး။ ကံကောင်းတဲ့သူက ရတနာတွေကို ရမှာပဲ။ ပြီးတော့ မင်း ကံမကောင်းဘူး ထွက်သွားစမ်း”

“သေစမ်း”

ပေါက်ကွဲလှိုင်းများ ဖြာထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း မချိတင်ကဲအော်သံများ ဆူညံလာ၏။

ကျန်းဟန်ဂိုဏ်းကျင့်ကြံသူတစ်ယောက်မှာ ဆရာကြီးနွမ်းလျတာအို၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ လီမျိုးနွယ်ဝင်တစ်ယောက်မှာမူ နဂါးနက်ကြီးဆီသို့ စိတ်လှုပ်တရှား ချဉ်းကပ်သွားပြီး ၎င်းကို ဖမ်းယူတော့မည့်အချိန် သက်ပြင်းချသံမျှင်းမျှင်း ကြားလိုက်ရ၏။ သက်ပြင်းချသံက သူ၏ခန္ဓာကိုယ်ကို တုန်ခါသွားစေပြီးနောက် သူ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူ၏အပြင်အားကိုယ်မှာ ချက်ချင်း သွေးအိုင်ဘဝသို့ ရောက်သွား၏။ သူ၏အနုသုခုမနတ်ခန္ဓာမှာ တစ်ချိုးတည်း ထွက်ပြေးပါသော်လည်း အချိန်စွမ်းအား၏ ချေမှုန်းခြင်း ခံလိုက်ရလေသည်။

ထိုစဉ် မန်ဟိုမှာတော့ မီတာ (၃၀၀၀၀) တာအိုရေကန်အနားရှိ ခမ်းခြောက်သွားပြီဖြစ်သော မီတာ (၃၀၀၀) တာအိုရေကန်၏အစပ်တွင် ထိုင်နေဆဲပင်။ သူသည် ခြောက်သွေ့မီးတောက်မိစ္ဆာမှော်အစစ်အမှန်ကိုယ်တာအိုနှင့် စပ်လျဉ်း၍ ဉာဏ်အလင်းရနေသည့်အတွက် သူ၏စိတ်မှာ ထစ်ချုန်းသံတို့ဖြင့် ပြည့်နှက်နေလေသည်။ နောက်ဆုံးတော့ သူသည် ၎င်းကို ခွဲဖြာဆန်းစစ်နိုင်သွား၏။

“ခြောက်သွေ့ ၊ မီးတောက် ၊ မိစ္ဆာ ၊ မှော် ၊ အစစ်အမှန် ၊ ကိုယ် ၊ တာအို” သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။

“ဒီမှော်ကျင့်စဉ်မှာ အဆင့်သုံးဆင့် ၊ အပိုင်းခုနစ်ပိုင်း ရှိတယ်။ စာလုံးတစ်လုံးစီက မတူညီတဲ့ လျှို့ဝှက်ပညာရပ်တစ်ခုစီကို ကိုယ်စားပြုတယ်။ စုပေါင်းလိုက်တဲ့အခါ မယုံနိုင်လောက်အောင် အစွမ်းထက်သွားမယ်

“ကိုယ် ဆိုတဲ့ စာလုံးက ကိုယ်ပွားမှော်ကျင့်စဉ်ပဲ

“ငါ အရင်က နားမလည်ခဲ့လို့ အယူအဆတွေ လွှဲမှားခဲ့တာ ဆိုးတာပဲ။ မဟုတ်လို့ကတော့ မှန်ကန်တဲ့အသိအမြင်နည်းနည်းပါးပါး‌ ရပြီး စွမ်းအားတက်နေလောက်ပြီ

“ငါ လောလောဆယ် လေးလေးနက်နက် နားလည်သွားတာက ‘ကိုယ်’ စာလုံးနဲ့ သူရဲ့ ကိုယ်ပွားမှော်ကျင့်စဉ်မဟုတ်ဘဲ ‘‌ခြောက်သွေ့’ ဆိုတဲ့ စာလုံးကိုပဲ

“သက်ရှိအရာတွေအားလုံး ခြောက်သွေ့သွားကြရတယ်။ ဒါပေမဲ့ ခြောက်သွေ့နေတဲ့ သစ်ပင်က နွေဦးမှာ အသစ်ပြန်လည်ရှင်သန်လာနိုင်တယ်။ ‘ခြောက်သွေ့ 枯’ စာလုံးရဲ့ ဘယ်ဘက်မှာ ရှင်ခြင်းကို ကိုယ်စားပြုတဲ့ ‘သစ်ပင် 木’ ဆိုတဲ့ စာလုံးပါတယ်။ ညာဘက်က ‘ရှေးဟောင်း 古’ စာလုံးကတော့ သေခြင်းကို ကိုယ်စားပြုတယ်။ ဘယ်စာလုံးက အတိတ်၊ ညာစာလုံးက အနာဂတ်ပဲ

“ ‌’ခြောက်သွေ့’ ဆိုတဲ့ စာလုံးဟာ သွေးမိစ္ဆာမဟာမှော်သိုင်းရဲ့ အဆင့်(၃) နဲ့လည်း ဆင်တူတယ်။ ငါ စိတ်ဝိညာဉ်အကြောအလွှာကို ဝင်ရောက်လိုက်တာနဲ့ စိတ်ဝိညာဉ်အကြောတွေကို စားသုံးနိုင်မယ် ... အဲဒါ တကယ့်တကယ် ‘ခြောက်သွေ့’ စာလုံးနဲ့ သိပ်ဆင်တူနေတယ်

“လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်အကြောတွေကို ခြောက်သွေ့သွားစေခြင်းဟာ သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံကို ဖျက်စီးပြီး အချိန်ကို လွှမ်းမိုးတာနဲ့ ဆင်တူယိုးမှားပဲ။ ပြောရရင် အစေ့တစ်စေ့ စိုက်ရသလိုပေါ့။ အစေ့ကို စိုက်လိုက်ပြီး ပုံမှန်ဆို ကြားမှာ ဖြတ်သန်းရမယ့် အချိန်အပိုင်းအခြားကို လျစ်လျူရှုရင်း ချက်ချင်း ရိတ်သိမ်းပစ်လိုက်သမျိုး

“အဲ့ဒါက သွေးမိစ္ဆာမဟာမှော်သိုင်း စိတ်ဝိညာဉ်အကြောအလွှာရဲ့ အဓိပ္ပာယ်အမှန်ပဲ

“ငါ လဝက်လောက် တံခါးပိတ်ကျင့်ကြံလိုက်တာနဲ့ သွေးမိစ္ဆာမဟာမှော်သိုင်းရဲ့ အဆင့် (၃) ကို တန်းတက်သွားလိမ့်မယ်” မန်ဟို၏မျက်လုံးများသည် စူးရှတောက်ပနေ၏။ ဤအခိုက်အတန့်တွင် အံ့မခန်းလိလိ စွမ်းအင်သည် ရုတ်တရက် သူ၏ခန္ဓာကိုယ်အတွင်းမှ တရိပ်ရိပ် တက်လာခဲ့လေပြီ။

ချက်ချင်းပင် တာအိုရေကန်ထက်ရှိ ကျင့်ကြံသူအားလုံး၏မျက်လုံးများသည် သူရှိရာဘက်သို့ ရောက်လာ၏။

သူက ခေါင်းမော့လိုက်ရာ မျက်လုံးများကား ရွှေရောင်တောက်နေချေသည်။ ရုတ်တရက် သူသည် အသေးစားနေရာရွှေ့ပြောင်းခြင်း လုပ်ဆောင်ပြီး ရေကန်၏အပေါ် လေလယ်တွင် ပြန်ပေါ်လာ၏။

“မန်ဟို”

“စောစောက သူ တရားထိုင်နေတာလေ။ အခု သူ့စွမ်းအားကို ကြည့်ရသလောက်... အဆင့်တက်သွားတာများလား”

“သောက်ကျိုးနည်း။ သူ ပါလာလို့ကတော့ နောက်ထပ်အစွမ်းထက် ရန်သူတစ်ယောက် ထပ်တိုးသွားပြန်ပြီ”

“ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ဒီနေရာက ဒီမှော်ပစ္စည်း မကြိုက်ပါစေနဲ့။ မြန်မြန်သွားပါတော့ သူများဆီကို”

မျက်စိတစ်မှိတ်လေးအတွင်း အတွေးများနှင့် ခံစားချက်ပေါင်းစုံ ပလုံစီထသွားသည်။

ဝုန်း

မန်ဟို တာအိုရေကန်ထက်တွင် ပြန်ပေါ်လာသောအခါ သူ၏စွမ်းအားက အထူးသဖြင့် လူလေးယောက်ထံမှ အာရုံကို ဆွဲဆောင်လိုက်သည်။

ပထမဦးဆုံး ယီးကျန့်ဂိုဏ်းမှ ဆယ်ကျော်သက်လူငယ်၏ သူငယ်အိမ်များ ကျုံ့သွားသည်။

ကျန်သုံးယောက်မှာတော့ မြောက်ပိုင်းသဲကန္တာရမှ ရွေးချယ်ခံများပင်။ သူတို့အထဲမှ ‌အခေါင်းပလ္လင်ဂိုဏ်း၏ တာအိုကလေး ကျိုးချိန်သည် မျက်မှောင်ကြုတ်သွားပြီး လေးနက်သွား၏။ တိရွယ် မျက်နှာအပေါ်တွင် အထင်‌သေးသောအရိပ်အယောင်ရှိသော်လည်း သူ၏ရင်ထဲတွင်တော့ နိုးကြားသွားလေသည်။

မန်ဟို့ကို စိတ်အဝင်စားဆုံးလူမှာတော့ လုပိုင်မှတစ်ပါး အခြားမဟုတ်ပေ။ သူသည် မန်ဟို့ကို လှည့်ကြည့်ပြီး သူ ထိုသို့ကြည့်လိုက်သောအခါ တစ်ကိုယ်လုံး တုန်ရီသွား၏။

“သူပဲ “ သူက တွေးလိုက်သည်။

သူသည် ကံတရားလိုမျိုး ခံစားချက်ကို ရနေပြီး ထိုလူငယ်မှာ ကံတရားမှ သတ်မှတ်ပေးထားသည့် သူ၏ ရန်သူ ဟူ၍ အရှင်မအရုဏ်ဦးအင်မော်တယ် ဖော်ပြခဲ့သော လူဖြစ်ကြောင်း သေချာသွား၏။

မန်ဟို၏ ရောက်ရှိလာမှုက လူတိုင်းကို အံ့ဩတုန်လှုပ်သွားစေသည်။ သူသည် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် အနက်ရောင်လက်သည်းလက်ကြီး‌ဆီ တန်းခနဲ ထွက်သွား၏။

သူ၏ဆုံးဖြတ်ချက်က လူအတော်များများကို စိတ်သက်ရာရသွားစေပြီး သူတို့မှာ ဆက်လက် တိုက်ခိုက်ကြတော့သည်။

တိရွယ်လည်း အနက်ရောင်လက်သည်းလက်ကြီး‌ဆီ သွားနေသူဖြစ်ရာ သူ၏မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ ဟုန်းခနဲ တောက်လာလေသည်။

ယီးကျန့်ဂိုဏ်းမှ ဆယ်ကျော်သက်လူငယ်က ၆ ပေအရှည် ဓားရှည်နှစ်လက်ကို ဖမ်းယူလိုက်ပြီဖြစ်၏။ စွမ်းအားလှိုင်းများ ဖြာထွက်သွားပြီး သူက ခေါင်းနောက်လှန်၍ အားပါးတရ အော်ရယ်လိုက်လေသည်။ နဂါးနက်ကြီး၏ဘေးတွင် လီမျိုးနွယ်ခေါင်းဆောင်ကြီးဆယ့်ကြီးမှာ သွေးအနည်းငယ် အန်လိုက်ရ‌လေသည်။ သူကား လုပိုင်အတွက် ပြိုင်ဘက်မဟုတ်ပေ။ လုပိုင်က အေးအေးဆေးဆေးပင် အင်္ကျီလက်စခါ၍ နဂါးနက်ကို သိမ်းလိုက်သည်။

ကျင်းဟန်ဂိုဏ်းကတော့ ဗုံ နှင့် ရုပ်သေးရုပ်ကို ပစ်မှတ်ထားထားလေသည်။ ၎င်းတို့ကို ပြိုင်လုနေသော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးအနည်းငယ် ရှိသော်လည်း ကျင်းဟန်ဂိုဏ်းသည် တာအိုရှာဖွေခြင်းအဆင့်အရှိန်အဝါဖြင့် လမ်းတွင် ရှိရှိသမျှ လူတိုင်းကို တိုးဝှေ့ပြီး သိမ်းပိုက်လိုက်၏။

အနီရောင်ပင်စည်သစ်ပင်ကြီးအတွက်မူ ဘယ်သူမှ ဆရာကြီးနွမ်းလျတာအိုနှင့် ပြိုင်မလုရဲပေ။ မဟာအကြီးအကဲဆေးလုံးမိစ္ဆာသည် မည်သည့်အရာဝတ္ထုကိုမဆို ဆေးလုံးများအဖြစ် သန့်စင်ပြောင်းလဲပစ်နိုင်ကြောင်း လူတိုင်း သိထားသည် မဟုတ်ပါလော။ သစ်ပင်မှာ အခြားသူများအတွက်လည်း သိပ်အသုံးမဝင်ရာ ဆရာကြီးနွမ်းလျတာအိုသည် ၎င်းကို လွယ်လွယ်ကူကူပဲ သိမ်းပိုက်နိုင်သွား၏။

စုန့်မျိုးနွယ်စုလည်း ပစ်မှတ်ထားခဲ့သော ခရမ်းရောင်ကျောက်စိမ်းပြားကို အောင်အောင်မြင်မြင် ရရှိသွားသည်။

ရွှေရောင်ခြည်စက်ဝန်းအတွက်မူ အတော်များများသည် ၎င်းကို ရဖို့ အခေါင်းပလ္လင်မျိုးနွယ်စု၏ ကျိုးချိန်ကို တိုက်ခိုက်ကြသော်လည်း အကုန်လုံး ပါးစပ်မှ သွေးများပန်းထွက်လျက် နောက်ဆုတ်လိုက်ကြရ၏။ နှစ်‌ယောက်ဆိုလျှင် အသတ်ပင် ခံခဲ့ရလေသည်။ အဆုံးသတ်တွင် ကျိုးချိန်က ၎င်းကို သိမ်းပိုက်လိုက်၏။

တခြားအံ့ဖွယ်အရာများနှင့်စပ်လျဉ်းပြီး ဂိုဏ်းနှင့်မျိုးနွယ်စုအသီးသီးမှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများသည် အကုန်လုံး ဝေစုခွဲပြီးသွားလေပြီ။

တိရွယ်သည် အနက်ရောင်လက်သည်းလက်ကြီးအနား ရောက်လာ၏။ သူ၏ဆူးတင်းပုတ်ကြီးအား ယမ်းလိုက်ရာတွင် ကန်ရေများမှာ အဘက်ဘက်သို့ လွင့်စင်ပြန့်ကြဲသွားလေသည်။ သူ၏ဘယ်လက်က အနက်ရောင်လက်သည်းလက်ကြီးဆီ လှမ်းလိုက်သည်။

သို့သော် သူ့လက် ၎င်းအပေါ် ကျရောက်တော့မည့်အချိန်မှာပင် မန်ဟိုကား ‌မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် လေကို ခွင်းလျက် လက်သည်းလက်ကြီး၏ ဘေးတည့်တည့်တွင် ပေါ်လာခဲ့လေပြီ။

မန်ဟို သူနှင့်လက်သည်းလက်ကြီးအား ပြိုင်လုချင်နေကြောင်း မြင်သောအခါ တိရွယ်က ဟိန်းဟောက်လိုက်သည်။ “ဖယ်စမ်း” ထို့နောက် ဆူးတင်းပုတ်ကြီးဖြင့် မန်ဟို့ကို ရိုက်ချလိုက်၏။

မန်ဟိုကတော့ အေးဆေးတည်ငြိမ်စွာဖြင့် လက်သီးဖြင့် ထိုးချလိုက်သည်။ လက်သီးတွင် တာအိုရှာဖွေခြင်းအဆင့်အရှိန်အဝါ မပါဝင်သော်လည်း မန်ဟိုသည် တာအိုရှာဖွေခြင်းအဆင့်အောက်၌ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်ကြောင်း ထည့်တွက်ပါလျှင် ၎င်းကား ကြောက်မက်ဖွယ်အားကြီးဖြင့် ဆူးတင်းပုတ်ကြီးကို တိုက်ရိုက် ထိုးချလိုက်တော့သည်။

အလွယ်ကျယ်လောင်သော ပေါက်ကွဲမှုကြီး ရိုက်ညောင်းသွား၏။ မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး ဆူးတင်းပုတ်ကြီးမှာတော့ ပျံထွက်သွားသည်။ တိရွယ်မှာ ခုနစ်မီတာ၊ ရှစ်မီတာမျှ ယိမ်းယိုင်သွားသဖြင့် မျက်စိမျက်နှာပျက်သွား၏။ သူသည် ခေါင်းမော့လာပြီး ရုန့်ရင်းကြမ်းကြုတ်သောအမူအရာအား သူ၏မျက်နှာအပေါ်တွင် မြင်ရနိုင်လေသည်။

“ဒီတော့ မင်းက ဟို လူမဟုတ်တဲ့ လုပိုင်နဲ့ လက်ရည်မတူဘူးပဲ” တိရွယ်၏ခန္ဓာကိုယ်က ရိပ်ခနဲ ထပ်မံရှေ့တက်လာသည်။ တိရွယ်နှင့် မြောက်ပိုင်းသဲကန္တာရမှ အခြားနှစ်ယောက်သည် အတော်လေး ဆောလျင်စွာ ရောက်နေခဲ့သော်လည်း လုပိုင်ပင် တာအိုရေကန်များအတွင်း၌ ဖြစ်ပျက်နေသော အရာများကို မမြင်ရခဲ့ပေ။ ပင်မရေကန် ပေါက်ကွဲ၍ လေထုကို ပုံပျက်သွားစေပြီး သူတို့ကို အနားပိုရောက်အောင် နေရာရွှေ့ပြောင်းခွင့်ပြုလိုက်သည့်အခါမှ ဘာတွေဖြစ်နေသလဲ ခန့်မှန်းမိလိုက်ခြင်းဖြစ်၏။ သို့ဖြစ်၍ တိရွယ်သည် မန်ဟို ဆောင်ရွက်ခဲ့သော အံ့ဖွယ်အရာများကို မသိရှိပေ။

တိရွယ်ကို အနီးကပ်ကြည့်ပြီးနောက်တွင် မန်ဟိုသည် ဤလူ့ဘီလူးကြီးတွင် မြောက်ပိုင်းသားကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါရှိကြောင်း သဘောပေါက်လိုက်သည်။ “မြောက်ပိုင်းသားလား” သူက မေးသည်။

“ငါက မြောက်ပိုင်းသဲကန္တာရက အဖော်မဲ့မျိုးနွယ်စုရဲ့ တိရွယ်” တိရွယ်သည် မန်ဟို့ဆီ ချဉ်းကပ်လာရင်း ဟိန်းဟောက်လိုက်၏။

“မင်း လျိုကျစ်ချွမ်းကို သိမှာပေါ့”

***

All Chapters