ဒုတိယအကြိမ် ပေါက်ကွဲခြင်း
Vol. 52 Ch. 722
တဝုန်းဝုန်း တအုန်းအုန်း မြည်ဟည်းနေပြီး လူတိုင်းမှာ မန်ဟိုနှင့် တိရွယ်တို့ အနက်ရောက်လက်သည်းအား လုယက်နေကြသည်ကို ကြည့်ရှုနေကြ၏။
ယီးကျန့်ဂိုဏ်းမှ ဆယ်ကျော်သက်လူငယ်သည် ၆ ပေအရှည် ဓားရှည်ကို ကိုင်ရင်း မျက်လုံးများ တလက်လက် တောက်ပနေ၏။ သူ့စိတ်ထဲတွင် အချိန်စွမ်းအားပဲ့ကိုင်ရှင် ခပ်ချောချော လုပိုင်မှလွဲ၍ ဤနေရာရှိ မည်သူမှ သူ့အတွက် အန္တရာယ်မပြုနိုင်ပေ။
ကျင်းဟန်ရွှေရုပ်သေးရုပ်ကြီးလည်း မန်ဟို့ကို လှမ်းကြည့်ပြီး မျက်လုံးများ အရောင်လဲ့သွားသည်။
ဆရာကြီးနွမ်းလျတာအိုမှာမူ မည်သည့်အရာကိုမှ စောင့်ကြည့်ရန် စိတ်မဝင်စားသည့်အလား ဘာမှမပြောပေ။
လီမျိုးနွယ်ခေါင်းဆောင်ကြီးဆယ့်ကိုးမှာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့၍ ဆုတ်ခွာသွားသည်။ စုန့်မျိုးနွယ်များမှာမူ အလိုရှိသောပစ္စည်းကို ရယူပြီးနောက် ထွက်သွားရန် အသင့်ပြင်လိုက်ကြသည်။
အခေါင်းပလ္လင်ဂိုဏ်းမှ တာအိုကလေးကျိုးချိန်မှာမူ တိုက်ခိုက်ချင်လွန်း၍ ရွစိထိုးနေပုံပင်။ သူ မန်ဟို့ကို လှမ်းကြည့်လိုက်သောအခါ ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။
"မန်ဟိုက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအထွတ်အထိပ်မှာပဲ ရှိသေးတာ။ လုပိုင်နဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး"
အင်ပါယာသွေးဆက်မျိုးနွယ်စု၏ လုပိုင်မှာမူ မန်ဟိုနှင့် တိရွယ်အကြား တိုက်ပွဲကို စောင့်ကြည့်အကဲခတ်နေသည်။ သူတို့နှစ်ယောက် တိုက်ခိုက်နေသည်ကို ကြည့်ပြီးနောက် သူ၏အမူအရာသည် တည်ငြိမ်နေဆဲဖြစ်၏။ ငယ်ငယ်ကကည်းက ပါရမီထက်သန်ခဲ့သူ ဖြစ်သည့်အလျောက် မြောက်ပိုင်းသဲကန္တာရရှိ ဘယ်သူမှ သူ့အတွက် ပြိုင်ဘက်မဟုတ်ပေ။ အရှေ့ဘက်နယ်မြေ၊ တန်နိုင်ငံမှ ကျီမျိုးနွယ်စုပင်လျှင် သူ့ကို ဂုဏ်ထူးဆောင်ဂိုဏ်းသားတစ်ဦးအဖြစ် ခေါ်ယူခဲ့လေသည်။ သို့သော် ထို့နောက်ပိုင်း သူသည် အရုဏ်ဦးအင်မော်တယ်၏ အလေးထားခြင်းခံခဲ့ရ၏။ အရုဏ်ဦးအင်မော်တယ်က သူ့ကို လမ်းပြသင်ကြားပေးခဲ့သည့်အတွက် သူသည် ပုံမှန်အတိုင်း မကျင့်ကြံတော့ဘဲ ရှင်သန်ခြင်းနှင်းပန်း၏တာအိုကိုသာ လိုက်စားခဲ့တော့သည်။
ထို့ထက်ပိုသည်ကား အရုဏ်ဦးအင်မော်တယ်သည် ရှင်သန်ခြင်းနှင်းပန်းအား သူ့ကို စုပ်ယူခွင့်မပေးခဲ့ပေ။ ထိုအစား သူမက အသိစိတ်မရှိသော အစေ့တစ်စေ့ကို သူ့ကိုယ်ထဲတွင် စိုက်ပျိုး၍ သူ့ကို ၎င်းအား စားသုံးစေပြီးနောက် ရှင်သန်ခြင်းနှင်းပန်း၏စွမ်းအားကို ရရှိစေခဲ့၏။ သူမသည် သူနှင့်အတူ ကောင်းသောကံကြွေးကို စိုက်ပျိုးဖို့ ကြိုးစားနေသယောင်ပင်။
သူ့ကို ကျင့်ကြံသူဟုခေါ်မည့်အစား..... ရှင်သန်ခြင်းနှင်းပန်းဟု ဆိုလျှင် ပိုမှန်မည်။
ထို့ကြောင့် ဖန်မျိုးနွယ်စုပင်လျှင် သူ့ကို အလေးအနက်ထားပြီး သမက်အဖြစ် ဂိုဏ်းထဲထည့်သွင်းရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့လေသည်။ ဤအခြင်းအရာအလုံးစုံကြောင့် သူ၏အဆင့်အတန်းမှာ ပြိုင်ဘက်ကင်းလာ၏။ သူကား ဘဝပြန်ဝင်စားဖို့နှင့် ကျင့်ကြံခြင်းအခြေခံမှ အစမှ ပြန်တည်ဆောက်ဖို့အတွက် တောင်ကောင်းကင်ဂြိုဟ်သို့ ဆင်းသက်လာခဲ့သော အစွမ်းထက်တန်ခိုးရှင်ဖြစ်သည်ဆိုသော ကောလဟလများပင် ရှိလေသည်။
သူ၏အချိန်စွမ်းအားထိန်းချုပ်နိုင်မှုကို ထည့်တွက်လျှင် သူသည် တိရွယ်ကို သိုင်းကွက် သုံးကွက်တည်းနှင့် အနိုင်ယူနိုင်၏။
"အားနည်းလွန်းတယ်" သူက မန်ဟိုကို တစ်ချက်ကြည့်ရင်း ခေါင်းယမ်းကာ ပြောလိုက်သည်။
သို့သော် ထိုအခိုက်အတန့်မှာပင် မန်ဟိုက "မြောက်ပိုင်းသဲကန္တာရ" ဟူသော စကားလုံးများကို ပြောလိုက်၏။ အသံသည် တောင်ကောင်းကင်ကျင့်ကြံသူအားလုံး၏ အတွေးများအား မုန်တိုင်းထန်သွားစေသည်။ ယီးကျန်ဂိုဏ်းမှ ဆယ်ကျော်သက်လူငယ်ပင်လျှင် တိရွယ်ကို လှည့်ကြည့်လေသည်။
တောင်ပိုင်းဒေသနှင့် မြောက်ပိုင်းသဲကန္တာရအကြား ဆက်ဆံရေးမှာ ဆတ်ဆတ်အထိမခံသော အရာဖြစ်သည်။ နှစ်ဦးနှစ်ဖက် အင်အားအပြည့် စစ်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း တောင်ကောင်းကင်၏နယ်မြေသမိုင်းတွင် မြင်ရခဲသောအရာမဟုတ်ပေ။
စစ်ပွဲဖြစ်တိုင်း တစ်ဖက်မဟုတ် တစ်ဖက်မှာ အမြဲသွေးချောင်းစီးခဲ့ရ၏။
"မြောက်ပိုင်းသဲကန္တာရလား"
"အဲဒီသုံးယောက်ရဲ့ ကျင့်ကြံခြင်းအခြေခံတွေက စိမ်းနေတာ အံ့ဩစရာမရှိဘူးပဲ ။ သူတို့က မြောက်ပိုင်းသဲကန္တာရက ဖြစ်နေတာကိုး"
"မြောက်ပိုင်းသဲကန္တာရက အရှေ့ဘက်နယ်မြေနဲ့ ဆက်စပ်နေပြီးတော့ မြေနှစ်မြေလုံးက နဂါးငွေ့တန်းပင်လယ်ရဲ့ ဟိုဖက်ခြမ်းမှာ ရှိတာလေ။ နဂါးငွေ့တန်းပင်လယ်ကို ဖြတ်လာဖို့ဆိုတာ အချိန်အကြာကြီးကြာမှာ။ သူတို့က တကယ်ပဲ တာအိုရေကန်တွေအတွက်နဲ့ ဒီကို လာကြတာလား"
တောင်ပိုင်းဒေသမှ လူအုပ်ကြီး အံ့အားသင့်နေကြသည့်အချိန်မှာပင် မန်ဟိုက လျိုကျစ်ချွမ်း၏ နာမည်ကို ပြောလိုက်သည်။
တောင်ပိုင်းဒေသကျင့်ကြံသူများအတွက် ထိုနည်းမှာ အစိမ်းသက်သက်သာ ဖြစ်သော်လည်း အခေါင်းပလ္လင်ဂိုဏ်းမှ တာအိုကလေးကျိုးချိန်မှာ ကြားလျှင်ချင်း မျက်လုံးများ လင်းခနဲ လက်သွားပြီး မန်ဟိုကို လှမ်းကြည့်လေသည်။
လုပိုင်လည်း မဆိုစလောက် အံ့ဩသွား၏။ သူသည် အင်ပါယာသွေးဆက်မျိုးနွယ်စုမှ ဖြစ်ပြီး ကျိုးချိန်က အခေါင်းပလ္လင်ဂိုဏ်းမှာ လာကာ တိရွယ်က အဖော်မဲ့မျိုးနွယ်မှ လာသည်။ မန်ဟို ယခုလေးတင် ပြောလိုက်သော လျိုကျစ်ချွမ်းလည်း အင်ပါယာသွေးဆက်မျိုးနွယ်စုမှ ဖြစ်သည်။
အင်ပါယာသွေးဆက်မျိုးနွယ်စုသည် မြောက်ပိုင်းသဲကန္တာရတွင် နံပါတ်တစ်မျိုးနွယ်စု ဖြစ်၏။
ထို့အပြင် လျိုကျစ်ချွမ်းသည် အင်ပါယာသွေးဆက်မျိုးနွယ်စု၏ အင်ပါယာသားတော်ဆိုလည်း မမှားပေ။
သူ၏ကျင့်ကြံခြင်းအခြေခံမှာ ပထမခွဲထွက်ခြင်းအဆင့်သာ ဖြစ်သော်လည်း သူ၏အဆင့်အတန်းအရ မြောက်ပိုင်းသဲကန္တာရတစ်ဝန်းလုံးရှိ အစွမ်းထက်ပုဂ္ဂိုလ်များအကြား တစ်ယောက်အပါအဝင်ဟု သတ်မှတ်နိုင်သည်။
"မင်း လျိုကျစ်ချွမ်းကို သိတယ်လား" တိရွယ်က မျက်လုံးများ ကျဉ်းမြောင်းလျက် မေးလိုက်သည်။ သူ၏အဖော်မဲ့မျိုးနွယ်စုမှာ တကယ်တော့ အင်ပါယာသွေးဆက်မျိုးနွယ်စု၏ အရန်အဖွဲ့တစ်ဖွဲ့ဖြစ်လေသည်။ ထို့ကြောင့် သူ့တွင် မြင့်မားသောကျင့်ကြံခြင်းအခြေခံရှိသော်လည်း လျိုကျစ်ချွမ်းနာမည်ကြားလိုက်တိုင်း သူ့မှာ သခင်လေးဟု ခေါင်းငုံ့၍ အရိုအသေပေးရသေးသည်။
"သူ ငါ့အပေါ် ဝိညာဉ်ကျောက်တုံး သိန်းကိုးဆယ် အကြွေးတင်ထားတယ်" မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သည်။ "ငါက ဘယ်လိုလုပ် သူ့မသိဘဲ နေမှာလဲ" သူသည် ပုံမှန်အတိုင်း သိုလှောင်အိတ်ကို ပုတ်၍ ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းမှာတုန်းက ကျင့်ကြံသူများ သူ့အပေါ် အကြွေးတင်ခဲ့သော ဝိညာဉ်ကျောက်တုံးပမာဏ ရေးထားသည့် ကျောက်စိမ်းပြားလက်တစ်ဆုပ် ထုတ်လိုက်သည်။
"ရှုရှော့ယန် ဝိညာဉ်ကျောက်တုံး သိန်းရှစ်ဆယ် အကြွေးတင်
"ထျန်လဲ့ဖန်း ဝိညာဉ်ကျောက်တုံး ခုနစ်ဆယ့်ရှစ်သိန်း အကြွေးတင်
"ကျိုးကျဲ ဝိညာဉ်ကျောက်တုံး ကိုးဆယ့်ငါးသိန်း အကြွေးတင်
(ချင်းလော်ဂိုဏ်းမှ တစ်ယောက်မဟုတ်၊ နာမည်တူခြင်းသာ)
"တိလော့ ဝိညာဥ်ကျောက်တုံး သိန်းတစ်ရာ့တစ်ဆယ် အကြွေးတင်
"ပြီးတော့ ဟန်ပုန့်ဆိုတဲ့တစ်ယောက် အများဆုံးပဲ ဝိညာဉ်ကျောက်တုံး သိန်းတစ်ရာ့ငါးဆယ်
"ဒီလူတွေအကုန်လုံး မြောက်ပိုင်းသဲကန္တာရကမလား"
မန်ဟိုပြောလိုက်သော စကားတစ်ခွန်းတိုင်းက မြောက်ပိုင်းသဲကန္တာရမှ လူသုံးယောက်ကို မျက်နှာအမူအရာ တစ်မျိုးပြီးတစ်မျိုး ပြောင်းသွားစေသည်။အထူးသဖြင့် ကျိုးကျဲ၊ တိလော့၊ ဟန်ပုန့်နာမည်တို့ပင်။ လုပိုင်ပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်နေသည်။
ကျိုးကျဲနှင့် ကျိုးချိန်သည် တစ်မျိုးနွယ်စုထဲက ဖြစ်ပြီး တိလော့မှာတော့ တိရွယ်၏ညီပင်။ ဟန်ပုန့်မှာမူ လုပိုင်နှင့်ယှဉ်လျှင် ဒုတိယသာဖြစ်သော အင်ပါယာသွေးဆက်မျိုးနွယ်စု၏ ရွေးချယ်ခံဖြစ်သည်။
"ဘယ်လို... ဘယ်လိုလုပ် သူတို့က မင်းအပေါ် ဝိညာဉ်ကျောက်တုံးတွေ အများကြီး အကြွေးတင်နေမှာလဲ" တိရွယ်က မျက်ပြူးဆံပြူးနှင့် ရန်တွေ့သည်။ ကံဆိုးစွာနှင့် မန်ဟို ကိုင်ထားသော ကျောက်စိမ်းပြားများမှာ အသက်အဆီအနှစ်အရှိန်အဝါဖြင့် ရေးထိုးခံထားရခြင်းဖြစ်သည်။ ဤအရှိန်အဝါများ၏ အငွေ့အသက်များအရ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ ၎င်းတို့၏ပိုင်ရှင်ကို သံသယဝင်၍မရပေ။
တောင်ပိုင်းဒေသ၏ကျင့်ကြံသူများမှာတော့ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူသုံးဦးထက်ပင် အံ့ဩနေကြသည်။ သူတို့သည် မန်ဟို့ကို မယုံကြည်နိုင်သလို ကြည့်နေကြ၏။
အထူးသဖြင့် သွေးမိစ္ဆာဂိုဏ်းနှင့် ဇီယွင်ဂိုဏ်းတို့မှ ကျင့်ကြံသူများပင်။ သူတို့မှာ ပါးစပ်ပင် မစေ့နိုင်တော့။
"အတိတ်တုန်းက သွေးမင်းသား ဘာတွေ လုပ်ခဲ့တာပါလိမ့်"
"သူက ... ဘယ်လိုလုပ်ပြီး ဒီလောက်အကြွေးတင်အောင် လုပ်နိုင်တာလဲ"
"ဒ..ဒ... ဒါက ....စောစောက သူ ကျောက်စိမ်းပြားတွေ ထုတ်လိုက်တုန်းက မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတွေရဲ့ ကျောက်စိမ်းပြားတွေကိုပဲ ထုတ်လိုက်တာ ငါတွေ့လိုက်တယ်။ မဟုတ်မှ ကျန်တဲ့ ကျောက်စိမ်းပြားတွေက တောင်ကောင်းကင်ရဲ့ တခြားနယ်မြေကလူတွေရဲ့ဟာများလား"
"သွေးမင်းသား တော်တော်စီးပွားရေးကောင်းခဲ့ပုံပဲ"
တိရွယ်၏မျက်လုံးများ သွေးကဲ့သို့ နီရဲသွားပြီး သူ့မှာ အရှက်ခွဲခံလိုက်ရသလို ခံစားလိုက်ရတော့သည်။ သူသည် ခေါင်းနောက်လှန်၍ ဟိန်းဟောက်ပြီး ဆူးတင်းပုတ်ကြီးကို မြှောက်၍ မန်ဟို့ဆီ ပြေးတက်လာ၏။
"အဓိပ္ပါယ်မရှိတာ။ မင်းကို အမှုန့်ခြေပစ်မယ် သောက်ရူးကောင်"
မန်ဟို၏မျက်လုံးများ တလက်လက် တောက်ပသွားသည်။ လူထွားကြီး သူ့အပေါ် ပြေးဝင်လာစဉ် သူသည် လက်မြှောက်၍ လက်ညှိုးထိုးလိုက်၏။
"သွေးမိစ္ဆာမဟာမှော်သိုင်း"
ချက်ချင်းပင် သွေးရောင်ဝဲကြီးသည် တိရွယ်၏ပတ်ပတ်လည်တွင် လည်လာ၏။ ဝဲကြီး လည်နေစဉ် ဧရာမသွေးရောင်လက်ကြီးက တိရွယ်ကို ဆုပ်ကိုင်လိုက်သည်။ သူ့မှာ ရုန်းသော်လည်း မည်မျှရုန်းရုန်း မလွတ်ပေ။ သူသည် ဒေါသတကြီး ငြီးတွားရင်း ဘေးဘီဝဲယာကို တွေတွေဝေဝေ ကြည့်ရုံမှတစ်ပါး မတတ်နိုင်ဖြစ်နေသည်။
သူ့အတွက် သူ၏ချီနှင့်သွေးတို့ မန်ဟို့ထံသို့ တဝေါဝေါ စီးဆင်းနေ၍ သူ၏အပြင်အားကိုယ် လျင်မြန်စွာ ခြောက်သွေ့လာနေသည်ကို သဘောပေါက်ရန် တခဏသာ ကြာလိုက်သည်။ မန်ဟို့အတွက်မူ သူ၏အပြင်အားကိုယ်သည် လျင်မြန်စွာ သန်မာလာ၏။
ယခုအချိန်အထိ မန်ဟိုသည် တာအိုရှာဖွေခြင်းအဆင့်အောက်၌ သွေးမိစ္ဆာမဟာမှော်သိုင်းမှ လွတ်အောင်ရုန်းနိုင်သောသူဟူ၍ မဆုံတွေ့ခဲ့ဖူးပေ။
မြင်ကွင်းကြီးက တောင်ပိုင်းဒေသကျင့်ကြံသူများကို နည်းနည်းလေးမှ မအံ့ဩစေပေ။ သို့သော် မြောက်ပိုင်းဒေသ၊ အခေါင်းပလ္လင်မျိုးနွယ်စုမှ ကျိုးချိန်မှာတော့ လုံးဝအံ့အားသင့်နေသည်။ သူသည် မျက်လုံးကြီးပြူးလျက် မန်ဟို့ကို စိုက်ကြည့်နေ၏ ။
သူ့မှာ အံ့အားသင့်လွန်း၍ အသက်ရှုမဝပင် ဖြစ်လာပြီး မန်ဟိုအပေါ် အထင်သေးမှုတို့လည်း ပျောက်ကွယ်သွားခဲ့လေပြီ။ သူ ပြောနိုင်သလောက် ဤမှော်သိုင်းသည် လုပိုင်၏အချိန်မှော်သိုင်းနှင့် တစ်ဆင့်တည်းဖြစ်လောက်သည်။
"လူမဟုတ်ဘူး လုပိုင်လို လူမဟုတ်ဘူး"
အင်ပါယာသွေးဆက်မျိုးနွယ်စုမှ လုပိုင်လည်း ထူးဆန်းစွာ တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး မသိသာသော အပြုံးတစ်ခုအား သူ၏မျက်နှာပေါ်တွင် မြင်နိုင်လေသည်။ သူ၏တိုက်ခိုက်လိုစိတ်မှာ ပို၍ အားကောင်းလာလေပြီ။ "ဒီအတိုင်းဆိုရင် သူ ငါနဲ့ ယှဉ်ဖို့ ထိုက်တန်တယ်"
သွေးမိစ္ဆာမဟာမှော်သိုင်းအထဲတွင် တိရွယ်၏အပြင်အားသည် လျင်မြန်စွာ ခြောက်သွေ့လာသည်။ သူကား မန်ဟိုကို အလွန်အမင်း ကြောက်နေပြီဖြစ်၏။
"သေစမ်း မင်းလည်း လုပိုင်လို လူမဟုတ်ဘူးပဲ" သူက ဟိန်းဟောက်လိုက်သည်။ သူသည် အံတင်းတင်းကြိတ်ပြီးနောက် သိုလှောင်အိတ်ကို ပုတ်ကာ သလင်းကျောက်မှော်လက်ဖွဲ့တစ်ခုကို ထုတ်လိုက်၏။
မှော်လက်ဖွဲ့မှာ ပြိုးပြိုးပြက်ပြက် လက်နေချေသည်။ ဤသည်မှာ တောင်ပိုင်းဒေသသို့ မထွက်လာခဲ့ခင် သူ၏ မျိုးနွယ်စုမှ သူ့ကို ပေးထားသော အသက်ကယ်ရတနာ ဖြစ်လေသည်။ သူ့မှာ ပထမဆုံးအကြိမ်မှာပင် သုံးရလိမ့်မည်ဟု တစ်ခါမှ စိတ်မကူးခဲ့ဖူးပေ။ သို့သော် ဤသေစေနိုင်သော အန္တရာယ်ကို ရင်ဆိုင်နေရသည့်အတွက် သူသည် ဘာမှမစဉ်းစားနိုင်တော့ဘဲ လက်ချောင်းများအကြား ချက်ချင်း ဖိခြေပစ်လိုက်ရ၏။
မှော်လက်ဖွဲ့ ဖိခြေခံလိုက်ရသည်နှင့်တစ်ပြိုင်နက် တာအိုရှာဖွေခြင်းအဆင့်စွမ်းအားတစ်ရပ် ကျရောက်လာသည်။ စွမ်းအား၏ပြင်းအားက လေမုန်တိုင်းကြီးဖြစ်ပေါ်လာစေပြီး သွေးရောင်ဝဲကို တိုက်ခတ်လိုက်၏။
အုန်းးးးး
သွေးဝဲကြီးသည် တုန်ရီသွားပြီး တိရွယ်က ထိုအခြင်းအရာကို အခွင့်ကောင်းယူကာ ရုန်းထွက်လိုက်သည်။ သို့သော် ထိုအခိုက်တွင် မန်ဟိုက လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။
"ခြောက်သွေ့"
ချက်ချင်းဆိုသလို၊ စောစောက မန်ဟို နားလည်ခဲ့သော ခြောက်သွေ့မီးတောက်မှော်အစစ်အမှန်ကိုယ်တာအိုက သက်ဝင်လှုပ်ရှားလာသည်။
တစ်လုံးတည်းသော စာလုံးသည် ကောင်းကင်မြေကြီး၏ တည်ရှိနေသော သဘာဝနိယာမနေရာသို့ အစားထိုးဝင်ရောက်လာသည့် နိယာမတစ်ရပ်ဖြစ်သွား၏။ ကောင်းကင်နှင့် မြေကြီး၏ စိတ်ဆန္ဒကား သက်ဆင်းလာခဲ့လေပြီ။ မျက်စိတစ်မှိတ်အတွင်း ... လေထုသည် ပြောင်းလဲသွားပြီး ပုံပျက်ရှုံတွမှုများ ပေါ်ပေါက်လာသည်။
တိရွယ်မှာ ခန္ဓာကိုယ် နောက်တစ်ဖန် ခြောက်သွေ့လာပြန်သဖြင့် မချိတင်ကဲ အော်လိုက်လေသည်။ ဤတစ်ကြိမ်တွင် ခြောက်သွေ့သွားသည်ကား သူ၏အပြင်အားကိုယ်သာမဟုတ်။ သူ၏ကျင့်ကြံခြင်းအခြေခံ ၊ သူ၏အသက်စွမ်းအား၊ အရာအားလုံး ခြောက်သွေ့လာလေပြီ။
သေခြင်းနီးကပ်လာနေပြီဖြစ်၍ တိရွယ်သည် အဝေးတွင် ပျံဝဲနေသော လုပိုင်ကို လှမ်းကြည့်လိုက်သည်။ "လုပိုင် ကယ်ပါဦး"
လုပိုင်က လက်မြှောက်၍ လက်ညှိုးထိုးလိုက်သည်။ "နောက်ပြန်"
သူ စာလုံးလေးတစ်လုံး ရေရွတ်လိုက်သည်နှင့်တစ်ပြိုင်နက် တိရွယ်၏ပတ်ပတ်လည်တွင် လေများရှုံ့တွပြီး အချိန်အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။ အချိန်မှာ နောက်ပြန်သွားရန် အတင်းအကြပ် ခိုင်းစေခံနေရ၍ မန်ဟို့ 'ခြောက်သွေ့' စာလုံး၏စွမ်းအားနှင့် တိုက်ခိုက်နေသယောင်ပင်။
တခဏတွင် တိရွယ်၏ခန္ဓာကိုယ်မှာ လုံးဝပိန်ချုံးသွားသည်။ ထို့နောက် နဂိုအတိုင်း ပြန်ဖြစ်သွားပြန်သည်။ ဤအခြေအနေနှစ်ရပ်အကြား သွားလိုက်ပြန်လိုက်ဖြစ်နေဿာ နာကျင်မှုက တိရွယ်ကို ငယ်သံပါအောင် အော်နေမိစေသည်။
ဖြစ်စဉ်တစ်ခုလုံး အသက်သုံးရှိုက်သာ ခံလိုက်သည်။
သို့သော် ထိုအသက်သုံးရှိုက်က တိရွယ်အတွင် သုံးဘဝကြာသည့်အလားပင်။
နောက်ဆုံးတွင်တော့ ဝုန်းခနဲ ကြားလိုက်ရပြီး မန်ဟို လေးလှမ်းမျှ ဆုတ်လိုက်သည်။ 'ခြောက်သွေ့' စာလုံးနှင့် သွေးမိစ္ဆာမဟာမှော်သိုင်း ပျက်စီးပြိုကွဲသွား၏။ လုပိုင်က သုံးလှမ်းဆုတ်ရပြီး သူ၏အချိန်မှော်သိုင်းလည်း ပျောက်ကွယ်သွားသည်။
သူတို့အကြားတွင် တိရွယ်မှာ သေတော့မသေသော်လည်း ပိန်ချုံးပြီး လူရုပ်မထွက်တော့ပေ။ သူ့မှာ အသက်ဘေးမှ လွတ်သည်ဆိုရုံလေးသာ လွတ်သွားခဲ့လေသည်။ သူက ကြောက်ကြောက်လန့်လန့်ဖြင့် လုပိုင်ဆီ ပြေးသွားတော့သည်။
မန်ဟိုနှင့်လုပိုင် ၏ တိုက်ခိုက်မှုတွင်တော့ မည်သူ နိုင်ပြီး မည်သူ ရှုံးသွားသလဲ ပြောရခက်သည်။ သို့သော် လုပိုင်က အတန်ငယ်အစွမ်းပိုထက်ကြောင်း သိသာ၏။
သို့ထိတိုင် မန်ဟိုက နောက်ဆုတ်လိုက်သည့်အချိန်မှာပင် ဘယ်လက်ကို မြှောက်၍ မီတာ (၃၀၀) အရှည် အနက်ရောင်လက်သည်းလက်ကြီးကို ပုတ်လိုက်လေပြီ။ ချက်ချင်းပင် ရတနာမှာ သူ၏ သိုလှောင်အိတ်ထဲ စုပ်ယူခံလိုက်၏။ သူ့အနောက်ရှိ သွေးမိစ္ဆာဂိုဏ်းခေါင်းဆောင်ကြီးများလည်း ရတနာတစ်ပုံတစ်ခေါင်း သိမ်းပိုက်ခဲ့ပြီးလေပြီ။
ပတ်ဝန်းကျင်ရှိ တောင်ပိုင်းဒေသမှ လူများမှာမူ ပင့်သက်ရှိုက်နေကြတော့သည်။
"သူ ထပ်ပြီး သန်မာလာပြန်ပြီ"
"မန်ဟိုက ဉာဏ်အလင်းလေး လျှပ်တပြက်ပဲ ရခဲ့တာ။ ဒါပေမဲ့ သူ့မှော်သိုင်းတွေက အဆင့်တက်သွားပြန်ပြီ။ သေစမ်း ... သူက တာအိုရှာဖွေခြင်းအဆင့်စွမ်းအားကိုတောင် ထုတ်ဖော်နိုင်ပြီဆိုတော့ တာအိုရှာဖွေခြင်းအဆင့်ပညာရှင်သာ ရောက်မလာရင် ဘယ်သူ သူ့ကို ဖိနှိပ်နိုင်တော့မှာလဲ"
"မန်ဟို"
မြောက်ပိုင်းသဲကန္တာရ၊ အခေါင်းပလ္လင်ဂိုဏ်း၏ တာအိုကလေး ကျိုးချိန်က မန်ဟို့ကို တအံ့တဩ ကြည့်နေသည်။ သူသည် လုပိုင်၏ဂုဏ်သတင်းများနှင့် ကောင်းကောင်းရင်းနှီး၏။ လုပိုင်သည် မြောက်ပိုင်းသဲကန္တာရတွင်သာမက ၊ အရှေ့ဘက်နယ်မြေတွင်လည်း လူသိများလေသည်။
မဟုတ်လျှင် တောင်ကောင်းကင်၏ ကြယ်သခင်လေး လေးဦးအနက်မှ တစ်ဦးအဖြစ် မည်သို့မြှောက်စားခံရမည်နည်း။
ကြယ်သခင်ဆိုသည်မှာ တောင်ကောင်းကင်ဂြိုဟ်တွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်၌ အစွမ်းထက်ဆုံးလေးဦးကို ညွှန်းဆိုသော ဘွဲ့ဖြစ်သည်။
"သူက လုပိုင်ကို တိုက်ခိုက်နိုင်တဲ့အပြင် နောက်သုံးလှမ်း ဆုတ်သွားအောင် လုပ်နိုင်တယ်။ ဒီမန်ဟိုလည်း အစွမ်းထက်တာပဲ"
လုပိုင်သည် မန်ဟိုကို ကြည့်ပြီး သူ၏မျက်လုံးများထဲရှိ တိုက်ခိုက်လိုစိတ်မှာ ပိုမိုပြင်းထန်လာတော့သည်။ သူသည် ညာလက်ကို မြှောက်လိုက်ရာ ပတ်ဝန်းကျင်ရှိ လေထုသည် ပုံပျက်သွား၏။ တာအိုရှာဖွေခြင်းစွမ်းအားလှိုင်းများ ဖြာဆင်းလာသည်။
"ငါက တာအိုရှာဖွေခြင်းအဆင့်မဟုတ်ဘူး" သူက ကြေညာသည်။ "စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပဲ ရှိသေးတယ်။ ဒါပေမဲ့ တတိယခွဲထွက်ခြင်းအဆင့်ကို အချိန်မရွေး ဝင်ရောက်နိုင်တယ်။ ငါ့တာအိုကို သန့်စင်ဖို့ လိုနေသေးတာကြောင့်သာ အခုထက်ထိ မလုပ်ဆောင်သေးတာပဲ
"ဒီနေ့ မင်းက ငါ့ဓားကို ချွန်မြစေရမယ့် ဓားသွေးကျောက် ဖြစ်ရလိမ့်မယ်" ဤတစ်ကြိမ်တွင် သူ၏တိုက်ခိုက်လိုစိတ်မှာ မိုးထိအောင် မြင့်တက်ရိုက်ခတ်သွားတော့သည်။ သူက ရှေ့တစ်လှမ်းလှမ်းလိုက်သည်။
သို့သော် သူ၏ခြေထောက် ကျရောက်လာသည့်အချိန်မှာပင် အောက်ရှိကန်မှာ တဝုန်းဝုန်း မြည်လာသည်။ နောက်တစ်ကြိမ် ပေါက်ကွဲတော့မည့်အလား ရေများနိမ့်ဆင်းကျလာ၏။
"ဒုတိယအကြိမ် ပေါက်ကွဲခြင်း"
"ဘုရားရေ မီတာ (၃၀၀၀၀) ပင်မရေကန်က ဒုတိယအကြိမ် ပေါက်ကွဲတော့မှာပဲ။ ဒါ ဘာအဓိပ္ပာယ်လဲ"
"တကယ်ပဲ ဒုတိယအကြိမ် ပေါက်ကွဲတော့မှာဟ"
***