အစစ်အမှန်အင်မော်တယ်ဝိညာဉ်
Vol. 52 Ch. 723
ရှေးဟောင်းတာအိုရေကန်များရှိရာ မြေကြီးသည် အသက်ရှူသွင်းနေသည့်အလား နောက်တစ်ဖန် ချိုင့်ဝင်သွားပြန်ပြီး ခွက်သွားလေ၏။
အဆိုပါမြင်ကွင်းကြီးက အပြင်ဝန်းကျင်ရှိ ကျင့်ကြံသူထောင်ပေါင်းများစွာကို မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားစေပြီး ချာချာလည် မူးဝေသွားစေတော့သည်။
“ဒု... ဒုတိယအကြိမ် ပေါက်ကွဲခြင်းလား “
“မီတာ (၃၀) တာအိုရေကန်တွေ ဒုတိယအကြိမ် ပေါက်ကွဲရင် ရတနာပစ္စည်းတွေ ပေါ်လာဖို့ အခွင့်အလမ်းများတယ်။ မီတာ (၃၀၀) ရေကန်တွေလည်း အတူတူပဲ။ မီတာ (၃၀၀၀) ရေကန်တွေကိုတော့ ... ပြောနေစရာတောင်မလိုဘူး။ ဒါပေမဲ့ ဒါက တကယ်ကြီး .... မီတာ (၃၀၀၀၀) ရေကန် ဒုတိယအကြိမ်ပေါက်ကွဲတာလား”
“အဖိုးထိုက်တဲ့ ရတနာတစ်ပါးကို ပန်းထုတ်ပေးတော့မှာ ။ သေချာပေါက် အဖိုးထိုက် ရတနာတစ်ပါးဖြစ်မှာပဲ”
“အရင်ကဟာတွေနဲ့ လုံးဝ မတူနိုင်ဘူး။ .... အဖိုးထိုက်တဲ့ ....ရတနာတစ်ပါးတဲ့လား” အပြင်ဝန်းကျင်ရှိ ကျင့်ကြံသူများသာ ဤအကြောင်းအရာများကို သိလျှင် ရေကန်ထက်ရှိ လူများ၏ အသိအမြင်ကို စိတ်ကူးသာ ကြည့်နိုင်လေ၏။
လုပိုင်ပင်လျှင် စိတ်နှလုံးတုန်ရီသွားသည်။ သူသည် မန်ဟိုကို တိုက်ခိုက်မည့် အတွေးဟူသမျှကို စွန့်လွှတ်ရင်း ရင်တဒိန်းဒိန်းခုန်လျက် တာအိုရေကန်အား ငုံ့ကြည့်လိုက်၏။
ယီးကျန့်ဂိုဏ်းမှ ဆယ်ကျော်သက်လူငယ်က တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် တာအိုရေကန်ကို ငုံ့ကြည့်ပြီး အသက်ရှူသံများ မြန်လာသည်။ “မဟုတ်မှ ... အဲဒီဓားက ကံကြမ္မာကောင်းမဟုတ်ဘဲ၊ ဒီဟာက ... ကံကြမ္မာကောင်းများလား”
ထူးဆန်းသော အလင်းရောင်တစ်ခု ကျင်းဟန်ဂိုဏ်းရုပ်သေးရုပ်ကြီး၏ မျက်လုံးများတွင် ပေါ်လာသည်။ အတွင်းရှိ ကျင်းဟန်ဂိုဏ်းကျင့်ကြံသူများသည် ရတနာတစ်ပါးကို ရယူခဲ့ပြီးပြီဖြစ်၍ ထွက်သွားဖို့ ပြင်နေကြသော်လည်း ဤအဖြစ်အပျက်က သူတို့ကို နောက်တစ်ဖန် အရဲစွန့်ရန် စိတ်ပိုင်းဖြတ်လိုက်မိစေ၏။
စုန့်မျိုးနွယ်စုကျင့်ကြံသူများ သူတို့၏အရှိန်အဝါများအား ထုတ်ဖော်လိုက်ကြစဉ် ဆရာကြီးနွမ်းလျတာအိုမှာ ရေကန်အား တအံ့တဩ စိုက်ကြည့်နေပြီး တိတ်ဆိတ်စွာ ရပ်နေသည်။ လီမျိုးနွယ်ခေါင်းဆောင်ကြီးဆယ့်ကိုးမှာမူ ပါးစပ်မှ သွေးများကို သုတ်၍ မျက်လုံးအပြူးသားနှင့် ကြည့်နေသည်။ သူသည် စောစောက အရေးနိမ့်ခဲ့ရသော်လည်း ဤတစ်ခေါက်တွင် တစ်ခုခုလုဖို့အတွက် မည်သည့်တန်ကြေးကိုမဆို ပေးဆပ်ရန် အသင့်ဖြစ်နေလေပြီ။
တိရွယ်သည် စိတ်ထဲတွင် ငြီးတွားနေ၏။ သူ့မှာ လောလောဆယ်တွင် အားနည်းနေပြီး တိုက်ခိုက်နိုင်သည့်အခြေအနေတွင် မဟုတ်ပေ။ သူ့ဘေးရှိ ကျိုးချိန်မှာတော့ မျက်လုံးများ တောက်ပစပြုလာသည်။
ထို့နောက် ပို၍ကျယ်လောင်သော ထစ်ချုန်းသံကြီးကို ကြားလိုက်ရသည်။ တာအိုရေကန်၏ ဒုတိယအကြိမ်ပေါက်ကွဲမှုကား တဒင်္ဂအတွင်း စတင်ပေတော့မည်။ ကန်ရေများသည် ပွက်ပွက် ဆူလာပြီး ကြီးမားသော ပေါက်ကွဲပန်းထွက်မှုကြီးကား နီးကပ်လာလေပြီ။
ရေကန် ပေါက်ကွဲတော့မည့်အချိန် .... ရုတ်တရက် မန်ဟိုက လီမျိုးနွယ်ခေါင်းဆောင်ကြီးဆယ့်ကိုးဆီသို့ ရိပ်ခနဲ ဦးတည်သွား၏။
“သေပြီ” လီမျိုးနွယ်ခေါင်းဆောင်ကြီးဆယ့်ကိုးမှာ မျက်နှာပျက်သွားပြီး အမြန်ဆုံး နောက်ဆုတ်လိုက်၏။ သူ့အနောက်ရှိ ကျန်လီမျိုးနွယ်ခေါင်းဆောင်ကြီးများလည်း ထိုနည်းတူပင်။
“သောက်ရူးကောင်၊ ဒုတိယအကြိမ် ပေါက်ကွဲမှု စတင်ခါနီးနေပြီကို မင်းက ငါတို့ကို သတ်ဖို့ စဉ်းစားသေးတယ်လား”
“မန်ဟို မင်း ဘာလုပ်နေတာလဲ”
“မင်းတို့ မီတာ (၃၀၀၀၀) စည်းကို ကျော်လာတယ်လေ။ အဲဒါကြောင့် သတ်မလို့” မန်ဟိုက အေးစက်စက် ပြန်တုံ့ပြန်သည်။ သူသည် လီမျိုးနွယ်စုအပေါ်သို့ ဘယ်တော့မှ အမြင်မကြည်ခဲ့ဖူးပေ။ သွေးအင်မော်တယ်ပြိုင်ပွဲမှာတုန်းက လီတောက်ရီကြောင့်သော်လည်းကောင်း၊ လီမျိုးနွယ်ကျင့်ကြံသူများ သူ့ကို ပြန်လည်မွေးဖွားခြင်းဂူအပြင်တွင် ချောင်ပိတ်ခဲ့ခြင်းကြောင့်သော်လည်းကောင်း ၊ ၎င်းတို့အားလုံးက မန်ဟို၏အသတ်အဖြတ်စိတ်ဆန္ဒကို မြင့်တက်လာစေသည်။
လက်ရှိအချိန်တွင် သူ့ကိုယ်ထဲရှိ ချီနှင့်တွေးတို့သည် အရှိန်အဟုန်ဖြင့် ဟုန်းဟုန်းထနေ၏။ တိရွယ်၏ အပြင်အားကိုယ်ကို စုပ်ယူပြီးနောက် သူသည် အချိန်မရွေး စွမ်းအားကြီးကို ထုတ်ဖော်ရန် အဆင်သင့်ဖြစ်နေလေပြီ။ သူက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားသွားပြီး အနားရောက်သည့်အခါ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းပင် ဧရာမလက်ကြီးတစ်ဖက်သည် တာအိုရှာဖွေခြင်းအဆင့်အရှိန်အဝါကို ထုတ်လွှတ်လျက် လီမျိုးနွယ်များဆီသို့ ပြေးဝင်သွား၏။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ ဝင်မပါဘဲ စောင့်ကြည့်နေကြသည်။ ပေါက်ကွဲမှုမှာ မကြာမီ ရောက်ရှိလာတော့မည်ဖြစ်၍ သူတို့သည် မည်သည့်ရတနာများ ပေါ်လာမည်လဲ ပို၍စိတ်ဝင်စားနေကြလေသည်။
ဝုန်း
လီမျိုးနွယ်ခေါင်းဆောင်ကြီးဆယ့်ကိုးအပါအဝင် လူငါးယောက်သည် သွေးများ အန်၍ နောက်လွင့်ထွက်သွားကြ၏။ သူတို့ နေရာရွှေ့ပြောင်းလက်ဖွဲ့များကို အသုံးပြုရန် ပြင်လိုက်စဉ် မန်ဟိုကား သူတို့ထံသို့ လက်ညှိုးထိုးလိုက်လေပြီ။
သွေးမိစ္ဆာမဟာမှော်သိုင်း ပေါ်လာသည်။ သွေးဝဲကြီးတစ်ဝဲသည် သူတို့ပတ်ပတ်လည်တွင် တဝှီးဝှီး လည်လာ၏။ လီမျိုးနွယ်ခေါင်းဆောင်ကြီးဆယ့်ကိုးနှင့် အခြားသူများမှာ ကြောင်ပြီး ကြည့်နေမိကြလေသည်။
“မလုပ်နဲ့”
“မန်ဟို။ ငါ့ကို လွှတ်ပေးပါ ကျေးဇူးပြုပြီး”
“ချက်ချင်း ထွက်သွားပေးပါ့မယ်။ ချက်ချင်း”
“အဲဒီနှစ်တုန်းက ပြန်လည်မွေးဖွားခြင်းဂူမှာ မင်းတို့ ငါ့ကို အခွင့်အရေးပေးခဲ့လား” မန်ဟိုက သွေးအေးအေးနှင့် ခွန်းတုံ့ပြန်သည်။ သွေးဝဲကြီး သူတို့ကို စုပ်ယူနေသည်နှင့်အမျှ မချိတင်ကဲ အော်ဟစ်သံများ ဆူညံနေတော့သည်။ လီမျိုးနွယ်ခေါင်းဆောင်ကြီးဆယ့်ကိုးအပါအဝင် ငါးယောက်လုံး၏ခန္ဓာကိုယ်များမှာ လျင်မြန်စွာ ခြောက်သွေ့လာလေပြီ။ မြောက်မြားစွာသော ချီနှင့်သွေးတို့က မန်ဟို့ဆီသို့ ပျံသန်းစီးဆင်းနေ၏။
ထိုသို့ဖြစ်ပျက်နေစဉ် မန်ဟို၏အပြင်အားကိုယ်မှာ ပို၍ပင် သန်မာလာသည်။
တာအိုရှာဖွေခြင်းအဆင့်အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး သွေးလန့်ဖွယ် အော်သံစူးစူးကြီးများက တစ်ဆက်တည်း လိုက်ပါလာ၏။ လီမျိုးနွယ်ခေါင်းဆောင်ကြီးများ၏ခန္ဓာကိုယ်များကား အရိုးစုဘဝသို့ ရောက်သွားလေပြီ။ အရိုးစုများ အမှုန့်ကြေသွားသောအခါ သူတို့၏ အနုသုခုမနတ်ခန္ဓာများ ပျံ့ထွက်လာပြီး လွတ်မြောက်အောင် ကြိုးစားလိုက်ကြသည်။ မန်ဟိုက လက်မောင်းကို ခါရမ်းလိုက်၏။
ခြောက်သွေ့
လေပြင်းတစ်ချက်က ဆိုင်းမဆင့်ဗုံမဆင့် တိုက်ခတ်လိုက်၍ အနုသုခုမနတ်ခန္ဓာငါးခုမှာ တခဏ တုန်ရီသွားပြီးနောက် ခြောက်သွေ့သွားတော့သည်။ လီမျိုးနွယ်ကျင့်ကြံသူများ ခန္ဓာနှင့်ဝိညာဉ် သေဆုံးရန် တဒင်္ဂသာ ကြာလိုက်လေသည်။
“သွေးမိစ္ဆာမဟာမှော်သိုင်းရဲ့ အဆင့် (၃) ကို မဝင်ရောက်သေးတာ ဆိုးတာပဲ။ မဟုတ်လို့ကတော့ စိတ်ဝိညာဉ်အကြောအလွှာကို အသုံးပြုနိုင်ပြီ” မန်ဟို သူ၏အပြင်အားကိုယ်မှ ခွန်အားလှိုင်းများကို အာရုံခံနေသည့်အချိန်မှာပင် ပြင်းထန်သော ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွား၏။
အောက်တွင် မီတာ (၃၀၀၀၀) တာအိုရေကန်မှာ စတင်ပေါက်ကွဲလာလေပြီ။
ဒုတိယအကြိမ် ပေါက်ကွဲခြင်း
မျက်လုံးအားလုံးက အောက်ရှိရေကန်မှ မခွာသည့်အပြင် ကန်ရေများက လေပေါ် မြင့်တက်လာ၏။ ရေကန်ကို ကြည့်မနေသောလူဟူ၍ တစ်ယောက်မှ မရှိပေ။
မန်ဟို့မျက်လုံးများက အခေါင်းပလ္လင်မျိုးနွယ်စုမှ ကျိုးချိန်ဆီ ဖျတ်ခနဲ ရောက်သွားသည်။ သူက တစ်ချက်ကြည့်ပြီးနောက် ထိုလူရှိရာသို့ တန်းတန်းမတ်မတ် ပျံသန်းသွားတော့သည်။
မန်ဟိုက ကျိုးချိန်ကို အမှန်တကယ် တိုက်ခိုက်လိမ့်မည်ဟု မည်သူ ထင်မည်နည်း။ ကျိုးချိန်ပင်လျှင် မယုံနိုင်ပေ။ သူ့မှာ မန်ဟိုနှင့် ရန်ငြိုးမရှိသည် မဟုတ်ပါလော။
အလွန်တရာ လျင်မြန်သော အမြန်နှုန်းဖြင့် မန်ဟိုက လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ လက်သီးကြီး ကျိုးချိန်ဆီသို့ တဟုန်ထိုးသွားနေစဉ် တာအိုရှာဖွေခြင်းအဆင့်အရှိန်အဝါ ဖြာထွက်သွားပြီး လေထုသည် ကြေမွသွား၏။ ကျိုးချိန်၏ စွမ်းအားများအား ပေါ်ထွက်လာသည်။ သူသည် မုဒြာလက်ကွက်တစ်ကွက် ဖော်၍ လက်နှစ်ဖက်ကို အရှေ့သို့ ပို့လိုက်၏။
အုန်း
ကျိုးချိန်၏ ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး လွင့်ထွက်သွားသည်။ သူ့မှာ ချာချာလည် မူးဝေနေလျက် ဟိန်းဟောက်လိုက်၏။ “မင်း ဘာလုပ်တာလဲ”
“စောစောက မင်း ယူပြီး သိုလှောင်အိတ်ထဲ ထည့်လိုက်တဲ့ ရောင်ခြည်စက်ဝန်းကို ငါ လိုချင်တယ်” မန်ဟိုက သူ့ဆီသို့ ပြေးဝင်လာရင်း ပြောသည်။
“သေစမ်း သေစမ်း” ကျိုးချိန် နောက်ဆုတ်တော့မည့်အချိန် ရုတ်တရက် တာအိုရေကန်၏ ပေါက်ကွဲမှုမှာ ပို၍အားပါလာ၏။ ရတနာပစ္စည်းများ ထွက်လာတော့မည့်အလား ရေများမှာ စူးရှတောက်ပလာတော့သည်။
ဤအခိုက်အတန့်တွင် သတိထားနေကြဆဲ ဖြစ်သော်လည်း မည်သူမှ မန်ဟိုနှင့် ကျိုးချိန်ကို အဖက်မလုပ်တော့ပေ။ သူတို့အားလုံး၏ အာရုံမှာ အောက်ရှိ တာအိုရေကန်အပေါ်တွင်သာ ဖြစ်သည်။
မန်ဟိုက ထပ်မံထိုးချလိုက်၍ ကြီးမားသောအသံလှိုင်းကြီး ထစ်ချုန်းရိုက်ညောင်းသွားသည်။ ကျိုးချိန်မှာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် နောက်လွင့်ထွက်သွား၏။ သူသည် သူ၏ခန္ဓာကိုယ်ကို ဝေဝါးမှုန်မွှားသွားစေသော မုဒြာလက်ကွက်တစ်ကွက်အား ဖော်လိုက်သော်လည်း ပြန်တိုက်ခိုက်နိုင်ခြင်းမရှိသေးပေ။ သူ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြန်သည်။
“အားပြင်းလွန်းတယ်။ ငါ သူနဲ့ မယှဉ်နိုင်ဘူး” ကျိုးချိန်၏ မျက်နှာမှာ သွေးမရှိတော့ပေ။ မန်ဟို၏ အချိန်ကိုက် တိုက်ကွက်များက သူ့အတွက် ဆိုးရွားလွန်းသည်။ ယခုတွင် နေရာရွှေ့ပြောင်း၍လည်း မရပေ။ ၎င်းမှာ ပေါက်ကွဲခြင်း စတင်ပြီးနောက်မှသာ အလုပ်လုပ်နိုင်သည်မဟုတ်ပါလော။
“ကန်က ချိန်မရွေး ပေါက်ကွဲတော့မှာ” ကျိုးချိန်က အံတင်းတင်းကြိတ်ရင်း တွေးလိုက်သည်။ “အသက်ရှိုက်စာနည်းနည်းလောက်တော့ ငါ မခံနိုင်ဘဲ မနေပါဘူး”
မန်ဟို၏မျက်နှာအမူအရာမှာတော့ သွေးအေးလျက်သာ။ လီမျိုးနွယ်ကျင့်ကြံသူများအား သူ တိုက်ခိုက်ခဲ့သော အကြောင်းရင်းမှာ သူတို့၏ချီနှင့်သွေးကို စုပ်ယူ၍ အခြားသူများ သိမ်းပိုက်ထားသော ရတနာများကို လုယက်ဖို့အတွက်ပင်။
သူနှင့် ကျိုးချိန်အကြား ရန်ငြိုးမရှိ။ သို့သော် တောင်ပိုင်းဒေသ ကျင့်ကြံသူများထက်စာလျှင် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများအား ဓားပြတိုက်ရသည်က ပိုသင့်တော်သည်။ သူတို့အကြားရှိ ရန်ငြိုးကြောင့်မဟုတ်ဘဲ ပိုင်နက်ကျူးလွန်မှုနှင့် သက်ဆိုင်၏။
မှန်သည်၊ ယင်းက ကျိုးချိန် နားလည်မည်မဟုတ်သော အကြောင်းရင်းပင်။
“ရောင်ခြည်စက်ဝန်းပေးမလား သေမလား” မန်ဟိုက နောက်မှ ထပ်ကြပ်မကွာ လိုက်လာရင်း ပြောသည်။ တာအိုရေကန်၏ မြည်သံကြီးမှာ ပို၍ပင် ကျယ်လောင်လာလေပြီ။ ရေများက တပွက်ပွက် ဆူလာပြီး ဟိုးအောက်ဆုံးအထိ အလွန်နိမ့်ကျသွားသဖြင့် လာမည့်အခိုက်အတန့်တွင် ပေါက်ကွဲတော့မည့်အလား ထင်ရ၏။
“ခဏလေး ခဏလေးပဲ” ကျိုးချိန်က အံတင်းတင်းကြိတ်ရင်း တွေးလိုက်သည်။ “ခဏလေးစောင့်ရုံပါပဲ” သူက မျက်စိမျက်နှာပျက်လျက် အရှိန်အကုန်ထုတ်၍ နောက်ဆုတ်လိုက်လေသည်။
“မင်း တကယ် သေချင်နေတာကိုး” မန်ဟိုက အေးစက်စက် နှာတစ်ချက်မှုတ်ကာ ပြောလိုက်၏။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ကာ ပုလဲဖြူပုလဲနက် ဝန်းရံလှည့်ပတ်နေသော နဝမတောင်ကို ဆင့်ခေါ်လိုက်၏။ ၎င်း နိမ့်ဆင်းလာသည့်အခါ ကျိုးချိန်၏မျက်နှာတွင် ပြင်းထန်သော အံ့ဩခြင်းတို့ စိုးမိုးသွားတော့သည်။ သူ့မှာ ရုန်းထွက်ချင်သော်လည်း မန်ဟို၏အပြင်အားကိုယ်မှာ တာအိုရှာဖွေခြင်းအဆင့်နှင့် ယှဉ်နိုင်သည်မဟုတ်ပါလော။ မန်ဟိုက နဝမတောင်နှင့် တစ်သားတည်း ဖြစ်နေဟန်တူသော ညာလက်ကို မြှောက်လိုက်သည်။ မဖော်ပြမတတ်လောက်အောင် ပြင်းထန်သော ဖျက်စီးခြင်းအားကြီးက ကျရောက်လာလေပြီ။
ချေမှုန်းခြင်း
သေတော့မည့် အာရုံက ကျိုးချိန်၏ နှလုံးသားကို လွှမ်းမိုးသွားသည်။ ထိုအာရုံမှာ အဆုံးစွန်အထိ ပြင်းထန်လေသည်။ ကျိုးချိန်သည် မရှောင်နိုင်ကြောင်း သေချာပြီး တောင်ကြီးသာ သူ့ကို ဖိချလိုက်လျှင် အသက်နှင့်ကိုယ် အိုးစားကွဲသွားမည်ဖြစ်ကြောင်း သိသည်။
“သေစမ်း” သူသည် ခိုင်မာပြတ်သားသော လူဖြစ်သည့်အတွက် ဒေါသတကြီး တစ်ချက်ကြုံးဝါးရင်း တောက်ပနေသော ရွှေရောင်ခြယ်စက်ဝန်းကို ထုတ်၍ ပစ်လိုက်သည်။ ၎င်း မန်ဟို့လက်ထဲ ရောက်သွားသည့်အခိုက်အတန့်မှာပင် ....
ဗွမ်း
တာအိုရေကန်ကား ပေါက်ကွဲသွားလေပြီ။
အဆုံးမဲ့သော ကန်ရေများက လေထဲ ထိုးတက်သွားပြီး အတွင်းထဲ၌ မြင်လိုက်ရသည်မှာတော့ ပထမတစ်ကြိမ်ကလို မြောက်မြားစွာသော ရတနာများမဟုတ်၊ ပစ္စည်းတစ်ခုတည်းသာ။
၎င်းသည် ရောင်စဉ်အသင်္ချေဖြင့် တောက်ပနေသော ဝိညာဉ်သဖွယ် ပုံရိပ်ယောင်အရာဝတ္ထုတစ်ခု ဖြစ်သည်။ ယောက်ျားတစ်ယောက်နှင့် တူသော်လည်း ပုံပန်းသွင်ပြင်မှာတော့ မထင်ရှားလှပေ။ ဝိညာဉ် ကန်ရေအတွင်းမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်သည် မှောင်မိုက်သွားပြီး မြေငလျင်တို့ လှုပ်ခတ်လာသည်။
အဆိုပါအရှိန်အဝါက စိတ်ဝိညာဉ်ခွဲထွက်ခြင်းကို ဖိနှိပ်နိုင်ပြီး တာအိုရှာဖွေခြင်းအား လွှမ်းမိုးနိုင်သော ပြင်းအားကြီးဖြင့် ဖြာထွက်သွားလေသည်။ ဤသည်ကား ..
အင်မော်တယ်အရှိန်အဝါပင်။
အင်မော်တယ်အရှိန်အဝါတစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွား၏။
ထိုမျှသာမက ၎င်းသည် အတုအယောင်အင်မော်တယ်၏ အရှိန်အဝါမဟုတ် ... အစစ်အမှန်အင်မော်တယ်၏ အရှိန်အဝါပင်။ ဝိညာဉ်၏ ပတ်ပတ်လည် ပတ်ဝန်းကျင်မှာ ချက်ချင်း ပြောင်းလဲလာသည်။ ဤအရာဝတ္ထု၏ တည်ရှိမှုက တည်ရှိပြီးသားအရာကို ၎င်း၏ကိုယ်ပိုင်နိယာမများဖြင့် အစားထိုးပစ်လိုက်သည့်အလား သဘာဝနိယာမတို့ လည်လာပြီး ပြောင်းလဲကုန်၏။
“အစစ်အမှန် အင်မော်တယ်တစ်ဦးရဲ့ ဝိညာဉ်” ယီးကျန့်ဂိုဏ်းမှ ဆယ်ကျော်သက်လူငယ်က အက်ကွဲပြီး စိတ်လှုပ်ရှားနေသောအသံဖြင့် ပြောသည်။
“အစစ်အမှန်အင်မော်တယ်ဝိညာဉ်” ကျင်းဟန်ရုပ်သေးရုပ်ကြီးက အသက်ပင် ဖြောင့်ဖြောင့် မရှူနိုင်တော့ဘဲ ပြောသည်။
ဆရာကြီးနွမ်းလျတာအို၊ စုန့်မျိုးနွယ်ခေါင်းဆောင်ကြီးနှင့် ကျန်ရှိသူများမှာ လုံးလုံးလျားလျား အံ့ဩမှင်သက်နေတော့သည်။ သူတို့အားလုံးသည် စောစောက စိတ်ကို ပြင်ဆင်ထားခဲ့ပြီး တာအိုရေကန်၏ ဒုတိယအကြိမ်ပေါက်ကွဲမှုမှ အဖိုးထိုက်ရတနာတစ်ပါး ပန်းထုတ်ပေးမည်ဖြစ်ကြောင်း သိသော်လည်း .... အစစ်အမှန်အင်မော်တယ်တစ်ဦး၏ဝိညာဉ် ဖြစ်နေလိမ့်မည်ဟု အမှန်တကယ် မထင်ထားခဲ့ပေ။
“တာအိုရှာဖွေခြင်းအဆင့် အထွတ်အထိပ် လူတစ်ယောက်အတွက် အစစ်အမှန်စိတ်ဝိညာဉ်အင်မော်တယ်တစ်ဦးရဲ့ ဝိညာဉ်ကို စုပ်ယူလိုက်ရင် အစစ်အမှန်အင်မော်တယ်အဆင့် တက်လှမ်းဖို့ အခွင့်အရေးရသွားလိမ့်မယ်”
“တကယ်ကြီး အစစ်အမှန်အင်မော်တယ်ရဲ့ ဝိညာဉ်ပါလား”
အမှန်တွင် ၎င်း မည်သည့်အရာဖြစ်သလဲ သိသူ သိပ်များများစားစား မရှိပေ။ အထူးသဖြင့် အပြင်ဝန်းကျင်ရှိ ကျင့်ကြံသူများဖြစ်သည်။ သို့ရာတွင် မီတာ (၃၀၀၀၀) တာအိုရေကန်အပေါ်ရှိ လူအများစုမှာမူ တစ်ချက်ကလေး ကြည့်ရုံနှင့် မည်သည့်အရာလဲ ပြောနိုင်၏။
မန်ဟို၏မျက်လုံးများ တလက်လက် တောက်ပသွားသည်။
အစစ်အမှန်အင်မော်တယ်၊ အတုအယောင်အင်မော်တယ်ဟူ၍ နှစ်မျိုးရှိသည်။ အစစ်အမှန်အင်မော်တယ်များသည် ကိုယ်ပိုင်တာအိုနှင့်ပတ်သက်၍ ဉာဏ်အလင်းရသူများ ဖြစ်ပြီး အထွတ်အထိပ်သို့ ရောက်လျှင် အင်မော်တယ်ပြစ်ဒဏ်ကို ခံယူရ၏။ ကျော်ဖြတ်နိုင်သူများအနေဖြင့် တာအိုရှာဖွေခြင်းအဆင့်မှ အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်ပေမည်။
အခြားတစ်ဖက်တွင် အတုအယောင်အင်မော်တယ်များကား အင်မော်တယ်ပြစ်ဒဏ်ကို ခံယူစရာမလို။ သူတို့သည် နဝမတောင်၏ အင်မော်တယ်အပ်နှင်ခြင်းစင်မြင့်အပေါ်တွင် မိမိ၏နာမည်ကို ရေးထိုးကာ အင်မော်တယ်ဘဝအား အပ်နှင်းခံရပေမည်။ သူတို့တွင် အင်မော်တယ်ချီ ရှိသော်လည်း ... နဝမတောင်တွင်သာ အင်မော်တယ်များ ဖြစ်နိုင်၏။
ထိုကဲ့သို့ အတုအယောင်အင်မော်တယ်များအနေဖြင့် နဝမတောင်၏အပြင်သို့ ခြေမချနိုင်ပေ။ ထိုမျှသာမက အင်မော်တယ်အပ်နှင်းခြင်းစင်မြင့်သာ ပျက်စီးသွားခဲ့လျှင် သူတို့အားလုံး သေဆုံးရမှာဖြစ်သည်... သူတို့အားလုံးမှာ ကျီမျိုးနွယ်စု၏ အင်မော်တယ်များသာ မဟုတ်ပါလော။
“မကောင်းတော့ဘူး။ အစစ်အမှန်အင်မော်တယ်ဝိညာဉ် ပေါ်လာတာက တောင်ပိုင်းဒေသရဲ့ ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေက တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူတွေကို ဆွဲဆောင်လိုက်လိမ့်မယ်”
“အရှိန်အဝါက ပိတ်လှောင်ထားဖို့ ခက်တယ်။ တောင်ပိုင်းဒေသကနေတော့ ထွက်သွားမှာ မဟုတ်ပေမယ့် အာရုံရလိုက်တဲ့သူတွေ သေချာပေါက် ရှိနေပြီ”
ယီးကျန့်ဂိုဏ်းမှ ဆယ်ကျော်သက်လူငယ်၊ ကျင်းဟန်ဂိုဏ်းမှ ရုပ်သေးရုပ်၊ ဆရာကြီးနွမ်းလျတာအိုတို့အပြင် ကျန်ကျင့်ကြံသူအားလုံး ဤအဓိပ္ပာယ်ကို သဘောပေါက်လိုက်ကြသည်။
“တိုက်”
“မြန်မြန် ယူမှ ဖြစ်မယ်။ ငါ သုံးလို့မရရင်တောင်မှ လက်ဆောင်အနေနဲ့ ပေးလိုက်ရင် ကံကြမ္မာကောင်းတစ်ခုခုနဲ့ ပြန်မြှောက်စားခံရလိမ့်မယ်”
“ငါ ရကိုရမှ ဖြစ်မယ်။ ငါနဲ့ လာလုတဲ့သူ မှန်သမျှ သေပြီသာမှတ်”
ယီးကျန့်ဂိုဏ်းမှ ဆယ်ကျော်သက်လူငယ်က မျက်ထောင့်နီကြီးများဖြင့် ပျံထွက်သွားသည်။ ကျန်ရှိသူများလည်း မျက်လုံးများ တလက်လက် တောက်ပနေလျက် တဟုန်ထိုး ထွက်သွားကြ၏။
မျက်စိတစ်မှိတ်အတွင်း မန်ဟိုပင် အပါအဝင် လူတိုင်း လှုပ်ရှားနေကြလေပြီ။
အစစ်အမှန်အင်မော်တယ်၏ ဝိညာဉ်အတွက် တိုက်ပွဲ။
သူတို့အနေဖြင့် တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့်ပညာရှင်များ မရောက်လာခင် အစစ်အမှန်အင်မော်တယ်ဝိညာဉ်ကို တတ်နိုင်သမျှ မြန်မြန် ထိန်းချုပ်မှ ဖြစ်ပေမည်။ ဤသည်မှာ အစစ်အမှန်အင်မော်တယ် ဖြစ်လာနိုင်မည့် အခွင့်အရေး၊ အင်မော်တယ်ကံတရားဖြစ်သည်။ ထိုသို့သော အခွင့်အရေးမျိုးမှာ အရေးကြီးသည့်ထက်ပင် ပို၏။
အင်မော်တယ်ကံတရားးးးး
ဝုန်းးးးး
***