အကုန်လုံး တိုက်ခိုက်ခြင်း
Vol. 52 Ch. 724
တောင်ပိုင်းဒေသ ယီးကျန့်ဂိုဏ်း၏ အဖော်မဲ့ဓားတောင်အတွင်းထဲတွင် ရုတ်တရက် ထစ်ချုန်းသံကြီးတစ်သံအား ကြားလိုက်ရသည်။ ရှေးဆန်သော အရှိန်အဝါကြီးတစ်ခု ပေါက်ကွဲထွက်လာကာ ကောင်းကင်ကား မှောင်မည်းသွားစေ၏။ ပုံရိပ်ယောင်ဓားတစ်လက် လေလယ်တွင် ပျံဝဲလျက် ပေါ်လာလေသည်။
တစ်ချိန်တည်းမှာပင် ရှေးဆန်သော အနက်ရောင်ဝတ်ရုံနှင့် အဘိုးကြီးတစ်ဦးသည် မည်သည့်နေရာကမှန်းမသိ ထွက်လာ၏။ သူ ရပ်နေစဉ် သူ၏တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့် အရှိန်အဝါလှိုင်းများက အရာအားလုံးကို သိမ့်သိမ့်တုန်နေစေတော့သည်။ သူက ရှေးဟောင်းတာအိုရေကန်များရှိရာသို့ လှည့်ကြည့်လိုက်၏။
“အစစ်အမှန်အင်မော်တယ်တစ်ဦးရဲ့ ဝိညာဉ်” ခိုင်မာပြတ်သားမှုတို့ သူ၏မျက်လုံးများတွင် တောက်ပသွားပြီး သူကား ရှေးဟောင်းတာအိုရေကန်များ ရှိရာသို့ ဦးတည်လျက် ဖျတ်ခနဲ ပျောက်ကွယ်သွားတော့သည်။
ကျင်းဟန်ဂိုဏ်း၏ တားမြစ်နေရာတွင် မျက်နှာပြင်အပေါ်၌ မည်သည့်စာလုံးမှ မရေးထိုးထားသော ကမ္ဗည်းကျောက်စာတိုင်တစ်တိုင် ရှိသည်။ ၎င်းသည် သာမန်ဖြစ်ဟန်တူပြီး သိပ်ထူးခြားနေပုံမရပေ။ သို့သော် သင်္ချိုင်းဂူအတွင်းမှ ရုတ်တရက် ရှေးဆန်သော အရှိန်အဝါတစ်ခု ပေါ်လာပြီး အရိုးအပေါ်အရေတင်လက်တစ်ဖက် ထွက်လာသည်။ ရှုပ်ရှုပ်ပွပွဆံပင်များဖြင့် အိုအိုမင်းမင်းပုံရိပ်တစ်ခု ပျံထွက်လာသဖြင့် မြေကြီးမှာ ပက်ကြားအက်သွားတော့၏။
“အစစ်အမှန်အင်မော်တယ်တစ်ဦးရဲ့ ဝိညာဉ်။ အစစ်အမှန်အင်မော်တယ်ဝိညာဉ်ရဲ့ အရှိန်အဝါပဲ” ပုံရိပ် လေကို ခွင်းသွားစဉ် ထူးဆန်းသောအလင်းရောင်က ၎င်း၏မျက်လုံးများတွင် နေရာယူနေ၏။
ဇီယွင်ဂိုဏ်းအတွင်းတွင်တော့ အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်လျက်သာ။ သက်ပြင်းချသံတစ်သံ ထွက်လာပြီး တိတ်ဆိတ်မှုက တစ်ဖန်ပြန်ကြီးစိုးသွားသည်။
လီမျိုးနွယ်စုအတွင်းမှ ဟိန်းဟောက်ကြုံးဝါးသံတစ်သံ ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း ရှေးဆန်သောလူတစ်ယောက် ထွက်လာ၏။ သူသည် တောက်တောက်ပြောင်ပြောင် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး မိုးထိုးနေသော အသတ်အဖြတ်စိတ်ဆန္ဒရှိလေသည်။ သူကား တဂျိန်းဂျိန်း ထစ်ချုန်းသံများနှင့်အတူ ရှေးဟောင်းတာအိုရေကန်များ ရှိရာသို့ ပျံသန်းသွားလေပြီ။
စုန့်မျိုးနွယ်စု၏ အနက်ပိုင်းထဲတွင် ကိုယ်တစ်ပိုင်းပြတ်အလောင်းသည် အသေကောင်ပမာ ငြိမ်သက်နေ၏။ ရုတ်တရက် ၎င်း၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး ထူးဆန်းစွာ တောက်ပလာလေသည်။
“အစစ်အမှန်အင်မော်တယ်တစ်ဦးရဲ့ ဝိညာဉ်။ နောက်ဆုံးတော့ ငါ့အတွက် အင်မော်တယ်အဆင့် တက်လှမ်းနိုင်မယ့် အခွင့်အရေးရောက်လာခဲ့ပြီ” သူ၏လစ်ဟနေသော ကိုယ်အောက်ပိုင်းတွင် အသွေးအသားသစ်တို့ ထပ်လောင်းဖြစ်ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်း သူကား သတ်လတ်ပိုင်းလူဖြစ်သွားလေပြီ။ သူ့တွင် ဆံပင်များ မရှိသည့်အပြင် တာအိုဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ သူက ခြေတစ်လှမ်းလှမ်းပြီးနောက် ပျောက်ကွယ်သွား၏။
ချင်းလော်ဂိုဏ်းတွင် တာအိုခြောက်ပါးခေါင်းဆောင်ကြီးလည်း လူတကာနည်းတူ အာရုံရလိုက်၏။ သို့သော် သူက ချီတုံချတုံ ဖြစ်နေပြီးနောက် ခံပြင်းပြင်း အော်ဟစ်လိုက်သည်။ “သောက်ချီးတဲ့မှ။ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက တာအိုရှာဖွေခြင်းအလယ်အလတ်အဆင့်ကို ကျနေခဲ့ပြီးပြီ။ ဘယ်လိုလုပ် တစ်ယောက်တည်း တိုက်ခိုက်နိုင်တော့မှာလဲ။ မန်ဟို ၊ သွေးမိစ္ဆာဂိုဏ်း။ မင်းတို့ မသေမချင်း ငါ အနားမယူဘူး”
ထိုစဉ် တောင်ပိုင်းဒေသနှင့် နဂါးငွေ့တန်းပင်လယ်အကြား နယ်စပ်ရှိ တောင်တစ်လုံးအပေါ်တွင် အိမ်ခြေတစ်ရာကျော်ရှိသော ရွာလေးတစ်ရွာ ရှိသည်။
မီးခိုးငွေ့များက တလူလူ တက်နေပြီး ရွာပြင်၌ ကစားနေသော ကလေးများဆီမှ ရယ်သံလွင်လွင်ကလေးများ ပျံ့လွင့်လာသည်။
“ဟီးဟီး သားကို မဖမ်းနိုင်ပါဘူး အဘိုးကြီးရေ”
“ဘိုးဘိုး လက်တွေက ညစ်ပတ်နေတာပဲ မီးမီးကို မထိနဲ့”
“ရအောင် လိုက်ဖမ်းလေ ဘိုးကြီး။ သားတို့ ဒီမှာ”
ကလေးများက အဘိုးကြီးတစ်ဦးနှင့် တူတူပုန်းတမ်း ကစားနေကြလေသည်။ အဘိုးကြီး၏ဆံပင်များမှာ ဖွာလန်ကြဲနေပြီး သိပ်ကျပ်ပြည့်ပုံမရပေ။ သူ၏အဝတ်အစားများမှာ ညစ်ပတ်နေပြီး အသားတွင်ပင် ရွှံများပေနေသည်။ အဘိုးကြီးက တဟားဟားရယ်ရင်း ကလေးများကို လိုက်ဖမ်းနေရာ ကလေးများမှာလည်း သဘောကျစွာ ရယ်နေကြလေသည်။
“ဟားဟားဟား ဖမ်းမိတော့မယ်နော်။ ဖမ်းမိတော့မယ်။ ဟားဟားဟား။ ငါ့မှာ ဝိညာဉ်မရှိဘူး။ ဖမ်းမိတော့မယ် မန်ဟို ..... ဘယ်သူက မန်ဟိုလဲ။ အင်မော်တယ်အဆင့်တက်ရမယ် ... အင်မော်တယ်အဆင့် တက်မယ်....” အဘိုးကြီးက ရှေ့နောက်ပြေးလွှားနေရင်းတန်းလန်း တစ်စုံတစ်ခုကို သတိထားမိလိုက်သည့်အလား တုံ့ခနဲ ရပ်သွား၏။ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး အသက်မပါသောမျက်ဝန်းများဖြင့် အဝေးသို့ လှမ်းကြည့်လိုက်လေသည်။
“အစစ်အမှန်အင်မော်တယ်တစ်ဦးရဲ့ ဝိညာဉ်.... အစစ်အမှန်အင်မော်တယ်တစ်ဦးရဲ့ ဝိညာဉ်..... ငါက ဘယ်သူလဲ .... ငါက ဘယ်သူလဲ”
အဘိုးကြီးက လက်နှစ်ဖက်ဖြင့် သူ့ခေါင်းကို ထုရိုက်လိုက်ပြီး ဖြေမဆည်နိုင်စွာ အော်ဟစ်လိုက်သည်။ အင်မော်တယ်ချီတို့ ပြည့်နှက်နေသော အံ့ဖွယ်အသံလှိုင်းများ အဘက်ဘက်သို့ ဖြာထွက်သွား၏။
ကလေးများ မျက်နှာအပေါ်ရှိ အပြုံးများ မဲ့သွားပြီး သူတို့၏ခန္ဓာကိုယ်များ ဝေဝါးလာသည်။ ရွာလေးတစ်ရွာလုံး ပုံပျက်ရှုံ့တွလာပြီး အလင်းရောင်များ တလက်လက် တောက်ပလာသည်။ အလင်းရောင်များက လေပေါ် ထိုးတက်ပြီး အဘိုးကြီးဆီ ပြေးဝင်လာကာ ဆေဘာတစ်လက်အသွင် ပေါင်းစည်းသွား၏။ အဘိုးကြီးက ဆေဘာကို ဆုပ်ကိုင်လျက် အဝေးသို့ ထွက်သွားလေသည်။
ရွာလေးသည် ဘယ်တုန်းကမှ အစစ်အမှန် မဟုတ်ခဲ့သလို၊ ထိုနေရာတွင် နေထိုင်သူများလည်း အစစ်အမှန်မဟုတ်ပေ။ အကုန်လုံးက ဆေဘာ၏ ဖန်ဆင်းမှုပုံရိပ်များသာ ဖြစ်၏။
“အင်မော်တယ်အဆင့်တက်လှမ်းခြင်း၊ အင်မော်တယ်အဆင့်တက်လှမ်းခြင်း။ ငါ အင်မော်တယ် ဖြစ်စေရမယ်” အဘိုးကြီးက ကယောင်ကတမ်း ရေရွတ်ရင်း ပျံသန်းနေသည်။ စိတ်မမှန်သဖြင့် သူ၏မျက်နှာမှာ ကြောင်ကြောင်အအ ဖြစ်နေ၏။
ထိုစဉ် သွေးမိစ္ဆာတောင်ပေါ်၌ သွေးမိစ္ဆာဂိုဏ်းချုပ်သည် သွေးကန်ထဲတွင် ထိုင်လျက်ရှိ၏။ သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်သွားပြီး ထရပ်ရန် ပြင်လိုက်ပြီးနောက် တွန့်ဆုတ်သွားသည်။
“ဘာကံကြွေးမှ ဘာကံတရားမှ ငါနဲ့ ဆက်စပ်မနေပါလား” သူက ခေါင်းယမ်းရင်း ပြောကာ ပြန်ထိုင်လိုက်လေသည်။
တောင်ပိုင်းဒေသတစ်ခွင်လုံးရှိ အင်အားစုအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ အနောက်ပိုင်းသဲကန္တာရမှ မန်ဟိုနှင့် အင်မတန် ရုပ်ချင်းဆင်သော အနက်ရောင်ဝတ်ရုံနှင့်လူငယ်တစ်ယောက် ပျံသန်းလာသည်။ လေကို ခွင်းလာနေစဉ် သူ၏မျက်နှာအမူအရာမှာ ခက်ထန်နေ၏။ အဝေးကြည့်လျှင် သူကား ဧရာမလင်းနို့နက်ကြီးတစ်ကောင်အသွင်ရှိကြောင်း တွေ့ရပေမည်။
သူသည် ရှေးဟောင်းတာအိုရေကန်များဆီသို့ အမြန်ဆုံးသွားနေ၏။
“သူ အဲဒီမှာ... ငါ အာရုံရနေတယ် ....”
တောင်ပိုင်းဒေသတစ်ဝန်းလုံး အံ့ဩတုန်လှုပ်နေစဉ် ရှေးဟောင်းတာအိုရေကန်များ၏ အတွင်းပိုင်းတွင်တော့ မီတာ (၃၀၀၀၀) ကန်ရေပြင်တစ်လျှောက် ပေါက်ကွဲသံများ မြည်ဟည်းနေသည်။
အစစ်အမှန်အင်မော်တယ်ဝိညာဉ်အတွက် တိုက်ပွဲမှာ သာမန်စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများ ဝင်ပါနိုင်သည့် တိုက်ပွဲမျိုးမဟုတ်ပေ။ ဒုတိယခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူပင်လျှင် ဤကံကြမ္မာကောင်းကို အသက်မသေဘဲ လုယက်နိုင်ဖို့ ခက်ခဲ၏။
သို့သော် ဤအခွင့်အရေးအကြောင်း တွေးလိုက်ရုံနှင့်တင် လူတိုင်းမှာ စိတ်နှလုံးတုန်ရီသွားရလေသည်။ မီတာ (၃၀၀၀၀) တာအိုရေကန်၏ ပထမအကြိမ် ပေါက်ကွဲခြင်းအတွက် တိုက်ပွဲကို ကြုံတွေ့ပြီးနောက် ဂိုဏ်းများ၊ မျိုးနွယ်စုများမှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများမှာ ရင်သပ်ရှုမောခဲ့ရလေသည်။ ထို့ကြောင့် ယခုတွင် သူတို့မှာ တွန့်ဆုတ်နေကြပြီး အတော်များများဆိုလျှင် ဆုတ်ခွာသွားကြ၏။
သွေးမိစ္ဆာဂိုဏ်းခေါင်းဆောင်ကြီးခြောက်ဦးမှာ ပထမဦးဆုံး နောက်ဆုတ်သွားကြသူများ ဖြစ်သည်။ ထို့နောက် ယီးကျန့်ဂိုဏ်းမှ ဆရာကျန့်နှင့် အခြားသူများ။ စုန့်မျိုးနွယ်စုမှာမူ သူတို့၏ခေါင်းဆောင်ကြီးသည် အံတင်းတင်းကြိတ်၍ ထွက်ခွာသွား၏။
ဆရာကြီးနွမ်းလျတာအိုမှာ ဇီယွင်ဂိုဏ်းမှ တစ်ယောက်တည်းသောသူ ဖြစ်သည်။ ထူးဆန်းသောအလင်းရောင်တစ်ခု သူ၏မျက်လုံးများတွင် တောက်ပနေပြီး သူက တခဏ ချီတုံချတုံဖြစ်နေသော်လည်း နောက်ဆုံးတွင် ထွက်သွားရန် ရွေးချယ်လိုက်လေသည်။
တဖောင်းဖောင်း ပေါက်ကွဲသံများ ရိုက်ညောင်းနေပြီး ပြင်းထန်သော မှော်စွမ်းအင်လှိုင်းများ ဖြာထွက်နေသည်။ လူအနည်းစုသာလျှင် ဤတိုက်ပွဲ၌ ပါဝင်ရန် အရည်အချင်း ပြည့်မှီ၏။
ယီးကျန့်ဂိုဏ်းမှ လျှို့ဝှက်ဆန်းကြယ်သော ဆယ်ကျော်သက်လူငယ်၊ ကျင်းဟန်ဂိုဏ်း၏ ရွှေရုပ်သေးရုပ်ကြီး၊ မြောက်ပိုင်းသဲကန္တာရ၏ အင်ပါယာသွေးဆက်မျိုးနွယ်စုမှ လုပိုင်။ ထို့နောက် ... မန်ဟို။
တိရွယ်မှာ မန်ဟိုကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ထားပြီး အခေါင်းပလ္လင်ဂိုဏ်းမှ ကျိုးချိန်ကတော့ မာနထိခိုက်ထားလေသည်။ သူတို့သည် တိုက်ပွဲတွင် ဝင်မပါရဲသဖြင့် ဘေးသို့ ဆုတ်သွားကြ၏။
ပေါက်ကွဲမှုများမှာ အံ့မခန်းပင်။ ယီးကျန့်ဂိုဏ်းမှ လျှို့ဝှက်ဆန်းကြယ်သော ဆယ်ကျော်သက်လူငယ်သည် ၆ ပေ ဓားရှည်ကို ကိုင်ထားသည်။ သူ ၎င်းကို အရှေ့သို့ ခုတ်ပိုင်းလိုက်လျှင် တလက်လက် တောက်ပနေသော လခြမ်းကွေးတစ်ခုက လှိုင်းများဖြန့်ကျက်ရင်း ထွက်သွား၏။
အစစ်အမှန်အင်မော်တယ်ဝိညာဉ်အတွက် တိုက်ပွဲတွင် ဘယ်သူ့တွင်မှ မဟာမိတ်မရှိပေ။ လူတိုင်းသည် ရန်သူဖြစ်၏။ ထို့ကြောင့် ဘယ်သူမှ တစ်ယောက်-တစ်ယောက်ချင်း မတိုက်ခိုက်ဝံ့သဖြင့် ဧရိယာတိုက်ကွက်နတ်ဘုရားစွမ်းရည်များသာ ထုတ်လွှတ်နေကြလေသည်။
လောလောဆယ်တွင် အောင်မြင်ဖို့အတွက် လမ်းကြောင်းတွင် တခြားသူများ၏လမ်းကို ပိတ်ဖို့လည်း လိုအပ်နေသည်။
“မင်းတို့အားလုံး ငါ့လမ်းက ဖယ်စမ်း” ကျင်းဟန်ရုပ်သေးရုပ်ကြီးက ဟိန်းဟောက်လိုက်သည်။ ၎င်းထံမှ အရောင်အဝါများ ဖြာထွက်လာပြီး ၎င်းက လက်မြှောက်၍ အရှေ့သို့ ယမ်းလိုက်လေသည်။ ပင်လယ်ရေပြင်ကြီး မှော်ဆန်ဆန် ပေါ်လာပြီး အတွင်းထဲမှ နဂါးနက်အမြောက်အမြား ထွက်လာကြ၏။ နဂါးနက်တစ်ကောင်စီက ပုလဲတစ်လုံးစီ အန်ထုတ်လိုက်ရာ ပုလဲများမှာ တိုက်ခိုက်လိုက်သော ကမ္ဘာတစ်ကမ္ဘာစီ ဖြစ်လာသည်။
အင်ပါယာသွေးဆက်မျိုးနွယ်စုမှ လုပိုင်က နှာမှုတ်လိုက်သည်။ သူသည် မုဒြာလက်ကွက်တစ်ကွက်အား သွက်လက်စွာ ဖော်၍ လက်ချောင်းတစ်ချောင်းကို ဝှေ့ယမ်းလိုက်၏။ အချိန်နောက်ပြန်သွားနေသည့်အလား လေထုသည် ပုံပျက်ရှုံ့တွလာသည်။ လူတိုင်းမှာ ရုတ်တရက် အဆများစွာ နှေးကွေးသွားပြီး အချိန်နောက်ပြန်စီးဆင်းနေသယောင် ရှိလေသည်။
လုပိုင်အတွက် တခဏလေးအတွင်း အစစ်အမှန်အင်မော်တယ်ဝိညာဉ်နှင့် နီးကပ်သွားလေပြီ။
ထို့နောက် မန်ဟို။ မန်ဟိုကား ထူးထူးခြားခြားနတ်ဘုရားစွမ်းရည်များမသုံး။ ပုလဲဖြူပုလဲနက်နှင့် နဝမတောင်ကိုသာ ဆင့်ခေါ်၍ အစစ်အမှန်အင်မော်တယ်ဝိညာဉ်၏နေရာအပေါ် ကျရောက်သွားစေလိုက်သည်။
လာနေသော နဝမတောင်ကြီးက လုပိုင်၏မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေသည်။ စောစောကလေးတင် သူသည် အစစ်အမှန်အင်မော်တယ်ဝိညာဉ်ဆီ ရောက်လုဆဲဆဲဖြစ်ခဲ့သော်လည်း ယခုတော့ ဟန့်တားပိတ်ဆို့ခံလိုက်ရလေပြီ။
ပတ်ဝန်းကျင်ရှိ ကျန်အစွမ်းထက်ပညာရှင်များလည်း တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်နေကြသည်။ အရာအားလုံး တုန်ခါလှုပ်ရမ်းနေပြီး ကျင့်ကြံသူအကုန်လုံးမှာ ဝိညာဉ်ဆီ ချီတက်မလာနိုင်အောင် တခဏ ဟန့်တားခံလိုက်ရသည်။ ထိုအခိုက်တွင် ယီးကျန့်ဂိုဏ်းမှ ဆယ်ကျော်သက်လူငယ်က ခေါင်းထောင်ပြီး ဟိန်းဟောက်ကြုံးဝါးလိုက်၏။ သူ၏ခန္ဓာကိုယ်ကား ကြီးထွားစပြုလာသည်။ တစ်စက္ကန့်လေးအတွင်း သူသည် လူငယ်အရွယ်ရောက်လာ၏။
သူ၏အရှိန်အဝါမှာလည်း ကြောက်စရာကောင်းလောက်အောင် ကြီးမားလာသည်။ တာအိုရှာဖွေခြင်းအဆင့်စွမ်းအား မြင့်တက်လာပြီး သူကား စိတ်ဝိညာဉ်ခွဲထွက်ခြင်းမဟုတ်တော့ဘဲ တာအိုရှာဖွေခြင်းအဆင့် တဝင်ရောက်သွားဟန်တူသည်။ သူသည် လုပိုင်၏ အချိန်ပြောင်းပြန်အစွမ်းမှ ရုန်းထွက်ပြီး မန်ဟို၏နဝမတောင်ကို ပြေးဝင်တိုက်လိုက်၏။
အုံးခနဲ ပဲ့တင်ထပ်သွားစဉ် ယီးကျန့်ဂိုဏ်းမှ လူငယ်က လက်မြှောက်၍ လက်ညှိုးထိုးလိုက်သည်။ သူ၏သဘာဝနိယာမသည် နဝမတောင်ကို ဝင်တိုက်ပြီး ထုတ်ချင်းဖောက်ထွက်သွား၏။ သူကား အစစ်အမှန်အင်မော်တယ်ဝိညာဉ်ထံသို့ လက်လှမ်းလိုက်လေပြီ။
“သေစမ်း”
“မင်းတော့ သေချင်နေတာပဲ”
“သတ်ကြ”
လုပိုင် မျက်နှာပျက်သွားပြီး လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်ပြီးနောက် လက်ညှိုးထိုးလိုက်သည်။ ချက်ချင်းပင် အလင်းတန်းတစ်တန်း ပျံထွက်သွားပြီး အချိန်နောက်ပြန်စွမ်းအားသည် ယီးကျန့်ဂိုဏ်းမှ လူငယ်၏ပတ်ပတ်လည်တွင် ပေါ်လာ၏။
ကျင်းဟန်ရုပ်သေးရုပ်ကြီးက ကြုံးဝါးပြီးနောက် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ အနက်ရောင်အလင်းက အနက်ရောင်မိုးပေါက်များဖြစ်လာပြီးနောက် ဟိန်းဟောက်တွန်နေသော နဂါးတစ်သောင်းအဖြစ် စုခဲသွားသည်။ နဂါးတစ်သောင်းက ယီးကျန့်ဂိုဏ်းလူငယ်ဆီသို့ ပြေးဝင်သွားသည်။
မန်ဟို၏ မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ ဖြတ်ပြေးသွားသည်။ သူသည် မှော်တိုက်ကွက်မှ မသုံးဘဲ လက်ချောင်းတစ်ချောင်း ဝှေ့ယမ်းကာ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်ဖော်လိုက်သည်။
ယီးကျန့်ဂိုဏ်းမှ လူငယ်တွင် တာအိုရှာဖွေခြင်း စဉီးပိုင်းအဆင့်ကျင့်ကြံခြင်းအခြေခံရှိစေကာမူ သုံးယောက်၏ ပူးပေါင်းအင်အားက သူ့ကို တုန်လှုပ်သွားစေရန် လှုံလောက်လေသည်။ လုပိုင်၏ ထူးခြားဆန်းပြားမှော်သိုင်းက သူ့ကို အချိန်ထဲတွင် ပိတ်မိသွားစေသည်။ မန်ဟို၏ အံ့မခန်းနတ်ဘုရားစွမ်းရည်က သူ့ကို လှုပ်မရအောင် ချုပ်၍ သူ၏ကျင့်ကြံခြင်းအခြေခံကို အားနည်းသွားစေ၏။ ထို့နောက် ကျင်းဟန်ဂိုဏ်းရုပ်သေးရုပ်ကြီးက ဝုန်းဒိုင်းကြဲ ချဉ်းကပ်လာသည်။
လူသုံးယောက်၏ တိုက်ခိုက်မှုက ယီးကျန့်ဂိုဏ်းမှ လူငယ်ကို မျက်နှာဖြူဆုပ်သွားစေသည်။ သူကား ပါးစပ်မှ သွေးများ ပန်းထွက်လျက် လွင့်ထွက်သွားတော့၏။
လုပိုင်က ပထမဆုံး လှုပ်ရှားသူ ဖြစ်သည်။ သူသည် အချိန်နောက်ပြန်စွမ်းအားကို အသုံးပြုရင်း အစစ်အမှန်အင်မော်တယ်ဝိညာဉ်၏ဘေးတွင် ပေါ်လာပြီး ၎င်းကို ဆွဲယူတော့မည့်အချိန် ယီးကျန့်ဂိုဏ်းမှ လူငယ်က မာန်သွင်းဟစ်အော်လိုက်သည်။ သူ့ဓားက မီးဟုန်းဟုန်းတောက်သွားပြီး လတစ်သောင်း ရှေ့ထွက်သွားလေပြီ။ ၎င်းတို့သည် ကျင်းဟန်ဂိုဏ်းရုပ်သေးရုပ်ကြီး၏ နဂါးတစ်သောင်း၊ မန်ဟို၏ မန္တန်ဖြင့် ပေါင်းစည်းသွား၏။
ဝုန်း
လုပိုင်မှ တောင့်မခံနိုင်တော့ပေ။ သူ့မှာ ခေါင်းနပန်းကြီးသွားပြီး ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ သူ့တွင် အစစ်အမှန်အင်မော်တယ်ဝိညာဉ်ကို ယူရန် အချိန်မရတော့၍ မတတ်သာဘဲ နောက်ဆုတ်လိုက်ရတော့သည်။
ထိုအခိုက်အတန့်မှာပင် မန်ဟိုနှင့် ကျင်းဟန်ရုပ်သေးရုပ်ကြီးသည် အစစ်အမှန်အင်မော်တယ်ဝိညာဉ်ဆီသို့ ပျံသန်းသွားလေပြီ။ သူတို့၏အမြန်နှုန်းမှာ အသက်ရှူမှားချင်စရာကောင်းပြီး နှစ်ယောက်လုံး အစစ်အမှန်အင်မော်တယ်ဝိညာဉ်ကို ထိရန် တခဏလေးသာ လိုတော့သည်။ ကျင်းဟန်ရုပ်သေးရုပ်ကြီး၏မျက်လုံးများ တောက်ပသွားပြီး နဂါးတစ်သောင်းက မန်ဟို့ဆီ ပြေးဝင်လာ၏။ တစ်ချိန်တည်းမှာပင် ယီးကျန့်ဂိုဏ်းမှ လူငယ်နှင့် လုပိုင်က မန်ဟိုနှင့် ကျင်းဟန်ရုပ်သေးရုပ်ကြီးကို တိုက်ခိုက်ရန် ပူးပေါင်းလိုက်ကြသည်။
ဤသည်မှာ အလစ်တိုက်ကွက်များ၊ ရိုက်ချက်များဖြင့် ပြည့်နေသော တိုက်ပွဲတစ်ပွဲပင်။ ဤအတိုင်းဆက်သွားနေပါက မည်သူမှ အောင်မြင်မည်မဟုတ်။ တာအိုရှာဖွေခြင်းအထွတ်အထိပ်ပညာရှင်များ သေချာပေါက် ချဉ်းကပ်လာနေကြပြီဖြစ်ကြောင်း သူတို့ သိပြီး သူတို့ ရောက်လာလျှင် တစ်ယောက်မှ တိုက်ပွဲထဲ ဝင်ပါနိုင်တော့မည်မဟုတ်ပေ။
သွေးမိစ္ဆာမဟာမှော်သိုင်းသည် အစွမ်းထက်ပါသော်လည်း အခြားလူသုံးယောက်လုံးကို တစ်ပြိုင်တည်း ချုပ်ပေးထားနိုင်မည်လား မန်ဟို ယုံကြည်ချက်မရှိပေ။ တစ်ယောက်လေး လွတ်သွားလျှင်ပင် သွေးမိစ္ဆာမဟာမှော်သိုင်းကို ထိန်းထားရင်း တစ်ပြိုင်တည်း တိုက်ခိုက်ရန် ခက်ခဲပေလိမ့်မည်။
နတ်ဘုရားစွမ်းရည်များ နီးကပ်လာသည်ကို မြင်လျှင် သူ၏မျက်လုံးများ တဖျပ်ဖျပ် လက်သွားသည်။ သူသည် ရုတ်တရက် လက်ကို မြှောက်၍ လက်သီးဆုပ်လိုက်၏။ သူ စုပ်ယူထားခဲ့သော ချီနှင့်သွေးအားလုံးသည် လက်သီးတွင် အတူတကွ ပေါင်းစည်းသွားကာ သူ ထုတ်လွှတ်ခဲ့ဖူးသမျှထဲ အားအပြင်းဆုံးလက်သီးကြီးကို ဖန်တီးလိုက်သည်။
ဤလက်သီးက တာအိုရှာဖွေခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်လေသည်။
သို့သော် သူ တိုက်ခိုက်လိုက်သည်က လူကို မဟုတ်။
လက်သီးသည် ထိုးချလိုက်၍ လေထုပင် တုန်ခါသွားသည်။ မြေပြင်မှာ လှုပ်ရမ်းသွားပြီး နားကွဲလုမတတ် ကျယ်လောက်သော အသံကြီးတစ်သံ မြည်ဟည်းသွား၏။ သူကား လေထုတွင် တွင်းပေါက်ကြီးတစ်ပေါက် ဖြစ်သွားအောင် ထိုးသွင်းလိုက်ခြင်းပင်။ ထို့နောက် ရင်သပ်ရှုမောဖွယ်ရာ ဆွဲအားကြီးတစ်ရပ်က အတွင်းမှ ပေါ်ထွက်ဘာသည်။
တွင်းပေါက်ကြီးကား ၎င်းကိုယ်၎င်း ပြန်ဖာထေးဖို့အတွက် အပြင်လောကရှိ အရာအားလုံးကို ၎င်းထံသို့ စုပ်ယူဖို့ လိုနေသည့်အလားပင်။ ဤသည်မှာ သဘာဝနိယာမတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်၏။ ထိုတွင်းနက်ကြီး၏အနောက်တွင်ကား ဟင်းလင်းပြင်ရှိသည်။
***