← Chapters

နတ်မီးလျှံစမ်းသပ်ပွဲ

Vol. 52 Ch. 726

နတ်မီးလျှံစမ်းသပ်ပွဲ

Vol. 52 Ch. 726

“ရှေးဟောင်းသဘောတူစာချုပ်အရ မင်းတို့ ဒီမှာ ရှင်ခြင်းသေခြင်းနတ်မီးလျှံစမ်းသပ်ပွဲကို ယှဉ်ပြိုင်ရမယ်။ မင်းတို့ အောင်မြင်ရင် ... ရှေးဟောင်းသဘောတူစာချုပ်အတိုင်း ဒီနေရာမှာရှိတဲ့ ရတနာတွေကို ရမယ်

“မအောင်မြင်ရင်တော့ ဒီနေရာက မင်းတို့ရဲ့သင်္ချိုင်းပဲ

“အဆင့်က (၃) ဆင့် ရှိမယ်။ ဒုတိယအဆင့်ကို ဖြတ်ပြီးတာနဲ့ ထွက်သွားချင်ရင် ထွက်သွားခွင့်ရမယ်

“တတိယအဆင့်ကို ဖြတ်နိုင်ရင်တော့ ငါ့မျိုးနွယ်စု မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် စောင့်ရှောက်လာခဲ့တဲ့ မြေကို ဝင်ခွင့်ရမယ်။ အဲ့ဒီမှာ ..... အန္တိမကံကြမ္မာကောင်းကို ရယူနိုင်တယ်

“အဲဒီကံကြမ္မာကောင်းက‌ ကောင်းကင်နဲ့မြေကြီးမှာ တည်ရှိတဲ့ အဆင့်မြင့်ဆုံးမီးတောက်၊ နတ်မီးတောက်အဆီအနှစ်ပဲ။ အဲဒီမီးတောက်ရဲ့ အသေးငယ်ဆုံးမီးပွားလေးနဲ့ အင်မော်တယ်တစ်ဦးကိုတောင် ဇီဝိန်ချုပ်သွားစေနိုင်တယ်

“ဒီခေတ်မှာ မင်းတို့က ဒီနေရာကို ဝင်ရောက်လာတဲ့ ပထမဆုံးအဖွဲ့ပဲ။ ပထမဆုံးအဖွဲ့ကတော့ စုစုပေါင်း (၁၉) ယောက်ပါခဲ့တယ်။ အဲဒီအဖွဲ့မှာ နှစ်ယောက်က ဒုတိယအဆင့်ကို တက်နိုင်သွားတယ်။ တစ်ယောက်က ထွက်သွားပြီး တစ်ယောက်ကတော့ တတိယအဆင့်မှာ သေဆုံးသွားတယ်”

အသံကြီး ပဲ့တင်ထပ်နေစဉ် မန်ဟိုမှာ စိတ်နှလုံးတုန်ရီနေ၍ သွားနေရာမှ ရပ်လိုက်သည်။ ယီးကျန့်ဂိုဏ်းမှလူငယ်နှင့်အတူ လုပိုင်တို့နှစ်ယောက်လုံး၏မျက်လုံးများတွင် ထူးဆန်းသောအလင်းရောင်များ တောက်ပနေ၏။ ကျင်းဟန်ဂိုဏ်းမှ ခေါင်းဆောင်ကြီးများမှာမူ မျက်လုံးများ တဖျပ်ဖျပ် လက်နေချေသည်။

“မင်းတို့ ဒီဒုတိယအဖွဲ့က တော်တော်လေး အစွမ်းထက်တယ် … ပထမအဖွဲ့ထက် အစွမ်းပိုထက်တယ်......”

ကျင်းဟန်ဂိုဏ်းမှ အဘိုးကြီးတစ်ဦးက တခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် မဝံ့မရဲ မေးလာသည်။ “ကျုပ်တို့ ရှင်ခြင်းသေခြင်းနတ်မီးလျှံစမ်းသပ်ပွဲမှာ ဝင်မချင်ဘူးလို့ ငြင်းလို့ရောရလား”

အဘိုးကြီး၏စကားလုံးများ ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ရွှေရောင်ရင့်ရင့် ကြီးကြပ်ရေးမှူး၏ မျက်လုံးများ အရောင်လဲ့သွားပြီး ၎င်းက အဘိုးကြီးကို လှမ်းကြည့်လာသည်။ “အဲဒါ ဘာလဲ”

အဘိုးကြီးမှာ ကျင့်ကြံခြင်းအခြေခံ မတည်မငြိမ်ဖြစ်လာခဲ့သည့်အလား ချက်ချင်း တုန်ရီလာသည်။

လှောင်ပြော်သရော်နေသော အရိပ်‌အယောင်က ရွှေရောင်ရင့်ရင့်ကြီးကြပ်ရေးမှူး၏ မျက်လုံးများတွင် ပေါ်လာသည်။ “ဒီနေရာကို လာတာနဲ့” ၎င်းက အေးစက်စက်ပြော၏။ “ဝင်ပါကို ပါရမှာ။ ထွက်ဖို့ ရွေးချယ်လိုက်ရင် .... သေပြီပဲ။ အဲဒါက ရှေးဟောင်းသဘောတူစာချုပ်ရဲ့ စည်းကမ်းတွေပေါ့။ ငါတို့မျိုးနွယ်စုက စာချုပ်ရဲ့အသိအမှတ်ပြုမှုအတိုင်း လိုက်နာတဲ့အတွက် သဘောတူညီချက်တွေကို ပြောင်းလဲလို့မရဘူး

“ဒုတိယအဆင့်ကို ဖြတ်ကျော်သွားတာနဲ့ မင်း ထွက်ခွာဖို့ ရွေးချယ်နိုင်တယ်

“ပထမအဆင့်ကတော့ ငါတို့ရဲ့ အခုလက်ရှိနေရာကလွဲပြီး တခြားမဟုတ်ဘူး”

“မင်းတို့ ငါ့မျိုးနွယ်တွေနဲ့ တိုက်ခိုက်ရမယ်။ မီးတောက်မုခ်ဝထဲ ဝင်နိုင်ရင် ပထမအဆင့်ကို ဖြတ်ကျော်နိုင်ပြီ” ရွှေရောင်ရင့်ရင့်ကြီးကြပ်ရေးမှူး၏အသံကြီးက အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွားသည်။

လုပိုင်၏မျက်လုံးများ လင်းလက်သွားပြီး သူက ဂရုတစိုက်‌ ပြောသည်။ “စီနီယာကြီး၊ ခင်ဗျားက တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့်လေ ၊ ကျုပ်တို့ ဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ”

“ငါ ဝင်မပါဘူး” တည်ငြိမ်အေးဆေးသော အဖြေပင်။ “ဒါ့အပြင် ငါရဲ့ ရွှေမျိုးနွယ်ဝင်တွေထဲက တစ်ယောက်ပဲ ဝင်ပါလိမ့်မယ်”

ကျင်းဟန်ဂိုဏ်းမှ ရွှေရောင်ချပ်ဝတ်နှင့်လူက ချက်ချင်း မေးသည်။ “တစ်‌ယောက်ချင်းစီ တိုက်ခိုက်ရမှာလား။ အတူတူသွားလို့ရလား”

“တစ်ကြိမ်ကို တစ်ယောက်၊ တစ်ယောက်ကို တစ်ဆင့်။ မင်းတို့မှ အဆင့်တစ်ဆင့်ကို ဖြတ်ကျော်ဖို့ အခွင့်အရေးသုံးခုရမယ်။ တတိယအခွင့်အရေးမှာ မအောင်မြင်ရင်တော့ သေပြီပဲ”

ထို့နောက် ပြောလာသူက ယီးကျန့်ဂိုဏ်းမှ လူငယ်ဖြစ်သည်။ “ခင်ဗျားမျိုးနွယ် အများကြီးကို ကျုပ်တို့ သတ်လိုက်ရင်ရော တိုက်ခိုက်ခွင့်ပြုတာ နောင်တရမှာလား”

“အများကြီး သတ်မယ်” ရွှေရောင်ရင့်ရင့်ကြီးကြပ်ရေးမှူးက တဟားဟား ရယ်သည်။ “ငါတို့မျိုးနွယ်စုက ထာဝရနတ်မင်းမျိုးနွယ်စုကနေ ဆင်းသက်လာတာ။ မင်း တကယ်ပဲ ငါတို့ကို သတ်နိုင်ထင်လား” သူ၏အသံ ပဲ့တင်ထပ်သွားစဉ် အောက်ရှိ သားရဲများ၏ခန္ဓာကိုယ်မှ အနက်ရောင်မီးတောက်များ တောက်လာသည်။ မီးတောက်များပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏အရှိန်အဝါများက တဟုန်ထိုး ထိုးတက်သွားတော့သည်။

‌တိုးတက်သွားမှုကြီးကား ကြောက်ခမန်းလိလိပင်။ အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့် ခရမ်းသားရဲကြီးများကား အနုသုခုမရုပ်ခန္ဓာအဆင့်၏နယ်ပယ်ကိုလွန်၍ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ တိုက်ရိုက်ဝင်ရောက်သွားလေပြီ။

ငွေရောင်သားရဲကြီးများမှာမူ ၎င်းတို့၏စွမ်းအင်လည်း ထိုးတက်သွားသည်။

“ကောင်းပြီ၊ ငါ ဂုထျန်ရှန်း အရင်ဆုံးသွားမယ်” ယီးကျန့်ဂိုဏ်းမှ လူငယ်က ပြောသည်။ သူသည် ညာလက်ကို မြှောက်လိုက်ရာ ၆ ပေဓားရှည်နှင့်အတူ ၃ပေ အရှည်ဓားတိုကိုးလက်က ၎င်းကို လှည့်ပတ်လျက် ပေါ်လာသည်။ ဖြာထွက်လာသောစွမ်းအားမှာ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ဖြစ်သည်။ ဆယ်ကျော်သက်လူငယ်က မျက်လုံးများ တလက်လက် တောက်ပလျက် ရှေ့တက်လာ၏။

သူ ရှေ့တက်လာသည့် အခိုက်အတန့်တွင် ခရမ်းသားရဲတစ်ကောင်ပြီးတစ်ကောင် သူ့‌ဆီသို့ ပျံသန်းလာသည်။ ယီးကျန့်ဂိုဏ်းမှ ဂုထျန်ရှန်းသည် တစ်လမ်းလုံး သတ်ဖြတ်ရင်း မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် တဟုန်ထိုး ထွက်သွားသဖြင့် တဖောင်းဖောင်းပေါက်ကွဲသံများ ဆူညံနေတော့သည်။ သို့သော် မကြာခင် ဂုထျန်ရှန်း၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ ခရမ်းသားရဲကြီးများမှာ အတိုင်းထက်အလွန် ရဲစွမ်းသတ္တိရှိကြ၏။ ၎င်းတို့ ထိခိုက်သွားလျှင် ၎င်းတို့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များက ဒဏ်ရာများကို တမုဟုတ်ချင်း ကုသပေးလေသည်။

သို့သော် ဂုထျန်ရှန်းလည်း မယုံနိုင်လောက်အောင် ရဲစွမ်းသတ္တိရှိ၏။ သူ တဟုန်ထိုး သွားနေစဉ် ငွေရောင်သားရဲများ ပေါ်လာသည်။ သူသည် မီးတောက်မုခ်ဝမှ မီတာ (၁၅၀၀) သာ ကွာဝေးတော့သည့်တိုင်အောင် ဆက်လက်တိုက်ခတ်သွားသည်။ သို့သော် မီတာ (၁၅၀၀) အမှတ်တွင် ငွေရောင်သားရဲကြီးအကောင်နှစ်ဆယ်က သူ့ကို ဝိုင်းအုံလိုက်ကြလေပြီ။ သူကား စူးစူးဝါးဝါး အော်ရင်း မူလနေရာသို့ ပြန်ဆုတ်သွားတော့သည်။

“မီတာ (၁၀၀၀) ၊ ပထမအကြိမ်ကြိုးစားမှု ကျရှုံး” ရွှေရောင်ရင့်ရင့်ကြီးကြပ်ရေးမှူးက အေးစက်စက် ပြောသည်။ “ဒါပေမဲ့ မင်း နောက်ဆုတ်လာနိုင်တာက တော်‌တော် အံ့အားသင့်စရာကောင်းတယ်။ မင်းမှာ ပထမအဆင့်ကို ကျော်ဖြတ်နိုင်တဲ့ အလားအလာရှိတယ်”

မန်ဟိုနှင့် အခြားသူများမှာ  သားရဲကြီးများ၏ မယုံနိုင်ဖွယ် အပြင်အားကိုယ်ခွန်အားကို မြင်သောအခါ မျက်နှာပျက်သွားကြသည်။ ၎င်းတို့တွင် မည်သည့်နတ်ဘုရားစွမ်းရည်နှင့် မှော်ပညာရပ်မှ ပိုင်ဆိုင်ထားပုံမရသော်လည်း ၎င်းတို့၏ကိုယ်ကာယခွန်အားမှာ အစွမ်းထက်လွန်း၍ သတ်မရအောင်ပင် ဖြစ်‌နေတော့သည်။ ထိုမျှသာမက မီးတောက်များက သူတို့ကို ချက်ချင်း ကုစားပေးနေသည်။

လုပိုင်၏မျက်လုံးများ လင်းလက်သွားပြီး ရုတ်တရက် ရှေ့တက်သွား၏။ သူကား မြောက်ပိုင်းသဲကန္တာရမှ အချိန်နှင့်နေရာစွမ်းအား ကိုင်စွဲသော အစွမ်းထက်ပညာရှင်တစ်ဦးဖြစ်ပြီး ပိုင်ဆိုင်ထားသော အသက်ကယ်ရတနာများမှာလည်း နည်းနည်းနောနောမဟုတ်ပေ။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်တွင် သူက တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်ပညာရှင်များကို ဇီဝန်ချုပ်စေခဲ့ပြီးလေပြီ။

သူသည် ‌နေရာ-အချိန် ပုံပျက်လှိုင်းများဖြင့် ဝန်းရံလျက် အလင်းတန်းအသွင်‌ပြောင်းသွားတော့သည်။ သူ တရိပ်ရိပ် သွားနေစဉ် သားရဲများမှာ သူ့ကို သူ့ကို ထိနိုင်ပုံပင် မရပေ။ ထိုးနှက်ချက်တိုင်းကား လေကိုသာ ထိသွားသည်။

ဂုထျန်ရှန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ကျင်းဟန်ဂိုဏ်းမှ လူငါးယောက်မှ သုန်မှုန်သွားသည်။ မန်ဟိုကတော့ မျက်လုံးများ တလက်လက် တောက်ပလာသည်။

“အီး” ရွှေရောင်ရင့်ရင့်ကြီးကြပ်ရေးမှူးသည် လုပိုင်ကို စောင့်ကြည့်ရင်း အံ့အားသင့်နေသော အမူအရာရှိ၏။ “ကိုယ်ပိုင်တာအိုနဲ့ အချိန်သခင်။ သိပ်ကောင်းတယ်။ မင်းက ဒီကို ဝင်ရောက်လာခဲ့တဲ့ တိုင်းတစ်ပါးသားပထမအဖွဲ့ထဲက နှစ်ယောက်နဲ့ ယှဉ်ဖို့ အရည်အချင်းပြည့်မှီတယ်”

ဘုန်း

လုပိုင်သည် တစ်လမ်းလုံး သတ်ဖြတ်သွားရင်း မီတာ (၁၅၀၀) အမှတ်သို့ ရောက်သော် ငွေရောင်သားရဲကြီးများ၏ ဝန်းရံခြင်းခံလိုက်ရသည်။ ထိုသို့ဖြစ်ပျက်သောအခါ သူ့မှာ ချွေးပြန်လာသော်လည်း နောက်ထပ် မီတာ(၅၀၀) ရောက်သည်အထိ သတ်သွားနိုင်သေးလေသည်။ ယခုတွင် သူကား မီးတောက်မုခ်ဝမှ မီတာ (၅၀၀) သာ ကွာဝေးတော့၏။ ယီးကျန့်ဂိုဏ်းမှ ဂုထျန်ရှင်းမှာတော့ မျက်နှာမသာမယာဖြစ်နေတော့သည်။

“ဒါ တကယ်ပဲ ငါ တတ်နိုင်တာ အကုန်လား....” လုပိုင်သည် မျက်လုံးများ သွေးချင်းနီနေလျက် ညာလက်ဖြင့် မုဒြာလက်ကွက်ဖော်ကာ ကောင်းကင်သို့ လက်ညှိုးထိုးလိုက်၏။

“အချိန်မြစ်” သူက အော်လိုက်သည်။ ချက်ချင်းပင် မှိတ်တုတ်မှိတ်တုတ် လက်နေသော အလင်းစက်များ သူ၏ပတ်ပတ်လည်တွင် ပေါ်လာကာ အချိန်မြစ်ကြီးအသွင်ဖြင့် ပြန့်ကားဆန့်ထွက်သွားသည်။ ငွေရောင်သားရဲအကောင်နှစ်ဆယ်မှာ နောက်ဆုတ်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ လုပိုင်သည် မီတာ (၂၅၀) ရောက်အောင် ဆက်သွားနိုင်လိုက်ရာ မီးတောက်မုခ်ဝမှ မီတာ (၂၅၀) သာ ကွာဝေးတော့လေသည်။

ရွှေရောင်ရင့်ရင့်ကြီးကြပ်ရေးမှူးက ထူးဆန်းစွာ တောက်ပနေသောမျက်လုံးများဖြင့် လေလယ်မှ စောင့်ကြည့်နေသည်။

ဤအခိုက်အတန့်တွင် ရွှေရောင်သားရဲကြီးတစ်ကောင်က ရုတ်တရက် ထရပ်လိုက်သည်။ ၎င်းသည် လုပိုင်ဆီသို့ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားသွားပြီး နှစ်ဦးနှစ်ဖက် ဆုံတွေ့သောအခါ ကြီးမားသောပေါက်ကွဲမှုကြီးက မိုးကောင်းကင်အထိ ထိုးတက်သွား၏။ လုပိုင်ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ၏အမူအရာက ရုန့်ရင်းကြမ်းတမ်းသွား၏။ သူသည် နောက်ဆုတ်၍ သိုလှောင်အိတ်ကို ပုတ်လိုက်လေသည်။ ချက်ချင်းပင် နဂါးနက်တစ်ကောင်၏ အလောင်း ပေါ်လာသည်။

ဤနဂါးနက်အလောင်းသည် တာအိုရေကန်ပေါက်ကွဲမှုအတောအတွင်းတုန်းက သူ သိမ်းပိုက်ခဲ့သော အလောင်းမှတစ်ပါး အခြားမဟုတ်ပေ။

“အချိန်နောက်ပြန်သွား၊ ရှင်သန်ထမြောက်လော့” လုပိုင်၏နဖူးမှ သွေးကြောပြာပြာကြီးများ ထောင်လာပြီး သူကား ရုတ်တရက် ဆယ်နှစ်အိုသွားသယောင်ပင်။ အချိန်မြစ်သည် မရေမတွက်နိုင်သော ရောင်စုံအလင်းစက်များအဖြစ် ပေါက်ကွဲသွားပြီး နဂါးနက်ကြီးကို လွှမ်းခြုံသွား၏။

ယခုတွင် နဂါးကြီး သေရာမှ အသက်ပြန်ဝင်လာသည်ကို မြင်လိုက်ရလေပြီ။ ၎င်း၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး အင်မော်တယ်စွမ်းအားလှိုင်းတို့ တလိပ်လိပ် ရိုက်ခတ်လာသည်။

စွမ်းအားသည် တခဏသာ ရိုက်ခတ်လိုက်ခြင်းဖြစ်၏။ ထို့နောက် ၎င်းပျောက်သွားပြီး နဂါးကြီးမှာ ပြန်သေသွားသည်။

သို့သော် ထိုတခဏလေးမှာ အဆုံးစွန်အထိ ထိတ်လန့်ဖွယ်ကောင်းသေးသည်။

ယီးကျန့်ဂိုဏ်းမှ ဂုထျန်ရှန်းမှာ ပင့်သက်ရှိုက်နေပြီး သူ၏မျက်လုံးများတွင် အံ့ဩထိတ်လန့်နေသော အရိပ်အယောင် ရှိလေသည်။ လုပိုင်တွင် ... ထိုမျှကြောက်စရာ ‌လျှို့ဝှက်ပညာရပ်အား ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ မည်သို့ ထင်နိုင်ခဲ့မည်နည်း။

ကျင်းဟန်ဂိုဏ်းမှ ငါးယောက်စလုံး တုန်လှုပ်နေကြပြီး စိတ်အစဉ်မှာ ထစ်ချုန်းနေတော့သည်။ ယခုလို လျှို့ဝှက်ပညာရပ်မျိုးမှာ အမှန်တကယ် မယုံနိုင်ဖွယ်ရာကြီးပင်။

မန်ဟို၏မျက်လုံးများ ပြူးကျယ်သွားသည်။ လုပိုင်က အစွမ်းထက်ကြောင်း သူ ခံစားခဲ့ရသော်လည်း ... ယခုတော့ လုပိုင်သည် သူထင်ထားသည်ထက်ပင်ပို၍ အစွမ်းထက်ကြောင်း သိလိုက်ရ၏။

“ဒါပေမဲ့ သူက အဲဒီလျှို့ဝှက်ပညာရပ်ကို သုံးရုံ‌လေး သုံးနိုင်တာ” သူက တွေးသည်။ ရုတ်တရက် လုပိုင်၏မျက်လုံးများတွင် သူ မြင်တွေ့ခဲ့ရသော တိုက်ခိုက်စိတ်ကား မန်ဟို၏မျက်လုံးများတွင် ပေါ်လာတော့သည်။ “ငါတို့နှစ်ယောက်ကြားမှာ ဘယ်သူ ပိုအစွမ်းထက်လဲ”

လုပိုင်၏လျှို့ဝှက်ပညာရပ်က နဂါးကြီး၏ ‌ကြောက်ခမန်းလိလိစွမ်းအားကို ထုတ်ဖော်လိုက်ကာ ၎င်းသည် ရွှေရောင်သားရဲကြီးထံ ပြေးဝင်သွားသော အံ့ဖွယ်တိုက်ကွက်တစ်ကွက် ဖြစ်သွားတော့သည်။ ရွှေရောင်သားရဲ၏မျက်နှာပျက်သွားပြီး ၎င်းမှာ ထွက်ပြေးချင်သော်လည်း မပြေးနိုင်ခင် တိုက်ကွက်က ၎င်းကို ဝုန်းခနဲ ဝင်တိုက်သွားပြီး အသားတို့ကို အရိုးမှ စုတ်ပြဲထွက်သွားစေသည်။ ၎င်းသည် မချိတင်ကဲ ‌တစ်ချက်အော်၍ ကပျာကယာ နောက်ဆုတ်လိုက်၏။ မီးတောက်များက တဟုန်းဟုန်း တောက်လာရင်း ဒဏ်ရာများကို လျင်မြန်စွာ ကုစားပေးလိုက်သည်။

၎င်းက မသေသော်လည်း မတတ်သာ၍ နောက်ဆုတ်လိုက်ရသည်။ ထိုအခြင်းအရာသည် လုပိုင်လိုအပ်သော အခွင့်အရေးကို ပေးလိုက်၏။ သူက သွေးအန်ရင်း အမြန်ဆုံးအရှိန်ဖြင့် မီတာ (၂၅၀)ကို ဖြတ်၍ မီးတောက်မုခ်ဝဆီ လှမ်းလိုက်လေပြီ။

“ဘယ်လောက် လက်ဖျားခါလောက်တဲ့ ကျင့်ကြံသူလဲ” ရွှေရောင်ရင့်ရင့်ကြီးကြပ်ရေးမှူးက လေးစားနေသော မျက်နှာထားဖြင့် ပြောသည်။ “ပထမအဆင့်ကို တစ်ကြိမ်တည်းနဲ့ ကျော်ဖြတ်ပြီး ... ဒုတိယအဆင့်ကို ဝင်ရောက်နိုင်သွားပြီ။ မင်း အဲဒီမှာ ဘယ်လိုဆက်လုပ်မလဲ ငါ ကြည့်နေမယ်။ ဒုတိယအဆင့်ကို ဖြတ်ကျော်ပြီးရင်တော့ ငါတို့ရဲ့မျိုးနွယ်စုကနေ အဖိုးထိုက်ရတနာတစ်ပါးကို မင်း ရလိမ့်မယ်

“မင်းရဲ့ လျှို့ဝှက်အချိန်ပညာရပ် အထွတ်အထိပ်အဆင့်ကို ရောက်သွားရင် အသေကောင်တွေကို အသက်ပြန်သွင်းနိုင်ပြီ။ ကံဆိုးစွာနဲ့ မင်း ကျင့်ကြံခြင်းအခြေခံက အားနည်းလွန်းနေတယ်။ မင်း အစစ်အမှန်အင်မော်တယ်အဖြစ် တက်လှမ်းသွားပြီး ဒီပညာရပ်ကို သုံးရင်တော့ ... မင်းကို စစ်ပွဲတစ်ပွဲလုံးအတွက် ကူညီပေးမယ့် အိပ်မက်ဆိုးနဂါးကို အသက်ပြန်သွင်းနိုင်ပြီ”

“အစစ်အမှန်အင်မော်တယ်ဖြစ်တဲ့အထိ စောင့်စရာ မလိုဘူး” လုပိုင်က နှုတ်ခမ်းမှ သွေးများကို သုတ်ရင်း ပြောသည်။ “ငါ တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့် ရောက်တဲ့ နေ့ကျရင် အိပ်မက်ဆိုးနဂါးကို စစ်ကူတိုက်ပေးဖို့ အသက်ပြန်သွင်းနိုင်တယ်” သူသည် မီတာ (၃၀၀၀) အကွာ၌ ရပ်နေသော မန်ဟို့ဆီသို့ လှမ်းကြည့်သည်။

“မန်ဟို မင်း ဖြတ်ကျော်နိုင်လား” သူက အေးစက်စက် ပြောသည်။ “ငါ့ကို စိတ်ပျက်အောင်မလုပ်နဲ့” သူက ထိုသို့ပြောပြီး မန်ဟို့ကို အဖက်ထပ်မလုပ်တော့ဘဲ မီးတောက်မုခ်ဝထဲ ဝင်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း သူကား ပျောက်ကွယ်သွားလေပြီ။

“မင်းတို့ အလှည့်” ရွှေရောင်ရင့်ရင့်ကြီးကြပ်ရေးမှူးက မန်ဟိုနှင့်အခြားသူများကို လှည့်ကြည့်ရင်း ပြောသည်။ “ယုံကြည်ချက်မရှိရင် ယုံကြည်ချက်ရှိတဲ့အထိ စောင့်လို့ရတယ်

“အချိန်က ငါတို့အတွက် ဘာမှမဟုတ်ဘူး။ မင်း ဒီမှာ နှစ်ထောင်ဂဏန်းလောက် ကျင့်ကြံပြီးမှ ကြိုးစားကြည့်ချင်ရင်လည်း ရတယ်

“ပြောရရင် ဒီမှာ သိပ်အထီးကျန်ရတယ်ကွာ။ အခု မင်းတို့ တိုင်းတစ်ပါးသားတွေကို ကြည့်နိုင်ပြီဆိုတော့ ... မင်းတို့ ဒီမှာ သေသွားရင် ‌ရှက်စရာကောင်းလိမ့်မှာ

“ဒါပေမဲ့ မင်းတို့ သုံးကြိမ်ဆက်တိုက် မအောင်မြင်ရင်တော့ ငါကိုယ်တိုင် မင်းတို့ကို သတ်ရလိမ့်မယ်။ မှန်တယ်၊ အဆင့်တက်ရဖို့ ကြိုးစားနေတဲ့အတွင်းလည်း အသတ်ခံရနိုင်ခြေရှိတယ်”

မန်ဟို၏မျက်လုံးများ တလက်လက် တောက်ပသွားသည်။

“နှစ်ထောင်ချီ..... ငါ လုံးဝ နှောင့်နှေးနေလို့ မဖြစ်ဘူး။ အစ်မရှုက ၉၉ နှစ်ထက်ပိုပြီး နေနိုင်မှာ မဟုတ်ဘူးလေ။ ဒီဘဝမှာ သူနဲ့ အတူတူ အချိန်ကုန်ဆုံးရဦးမယ်။ ဒီနေရာမှာတော့ ပိတ်မိမနေနိုင်ဘူး” သူသည် ရှေ့တစ်လှမ်းတက်ကာ သားရဲအုပ်ကြီးဆီ ပြေးဝင်သွားသော အလင်းတန်းတစ်တန်း ဖြစ်သွားတော့၏။

ဤတစ်ကြိမ်တွင် ယီးကျန့်ဂိုဏ်း ဂုထျန်ရှန်း၏မျက်လုံးများက မန်ဟို့အပေါ်မှ မခွာပေ။

“မန်ဟို ငါ မြင်ခဲ့ဖူးသမျှထဲမှ လူမဟုတ်ဆုံးကျင့်ကြံသူလို့ ထင်ခဲ့တာ။ လုပိုင်က ပိုပြီး အံ့ဩစရာကောင်းလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဖူးဘူး.... ဒါပေမဲ့ လုပိုင်အတွက်တောင် ပထမအဆင့်ကို ဖြတ်ကျော်ဖို့ အားနည်းနည်းထုတ်လိုက်ရသေးတယ်။ ဒီမန်ဟိုကတော့ ... ဖြတ်သွားနိုင်မှာ မဟုတ်လောက်ဘူး”

ကျင်းဟန်ကျင့်ကြံသူငါးယောက်မှာတော့ မအီမသာဖြစ်နေကြသည်။ သူတို့အနေဖြင့် ပူးပေါင်းလိုက်လျှင် အောင်မြင်နိုင်ခြေရှိသော်လည်း တစ်ယောက်တည်းတော့ တစ်ယောက်မှ ယုံကြည်ချက်မရှိကြပေ။

မန်ဟိုက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ထွက်သွားရင်း သားရဲအုပ်ကြီးကို ဝုန်းခနဲ ဝင်တိုက်လိုက်၏။

***

All Chapters