ရွှေအတိလွှမ်းပါလေသော
Vol. 52 Ch. 727
ချက်ချင်းပင် မရေမတွက်နိုင်သော လူပုံစံခရမ်းသားရဲကြီးများက တောင်ပံတဖတ်ဖတ် ခတ်လျက် မန်ဟို့ကို ဝိုင်းလိုက်ကြသည်။
မီးတောက်မုခ်ဝသို့ ဦးတည်နေသော မီတာ (၃၀၀၀) အနက် ပထမဆုံးမီတာ (၁၅၀၀)ကို ခရမ်းသားရဲများက ခြေကုပ်သိမ်းပိုက်ထားသည်။ ထိုနယ်ကို ဖြတ်သွားနိုင်မှ ၎င်းတို့က အလွှတ်ပေးလိုက်မှာ ဖြစ်သည်။ ငွေရောင်သားရဲကြီးများကတော့ ယီးကျန့်ဂိုဏ်းမှ ဂုထျန်ရှန်း ရှုံးနိမ့်သွားခဲ့သော မီတာ (၁၀၀၀) အမှတ်တွင်ပင်။
ငွေရောင်သားရဲကြီးများကို ကျော်ဖြတ်နိုင်လျှင် နောက်ထပ် စိန်ခေါ်မှုမှာတော့ ရွှေရောင်သားရဲကြီးတစ်ကောင်ဖြစ်၏။
မန်ဟို၏မျက်လုံးများ တလက်လက် တောက်ပသွားသည်။ သူ့မှာ ဤနေရာတွင် ဖြုန်းရန် အချိန်မရှိ၍ ချက်ချင်း ဝုန်းဒိုင်းကြဲ တိုက်ခိုက်တော့သည်။ ပုလဲဖြူပုလဲနက်နှင့် နဝမတောင် ထွက်လာသည်။ နဝမတောင်သည် ၎င်းကို လှည့်ပတ်နေသော ပုလဲဖြူပုလဲနက်များနှင့်အတူ ကျဆင်းလာရာ အရာအားလုံး တဝုန်းဝုန်း တုန်ရီသွား၏။ လေထုသည် တုန်ခါလာပြီး လှိုင်းအထပ်ထပ် ဖြာထွက်လာကာ အရာအားလုံးအပေါ် သက်ရောက်လိုက်သော ကြောက်မက်ဖွယ်ဖိအားကြီးဖြစ်လာသည်။
ထိုကဲ့သို့ ပြင်းထန်သော ဖိအားကြီးက ခရမ်းသားရဲကြီးများကို ဝင်တိုက်ပစ်လိုက်သော နံရံကြီးအလားပင်။ မန်ဟို ရှေ့တက်သွားစဉ် ၎င်းတို့က စူးစူးဝါးဝါး အော်ရင်း ဒလိမ့်ခေါက်ကွေး လွင့်ထွက်ကုန်ကြ၏။ ခရမ်းသားရဲကြီးများအနက် အစွမ်းထက်ဆုံးပင်လျှင် မန်ဟိုအနား မကပ်နိုင်ပေ။
မီတာ (၂၅၀) ၊ မီတာ (၅၀၀) ၊ မီတာ (၇၅၀) ၊ မီတာ (၁၀၀၀) .....
အသက်ရှိုက်စာအနည်းငယ်လေးအတွင်း မန်ဟိုသည် ပန်းခင်းသောလမ်းကို လျှောက်နေသည့်အလား ရှေ့ဆက်သွားနေ၏။ သူကား ခရမ်းသားရဲများကို ဖုန်တောထဲတွင် ချန်ရစ်ခဲ့ရင်း မီတာ (၁၅၀၀) အမှတ်သို့ လျင်မြန်စွာ ရောက်ရှိသွားလေပြီ။ ၎င်းတို့က သူ့ကို စိန်းစိန်းဝါးဝါး ကြည့်နေကြသော်လည်း နောက်မှ လိုက်လံမတိုက်ခိုက်ကြပေ။
အရှေ့တွင် ငွေရောင် တလက်လက် တောက်ပနေသော ငွေရောင်သားရဲကြီးတစ်ကောင်ရှိသည်။ ၎င်းက အံ့မခန်းလိလိ အမြန်နှုန်းနှင့် ရက်စက်ကြမ်းကြုတ်သော ဟန်ပန်ဖြင့် ကမူးရှူးထိုး ပြေးတက်လာသည်။ ၎င်း၏စွမ်းအားကား ဒုတိယစိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်နှင့် ညီမျှ၏။
မန်ဟိုက ညာလက်ကို မြှောက်ကာ အေးစက်စက် နှာမှုတ်လိုက်သည်။ နဝမတောင်က ငွေရောင်သားရဲကြီးကို ချေမှုန်းပစ်လိုက်၏။ ၎င်းသည် တစ်ကိုယ်လုံး ကြေမွလာသဖြင့် မချိတင်ကဲ အော်ဟစ်လိုက်၏။ သို့သော် မီးတောက်များက ဟုန်းခနဲ တောက်လာပြီး ၎င်းကို လျင်မြန်စွာ ကုစားပေးလိုက်လေသည်။
မန်ဟိုက တမုဟုတ်ချင်း မီတာ (၂၅၀) ခန့်ရှေ့တက်လိုက်ရာ မီးတောက်မုခ်ဝမှ မီတာ (၁၂၅၀) သာ ကွာဝေးတော့သည်။
ထို့နောက် ငွေရောင်သားရဲကြီးခြောက်ကောင်က စောစောက သားရဲကြီးနှင့် ပေါင်းလိုက်ကြသည်။ ငါးကောင်က ဒုတိယခွဲထွက်ခြင်းအဆင့် ၊ နှစ်ကောင်က တတိယခွဲထွက်ခြင်းအဆင့်၊ စုစုပေါင်း ခုနစ်ကောင်ကား မန်ဟို့ဆီ ပြေးဝင်လာကြလေပြီ။
“ချေမှုန်းဖို့ အချိန်ကျပြီ” မန်ဟိုသည် ညာလက်ချောင်းကို ဝှေ့ယမ်းရင်း ချီတက်သွား၏။ နဝမတောင်သည် ဂျိန်းခနဲ အရွယ်အစားကြီးလာကာ ငွေရောင်သားရဲကြီးခုနစ်ကောင်အပေါ်သို့ ကျရောက်သွားသည်။
မန်ဟိုသည် ရှေ့တက်လိုက်ရာ မီးတောက်မုခ်ဝမှ မီတာ (၅၀၀)သာ ကွာဝေးတော့လေပြီ။
ဤအခိုက်တွင် ငွေရောင်သားရဲဆယ်ကောင်ကျော်က သူ့ကို ဒေါသတကြီး တိုက်ခိုက်ကြသည်။ ဖိနှိပ်ခံလိုက်ရသော ငွေရောင်သားရဲခုနစ်ကောင်က မီးတောက်မီးလျှံများဖြင့် နဝမတောင်အတွင်းမှ ထွက်လာကြသည်။ ၎င်းတို့က မန်ဟိုကို အဘက်ဘက်မှ ဝိုင်းလိုက်ကြ၏။
ကျင်းဟန်ဂိုဏ်းမှ လူငါးယောက်သည် ဤအခြင်းအရာအားလုံးကို စိတ်ဝင်တစား ကြည့်နေကြ၏။ ဘေးရှိ ဂုထျန်ရှန်းမှာတော့ မျက်လုံးများ တလက်လက် တောက်ပနေသည်။ မန်ဟိုသည် သူ ရှုံးနိမ့်ခဲ့ရသော နေရာသို့ ရောက်နေပြီမဟုတ်ပါလော။ “အဲဒီလုပိုင်က လူမဟုတ်ဘူး” သူက တွေးသည်။ “မန်ဟိုက အစွမ်းထက်ကောင်း ထွက်နိုင်ပေမယ့် ဒီထက်သွားနိုင်မယ်ထင်လို့ကတော့ မဖြစ်နိုင်တာပဲ”
လေလယ်ရှိ ရွှေရောင်ရင့်ရင့်ကြီးကြပ်ရေးမှူးလည်း အဖြစ်အပျက်များကို အနီးကပ်ကြည့်နေပြီး တွေးနေသည်။ “သေချာပေါက် ရှုံးနိမ့်လိမ့်မယ်”
သို့သော် ထိုအချိန်တွင် မန်ဟို၏ညာလက်က မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီး အင်္ကျီလက်စကို ခါရမ်းလိုက်သည်။
“သွေးမိစ္ဆာမဟာမှော်သိုင်း”
ဂျိန်းခနဲ ဧရာမဝဲကြီးတစ်ခုသည် ငွေရောင်သားရဲခြောက်ကောင်ကို ရစ်သိုင်းလွှမ်းခြုံရင်း ပေါ်ပေါက်လာ၏။ တစ်ချိန်တည်းမှာပင် ဧရာမသွေးလက်ကြီးတစ်ဖက် ပေါ်လာပြီး သားရဲခြောက်ကောင်အား မညှာမတာ ဖြစ်ညစ်ပစ်လိုက်လေသည်။
“ချီသွေးအလွှာ” မန်ဟိုက ဟိန်းဟောက်လိုက်သည်။ ငွေရောင်သားရဲအကောင်နှစ်ဆယ်ကျော်မှ စတင်တုန်ရီလာပြီး အံ့ဩတုန်လှုပ်နေသောအမူအရာများအား ၎င်းတို့၏မျက်နှာအပေါ်တွင် မြင်နိုင်လေသည်။ မြောက်မြားစွာသော ချီနှင့်သွေးတို့က မန်ဟိုဆီသို့ စီးဆင်းနေသည့်အတွက် သူတို့၏ခန္ဓာကိုယ်များမှာ လျင်မြန်စွာ ခြောက်ကပ်လာတော့သည်။
မန်ဟိုလည်း တစ်ကိုယ်လုံး တုန်ရီသွား၏။ ချီနှင့်သွေးတို့မှာ အတိုင်းထက်အလွန် အင်အားကြီးလေရာ တခဏလေးအတွင်း သူ၏ခန္ဓာကိုယ်သည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မှ လက်ခံနိုင်သော နောက်ဆုံးအတိုင်းအတာသို့ ရောက်သွားခဲ့ပြီဖြစ်သည်။
ငွေရောင်သားရဲအကောင်နှစ်ဆယ်ကျော်မှ အသည်းအသန် ရုန်းကန်နေသည့်အတွက် ဝဲကြီးမှာ ပျက်စီးတော့ခါနီးနီး ဖြစ်လာသည်။ ကြည့်ရသရွေ့ မန်ဟို၏ သွေးမိစ္ဆာမဟာမှော်သိုင်းမှာ နောက်ဆုံးအတိုင်းအတာသို့ ရောက်ရှိသွားသယောင်ပင်။
ဂုထျန်ရှန်း၏မျက်လုံးများ တလက်လက် တောက်ပသွားသည်။ “သူတော့ ရှုံးနိမ့်တော့မယ်”
ကျင်းဟန်ဂိုဏ်းသားငါးယောက်က သက်ပြင်းချလိုက်ကြသည်။ မန်ဟိုပင် ပထမအဆင့်ကို မဖြတ်နိုင်လျှင် သူတို့အတွက် မျှော်လင့်ချက် မရှိတော့ပေ။
လေလယ်တွင် ရွှေရောင်ရင့်ရင့်ကြီးကြပ်ရေးမှူးက မန်ဟို၏ သွေးမိစ္ဆာမဟာမှော်သိုင်းကို ကြည့်ပြီး မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသော်လည်း လျင်မြန်စွာပင် ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။
လောလောဆယ်တွင် ငွေရောင်သားရဲအကောင်နှစ်ဆယ်ကျော်က ဟိန်းဟောက်မာန်ဖီရင်း အပြင်းအထန် ရုန်းကန်နေ၍ ဝဲကြီးမှာ မခံနိုင်တော့ပေ။ အက်သံများ ကြားနိုင်ပြီး အက်ကြောင်းများ ပျံ့နှံ့လာသည်။ သို့သော် မန်ဟိုက လက်ညှိုးထိုးပြီး အော်လိုက်၏။ “ခြောက်သွေ့”
ခြောက်သွေ့မီးတောက် မိစ္ဆာမှော်အစစ်အမှန်ကိုယ်တာအိုထံမှ ‘ခြောက်သွေ့’ဆိုသော စကားလုံးက ငွေရောင်သားရဲကြီးများ၏ခန္ဓာကိုယ်ကို တုန်ရီသွားစေသည်။ ၎င်းတို့၏အပြင်အားကိုယ်များမှာ ပို၍လျင်မြန်စွာ ခြောက်သွေ့လာပြီး ကျင့်ကြံခြင်းအခြေခံများမှာ ချက်ချင်း ဖိနှိပ်ခံလိုက်ရတော့သည်။ ၎င်းတို့၏အသက်စွမ်းအားများပင်လျှင် ခြောက်သွေ့လာသော လက္ခဏာများ ပြလာ၏။
၎င်းတို့၏အားနည်းသွားမှုကြောင့် သွေးမိစ္ဆာမဟာမှော်သိုင်းမှာ စောစောကကဲ့သို့ မတည်မငြိမ်ဖြစ်တော့ပေ။ ၎င်းသည် နောက်တစ်ကြိမ် ထစ်ချုန်းလည်ပတ်လာ၏။ အဝေးမှကြည့်လျှင် ဝဲကြီးကား မယုံနိုင်လောက်အောင်ကြီးမားပြီး အံ့ဩစရာကောင်းလေသည်။
ဘုန်း
ပို၍ပင် သိပ်သည်းသော ချီသွေးစီးကြောင်းများက ဝဲကြီးမှ စီးမျောထွက်လာကာ မန်ဟို၏ စုပ်ယူခြင်းခံရကုန်၏။ အပြင်အားကိုယ်ခွန်အားသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မှ ရုတ်တရက် တဟုန်ထိုး မြင့်တက်သွားပြီးတာအိုရှာဖွေခြင်းအဆင့်သို့ ဝင်ရောက်သွားသဖြင့် မန်ဟိုမှာ ပြင်းပြင်းထန်ထန် တုန်ရီလာတော့သည်။
ငွေရောင်သားရဲကြီးများမှာ လျင်မြန်စွာ ခြောက်သွေ့နေ၍ သေအံ့ဆဲဆဲ ဖြစ်နေတော့သည်။ မီးတောက်များက ၎င်းတို့၏ခန္ဓာကိုယ်များကို ပြန်လည်ကုစားပေးနေသော်လည်း ကုစားခြင်း စတင်သည်နှင့်တစ်ပြိုင်နက် မန်ဟိုက ၎င်းတို့၏စွမ်းအားကို စုပ်ယူပစ်လိုက်လေသည်။
၎င်းသည် မန်ဟို့အတွက် စွမ်းအားအရင်းအမြစ်သံသရာသဖွယ် ဖြစ်လာသည်။ သူကား ... အမြဲတစေ သန်မာသထက် သန်မာလာတော့မည့်ပုံပင်။
တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်၊ တာအိုရှာဖွေခြင်း အလယ်အလတ်အဆင့် ....
ကြားပင် မကြားဖူးသော စွမ်းအားအဆင့်က သူ့ကို ဖြတ်စီးနေသဖြင့် သူကား ခေါင်းထောင်ပြီး ဟိန်းဟောက်လိုက်တော့သည်။ ဤမယုံကြည်နိုင်ဖွယ် အပြင်အားကိုယ်နှင့်အတူ မယုံကြည်နိုင်ဖွယ် ယုံကြည်ချက်ပါ ပူးတွဲပါလာသည်။
ဤသည်မှာ သွေးမိစ္ဆာမဟာမှော်သိုင်း၏ မိုးကောင်းကင်ကို အာခံနေသော အင်အားကြီး ဖြစ်ချေသည်။
ကြားပင်မကြားဖူးသော ဤခွန်အားက မန်ဟို့ကိုလည်း ပြင်းထန်သော နာကျင်မှုအား ခံစားလိုက်ရစေသည်။ သူ၏ခန္ဓာကိုယ်မှာ စုတ်ပြတ်သပ်တော့မည့်အလားပင်။ ဂုထျန်ရှန်း ဤအခြင်းအရာကို မြင်သောအခါ ပင့်သက်ရှိုက်သွားမိသည်။ ကျင်းဟန်ဂိုဏ်းမှ ကျင့်ကြံသူငါးယောက်မှာ မျက်လုံးကြီးများ ပြူးလျက် စောင့်ကြည့်နေကြ၏။
လေလယ်ရှိ ရွှေရောင်ရင့်ရင့် ကြီးကြပ်ရေးမှူးမှာ ပို၍ပင် အံ့ဩသင့်သွားရလေသည်။ သူက ပါးစပ်အဟောင်းသားနှင့် တွေးလိုက်မိသည်။ “အဲဒါ ဘာ နတ်ဘုရားစွမ်းရည်လဲ ၊ တော်တော် ရင်သပ်ရှုမောစရာ ကောင်းပေတာပဲ။ အချိန်မြစ်နဲ့ လုံးဝ မတူဘူး။ တကယ်တမ်း ပိုလို့တောင် ကြောက်စရာကောင်းသေးတယ်”
ထိုမျှသာမက ငွေရောင်သားရဲအကောင်နှစ်ဆယ်ကျော်၏ ပြန်လည်ကုစားစွမ်းအားမှာ ဝဲကြီး၏စုပ်အားကို လိုက်မမှီတော့ပေ။ သားရဲတချို့၏မျက်နှာများအပေါ်တွင် မျှော်လင့်ချက်မဲ့သွားသော အရိပ်အယောင်များ ထင်ဟပ်လာ၏။
မန်ဟိုသည် လာနေသော ချီနှင့်သွေးစွမ်းအားအလုံးစုံကို စားသုံးရင်း ဝဲကြီးဖြစ်လာသည့်အလား ခံစားလိုက်ရ၏။
ရွှေရောင်ရင့်ရင့်ကြီးကြပ်ရေးမှူး မျက်နှာပျက်သွားသည်။ “သေစမ်း ဒီအတိုင်းသာဆိုရင် ငါ့မျိုးနွယ်တွေ တကယ် ခြောက်သွေ့သေဆုံးရတော့မယ်”
အပြင်အားကိုယ်သည် စွမ်းအားတို့ဖြင့် ပြည့်နှက်သွားသည့်အခါ မန်ဟို၏မျက်လုံးများ လင်းခနဲ လက်သွား၏။ ၎င်းကား တာအိုရှာဖွေခြင်း အလယ်အလတ်အဆင့်မှ တာအိုရှာဖွေခြင်း နှောင်းပိုင်းအဆင့်သို့ ဝင်ရောက်သွားလေပြီ။
ထိုအခိုက်အတန့်တွင် သွေးမိစ္ဆာမဟာမှော်သိုင်းသည် ရုတ်တရက် သွေးရောင်မှ ရွှေရောင်သို့ ပြောင်းလဲသွား၏။
၎င်း ရွှေရောင်ဖြစ်လာသောအခါ အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီးများ လေတွင် ပြည့်နှက်သွားပြီး မယုံကြည်နိုင်ဖွယ် ဖိအားကြီးတစ်ရပ်က အရာအားလုံးအပေါ် ဖိနှိပ်လိုက်တော့သည်။ ကျင်းဟန်ဂိုဏ်းကျင့်ကြံသူ ငါးယောက်၏မျက်နှာအပေါ်တွင် အံ့ဩတုန်လှုပ်မှုတို့ ပြည့်နှက်သွားပြီး ရင်တဒိန်းဒိန်း ခုန်လာ၏။ သူတို့သည် ဝဲကြီး၏ ကြောက်မက်ဖွယ်ကောင်းမှုကို အာရုံရနေပြီး သူတို့ငါးယောက်သား ရုပ်သေးရုပ်အဖြစ် ပေါင်းစည်းလိုက်လျှင်ပင် မန်ဟိုကို နည်းနည်းလေးမှ ဖြုံအောင်လုပ်နိုင်မည်မဟုတ်ကြောင်း သိကြ၏။
ယီးကျန့်ဂိုဏ်းမှ ဂုထျန်ရှန်းမှာ ပို၍ပင် အံ့ဩနေသေးသည်။ မန်ဟိုသည် တကယ်တမ်း လုပိုင်နည်းတူ လူမဟုတ်ကြောင်း သဘောပေါက်လိုက်သဖြင့် သူ၏မျက်ဆံများ ကျုံ့သွားတော့၏။
ရွှေရောင်ဝဲကြီးသည် အခြေခံအဆင့်တစ်ဆင့် ပြောင်းလဲသွားသယောင်ပင်။ ဖိအားက ဆယ်ဆကြီးမားလာပြီး မန်ဟိုလည်း ရွှေရောင်ဝဲကြီး၏ ကြောက်စရာကောင်းသော သဘာဝကို အာရုံရလိုက်သဖြင့် စိတ်နှလုံးတုန်ရီသွားတော့သည်။
“ငါ အဆင့် (၃) ကို ကျင့်ကြံလို့မရတာ အံ့ဩစရာမရှိဘူး။ သွေးဝဲက သွေးမိစ္ဆာမဟာမှော်သိုင်းရဲ့ နောက်ဆုံးအတိုင်းအတာမှ မဟုတ်သေးတာ။ ရွှေဝဲအဖြစ်ပြောင်းမှ ချီသွေးအလွှာရဲ့ မဟာစက်ဝန်းအဆင့်ကို ရောက်ရှိနိုင်မှာပဲ”
မန်ဟိုသည် ဉာဏ်အလင်းပွင့်သွားသည်နှင့်အားလျော်စွာ ငွေရောင်သားရဲများကို ဘာမှဘာမှမကျန်အောင် အလွယ်တကူ စုပ်ယူပစ်နိုင်ကြောင်း ယုံကြည်ချက် ရှိသွား၏။ သို့သော် ယင်းက သူ ရွေးချယ်မည့် အပြုအမူမဟုတ်။
ရွှေရောင်ရင့်ရင့် ကြီးကြပ်ရေးမှူးသည် ဤတစ်နေရာလုံးကို ကြီးကြပ်ကွပ်ကဲသူဖြစ်ရာ စည်းမကျော်ခြင်းက အကောင်းဆုံးမဟုတ်ပါလော။
“သေလိုက်ပါတော့” ရွှေရောင်ရင့်ရင့်ကြီးကြပ်ရေးမှူးက တွေးလိုက်သည်။ “တစ်ယောက် လူမဟုတ်တာနဲ့တင် ဆိုးနေပြီ။ ဘယ်လိုလုပ်ပြီး ဒုတိယတစ်ယောက်က ပေါ်လာပြန်တာတုန်း။ ပြီးတော့ ဒီတစ်ယောက်က အရင်တစ်ယောက်ထဲတောင် ပိုပြီးအစွမ်းထက်သေးတယ်”
လုပိုင်သည် ငွေရောင်သားရဲများကို ရှောင်ရှားရန် အချိန်မြစ်ကို သုံး၍ ပထမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့၏။ အခြားတစ်ဖက်တွင် မန်ဟိုကား လမ်းတစ်လျှောက် ရှိရှိသမျှ အရာအားလုံးကို ချေမှုန်းပစ်ရန် မှော်သိုင်းတစ်ရပ်ကို အသုံးပြုနေလေသည်။ မည်သူက ပိုသာသလဲ အလွယ်တကူ မြင်ရနိုင်၏။
ရွှေရောင်ရင့်ရင့်ကြီးကြပ်ရေးမှူးမှာ စိုးရိမ်ပူပန်လာသော်လည်း ရှေးဟောင်းသဘောတူစာချုပ်ကြောင့် ဝင်စွက်ဖက်၍မရပေ။ သူ ခြေမကိုင်မိလက်မကိုင်အောင် စိုးရိမ်နေသည့်အချိန်မှာပင် မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်ကာ ပေါက်ကွဲမှုတစ်ခုအား ရိုက်ညောင်သွားစေ၏။ ရွှေဝဲကြီး ပျောက်ကွယ်သွားပြီး ငွေရောင်သားရဲအကောင်နှစ်ဆယ်ကျော်မှာ ပါးစပ်သွေးများ ပန်းထွက်လျက် လည်ထွက်သွားကြလေသည်။ ၎င်းတို့မှာ ခြေကုန်လက်ပန်းကျ၍ ပင်ပန်းနွမ်းနယ်နေပြီး မန်ဟိုကို မကြောက်စဖူး ကြောက်ရွံစွာဖြင့် ကြည့်နေကြ၏။
၎င်းတို့သည် လုပိုင်ကို မကြောက်ခဲ့ပေ။ လုပိုင် စောစောကထက်ပင် ပိုအစွမ်းထက်လျှင်တောင်မှ ၎င်းတို့ကို သတ်နိုင်ဦးမည်မဟုတ်။
သို့ရာတွင် မန်ဟိုကတော့ မတူ။ သူသည် သူတို့ကို သုတ်သင်ပစ်နိုင်သော အရည်အချင်းရှိ၏။
ထစ်ချန်းသံများ ဆက်လက်ဆူညံနေပြီး ငွေရောင်သားရဲအကောင်နှစ်ဆယ်ကျော် နောက်ဆုတ်သွားသည့်အချိန်မှာပင် မန်ဟိုက ရှေ့ဆက်တက်သွားလေပြီ။ သူကား မကုန်မခမ်းနိုင်သော ချီနှင့်သွေးပမာဏကို စုပ်ယူထားလေသည်။ သူ့အပိုင်မဟုတ်သော်လည်း ယာယီတော့ အစွမ်းထက်နိုင်ပြီး တာအိုရှာဖွေခြင်းအဆင့် အထွတ်အထိပ်နှင့် ညီမျှသော အပြင်အားကိုယ်စွမ်းအားကို ထုတ်ဖော်နိုင်၏။
သူသည် ရှေ့ဆက်သွားနေပြီး သဘာဝနိယာမများက သူ၏ပတ်ပတ်လည်တွင် ဖြာထွက်နေသည်။ လောကကြီးသည် ထစ်ချုန်းနေပြီး လေထုမှာ ပုံပျက်ရှုံ့တွနေကာ အံ့ဖွယ်စွမ်းအင်များက သူ၏ကိုယ်ထဲတွင် ပြည့်နှက်နေသည်။ သူ ရေဇ့တက်သွားသည့်အခါ ရွှေရောင်ရင့်ရင့်ကြီးကြပ်ရေးမှူး၏ မျက်လုံးများ လင်းခနဲ လက်သွား၏။ ၎င်းတွင် ရှေးဟောင်းသဘောတူစာချုပ်အရ ဩဇာအာဏာအထိုက်အလျောက်ရှိရာ လုပိုင်ကို တိုက်ခိုက်ခဲ့သော တစ်ကောင်ထက် ပို၍သန်မာသော ရွှေရောင်မျိုးနွယ်ဝင်ကို အလျင်အမြန် ဆင့်ခေါ်လိုက်သည်။ ၎င်းသည် တာအိုရှာဖွေခြင်းအဆင့်ကျင့်ကြံခြင်းအခြေခံကို ထုတ်ဖော်ရင်း ဟိန်းဟောက်မာန်ဖီ၍ မန်ဟို့ဆီ ပြေးတက်သွား၏။ မီးတောင်မီးလျှံများက ၎င်းကို ဝန်းရံလျက်ရှိပြီး ၎င်းကား ကြယ်တံခွန်ကြီးသဖွယ် မန်ဟို့ဆီ ပြေးဝင်သွားလေပြီ။
မန်ဟိုသည် ဤသားရဲနှင့် လုပိုင်ကို တိုက်ခိုက်ခဲ့သော သားရဲအကြား ခြားနားမှုကို ချက်ချင်း မြင်လိုက်၏။ သူက အေးတိအေးစက် နှာခေါင်းရှုံ့ရင်း လက်သီးဆုပ်လိုက်သည်။
“ဖယ်စမ်း” သူက အပြင်အားကိုယ်ခွန်အားအကုန်လုံး စုရင်း ထိုးချလိုက်သည်။ ကောင်းကင်ကို ပိတ်ဖုံးကာဆီး၍ မြေကြီးကို မြှုပ်နှံပစ်နိုင်သော ကမ္ဘာဖျက်စီးစွမ်းအားလှိုင်းကြီးတစ်လုံးက အရှေ့သို့ လှိမ့်သွားလေသည်။
လာနေသော ရွှေရောင်သားရဲကြီးမှာ လန့်ဖျပ်သွားပုံရပြီး သေခြင်းအန္တရာယ်ကို အာရုံရလိုက်တော့၏။ ၎င်းက တုံ့ဆိုင်းမနေဘဲ ရှောင်တိမ်းဖို့ ကြိုးစားလိုက်သည်။ သို့သော် မန်ဟို့အပြင်အားကိုယ်မှ စွမ်းအားလှိုင်းကြီးမှာ အင်မတန် ကြောက်စရာကောင်းလှပေသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား ရွှေရောင်သားရဲကြီးကို လွှမ်းခြုံသွားတော့၏။
သွေးလန့်ဖွယ် အော်သံစူးစူးကြီး ပဲ့တင်ထပ်သွားသည်။ မီးတောက်များက ၎င်းကို လွှမ်းခြုံသွားသော်လည်း ၎င်းတို့မှာ သတ္တဝါကြီး၏ခန္ဓာကိုယ် လုံးလုံးလျားလျား ပျက်စီးမသွားအောင် မဟန့်တားနိုင်ပေ။
မျိုးနွယ်ဝင် သေတော့မည်ကို မြင်သော် ရွှေရောင်ရင့်ရင့်ကြီးကြပ်ရေးမှူးက လျှပ်တပြက် ထိုးဆင်းလာသည်။ ၎င်းသည် ရွှေရောင်သားရဲကြီးကို ဆွဲပြီးနောက် မန်ဟို ထုတ်လွှတ်လိုက်သော စွမ်းအားလှိုင်းကြီးကို လက်ဝါးဖြင့် ရိုက်၍ လွင့်ပျယ်ပြိုကွဲသွားစေသည်။ ၎င်းသည် မျိုးနွယ်ဝင်ကို ကပ်သီလေး ကယ်တင်နိုင်လိုက်၏။
ရွှေရောင်သားရဲကြီးမှာ အသက်မနည်း လုရှူနေရပြီး အကြောက်ကြီးကြောက်လျက် မန်ဟို့ကို ကြည့်နေတော့သည်။ ဤရွှေရောင်သားရဲကြီးတင်မဟုတ်။ ကျန်ရှိသူများအားလုံး ပြင်းထန်သော တုန်လှုပ်ချောက်ချားမှုတို့ဖြင့် ကြည့်နေကြတော့သည်။
“မင်း ပထမအဆင့်ကို အောင်သွားပြီ” ရွှေရောင်ရင့်ရင့်ကြီးကြပ်ရေးမှူးက မန်ဟိုကို လေးလေးနက်နက် တစ်ချက်စိုက်ကြည့်ရင်း ပြောသည်။
***