ငါတော့လူကြိုက်များနေပြီ
Vol. 45 Ch. 631
အခန်း (၆၃၁) ငါတော့လူကြိုက်များနေပြီ
သူတို့စိတ်ထဲ သံသယများနှင့်ပြည့်နက်နေသော်လည်း ရန်ကျောက်ကဲတို့အုပ်စုကတော့ ပန်းပွင်ငြိမ်းချမ်းနယ်မြေရှိ ယိုးမင်ဂိုဏ်းခွဲတွင် အတော်လေး အခြေကျသွားကြသည်။ သူတို့၏ နေ့စဉ်သွားလာလှုပ်ရှားမှုများကိုလည်း မည်သူမှ ထိန်းချုပ်မထားဘဲ အရာရာက လွတ်လပ်စွာပင် ရှိသည်။
သူတို့ လိုချင်သည်များ ရှိပါကလည်း ယိုးမင်ဂိုဏ်းမှတပည့်အများစုက အဆင်ပြေအောင် ကြိုးစားလုပ်ဆောင် ပေးကြသည်။ နျဲ့စန်းနှင့် အခြားအဆင့်မြင့် အကြီးအကဲများနှင့် တွေ့ဆုံလိုပါကလည်း ငြင်းဆိုခံရခြင်း မရှိပေ။
သို့သော် ယိုးမင်ဂိုဏ်းသားများက မည်သည့်အကြောင်းအရာကိုမှ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ အထူးသဖြင့် ရန်ကျောက်ကဲတို့အုပ်စုအား ယိုးမင်ဂိုဏ်း ၊ အဓိကပလ္လင်ရှိရာသို့ ပို့ဆောင်မည့်အကြောင်း တစ်ခွန်းမှ မဟကြပေ။
“သူတို့က ကွမ်းမင်ဂိုဏ်းက တိန့်စန်းတို့အုပ်စု သေတဲ့ကိစ္စကို အတည်ပြုဖို့ အချိန်ပေးစုံစမ်းနေတာလား”
အားဟူ ခေါင်းကို တဗျင်းဗျင်းကုတ်ရင်း ဆိုသည်။
“ဒါမှမဟုတ် တခြားကိစ္စရှိလို့လား”
ယိုးမင်ဂိုဏ်း ဌာနခွဲတည်ရှိရာနေရာအနီးတစ်ဝိုက်တွင် မြို့ငယ်များရှိနေပြီး အလွန်တရာ စည်ကားသည်။ ထို့ကြောင့် ရန်ကျောက်ကဲတို့ (၃)ယောက်လည်း ယနေ့ ဟိုဟိုဒီဒီလျှောက်သွားရင်း မြို့တစ်မြို့သို့ သွားရောက်လည်ပတ်ကြခြင်းပင်။
အားဟူစကားကိုကြားတော့ ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ဆိုသည်။
“ဘာဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့”
သူ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တော့ မြို့ထဲတွင် သိုင်းကျင့်ကြံသူများစွာရှိနေကြောင်း တွေ့ရသည်။ ယိုးမင်ဂိုဏ်းတပည့်များသာမက အခြားထိပ်တန်းအင်အားစုများမှ သိုင်းသမားများသည်လည်း ပန်းပွင့်ငြိမ်းချမ်းနယ်မြေတွင် ရှိနေကြသည်။
အများစုက ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများဖြစ်ကြပြီး ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံထားသူများစွာကိုလည်း တွေ့ရ၏။
မြို့ထဲတွင် လည်ပတ်ရောင်းချနေသော စျေးသည်များထဲမှာလည်း သိုင်းကျင့်ကြံသူများရှိနေသည်။ သို့သော် သိုင်းကျင့်ကြံသူမဟုတ်သည့် သာမန်လူများလည်း ရှိကြသည်သာ။
ရန်ကျောက်ကဲက သူတို့ကြားတွင်လမ်းလျှောက်သွားရင်း အတော်လေး စိတ်ဝင်တစားလေ့လာနေသည်။
အထူးသဖြင့် သိုင်းပညာအဆင့်မြင့်မားသူ အနည်းငယ်သာရှိပြီး ရိုးရာဓလေ့ကလည်း လွတ်လပ်ဟန်ရှိသည်။ ခဏမျှ လမ်းလျှောက်ပြီးနောက် သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေကြသော မိန်းကလေးအတော်များများကို တွေ့ရသည်။
သို့သော် ရန်ကျောက်ကဲဘေးတွင်ရှိနေသော ဖန်းယွင်ရှန်းကို တွေ့ရသည့်အခါ ထိုမိန်းကလေးများက မနာလိုအားကျမျက်ဝန်းများဖြင့်တစ်ချက်ကြည့်ပြီး လှည့်ထွက်သွားကြ၏။
“ငါတော့ လူကြိုက်များနေပြီ...”
ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကိုလှည့်ကြည့်ရင်း ရှက်ကိုးရှက်ကန်းဟန်ဖြင့် ဆိုသည်။
ဖန်းယွင်ရှန်းက ခပ်တည်တည်ပင် ခေါင်းညိတ်ရင်း...
“ကျွန်မတော့ ရှင့်ကို ဝှက်ထားရတော့မယ်”
နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ခေါင်းခါယမ်းကာ ရယ်မောလိုက်ကြ၏။
မြို့ငယ်ရှိစျေးလေးက သေးငယ်သော်လည်း ရန်ကျောက်ကဲက စျေးထဲအတန်ကြာ လှည့်ပတ်နေမိသည်။ စျေးထဲတွင် အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် သမုဒ္ဒရာကမ္ဘာတွင် မတွေ့နိုင်သောအရာအတော်များများကို တွေ့နေရသည် မဟုတ်လား။
ဤပစ္စည်းများက မဟာကပ်ဘေးကြီးမတိုင်ခင်က ရှားပါးခြင်းမရှိသော်လည်း နောက်ပိုင်းမှာတော့ ပျောက်ကွယ်သွားခဲ့ကြသည်။ သို့သော် ဤသို့သော မြို့ငယ်လေးမှာပင် အရောင်းအဝယ်လုပ်နေသည်ကို ကြည့်ခြင်းအားဖြင့် အထက်ဘုံကမ္ဘာမှာတော့ ပျောက်ကွယ်မသွားဘဲ ရှိနေသေးကြောင်း သိနိုင်၏။
အောက်ကမ္ဘာများတွင်သာမက အထက်ဘုံကမ္ဘာတွင်လည်း မျိုးတုံးပျောက်ကွယ်သွားသောအရာများလည်း ရှိကောင်း ရှိနေနိုင်သည်။
မည်သို့ပင်ဖြစ်စေ မဟာကပ်ဘေးကြီးမတိုင်ခင် ကမ္ဘာပေါင်းအသင်္ချေမှ အရာအတော်များများကို အထက်ဘုံကမ္ဘာတွင် ထိန်းသိမ်းထားခဲ့သည်။
***
ရန်ကျောက်ကဲတို့အုပ်စု ယိုးမင်ဂိုဏ်း၏ ခြေလှမ်းများကို ခန့်မှန်းနေကြချိန် ယိုးမင်ဂိုဏ်းမှ အကြီးအကဲ’နျဲ့စန်း’ ကတော့ သူ တာဝန်ကျရာ ဌာနခွဲတွင် ရှိနေသည်။
ထိုနေရာရှိ အခန်းထဲတွင် အနက်ရောင်ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်ရှိနေပြီး သူ့အရှေ့တွင်ရှိနေသော မှော်စက်ဝန်းတစ်ခုကို စူးစိုက်ကြည့်နေသည်။ မှော်စက်ဝန်းက အနက်ရောင်အခိုးအငွေ့များဖြင့် လွှမ်းခြုံနေပြီး ဝိညာဉ်စွမ်းအားအလင်းရောင် တစ်ချက်လေးပင် တွေ့မြင်ရခြင်းမရှိပေ။
နျဲ့စန်းက တိတ်ဆိတ်သောအခန်းတွင်းသို့ ဝင်လာပြီး အနက်ရောင်ဝတ်အဘိုးအိုအား ဦးညွှတ်လိုက်၏။
“အကြီးအကဲ’ဝူ’”
ယိုးမင်ဂိုဏ်း ၊ အလင်းမဲ့ခန်းမ၏ ပထမအဆင့်အကြီးအကဲ ဝူကျိရှိုးသည် သူ့အရှေ့မှ မှော်စက်ဝန်းကို ငေးစိုက်ကြည့်နေသဖြင့် နျဲ့စန်းကို လှည့်မကြည့်နိုင်အားပေ။
သူက စကားတစ်ခွန်းသာဆိုသည်။
“ပြောစရာရှိတာ ပြောပါ”
နျဲ့စန်းက ဝူကျိရှိုးဘေးနားရောက်လာပြီး...
“အဲဒီကောင်လေးက အသက်ငယ်ပေမယ့် စကားပြောတာတော့ အတော်လေး သတိရှိတယ် ၊ သူ့ဆီက အသုံးဝင်တဲ့သတင်း ဘာတစ်ခုမှ မရခဲ့ဘူး”
ထိုစကားကိုကြားတော့ ဝူကျိရှိုးက ဖြည်းညင်းစွာခေါင်းညိတ်လိုက်ပြီး တိတ်ဆိတ်စွာ တွေးတောနေသည်။
နျဲ့စန်းက ဝူကျရှိုးရှေ့မှ မှော်စက်ဝန်းကို တစ်ချက်လှမ်းကြည့်ရင်း...
“အကြီးအကဲ’ဝူ’... ၊ ကျွန်တော်တို့ ဒီကောင်လေးကို အရင်ဆုံး အဝေးပို့လိုက်သင့်လား ၊ ပွဲတော်ကျင်းပမယ့်ရက်ကလည်း မလိုတော့ဘူးဆိုတော့ ဒီနေရာကို လူစိမ်းတွေအများကြီးရောက်လာကြတော့ အန္တရယ်မကင်းတာ အမှန်ပဲ ၊ ပြီးတော့ သူတို့ကို အဓိကပလ္လင်ဆီကို ပို့ဖို့ကလည်း မဖြစ်နိုင်ဘူး”
ဝူကျိရှိုးက...
“ငါတို့ ဘာမှစုံစမ်းလို့မရဘူးဆိုရင်တော့ သူ့ကို အဝေးပို့လိုက်ကြတာပေါ့... ဒါပေမဲ့...”
နျဲ့စန်းက...
“အကြီးအကဲ’ဝူ’... တစ်ခုခုကို သံသယရှိနေတာလား ၊ သူက ကျွန်တော်တို့ကို လှည့်စားဖို့ ကွမ်းမင်ဂိုဏ်းက စေလွှတ်လိုက်တဲ့သူလို့ ထင်နေတာလား”
ဝူကျိရှိုးက
“တိန့်စန်းတို့အုပ်စု တကယ် သေသွားတာ ဟုတ်မဟုတ် မကြာခင် ငါတို့ သိရမှာပါ ၊ ဒါပေမဲ့ ဒီကောင်လေးက ကွမ်းမင်ဂိုဏ်းက ဆင်းသက်လာသူတော့ မဟုတ်ဘူး ၊ သူ့ရဲ့သိုင်းပညာက ကွမ်းမင်ဂိုဏ်းက သိုင်းပညာမဟုတ်ဘူး ၊ ပြီးတော့ ဝမ်ဝမ်းမင်ကလည်း မဆင်မခြင်နဲ့ ဒီလူငယ်ကို ငါတို့ဆီပို့မှာ မဟုတ်ဘူးလေ”
“နောက်တစ်ချက်က သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့်နဲ့ သိုင်းသူတော်စင်တစ်ယောက်ကို သတ်ပစ်နိုင်တယ်ဆိုတာ တကယ့်ကို တုန်လှုပ်စရာအရည်အချင်း ပိုင်ဆိုင်ထားတာပဲ ၊ သူကျင့်ကြံထားတဲ့သိုင်းပညာက ထူးခြားနိုင်သလို နောက်ခံကလည်း ကောင်းမွန်ရမယ် ၊ ကွမ်းမင်ဂိုဏ်းနဲ့ ပတ်သက်နေတယ်ဆိုရင်တောင် လက်အောက်ခံတော့ မဟုတ်နိုင်ဘူး ၊ မဟာမိတ်ပဲ ဖြစ်ရမယ်”
“ဒီအဘိုးကြီးကတော့... သူ့နောက်ကွယ်ကသိုင်းဂိုဏ်းနဲ့ ကွမ်းမင်ဂိုဏ်းက တစ်ကျိတ်တည်းတစ်ဉာဏ်တည်းမဖြစ်နိုင်ဘူးလို့ ခံစားရတယ်”
“သူက ကျူတောပင်လယ်ဒေသ အပြင်ဘက်က လာတယ်လို့ပြောတယ် ၊ ဒါက ဖြစ်နိုင်ပါတယ် ၊ ဒါပေမဲ့ ပြဿနာက ဘယ်နေရာကလာမှန်းမသိဘူး”
ဝူကျိရှိုးက ရေရွတ်လိုက်၏။
“ဒီလူငယ်ရဲ့နောက်ခံက အရမ်းကောင်းတာတော့ အမှန်ပဲ ၊ ဝမ်မင်းမင်စကားအရ သူ အသုံးပြုတဲ့ ဘာသာစကားက မဟာကပ်ဘေးကြီးမတိုင်ခင်က အသုံးပြုတဲ့ ရှေးဟောင်းဘာသာစကား အစစ်လို့ပြောတယ်”
နျဲ့စန်းက ခေါင်းညိတ်ရင်း...
“ဟုတ်ပါတယ် ၊ အမှန်ပါပဲ...”
“မဟာကပ်ဘေးမတိုင်ခင်က ရှေးဟောင်းဘာသာစကားအသုံးပြုတဲ့သူတွေ အထက်ဘုံကမ္ဘာမှာ ရှိနေသေးပါလားဆိုတာ အခုမှပဲ သိရတော့တယ် ၊ ဒါနဲ့... အကြီးအကဲ’ဝူ’ ... တစ်ခုခု ခန့်မှန်းမိတာများ ရှိသလား”
ဝူကျိရှိုးက...
“သူက အရှေ့တောင်ပိုင်းက ထိပ်တန်းမျိုးနွယ်တွေနဲ့ ဆက်စပ်နေမလားလို့ ဒီအဘိုးကြီး တွေးမိတယ်”
ထိုစကားကိုကြားတော့ နျဲ့စန်း အံ့အားသင့်သွားပြီး...
“အရှေ့တောင်ပိုင်းက ထိပ်တန်းမျိုးနွယ်တွေက ကျူတောပင်လယ်ဒေသရဲ့ကိစ္စကို ဝင်စွက်မှာမဟုတ်ဘူး ၊ အခုလို ကိစ္စအသေးအမွှားလေးအတွက်နဲ့ ဘာလို့ဝင်စွက်မလဲ”
“ယုတ္တိကျကျပြောရင်တော့ ဟုတ်ပါတယ်”
ဝူကျိရှိုးက တည်ကြည်လေးနက်စွာဆိုသည်။
“ငါတို့ဂိုဏ်းနဲ့ ကွမ်းမင်ဂိုဏ်းရဲ့ သမိုင်းကြောင်းက တခြားအင်အားစုတွေနဲ့ မတူဘူး... ၊ အနည်းဆုံးတော့...”
ထိုစကားကြားတော့ နျဲ့စန်းမျက်နှာသည်လည်း တည်ကြည်လေးနက်သွားပြီး...
“ဟိုးအရင် ရှေးဟောင်းဂိုဏ်းရဲ့ ဂမ္ဘီရပညာအမွေအနှစ်တွေက အတိတ်မှာ ကျန်ခဲ့ပါပြီ ၊ လက်ကျန်အမွေအနှစ်တွေအားလုံးကို လူပေါင်းများစွာ အလုအယက် ယူကြတာပဲလေ ၊ နှစ်တွေကြာပြီးတဲ့နောက် တန်ခိုးစွမ်းအားမြင့်မားတဲ့သူတွေက မျက်စိကျစရာကောင်းတဲ့ ရတနာတွေအကုန်လုံးကို သိမ်းယူသွားကြတာပဲ ၊ လက်ကျန်ရှိနေဦးမယ်ဆိုရင် ကျွန်တော်တို့လောက် ဘယ်သူသိနိုင်မလဲ”
ဝူကျိရှိုးက ခေါင်းအနည်းငယ်ခါယမ်းရင်း...
“တစ်ဖက်လူကတော့ ဒီလိုတွေးမယ်မထင်ဘူး”
နျဲ့စန်းက ခဏမျှစဉ်းစားပြီးမှ အနည်းငယ် မျက်နှာပျက်သွားပြီး...
“ကွမ်းမင်ဂိုဏ်းဘက်က ထူးခြားတဲ့အခြေအနေတစ်ခု ရှိနေနိုင်မလား ၊ တိန့်စန်းတို့အုပ်စု ဘာလို့ပျောက်ကွယ်သွားသလဲဆိုတာ ကျွန်တော်တို့ အခုထိ မသိရသေးဘူးလေ”
ဝူကျိရှိုးက ဖြည်းညင်းစွာ ခေါင်းညိတ်ရင်း...
“အင်း.. အဲဒါ ဖြစ်နိုင်ခြေရှိတယ်”
နျဲ့စန်းက မချိပြုံးပြုံးရင်း...
“အဲဒီလိုဆိုရင်တော့ ကံဆိုးကံကောင်း ပြောဖို့ခက်တယ်”
သူက ဆက်ပြောသည်။
“ကျွန်တော်တို့ဂိုဏ်းနဲ့ ကွမ်းမင်ဂိုဏ်းက မပြေလည်နိုင်တဲ့ ရန်သူတွေဆိုပေမယ့်... လောလောဆယ်မှာ ဘုံရန်သူဖြစ်တဲ့ တာ့ရွှမ်တိုင်းပြည်ကို အတူတူတိုက်ခိုက်နေကြရတယ် ၊ လက်ရှိမှ တိုက်ပွဲက အပြင်းထန်ဆုံးအချိန်ဖြစ်နေတာ ၊ ကျွန်တော်တို့က ကွမ်းမင်ဂိုဏ်းကို ပျက်ဆီးသွားစေချင်ပေမယ့် လောလောဆယ်မှာတော့ အချင်းချင်း အားကိုးနေကြရသေးတယ်”
ဝူကျိရှိုးက သက်ပြင်းချရင်း...
“သူတို့ ဘယ်သူလဲဆိုတာ အတည်မပြုနိုင်ဘဲနဲ့ ငါတို့ ဘာဆက်လုပ်မလဲဆိုတာ ပေါ့ပေါ့ဆဆ ဆုံးဖြတ်လို့ မရဘူး ၊ ဒီတော့ သူတို့ကို အဓိကပလ္လင်ရှိရာ ခေါ်သွားဖို့လည်း မဖြစ်နိုင်သေးဘူး”
နျဲ့စန်းကခေါင်းညိတ်ပြီး သူ့စကားကို အလေးအနက် သဘောတူလိုက်သည်။
“တိန့်စန်းတို့အုပ်စု ဘာဖြစ်သွားလဲအတည်ပြုဖို့ အချိန်တစ်ခုလိုတယ် ၊ အဓိကပလ္လင်ကို သူတို့ကို ခေါ်သွားဖို့အတွက်က... သူတို့နောက်ခံကိုစုံစမ်းဖို့လည်း ငါတို့ အချိန်ယူရမယ် ၊ ဒါပဲရှိတယ်လေ”
ထို့နောက် သူက ခါးသက်စွာရယ်မောရင်း...
“အခြေအနေတွေက မတည်ငြိမ်ဘူး ၊ ပွဲတော်ကလည်း မကြာခင် စတင်တော့မယ် ၊ ကျွန်တော်တို့ အဓိကပလ္လင်နဲ့ သွားပြီးညှိနှိုင်းရတော့မယ်”
ဝူကျိရှိုးက...
“ငါတို့တပည့်တွေကို သူ့ရဲ့နောက်ခံသိရဖို့ စုံစမ်းခိုင်းရင်ရော... ဘယ်လိုနေမလဲ”
နျဲ့စန်းက မျက်မှောင်ကြုတ်ရင်း...
“အဲဒါကျ ဘယ်လိုလုပ်မလဲ ၊ ဒီလောက် အလားအလာကောင်းပြီး တန်ခိုးစွမ်းအားမြင့်မားတဲ့လူငယ်ကို ကျွန်တော်တို့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမဖန်တီးနိုင်ရင်တော့ ရှင်းပစ်လိုက်တာ အကောင်းဆုံးပဲ ၊ သူ့နောက်ကြောင်းစုံစမ်းရင်း အခြေအနေတွေ ပိုဆိုးမလာခင် သူ့ကို သတ်မပစ်ဘူးဆိုရင် အနာဂတ်မှာ ကျွန်တော်တို့အတွက် အန္တရယ်ရှိလာနိုင်တယ်”
ဝူကျိရှိုးက...
“မင်း ဘယ်လိုပြောလိုက်တာလဲ ၊ ဒီကောင်လေးစိတ်ထားဘယ်လိုရှိလဲ မသိပေမယ့် သူ့မှာ ငါတို့ဂိုဏ်းကို အန္တရယ်ပေးလိုတဲ့စိတ် မရှိနိုင်ဘူး ၊ ပြီးတော့ သူက တာ့ရွှမ်တိုင်းပြည်နဲ့ရော ကွမ်းမင်ဂိုဏ်းနဲ့ရော ရန်ငြိုးတွေရှိနေတာ ၊ ဘာပဲဖြစ်ဖြစ်လေ... သူ့ ဇာစ်မြစ်ကိုဖော်ထုတ်ဖို့ နည်းလမ်းတွေအများကြီး ရှိပါတယ်”