← Chapters

ရင်ခုန်စွာစောင့်စား

Vol. 45 Ch. 632

ရင်ခုန်စွာစောင့်စား

Vol. 45 Ch. 632

အခန်း (၆၃၂) ရင်ခုန်စွာစောင့်စား

သေးငယ်စွာကျုံ့ထားသော အသင်္ချေနဂါးနန်းတော်ထဲတွင် ရန်ကျောက်ကဲ ရှိနေသည်။

သူက များပြားလှစွာသော နဂါးချီစွမ်းအားများကို တည်ငြိမ်စွာကြည့်နေစဉ် နဂါးချီများ ရောယှက်သွားပြီး အလင်းနဂါးတစ်ကောင် ဖြစ်တည်လာ၏။

အလင်းနဂါးက အနက်ရောင်လှံရှည်တစ်လက်ကို ရစ်ခွေထားပြီး လက်သည်းများဖြင့်လည်း ထိုအရာကို ကုတ်ခြစ်ထားသည်။

အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘ရွှေရောင်ငှက်မွှေး’ လှံရှည်က အဆက်မပြတ်တုန်ခါနေပြီး ရွှေရောင်အလင်းတန်းများ တစ်ချက်တစ်ချက် တောက်ပသွားသည်။ ရန်ကျောက်ကဲက လှံရှည်ကို လှမ်းယူဆုပ်ကိုင်လိုက်၏။

အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု၏ ဝိညာဉ်စွမ်းအားက သာမန် မှော်ဝင်ပစ္စည်းတစ်ခုထက် များစွာသာလွန်လေရာ ထိုလှံရှည်ကို ထိန်းချုပ်နိုင်ရန် ရန်ကျောက်ကဲ အတော်လေး အားထုတ်ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ အသင်္ချေနဂါးနန်းတော်၏ ဖိနှိပ်မှုမှ ဤရတနာလှံရှည် မည်သည့်နည်းနှင့်မှ မလွတ်မြောက်နိုင်ပေ။

အဆုံးသတ်မှာတော့ ကွမ်းမင်ဂိုဏ်း ၊ ယန်ကျန်းဟွာထံမှ ရရှိထားသော အရုဏ်ဦးနေခြည်သရဖူကဲ့သို့ပင် ရွှေရောင်ငှက်မွှေးလှံရှည်ကိုလည်း ထိန်းချုပ်နိုင်ခဲ့၏။

အရုဏ်ဦးနေခြည်သရဖူကို ရန်ကျောက်ကဲ ထိန်းချုပ်နိုင်သည်မှာ အချိန်အတန်ကြာခဲ့ပြီး ထိုပစ္စည်းကို ဝါဒတောင်တွင် ထားရစ်ခဲ့သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလည်း ‌အနားတွင်မရှိလေရာ ရန်ကျောက်ကဲက ‘ရွှေရောင်ငှက်မွှေးလှံရှည်’ ကို တစ်ယောက်တည်း သန့်စင်နေရသည်။ သူ့လက်ဖဝါးထက်တွင် ဝိညာဉ်သင်္ကေတများ တောက်ပလာပြီး လှံရှည်ကို ရိုက်ချလိုက်၏။

ထို့အခါ လှံရှည်ထက်တွင် ဝိညာဉ်သင်္ကေတများ ရေးထိုးထားသည့်အလား သင်္ကေတများထွင်းထုပြီးသား ဖြစ်သွားသည်။ အချိန်အနည်းငယ်ကြာမြင့်သည့်အခါ ‘ရွှေရောင်ငှက်မွှေးလှံရှည်’ ၏ ဂနာမငြိမ်မှု တဖြည်းဖြည်း အားနည်းသွားသည်။

ရန်ကျောက်ကဲ ပြုံးလိုက်ပြီး လက်ကိုပြန်လည်ရုတ်သိမ်းလိုက်သည်။

နဂါးနန်းတော်တွင် ပင်မခန်းဆောင်တစ်ခုတည်းသာမက အခြားသောနေရာများစွာလည်းရှိလေရာ ရန်ကျောက်ကဲ နေရာတစ်ခုသို့ လမ်းလျှောက်လာခဲ့၏။

ထိုနရာတွင် ဖန်းယွင်ရှန်း ကိုယ်ဟန်မတ်မတ်ဖြင့်ထိုင်နေပြီး သူမ၏အနက်ရောင်ဓားကို ဓားအိမ်အတွင်းမှဆွဲထုတ်လျှက် ဒူးထက်တွင် အလျားလိုက်တင်ထားသည်။

သူမအသက်ရှူလိုက်တိုင်း နဂါးချီစွမ်းအားများ သူမခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး သူမပါးပြင်နုနုထက်တွင် နဂါးပုံရိပ်က မှိန်ဖျော့ဖျော့ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက သူမ အမှားအယွင်းမရှိကြောင်း အကဲခတ်ပြီးနောက် နန်းတော်အပြင်သို့ ပြန်ထွက်သွားသည်။

ကျုံ့ထားသည့် အသင်္ချေနဂါးနန်းတော်ထဲမှ ထွက်လိုက်သည်နှင့် ရန်ကျောက်ကဲ၏ သေးငယ်သောအသွင်းက ချက်ချင်းပင် နဂိုအတိုင်း ပြန်လည်ကြီးထွားလာသည်။

ထိုအချိန် အပြင်မှပြန်ရောက်လာသောအားဟူက ရန်ကျောက်ကဲကိုတွေ့တော့ ခေါင်းတစ်ချက်ကုတ်ရင်း...

“သခင်လေး... သတင်းစုံစမ်းကြည့်တော့ ပြင်ပမှာ အခြေအနေတွေက အတော်လေး ရှုတ်ထွေးနေတယ်”

ပန်းပွင့်ငြိမ်းချမ်းနယ်မြေရှိ ယိုးမင်ဂိုဏ်းဌာနခွဲတွင် နေထိုင်ကြသော်လည်း ရန်ကျောက်ကဲတို့အုပ်စု သတင်းစုံစမ်းရယူခြင်းများကို ယိုးမင်ဂိုဏ်းက တားမြစ်ထားခြင်း မရှိပေ။

တကယ်တော့ ရန်ကျောက်ကဲတို့အုပ်စု သူ့သဘောနှင့်သူ ထွက်ခွာသွားရင်တောင် ယိုးမင်ဂိုဏ်းမှလူများက တားဆီးကြမည် မဟုတ်ပေ။

ဝူကျိရှိုးနှင့် နျဲ့စန်းတို့က နားလည်မှုရှိသူများဖြစ်ပြီး ယိုးမင်ဂိုဏ်း၏ ယိုးမင်ဂိုဏ်း၏ ထိပ်တန်းလျှို့ဝှက်ချက်များမှလွဲ၍ အခြားသတင်းအချက်အလက်များ ရန်ကျောက်ကဲတို့အုပ်စု ရယူနိုင်ရန် လမ်းဖွင့်ပေးထားသည်။

ပန်ပန်က အခန်းထဲတွင် ပျင်းရိပျင်းတွဲလှဲအိပ်နေပြီး သူ၏ဝဝပုံ့ပုံ့ခန္ဓာကိုယ်ကြီးက တောင်ငယ်လေးတစ်လုံးပမာ ထင်မှတ်ရသည်။ ရန်ကျောက်ကဲကလည်း သားမွေးအိပ်ယာကြီးပမာဖြစ်နေသော ပန်ပန်ကိုမှီလျှက် ပျင်းပျင်းရိရိပင် ထိုင်နေသည်။

အားဟူစကားကိုကြားတော့ ရန်ကျောက်ကဲက...

“ဘာတွေ ရှုတ်ထွေးနေတာလဲ”

အားဟူက...

“တာ့ရွှမ်တိုင်းပြည်က တတိယမင်းဆက်ဖြစ်တဲ့ ဧကရာဇ် ‘ရွှမ်မု’ က သူ့ရဲ့စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ပြီး တာ့ရွှမ်ဘုရင့်နေပြည်တော်က ထွက်ခွာလာတယ်တဲ့”

ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်ရင်း...

“ဒါက ဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက်မျိုးတော့ မဟုတ်ဘူး ၊ ဧကရာဇ်’ရွှမ်မု’ က စွမ်းအားမြင့်မားတာ မှန်ပါတယ် ၊ ဒါပေမဲ့ သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ဖြစ်တဲ့ “နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်”ဆိုတာက.. သူ့အဘိုးနဲ့ သူ့အဖေကို မယှဉ်နိုင်သေးသလို ကျူတောပင်လယ်ဒေသကို အုပ်စိုးဖို့ဆိုတာလည်း အဝေးကြီးလိုသေးတယ်”

“ကိုယ့်သားရဲတွင်းမှာ ဘာမှမဖြစ်နိုင်ပေမယ့် ဘုရင့်နေပြည်တော်ကထွက်လာလို့ နယ်မြေအားသာချက်ဆုံးရှုံးသွားတာနဲ့ ဝံပုလွေတွေ ကျားတွေလို သူ့ကိုချောင်းနေတဲ့ ရန်သူတွေကို ဘယ်လိုရင်ဆိုင်မှာလဲ ၊ သူ့လှုပ်ရှားမှုကို သတိထားမိပြီး သူ့ရန်သူတွေ ချက်ချင်းပူးပေါင်းတိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ဧကရာဇ်’ရွှမ်မု’ ရဲ့ လှုပ်ရှားမှုက သတိလက်လွတ် ဖြစ်လွန်းတယ်...”

ထို့နောက် ရန်ကျောက်ကဲက မျက်လုံးများ ကျဉ်းမြောင်းလိုက်ရင်း...

“အင်း... သူ့မှာ နောက်ခံကောင်းကောင်းမရှိဘူး ဆိုရင်ပေါ့လေ”

အားဟူက ဆက်ပြောသည်။

“နောက်သတင်းတစ်ခုက... ဇာမဏီနယ်မြေမှာ ဟို ‘ယန်’ မျိုးနွယ်စစ်သူကြီးကို သခင်လေး သတ်ပစ်လိုက်တာလေ ၊ သူ့ဦးလေးဖြစ်တဲ့ အမတ်မင်း ‘ဟိုင်ချန်’ က အရမ်းဒေါသထွက်ပြီး ကျူတောပင်လယ်ဒေသ ၊ တောင်ပိုင်းတစ်ခုလုံးမှာ သခင်လေးကို လိုက်ရှာနေတယ်တဲ့ ၊ အခုဆိုရင် ပန်းပွင့်ငြိမ်းချမ်းဒေသနဲ့ အတော်လေးနီးကပ်နေပြီလို့တောင် သတင်းရတယ်”

ရန်ကျောက်ကဲက အရေးမစိုက်ဟန် ပခုံးတစ်ချက်တွန့်ရင်း...

“ယိုးမင်ဂိုဏ်းက အကြီးအကဲတွေဖြစ်တဲ့ ဝူကျိရှိုးရော နျဲ့စန်းရော ဒီနေရာမှာရှိနေတာ အလကားမဟုတ်ဘူးလေ”

အားဟူက ရိုးရှင်းစွာပြုံးလိုက်ရင်း...

“အင်း... အမှန်ပဲ...”

ရန်ကျောက်ကဲက ခဏမျှစဉ်းစားပြီးနောက် မတ်တတ်ထရပ်ရင်း...

“လာ... လမ်းလျှောက်ထွက်ကြရအောင်”

အားဟူက ရန်ကျောက်ကဲနောက်သို့ လိုက်သွားရင်း...

“သခင်လေး... ကျွန်တော်တို့ ဒီနေရာမှာ ယိုးမင်ဂိုဏ်းနဲ့ ဒီတိုင်း အချိန်ဖြုန်းနေတော့မှာလား”

ရန်ကျောက်ကဲက လမ်းလျှောက်ရင်း...

“သေချာပေါက် မဟုတ်ဘူးပေါ့...”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ လောစရာတော့မရှိပါဘူး ၊ နည်းနည်းလောက်စောင့်လိုက်ရင် ငါတို့ စကားပြောဆိုဆွေးနွေးနိုင်မှာပါ ၊ နည်းနည်း ကြန့်ကြာနေတာက... သူတို့နဲ့ စကားပြောတဲ့အခါ ပိုပြီးအကျိုးရှိနိုင်ပါတယ် ၊ ဒါပေမဲ့ ငါက အချိန်အကြာကြီးတော့ စောင့်မှာမဟုတ်ပါဘူး”

ယိုးမင်ဂိုဏ်းခွဲထဲတွင် လမ်းလျှောက်ရင်း ရန်ကျောက်ကဲက ဤနေရာရှိ ခံစစ်အစီအရင်ကို သွားမထိသော်လည်း ဝိညာဉ်စွမ်းအားအတက်အကျကို တိတ်တဆိတ် အာရုံခံကြည့်သည်။

“ဒီအစီအရင်က နေ့ဘက်မှာအားကောင်းပြီး ညဘက်မှာအားနည်းနေတာ ၊ ငါ ... ယိုးမင်ဂိုဏ်းနဲ့ ကွမ်းမင်ဂိုဏ်းနေရာမှားပြီးရောက်လာတာတော့ မဟုတ်ဘူးမလား”

မျက်တောင်တစ်ချက်ခတ်ရင်း ရန်ကျောက်ကဲ တွေးလိုက်သည်။

“အစီအရင်ပြောင်းပြန်လှည့်ပတ်နေတယ်ဆိုတော့... ဒီနေရာမှာ ပြိုင်ပွဲတစ်ခုခုပြုလုပ်ဖို့များ ပြင်ဆင်နေသလားပဲ”

ထိုအချိန် သူတို့ရှေ့တွင် အငြင်းအခုံပြုလုပ်နေသော တပည့်အုပ်စုများကို တွေ့လိုက်ရသည်။ သေသေချာချာကြည့်လိုက်တော့ ယိုးမင်ဂိုဏ်းမှတပည့်များ ငြင်းခုံနေခြင်းဖြစ်ကြ၏။

ငြင်းခုံနေသူများက အသက်ငယ်ရွယ်သေးသော်လည်း သိုင်းပညာရှင်အဆင့် ရောက်ရှိနေကြပေပြီ။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများရှိသော်လည်း သူတို့က အလွန်ငယ်ရွယ်ကြသေးပြီး ယခုမှ ဂိုဏ်းထဲဝင်ရောက်လာသော အငယ်တန်းတပည့်များ ဖြစ်ဟန်တူသည်။ သူတို့က ဂိုဏ်းတူအစ်ကိုအစ်မများနောက်သို့ အပျော်တမ်း လိုက်လာကြဟန်ပင်။

ငြင်းခုံနေသည့်အုပ်စုနှစ်စုကို သိုင်းဆရာသခင်တစ်ယောက်စီက ဦးဆောင်လာကြသည်။

ထိုအုပ်စုနှစ်စုတွင် တစ်စုက အလင်းမဲ့ခန်းမမှတပည့်များဖြစ်ပြီး အခြားအုပ်စုကတော့ အမှောင်ခန်းမမှ တပည့်များဖြစ်မည်ဟု ရန်ကျောက်ကဲက ကောက်ချက်ချသည်။

သူတို့ အခြေအတင်ငြင်းခုံနေကြသည်က သူတို့အကြီးအကဲများ၏ အဂ္ဂိရတ်ပညာတွင် အောင်မြင်မှုအဆင့် ဖြစ်၏။ တပည့်ငယ်များ အခြေအတင် ငြင်းခုန်နေကြရင်း ပြိုင်ပွဲစတင်တော့မည်ဟု ပြောဆိုထွက်ခွာသွားကြသည်။

“အင်း... အထက်ဘုံကမ္ဘာမှာ အဂ္ဂိရတ်ပညာက ဘယ်အဆင့်ထိ အောင်မြင်နေလဲ ငါ မသိဘူး ၊ ယိုးမင်ဂိုဏ်းကတော့ ကျူတောပင်လယ်ဒေသမှာ အဂ္ဂိရတ်ပညာအတော်လေးအဆင့်မြင့်တယ်လို့ သတင်းကြားထားတယ်”

ရန်ကျောက်ကဲ တွေးလိုက်ပြီး အားဟူဘက်သို့ လှည့်ကြည့်ရင်း...

“အဲဒီ အဂ္ဂိရတ်ပညာပြိုင်ပွဲကို အပြင်လူတွေရော ကြည့်လို့ရလား တစ်ချက်စုံစမ်းလိုက်ပါ...”

အားဟူ ခေါင်းညိတ်ကာ ရှေ့သို့လျှောက်သွားလိုက်ပြီး ခဏအကြာတွင် ပြန်လာသည်။

“သခင်လေး... ဟိုရှေ့ မလှမ်းမကမ်းမှာ ပြိုင်ပွဲလုပ်နေတာတဲ့ ၊ သွားကြည့်လို့ရတယ်”

အော်ဟစ်ငြင်းခုန်နေကြသောအုပ်စုနှစ်စု ရှေ့ဆက်လျှောက်သွားကြစဉ် ရန်ကျောက်ကဲသည်လည်း စိတ်ဝင်တစားဖြင့်ပင် သူတို့နှင့် လိုက်ပါသွားသည်။

သို့သော် ပြိုင်ပွဲနေရာသို့ရောက်တော့ အဂ္ဂိရတ်ပညာပြိုင်ပွဲမဟုတ်ဘဲ ဆေးလုံးဖော်ဆပ်သောနည်းစနစ်တစ်ခုကို ပြန်လည်ပြုပြင်သည့်ပြိုင်ပွဲဖြစ်ကြောင်း တွေ့ရှိရ၏။

ဤသည်က ရန်ကျောက်ကဲကို ပိုမိုစိတ်ဝင်စားစေသည်။ တကယ့်အဂ္ဂိရတ်ပညာနှင့် နှိုင်းယှဉ်ပါက မပြည့်စုံသော ဆေးလုံးဖော်ဆပ်ခြင်းနည်းစနစ်ကို ပြန်လည်ပြုပြင်ခြင်းက ပညာရှင်အဆင့် စမ်းသပ်မှုတစ်ခုဖြစ်သည် မဟုတ်လား။

အဂ္ဂိရတ်ပညာပြိုက်ပွဲအနောက်ဘက်ရှိ သန့်စင်သောခန်းမတစ်ခုတွင် ဝူကျိရှိုးနှင့် နျဲ့စန်းတို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

နျဲ့စန်းက...

“အကြီးအကဲ’ဝူ’... ၊ အရှေ့တောင်ပိုင်းက ထိပ်တန်းမျိုးနွယ်တွေက အဂ္ဂိရတ်ပညာအရမ်းတော်တာ မှန်ပါတယ် ၊ ဒါပေမဲ့ အထက်ဘုံကမ္ဘာမှာ အဂ္ဂိရတ်ပညာတော်တဲ့သူတွေက သူတို့မျိုးနွယ်ပဲ ရှိတာမဟုတ်ဘူးလေ ၊ ဒီတော့ ကျွန်တော်တို့ ဒီကောင်လေးရဲ့ ဇာစ်မြစ်ကို ဘယ်လိုဝေဖန် ဆုံးဖြတ်ကြမလဲ”

ဝူကျိရှိုးက ဖြည်းညင်းသောလေသံဖြင့်...

“... အခုက အဂ္ဂိရတ်ပညာမဟုတ်ဘူးလေ ၊ မပြည့်စုံတဲ့ ဆေးလုံးဖော်ဆပ်ခြင်းနည်းစနစ်တစ်ခုကို ပြန်ပြီးပြင်ဆင်ခိုင်းတာ”

သူက ဆက်ပြောသည်။

“ဒီအဘိုးကြီးက အဂ္ဂိရတ်ပညာကို စူးစမ်းလေ့လာရတာ ဝါသနာပါတယ် ၊ ဒါပေမဲ့ အရာအားလုံးသိရှိတယ်လို့ ပြောရင်တော့ ရှက်စရာပဲ ၊ ပညာရပ်တစ်ခုကို နက်နက်နဲနဲသိရှိဖို့က မလွယ်ပါဘူး”

နျဲ့စန်းက ခေါင်းခါယမ်းရင်း...

“အကြီးအကဲ’ဝူ’ က ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေပြန်ပြီ ၊ ခင်ဗျားက ကျွန်တော်တို့ဂိုဏ်းမှ အဂ္ဂိရတ်ပညာ နံပါတ် (၁) ပဲ မဟုတ်လား ၊ လူတိုင်းက အဂ္ဂိရတ်ပညာနဲ့ပတ်သက်ရင် ခင်ဗျားကို အရမ်းအားကျတာလေ”

ဝူကျိရှိုးက...

“ကိုယ့်အကြောင်းကိုယ်ပဲ သိပါတယ်လေ ၊ ဒါပေမဲ့ ငါ့မှာကုသိုလ်ကောင်းတာလေးတစ်ခုက ကျူတောပင်လယ်ဒေသအပြင် တခြားဒေသက အဂ္ဂိရတ်ပညာအမျိုးမျိုးကို နားလည်နိုင်စွမ်းရှိတာပဲ ၊ အပေါ်ယံပဲဆိုပေမယ့်လည်း ဒီလိုသိမြင်နိုင်တာ မဆိုးဘူးလို့ ပြောရမယ်”

“ဒီကောင်လေး သည်းမခံနိုင်တော့ဘဲ ဝင်လှုပ်ရှားမယ်ဆိုရင် အဆင်ပြေတယ် ၊ သူသာ အစွမ်းပြချင်မယ်ဆိုရင် ဒီဆေးလုံးဖော်ဆပ်နည်းကို ပြုပြင်တာကတစ်ဆင့် သူလေ့လာခဲ့တဲ့အဂ္ဂိရတ်ပညာကို သိနိုင်မယ် ၊ ဒါဆို သူ့ရဲ့ဇာစ်မြစ်ကို ခန့်မှန်းနိုင်မယ်”

အဘိုးအိုက သက်ပြင်းတစ်ချက်ချရင်း...

“ငါတို့တွေ စောင့်ကြည့်ကြတာပေါ့”

All Chapters