ဒုတိယအဆင့်
Vol. 52 Ch. 728
မန်ဟိုကို တိုက်ခိုက်လိုက်သော ရွှေရောင်သားရဲကြီးမှာ လုပိုင်အတွက် လွှတ်ခဲ့သော တစ်ကောင်ထက် သိသိသာသာ အစွမ်းထက်သည်။
သို့ထိတိုင် ၎င်းမှာ သေလုမြောပါး ဖြစ်ခဲ့သေးသည်။ ရွှေရင့်ရောင်ကြီးကြပ်ရေးမှူး၏ ကြားဝင်မှုကြောင့်သာ မဟုတ်လျှင် ၎င်း သေချာပေါက် အသက်ထွက်သွားပေလိမ့်မည်။
သို့သော် မန်ဟိုလည်း ဤလက်သီးချက်တစ်ချက်တည်းကိုသာ ပစ်သွင်းနိုင်၏။
ထိုလက်သီးချက်တွင် သူ စုပ်ယူခဲ့သမျှ စွမ်းအားအလုံးစုံပါဝင်လေသည်။ လောလောဆယ်တွင် သူ၏ခန္ဓာကိုယ်မှာ ပုံမှန်အခြေအနေသို့ ပြန်သွားနေလေပြီ။ သူ၏အရှိန်အဝါမှာ အတော်လေး အားနည်းနေသော်လည်း ဘယ်သူမှ သူ့ကို အထင်သေးရဲမည်မဟုတ်ပေ။
ကျင်းဟန်ဂိုဏ်းကျင့်ကြံသူငါးယောက်မှာ လုံးလုံးလျားလျား အံ့ဩမှင်သက်နေချေသည်။
“သူက ... အရင်ကထက်တောင် အစွမ်းထက်လာသေးတယ်”
“မဟုတ်မှ စောစောက ဉာဏ်အလင်းပွင့်သွားလို့ ရွှေရောင်ဝဲကြီး ပေါ်လာတာလား။ ဒါမှမဟုတ် လျှိုထားခဲ့တာပဲလား”
လူငါးယောက်က အကြည့်ချင်းဖလှယ်လိုက်ကြကာ တစ်ယောက် မည်မျှအံ့ဩနေသလဲ တစ်ယောက်မြင်လိုက်ကြသည်။ သူတို့ မန်ဟို့ကို တိုက်ခိုက်၍ မန်ဟိုသာ ရွှေရောင်ဝဲကြီးကို သုံးလျှင်တော့ သူတို့၏ ရုပ်သေးရုပ်ပုံစံဖြင့်ပင်လျှင် ... မရှုမလှ ရှုံးနိမ့်လိမ့်မည်သာ။
ယီးကျန့်ဂိုဏ်းမှ ဂုထျန်ရှန်းတွင် အံ့ဩတုန်လှုပ်နေသော အမူအရာရှိသည်။ သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ရင်တဒိန်းဒိန်း ခုန်နေတော့သည်။ “သူက ဒုတိယခွဲထွက်ခြင်းအဆင့်မှာပဲ ဆိုပေမယ့် သွေးမိစ္ဆာမဟာမှော်သိုင်းက ... တော်တော့်ကို .... တော်တော့်ကို ကြောက်စရာကောင်းတယ်”
သူသည် ယီးကျန့်ဂိုဏ်းမှ အစွမ်းထက်ပညာရှင်တစ်ယောက်ဖြစ်ပြီး သွေးမိစ္ဆာဂိုဏ်းအကြောင်း အတိုင်းအတာတစ်ခုအထိ သိလေသည်။ သို့သော် ယခုတော့ သွေးမိစ္ဆာဂိုဏ်း၏ မှော်သိုင်းမှာ စိတ်ကူးကြည့်နိုင်သည်ထက် လွန်ကဲသည်ဟု သဘောပေါက်လိုက်လေပြီ။
ရွှေရင့်ရောင်ကြီးကြပ်ရေးမှူးလည်း အံ့ဩသွားပြီး မန်ဟို့ကို ဆွံ့အစွာ ကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်ပေ။
မန်ဟိုက ရှေ့သို့ ဖြေးဖြေးချင်း လျှောက်လှမ်းသွားစဉ် မျက်နှာအမူအရာပြောင်းလဲခြင်းမရှိပေ။ သူသည် မီးတောက်မုခ်ဝသို့ ရောက်သောအခါ တုံ့ဆိုင်းခြင်းမရှိ ဝင်ရောက်သွားလေ၏။
မီးတောက်မုခ်ဝ၏ အခြားတစ်ဖက်တွင် သီးခြားကမ္ဘာတစ်ခု တည်ရှိနေသယောင်ပင်။ မန်ဟို ဝင်လိုက်လျှင်ချင်း ခပ်လှမ်းလှမ်းတွင် ကြိုးဖြတ်ခံလိုက်ရသော စွန်ငယ်ပမာ ပါးစပ်မှ သွေးများပန်းထွက်လျက် လွင့်ထွက်သွားသည့် လုပိုင်ကို လှမ်းမြင်လိုက်ရသည်။ သူ့အရှေ့ရှိ နဂါးနက်ကြီးမှာ အသက်မဲ့နေသော အခြေအနေသို့ ပြန်ရောက်သွား၏။
ဤကမ္ဘာသည် မီးကမ္ဘာတစ်ကမ္ဘာဖြစ်သည်။
မီးတောက်မီးလျှံများက အရပ်လေးမျက်နှာသို့ ဖြာထွက်ရိုက်ခတ်နေပြီး ၎င်းတို့အတွင်းမှ ဧရာမယဇ်ပလ္လင်အမြင့်ကြီးက မိုးထိုးနေသည်။ ပလ္လင်သည် မီတာထောင်ချီသော အမြင့်ဖြင့် အလွန်ကြီးမားပြီး အထပ်ကိုးထပ်ရှိချေ၏။
စောစောက လုပိုင်သည် တတိယအထပ်တွင် ရှုံးနိမ့်ခဲ့၍ ပါးစပ်မှ သွေးများပန်းထွက်လျက် ထုတ်ပယ်ခံခဲ့ရလေသည်။ သူက မျက်နှာဖြူဖပ်ဖြူလျော်နှင့် လေလယ်တွင် ရပ်နေသည်။ သူသည် နောက်ပြန်ကြည့်လိုက်ရာ မန်ဟိုကို မြင်သွားပြီး သူ၏မျက်လုံးများမှာ ရှုပ်ထွေးသောအတွေးများနှင့်အတူ လက်ခနဲ တောက်ပသွားတော့၏ ။
“ဒီတော့ မင်း ရောက်လာပြီပဲ” သူက မြေကြီးအပေါ်သို့ သက်ဆင်းလာရင်း ပြောသည်။ သူသည် မန်ဟို့ကို နည်းနည်းလေးမှ အဖက်မလုပ်တော့ဘဲ တင်ပျဉ်ခွေ၍ တရားထိုင်လိုက်သည်။
မန်ဟိုက မီးပင်လယ်အတွင်းမှ မိုးထိအောင် ဆန့်တန်းနေသော ယဇ်ပလ္လင်ကြီးကို မော့ကြည့်လိုက်သည်။ အကြောင်းတစ်စုံတစ်ရာကြောင့် ဤနေရာနှင့်ပတ်သက်၍ သူ၏ခံစားချက်မှာ ထူးဆန်းနေလေသည်။ ထိုမျှသာမက သူ့ထံမှ အတားအဆီးများအား ဖယ်ရှားပေးလိုက်သည့်အလား သက်သောင့်သက်သာ ရှိသွားသလိုပင်။ စိတ်လည်း ရှင်းသွားသည်။
“တိုင်းတစ်ပါးသား” ရှေးဆန်သောအသံကြီးက ခေါင်းအထက်မှ ပဲ့တင်ထပ်လာသည်။ မန်ဟို မော့ကြည့်လိုက်သောအခါ ကြီးကြပ်ရေးမှူး နောက်တစ်ကောင်ဖြစ်သော လူပုံစံသားရဲဖြူဖြူကြီးကို မြင်လိုက်ရသဖြင့် အံ့ဩသွားတော့သည်။
၎င်းက မည်သည့်ကျင့်ကြံခြင်းအရှိန်အဝါကိုမှ ထုတ်လွှတ်မနေဘဲ ကမ္ဘာ၏ထိပ်ဆုံးတွင် ပျံဝဲနေလေသည်။
၎င်းက မန်ဟိုကို ငုံ့ကြည့်ပြီး ပြောသည်။ “မင်းအနေနဲ့ ပထမအဆင့်ကို ဖြတ်နိုင်ခဲ့ပြီးပြီ။ တတိယအဆင့်ကို ဖြတ်နိုင်ရင် ဒီနေရာကနေ ထွက်သွားနိုင်ပြီး ငါတို့မျိုးနွယ်စုရဲ့ ရတနာပစ္စည်းကိုလည်း ရရှိလိမ့်မယ်
“ဒါဟာ ဟိုးတစ်ချိန်တုန်းက ငါတို့ရဲ့ ကျေးဇူးရှင် နဲ့ သဘာတူညီခဲ့တဲ့ စာချုပ်ရဲ့ ရလဒ် ၊ ရှင်ခြင်းသေခြင်းနတ်မီးလျှံစမ်းသပ်ပွဲ ဖြစ်တယ်။ ဝင်ရောက်လာတဲ့ ဘယ်တိုင်းတစ်ပါးသားမဆို ဘယ်မျိုးနွယ်စုကပဲ လာလာ နတ်မီးလျှံစမ်းသပ်ပွဲမှာ ဝင်ပြိုင်ရလိမ့်မယ်
“မီးတောက်ထဲ ဝင်လာပြီး အထပ်ကိုးထပ်ယဇ်ပလ္လင်အပေါ် တက်လော့။ တစ်ထပ်စီမှာ တွေ့ရမယ့် ရန်သူကို နှိမ်နင်းပြီး နောက်ထပ်ကို ဆက်တက်လော့
“ဘယ်မှော်သိုင်းမဆို ၊ ဘယ်နတ်ဘုရားစွမ်းရည်မဆို၊ ဘယ်နည်းလမ်းမဆို စိတ်တိုင်းကျ အသုံးပြုနိုင်တယ်
“မင်းမှာ အခွင့်အရေးသုံးခုရမယ်။ တတိယအကြိမ် မအောင်မြင်ရင်တော့ .... အရှင်းဖယ်ရှားခံပြီပဲ”
အဖြူရောင်ကြီးကြပ်ရေးမှူးက စကားပြောပြီးသောအခါ မျက်လုံးများပိတ်၍ ဘာမှထပ်မပြောတော့ပေ။
မန်ဟိုသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး တရားထိုင်ရန် ချက်ချင်း တင်ပျဉ်ခွေလိုက်၏။ ကျင့်ကြံခြင်းအခြေခံကို တစ်ရက်ကြာ သန့်စင်ပြီးနောက်တွင် သူကား မျက်လုံးများ ဖွင့်၍ မီးပင်လယ်ထဲသို့ ဝင်ရောက်သွားတော့သည်။
ထိုအခိုက်အတန့်တွင် လုပိုင်က မျက်လုံးဖွင့်၍ မန်ဟိုကို ကြည့်သည်။
“တတိယအထပ်ကို သတိထား” သူက ဖြေးညင်းစွာ ပြောလာသည်။ “အဲဒီမှာ မင်းရဲ့ ကိုယ်ပွားကို မင်း တွေ့လိမ့်မယ်”
မန်ဟိုက တခဏ ရပ်ပြီးနောက် လုပိုင်ကို လှည့်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် မီးပင်လယ်ကို ဖြတ်၍ ပလ္လင်၏ပထမအထပ်သို့ ဝင်သွားတော့သည်။ ဝင်လိုက်လျှင်ချင်း လူပုံစံရုပ်တုကြီးကို မြင်လိုက်ရ၏။ ၎င်းက ချက်ချင်း အရည်ပျော်ကျသွားပြီး မိုးပြာရောင်ဝတ်ရုံ ဝတ်ထားသော လူငယ်တစ်ဦးပုံစံ ပြောင်းသွားလေသည်။
လူငယ်၏ မျက်လုံးများက ပထမတွင် အသက်မဲ့နေသော်လည်း မန်ဟို ၎င်းတို့ကို ကြည့်လိုက်သောအခါ ရုတ်တရက် ထူးဆန်းစွာ တောက်ပလာတော့သည်။
“စောစောက ကောင်လေးက ကြက်ကန်းဆန်အိုးတိုးပြီး ငါ့ကို ဖြတ်ကျော်သွားနိုင်တာ... မင်းကတော့ ကံကောင်းမှာ မဟုတ်ဘူး” သူသည် စကားပြောလိုက်သည့်အချိန်မှာပင် လက်ကို လေပေါ်မြှောက်၍ အရှေ့သို့ လက်ညှိုးထိုးလိုက်၏။ သူ့အနောက်တွင် အနက်ရောင်ပျားတစ်ကောင် ပေါ်လာသည်။ ချက်ချင်းပင် သရဲပုံရိပ်များက ၎င်း၏ပတ်ပတ်လည်တွင် မှိုလိုပေါက်လာ၏။ မျက်စိတစ်မှိတ်အတွင်း မန်ဟိုမှာ ပျားတစ်သောင်းကျော်နှင့် ရင်ဆိုင်နေရလေပြီ။
ပျားများ မန်ဟို့ဆီ ပြေးဝင်လာသဖြင့် တဝီဝီ မြည်သံများ ဆူညံနေတော့သည်။ လူငယ်၏လက်ချောင်းများသည် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ပြီး လက်ညှိုးထိုးလိုက်ပြန်၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ဤတစ်ခေါက်တွင် ကင်းခြေများတစ်သောင်းကျော် ပေါ်လာလေသည်။
“မိစ္ဆာသားရဲသခင်လား” မန်ဟိုက တအံ့တဩ တွေးလိုက်မိသည်။ ဖြစ်ပျက်နေသော အရာအားလုံးမှာ အလွန်ရင်းနှီးသလို ရှိလေသည်။ အနောက်ပိုင်းသဲကန္တာရရှိ မိစ္ဆာသားရဲသခင်များလည်း ယခုကဲ့သို့ တိုက်ခိုက်တတ်၏။ မန်ဟိုက ချက်ချင်း မတုံ့ပြန်ဘဲ နောက်နည်းနည်းဆုတ်ကာ အကဲခတ်လိုက်သည်။ တခဏကြာသော် ဤသည်မှာ မိစ္ဆာသားရဲသခင်ပညာရပ်မဟုတ်ဘဲ ... အလွန်ဆင်တူသည့်အရာဖြစ်ကြောင်း သဘောပေါက်လိုက်၏။
မန်ဟို့အတွက်မူ မိစ္ဆာသားရဲထိန်းကျောင်းခြင်းတာအိုနှင့်ပတ်သက်လျှင် သူသည် တစ်ခါတုန်းက အနောက်ပိုင်းသဲကန္တာရ၏ မဟာမိစ္ဆာသားရဲသခင်ဖြစ်ခဲ့ဖူးလေ၏။ တကယ်တမ်း သူက သူ့မျိုးဆက်တွင် အစွမ်းထက်ဆုံး မဟာမိစ္ဆာသားရဲသခင်ဟုပင် ဆိုနိုင်သည်။
ပျားနှင့်ကင်းခြေများတို့ ချဉ်းကပ်နေစဉ် မန်ဟို၏မျက်နှာမှာတော့ ထုံးစံအတိုင်းသာ။ သူသည် မိစ္ဆာသားရဲသခင်ပညာရပ်အား အသုံးချရန် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ သူ၏နတ်ဘုရားအာရုံက တလိပ်လိပ် ဖြာထွက်လာရာ ပျားနှင့်ကင်းခြေများတို့မှာ တုံ့ခနဲ ရပ်သွားကြ၏။
၎င်းတို့သည် အတန်ငယ် တွေဝေနေသောပုံစံရှိပြီး လူငယ်မှာမူ အံ့အားသင့်နေတော့သည်။
တစ်ချိန်တည်းမှာပင် မန်ဟိုက ပုလဲဖြူပုလဲနက်နှင့် နဝမတောင်ကို ဆင့်ခေါ်လိုက်သည်။ ၎င်းတို့က အောက်သို့ ဖိချလိုက်သဖြင့် တဝုန်းဝုန်း မြည်သံများ ရိုက်ညောင်းသွားလေသည်။ မန်ဟိုက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် တဟုန်ထိုးထွက်သွားပြီး လူငယ်၏အရှေ့တည့်တည့်တွင် ပေါ်လာသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သွေးမိစ္ဆာမဟာမှော်သိုင်း ပေါ်လာာ၏ ။
အံ့မခန်း ရွှေရောင်ဝဲကြီး နှင့်အတူ ရွှေရောင်လက်ကြီးက လူငယ်ကို ဖြစ်ညစ်လျက် ပေါ်လာသည်။ သူ၏ချီနှင့်သွေးတို့ စုပ်ယူခံလိုက်ရသည့်အတွက် သူ၏ခန္ဓာကိုယ်မှာ ပိန်ချုံးခြောက်ကပ်လာတော့သည်။ သု့အတွက် ပြိုကွဲသွားရန် တခဏသာ ကြာလိုက်လေသည်။
ပြိုကွဲသွားပြီးနောက် လူငယ်က နောက်တစ်နေရာတွင် ပြန်ပေါ်လာသည်။ သူသည် မန်ဟိုကို လေးလေးနက်နက် ကြည့်ပြီးနောက် အေးတိအေးစက် ပြော၏။ “ငါက ချီမျှင်လေးတစ်မျှင်ကနေ ဖန်ဆင်းထားတဲ့ ဓမ္မကိုယ်ပွားလေးသာသာပါပဲ။ ဒါပေမဲ့ မင်းက ငါ့ကို အပြတ်အသတ် အနိုင်ယူခဲ့တယ် ။ အရင်က ဘယ်သူမှ အဲ့ဒီလို မလုပ်နိုင်ဘူး။ မင်း ... ကျော်ဖြတ်နိုင်ပြီ”
မန်ဟို မဆိုစလောက် မျက်မှောင်ကြုတ်သွားသည်။ သူသည် ချီနှင့်သွေး များများစားစား မစုပ်ယူခဲ့ရသေးသလို လူငယ်၏ကျင့်ကြံခြင်းအခြေခံကိုလည်း မမြင်ရသေးပေ။ သူက နောက်ထပ်စကားမဆိုတော့ဘဲ ဒုတိယအထပ်သို့ ရိပ်ခနဲ တက်သွား၏။
ဒုတိယအထပ်ပေါ် ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် မယုံကြည်နိုင်ဖွယ်အားကြီးက သူ့ကို ဆီးကြိုနေသည်။
မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး လက်မြှောက်၍ အရှေ့တည့်တည့်သို့ တွန်းထည့်လိုက်သည်။
မယုံနိုင်လောက်အောင် ပြင်းထန်သော စွမ်းအားတစ်ရပ်က သူ့အပေါ် ကျရောက်လာသဖြင့် အုန်းခနဲ မြည်ဟည်းသွားသည်။ မန်ဟိုက တုန်ရီသွားပြီး အမြန်ဆုံး နောက်ဆုတ်လိုက်၏။
သူက သူ့ကို တအံ့တဩ ပြန်ကြည့်နေသော ဧရာမနတ်နွားကြီးကို ပြန်မော့ကြည့်လိုက်သည်။ “အနည်းဆုံးတော့” မန်ဟိုက တွေးသည်။ “သူ့မှာလည်း တာအိုရှာဖွေခြင်းအဆင့် အပြင်အားကိုယ်ခွန်အားရှိတယ်။ စောစောက တိုက်ကွက်က ပုံမှန်လေးအတိုင်းပဲ။ လုပိုင် ဒီအထပ်ကို ဘယ်လိုဖြတ်ကျော်နိုင်ခဲ့ပါလိမ့်”
“ဟားးဟားဟား” နတ်နွားကြီးက အူလှိုက်သည်းလှိုက် ရယ်သည်။ “သိပ်ကောင်းတယ်။ သိပ်ကောင်းတယ်။ နောက်ဆုံးတော့ တကယ့်စွမ်းအားနဲ့ လူတစ်ယောက် ရောက်လာခဲ့ပြီပဲ။ စောစောက အချိန်စွမ်းအားနဲ့ ကောင်စုတ်လေးက ဒီတစ်ယောက်ထက် အများကြီး ပိုအားနည်းတယ်” နတ်နွားကြီး၏ ကြွက်သားများ ဖောင်းကြွလာသည်။ ၎င်းက မြေကြီးပေါ် ခြေဆောင့်နင်း၍ မန်ဟို့ဆီ ပြေးတက်လာလေပြီ။
“ငါ့ကို ချက်ချင်း အနိုင်မယူနဲ့နော်” သူက အော်လိုက်သည်။ “စောစောက ကောင်စုတ်ကလေးက လုံးဝစိတ်ရှုပ်စရာလေး။ သူ သုံးသွားတဲ့ လျှို့ဝှက်အချိန်ပညာရပ်က ထူးဆန်းပြီး ရင်ဆိုင်ရခက်တယ်။ အဲ့အရူးလေးနဲ့ တိုက်ခိုက်ရတာ နည်းနည်းလေးမှ ပျော်စရာမကောင်းဘူး။ သူ့ကို ဖြတ်ခွင့်မပေးမချင်း ငါ့ကို စိတ်အနှောင့်အယှက်ပေးနေတာနဲ့ လွှတ်ပေးလိုက်တာ။ ဒါပေမဲ့ ... မင်းကိုတော့ ငါ သဘောကျတယ် ကောင်စုတ်လေး”
ဒုန်းးးးးး
နတ်နွားကြီးက တာအိုရှာဖွေခြင်းအဆင့်စွမ်းအားနှင့် လက်သီးထိုးချလိုက်ရာ မန်ဟို့မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေသည်။ သူသည် ကျင့်ကြံခြင်းအခြေခံကို လှည့်ပြီး ချက်ချင်း သူ၏လက်သီးကို ပစ်သွင်းလိုက်၏။
အလွန်တရာ အံ့ဩထိတ်လန့်ဖွယ်ကောင်းသော ထစ်ချုန်းသံကြီး ရိုက်ခတ်သွားပြီး မန်ဟို၏မျက်နှာမှာ ပို၍ပင် ဖြူဖျော့သွားလေသည်။ သူ့မှာ ယခုတွင် နောက်ဆုတ်လိုက်ရ၏။ နတ်နွားကြီးက ခေါင်းနောက်လှန်ပြီး အားပါးတရ အော်ရယ်သည်။
“သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်” သူက မန်ဟို့ထံသို့ ထပ်မံပြေးတက်လာရင်း ပြောသည်။
မန်ဟို၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။
“ဒီတစ်ခေါက် သူ သုံးတဲ့စွမ်းအားက ပိုများနေပါလား” သူက တွေးလိုက်ပြီး တိုက်ခိုက်လိုစိတ်တို့ သူ၏မျက်လုံးများတွင် တောက်ပလာတော့သည်။ စွမ်းအားက သူ၏အပြင်အားကိုယ်တစ်လျှောက် ဖြာဆင်းသွားပြီး သူသည် တိုက်ကွက်အတွင်းသို့ တုန်ခါခြင်းများ ထပ်မံပေါင်းထည့်ကာ တန်ပြန်တိုက်ခိုက်လိုက်လေသည်။
ကြီးမားသောစွမ်းအားနှစ်ရပ် ထိပ်တိုက်တွေ့ပြီး မန်ဟိုမှာ ပါးစပ်မှ သွေးများ ပန်းထွက်ကာ နောက်လွင့်ထွက်သွား၏။ နတ်နွားကြီးမှာမူ တစ်ကိုယ်လုံး တုန်ရီလာပြီး သူ့ခြေထောက်အောက်ရှိ မြေကြီးမှာ ပက်ကြားအက်၍ ကျွံကျသွားတော့သည်။ သူ ခေါင်းမော့လာသောအခါ သူ၏မျက်လုံးများမှာ စူးရှတောက်နေပြီဖြစ်၏။
“မိုက်တယ် ၊ မိုက်တယ်။ မင်းက မဆိုးဘူးပဲ ကောင်စုတ်ကလေး ။ လာ လာ ဘိုးဘိုးနွားကြီးကို မင်းကို သေအောင်ရိုက်ခွင့်ပေးပါဦး” သူက သဘောကျစွာ ရယ်ရင်း ထပ်ပြေးဝင်လာပြန်သည်။
မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူ၏အပြင်အားကိုယ်မှာ တဆတ်ဆတ် တုန်ရီကာ ထုံကျင်နေလေပြီ။ ဆန့်ကျင်ဘက်တွင်တော့ သူ၏ပြိုင်ဘက်မှာ နည်းနည်းလေးမှ ထိခိုက်နာကျင်ပုံမရပေ။ အမှန်တွင် ထိုအကောင်ကြီး၏ အပြင်အားကိုယ်မှာ ပိုပို၍သာ အင်အားကြီးမားလာနေကြောင်း မန်ဟို အာရုံရလိုက်၏။
“ငါ အပြင်အားမှာ သူနဲ့ မယှဉ်နိုင်ဘူး” မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ် လက်နေလျက် တွေးလိုက်သည်။ နတ်နွားကြီး သူ့အပေါ် ထိုးဆင်းလာစဉ် မန်ဟိုက ရှောင်တိမ်းရန် နေရာရွှေ့ပြောင်းလိုက်သည်
“ဘာလို့ထွက်ပြေးနေတာလဲ” နတ်နွားကြီးက သူ့ဆီ နောက်တစ်ဖန် ပြေးတက်လာရင်း ပြောသည်။ မန်ဟိုက ထပ်၍ နေရာရွှေ့ပြောင်းလိုက်ပြန်ရာ နတ်နွားကြီးအား ဒေါကန်သွားစေတော့သည်။
“ငါချီးတဲ့မှ။ မင်းလည်း ဟိုတစ်ကောင်လို ငါ့ဒေါသကို ဆွနေတာပဲ” နတ်နွားကြီးက ဟိန်းဟောက်လိုက်သည်။ သူသည် ညာခြေထောက်ဖြင့် မြေကြီးကို ဆောင့်နင်းလိုက်ရာ ဘုန်းခနဲ မြည်ဟည်းသွားလေသည်။ လေထုမှာ ပုံပျက်ရှုံ့တွသွားသဖြင့် မန်ဟို နေရာရွှေ့ပြောင်း၍မရတော့။ သူက မုဒြာလက်ကွက် ကပျာကယာ ဖော်ပြီး အရှေ့သို့ လက်ညှိုးထိုးလိုက်သည်။
“သွေးမိစ္ဆာမဟာမှော်သိုင်း”
ချက်ချင်းပင် ရွှေရောင်ဝဲကြီးက နတ်နွားကြီးကို ချောင်ပိတ်ကာ ရစ်ပတ်လိုက်သည်။ နတ်နွားကြီးမှာ သူ၏ခန္ဓာကိုယ် ခြောက်ကပ်လာသဖြင့် မျက်လုံးကြီးပြူးလျက် ဆဲရေးလိုက်၏။ “ဒါ ဘယ်လို သောက်ကျိုးနည်း မှော်သိုင်းလဲ”
သူက ထိုသို့ပြောပြီး ဝဲကြီးကို တိုက်ခိုက်ရန် စွမ်းအားကို ဖော်ထုတ်လိုက်၏။ ဝဲကြီးကား ပထမဆုံးအနေဖြင့် .... ပျက်စီးသွားလေပြီ။
မန်ဟိုမျက်နှာပျက်သွားပြီး နောက်ဆုတ်လိုက်သည်။ နတ်နွားကြီးက အားပါးတရ ရယ်ပြီး နောက်လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
မန်ဟိုမှာ ရှောင်နိုင်သည်ဆိုရုံကလေး ရှောင်လိုက်နိုင်ပြီး သွေးတစ်လုပ် အန်လိုက်ရသေးသည်။ သူက ခေါင်းထဲ၌ အတွေးပေါင်းသောင်းခြောက်ထောင် ဖြတ်ပြေးနေရင်း နောက်ဆုတ်လိုက်သည်။
“ထူးခြားတဲ့ခွန်အား။ မယုံနိုင်လောက်အောင် မာတဲ့ခန္ဓာကိုယ်။ နေရာရွှေ့မပြောင်းနိုင်အောင် ပတ်ဝန်းကျင်ကို ချုပ်ထားနိုင်တယ်။ သွေးမိစ္ဆာမဟာမှော်သိုင်းတောင် သူ့ကို ဘာမှမလုပ်နိုင်ဘူး ... ငါ ဘာလုပ်ရမလဲ” မန်ဟိုမှာ အဆက်မပြတ် နောက်ဆုတ်နေရပြီး ဆက်တိုက် ဒဏ်ရာရနေလေသည်။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်နေပြီး နတ်နွားကြီးကတော့ တိုက်ခိုက်ရင်း စိတ်လှုပ်ရှားသထက် လှုပ်ရှားလာနေသည်။
“ငါ သူ့ရဲ့အပြင်အားကိုယ်ကို စုပ်ယူနိုင်ရင် သေချာပေါက် အခြေအနေကို ပြောင်းပြန်လှန်ပြီး အနိုင်ယူနိုင်လိမ့်မယ်။ ဒါမဲ့ သူက သွေးမိစ္ဆာမဟာမှော်သိုင်းဝဲကို ခါပစ်နိုင် ... နေဦး ...” မန်ဟို၏မျက်လုံးများ လင်းခနဲ လက်သွားသည်။
“ခဏနေပါဦး။ သွေးမိစ္ဆာမဟာမှော်သိုင်းက ပထမဆုံး ချုပ်တယ်၊ ပြီးတော့ စုပ်ယူတယ်။ အဲ့ဒါကြောင့် ဒီလောက်ကြီးမားတဲ့ ဝဲကြီးကို လိုအပ်တာပဲ။ ဆိုလိုတာက စွမ်းအား ဖြာထွက်သွားတဲ့သဘော။ အကယ်လို့ ဝဲကို အသေးငယ်ဆုံးချုံ့လိုက်ရင် အကုန်လုံး မစုပ်ယူတော့ဘဲ မြန်မြန်ဆန်ဆန် တစ်ချက် စုပ်ယူလိမ့်မယ်...” မန်ဟို၏စိတ်မှာ ယခုတွင် လုံးဝရှင်းသွားတော့သည်။ ဉာဏ်အလင်းကား တိုက်ခိုက်နေရင်းတန်းလန်း ရုတ်တရက် ရောက်ရှိလာခဲ့၏။ တစ်ချိန်တည်းမှာပင် နတ်နွားကြီးက သူ့အပေါ် ထပ်မံရောက်ခါနီးလေပြီ။
မန်ဟို့အတွက် ရှည်ရှည်ဝေးဝေး စဉ်းစားနေရန် အချိန်မရှိ။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးမိစ္ဆာမဟာမှော်သိုင်း ထပ်မံပေါ်ပေါက်လာသည်။ သို့သော် အကြီးစားတော့မဟုတ်၊ သူ့လက်ဝါးထဲ ဆန့်ရုံသာ။
ဝဲသည် သူ့လက်ဝါးထဲတွင် လျင်မြန်စွာ လည်ရင်း လက်ဝါးရာအရွယ် ကျုံ့ကာ သူ၏လက်နှင့်တစ်သားတည်း ဖြစ်သွား၏။
“ကောင်းပြီ။ အချိန်ကျပြီ အလုပ်ဖြစ်ပါ့မလား”
နတ်နွားကြီး ချဉ်းကပ်လာစဉ် မန်ဟိုက လက်ဝါးကို ဆန့်ထုတ်၍ ရိုက်ချက်တစ်ချက် ပစ်လွှတ်လိုက်သည်။
“ချီနှင့်သွေးအလွှာ”
***