စိတ်ဝိညာဉ်အကြောအလွှာ
Vol. 52 Ch. 729
ဘုန်း
မန်ဟို၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ နတ်နွားကြီး၏လက်သီးတွင် အံ့ဖွယ်အပြင်အားကိုယ်စွမ်းအားတစ်ရပ် ပါရှိကြောင်း သူ ပြောနိုင်သည်။ ထိုကဲ့သို့စွမ်းအားနှင့် ကြမ်းတမ်းပုံမျိုးမှာ သူကိုယ်တိုင်ပင် မခံနိုင်နိုင်သောအရာဖြစ်သည်။
သို့သော် လက်သီး ကျရောက်မလာခင် ယခင်ထက်ပင်ပို၍ ကြောက်စရာကောင်းနေပြီဖြစ်သော ချီနှင့်သွေးစုပ်ယူခြင်းစွမ်းအားသည် ချက်ချင်းဆိုသလို တဟုန်ထိုး မြင့်မားလာကာ သူ၏အပြင်အားကိုယ်ကို သန်မာလာစေသည်။
မန်ဟို၏မျက်လုံးများ တလက်လက် တောက်ပသွား၏။
နတ်နွားကြီးမှာ လုံးလုံးလျားလျား အံ့ဩမှင်သက်လျက် ကြည့်နေတော့သည်။
“အလုပ်ဖြစ်တယ်ဟ” မန်ဟိုက တွေးလိုက်သည်။ “သွေးမိစ္ဆာမဟာမှော်သိုင်းက အပြင်မှာပဲ သုံးလို့ရတာမဟုတ်ဘူးပဲ။ တခြားနည်းလမ်းတွေနဲ့လည်း သုံးလို့ရတယ်။ ဥပမာ ငါ့အပြင်အားကိုယ်နဲ့ ပေါင်းစည်းလိုက်တာမျိုး” မန်ဟိုသည် အကျယ်ကြီး ရယ်ပြီးနောက် သူ၏မျက်လုံးများမှာ တိုက်ခိုက်လိုစိတ်များဖြင့် တောက်ပလာတော့၏။ သို့သော် ကမူးရှူးထိုး တိုက်ခိုက်မည့်အစား သူက ယခင်အတိုင်း နောက်ဆုတ်လိုက်သည်။
သူသည် ရှောင်လိုက် ၊ တိမ်းလိုက်တိုင်း နတ်နွားကြီးကို သူ့လက်ဝါးဖြင့် ထိနိုင်ရန် အနားကပ်သွားဖို့ နည်းလမ်းရှာတတ်လေသည်။
“သေစမ်း ခြင်ကိုက်သလို လာလုပ်မနေနဲ့ကွ” နတ်နွားကြီးက ဟိန်းဟောက်လိုက်သည်။ “ငါနဲ့ မျက်နှာချင်းဆိုင် တိုက်စမ်း” မန်ဟိုက တစ်ခွန်းမှ ပြန်မတုံ့ပြန်။ သို့သော် သူ၏မျက်လုံးများသည် ပိုပို၍ စူးရှတောက်ပလာနေ၏။ သူ နတ်နွားကြီးကို ထိလိုက်တိုင်း ချီနှင့်သွေး နည်းနည်းချင်း စုပ်ယူတတ်လေသည်။ တဖြေးဖြေး သူ၏အပြင်အားကိုယ်စွမ်းအားက တိုးပွားလာပြီး သူကိုယ်တိုင်လည်း အစွမ်းထက်လာသည်။
အမွှေးတိုင်တစ်တိုင်ထွန်းစာမျှ ကြာသော် မန်ဟို၏ခန္ဓာကိုယ် တုန်ရီသွားပြီး တိုက်ကွက်နောက်တစ်ကွက် သူ့ကို ဝင်တိုက်လိုက်သည့်အချိန်မှာပင် သူ၏အပြင်အားကိုယ်သည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မှ တာအိုရှာဖွေခြင်းအဆင့်သို့ ထိုးတက်သွားတော့၏။
“တိုက်ခိုက်ချင်လား၊ တိုက်ခိုက်ကြတာပေါ့” သူသည် စကားပြောရင်း နောက်ဆုတ်နေသည်ကို ရပ်ပြီးနောက် နတ်နွားကြီးထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။ ၎င်းမှာ ရှောင်ဖို့ နောက်ကျသွားလေသည်။
နတ်နွားကြီးသည် အတော်လေး ပျော်ရွှင်နေဟန်တူပြီး ဝါးလုံးကွဲမတတ် အော်ရယ်ရင်း ရှေ့တက်လာ၏။
ဘုန်းးးးးး
မန်ဟိုနှင့် နတ်နွားကြီးက လေလယ်တွင် လက်သီးတစ်လုံးပြီးတစ်လုံး ဖလှယ်နေတော့သည်။ အကြိမ်တိုင်း မန်ဟိုမှာ နောက်လွင့်ထွက်သွားတတ်သော်လည်း တစ်ချိန်တည်းမှာပင် သူ၏အပြင်အားကိုယ်မှာ အစွမ်းပိုပိုထက်လာသည်။
ဆန့်ကျင်ဘက်တွင်တော့ နတ်နွားကြီးမှာ အလွန်တရာ အံ့ဩမှင်သက်နေ၏။ သူ၏ခွန်အားသည် တဖြေးဖြေး လျော့ကျလာပြီး သူ၏တုတ်ခိုင်ထွားကြိုင်းသော ခန္ဓာကိုယ်ကြီးမှာ တစတစ ပိန်ချုံးခြောက်ကပ်လာသည်။
“မင်းက တော်တော် သန်တာပဲ” သူက ကောက်ချက်ချလိုက်သည်။ “မဟုတ်မှ စောစောက လျှိုထားတာများလား။ ရာရာစစ ငါ့ကို ကစားရဲတယ်ပေါ့” ယခုတွင် ၎င်းသည် တစ်ခုခုထူးဆန်းနေကြောင်း သဘောပေါက်လိုက်၍ ဒေါသအမျက်တချောင်းချောင်းထွက်လျက် မန်ဟို့ဆီသို့ ဝုန်းဒိုင်းကြဲ ပြေးဝင်လာတော့သည်။
အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် ... မန်ဟိုသည် ယခုတွင် နတ်နွားကြီးနှင့် ရှေးတိုးနောက်ဆုတ် ထိပ်တိုက်ရင်ဆိုင်နေပြီဖြစ်ပြီး နောက်ဆုတ်စရာ မလိုတော့ပေ။ နတ်နွားကြီးမှာတော့ ပိုပို၍ ဒေါကန်လာ၏။
ဤသို့ဖြင့် နောက်ထပ်အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာသော် .....
“မ..မင်..မင်း... မင်းက သန်လိုက်တာဟ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ယခုတွင် နတ်နွားကြီးမှာ နောက်ဆုတ်နေရပြီဖြစ်ပြီး မန်ဟို၏ ကြမ်းတမ်းမှုကြောင့် ကြက်သေသေနေလေပြီ။ သူ့မှာ လက်သီးတစ်လုံးပြီးတစ်လုံး ပစ်သွင်းနေသော်လည်း ရလဒ်အနေဖြင့် ပို၍သာ အားနည်းလာသည်။
အမွှေးတိုင်သုံးတိုင်ထွန်းစာကြာသော် ဝုန်းခနဲ မြည်ဟည်းသွားပြီး နတ်နွားကြီးမှာ ကျွမ်းထိုးမှောက်ခုံ လိမ့်ထွက်သွားတော့၏။ သူ့မှာ ပလ္လင်၏မျက်နှာပြင်အပေါ်သို့ ခွေးကျဝက်ကျ ကျသွားလေသည်။ သူ၏ခန္ဓာကိုယ်သည် ခြောက်ကပ်ပြီး မယုံနိုင်လောက်အောင် အားနည်းနေတော့၏။ ထွားကြိုင်းသော ယခင်ကိုယ်ထည်ကြီးနှင့်ယှဉ်လျှင် သူ့မှာ များစွာ အားနည်းနေသော်လည်း သာမန်လူတစ်ယောက်ထက်တော့ အဆများစွာ သန်မာသေးသည်။
“ဘယ်လို ... ဘယ်လိုလုပ်ပြီး ငါက အခုလို ပိန်သွားရတာလဲ။ အားးးးးးးးးး ပိန်နေပြီ ဒုက္ခပဲ” နတ်နွားကြီးသည် မန်ဟို တိုက်ခိုက်ရန် ချဉ်းကပ်လာနေသည်ကို ကြည့်ပြီး ရုတ်တရက် ထအော်၏။ “မိစ္ဆာမှော်သိုင်း၊ ကောင်စုတ်လေး ၊ မင်းက မိစ္ဆာမှော်သိုင်းကို သုံးနေတာကိုး”
နတ်နွားကြီးမှာ ယခုတော့ ဒေါသတကြီး နောက်ဆုတ်လိုက်ရသည်။ “အေး အရှုံးပေးတယ်ကွာ။ ငါချီးတဲ့မှ ။ ပြိုင်ပွဲပြီးပြီ မင်း နိုင်တယ် သွားတော့”
မန်ဟိုက တုံ့ခနဲ ရပ်သွားသည်။ သူ့မှာ တကယ်တမ်း နည်းနည်းစိတ်မကောင်းဖြစ်သွားမိသည်။ နတ်နွားကြီး၏ကျေးဇူးကြောင့်သာ သွေးမိစ္ဆာမဟာမှော်သိုင်း၏ ပြိုင်ဘက်ကင်းသော အသုံးပြုနည်းနောက်တစ်မျိုးကို ဉာဏ်အလင်းရသွားခဲ့ခြင်း မဟုတ်ပါလော။ ဤနည်းလမ်းအသစ်က သွေးမိစ္ဆာမဟာမှော်သိုင်းကို ပို၍ပင် အသုံးဝင်သွားစေသည်။
“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ” သူက လက်နှစ်ဖက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးရင်း ပြောသည်။
နတ်နွားကြီးသည် အေးစက်စက် နှာမှုတ်ပြီး မန်ဟိုကို လျစ်လျူရှုလိုက်၏။ သူက သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်ရင်း ဝမ်းနည်းပက်လက် အော်နေတော့သည်။ “ငါတော့ ပိန်နေပြီ ... အရမ်းကို ပိန်နေပြီ ... သေပြီ ... သေပြီပဲ။ အိမ်ပြန်ရောက်ရင် သေချာပေါက် မိန်းမ ရိုက်တာ ခံရတော့မှာ။ ဘာတွေ ဖြစ်ခဲ့တာလဲဆိုပြီး မဟုတ်ကဟုတ်ကတွေ လျှောက်... လျှောက်တွေးရင် ဘယ်လိုလုပ်ရမလဲ။ ငါ ဘာလုပ်ရတော့မလဲ”
မန်ဟိုမှာ ပို၍ပင် အပြစ်ရှိသလို ခံစားလိုက်ရလေသည်။ သူက လည်ချောင်းရှင်းလိုက်ပြီး မည်သို့ပင် ရှင်းပြစေကာမူ အခြေအနေကို ပြောင်းလဲမရကြောင်း သိသဖြင့် တတိယအထပ်သို့ ကပျာကယာ တက်သွားတော့သည်။
တတိယအထပ်တွင် ပြောင်လက်နေသော ဧရာမမှန်ကြီးတစ်ချပ်ကို မျက်နှာချင်းဆိုင်နေရကြောင်း သူ တွေ့လိုက်သည်။ မှန်အတွင်းမှ မည်သည့်ရှုထောင့်မှကြည့်ကြည့် မန်ဟိုနှင့် ချွတ်စွပ်တူသော လူတစ်ယောက် ထွက်လာသည်။ ထိုလူသည် သူ၏ခန္ဓာကိုယ်ကိုသူ ငုံ့ကြည့်၍ ရှက်ကိုးရှက်ကန်းပြုံးကာ မန်ဟို့ကို ပြန်ကြည့်၏။
မန်ဟို၏မျက်လုံးများ လင်းခနဲ လက်သွားပြီးနောက် လုပိုင်၏သတိပေးချက်ကို ပြန်တွေးမိလိုက်သည်။
“ငါ့ကိုယ်ငါ တိုက်ခိုက်ရမှာလား။ ပုလဲဖြူပုလဲနက်နဲ့ နဝမတောင်”
“ပုလဲဖြူပုလဲနက်နဲ့ နဝမတောင်” နှစ်ယောက်လုံး တစ်ပြိုင်တည်း ပြောလိုက်ပြီး ချက်ချင်းပင် အံ့မခန်းလိလိ ပေါက်ကွဲသံများ ရိုက်ညောင်းသွားသည်။ ပလ္လင်အပြင်တွင် လုပိုင်သည် ခေါင်းထောင်ပြီး တတိယထပ်ကို မော့ကြည့်ကာ မျက်လုံးများ တလက်လက် တောက်ပလာတော့သည်။
မန်ဟိုက နောက်ဆုတ်လိုက်သလို သူ၏ ကိုယ်ပွားလည်း ထိုနည်းတူပင်။
“သွေးမိစ္ဆာမဟာမှော်သိုင်း”
“သွေးမိစ္ဆာမဟာမှော်သိုင်း”
ဘုန်း
နှစ်ယောက်လုံးက တူညီသော နတ်ဘုရားစွမ်းရည်များနှင့် မှော်ပညာရပ်များကို တစ်ပြိုင်တည်း သုံးလိုက်ကြသည်။ နာရီအနည်းငယ်ကြာသော် မန်ဟို၏ကိုယ်ပွားက ရုတ်တရက် ဗျူဟာပြောင်းလိုက်လေသည်။ ၎င်းသည် မန်ဟို၏ မှော်ပညာရပ်များနှင့် မှော်သိုင်းများကို သုံး၍ သူမတူသောနည်းလမ်းဖြင့် တိုက်ခိုက်လာသည်။
ဝုန်းးးးးးးးးးး
မန်ဟိုသည် သူ၏ပတ်ပတ်လည်တွင် လည်လာသော သွေးဝဲကြီးနှင့်အတူ သူ့အရှေ့တွင် ပေါ်လာသော ဧရာမသွေးမျက်နှာကြီးကို မြင်လိုက်ရ၏။ သူ့မျက်နှာမှာ အလွန်အမင်း ပျက်ယွင်းနေတော့သည်။ ဤမှော်ကိုယ်ပွားက မယုံနိုင်လောက်အောင် ပြဿနာများလေသည်။ တကယ် ခေါင်းကိုက်စရာဖြစ်၏။
ရုတ်တရက် သူ့မှာ သူ့ကို တခြားသူများ တိုက်ခိုက်သည့်အခါ မည်သည်နှင့်တူမည်လဲ သဘောပေါက်လိုက်သည်... သောက်ကျိုးနည်းသော ခံစားချက်။ အထူးသဖြင့် အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို တွေးလိုက်မိသောအခါတွင်။ သူ၏ကိုယ်ပွားက ထိုပညာရပ်ကို အပိုအလိုမရှိ အသုံးပြုနိုင်လေရာ သူ့ထက် ပိုတော်ကြောင်း ဝန်ခံရပေမည်။
ကိုယ်ပွား တိုက်ခိုက်လိုက်တိုင်း ၎င်းက အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို အချိန်ကိုက် အသုံးပြုတတ်သည်။ မန်ဟိုမှာ ခံပြင်းပြင်းနှင့် အော်ဟစ်ပစ်ချင်နေတော့သည်။
“ဒီတော့ မင်းက အဲဒါကို အဲဒီလို သုံးနိုင်တယ်ပေါ့လေ” သူက တွေးလိုက်သည်။ သူသည် ခံပြင်းနေသည့်အချိန်မှာပင် ဤမှော်ကိုယ်ပွား သူ၏သိုင်းကွက်ကို မည်သို့အသုံးပြုသလဲဆိုသည်ကိုလည်း အတုခိုးနေသည်။
အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကား လက်ဖျားခါလောက်အောင်ပင်။
သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်လိုက်သဖြင့် မယုံကြည်နိုင်ဖွယ် ပေါက်ကွှဲမှုကြီးက တလိပ်လိပ် ဖြာထွက်သွားသည်။ မန်ဟို သွေးမိစ္ဆာမဟာမှော်သိုင်းကို သုံး၍ သူ့ပြိုင်ဘက်၏ ချီနှင့်သွေးကို စုပ်ယူလိုက်တိုင်း ထိုလူလည်း သူနည်းတူပင်။
နှစ်ဦးနှစ်ဖက်လုံးအတွက် အနိုင်ပိုင်းနိုင်ရန် ခက်ခဲမည်ထင်ရသည်။ သို့သော် မန်ဟိုသည် တိုက်ခိုက်နေစဉ်တစ်လျှောက်လုံး သင်ယူလေ့လာနေလေသည်။
“ဒီအတိုင်းဆက်သွားရင် မကြာခင် အဆုံးသတ်နိုင်မှာမဟုတ်ဘူး” သူ့မှာ အတန်ငယ် စိုးရိမ်ပူပန်စပြုလာသည်။ ထိုအခိုက်အတန့်သည် လေလယ်ရှိ အဖြူရောင်ကြီးကြပ်ရေးမှူး မျက်လုံးများဖွင့်လိုက်သော အခိုက်အတန့်ဖြစ်၏။
“ဘယ်အထပ်မှမဆို တစ်ရက်ထက်ပိုပြီး တိုက်ခိုက်ခွင့်မရှိဘူး။ မင်းမှာ အခု အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်ရသေးတယ်။ အဲဒါပြီးလို့မှ တိုက်ပွဲအဆုံးမသတ်သေးရင် ... မင်း ရှုံးနိမ့်တာပဲ”
“ဘာလို့လဲ” မန်ဟိုက အဖြူရောင်ကြီးကြပ်ရေးမှူးကို မော့ကြည့်ရင်း မေးလိုက်သည်။
“သူများကို အနိုင်ယူရတာ လွယ်ကူပြီးတော့ ကိုယ့်ကိုယ်ကို အနိုင်ယူရတာ ခက်ခဲတယ်.... မင်းးကိုယ်မင်း အနိုင်ယူနိုင်မယ့် နည်းလမ်းကိုတောင် မစဉ်းစားနိုင်ရင် မင်းရဲ့ တာအိုနှလုံးသားက ဘယ်လိုလုပ်ပြီး တည်ငြိမ်နိုင်တော့မှာလဲ။ နောင်တစ်ချိန်ကျရင် အင်မော်တယ်ပြစ်ဒဏ်ကို ဘယ်လိုရင်ဆိုင်နိုင်မလဲ
“အစောပိုင်းအချိန်တွေတုန်းက ဒီနေရာကို ရောက်လာတဲ့ ဘယ်တိုင်းတစ်ပါးသားမဆို သေရတယ်။ ဒါပေမဲ့ ရှေးစိတ်ဆန္ဒ ရောက်ရှိလာတဲ့အခါ ငါတို့မျိုးနွယ်စုမှ သဘောတူစာချုပ်ချုပ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး။ စာချုပ်ရဲ့ ရည်ရွယ်ချက်က အစစ်အမှန်အင်မော်တယ်တွေကို ထိန်းကျောင်းပေးဖို့ပဲ
“ဥပမာဆိုရရင် ပထမအထပ်က မင်းရဲ့ ရှင်သန်နိုင်စွမ်းကို စစ်ဆေးတယ်။ အစစ်အမှန်အင်မော်တယ်အဆင့် တက်လှမ်းရင် မင်းအနေနဲ့ ပြစ်ဒဏ်တွေ အများကြီး ရင်ဆိုင်မှာ။ မင်းကိုယ်မင်း ကာကွယ်ဖို့ အစွမ်းအစ ရှိကို ရှိရလိမ့်မယ်
“ဒုတိယအထပ် မင်းရဲ့ ထိုးထွင်းဉာဏ်နဲ့ အသိအမြင်ကို စမ်းသပ်တာပဲ။ မင်း လုံလောက်အောင် ထိုးထွင်းသိမြင်နိုင်ရင် လတ်တလော ရှေ့ဆက်မတက်နိုင်ဖြစ်နေတဲ့ မှော်ပညာရပ်တွေနဲ့ပတ်သက်ပြီး ဉာဏ်အလင်းရလိမ့်မယ်။ တာအိုနှလုံးသားဆိုတာ ကဏ္ဍတစ်ခုပဲ ရှိသေးတာ
“မင်းကိုယ်မင်း အနိုင်ယူ၊ တာအိုနှလုံးသားကို ခိုင်မာအောင်လုပ်။ အဲဒါက အစစ်အမှန်အင်မော်တယ်ဖြစ်ဖို့ ပထမအဆင့်ပဲ ရှိသေးတာ။ ဒီပထမအဆင့်ကို မကျော်ဖြတ်နိုင်ရင်တော့ မင်း ရှုံးနိမ့်ပြီပဲ”
မန်ဟို့ စိတ်နှလုံး ချာချာလည်သွားသည်။
“မဟုတ်မှ ဒီနေရာက အပြင်နဲ့မတူတာကို မင်း သတိမထားမိဘူးလား” ကြီးကြပ်ရေးမှူးက ဆက်ပြောသည်။
“ထားတော့။ မင်းက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပဲ ရှိသေးတာ ဆိုတော့လဲ ။ ဒီနေရာ ဘယ်လောက်အံ့ဖွယ်ထူးကဲလဲ ဘယ်မြင်နိုင်ပါ့မလဲ။ ငါပြောပြမယ် ကောင်လေး... ဒီမှာ သဘာဝနိယာမတွေ မရှိဘူး
“ဒုတိယအထပ်က ဥပဒေနိယာမတွေမရှိတဲ့ နေရာ။ ဒီနေရာမှာတော့ အကုန်လုံး ဗလာကျင်းတယ်
“ဒါကြောင့် မင်းမှာ မင်းရဲ့ မှော်ပညာရပ်တွေ ၊ မင်းရဲ့ တာအိုနဲ့ပတ်သက်ပြီး ဉာဏ်အလင်းရဖို့ အခွင့်အလမ်းပိုများတယ်။ နတ်ဘုရားစွမ်းရည်တွေနဲ့ ဉာဏ်အလင်းလမ်းကြောင်းကို နားလည်နိုင်လိမ့်မယ် ... ဘာကြောင့်လဲဆိုတော့ ဒီနေရာမှာ ... မင်းရဲ့ နှလုံးသားအစစ်ကို နှောင့်ယှက်မယ့် ဘာနိယာမမှ မရှိလို့ပဲ”
မန်ဟိုမှာ ကြောင်ပြီး ကြည့်နေမိသည်။ ယခင်က သူသည် ဤနေရာ ဘာကြောင့် ထူးဆန်းနေသလဲ သိပ်ထွေထွေထူးထူး တွေးမနေခဲ့ပေ။ သူသိသိသမျှမှာ ပို၍ပေါ့ပါးလွတ်လပ်သွားပြီး စိတ်ကြည်လင်ရှင်းလင်းသွားသည်သာ။
ဤနေရာတွင် သဘာဝနိယာမများ ကင်းမဲ့နေသည်တဲ့လား....
“မင်းမှာ အမွှေးတိုင်တစ်တိုင် ထွန်းစာ အချိန်ရမယ်။ အဲဒီအချိန်အတွင်း မင်းကိုယ်မင်း အနိုင်မယူနိုင်ရင် မင်း ကျရှုံးပြီပဲ”
မန်ဟို၏မျက်လုံးများ တောက်ပသွားသည်။ သူ၏ကိုယ်ပွားက သူ့ဆီ ချဉ်းကပ်လာသဖြင့် ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားလေသည်။ သူတို့နှစ်ယောက်ကား ရှေ့တိုးနောက်ဆုတ် စတင်တိုက်ခိုက်ကြပြန်၏။ အချိန်များ ကုန်လွန်သွားပြီး မကြာခင် အမွှေးတိုင်တစ်ဝက်ထွန်းစာ ကြာခဲ့လေပြီ။
“ဘာလုပ်ရမလဲ” မန်ဟိုက တွေးသည်။ “ဘာလုပ်ရမလဲ။ ငါ ပထမအကြိမ် မအောင်မြင်ရင် ဒုတိယအကြိမ်က ပိုခက်လိမ့်မယ်”
“သွေးမိစ္ဆာမဟာမှော်သိုင်းရဲ့ အဆင့် (၃) ကို ဉာဏ်အလင်းပွင့်ပြီး အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ရင် ဒီကိုယ်ပွားကို သတ်နိုင်လောက်မယ်
“နောက်ထပ်ဖြစ်နိုင်ခြေက တတိယခွဲထွက်ခြင်းနဲ့ပတ်သက်ပြီး ဉာဏ်အလင်းရတာပဲ။ ဒါပေမယ့် ခြောက်သွေ့မိစ္ဆာမှော်အစစ်အမှန်ကိုယ်တာအိုထဲက နောက်ထပ် စာလုံးတစ်လုံးကို ဘယ်လိုအသုံးပြုရမလဲ နားလည်သွားတာမျိုး
“အစစ်အမှန်အင်မော်တယ်ဝိညာဉ်ကို သုံးပြီး ဒုတိယကိုယ်အစစ်ဖန်တီးရင် သေချာပေါက် အဆုံးစွန်အထိ ကြောက်စရာကောင်းမှာပဲ
“နောက်ထပ်ရွေးချယ်စရာက ကောင်းကင်ဘုံကိုးဆင့်ရတနာခန္ဓာတံဆိပ်တော်”
ကံဆိုးစွာနှင့် ထိုအရာများအတွက် အချိန်မလောက်။ သူ့တွင် အမွှေးတိုင်တစ်ဝက်ထွန်းစာသာ ကျန်တော့လေသည်။
မန်ဟိုမှာ နောက်ဆုတ်ရင်း မျက်လုံးများ ရဲတွတ်နေတော့သည်။ ရုတ်တရက် သူ၏ကိုယ်ပွားက သွေးမိစ္ဆာမဟာမှော်သိုင်းကို သုံးလိုက်ပြီး မန်ဟိုလည်း ထိုနည်းတူပင်။
ချက်ချင်းပင် ကိုယ်ပွား၏အပြင်အားကိုယ်မှာ ခြောက်ကပ်လာသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူသည် မန်ဟို၏ချီနှင့်သွေးတို့ကို စုပ်ယူရင်း သူ့ကိုယ်သူ အားပြန်ဖြည့်နေသည်။ ထိုအခြေအနေမျိုးက သူတို့တိုက်ပွဲတစ်လျှောက်လုံး ကြိမ်ဖန်မနည်း ဖြစ်ပွားခဲ့လေသည်။
“သွေးမိစ္ဆာမဟာမှော်သိုင်းရဲ့ အဆင့် (၃) ၊ စိတ်ဝိညာဉ်အကြောအလွှာ။ ကျင့်ကြံသူတွေအားလုံးရဲ့ ကိုယ်ထဲမှာ ပြေးလွှားနေတဲ့ စိတ်ဝိညာဉ်အကြောတွေရှိတယ်။ အဲဒီစိတ်ဝိညာဉ်အကြောတွေက အထူးသဖြင့် ကျင့်ကြံခြင်းအခြေခံပဲ။ သွေးမိစ္ဆာမှော်သိုင်းရဲ့ ရည်ရွယ်ချက်က စိတ်ဝိညာဉ်အကြောတွေကို မွှေနှောက်ဖို့။ မိုင်းအလုပ်သမား ရွှေကြောတစ်ကြောကို တွေ့တဲ့အခါလိုမျိုး စိတ်ဝိညာဉ်အကြောတွေဟာ တူးဖော်ပြီး စားသုံးခံရမယ်
“ဒါပေမဲ့ စိတ်ဝိညာဉ်အကြောတွေကို ငါ ဘယ်လို စုပ်ယူရမှာလဲ”
အချိန်ကား မရှိတော့ပေ။
“စိတ်ဝိညာဉ်အကြောတွေ” မန်ဟိုနှင့် သူ၏ကိုယ်ပွားသည် သွေးမိစ္ဆာမဟာမှော်သိုင်းကို သုံးပြီး တခြားနတ်ဘုရားစွမ်းရည်များကို စတင်အသုံးပြုတော့၏။ မန်ဟိုမှာ အပြေးအလွှား စဉ်းစားနေသည်။ ဤသည်မှာ သဘာဝနိယာမ မရှိသော ကမ္ဘာဖြစ်၍ သူ၏စိတ်မှာ အလွန်ရှင်းလင်းနေလေသည်။ ထိုအခိုက်အတန့်တွင် သူသည် ရုတ်တရက် .... ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို တွေးလိုက်မိ၏။
သူသည် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး သူ၏တာအိုအခြေအား စုပ်ယူနေသော မြင်ကွင်းကို ပြန်မြင်ယောင်လိုက်မိသည်။
ထိုအချိန်ကို ပြန်တွေးလိုက်သောအခါ သူသည် သူ၏ခန္ဓာကိုယ်တွင် ဖြစ်ပေါ်ခဲ့သော ပြောင်းလဲမှုအမျိုးမျိုးကို သတိရလိုက်၏။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ နောက်ပြန်လည်သွားခဲ့ပြီး သူ၏ကိုယ်ထဲမှ စုပ်ထုတ်ခံရနေသော စွမ်းအားတစ်ရပ်အသွင်ဖြင့် ပြိုကွဲသွားလေသည်။ ထိုခံစားချက်ကို မှတ်မိလိုက်ခြင်းက မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားစေသည်။
“နောက်ပြန်လည်တာ။ ငါ အခု နားလည်ပြီ။ အဆင့် (၃) ရဲ့ သော့ချက်က နောက်ပြန်သွားတာပဲ။ အဆင့်(၂)ဝဲကြီး လည်အားအမြင့်ဆုံးဖြစ်သွားတဲ့အချိန် နောက်ပြန်လည်စေလိုက်ရင် အံ့ဖွယ်အားတစ်ရပ် ထုတ်ပေးလိမ့်မယ်”
မန်ဟို၏မျက်လုံးများ စူးရှလင်းလက်သွားသည်။
ဘုန်း
ဉာဏ်အလင်းပွင့်သွားသည့် အခိုက်အတန့်တွင် သူက သွေးမိစ္ဆာမှော်သိုင်းကို အသုံးပြုပြီးနောက် ၎င်းအား အဆင့်(၂)မှ အဆင့်(၃)သို့ ချက်ချင်း တွန်းပို့လိုက်လေသည်။
အဆင့် (၃) သို့ ဝင်ရောက်လိုက်သောအခါ စွမ်းအားက သူ၏ပတ်ပတ်လည်တွင် ဖြစ်ပေါ်လာသည်။ သူ၏မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်ပေါ်လာပြီး သူက ကိုယ်ပွားကို လက်ညှိုးထိုးလိုက်လေသည်။ ချက်ချင်း ရွှေရောင်ဝဲကြီးက ကိုယ်ပွား၏ပတ်ပတ်လည်တွင် ပေါ်လာကာ ၎င်းအား နှာမှုတ်လိုက်စေ၏။ ၎င်းသည် လက်ကို မြှောက်၍ မန်ဟို့ဆီ လက်ညှိုးထိုးကာ သွေးမိစ္ဆာမဟာမှော်သိုင်းကို နောက်တစ်ကြိမ် အသုံးပြုလိုက်လေသည်။
သို့သော် ဤအခိုက်အတန့်တွင် ရွှေဝဲကြီး၏လည်နှုန်း အရှိန်အမြင့်ဆုံး ဖြစ်သွားသောအခါ မန်ဟိုက ရုတ်တရက် လက်ဆန့်ထုတ်၍ လက်ကို ပြောင်းပြန်လှန်လိုက်သည်။
ချက်ချင်းပင် ကိုယ်ပွားကို ဝိုင်းထားသော ဝဲကြီးက ပြောင်းပြန်လည်သွားသည်။ ကိုယ်ပွားသည် ၎င်း၏ကျင့်ကြံခြင်းအခြေခံ ပျက်စီးသွားသည်ကို သိလိုက်သဖြင့် မျက်နှာ ရိပ်ခနဲ ဖြစ်သွား၏။ ကျင့်ကြံခြင်းအခြေခံက ကိုယ်ပွား၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ ထွက်ကာ မန်ဟို့ဆီ အပြေးအလွှား ဝင်ရောက်လာသည်။
တစ်ဆက်တည်းမှာပင် ကိုယ်ပွား၏တစ်ကိုယ်လုံး ပြိုကွဲသွားပြီး အစအနမကျန် ပျောက်ကွယ်သွားတော့၏။ ပြောင်လက်နေသော မှန်သာ ကျန်ခဲ့လေသည်။
“ပထမဆုံးစမ်းသပ်ချက်မှာ တစ်ရက်အတွင်း မင်းကိုယ်မင်း အနိုင်ယူနိုင်ခဲ့တယ်” အဖြူရောင်ကြီးကြပ်ရေးမှူးက မန်ဟိုကို လေးလေးနက်နက် ကြည့်ရင်း ပြောသည်။ “ဒါကြောင့် မင်းအတွက် ကျန်တဲ့အထပ်တွေကို ပြိုင်စရာ မလိုတော့ဘူး။ နဝမအထပ်ကို တိုက်ရိုက်သွားလိုက်ပါ။ နဝမအထပ်ကို ဖြတ်နိုင်ရင် ဒီနေရာကနေ ထွက်သွားနိုင်ပြီ။ ဒါ့အပြင် ငါတို့မျိုးနွယ်စုရဲ့ အဖိုးထိုက်ရတနာတစ်ခုကိုလည်း ရယူနိုင်တယ်”
***