တိုက်ပွဲမှ အဆုံးအဖြတ်
Vol. 107 Ch. 1496
မန်ဟိုသည် ဤနေရာသို့ သူ လာရောက်ရသည့် ရည်ရွယ်ချက်ကို မဖုံးကွယ်ပေ။ အမှန်တွင် သူ့အတွက် ထိုသို့လုပ်ဖို့လည်း မလိုအပ်။ မန်ဟို့လို အစွမ်းထက်ပညာရှင်များအတွက် ကျင့်ကြံခြင်းအခြေခံကို ဖုံးကွယ်ထားပြီးနောက် ရုတ်တရက် ဖော်ပြလိုက်ခြင်းမှာ ငြီးငွေ့စရာကောင်းသည့်အပြင် အဓိပ္ပါယ်လည်း မရှိသည်သာ။ သူတို့ကဲ့သို့အစွမ်းထက်ပညာရှင်များသည် မလိုအပ်သရွေ့ ထိုသို့လုပ်မည်မဟုတ်ပေ။ ရေရှည်တွင် ယင်းလုပ်ရပ်က လူတစ်ယောက်၏ တာအိုနှလုံးသားကို ထိခိုက်စေနိုင်သည်။ အဆိုပါအထင်သေးစရာပရိယာယ်များအပေါ် မှီခိုအားကိုးခြင်းက မဟာတာအိုတစ်ပါးအတွက် လျှောက်လှမ်းရာတွင် ခလုတ်ဆူးညောင့်ဖြစ်လာနိုင်သည်။
စွမ်းအားအဆင့်တစ်ဆင့်ကို ပိုင်ဆိုင်ပြီးနောက် အကောင်းဆုံးအရာက ထိုစွမ်းအားကို ပွင့်ပွင့်လင်းလင်း ဆင့်ခေါ်ပြသခြင်းသာ ဖြစ်ပေသည်။
မည်သည့်လှည့်ကွက် သို့မဟုတ် အကြံအစည်ပဲ ရှိနေစေကာမူ ပွင့်လင်းရိုးသားစွာ ချေမှုန်းခြင်းက အကောင်းဆုံးဖြစ်၏။
မီးငှက်မှာ မန်ဟို၏ပွင့်ပွင့်လင်းလင်းအပြုအမူကြောင့် အပေးအယူလုပ်ရန် ခက်ခဲသွားကြောင်း တွေ့လိုက်ရသည်။ သူမက မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပြီးနောက် ပြောသည်။ “အဲဒီအရာမျိုး ကျွန်မတစ်ခါမှ မမြင်ခဲ့ဖူးဘူး။ ဒါပေမဲ့ တာအိုရောင်ရင်းက ဒီထိတောင် ရောက်လာပြီဆိုမှတော့ သဲလွန်စနည်းနည်းပါးပါး ရှာတွေ့အောင် ကျွန်မ ကူညီပေးပါ့မယ်။ ဒါပေမဲ့ သတိတော့ ပေးပါရစေ။ ရေခဲမီးကမ္ဘာက အင်မတန်ကျယ်လှပါတယ် ရောင်ရင်း။ ဖြုန်းရတော့မယ့် အချိန်တွေအတွက် စိတ်ကို ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်”
မန်ဟိုသည် မီးငှက်ကို ကြည့်၍ မခိုးမခန့်ရယ်ကာ ခေါင်းခါလိုက်သည်။ သူက အလွန်ရိုးသားသောပုံစံဖြင့် ပြောလေသည်။ “ဒီပစ္စည်းက ငါ့အတွက် သိပ်အရေးပါတယ်။ အမှန်တကယ် ရှာလို့မရဘူးဆိုရင်တော့ ငါ ထွက်သွားမယ်။ ဒါပေမဲ့ ရေခဲမီးကမ္ဘာ ပြန်ပိတ်တဲ့အချိန်အထိ ငါ့ကို ဒီကနေ ထွက်မသွားနိုင်အောင် တားထားကြမယ်ဆိုရင်တော့ .... ဒီကမ္ဘာကို ဖျက်စီးပစ်ရုံအပြင် တခြားမရှိဘူး။ ဒီကိစ္စက အင်မတန် အရေးပါတဲ့ကိစ္စမလို့ မင်းနားလည်မယ်လို့ မျှော်လင့်ပါတယ် တာအိုရောင်ရင်း”
စောစောက ကြေးမုံ၏ မှန်ကွဲစကို မြင်မြင်ချင်းတုန်းက မီးငှက်သည် တုံ့ပြန်မှုသိပ်မရှိခဲ့ပေ။ မျက်နှာအမူအရာပင် ရိပ်ခနဲ ဖြစ်မသွားခဲ့။ သို့သော် မန်ဟိုကား ဘဝအတွေ့အကြုံများစွာကို ကြုံတွေ့ခဲ့ဖူးသူဖြစ်သည့်အတွက် သူမအနေဖြင့် သူမ၏ထိတ်လန့်တုန်လှုပ်နေမှုကို သူ,မသိအောင် ဖုံးကွယ်ထားနိုင်ပေ။
အထူးသဖြင့် အချိန်များစွာကုန်လိမ့်မည်ဟု သူမ အရိပ်အမြွက်ပြောလိုက်တုန်းက.... ပို၍ သိသာခဲ့ခြင်းပင်။
ဤကမ္ဘာသည် ထာဝရပွင့်နေမည်မဟုတ်ကြောင်း မန်ဟို သိသည်။ ၎င်း ပွင့်လာဖို့ သူ နှစ်ပေါင်းရာချီ စောင့်ခဲ့ရပြီး သူ၏တွက်ချက်မှုများအရ နှစ်ခြောက်ဆယ်ကြာလျှင် ပြန်ပိတ်သွားလိမ့်မည်။ ထိုအချိန်မှ သူ ထွက်မသွားလျှင် အကြာမှအကြာကြီး ထပ်စောင့်ရလိမ့်မည်။ ပန်းပွင့်ပြန်ပွင့်လာမှသာ သူ ထွက်သွားနိုင်လိမ့်မည်။
ထိုအချိန်အတောအတွင်း မထင်မှတ်ထားသည့် မတော်တဆမှုဖြစ်နိုင်ခြေလည်း များပြားလှသည်။ သို့ဖြစ်၍ မန်ဟို လောင်းကြေးမထပ်လိုပေ။
ထို့ကြောင့် စောစောက သူ၏စကားများသည် ခြိမ်းခြောက်မှုမဟုတ်။ သူ၏ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်ခြင်းသာ ဖြစ်သည်။
“မင်းရဲ့မြေတွေရော၊ ရေခဲပြင်တွေရော ပျက်စီးသွားနိုင်တယ်” သူက တည်ငြိမ်အေးဆေးသော အသံဖြင့် ဆက်ပြောသည်။ “အဲဒီလိုဖြစ်ရင် မင်းတို့မြေပြင်နှစ်ခုရဲ့ အပူချိန်မျှခြေဟာ ပျောက်ကွယ်သွားပြီး ဒီမှာတည်ရှိတဲ့ သက်ရှိအရာအားလုံး သေဆုံးကြရလိမ့်မယ်
“မင်းနဲ့ ရေခဲတောင်ဂိုဏ်းချုပ်ကိုတော့ ငါ မသတ်နိုင်လောက်ပေမယ့် တစ်ယောက်ကို ချိတ်ပိတ်နိုင်ရင် နောက်တစ်ယောက်ကိုလည်း ချိတ်ပိတ်ထားလို့ရတယ်
“ငါ ရှာနေတဲ့အရာကို မရှာနိုင်ရင် ငါ့ဒေါသက မင်းတို့ကို နှစ်တွေအကြာကြီး ချုပ်နှောင်ထားနိုင်လိမ့်မယ်လို့ ငါ ယုံကြည်ချက်ရှိတယ်... ဘယ်လောက်တောင် ကြာမလဲဆိုရင် ပန်းပြန်ပွင့်လာတဲ့အချိန် ငါ ပြန်လာပြီး မင်းတို့ကို ထပ်ချိတ်ပိတ်နိုင်တဲ့အထိ ကြာလိမ့်မယ်
“နှစ်တစ်ထောင်လား။ နှစ်တစ်သောင်းလား။ ငါ မင်းတို့ကို အချိန်အကန့်အသတ်မရှိ ချိတ်ပိတ်ထားနိုင်တယ်။ တစ်နေ့ကျ ငါ့ကျင့်ကြံအဆင့်က မင်းတို့ကို သတ်နိုင်တဲ့အထိ အစွမ်းထက်လာလိမ့်မယ်။ အေး အဲဒီအခါကျ မင်းတို့ကို လာသတ်မယ်။ ဒါပေမဲ့ မသေခင် ငါ မင်းတို့ကို ဝိညာဉ်ဖွေရှာလိုက်ရင် ငါ ရှာနေတဲ့ အဖြေအားလုံးကို ရဦးမှာပဲ။ နောက်ဆုံးကျ ငါ လိုတဲ့အရာကို ငါ ရသွားလိမ့်မယ်
“အေး အချိန်ကတော့ အများကြီးကြာမှာပေါ့။ လူတွေလည်း အများကြီးသေမယ်။ အများမှအများကြီးကို သေမှာ။ ဒါကြောင့် ငါ အဲဒီလိုမလုပ်ချင်ဘူး... ငါ့ကို မင်းတို့ ဖိအားမပေးဖို့ မျှော်လင့်ပါတယ် တာအိုရောင်ရင်း” ထို့နောက် မန်ဟိုသည် လက်ယှက်၍ အရိုအသေပေးလိုက်၏။ ထို့နောက် ခေါင်းမော့၍ ပြုံးကာ ပြောသည်။ “ဘာကို ရွေးချယ်မလဲဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တာပေါ့လေ”
စကားတစ်ခွန်းတိုင်းက မီးငှက်ကို ရင်ဒိန်းခနဲဒိန်းခနဲ ခုန်သွားစေသည်။ သူ စကားပြောပြီးသောအခါ သူမနှလုံးသားမှာ တဒိန်းဒိန်းကဆုန်ပေါက်နေလေပြီ။ သို့ထိတိုင် မန်ဟိုပြောခဲ့သမျှ အရာအားလုံးက မှန်ကြောင်း သိသဖြင့် သူမအနေဖြင့် ၎င်းတို့ကို ချုပ်တည်းထားရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။
မန်ဟိုသည် ပြောသည့်အတိုင်း တကယ်လုပ်လိမ့်မည်။ သူ ပြောခဲ့သလို ဖြစ်သွားနိုင်ခြေလည်း မြင့်မားသည်။ တစ်ထပ်တည်းတော့ မကျလောက်သော်လည်း ရလဒ်ကတော့ တူလိမ့်မည်။
အကုန်လုံးက ကျင့်ကြံအဆင့်ကြောင့်သာ ဖြစ်ပေသည်။ သူမသော်လည်းကောင်း၊ ရေခဲတောင်ဂိုဏ်းချုပ်သော်လည်းကောင်း အနှစ်သာရ ၉ ခုအထွတ်အထိပ်ဖြစ်သည့်တိုင် ဤလူငယ်အတွက် ပြိုင်ဘက်မဟုတ်ပေ။
ထို့အပြင် သူ့မျက်ဝန်းများ၏ တည်ငြိမ်မှုအောက်တွင် ရက်စက်ကြမ်းကြုတ်မှု ငုပ်လျှိုးနေကြောင်း သူမ ပြောနိုင်သည်။ သူ၏သူငယ်အိမ်များက နီရဲတောက်နေ၍ ၎င်းတို့ကို စိုက်ကြည့်ပါက အော်ဟစ်နေသောအသံများကို ကြားယောင်ရလိမ့်မည်။ သူ၏အမျက်ဒေါသကလည်း သူမကို ထိတ်လန့်မိစေသည်။ သူမ၏ကျင့်ကြံခြင်းအခြေခံပင် ပရမ်းပတာဖြစ်သွားပြီး သူမပတ်ပတ်လည်ရှိ မီးတောက်မီးလျှံများ အားနည်းသွားတော့သည်။
အချိန်က တစ်ချက်ချက် ကုန်နေသော်လည်း မန်ဟိုကား စိုးရိမ်နေပုံမရပေ။ သူက တစ်ချိန်လုံးပြုံးရင်း သူမ၏အဖြေကိုသာ စောင့်နေလေသည်။
အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် မီးငှက်မှာ တင်းထားသမျှ စိတ်အစုံကို ဖြေချပြီး သက်ပြင်းချလိုက်တော့သည်။
ထို့နောက် သူမသည် မန်ဟို့ကို မော့ကြည့်ကာ ပြော၏။ “ရေခဲမီးကမ္ဘာက အမြဲတမ်း ဒီလိုမဟုတ်ခဲ့ဘူး။ ဒဏ္ဍာရီတွေအရ တစ်ချိန်တုန်းက အဖိုးထိုက်ရတနာတစ်ပါး ကြယ်တာရာကောင်းကင်ထက်ကနေ ပြုတ်ကျလာလို့ မြေပြင်တွေ နှစ်ခြမ်းကွဲသွားခဲ့တာ
“အဲဒီရတနာက မှန်ကွဲစတစ်စပဲ။ မှန်တစ်ဖက်ခြမ်းက ပြင်းထန်တဲ့အလင်းနှင့် အပူဓာတ်ကို ထုတ်လွှတ်ခဲ့တယ်။ အဲဒီအခြမ်းက မီးကမ္ဘာကို ဖြစ်ပေါ်လာစေခဲ့တယ်။ နောက်တစ်ခြမ်းကတော့ အဆုံးမဲ့အအေးဓာတ်ကို ထုတ်လွှတ်ရင်း ရေခဲပြင်တွေကို ဖန်ဆင်းခဲ့တာပဲ
“ဒီနေရာက သက်ရှိတွေလည်း ပြောင်းလဲကုန်ကြတယ်။ တစတစ အသွင်ဗီဇပြောင်းလဲလာကြရင်း နှစ်တွေကြာတော့ ရေခဲတောင်မျိုးနွယ်စု နဲ့ မီးငှက်မျိုးနွယ်စုဆိုပြီး ပေါ်ထွန်းလာခဲ့တယ်
“မှန်ကွဲစကို ရှင် ယူသွားမယ်ဆိုရင် ရေခဲမီးကမ္ဘာကို ဖျက်စီးဖို့ အားထုတ်စရာတောင်မလိုဘူး။ အလိုအလျောက် ပျက်စီးသွားမှာ။ သက်ရှိအားလုံးလည်း သေဆုံးကုန်ကြလိမ့်မယ်
“ရှင်က မှန်ကွဲစကို ရှာဖို့ ဒီကို ပထမဆုံးရောက်လာတဲ့ လူမဟုတ်ဘူး။ နှစ်ပေါင်းများစွာတစ်လျှောက်လုံး တိုင်းတစ်ပါးသားတွေဟာ ပန်းပွင့်တဲ့အချိန်မှာ ဝင်လာကြပြီး မှန်ကွဲစကို ယူဖို့ ကြိုးစားကြခဲ့ဖူးကြတယ်”
မန်ဟိုက မျက်မှောင်ကြုတ်သွားသည်။ ဤသို့ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းထားခဲ့ပြီးသားဖြစ်၏။ ရေခဲပန်းပုအားလုံးကို မြင်ခဲ့ပြီး ရေခဲတောင်ဘီလူးနှင့်မီးငှက် သူ့ကို ချက်ချင်း တိုက်ခိုက်ခဲ့ကတည်းက သူ ရိပ်စားမိခဲ့သည်။
အတန်ကြာတွေးပြီးသော် သူက ပြောသည်။ “ဒီလိုလုပ် မှန်ကွဲစကို ငါ့ကို ပေးလိုက်။ မင်းတို့ကမ္ဘာတွေကို ငါ ပိုင်းခြားပြီး အန္တရာယ်ကင်းအောင် ချိတ်ပိတ်ထားပေးမယ်။ နောင်နှစ်တစ်ထောင်နေရင် အဲဒီချုပ်စည်းတွေကို အားဖြည့်ပေးဖို့ ငါ ပြန်လာမယ်”
“ရှင်... “ မီးငှက်မှာ သူ့စကားကို မယုံကြည်ပေ။
“ငါ့ကို ယုံဖို့တော့ လိုတယ်” မန်ဟို၏မျက်လုံးများက အေးစက်လာလေပြီ။ သူ စိတ်မရှည်တော့သည်မှာ ကြာပြီဖြစ်သည်။ ကတိပေးသော်လည်း သူမမှမယုံလျှင် သူလည်း မတတ်နိုင်ပေ။ မှန်ကွဲစသည် သူ့အတွက် အလွန်အရေးပါလွန်း၏။
မီးငှက်က အသက်ပြင်းပြင်းရှူလိုက်ပြီး ခံစားချက်များစွာ သူမမျက်နှာပေါ်၌ ဖြတ်ပြေးသွားလေသည်။ သူမ၏မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်လာသည့်တိုင် မန်ဟို့ကမ်းလှမ်းမှုကို ငြင်းပယ်ကာ ဤကမ္ဘာအား ပျက်ကိန်းလည်း မဆိုက်စေလိုပေ။ အခြားတစ်ဖက်တွင် သူ၏ကမ်းလှမ်းမှုကို လက်ခံလိုက်ပါကလည်း .... ကမ္ဘာပျက်ရနိုင်ခြေ ရှိသေးပြန်သည်။
မီးငှက်သည် မန်ဟို့ကို အရှုံးမပေးနိုင်သေးပေ။
အချိန်အနည်းငယ်ကြာသော် သူမက အေးစက်စွာ လှမ်းကြည့်ပြီး ဆိုသည်။ “ကျွန်မတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး” သူမက ပြောသည်။ “ရေခဲတောင်ဂိုဏ်းချုပ်လည်း သဘောတူမှ ဖြစ်မယ်”
မန်ဟိုက ဟက်ခနဲ ရယ်သည်။ သူသည် အင်္ကျီလက်စဝှေ့ယမ်းပြီး ရေခဲပြင်များ ရှိရာသို့ တဟုန်ထိုးပျံသန်းသွားသဖြင့် လေပြင်းများ အရပ်လေးမျက်နှာသို့ တိုက်ခတ်သွား၏။ မီးငှက်လည်း အံတင်းတင်းကြိတ်လျက် သူ့အနောက်မှ လိုက်ပါပျံသန်းလာသည်။
ဤတစ်ကြိမ်တွင် မန်ဟိုသည် ပို၍ပင်မြန်၏။ သူ့အတွက် ရေခဲမီးကမ္ဘာတစ်ခုလုံးကို ဖြတ်သွားရန် လပိုင်းမျှသာ ကြာလေသည်။ မီးငှက်မှာ အံ့ဩတုန်လှုပ်နေပြီး ရင်တဒိန်းဒိန်းခုန်နေသည်။ ပုံမှန်အားဖြင့် သူမအတွက် မှီအောင်လိုက်ဖို့ ခက်ခဲလိမ့်မည်။ သို့သော် မှော်ပစ္စည်းတချို့၏ အကူအညီက သူမကို အရှိန်တင်ပေးထားလေသည်။
လအနည်းငယ်ကြာသော် ရေခဲပြင်များအတွင်း၌ မန်ဟိုနှင့် မီးငှက်သည် ဒေါသတကြီးဟိန်းသံတစ်သံကို ကြားလိုက်ရ၏။ ရေခဲတောင်ဂိုဏ်းချုပ်တဖြစ်လဲ မီတာသုံးသိန်းအမြင့် တောင်ကြီးသည် ချုပ်စည်းများထဲမှ ရုန်းကန်နေသဖြင့် တဝုန်းဝုန်း တုန်ခါနေ၏။
မီးငှက်က သူ့ကို ကြည့်ပြီး ကြောက်စိတ်တို့ ပိုမိုအားကောင်းလာ၍ အသက်ပြင်းပြင်းရှူလိုက်မိသည်။ မန်ဟိုက ရေခဲတောင်ဂိုဏ်းချုပ်ကိုတစ်လှည့်၊ မီးငှက်ကိုတစ်လှည့် ကြည့်ကာ ပြုံးလေသည်။
“မင်းတို့နှစ်ယောက် သဘောမတူရင်” သူက ပြောသည်။ “ငါ့အတွက် မှန်ကွဲစကို ရှာဖို့ အချိန်တွေကြာတော့မှာပဲ... ဒါ့အပြင် နေရာတိုင်းလိုက်ရှာပြီးတဲ့နောက်ပိုင်း မှန်ကွဲစက မြေအောက်ထဲမှာလို့ ငါ ခံစားနေရတယ်....” သူက အောက်ရှိမြေပြင်များကို ငုံ့ကြည့်လိုက်သည်။ ထူးဆန်းသည်က မြေကြီးကို ဖွင့်ဖို့ သူ ကြိုးစားခဲ့ဖူးသော်လည်း သူ၏ကျင့်ကြံအဆင့်နှင့်ပင် ထိုသို့မလုပ်နိုင်ခဲ့ပေ။
အတန်ကြာတွေးပြီးသော် စိတ်ပိုင်းဖြတ်လိုက်မှုက သူ၏မျက်ဝန်းများတွင် ပေါ်လွင်လာပြီး သူက ရေခဲတောင်ဂိုဏ်းချုပ်ထံ လက်ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းပင် ချုပ်စည်းများ ပြေလျော့သွားပြီး ရေခဲတောင်ဂိုဏ်းချုပ်က ဒေါကြီးမောကြီးဟိန်းကာ ထလာသည်။ သူသည် တခဏလေးပင် တွန့်ဆုတ်မနေဘဲ လက်သီးတစ်လုံးဖြင့် ချိန်ရွယ်ရင်း မန်ဟို့ဆီ ပြေးတက်သွား၏။
မီးငှက်မှာ ထိတ်လန့်သွားပုံရသော်လည်း အံတင်းတင်းကြိတ်၍ မန်ဟို့အား တိုက်ခိုက်လိုက်လေသည်။
မန်ဟိုက ပြုံး၍ အမူအရာမပျက် ပြောလိုက်သည်။ “သေချင်နေတာလား”
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့် နှစ်ပေါင်းများစွာ တည်ဆောက်ခံခဲ့ရသော သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားက ဝုန်းခနဲ ပေါ်ထွက်လာသည်။ အနှစ်သာရရှစ်ခုသည် ကြောက်ခမန်းလိလိအပြင်အားကိုယ်ခွန်အားနှင့်အတူ ဖြာထွက်သွား၏။ သူ၏မိစ္ဆာချီ၊ သူ့သွေးထဲရှိ စွမ်းအားနှင့် ပေါင်းစည်းသွားသည့်အခါ သူကား မယုံကြည်နိုင်ဖွယ်အင်အားကို အသုံးပြုနိုင်သွားလေပြီ။
ယင်းက ရေခဲတောင်ဂိုဏ်းချုပ်နှင့် မီးငှက်ကို တုန်ရီသွားစေသည်။ မန်ဟို လေလယ်၌ ပျံဝဲနေစဉ် ဧရာမခေါင်းကြီးတစ်ခေါင်းက အဆုံးမဲ့အမှောင်ထုကို ထုတ်လွှတ်လျက် သူ့အနောက်တွင် ပေါ်လာ၏။
ခေါင်းကြီးတွင် နဖူးမှ ထိုးထွက်နေသော ကြောက်မက်ဖွယ်ချိုတစ်ချောင်း၊ အနက်ရောင်ဆံပင်ရှည်ရှည်များနှင့် သွေးသမုဒ္ဒရာကဲ့သို့ နီစွေးနေသော မျက်လုံးကြီးများ ရှိသည်။ မိစ္ဆာချီကလည်း အရာအားလုံးကို ပြင်းထန်စွာ တုန်ရီစေလျက် ကမ္ဘာကြီးအား ပုံပျက်ရှုံ့တွနေစေတော့သည်။
ထိုမျှသာဆိုလျှင် အကြောင်းမဟုတ်သေး။ သို့သော် မန်ဟိုက ညာလက်အား ဆန့်တန်းလိုက်ရာ မှန်ကွဲစခုနစ်စ ပေါ်လာသည်။ ၎င်းတို့သည် သူ့ညာလက်၊ ကိုယ်အပေါ်ပိုင်း၊ ညာလက်မောင်းနှင့် ခြေထောက်များကို ဖုံးလွှမ်းရန် အနက်ရောင်အမျှင်များသဖွယ် ဖြာထွက်ရင်း အရည်ပျော်ကျလာ၏။ ခေါင်းမှလွဲ၍ သူ့တစ်ကိုယ်လုံးကား မဟူရာချပ်ဝတ်ဖြင့် လွှမ်းခြုံခံထားရလေပြီ။
ချပ်ဝတ်ပေါ်လာလျှင်ချင်း သောင်းကျန်းအုံကြွနေသောအရှိန်အဝါတစ်ခုက သူ့စွမ်းအားကို မြှင့်တင်ရင်း ပေါ်ထွက်လာသည်။
ဂျုန်းးးးးးးးးးးးးးးးးးးး...
စွမ်းအားများ ရင်သပ်ရှုမောဖွယ်ကောင်းစွာ တဖွေးဖွေးလှုပ်နေခြင်းအရ မန်ဟိုသည် ကြယ်တာရာကောင်းကင်၏စွမ်းအားကို ကိုင်စွဲနိုင်သည့်အလား၊ စကြဝဠာ၏ဥသျှောင်မင်းမြတ်တစ်ပါးအလား၊ အာကာပြင်ကျယ်တွင် အစွမ်းထက်ဆုံးဖြစ်တည်မှုအလား ထင်ရ၏။
တဖြည်းဖြည်း သူ့ဆီမှ အနန္တတန်ခိုးရှင်စွမ်းအားအနည်းငယ် ဖြာထွက်စပြုလာသည်။ သူသည် ရေခဲတောင်ဂိုဏ်းချုပ်နှင့် မီးငှက်ကို ငုံ့ကြည့်ပြီးနောက် သူတို့အား လက်ယပ်ခေါ်လိုက်လေသည်။
“တိုက်ချင်တယ်မလား။ လာလေ တိုက်ကြစို့”