← Chapters

ရှာဖွေဖို့အတွက် စွမ်းအားကို ငှားယူခြင်း

Vol. 107 Ch. 1497

ရှာဖွေဖို့အတွက် စွမ်းအားကို ငှားယူခြင်း

Vol. 107 Ch. 1497

ရေခဲတောင်ဂိုဏ်းချုပ်၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ ဤအခိုက်အတန့်တွင် သူသည် မန်ဟို့အရှိန်အဝါက မည်မျှအင်အားကြီးမှန်း ခံစားလိုက်ရ၍ မယှဉ်နိုင်ကြောင်း သိလိုက်လေ၏။ သို့သော် မန်ဟို့အနေဖြင့် သူ့ကို သတ်နိုင်မည်မဟုတ်ဟု သေချာသေးသည်။ သူက ရှေ့တစ်လှမ်းတက်ပြီးနောက် လက်သီးဖြင့် ထိုးချလိုက်သည်။

မီးငှက်က မိန်းမအသွင်မှ မီးငှက်အသွင်ပြန်ပြောင်းရင်း မီးပင်လယ်တစ်စင်းနှင့်အတူ မန်ဟို့ဆီ ပြေးဝင်လာသည်။ မျက်စိတစ်မှိတ်အတွင်း သုံးယောက်သား စတင်တိုက်ခိုက်ကြသဖြင့် ပြင်းထန်ကျယ်လောင်သော ပေါက်ကွဲသံများ ပဲ့တင်ထပ်နေတော့သည်။

မြေပြင်များ ယိမ်းထိုးကာ တစ်ကမ္ဘာလုံး လှုပ်ခတ်နေသည်။ မန်ဟိုက ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ရာ သူ့အနောက်၌ ခေါင်းမည်းမည်းကြီးပေါ်လာပြီး ဘီလူးနှင့်မီးငှက်ဆီ ဦးတည်သွားသည်။

ရေခဲတောင်ဘီလူးမှာ ပေါက်ကွဲတော့မည့်အလား တစ်ကိုယ်လုံးအက်ကွဲကြောင်းများ ထလာသည်။ သို့သော် ထိုအခိုက်အတန့်မှာပင် သူ၏ခန္ဓာကိုယ်က ပြန်ဆက်သွားပြီး သူ၏တိုက်ခိုက်လိုစိတ်ကား နည်းနည်းလေးမှ လျော့ကျမသွားပေ။

မီးငှက်လည်း မှော်မီးသင်္ကေတများကို ဖန်ဆင်းလျက် နောက်ဆုတ်လိုက်သည်။

“အားနည်းလွန်းတယ်” မန်ဟိုက လေလယ်တွင် ပျံဝဲလျက် အေးစက်စက် ဆိုသည်။ “မင်းတို့ ဝှက်ဖဲကို သုံးကြတော့လေ။ ငါ နိုင်ရင် မှန်ကွဲစရဲ့ တည်နေရာကို မင်းတို့ ပြောပြရမယ်။ မင်းတို့နိုင်ရင် ငါ အခုချက်ချင်း ထွက်သွားပေးမယ်”

“သိပ်ကောင်းတယ်” ရေခဲတောင်ဘီလူးက ပြောသည်။ “ဒီတိုက်ပွဲရဲ့ ရလဒ်က အကုန်လုံးကို ဆုံးဖြတ်ပေးလိမ့်မယ်”

ရေခဲတောင်ဘီလူးသည် လက်ရှိအဖြစ်အပျက်နှင့်ပတ်သက်၍ အံအားသင့်ပုံမရပေ။ သူနှင့် မီးငှက် မည်ကဲ့သို့ ဆက်သွယ်နေမှန်း မန်ဟို မသိသော်လည်း အရေးမကြီး။ ဘီလူးကြီးက သူ့ရင်ဘတ်သူ ထုရင်း ဟိန်းဟောက်သည်။ ရလဒ်အနေဖြင့် မရေမတွက်နိုင်သောရေခဲတုံးများ သူ့အပေါ်မှ ကွာကျသွားပြီးနောက် ဧရာမပုဆိန်ကြီးအဖြစ် ပြန်လည်စုဝေးသွားသည်။

မီးငှက်၏ပတ်ပတ်လည်တွင် မှော်သင်္ကေတများစွာ ပေါ်လာပြီး သူမ၏ခန္ဓာကိုယ်က မီတာသုံးသောင်းရှည်လျားသည့်တိုင်အောင် ကြီးမားလာသည်။ သူမထံမှ ပြင်းထန်သောအပူလှိုင်းသည် ရေခဲပြင်များကို အရည်ပျော်လာစေသော်လည်း တခဏကြာသော် ပြန်လည်အေးခဲသွား၏။

မန်ဟို့မျက်လုံးများ လင်းလက်သွားပြီး သူ့နှုတ်ခမ်းထက်တွင် သွေးအေးအေးအပြုံး ဖြစ်ထွန်းလာသည်။ ထို့နောက် သူသည် ရှေ့တက်၍ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။ ၎င်းက နတ်ဆိုးဇီဝိန်ချုပ်လက်သီးမှတစ်ပါး အခြားမဟုတ်ပေ။

ထိုလက်သီးချက်တွင် အသက်နုတ်လက်သီး၊ ခန္ဓာစ‌တေးလက်သီးနှင့် နတ်ဘုရားသုတ်သင်လက်သီးတို့ ပေါင်းစည်းပါဝင်နေသည်။ ထိုလက်သီးအားလုံးက နတ်ဆိုးဇီဝီန်ချုပ်လက်သီးဖြစ်လာ၏။ လက်သီးသည် မီးငှက်ဆီ တဟုန်ထိုးသွားနေစဉ် မိုးနှင့်မြေရှိ အရာအားလုံးကို အစားထိုးလိုက်သည့်အလား မိုးကောင်းကင်ပင် မှောင်ကျသွားလေပြီ။

ဘီလူးကြီးက ပုဆိန်ကို ပင့်မြှောက်လျက် မန်ဟို့လက်သီးထံ ပိုင်းချလိုက်သည်။ တစ်ချိန်တည်းမှာပင် ဘယ်လက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ရာ ပြင်းထန်သောအအေးဓာတ်က မန်ဟို့အား တိုက်ခတ်လိုက်သည့် ရေခဲမုန်တိုင်းအား ဖန်တီးလိုက်၏။

မီးငှက်က အသံရှည်ဆွဲအော်လိုက်ရာ သူမပတ်ပတ်လည်ရှိ မီးတောက်များသည် အနှစ်သာရအရှိန်အဝါကို ထုတ်လွှတ်ရင်း ကြက်သွေးရောင်လက်သည်းလက်ကြီးအသွင် ပြောင်းသွားတော့သည်။

အဆိုပါလက်သည် နီရဲတောက်နေသော ငှက်လက်သည်းသဖွယ် မန်ဟို့ထံ တန်းတန်းမတ်မတ် ပြေးဝင်သွား၏။

မျက်စိတစ်မှိတ်အတွင်း ဘီလူးကြီးနှင့် မီးငှက်ကား မန်ဟို၏နတ်ဆိုးဇီဝိန်ချုပ်လက်သီးနှင့် ဆုံတွေ့သွားတော့သည်။ သူတို့ဝင်တိုက်သွားသောအခါ မိုးကောင်းကင်မှာ ကြေမွသွားပြီး မြေပြင်များ ဖျက်စီးခံလိုက်ရ၏။ တစ်ကမ္ဘာလုံးနှင့် ပြင်းထန်စွာ တုန်ရီသွားနေစဉ် မန်ဟိုလည်း ခြေခုနစ်လှမ်း၊ ရှစ်လှမ်းမျှ ဆုတ်လိုက်ရသည်။ ဘီလူးကြီး၏ပုဆိန်ကတော့ ပြာကျသွားပြီး ဘီလူးကြီးသည်လည်း ကွဲကြေသွားသည်။ သို့သော် တခဏကြာသော် သူသည် ပြန်လည်ဖြစ်ပေါ်လာသော်လည်း အတန်ငယ်သေးသွားသယောင် ထင်ရ၏။

မီးငှက်မှာတော့ သွေးအန်လျက် သိသိသာသာ တုန်ယင်နေသည်။ သူမ၏ဒဏ်ရာများက ဆိုးရွားသော်လည်း အချိန်အနည်းငယ်အတွင်း သူမ၏မီးတောက်များသည် တဟုန်းဟုန်းပြန်တောက်လာ၏။

မန်ဟို့ကို ကြည့်နေသော သူတို့၏မျက်ဝန်းထဲတွင် အကြောက်တရားတို့ ပေါ်လွင်နေသော်လည်း ခေါင်းမာမှုလည်း ရှိနေသေးသည်။ သူတို့သည် ရွေးချယ်စရာရှိနေသေးသရွေ့ မန်ဟို့အလိုကို လိုက်လျောကာ သူတို့၏အဖိုးထိုက်ရတနာအား အသာတကြည် ထုတ်ပေးမည်မဟုတ်ပေ။

သို့သော် ဤအခိုက်အတန့်တွင် မန်ဟိုက ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ ပြန်ပေါ်လာသောအခါ ဘီလူးကြီး၏အရှေ့တည့်တည့်တွင် ဖြစ်ပြီး သူ၏လက်ချောင်းအား ဝှေ့ယမ်းလိုက်၏။

အုန်းခနဲ ဘီလူးကြီးမှာ နောက်လွင့်သွားသည်။ သူပြန်တိုက်ခိုက်ဖို့ ပြင်လိုက်စဉ်မှာပဲ ချုပ်နှောင်ခြင်းအနှစ်သာရက မန်ဟို့လက်ချောင်းထံမှ သူ့အပေါ် ကျရောက်လာပြီးနောက် မန်ဟိုသည် လက်သီးတစ်ချက်ပစ်သွင်းလိုက်၏။

ဘီလူးကြီးကား ရေခဲအက်သံများကြားမှ ဟိန်းလိုက်လေသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် ပြန်သက်သာလာသော်လည်း မီတာသုံးထောင်လွင့်ထွက်သွားသေး၏။ မန်ဟိုက ထပ်ကြပ်မကွာလိုက်လာပြီး တစ်ချိန်တည်းမှာပင် မီးငှက်ကလည်း ချဉ်းကပ်လာသည်။

မီးငှက်အနားပင် မ‌ရောက်သေးခင် မန်ဟိုသည် ချာခနဲလှည့်၍ ဘယ်ခြေကို ဝိုက်ကန်လိုက်ကာ အားကောင်းသောလေမုန်တိုင်းတစ်လုံးအား ဘီလူးကြီးဆီ ဝင်တိုက်လိုက်စေ၏။

ဘီလူးကြီးမှာ တုန်ရီစွာဖြင့် နောက်ဆုတ်လိုက်ရပြန်သည်။ သူ၏ခန္ဓာကိုယ်မှာ ပြိုကွဲသွားခဲ့သော်လည်း ချက်ချင်း ပြန်ဆက်သွားသည်။ တစ်ဆက်တည်းမှာပင် အအေးဓာတ်က မန်ဟို့ကို ဝါးမြိုတော့မည့်အလား သူ့ဆီမှ ပေါက်ကွဲထွက်လာ၏။ မန်ဟိုက အေးစက်စက်နှာမှုတ်လျက် လက်သီးဆုပ်ကို ဖြေလိုက်ရာ ချုပ်စည်းတစ်စည်း ပေါ်လာသည်။

သူသည် လက်ကို အရှေ့သို့ ဝှေ့ယမ်းရင်း အတွင်းအပြင်မန္တန်ကို ထုတ်လွှတ်လိုက်၏။ တွန်းကန်အားတစ်လှိုင်းက အ‌အေးဓာတ်ကို တွန်းလိုက်သည့်အချိန်မှာပဲ မန်ဟိုက နောက်လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။

လက်သီးချက်သည် ဘီလူးကြီး၏ရင်ဘတ်အပေါ်တည့်တည့်သို့ ကျရောက်သွား၏။ အက်ကွဲကြောင်းများ ဖြာထွက်လာပြီး ဘီလူးကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားတော့သည်။ ထိုအချိန်တွင် မန်ဟိုက အင်္ကျီလက်စခါလိုက်ရာ လေအဝှေ့က အကွဲအစများကို ပြန့်ကြဲသွားစေတော့သည်။

ထိုအကွဲအစများသည် မည်သည့်အတားအဆီးကိုမဆို ဖောက်ထွက်နိုင်ဟန်တူပြီး လျင်မြန်စွာ ပြန်ဆက်လာ၏။ သို့သော် မန်ဟို့မျက်လုံးများက နီရဲတောက်လာပြီး သူသည် မုဒြာလက်ကွက်တစ်ကွက်ဖော်၍ လက်ချောင်းကို ဝှေ့ယမ်းရင်း အဋ္ဌမမန္တန်၏ အာကာသအနှစ်သာရကို ထုတ်လွှတ်လိုက်သည်။ သူ၏ပစ်မှတ်ကား ... အနောက်မှ ချဉ်းကပ်လာနေသော မီးငှက်ပင်။

အာကာသစွမ်းအား ပေါ်ထွက်လာသည့်အခါ မီးငှက်၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူမက စူးစူးဝါးဝါးအော်လိုက်ပြီး သူမခန္ဓာကိုယ်မှ မီးတောက်များထွက်လာကာ ချုပ်နှောင်စွမ်းအားအတွင်း၌ သူမအစား အပိတ်လှောင်ခံစေဖို့ မီးဘီလူးတစ်ကောင်အား ဆင့်ခေါ်လိုက်၏။

သို့သော် မီးငှက် အာကာသချုပ်စည်းထဲမှ ရုန်းထွက်ဖို့ အစားထိုးလိုက်သည့်အချိန်မှာပဲ မန်ဟိုက ရောက်ချလာပြီး လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ မီးတောက်များ ဖြာထွက်သွားသော်လည်း သူမသည် လျင်မြန်စွာ ပြန်စုဝေးလာ၏။ သို့သော် မန်ဟိုက လက်သီးတစ်လုံးပြီးတစ်လုံး ဆက်တိုက်ပစ်သွင်းလေသည်။

စုစုပေါင်း ဆယ့်သုံးချက်။ တစ်ချက်စီတိုင်း မီးငှက်မှာ မီးတောက်များအဖြစ် ပြိုကွဲသွားသော်လည်း ပြန်လည်စုဝေးလာလိမ့်မည်။ တစ်ချက်ထိုးတိုင်း သူမ၏မျက်နှာသည် အတန်ငယ်ဖြူဖျော့လာပြီး သူမမှာ ပို၍ပင်တုန်ရီလာသည်။ နောက်ဆုံးတစ်ချက် ကျရောက်သွားသောအခါ မီးငှက်မှာ သွေးအန်လျက် မီတာသုံးထောင်အထိ လွင့်ထွက်သွားတော့သည်။

မန်ဟို သူမနောက်လိုက်တော့မည့်အချိန်မှာပဲ ‌ဒေါသတကြီးဟိန်းသံတစ်သံ ပဲ့တင်ထပ်လာသည်။

“တိုင်းတစ်ပါးသား မင်းတော့ လွန်သွားပြီ။ သေပေတော့” ၎င်းကား ပြန်လည်ဖြစ်ပေါ်လာသော ဘီလူးကြီးဖြစ်ပြီး လက်နှစ်ဖက်ကို ဖြန့်ကားလျက် ဟိန်းဟောက်လိုက်လေသည်။ “ရေခဲပြင်ပန်း”

သူ ဟိန်းဟောက်နေစဉ် သူ၏ပတ်ပတ်လည်ရှိ ရေခဲပြင်များမှ စိမ့်နေသောအအေးဓာတ် ထွက်ပေါ်လာသည်။ အအေးဓာတ်သည် ဘီလူးကြီးထံ အလောတကြီးပြေးဝင်သွားပြီး တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ ရေခဲများပျောက်ကွယ်ကုန်ကာ သူ၏ကိုယ်ပေါ်၌ ပြန်ပေါ်လာကြ၏။ အ‌အေးဓာတ်နှင့် ရေခဲအားလုံး သူ၏ညာလက်ပေါ်တွင် ဧရာမပန်းတစ်ပွင့်အဖြစ် ပြန်လည်စုဝေးသွားရန် တခဏသာ ကြာလိုက်သည်။

ပန်းသည် ရေခဲဖြင့် ဖန်တီးထားသော ပန်းဖြစ်၍ လင်းလက်တောက်ပနေ၏။ ၎င်းကြီးမားလာသည်နှင့်အမျှ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ဖြာထွက်လာသည်။ တစ်ကမ္ဘာလုံး တုန်ခါလာပြီး အသံများဆိတ်သုဉ်းသွားသယောင် ထင်ရ၏။

ထို့နောက် မန်ဟိုကြောင့် မီတာသုံးထောင်အထိ လွင့်ထွက်သွားသော မီးငှက်က ပါးစပ်မှ သွေးများကို သုတ်၍ သူ့ကို အမဲတော့မည့်အလား စိန်းစိန်းဝါးဝါးကြည့်သည်။ သူမ၏ပတ်ပတ်လည်ရှိ မီးတောက်မီးလျှံများက အရှိန်အဟုန်ပြင်းစွာ တောင်လောင်လာပြီး မိုးအထက်သို့ ထိုးတက်သွားသော မီးတန်းကြီးတစ်တန်း ဖြစ်လာ၏။

မိုးကောင်းကင်မှာ မီးပင်လယ်တစ်စင်းပမာ နီရဲတောက်လာပြီး တစ်ချိန်တည်းမှာပင် မီးငှက်က အော်လိုက်သည်။ “ကြက်သွေးရောင်မီးပန်း”

ချက်ချင်းဆိုသလို ကြက်သွေးရောင်မီးပင်လယ်က ဧရာမပန်းကြီးတစ်ပွင့်အဖြစ် ပြောင်းလဲစပြုလာသည်။ အစဉ်အမြဲကျွမ်းလောင်နေမည့် မီးတောက်မီးလျှံများက မိုးကောင်းကင်မှ မြေပြင်များအထိ စိုးမိုးရင်း ကမ္ဘာ၏တစ်ဝက်အား ပူခြစ်နေစေသည်။

တစ်ဆက်တည်းမှာပင် ရေခဲပန်းက ထိတွေ့သမျှ အရာအားလုံးကို ခဲသွားစေသော အ‌အေးဓာတ်ကို ထုတ်လွှတ်သည်။

မန်ဟိုက ဤအရာအားလုံးကို မျှော်လင့်ထားသည့်မျက်လုံးများဖြင့် စောင့်ကြည့်နေသည်။

ထိုအချိန်၌ ဘီလူးနှင့်မီးငှက်က တစ်ပြိုင်တည်း အော်သည်။ “ပူးပေါင်းတိုက်ကွက်”

ဘီလူး၏ခန္ဓာကိုယ်သည် ရေခဲပန်းနှင့် တစ်သားတည်းဖြစ်ဖို့ ကွဲကြေသွား၏။ ပန်းကား ပို၍ပင်လင်းလက်တောက်ပလာတော့သည်။

မီးငှက်လည်း ထိုနည်းတူ မီးပန်းနှင့် ပေါင်းစည်းလိုက်ကာ ပန်းနှစ်ပွင့်အား ဤကမ္ဘာတစ်ခုလုံးတွင် အဆင့်မြင့်ဆုံးဖြစ်တည်မှုများ ဖြစ်သွားစေသည်။

ထို့နောက် ပန်းနှစ်ပွင့်က မန်ဟို့ဆီ ပြေးဝင်လာ၏။

မန်ဟိုက ခေါင်းနောက်လှန်ကာ အားပါးတရ အော်ရယ်သည်။

“မင်းတို့ရဲ့ ဒီဝှက်ဖဲကို ငါ စောင့်နေတာကွ” စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း သူ၏စွမ်းအားသည် တဟုန်ထိုး မြင့်တက်သွား၏။ သူ့ဆံပင်များ မြောက်တက်လာပြီး သူ၏မဟူရာချပ်ဝတ်က တဖျတ်ဖျတ် လက်လာသည်။ ထို့နောက် သူ၏ညာလက်တွင် မုဒြာလက်ကွက်တစ်ကွက် ဖော်ဆောင်ခံလိုက်ရသည်။ အဋ္ဌမ၊ သတ္တမ၊ ဆဋ္ဌမ.... ပထမမန္တန်အထိတစ်လျှောက်လုံး၏ အနှစ်သာရများ ပေါ်ထွက်လာပြီးနောက် အတူတကွ ပေါင်းစည်းစပြုလာသည်။

“မန္တန်ရှစ်ခု ပေါင်းစည်းစေ” မန်ဟိုက လက်နှစ်ဖက်ကို ဘေးတစ်ဖက်စီသို့ ဖြန့်ကားလိုက်သည်။ ချုပ်နှောင်ခြင်းအနှစ်သာရရှစ်ခုသည် အမျှင်များအသွင်ပြောင်းပြီးနောက် ပိုက်ကွန်ကြီးတစ်ခု ဖြစ်လာ၏။

ပိုက်ကွန်က အရပ်လေးမျက်နှာသို့ ပြန့်ကားသွားပြီး ရေခဲနှင့်မီးပန်းများကို ထိလိုက်သောအခါ ကမ္ဘာကြီး ကြေမွသွားတော့သည်။ ဧရာမတုန်ခါလှိုင်းကြီးတစ်လုံးက အရပ်မျက်နှာတစ်ခွင် လိမ့်ထွက်သွားသဖြင့် မိုးနှင့်မြေနှစ်ခုလုံး ပုံပျက်သွားသည်။ ပြန်ကန်သက်ရောက်မှုကြောင့် မန်ဟိုမှာ သွေးတစ်ပွက်အန်လိုက်ရပြီး သူ၏ခန္ဓာကိုယ်က သွေးသံရဲရဲစုတ်ပြတ်သွားလေသည်။

သို့ထိတိုင် သူ၏မျက်လုံးများသည် လင်းလက်စွာ တောက်ပလာ၏။ ဤအခိုက်အတန့်က သူ စောင့်နေသော အခိုက်အတန့်ပင်။

“ကြေးမုံချပ်ဝတ် မိုးကောင်းကင်ကို လှုပ်ခတ်လော့” သူ၏ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်က ရုတ်တရက် မှန်ကွဲစခုနစ်ခုအသွင် ပြန်ပြောင်းရင်း သူ့ကိုယ်မှ ကွာသွားသည်။ ထို့နောက် ၎င်းတို့သည် ပြည့်စုံခါနီးကြေးမုံတစ်ချပ်အဖြစ် ဆက်သွား၏။

ဤသည်ကား ကြေးမုံ၏ ဒုတိယအသုံးဝင်မှုပင်။

ထိုကြေးမုံပေါ်လာလျှင်ချင်း ရေခဲနှင့်မီးပန်းများနှင့် မန္တန်ရှစ်ခုဝင်တိုက်မှုမှ ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ရိုက်ခတ်မှုမှာ ကြေးမုံမှတစ်ဆင့် လမ်းလွှဲခံလိုက်ရပြီး အပြင်သို့ကန်ထွက်နေရာမှ မြေကြီးအပေါ်သို့ စုဆုံကျသွားသော တိုက်ကွက်တစ်ကွက် ဖြစ်သွားတော့သည်။

ရေခဲပန်းနှင့်မီးပန်းအတွင်းရှိ ဘီလူးကြီးနှင့် မီးငှက်တို့ မျက်နှာပျက်သွားသည်။ သို့သော် သူတို့အတွက် တစ်ခုခုလုပ်ဖို့ အချိန်မရတော့ပေ။ မန်ဟို၏ကျင့်ကြံခြင်းအခြေခံစွမ်းအားသည် ချွန်မြမြဓားတစ်သဖွယ် ‌ပေါ်ထွက်လာကာ တိုက်ကွက်နှင့်အတူ မြေကြီးထဲ စိုက်ဝင်သွား၏။

မျက်စိတစ်မှိတ်အတွင်း ဤအစွမ်းထက်ပညာရှင်သုံးဦး၏ အကြီးမားဆုံးစွမ်းအားက အောက်ရှိ ရေခဲလွှာများကို ဝင်တိုက်သွားလေပြီ။

ခွမ်းးးးးးးးးးးးးးးးး

မြေငလျင်များ လှုပ်ခတ်သွားသည်။ မန်ဟို့အနေဖြင့် မြေကြီးကို တစ်ယောက်တည်း မဖွင့်နိုင်သော်လည်း သုံးယောက်၏စွမ်းအားက သူတို့ပတ်ပတ်လည်ရှိ ရေခဲပြင်များအား ပြိုကျလာစေသည်။ ဧရာမချောက်ကြီးပွင့်လာကာ .... သင်္ချိုင်းတစ်ခုကို‌ ဖော်ပြလိုက်၏။

ဤရေခဲမီးကမ္ဘာ၏အောက်၌ အရပ်လေးမျက်နှာတွင် ဆန့်တန်းနေသော သင်္ချိုင်းတစ်ခု ရှိနေလေသည်။

သင်္ချိုင်းပေါ်လာသော အခိုက်အတန့်၌ ရှစ်ခုမြောက်မှန်ကွဲစ၏အရှိန်အဝါက ကြောက်ခမန်းလိလိအားကောင်းလာသည်။ မန်ဟိုက အားပါးတရရယ်လျက် သင်္ချိုင်းထဲ ပျံဆင်းသွားတော့သည်။

All Chapters