အဆင့်တက်ခြင်
Vol. 35 Ch. 475
ဝုန်း...ဝုန်း
ရွေးချယ်ခြင်းတောင်ထွတ်ပေါ်တွင် ပြင်းထန်လှသော စွမ်းအင်နှစ်ခု တွေ့ဆုံသွားကြပြီး စွမ်းအင်လှိုင်းဂယက်များမှာလည်း ကွင်းပြင်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။ တောင်ထိပ်တစ်ခုလုံးသည်ပင် စတင်၍ တုန်ခါလာရ၏။
ကျောက်တုံးကျောက်ဆောင်များမှာ တစ်လွှာပြီးတစ်လွှာ ပြိုလဲကုန်ရသည်။
ဇူယွမ်နှင့်ယွမ်ဟောင်တို့၏ ထိပ်တိုက်တွေ့ဆုံမှုမှာ အလွန်ပင် ပြင်းထန်လွန်းလှသဖြင့် စောင့်ကြည့်နေသော တပည့်များသည်ပင် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြရ၏။
ကောင်းကင်တစ်ခွင်လုံးမှာလည်း ဖုန်မှုန့်များနှင့်ပြည့်နှက်နေလေသည်။
ရွေးချယ်ခြင်းတောင်ထွတ်အပြင်ဖက်မှ စောင့်ကြည့်နေသော တပည့်များမှာ မျက်တောင်ပင်မခတ်နိုင်ပဲ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ကြည့်ရှုနေကြ၏။ လူတိုင်းမှာ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းပြိုင်ပွဲ၏ အဆုံးသတ်အား သိလိုစိတ် ပြင်းပြနေကြပြီဖြစ်သည်။
စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဖုန်မှုန့်များဖြည်းညင်းစွာဖြင့် လွင့်ပြယ်သွားကြ၏။ ထို့နောက် တပည့်များမှာ ကောင်းကင်ထက်တွင် ပျံဝဲလျှက်ရှိသော ယွမ်ဟောင်၏ပုံရိပ်အား တွေ့ရှိလိုက်ကြရသည်။
ယွမ်ဟောင်ထံမှပြင်းထန်လှသော သွေးနီရောင်ချီစွမ်းအင်များ ထွက်ပေါ်နေ၏။ ယွမ်ဟောင်၏လက်တစ်လျှောက်တွင်လည်း သွေးများယိုစီးကျလျက်ရှိသည်။
ရွေးချယ်ခြင်းတောင်ထိပ်တစ်ခုလုံးမှာလည်း ကြေမွနေရပြီး အပျက်အစီးများဖြင့် ပြည့်နှက်နေ၏။ ယွမ်ဟောင်၏ ပြင်းထန်လှသော တိုက်ခိုက်မှုကြောင့် ဇူယွမ်မှာ အပျက်စီးများကြား နစ်မြုပ်သွားရဟန်ရှိသည်။
စိန်းထိုက်ယွမ်တပည့်များ၏ အမူအရာမှာ သွေးဆုတ်ဖြူရော်နေရ၏။ အစောပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ယွမ်ဟောင်၏တိုက်ခိုက်မှုမှာ စိတ်ကူး၍မရလောက်အောင်ပင် ပြင်းထန်လွန်းလှသည်။ ထို့ကြောင့် စိန်းထိုက်ယွမ်၏တပည့်များမှာ ထိုသို့သောတိုက်ခိုက်မှုများအား ဇူယွမ်မှ ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ဟု ခန့်မှန်းထားခဲ့ကြပြီဖြစ်သည်။
တဖက်တွင်မူ လုဟုန်း၏တပည့်များမှာ စိတ်လက်ပေါ့ပါးသွားဟန်ရှိ၏။ ဇူယွမ်နှင့်ယွမ်ဟောင်တို့၏တိုက်ပွဲမှာ အလှည့်အပြောင်းများနှင့်ပြည့်နှက်နေခဲ့သည်။
လုဟုန်းမှာလည်း စိတ်အေးသွားဟန်ဖြင့် နှဖူးထက်မှ ချွေးစေးများ သပ်ထုတ်ရင်းဖြင့် အေးစက်စွာရယ်မောလိုက်၏။
လုဟုန်းမှ အံကိုတင်းတင်းကြိတ်ကာ ရေရွတ်လိုက်သည်။ ''အခုဆိုရင်တော့ ဇူယွမ်ပြန်မထနိုင်လောက်တော့ပါဘူး''
စောင့်ကြည့်နေကြသူများမှာ အပျက်စီးပုံများအားကြည့်ရှူနေရင်းဖြင့် သနားဂရုနာသက်စွာ သက်ပြင်းချလိုက်ကြသည်။ ယွမ်ဟောင်နှင့် ဤအခြေနေထိ တိုက်ခိုက်လာနိုင်ခဲ့ပြီးမှ ရှူံးနိမ့်သွားရခြင်းမှာ ဇူယွမ်အတွက် နှမြောစရာကောင်းလွန်းလှ၏။
ကောင်းကင်ထက်တွင် ပျံဝဲလျက်ရှိသောယွမ်ဟောင်မှာ တောင်ထိပ်ပေါ်ရှိအပျက်အစီးများအား ကြည့်ရှုလိုက်သည်။ ယွမ်ဟောင်မှာ အလွန်ပင် အားနည်းနေသော ချီစွမ်းအင်များကိုသာ အာရုံခံမိလိုက်၏။
ထို့ကြောင့်ယွမ်ဟောင်မှာ ဤတိုက်ပွဲတွင် အနိုင်ရရှိခဲ့ပြီပင်ဖြစ်သည်။
.....
ရွေးချယ်ခြင်းတောင်ထွတ်၏ အပျက်အစီးပုံများအကြား၌
ဇူယွမ်မှာ သွေးအလိမ်းလိမ်းဖြင့် မြင်မကောင်းအောင် ဆိုးရွားနေ၏။ ဇူယွမ်သာငွေရောင်ခြည်အသွေးအသားအဆင့်သို့ မရောက်ရှိနေခဲ့ပါက ပြင်းထန်လှသော ထိခိုက်ဒဏ်ရာများကြောင့် သတိပင်လစ်သွားနိုင်သည်။
"အာရုံနောက်စရာပဲ''
ဇူယွမ်မှ တိုးညင်းစွာရေရွတ်ရင်းဖြင့် ကောင်းကင်ထက်တွင် ပျံဝဲနေသော ယွမ်ဟောင်၏ပုံရိပ်အား ကြည့်ရှုလိုက်၏။
ဇူယွမ်၏မျက်ဝန်းများမှာ သတ်ဖြတ်လိုသောအငွေ့အသက်များဖြင့်ပြည့်နှက်နေလေသည်။ အခြေအနေများမှာဆိုးရွားနေပါသော်လည်းဇူယွမ်မှ အနည်းငယ်မျှပင် အလျှော့ပေးလိုစိတ်မရှိချေ။
ဇူယွမ်မှာ မျက်ဝန်းများအား ဖြည်းညင်းစွာ ပိတ်လိုက်ပြီးနောက် နဂါးအသက်ရူခြင်းကို စတင်အသုံးပြုလိုက်၏။ နဂါးအသက်ရူသံမှာ တဖြည်းဖြည်းနှင့် ကျယ်လောင်လာပြီး ပတ်ဝန်းကျင်ရှိ စွမ်းအင်များမှာ အဖြူရောင်မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားကာ ဇူယွမ်၏ နှာခေါင်းမှတဆင့် အသွေးအသားများထဲသို့ စီးဝင်သွားသည်။ ဤသို့ဖြင့် တောင်ထိပ်တစ်ခုလုံးပေါ်တွင်ရှိသည့် အကန့်အသတ်မဲ့ချီစွမ်းအင်များမှာ ဇူယွမ်၏ချီပင်လယ်အတွင်းသို့ စီးဝင်သွားကြ၏။
ဇူယွမ်၏ချီပင်လယ်အတွင်းမှ ချီစွမ်းအင်များမှာ စတင်၍ လင်းလက်တောက်ပလာသည်။ တင်းကြပ်စွာပိတ်ထားသော ဇူယွမ်၏မျက်ဝန်းများမှာလည်း ပြန်လည်ပွင့်ဟလာ၏။
ဇူယွမ်မှာ ယင်းယန်နဂါးစင်မြင့်တွင် ကျင့်ကြံခဲ့သည့်အချိန်မှစ၍ မူလစဦး စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ဇူယွမ်မှာ ကျင့်ကြံခြင်းအဆင့်အား မူလစဦး ပဉ္စမအဆင့်သို့ တတ်ရောက်နိုင်ရန်အတွက် ပြင်ဆင်နေခဲ့ခြင်းဖြစ်၏။
တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းပြိုင်ပွဲအတွက် သိမ်းဆည်းထားသော နောက်ဆုံးဝှက်ဖဲအား ဇူယွမ်မှ ထုတ်၍အသုံးပြုတော့မည်ပင် ဖြစ်သည်။
........
တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ်၏ ကောင်းကင်ထက်၌
ယွမ်ဟောင်မှာ ခေါင်းမော့လျက် အနိုင်ရရှိကြောင်း ကြေငြာချက်အား စောင့်မျှော်နေလျှက်ရှိ၏။ ယွမ်ဟောင်မှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ်တစ်ခုလုံးတွင် နောက်ဆုံးကျန်ရှိသူ ဖြစ်လေသည်။
သို့သော် အချိန်များစွာ ကြာမြင့်သွားသည့်တိုင်အောင် ကလန်ခေါင်းဆောင်ချင်းယန်ဆီမှ လှုပ်ရှားမှု တစ်စုံတစ်ရာကိုပင် မတွေ့ရှိပဲ ဖြစ်နေရ၏။
ရွေးချယ်ခြင်းတောင်ထွတ်အပြင်ဖက်တွင် စောင့်ကြည်နေကြသော တပည့်များထံမှလည်း ဝေဖန်ဆွေးနွေးသံများ ပေါ်ထွက်လာရသည်။ စည်းမျဉ်းစည်းကမ်းများအရဆိုလျှင် ယွမ်ဟောင်အား မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်အဖြစ် ကြေငြာသင့်ပြီပင်ဖြစ်၏။
ဝေါင်း....
ယွမ်ဟောင်နှင့်အခြားတပည့်များမှ စိတ်ရှုပ်ထွေးနေစဉ်မှာပင် တိုးညင်းသော နဂါးဟိန်းသံသဲ့သဲ့တစ်ခုအား ကြားလိုက်ကြရသည်။
ယွမ်ဟောင်မှာ အံ့အားသင့်သွားဟန်ဖြင့် တောင်ထိပ်ပေါ်ရှိ အပျက်အစီးများအား ကြည့်ရှုလိုက်၏။ ယွမ်ဟောင်မှာ အပျက်အစီးများအကြားမှ ပြင်းထန်လှသော စွမ်းအင်စီးဆင်းမှုများအား ခံစားမိလိုက်ရသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။" ယွမ်ဟောင်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ ပါးစပ်အဟောင်းသားဖြင့် ရေရွတ်လိုက်၏။
ဝုန်း......
လူတိုင်းမှာ အပျက်အစီးများကြားမှ ထွက်ပေါ်လာသည့် ပေထောင်ကျော်မျှရှိသော ရွှေရောင်ချီစွမ်းအင်များအား တွေ့ရှိလိုက်ရပေသည်။ ထိုချီစွမ်းအင်များအကြားတွင် ကြီးမားလှသည့် မြွေနဂါးတစ်ကောင်၏ ပုံရိပ်အား ထင်ရှားစွာ တွေ့မြင်နိုင်၏။
စောင့်ကြည့်နေကြသော တပည့်များမှာ ပါးစပ်အဟောင်းသားဖြင့် ပြင်းထန်လှသော ချီစွမ်းအင်များအား ငေးမောကြည့်ရှုနေမိကြသည်။ ထိုမြင်ကွင်းမှာ ချီစွမ်းအင်ကျင့်ကြံမှုအဆင့် မြင့်တက်သွားခြင်းပင် ဖြစ်၏။
တစ်နည်းဆိုရလျှင်မူ......
ဇူယွမ်မှာ မူလစဦး ပဉ္စမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီပင် ဖြစ်လေတော့သည်။