မြား
Vol. 147 Ch. 2025
အရှေ့ပိုင်းမြို့၏ လမ်းပေါ်တွင် ပေတစ်ရာခန့်ရှည်လျားသော နဂါးတစ်ကောင်က သည်ဧရိယာကို ဖြတ်၍ မြန်ဆန်စွာ ပျံသန်းနေသည်။ သို့သော်လည်း ၎င်းက မြင့်မြင့် ပျံသန်းဝံ့ခြင်း မရှိပေ။ အကြောင်းမှာ ဒီနေရာရှိ ကြောက်မက်ဖွယ်ဖိအားကြောင့်ပင်။ ၎င်းသည် မြင့်မြင့်ပျံသန်းပါက ဒုက္ခရောက်သွားနိုင်လောက်၏။
ပင်လယ်နဂါးသည် ပျံသန်းနေရင်း ကြေးခွံများ ပြည့်ဖုံးနေ၏။ ၎င်း၏ ဝမ်းဗိုက်တွင်လည်း အနက်ရောင်မြားတစ်စင်း စိုက်နေ၏။ ၎င်းမြားထံမှ နဂါး၏အသက်ဓာတ်ကို ဖျက်စီးနေသော စွမ်းအားကို ထုတ်လွှတ်နေသည်။ ပင်လယ်နဂါးကို အနက်ရောင်အခိုးအငွေ့များ ခြုံလွှမ်းထားသည်။
၎င်း၏ ကျောပေါ်တွင်မူ စိတ်ဆိုးနေသော လျှိုကျင်းပြောင် ရှိနေ၏။ သူ၏ အခြေအနေမှာလည်း သနားစရာ ကောင်းနေသည်။ ထိုမြား ပေါ်လာခဲ့တာက ရုတ်ချည်းဆန်လွန်းခဲ့၏။ ပင်လယ်နဂါးကသာ သူ့အတွက် တားဆီးပိတ်ဆို့ပေးခဲ့ခြင်းကြောင့်သာ မဟုတ်ပါက သူသည် သေဆုံးနေလောက်ပြီပင်။
“ဒီမြားက ပင်လယ်နဂါးရဲ့ မန္တာန်အားလုံးကို ဖျက်စီးပစ်ပြီး ၎င်းရဲ့ ဝမ်းဗိုက်ကိုပါ ထွင်းဖောက်သွားခဲ့တာပဲ။ ဒီမြားက ပြင်းထန်လွန်းတယ်။ ဘယ်သူက ငါ့ကို သတ်ချင်တာလဲ။ ငါ လူခုနစ်ယောက်ကိုပဲ လှည့်ဖြားခဲ့ရသေးတယ်။ အဲ့အတွက် ဒီလောက်လုပ်ဖို့ လိုလို့လား…”
လျှိုကျင်းပြောင်က ကြောက်လန့်နေခြင်းမရှိဘဲ ဒေါသသာ ထွက်နေ၏။
သူက လှည့်၍ အော်ဟောက်လိုက်၏။ “သေစမ်း…မင်းက ငါ့ကို ဒီလို စော်ကားရန်စဝံ့တယ်လား။ ငါ့သခင်က မင်းကို လုံးဝ ခွင့်လွှတ်ပေးလိမ့်မှာ မဟုတ်ဘူး…”
ထိုပင်လယ်နဂါး၏ နောက်တွင် ညနှင့်ပေါင်းစပ်နေဟန် ထင်ရသော အနက်ရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ယင်းပုံရိပ်ကို အမျိုးသားလား၊အမျိုးသမီးလား၊ ငယ်ရွယ်သူလား၊ အိုမင်းသူလား သိရဖို့ မဖြစ်နိုင်ပေ။ ထိုသူက မြန်လှ၏။ ပင်လယ်နဂါးထက်ပင် ပိုမြန်သေးသည်။ သည်အခိုက်တွင် ထိုသူက သူ့လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရာ လေးတစ်လက် ပေါ်လာ၏။ ထို့နောက် သူက မြားတစ်စင်းကို ပစ်လွှတ်လာသည်။
ထိုမြား ပေါ်လာသည့်အခါ ဝန်းကျင်ရှိ ကောင်းကင်ဘုံစွမ်းအင်တို့သည် ၎င်းပေါ်သို့ စုဝေးသိပ်သည်းလာသလား ထင်ရသည်။
လျှိုကျင်းပြောင်နှင့် ပင်လယ်နဂါးတို့က စတင် ထွက်ပြေးတာ အသက်ရှိုက်ကြိမ် ဆယ်ကြိမ်စာသာ ရှိအုံးပေမည်။ ထိုသူက သူတို့နောက်သို့ လိုက်လာခဲ့ပြီး အခုအခါ ဒုတိယမြောက်မြားတစ်စင်းကို ပစ်လွှတ်လာခဲ့လေပြီ။
ထိုမြား၌ အေးစက်စက် သတ်ဖြတ်ခြင်းဆန္ဒ ပါဝင်၏။ ၎င်းက ပင်လယ်နဂါးနှင့်လျှိုကျင်းပြောင်တို့ကို ချက်ခြင်း သတ်ဖြတ်ပေတော့မည့်အလား။
ထိုမြား နီးကပ်လာသည်ကို မြင်သည့်အခါ လျှိုကျင်းပြောင်က မာန်သွင်း၍ စွမ်းအားပြည့်ခုခံရန် ဟန်ပြင်သည်။ သူ့အောက်မှ ပင်လယ်နဂါးကလည်း နှာမှုတ်၏။ ရေငွေ့လှိုင်းဂယက်များ လှိုက်ထသွားသည်။
သူတို့နောက်သို့ လိုက်လာသော ပုံရိပ်က အေးစက်စက်အပြုံးကို ထုတ်ဖော်၏။ သူ၏မြားချက်သည် တူညီသောကျင့်ကြံမှုအဆင့်ရှိသူတစ်ယောက်အဖို့အတွက် ခုခံဖို့ အလွန်ခက်ပေသည်။ ထိုမြားက ပင်လယ်နဂါးကို သတ်ပစ်နိုင်စွမ်း ရှိကာ ၎င်း၏ကျောပေါ်ရှိ ကျင့်ကြံသူလေးကိုလည်း ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်မည်ပင်။ သည်ကျင့်ကြံသူ ကမြောက်ကချောက်လေးကို ဖမ်းပြီး အိမ်တော်သို့ ခေါ်သွားခြင်းက သူ့အတွက် အကျိုးဆောင်ပေးမှုတစ်ခု ဖြစ်သွားမည်ပင်။
သို့သော် ထိုအခိုက်တွင် ထိုသူ၏မျက်နှာထက်ရှိ လောင်ပြောင်လိုမှုက ရုတ်တရက် ပျောက်ကွယ်သွား၏။ သူ၏မျက်လုံးသူငယ်အိမ်လည်း ကြုံ့သွားကာ သူသည် ကြောက်ရွှံ့မှု ပြည့်နှက်သွားသည်။
ထိုမြားက ပင်လယ်နဂါးနှင့် လျှိုကျင်းပြောင်တို့နား နီးကပ်လာချိန်၌ ဝတ်ရုံရှည်ဖြင့် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
သူ ပေါ်လာသည့်နောက် သူက ခေါင်းမော့ကာ စူးရှရှ လှမ်းကြည့်၏။ သူ၏မျက်လုံးထဲမှ ရွှေရောင်အလင်းက သူ့ရှေ့ရှိ မြားပေါ်သို့ ကျရောက်သွားကာ ၎င်းကို ချိုးဖျက်ပစ်သည်။
အမှောင်ထုအတွင်း ကွယ်ဝှက်နေသော ပုံရိပ်၏ စိတ်မှာ တုန်ယင်သွား၏။ သူ၏ခန္ဓာကိုယ်မှာလည်း ပုန်းကွယ်နေရာကနေ ထိုးထွက်လာရသည်။ သူက တဖက်လူ၏အကြည့်ကို တွေ့ရသည့်အခါ သူ့ထံ ဓားအစင်းပေါင်းများစွာ ပျံသန်းဝင်လာသည့်နှယ် ခံစားမိရသည်။
သူက တစ်စက်လေးမျှ တိုက်ခိုက်နိုင်စွမ်း မရှိ ဖြစ်ရ၏။ သူသည် သွေးအန်ကာ အသိပင်လွတ်သွား၏။ သူသည် မြေပြင်ထက်သို့ ပြုတ်ကျသွားသည်။
သူ သတိမမေ့သွားခင်၌ သူ၏ခန္ဓာကိုယ်မှာ အကြောက်တရားနှင့် ပြည့်နှက်သည်။ တဖက်လူ၏ အကြည့်က သူ့ကို လုံးဝ ထိတ်လန့်ကြောက်ရွှံ့စေသည်။ ၎င်းက သူ၏မိသားစုခေါင်းဆောင်နှင့် ဘိုးဘေးတို့ထက်ပင် သူ့ကို အကြောက်တရား ဖြစ်စေသည်။
“သခင်…နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ။ သူက ကျနော့်ကို သတ်ဖို့လုပ်နေတာပါ…။ ပင်လယ်နဂါးလည်း ဒဏ်ရာရထားတယ်…”
လျှိုကျင်းပြောင်က ဝမ်လင်းကို မြင်သည့်အခါ စိတ်လှုပ်တရှား ဖြစ်လာ၏။ ပင်လယ်နဂါးကလည်း လှည့်၍ မလှုပ်မယှက်ဖြစ်နေသော ပုံရိပ်ကို ကြမ်းကြုတ်စွာ စိုက်ကြည့်သည်။
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်၍ ပင်လယ်နဂါးကို ထိလိုက်၏။ ပင်လယ်နဂါးသည် တုန်ယင်သွားကာ ၎င်းပတ်လည်ရှိ အနက်ရောင်အခိုးငွေ့တို့သည် လွင့်ပြယ်သွားသည်။ ၎င်း၏ဝမ်းဗိုက်မှ မြားသည်လည်း ပျံသန်းထွက်လာ၏။ ၎င်း၏ ဒဏ်ရာက မြန်ဆန်စွာ ပြန်ကောင်းမွန်လာသည်။
ထိုးထွက်လာသော မြားကို ဝမ်လင်းက ဖမ်းယူလိုက်၏။ သူက ၎င်းမြားကို ကြည့်လိုက်ပြီးနောက် အမှုန့်ဖြစ်သည့်အထိ ခြေမွပစ်လိုက်သည်။
ဝမ်လင်းက တည်ငြိမ်စွာ ဆိုသည်။ “လီအိမ်တော်…နည်းနည်းတော့ များသွားပြီ…”
“လီအိမ်တော်၊ သခင်…သခင်က သူ့ရဲ့ ဇစ်မြစ်ကို သိနေတာလား။ ဒါက ငါ့လှည့်ဖြားခြင်း ထုတ်ဖော်ခံရလို့ ခုလို တိုက်ခိုက်ခံရတာ မဟုတ်ဘူးပေါ့…”
“သွားကြစို့…လီအိမ်တော်ရှိ သွားမယ်။ ငါ့နောက် လိုက်ခဲ့ကြ…” ဝမ်လင်းက တည်ငြိမ်နေ၏။ သူက မလှုပ်မယှက်မေ့နေသော ပုံရိပ်ကို တစ်ချက်လေးပင် မကြည့်ပေ။ သူသည် သူ့ကို ကျော်၍ လျှောက်လာ၏။
ဝမ်လင်း၏နတ်ဘုရားအာရုံက ထိုသူ၏ ဦးခေါင်းထံ၌ စုဝေး၏။ သူ လိုအပ်သော သတင်းအချက်အလက်ကို ရပြီးနောက် ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ ထို့နောက်တွင် သူသည် ပင်လယ်နဂါး၊ လျှိုကျင်းပြောင်နှင့်အတူ သတိမေ့နေသောထိုလူတို့နှင့်အတူ ပျောက်ကွယ်သွားတော့သည်။ သူတို့က လီအိမ်တော်၏ အပြင်ဘက်တွင် ပြန်ပေါ်လာကြသည်။
“ဂိတ်တံခါးကို သွားခေါက်ပြီး သူတို့ရဲ့ အရှင်ကို ထွက်လာပြီး ငါ့ကို လာတွေ့ဖို့ သွားပြောလိုက်…”
ဝမ်လင်းက လီအိမ်တော်ဟူသော ဆိုင်းဘုတ်ကို ကြည့်လိုက်သည်။
“ကောင်းပါပြီ…” လျှိုကျင်းပြောင်က တက်ကြွလာ၏။ သူက ဒီလိုအရာများကို ပြုလုပ်ရတာအား နှစ်သက်ပေသည်။ ထိုအခိုက်တွင် သူက အင်္ကျီလက်အိုးကို ခေါက်တင်ကာ ပိတ်ထားသော တံခါးထံ လျှောက်လာသည်။
သူ အိမ်တော်တံခါးဝရှိ ကျောက်ခြင်္သေ့နှစ်ကောင်ကို ဖြတ်လျှောက်လာခိုက်တွင် ယင်းတို့က မလှုပ်မယှက်သာ ရှိနေ၏။ ယင်းတို့က လျှိုကျင်းပြောင်ကို တံခါးပေါက်အား ဖွင့်ဖို့ ခွင့်ပြုလေသည့်အလား။
ထိုအခိုက်တွင် သူသည် လွန်ခဲ့သောတစ်နှစ်ကျော်က ဒီနေရာကို ရောက်လာခဲ့ကာ ခုလိုပုံစံဖြင့် တံခါးအားကန်ဖွင့်ခဲ့သောလူတစ်ယောက်နှင့် ချွတ်ဆွတ်နီးပါးတူနေ၏။ သူတို့၏ အမူအရာများသည်ပင် တူညီနေသလိုပင်။
သည်ဂိတ်တံခါး၏ ရှေ့တွင် လျှိုကျင်းပြောင်က ခြေမြှောက်ကာ ခပ်ကြမ်းကြမ်း ကန်ထည့်လိုက်၏။ထို့နောက် သူက မာန်သွင်းကာ အော်ပြောလိုက်သည်။
“ငါ့သခင် ဒီမှာ ရောက်နေတယ်။ မြန်မြန်ထွက်လာပြီး သူ့ကို နှုတ်ဆက်ကြ…”
သူ၏စကားတို့ပင် လွန်ခဲ့သောတစ်နှစ်ကလူ ပြောခဲ့သောစကားနှင့် အတော့်ကို တူနေပေသည်။ ဤသည်ကိုသာ လွန်ခဲ့သောတစ်နှစ်က အနီရောင်အင်္ကျီဖြင့်လူ(ရှုလီကော)သိခဲ့ပါက အတော်လေး တုန်လှုပ်သွားနိုင်၏။
သို့သော် ရှုလီကော တံခါးကို ကန်ဖွင့်ခဲ့တုန်းကနှင့် ကွာခြားသည်က ရှုလီကော ကန်ခဲ့တုန်းက တံခါးသည် တစ်စက်လေးမျှ မရွှေ့သွားခဲ့ပေ။ အခု လျှိုကျင်းပြောင် ကန်လိုက်သည့်အခါတွင်တော့ တံခါးသည် တဝုန်းဝုန်းမြည်ကာ ထိုကန်ချက်ကြောင့် အနှီတံခါးသည် အမှန်တကယ်ပင် ပွင့်သွားခဲ့ပေသည်။
ထိုမြင်ကွင်းက လျှိုကျင်းပြောင်ကို မင်သက်သွားစေ၏။ သူသည် နောက်သို့ အမြန်ဆုံးနှုန်းဖြင့် ပြန်ဆုတ်သည်။ သူသည် ထိုကန်ချက်၌ ခုလောက်အားပါလိမ့်မည်၊ သည်ဂိတ်တံခါးက လွန်စွာ အားနည်းလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
ဝမ်လင်းက ပွင့်ဟသွားသော ဂိတ်တံခါးကို ကြည့်နေ၏။ သူ၏အမူအရာက ပုံမှန်ပင်။ ခဏစောင့်ပြီးနောက် သူက ခေါင်းယမ်းကာ ပြုံး၍ ဆိုသည်။
“အိမ်တော်အရှင်က ထွက်မလာမှတော့ ကျုပ်ကပဲ မဖိတ်ခေါ်ဘဲ ဝင်လာရတော့မှာပေါ့…”
ထိုသို့ပြောကာ ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်လိုက်ပြီး သူ့ဘေးရှိ သတိမေ့နေသော လူကို အထဲသို့ ပစ်သွင်းလိုက်သည်။ ထို့နောက် ဝမ်လင်းသည် ရှေ့သို့ တည်ငြိမ်စွာ ဆက်လျှောက်လာသည်။
သူ ကျောက်ခြင်္သေ့နှစ်ကောင်ကို ဖြတ်ကျော်ကာ လျှောက်လာသည့်နောက် ၎င်းတို့က ရုတ်တရက် မျက်လုံးဖွင့်ကာ ဝမ်လင်းကို ဒေါသတကြီး ဟိန်းသံပြုကြသည်။ ယင်းတို့၏ ဟိန်းသံက အရှေ့ပိုင်းမြို့၏ နေရာအများစုထိ ပျံ့လွင့်သွားပေသည်။
ထိုဟိန်းအော်သံအောက်၌ ကျောက်ခြင်္သေ့နှစ်ကောင်ထံမှ ဧရာမအရိပ်နှစ်ခု ပျံသန်းလာသည်။ ယင်းတို့က ပေထောင်ချီ မြင့်မားသော ခြင်္သေ့နှစ်ကောင်ဖြစ်ကာ ဝမ်လင်းထံ အရှိန်အဟုန်နှင့် တိုးဝင်လာကြသည်။
ဝမ်လင်းက အပေါ်သို့ မော့၍ပင် မကြည့်၊ ဝတ်ရုံရှည်ဝတ်ကာ ပွင့်နေသော ဂိတ်တံခါးထံသာ ဆက်လျှောက်လာသည်။ ဖြတ်ခနဲအတွင်း ထိုခြင်္သေ့နှစ်ကောင်က သူ့ထံ နီးကပ်လာသည်။ သို့သော် သူတို့သည် ဝမ်လင်းနှင့် ဆယ်ပေအတွင်းသို့ ရောက်သည့်အခါ နာကျင်စူးဝါးစွာ အော်မြည်လိုက်ရသည်။
အက်သံများ ပဲ့တင်ထပ်ကာ ဂိတ်တံခါးနားရှိ ကျောက်ခြင်္သေ့နှစ်ကောင်ပေါ်တွက် အက်ကြောင်းများ ပေါ်လာပြီးနောက် ၎င်းတို့မှာ တစစီအက်ကွဲပျက်စီးသွားတော့သည်။
ဝမ်လင်းက ရှေ့ဆက်လျှောက်လာသည်။ သူ၏နောက်တွင် လျှိုကျင်းပြောင်က ပင့်သက်ရှိုက်မိ၏။ သို့သော် မကြာမီတွင် သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်လာ၏။ ဝမ်လင်း ပို၍ သန်မာလေလေ သူသည်လည်း ကျားတစ်ကောင်ကဲ့သို့ ပိုမို ဟန်ဆောင်နိုင်လေ မဟုတ်လား။ မည်သူကမျှ သူ့ကို အနိုင်ကျင့်ဝံ့ကြလိမ့်မည် မဟုတ်တော့ပေ။
ပင်လယ်နဂါးက ထိုအဖြစ်ကို တွေ့မြင်သည့်အခါ ၎င်း၏မျက်လုံးထဲ၌ ထိတ်လန့်မှုတို့ ပြည့်သွားသည်။
ဝမ်လင်းက လီအိမ်တော်တံခါးထဲ ခြေလှမ်းလိုက်ရုံ ရှိသေး တဝီဝီအသံများ ပဲ့တင်ထပ်၏။ ပုံရိပ်များစွာ ထွက်လာကြသည်။ သူတို့အားလုံးက တူညီသောလှုပ်ရှားမှုပုံစံအတိုင်း ရှိကြသည်။ သူတို့က လေးတစ်စက်စီကို ကိုင်ဆောင်ထားကာ ထိုလေးကို ညာလက်တို့ဖြင့် ညွတ်နေအောင် ဆွဲတင်ထားကြသည်။
မြားရာချီက ခုမှ ဝင်လာခါစ ဝမ်လင်းထံ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်လာ၏။
မြားတစ်စင်းစီတွင် ပြင်းထန်သောအားတစ်ခု ပါဝင်၏။ သည်အခိုက်တွင် မြားများသည် မြားမိုးကဲ့သို့ စုဝေးသည်။ ယင်းတို့၏ တည်နေရာအနေအထားအရ အစီအရင်တစ်ခုအသွင် ဖြစ်ပေါ်သလို ထင်ရသည်။
ထိုအစီအရင်က အဆုံးမဲ့အနီရောင်အလင်းကို ပေးစွမ်းကာ တုန်လှုပ်ဖွယ် သတ်ဖြတ်လိုစိတ် ပေါက်ကွဲထွက်လျက် ဝမ်လင်းထံ နီးကပ်လာသည်။
ရပ်တန့်ခြင်းမရှိဘဲ ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ ဝေ့ယမ်းသည်။ ဤအခိုက်အတန့်တွင် ဧရာမလက်ဝါးရာတစ်ခုက ဝမ်လင်း၏ရှေ့တွင် ပေါ်လာသည်။ ထိုလက်ဝါးချက်က အစစ်အမှန်ဆန်လှကာ ၎င်းပေါ်ရှိ လက္ခဏာရေးများကိုလည်း ရှင်းလင်းစွာ မြင်ရသည်။ ၎င်းပေါ်လာသည်နှင့် မြားအစီအရင်နှင့် ထိပ်တိုက်တွေ့သည်။
ကျယ်လောင်စွာ တုန်ဟည်းသံတို့ ပဲ့တင်ထပ်ကာ မြားအစီအရင်သည် ပျက်စီးသွားသည်။ လက်ဝါးမှာလည်း အလားတူ မှိန်ဖျော့သွား၏။ ဝမ်လင်းက ဂိတ်တံခါးထဲ ခြေချကာ ထိုလက်ဝါးကို ဖြတ်ကျော်လာ၏။လက်ဝါးက ပျောက်ကွယ်သွားလေသည်။
“သူတို့က အင်ပါယာစမ်းသပ်ကွင်းက ခြောက်ခုမြောက်နန်းတော်စွမ်းအားနဲ့ ညီမျှတဲ့ စွမ်းအားကို ချက်ခြင်း စုဝေးလိုက်နိုင်တာပဲ…”
ဝမ်လင်းသည် အိမ်တော်ထဲ လှမ်းဝင်လာသည်။
ထွက်ပေါ်လာသော ပုံရိပ်ရာချီသည် ခုခါ၌ ထိတ်လန့်ကာ မယုံကြည်နိုင် ဖြစ်နေကြ၏။ သူတို့သည် မြားအပေါ်၌ အလွန်ယုံကြည်ချက် ရှိပေ၏။ အင်ပါယာအတုများသည်ပင် ၎င်းမြားအစီအရင်ကို ခက်ခက်ခဲခဲ ရင်ဆိုင်ရပေလိမ့်မည်။ သို့သော် အခု သူတို့ရှေ့ရှိ လူက လက်တဝှေ့ဖြင့် ၎င်းအစီအရင်ကို ဖျက်စီးပစ်ခဲ့လေပြီ။
လီအိမ်တော်ရှိ လူများသည် စိတ်နှလုံးထဲကနေ ထိတ်လန့်နေကြစဉ် လီအိမ်တော်၏ မတူညီသော နေရာကိုးခုထံမှ မြားကိုးစင်း ထိုးထွက်လာချေသည်။ မြားတစ်စင်းစီတိုင်း၌ မြားရာချီအဖြစ်သို့ ပေါက်ကွဲထွက်သည်။ ယင်းတို့က လူရာချီ စုပေါင်းတိုက်ခိုက်မှုထက် အားမနည်းပေ။
မြားကိုးစင်း၏ စွမ်းအားက ပြီးခဲ့သောတိုက်ခိုက်မှုမျိုး ကိုးခုနှင့် ယှဉ်၍ ရသည်။ ယင်းတို့က မြားမိုးကဲ့သို့ ရွာကျလာသထို ခံစားရစေသည်။
ဝမ်လင်းက မရပ်ပေ။ ခေါင်းမော့လိုက်၏။ သူ့ညာလက်ကို ဆန့်ထုတ်ကာ ရှေ့သို့ ညွှန်လိုက်သည်။
ထိုလက်ညွှန်ချက်နှင့်အတူ လောကရှိ အရာအားလုံးသည် ရပ်တန့်သွား၏။ မြားမိုးတို့က ဝမ်လင်း၏ရှေ့တွင် ရပ်တန့်ကုန်သည်။ ဝမ်လင်းက ၎င်းကို ဖြတ်သန်းလာသည့်တိုင် မြားမိုးက ကောင်းကင်ထက်တွင် မလှုပ်မယှက် ရှိနေတော့သည်။
ဤသည်က လျှိုကျင်းပြောင်ကို ထိတ်လန့်သွားစေ၏။ သူသည် ခဏတာ မင်သက်သွားသည်။ ထို့နောက် သူသည် မြားမိုးတို့ကို အမြန်ရှောင်လိုက်သည်။ သူ့ဦးရေပြားပင် ထုံထိုင်းမိသလို ခံစားလိုက်ရပေ၏။ သူက ထိုမြားတို့သည် ရုတ်တရက် စတင် လှုပ်ရှားကာ သူ့အား ဒဏ်ရာရစေမည်ကို လန့်နေခြင်းပင်။