ဆံဖြူဩဇာအင်ပါယာ
Vol. 147 Ch. 2026
“မြားကိုးစင်းကို မရေမတွက်နိုင်တဲ့မြားတွေအဖြစ် ပြန့်ကြဲစေတာ။ ဒါက ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်တဲ့ အင်ပါယာအတုတစ်ယောက်ရဲ့ စွမ်းအားကို ရောက်ရုံမျှနဲ့ ညီမျှတယ်။ မင်းတို့ကိုးယောက်ဟာ လေးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်တဲ့ အင်ပါယာအတုတစ်ယောက်ရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားလောက်တယ်…”
“လီအိမ်တော်ဟာ နာမည်နဲ့ တကယ်ထိုက်တန်တာပဲ။ မင်းတို့ရဲ့ အခြေခံဟာ နက်ရှိုင်းတယ်…” ဝမ်လင်းက ရှေ့သို့ လှမ်းလာရင်း ဖြည်းဖြည်းချင်း ဆိုသည်။
“ပြီးတော့ မင်းတို့ထဲက သုံးယောက်ဟာ ဆယ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်တဲ့ ဩဇာအင်ပါယာအဆင့်ပဲ။ နှစ်ယောက်ကတော့ ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်တဲ့ အင်ပါယာအတုအဆင့်တွေပဲ။ မင်းတို့ရဲ့ စုပေါင်းစွမ်းအားနဲ့ဆို ဆယ်ခုမြောက်နန်းတော်ရဲ့ အထွတ်အထိပ်စွမ်းအားထိ ရောက်နိုင်လိမ့်မယ်။ ငါ လမ်းတလျှောက်မှာ ဘယ်သူ့ကိုမျှ မသတ်ခဲ့ဘူး။ ဒါပေမဲ့ မင်းတို့သုံးယောက် တိုက်ခိုက်လာမယ်ဆိုရင်တော့ ငါ သည်းခံတော့မှာ မဟုတ်ဘူး…”
ဝမ်လင်းသည် သူ့ရှေ့ရှိ လူရာချီကို ဝေ့ကြည့်၏။ သူ၏အကြည့်က မတူညီသောနေရာသုံးခု၌ ရပ်တန့်သွားသည်။
သူ၏စကားသံ ပဲ့တင်ထပ်လာသည့်အခါ ထိုနေရာများထံမှ အဘိုးအိုသုံးယောက် ထွက်ပေါ်လာသည်။ ဝမ်လင်းရှေ့တည့်တည့်ရှိ အဘိုးအိုသည် ဩဇာအင်ပါယာအဆင့်ပုဂ္ဂိုလ်ပင်။
ထိုသူ၏ဆံပင်တို့က တဝက်ဖြူ၊တဝက်မဲ ဖြစ်၏။ သူက ဝမ်လင်းကို တုန်လှုပ်ဟန်ဖြင့် စိုက်ကြည့်နေသည်။ သူသည် ဝမ်လင်း၏ကျင့်ကြံခြင်းနှင့် ပတ်သတ်၍ ထင်မြင်ချက် အချို့ ရှိနေသည်။ သို့သော် သူက မသေချာ ဖြစ်နေသည်။
“ငါ မင်းတို့ရဲ့ လီအိမ်တော်နဲ့ ရန်သူ မဖြစ်ချင်ဘူး။ တကယ်တော့ လီကောင်းရဲ့လေးက ငါ့ကို အတော်လေး အကူအညီ ဖြစ်စေခဲ့တယ်…”
ဝမ်လင်းက လီကောင်း၏လေးသည် လှိုဏ်ဂူလောကမှာတုန်းက သူ့အား အန္တရာယ်များစွာကနေ လွတ်မြောက်အောင် ကူညီပေးခံပုံကို ပြောပြသည်။
“သင်က ကိုယ့်ကိုကိုယ် ဘယ်သူဘယ်ဝါမှန်း ခုထိ ဘာကြောင့် မပြသသေးတာလဲ…”
ဝမ်လင်းသည် ရုတ်တရက် ခေါင်းမော့လိုက်၏။ အပြင်လူများက သူ၏ပုံပန်းသွင်ပြင်ကို မမြင်ရနိုင်ပေ။ သူ့မျက်လုံးထံမှ ကြောက်မက်ဖွယ်ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာချေ၏။
ထိုရွှေရောင်အလင်း၌ အားကောင်းသောဖိအားတစ်ခုပါဝင်သည်။ ဩဇာအင်ပါယာဖြစ်စေ၊ သာမန်မိသားစုဝင်များဖြစ်စေ အားလုံး၏ စိတ်နှလုံးမှာ တုန်ဟည်းသွား၏။
ထိုဖိအားက အကန့်အသတ်သို့ ရောက်လာသည့်နောက် ၎င်းက ဖိနှိပ်ခြင်း ဖြစ်လာ၏။ ဝမ်လင်း၏အကြည့်ထံမှ ရွှေရောင်အလင်းက ဖိနှိပ်ခြင်းပင်။ သူက ကောင်းကင်ဘုံဘိုးဘေး၏ ဓားစွမ်းအားကို အသုံးပြုကာ အရာအားလုံးကို ဖိနှိပ်လေသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ဝမ်လင်း၏ရွှေရောင်အကြည့် ပျံ့လွင့်လာသည့်အခါ လီအိမ်တော်ရှိ လူများ၏ လက်ထဲမှ လေးများသည် အစိတ်စိတ်အမွှာမွှာ ပျက်စီးကုန်တော့သည်။
အင်ပါယာအတုအဆင့်ကိုးယောက် ကိုင်ဆောင်ထားသော လေးများသည်ပင် အပိုင်းပိုင်း ဖြစ်ကုန်၏။
အသန်မာဆုံးသုံးယောက်ဖြစ်သော အဘိုးအိုသုံးယောက်ထဲ၌ ဩဇာအင်ပါယာအဆင့်အဘိုးအိုကလွဲ၍ သူတို့၏လက်ထဲမှ လေးများပေါ်၌လည်း အက်ကြောင်းများ ပေါ်လာကာ ကျိုးကျေကုန်သည်။
ဩဇာအင်ပါယာအဆင့်အဘိုးအို၏ လေးတစ်လက်သာ မပျက်စီးသွားခဲ့ခြင်းပင်။ သို့သော် လေးကြိုးကတော့ ပြာမှုန့်ဘဝသို့ ရောက်သွားသည်သာ။
ဝမ်လင်း၏ ဖိနှိပ်သောအကြည့်အောက်၌ လီအိမ်တော်ရှိ မည်သူကမျှ သူ့ကို မကြည့်ဝံ့ကြတော့ပေ။ သူတို့အားလုံးက အလိုလို လူစုခွဲသွား၏။ ထိုအခါ အကွာအဝေးတစ်ခုရှိ ကျောက်သားအဆောက်အဦတစ်ခု လှစ်ဟပေါ်လာသည်။
သည်အခိုက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်သွား၏။ မည်သည့် အော်သံဟစ်သံမျှ မထွက်ပေါ်ပေ။ သို့သော် သူတို့၏လေးများ ပျက်စီးသွားသော ကျင့်ကြံသူအားလုံးသည် ပင့်သက်ရှိုက်မိနေ၏။ သူတို့ထံ၌ အတိုင်းမသိ အကြောက်တရားတို့ ပြည့်နှက်ကုန်သည်။
အထူးသဖြင့် အင်ပါယာအတုများသည် ဝမ်လင်း၏အဆင့်အတန်းကို ရေးတေးတေး ခန့်မှန်းမိလိုက်ကြသည်။ သူတို့၏အမူအရာများက ထိတ်လန့်တကြား ပြောင်းလဲသွားသည်။
“ဆံဖြူဩဇာအင်ပါယာ…” အချိန်အတန်ကြာပြီးနောက် ကျောက်သားအဆောက်အဦထဲမှ ရှေးကျသော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအဆောက်အဦတံခါး ပွင့်ဟလာကာ ဆံဖြူအဘိုးအိုတစ်ယောက် လှမ်းထွက်လာသည်။
ထိုအဘိုးအိုက ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ့ထံမှ ဖိအားကို ပေးစွမ်းနေသည်။ သူ၏အမူအရာက ခါးသီးဟန် ပေါက်နေသော်လည်း သူက ဝမ်လင်း၏ အကြည့်ကို မရှောင်ပေ။
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်၍ ဝတ်ရုံကို ချွတ်၏။ ထိုအခါ သူ၏နှင်းကဲ့သို့ ဖြူဆွတ်နေသော ဆံပင်တို့ ပေါ်လာ၏။ သူက ထိုအဘိုးအိုထံ တည်ငြိမ်စွာ လှမ်းကြည့်သည်။
ထိုအခါ ပတ်ဝန်းကျင်ရှိ လူများက အံ့အားတသင့် အကြောက်အလန့် ပင့်သက်ရှိုက်ကုန်၏။ သူတို့အားလုံး၏အကြည့်က ဝမ်လင်းပေါ် ရောက်ရှိနေသည်။
သည်တစ်နှစ်အတွင်း ဝမ်လင်းနှင့် ပတ်သတ်သော သတင်းစကားများက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတခွင်တွင် ပျံ့နှံ့နေခဲ့လေ၏။ အထူးသဖြင့် သည်သတင်းစကားတို့က ရှေးဘိုးဘေးမြို့တွင် ပိုမို၍ ပျံ့လွင့်၏။ ထို့ကြောင့် သည်မြို့မှ လူတိုင်းသည် ဝမ်လင်းနှင့် ပတ်သတ်၍ အနည်းနှင့်အများဆိုသလို ကြားသိခဲ့ရ၏။
လီအိမ်တော်သည် ရှေးဘိုးဘေးမြို့၏ ဘုရင်လေးပါးထဲမှ တစ်ဦး ဖြစ်၏။ ဒီမိသားစု တစုလုံးနီးပါးသည် ဝမ်လင်းဟူသော အမည်ကို မှတ်မှတ်ထင်ထင် ရှိနေကြပေသည်။
သူတို့သည် မဟာအင်ပါယာများအောက် အသန်မာဆုံး ဖြစ်သော ဩဇာအင်ပါယာဖြစ်သူကို တွေ့မြင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
သူတို့အတွက် ပို၍ စိတ်ပူဖို့ ကောင်းသည်မှာ သူတို့က ထိုသူ့ကို သတ်ဖြတ်ဖို့ အမှန်တကယ် ကြိုးစားခဲ့ခြင်းပင်။
“ငါ့ကို ရှင်းပြချက်တစ်ခု ပေး…” ဝမ်လင်းက ကျောက်သားအဆောက်အဦထဲမှ ထွက်လာသော အဘိုးအိုကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ ထိုအဘိုးအိုမှာလည်း ဩဇာအင်ပါယာတစ်ယောက် ဖြစ်၏။ ဝမ်လင်းသည် ထိုသူမှာ ဆယ့်တစ်ခုမြောက်နန်းတော်ကို ဖြတ်ကျော်ပြီး ဆယ့်နှစ်ခုမြောက်နန်းတော်တွင် တစ်နေသော ဩဇာအင်ပါယာဆယ့်သုံးယောက်ထဲမှ တစ်ယောက်အပါအဝင် ဖြစ်လောက်သူဟု ခန့်မှန်းမိသည်။
“လီအိမ်တော်မှာ ဩဇာအင်ပါယာနှစ်ယောက်နဲ့ အင်ပါယာအတု ဆယ့်တစ်ယောက် ရှိတယ်။ ပြီးတော့ ရှေးဘိုးဘေးမြို့ရဲ့ ကျန်တဲ့အိမ်တော်သုံးခုဟာလည်း ကျုပ်တို့လိုပဲ…”
လီအိမ်တော်ကို လေ့လာပြီးနောက် ဝမ်လင်းသည် ရှေးဘိုးဘေးမြို့၏ ဘုရင်ဘွဲ့ခံ အိမ်တော်လေးခုအကြောင်း နားလည်သွားသည်။
“အစောပိုင်းတုန်းက ဘိုးဘေးရဲ့ လေးတင်တဲ့ သစ်သားစင်ဟာ မြည်သံ ပေးလာတယ်။ ဆိုလိုတာက သူ့လေးဟာ အနီးအနားမှာ ရှိနေလို့ပဲ။ အတိတ်တုန်းက ဘိုးဘေးရဲ့လေးကို လီကောင်းကို လွှဲပေးခဲ့ပြီး၊ အဲ့ဒီနောက် ဘာသတင်းမှ မကြားရဘဲ ပျောက်သွားခဲ့တယ်။ လေးတင်တဲ့ သစ်သားစင်ကနေ မြည်သံ ထွက်ပေါ်လာခဲ့တာကို ကြားရတဲ့နောက် ဒီအဘိုးအိုက သွားစစ်ဆေးကြည့်ဖို့ ရွှေအဆင့်ထိပ်သီးနှစ်ယောက်ကို စေလွှတ်ခဲ့တာပဲ။ ဒါပေမဲ့ သူတို့ အပြုအမူက နည်းနည်း အစွန်းရောက်သွားခဲ့တယ်။ တကယ်တော့ ဘိုးဘေးရဲ့လေးဟာ ကျုပ်တို့ မိသားစုအတွက် တကယ်ပဲ အရေးကြီးလှတယ် မဟုတ်လား…”
ထိုအဘိုးအိုက ဝမ်လင်း၏မျက်လုံးကို ပြန်စိုက်ကြည့်ဖို့ ကြိုးစားသော်လည်း သူသည် ဝမ်လင်း၏ မျက်လုံးထံမှ ဖိနှိပ်ခြင်းအားသည် အလွန်အားကောင်းသည်ကို ခပ်ရေးရေး ခံစားမိပေသည်။
ဝမ်လင်းက စကားမဆိုဘဲ ထိုအဘိုးအိုကိုသာ ကြည့်နေ၏။
“ကျော်ကြားတာဟာ အာပလာမဟုတ်ဘူးပဲ။ ဒီဝမ်လင်းဟာ တကယ်ပဲ မဟာအင်ပါယာတွေအောက် နံပါတ်တစ်လို့ ခေါ်ဖို့ ထိုက်တန်တာပဲ။ နန်းတော်တွေကို သူ ဖြတ်ကျော်ခဲ့တာကိုတော့ ငါ ကိုယ်တိုင်ကိုယ်ကျ မတွေ့ခဲ့ရဘူး။ ဒါပေမဲ့လည်း သူ့မျက်လုံးကနေတင် ဒီလောက်ဖိအားကို ထုတ်လွှတ်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့မိဘူး…”
လီမိသားစု၏ဘိုးဘေးဖြစ်သူက ငြိမ်သက်စွာ စဉ်းစားနေ၏။
“ကျုပ်ရဲ့ လီအိမ်တော်က အရင်ဆုံး အဆင်အခြင်မဲ့ခဲ့တာပါ။ ဆံဖြူဩဇာအင်ပါယာက ဂုဏ်ထူးပေးအပ်ပွဲအတွက် အင်ပါယာမြို့တော်ကို လာခဲ့တာ ဖြစ်ရမယ်။ ဒီတော့ ကျုပ်တို့ လီအိမ်တော်မှာ နားနားနေနေ နေပါ့လား…”
“ပြီးတော့ ဆံဖြူဩဇာအင်ပါယာမှာ ကျုပ်တို့ ဘိုးဘေးရဲ့ လေးပိုင်ဆိုင်ထားပြီး အဲ့လေးကလည်း သင့်ကို အကူအညီဖြစ်စေခဲ့တယ်လို့ ဆိုတယ်။ ဒါ့ကြောင့် သင်ဟာ အပြင်လူတစ်ယောက် မဟုတ်တော့ဘူးလေ…”
“လီမိသားစုမှာ မြားခန်းမတစ်ခု ပိုင်ဆိုင်ထားပါတယ်။ အဲ့မှာ ဘိုးဘေးချန်ထားခဲ့တဲ့ မြားတာအို ရှိပါတယ်။ ဩဇာအင်ပါယာအနေနဲ့ သင် ဆန္ဒရှိသလို ဒီမြားတာအိုကို ကြည့်ရှုနိုင်ပါတယ်။ ဒါဆို အဆင်ပြေတယ်မလား၊ ကျုပ်တို့ရဲ့ မဆင်မခြင်လုပ်ရပ်အတွက်လည်း ပြန်ပေးဆပ်ရာ ကြတာပေါ့…”
ထိုအဘိုးအိုက လက်နှစ်ဖက်ဆုပ်ကာ ဝမ်လင်းကို ပြော၏။
သူသည် သူ့ကိုယ်သူ နှိမ့်ချကာ ပြုမူပြောဆိုပေ၏။ သို့သော် လီမိသားစုရှိ မည်သူကမျှ အရှက်ရသည်ဟု မခံစားမိပေ။ သူတို့က ထိုသို့ နှိမ့်ချမှုက ဖြစ်သင့်သည်ဟုပင် ခံစားကြသည်။ တကယ်တော့ သူတို့သည် မဟာအင်ပါယာများအောက်ရှိ နံပါတ်တစ်ပုဂ္ဂိုလ်နှင့် ရင်ဆိုင်နေရတာ မဟုတ်လား။
ထိုသူကို စည်းရုံးဖို့ မဟာအင်ပါယာများက ယှဉ်ပြိုင်ခဲ့ကြ၏။ သူတို့၏ လီမိသားစုက ရှေးဘိုးဘေးမြို့၏ ဘုရင်လေးပါးထဲမှ တစ်ပါး ဖြစ်သော်ငြားလည်း ကလန်အများစုထက် ပိုသန်မာသော်လည်း သူတို့သည် ဝမ်လင်း၏ တိုက်ချက်တစ်ခုကိုပင် ခုခံနိုင်လိမ့်မည် မဟုတ်ပါ။
သူတို့က ဝမ်လင်းကို ဒဏ်ရာရစေခဲ့လျှင်ပင် မဟာအင်ပါယာတစ်ယောက်က ရောက်လာလိမ့်မည် ဖြစ်၏။ သို့သော် ဝမ်လင်းက သူတို့ကို သတ်ပစ်ခဲ့လျှင်တော့ မဟာအင်ပါယာများသည် မည်သို့မျှ လှုပ်ရှားလာလိမ့်မည် မဟုတ်ပါ။ ဤသည်ကာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရှိ သန်မာမှုနှင့်အားနည်းမှုကြား ကွာဟချက်ပင်။ ဩဇာအင်ပါယာမန်တောက်ဆိုလျှင်လည်း နန်းတော်ထဲမှ ထွက်လာခဲ၏။ သို့သော် သူ ထွက်လာခဲ့ချိန်၌လည်း မည်သူကမျှ သူ့ကို မလေးမစား မလုပ်ဝံ့ကြပေ။
ဘုရင်လေးပါးသည်ပင် မန်တောက်ကို လေးစားရပေ၏။ တကယ်တော့ ထိုမန်တောက်က နောင်ဖြစ်လာနိုင်သော ခြောက်စင်းမြောက်နေမင်း(ဝါ) မဟာအင်ပါယာတစ်ယောက် မဟုတ်လား။
ခုခါ၌ ဝမ်လင်းက ထိုသို့သော လူစားမျိုးဖြစ်သည့် ဩဇာအင်ပါယာမန်တောက်ကိုပင် ဖိနှိပ်ခဲ့သူ ဖြစ်သည်။ လီအိမ်တော်က ဝမ်လင်းထံ၌ သူတို့ဘိုးဘေး၏လေး ရှိနေသည်ကို သိနေခဲ့လျှင်ပင် သူတို့က မသိသလို ဟန်ဆောင်နေရမည် ဖြစ်ကာ ပြန်ပေးဖို့လည်း တောင်းဆိုဝံ့ကြမည် မဟုတ်ပါ။
“မြားခန်းမ…” ဝမ်လင်း၏အမူအရာက ပြောင်းလဲသွား၏။ သူက လီအိမ်တော်ထံ၌ ထိုသည်ကို မျှော်လင့်ထားမိခဲ့ပြီး ဖြစ်၏ သူသည် ထိုအဘိုးအို၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုအပြင် သူ့ဘိုးဘေး၏ လေးအပေါ် တပ်မက်လိုချင်မှုကိုပါ မြင်ရပေသည်။
သူတို့က ၎င်းလေးကို မယူဆောင်နိုင်ပေ။ ထို့ကြောင့် ဝမ်လင်း ပြန်ပေးမည်ကို မျှော်လင့်၍သာ လေးစားသမှုဖြင့် ဝမ်လင်းကို ပြုမူဆက်ဆံဖို့သာ တတ်နိုင်ကြသည်။
“ဒီလေး…” ဝမ်လင်းက ညာလက်ကို ပင့်မြှောက်လိုက်ရာ အလင်းစုဝေးလာပြီး လီကောင်း၏လေးက ဝမ်လင်း၏လက်ထဲတွင် ပေါ်လာ၏။ ထိုလေးပေါ်လာသည်နှင့် ယင်းအဘိုးအို၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှု လှစ်ခနဲ ပေါ်သည်။
သူသည် လီကောင်း၏လက်ထဲ၌ ၎င်းလေးကို တွေ့မြင်ခဲ့ဖူး၏။ သို့သော် ခုခါ၌ သူသည် ၎င်းလေးကို အပြင်လူတစ်ယောက်၏လက်ထဲတွင် တွေ့မြင်နေရသည်။
လီမိသားစုတစုလုံးက ငြိမ်သက်စွာ စဉ်းစားနေကြ၏။ သူတို့က လေးကို ကြည့်နေကြသည်။ တချို့က ၎င်းလေးကို မြင်ဖူးခဲ့သည်။ အများစုကတော လုံးဝ မမြင်ဖူးကြပေ။
“ငါ ဒီလေးကို အသုံးပြုစရာ အချို့ ရှိသေးတယ်။ ငါ လုပ်စရာ ရှိတာ လုပ်ပြီးတာနဲ့ ဒီလေးကို ပြန်ပေးမယ်…” ဝမ်လင်းက လက်ဝေ့ယမ်းလိုက်ရာ ထိုလေးသည် သူ့ခန္ဓာကိုယ်ထဲ၌ ပျောက်ကွယ်သွားတော့သည်။
လီမိသားစုမှ အဘိုးအိုက သက်ပြင်းချမိ၏။ သို့သော် သူက စိတ်မပျက်သွားပေ။ တကယ်တော့ ဝမ်လင်းသည် သူ၏အဆင့်အတန်းဖြင့် ကတိပေးလိုက်ပြီ မဟုတ်လား။ ဝမ်လင်း၏အဆင့်အတန်းဖြင့် လိမ်နေစရာ မလိုပေ။
ပို၍ အရေးကြီးသည်က ဒီလေးကို ဝမ်လင်းက ရှာတွေ့ခဲ့တာ ဖြစ်၏။ ထို့ကြောင့် ၎င်းလေးကို သူတို့အနေဖြင့် လွန်ခဲ့သောနှစ်ပေါင်းမရေမတွက်နိုင်သောအချိန်က ပိုင်ဆိုင်ခဲ့သည်ဟူသော အကြောင်းလောက်ဖြင့် မည်သို့ ချက်ခြင်း ပြန်ပေးဖို့ လိုမည်နည်း။ သူသာ ဝမ်လင်းနေရာတွင်သာ ဖြစ်ပါက ထိုသို့သော ကတိကိုပင် ပေးချင်မှပေးမိပေလိမ့်မည်။ ဝမ်လင်းက လီအိမ်တော်၌ နေထိုင်ဖို့ကို မငြင်းဆိုချေ။ သူက ရှုလီကောသည် ရှေးဘိုးဘေးမြို့၌ ရှိနေသည်ကိုလည်း သိထားပြီ ဖြစ်၍ ရှုလီကော၏မှတ်ဉာဏ်များကို ချိပ်ပိတ်ခြင်း ဖြေပေးဖို့ အလျင်လိုနေစရာ မလိုပါ။ သူက လီအိမ်တော်၌နေ၍ မြားတာအိုကို ကြည့်ရှုကြည့်အုံးမည် ဖြစ်၏။
လျှိုကျင်းပြောင်က အတော်လေး ပျော်မြူးနေ၏။ ဝမ်လင်းက သူ၏သခင်ဖြစ်၍ သူသည်လည်း အထူးဧည့်သည်အဖြစ် ဆက်ဆံခံရမည် မဟုတ်လား။ ထို့အတွက် သူက ပျော်ပေ၏။
ဖြတ်ခနဲအတွင်း သုံးရက်တာ ကုန်လွန်သွား၏။ သုံးရက်မြောက် နေ့လယ်ခင်းအခါ၌ နှင်းများ ကျဆင်းနေစဉ် ရုတ်တရက် လီအိမ်တော်၏အထက်တွင် လှိုင်းဂယက်များ ထလာကာ ဖိအားတစ်ခု ဖြစ်ပေါ်လာ၏။
ထိုဖိအားက လီအိမ်တော်ကို ခြုံလွှမ်းကာ လီအိမ်တော်ရှိ လူများအား လှမ်းထွက်လာစေပြီး ကောင်းကင်ကို မော့ကြည့်စေ၏။
ရွှေရောင်အလင်း လင်းလက်ကာ လူတစ်ယောက် လှမ်းလျှောက်ထွက်လာ၏။ သူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မောက်မာသည့်ပုံ ပေါ်သည်။ သူသည် လက်ထဲ၌ စာလိပ်တစ်လိပ်ကို ကိုင်ထားကာ လီအိမ်တော်မှ လူများကို ငုံ့ကြည့်သည်။
“ဝမ်လင်း ဘယ်မှာလဲ။ အမိန့်ပြန်တမ်းကို ဘာကြောင့် မြန်မြန် လက်ခံဖို့ ထွက်မလာသေးတာလဲ…”
“အမိန့်ပြန်တမ်းကို ဖတ်ပါ…” ဝမ်လင်း၏အေးစက်စက်အသံက လီအိမ်တော်၏ မြားခန်းမအတွင်းမှ ထွက်ပေါ်လာ၏။
“မင်း…” ကောင်းကင်ထက်ရှိ အစိမ်းရောင်ဝတ်ရုံနှင့်လူက မင်သက်သွား၏။ သူက ဒီနေရာသို့ ကောင်းကင်ဘုံအင်ပါယာ၏ စိတ်သဘောကို ဖတ်ပြဖို့ ရောက်လာခဲ့ခြင်း မဟုတ်လား။ သို့သော်လည်း ဝမ်လင်းက မျက်နှာသာ လုံးဝ မပေးခဲ့ပေ။
ခဏတာ ချီတုံချတုံ ဖြစ်ပြီးနောက် ထိုသူက စိတ်ထဲကနေ အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ သို့သော် သူက သူ၏ မကျေနပ်ချက်ကို မဖော်ပြပေ။ သူက လက်ထဲရှိ စာလိပ်ကို ဖွင့်ကာ စတင် ဖတ်၏။
ဝမ်လင်းသည် အသေးစိတ်နားထောင်မနေပေ။ သူက ကောင်းကင်ဘုံအင်ပါယာသည် နောက်ခုနစ်ရက်အကြာ၌ ဂုဏ်ထူးအမည်ပေးအပ်ပွဲကို ကောင်းကင်ဘုံနန်းတော်၌ ကျင်းပမည့်အကြောင်းကိုသာ နားထောင်လိုက်၏။
ဝမ်လင်းသည် ခရမ်းရောင်ယင်ကလန်၌ ဩဇာအင်ပါယာတိုင်းသည် လက်ရှိ ကောင်းကင်ဘုံအင်ပါယာ၏ ကိုယ်တိုင်ကိုယ်ကျ အမည်ဂုဏ်ထူးပေးအပ်ခြင်းကို ခံရမည်ဟု သိထားခဲ့၏။
ထိုအခမ်းအနားအတွင်း စိန်ခေါ်မှုတစ်ခုလည်း ရှိနိုင်၏။ သို့သော် အတိတ်တုန်းက ၎င်းကို အများစုက လစ်လျူရှုထားခဲ့သည်။ တကယ်တော့ ဩဇာအင်ပါယာများသည် ကောင်းကင်ဘုံဘိုးဘေး၏ အရိပ်၏ အသိအမှတ်ပြုမှုကို ရရှိထားပြီး ဖြစ်၏။
အစိမ်းရောင်ဝတ်ရုံနှင့်လူက အမိန့်ပြန်တမ်းကို ဖတ်ပြီးနောက် သူက ဝမ်လင်း ထွက်လာတာကို မမြင်သဖြင့် ပို၍ စိတ်ကသိကအောက် ဖြစ်သွား၏။ သူက အမိန့်ပြန်တမ်းကို ထားခဲ့ပြီးနောက် သူ့လမ်းအတိုင်း ပြန်သွားလေတော့သည်။
“လျန်တောက်ကျန်းက ဒီအခမ်းအနားမှာ ဘယ်လိုလုပ်ဆောင်မလဲ ငါ သိချင်မိတယ်။ ငါ အရူးကို အဲ့နေရာမှာ တွေ့ချင်တွေ့ရနိုင်တယ်…”
ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။ သူက သူ့နတ်ဘုရားအာရုံကို အရှေ့ပိုင်းမြို့တခွင်လုံးထိ ဖြန့်ကျက်လိုက်၏။ သို့သော်လည်း သူက လျန်တောက်ဖေကို ရှာမတွေ့ပေ။