အရူး
Vol. 147 Ch. 2029
ထိုဆံချည်မျှင်က ဝမ်လင်း၏ဆံပင်ပေါ်သို့ ကျရောက်သွား၏။ ရင်းနှီးသော ခံစားမှုက ပိုအားကောင်းလာပေသည်။ ဝမ်လင်းသည် ထိုသို့ဖြစ်တာ ဘာကြောင့်မှန်းမသိပေ။ သို့သော် အနှီဆံချည်မျှင်က သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်နေသကဲ့သို့ ခံစားမိနေပေ၏။
ထိုဆံချည်မျှင်က သူ့ကို မည်သို့အန္တရာယ်လည်း မဖြစ်စေပေ။ ၎င်းက သာမန် ဆံချည်မျှင်တစ်ခုကဲ့သို့သာ။
ခဏတာ ငြိမ်သက်တိတ်ဆိတ်သွားပြီးနောက် ကောင်းကင်ဘုံအင်ပါယာ၏အသံက ဘုံကျောင်းအတွင်းမှ ထွက်ပေါ်လာသည်။
“ဒါက ငါ မင်းကို ဆုချီးမြှင့်တဲ့အရာတစ်ခုတော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်း ဒီဆံချည်မျှင်ကို လိုချင်တယ်ဆိုရင်တော့ မင်းအနေနဲ့ ဒါကို ပိုင်ဆိုင်နိုင်တယ်…”
ဝမ်လင်း၏ ကျေးဇူးတင်ခြင်းက အရေးတကြီးကဏ္ဍ၌ ပါဝင်ခဲ့၏။ တကယ်တော့ ဤသည်က သူ့အတွက် ဂုဏ်ထူးပေးအပ်ခြင်းအခမ်းအနား မဟုတ်လား။ ထိုအဖြစ်အပျက်ကိုလည်း ကောင်းကင်ဘုံကလန်၏ ကလန်အားလုံးက မျက်မြင်တွေ့ရှိကြသည်။
ထို့အပြင် ကောင်းကင်ခြင်္သေ့သားရဲက သူ၏ဒီအခမ်းအနားတွင် ဆင့်ခေါ်ခြင်း ခံခဲ့ရတာ ဖြစ်၏။ ထို့ကြောင့် ဝမ်လင်းသည် ဒီအဖြူရောင်ဆံချည်မျှင်ကို ယူဆောင်ခဲ့လျှင်ပင် မည်သူကမျှ ဘာမှ ပြော၍ မရပေ။
အင်ပါယာဆရာသခင်ရှန်းရွှမ်တောက်က ဝမ်လင်းကို လေးလေးနက်နက် ကြည့်ကာ ပြောလာ၏။
“သွေးစတေးခြင်းကလည်း ပြီးသွာပြီ။ ခု ဒီအခမ်းအနားအတွက် နောက်ဆုံးအဆင့်တစ်ခုပဲ ကျန်တော့တယ်။ ဝမ်လင်း…ဒီမှာ ရှိတဲ့ လူတိုင်းက မင်းကို စိန်ခေါ်ခွင့် ရှိကြတယ်။ ဒါပေမဲ့ သုံးကြိမ်ပဲ။ သုံးကြိမ် စိန်ခေါ်ပြီးရင် ကောင်းကင်ဘုံအင်ပါယာက မင်းကို ဂုဏ်ထူးအမည် ပေးအပ်လိမ့်မယ်…”
အင်ပါယာဆရာသခင်၏ စကားများ ပဲ့တင်ထပ်လာသည့်အခါ အိမ်တော်လေးခုမှ ဘိုးဘေးသုံးယောကသည် လှမ်းကြည့်လာ၏။ သူတို့အားလုံးက အဘိုးအိုများ ဖြစ်ကာ ဩဇာအင်ပါယာများလည်း ဖြစ်ကြ၏။
အနီရောင်ဝတ်ရုံဖြင့် လူတစ်ယောက်က ဖြတ်ခနဲအတွင်း ကောင်းကင်ထက်သို့ ပျံသန်းတက်လာ၏။ သူက ဝမ်လင်းနှင့် ပေတစ်ထောင်အကွာသို့ ရောက်လာပြီး လက်နှစ်ဖက်ဆုပ်ကာ ဆိုသည်။
“ဒီအဘိုးအိုက ဦးဆုံး စိန်ခေါ်ပါမယ်။ ဆံဖြူဩဇာအင်ပါယာက ငါ့ကို လမ်းညွှန်ပေးဖို့ မျှော်လင့်မိတယ်…”
ထိုအဘိုးအိုက ဤသို့ဆိုကာ ဝမ်လင်း၏ အဖြေကို စောင့်မနေတော့ဘဲ သူက ကောင်းကင်ထက်၌ ထိုင်ချလိုက်၏။ သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့တကိုယ်လုံးသည် ဖောင်းကြွလာချေသည်။ သူ၏ခန္ဓာကိုယ်မှ အနက်ရောင်အခိုးငွေ့အမျှင်တန်းများ ထိုးထွက်လာကာ သူ့ရှေ့တွင် ကြီးမားသောအနက်ရောင်အရိပ်တစ်ခု သိပ်သည်းဖွဲ့စည်းလာ၏။
ထိုအရိပ်သည် ချပ်ဝတ်နက်ကို ဝတ်ဆင်ထားသည်ဟု ထင်ရ၏။ ၎င်း၏မျက်နှာက ဝေဝါးကာ မျက်လုံးမှိတ်ထားသည်။ သို့သော်လည်း ၎င်း၏ပုံပန်းသွင်ပြင်က လောကကို အရောင်များ ပြောင်းလဲစေကာ တိမ်စိုင်များကို လွင့်ကြဲသွားစေသည်။
“ဝမ်လင်း…ကျေးဇူးပြုပြီး ငါ့ကို သင်ပြပေးပါ…” ထိုအဘိုးအိုက သူ့လျှာထိပ်ကို ကိုက်ကာ သွေးများ ထွေးထုတ်လိုက်၏။ ထိုသွေးတို့က မြူကဲ့သို့ ပျံ့လွင့်သွားပြီး သွေးအရိပ်ထဲ ဝင်ရောက်သွားသည်။ ယင်းအရိပ်က သွေး၏ လှုံ့ဆော်ခြင်း ခံရလေသည့်အလား ၎င်း၏မျက်လုံးသည် နီရဲလာသည်။
ထိုအနက်ရောင်အရိပ်က ၎င်း၏ညာလက်ထဲရှိ ရှည်လျားသော လှံနက်တစ်ခုကို ပင့်မြှောက်ကာ ဝမ်လင်းထံ တဟုန်ထိုး ဦးတည်ဝင်လာတော့သည်။
ဝမ်လင်း၏မျက်လုံးက အရောင်လက်သွား၏။ သူက ထိုသူ့ကို မသိပေ။ သို့သော် သူ ဒီအခမ်းအနား၌ နေရာယူထားပုံအရ ဝမ်လင်းအနေဖြင့် ထိုသူသည် ဘုရင်လေးပါးထဲမှ တစ်ယောက်ဖြစ်သည်ကိုတော့ ပြောနိုင်ပေ၏။
ထိုအနက်ရောင်အရိပ်သည် အစွမ်းထက်ခွန်အားနှင့် ပြည့်နေ၏။ ဝမ်လင်းက နောက်မဆုတ်ပေ။ သူ၏မျက်နှာထက်ရှိ ကောင်းကင်ဘုံနွားထီးအမှတ်အသားက တကိုယ်လုံးကို ပြည့်ဖုံးလာကာ သူက လက်သီးတစ်ချက် ပစ်သွင်းလိုက်ချေသည်။
ထိုလက်သီးချက်က အနက်ရောင်အရိပ်၏ လှံပေါ်သို့ ကျရောက်သွား၏။ ထိပ်တိုက်တွေ့မှုက ကျယ်လောင်စွာ တုန်ဟည်းသံကို ဖြစ်ပေါ်စေသည်။
ယင်းသို့ တုန်ဟည်းသံများ ဖြစ်ပေါ်နေစဉ်အတွင်း ဝမ်လင်းက သူ့လက်ကို ဖြည်းဖြည်းချင်း ပင့်မြှောက်၏။ သို့သော် အနက်ရောင်အရိပ်က ရုတ်တရက် ပျက်စီးသွားချေသည်။ ထိုင်လျက်ရှိနေသော ထိုအဘိုးအိုက ဖြူရောသွား၏။ သို့သော် သူက အံတင်းတင်းကြိတ်ကာ သူ့နှဖူးကိုယ်သူ ရိုက်လိုက်၏။
ထိုသို့ဖြင့် သူက သူ့အသက်ဓာတ်အားကို စတေးပြီး သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အနက်ရောင်အခိုးငွေ့တို့ကို ပိုမို သိပ်သည်းစေသည်။ အနက်ရောင်အခိုးအငွေ့တို့ ပျံ့လွင့်လာစဉ် သူ၏မျက်နှာက မြန်ဆန်စွာ အိုမင်းလာ၏။
အားကောင်းလှသော အနက်ရောင်အခိုးငွေ့တို့ စုဝေးလာချေသည်။ ၎င်းက အနက်ရောင်အရိပ်ကို ပြန်ကောင်းမွန်လာစေရုံသာမက စစ်မြင်းတကောင်အဖြစ်သို့ပါ သိပ်သည်းဖွဲ့စည်းလေ၏။ ထိုမြင်းက ဟီသံပေးကာ အနက်ရောင်အရိပ်ကို သယ်ဆောင်၍ ဝမ်လင်းထံ တိုးဝင်လာသည်။
ဝမ်လင်း၏အမူအရာက အလေးအနက် ဖြစ်လာ၏။ သူက သူ့နှဖူးထက်သို့ လက်တင်ကာ နောက်သို့ အနည်းငယ် ကွေးညွှတ်လိုက်ဟန် ပြု၏။
ကောင်းကင်ဘုံနွားထီးတိုးဝှေ့ခြင်း။
ယင်းသို့ အပြုအမူက ဝမ်လင်း၏နောက်တွင် ကောင်းကင်ဘုံနွားထီးအရိပ်ကို ပေါ်လာစေ၏။ ထိုနွားထီးက ဟိန်းသံပေးကာ ၎င်း၏ဦးဂျိုနှစ်ချောင်းသည် အနက်ရောင်အရိပ်နှင့် ထိပ်တိုက်တွေ့သည်။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။
ထိုအနက်ရောင်အရိပ်နှင့် စစ်မြင်းတို့သည် သည်တိုက်ခိုက်မှုအောက်၌ တောင့်မခံနိုင် ဖြစ်ကာ ချက်ခြင်း လွင့်ပျောက်ပျက်စီးသွား၏။ ကောင်းကင်ဘုံနွားထီးက ပျက်စီးသွားသော အနက်ရောင်အရိပ်ကို ထွင်းဖောက်ကာ အင်ပါယာဆရာသခင်ရှန်းရွှမ်တောက်ထံ ဦးတည်သွားလေ၏။
ဤသည်က မတော်တဆဖြစ်သွားဟန် ပေါ်၏။ ကောင်းကင်ဘုံနွားထီး တရကြမ်း တိုးဝင်လာစဉ် အင်ပါယာဆရာသခင်က တည်ငြိမ်စွာသာ ရှိနေ၏။ သူ့ညာလက်ကို လှုပ်ရှားလိုက်ကာ သူက ရှေ့သို့ လက်ညွှန်လိုက်သည်။
ထိုလက်ညွှန်ချက်က ကောင်းကင်ဘုံနွားထီးကို ထိမိချိန်၌ ၎င်းနွားထီးသည် အပြင်းအထန် တုန်ခါလေသည်။
အင်ပါယာဆရာသခင်က ဖြည်းဖြည်းချင်း ပါးစပ်ဟကာ ဆို၏။ ထို့နောက်တွင် ကောင်းကင်ဘုံနွားထီးသည် လွင့်ပျောက်သွားသည်။ “ဗလာနယ်ဟာ မဟာတာအိုတစ်မျိုးပဲ။ တည်ရှိမှုတစ်ခုရှိရင် ၎င်းဟာ ဆုံးရှုံးသွားတာနဲ့ ဗလာနယ် ဖြစ်သွားလိမ့်မယ်…”
အခု ကောင်းကင်ဘုံနွားထီး ဖြစ်ပျက်သွားပုံမှာ အင်ပါယာဆရာသခင် ဆိုလိုက်သော စကားအတိုင်း ဖြစ်နေလေ၏။
ဝမ်လင်း၏မျက်လုံး သူငယ်အိမ်မှ အပြင်းအထန် ကြုံ့မိသွား၏။ သည်အခိုက်၌ သူသည် အင်ပါယာဆရာသခင်ထံမှ ကြောက်မက်ဖွယ်တုန်ခါလှိုင်းတစ်ခုကို ခံစားမိလိုက်သည်။ ဤသည်မှာ တာအိုအပေါ် မြင့်မားလှသော သိမြင်နားလည်မှု ဉာဏ်အလင်းအဆင့်ပင်။
ကောင်းကင်ဘုံနွားထီးက လွင့်ပြယ်သွား၏။ သူ့အသက်ဓာတ်ကို စတေး၍ ဖန်တီးခဲ့သော အနက်ရောင်အရိပ်မှာလည်း လွင့်ပျောက်သွားလေသည်။ သူက အတော့်ကို အိုမင်းသည့်ပုံ ပေါ်သွားပြီး ခါးသက်သက် ပြုံး၍ ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်၏။ သူက စကားမဆိုဘဲ သူ့မိသားစုရှိနေသော နေရာထံ လှည့်၍ ပျံသန်းသွားတော့သည်။
“ဒုတိယတစ်ယောက်…” အင်ပါယာဆရာသခင်က ကောင်းကင်ဘုံတာအိုဘုံကျောင်းရှေ့တွင် ရပ်နေလျက် ပြုံး၏။သို့ပေမည့် သူ စကားဆိုလိုက်သည့်နောက် သူသည် မျက်မှောင်ကြုတ်သွားသည်။
သူသာမက ဝမ်လင်းကလည်း အကွာအဝေးတစ်ခုထံ လှမ်းကြည့်၏။ အောက်ဘက်မှ ကျင့်ကြံသူများကလည်း သူတို့၏အကြည့်ကို သတိပြုမိကာ လှမ်း၍ ကြည့်လာသည်။ သူတို့အားလုံးက မျက်မှောင်ကြုတ်ကုန်၏။
“ဟက်ဟက်…မင်းတို့အားလုံး သတ္တိသိပ်ရှိနေတာပဲ။ ဒီလောက် သက်ဝင်လှုပ်ရှားနေတဲ့ ပွဲကို ကျင်းပနေပြီး မင်းတို့က ဒီဘုရင်ကို မဖိတ်ကြားကြဘူးပဲ။ မင်းတို့ရဲ့ မျက်လုံးထဲမှာ ငါ ရှိကော ရှိနေသေးရဲ့လား…”
“အနီရောင်လေး၊ အစိမ်းရောင်လေး၊ အဖြူရောင်လေး၊ အပြာရောင်လေး…ဒီဘုရင်အတွက် လမ်းရှင်းပေးစမ်း…”
တံခါးကိုးချပ်၏ အပြင်ဘက်ရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် လင်းလက်လာကာ လူအုပ်တအုပ် လှမ်းလျှောက်ထွက်လာ၏။
ထိုလူအုပ်ကို ဦးဆောင်လာသူမှာ ပန်းပွင့်အင်္ကျီဖြင့် လူငယ်တစ်ယောက်ပင်။ သူ့လက်ထဲတွင်လည်း ယပ်တောင်တစ်ချောင်း ကိုင်ထားသေး၏။ သူ၏မျက်နှာထက်တွင် ဒေါသနှင့် ပြည့်နေကာ သူက ယပ်တောင်ကို ဝေ့ယမ်း၍ သူ့ဆံပင်တို့ကို တဖြတ်ဖြတ် လွင့်နေစေသည်။
သူ၏ဘေးရှိ ရှုလီကောမျက်နှာကမူ သေလောက်အောင် ဖြူရောနေ၏။ အစိမ်းရောင်ဝတ်ရုံနှင့်လူငယ်၏ မျက်နှာမှာလည်း ဖြူရောနေ၏။ သူက ပန်းပွင့်အင်္ကျီဖြင့်လူငယ်ကို လှမ်းဆွဲကာ တောင်းပန်တိုးလျှသော လေသံဖြင့် ပြောလာ၏။
“အကျွန့်…အကျွန့်ရဲ့ဘုရင်…ဒါက အင်ပါယာနန်းတော်ပါ…”
“အင်ပါယာနန်းတော်ဆိုတော့ရော ဘာဖြစ်သတုန်း။ ငါက ဘုရင်ပဲ…” ထိုပန်းပွင့်အင်္ကျီဖြင့် လူငယ်က အစိမ်းရောင်ဝတ်စုံနှင့်လူငယ်၏ စကားကြောင့် အတော်လေး မကျေမနပ် ဖြစ်သွားကာ သူ့ကို ရှေ့သို့ တွန်းထုတ်လိုက်တော့သည်။
“အနီရောင်လေး…မင်း လီအိမ်တော်တုန်းကလိုမျိုး မော်ကြွားမှုကို ပြလိုက်၏။ မဟုတ်ရင် ဒီဘုရင် မင်းကို အပြစ်ပေးရလိမ့်မယ်…” ပန်းပွင့်အင်္ကျီဖြင့်လူငယ်က ရှေ့သို့ လျှောက်လာပြီး ရှုလီကော၏ တင်ပါးကို ကန်ထည့်လိုက်၏။ ရှုလီကောသည် အံတင်းတင်းကြိတ်ကာ ရှေ့သို့ ဆက်လျှောက်လာသည်။ သို့သော် သူသည် မကြာမီ သွေးအန်ကာ သူ့တင်ပါးကို ကိုင်၍ လဲကျသွားလေ၏။ သူသည် အကြိမ်အနည်းငယ် တွန့်လိမ်လိုက်ပြီးနောက် မလှုပ်မယှက် ဖြစ်သွားသည်။
“အာ…သူ သေသွားတာလား…” ပန်းပွင့်အင်္ကျီဖြင့်လူငယ်က အောက်သို့ ငုံ့ကြည့်ကာ တွေဝေနေ၏။
ဝမ်လင်းသည် လေထဲ၌ ရပ်နေကာ ပန်းပွင့်အင်္ကျီဖြင့်လူငယ်ကို ကြည့်နေ၏။ ထိုလူငယ်၏ ပုံပန်းသွင်ပြင်က ပြောင်းလဲသွားခဲ့ပေပြီ။ သို့သော် သူသည် သူက အရူးမှန်း ချက်ခြင်း သိရှိလိုက်သည်။
ပန်းပွင့်အင်္ကျီဖြင့်လူငယ်က ယပ်တောင် တဖြတ်ဖြတ်ခတ်ကာ မလှုပ်မယှက် ရှိနေသော ရှုလီကောကို လှည့်ပတ်ပြီး အကြိမ်အနည်းငယ် ကန်ကြည့်၏။
“ဟက်…သေချင်ယောင်ဆောင်နေတာပဲ။ မင်းက ဒီဘုရင်ရှေ့မှာ သေချင်ယောင် ဆောင်ရဲတာလား။ ငါ မင်းကို ပြောလိုက်မယ်။ ဒီဘုရင်က အရင်တုန်းက သေချင်ယောင်ဆောင်ဖူးတဲ့ကောင် တစ်ယောက်ကို ကြုံဖူးပြီးသား။ အယ်…ဒါနဲ့ အဲ့တာက ဘယ်သူလဲ…”
သူက အချိန်အတန်ကြာ စဉ်းစားနေ၏။ သို့သော် မမှတ်မိနိုင် ဖြစ်နေသည်။ သူသည် ရှုလီကောကို မေ့သွားကာ မောက်မာသောဟန်ဖြင့် ခြေလှမ်းကျယ်ကြီးလှမ်းကာ ရှေ့ဆက်လျှောက်လာသည်။ သူ့ကို တွေ့သော ကျင့်ကြံသူတိုင်းက ခါးသီးဟန် မျက်မှောင်ကြုတ်ကာ သူ့အား ရှောင်ဖယ်ပေးသည်။
“ကျုပ်တို့ရဲ့ဘုရင်ကို နှုတ်ဆက်ပါတယ်…”
“ကျုပ်တို့ရဲ့ ဘုရင်ကို နှုတ်ဆက်ပါတယ်…”
သူ လျှောက်လာစဉ် ယင်းသို့အသံများ ပဲ့တင်ထပ်သည်။ ပန်းပွင့်အင်္ကျီဖြင့်လူငယ်က အလွန်ဂုဏ်ယူဟန်ပေါက်နေ၏။
ထိုလူငယ်က ဝမ်လင်းနှင့် တိုက်ခိုက်ခဲ့သော အဘိုးအိုရှေ့တွင် ရပ်လိုက်၏။ သူ့မျက်လုံးက ပြူးသွားကာ သူက ချက်ခြင်း အော်ဟစ်လိုက်သည်။ “ဒီမှာ လူတွေအများကြီး ဘာကြောင့် ရှိနေရတာလဲ။ ငါ့အစ်ကိုကြီးက ကိုယ်လုပ်တော်တစ်ယောက် ရွေးနေတာများလား။ ဟေး…လူအိုကြီးလော၊ မင်း ဘာကြောင့် ဒီလောက် အိုမင်းတဲ့ပုံ ပေါက်သွားရတာလဲ။ မင်း ကြည့်ရတာ အရိုက်ခံထားရတဲ့ပုံပဲ…”
“ငါ့မိသားစုရဲ့ ပန်းပွင့်လေးရဲ့ အဘိုးကို ဘယ်သူကများ ဒီလို အနိုင်ကျင်ဝံ့တာလဲ။ ငါ သူ့ကို သင်ခန်းစာ ကောင်းကောင်း သွားပေးမယ်။ အဘိုးကြီးလော၊ ဘယ်သူ မင်းကို ရိုက်ခဲ့တာလည်း ငါ့ကို ပြော…”
ပန်းပွင့်အင်္ကျီဖြင့်ထိုလူငယ်က သူ့အင်္ကျီလက်အိုးကို ခေါက်လိပ်တင်ကာ တရစပ် အော်ပြောနေသည်။
“သူလား။ သူပဲ ဖြစ်ရမယ်။ ငါ သူ့ကို အစတည်းက သဘောမကျတာ။ သူဟာ အိုမင်းနေတာ သိသာတာပဲ။ ဒါပေမဲ့ ငယ်ရွယ်ချင်ယောင်ဆောင်နေသေးတယ်။ သူပဲ ဖြစ်ရမယ်။ ငါ…ငါ သူ့ကို လည်မြိုညှစ်ပစ်မယ်…”
ပန်းပွင့်အင်္ကျီဖြင့်လူငယ်က ထိုသို့ဆိုကာ အင်ပါယာဆရာသခင်ထံ လက်ညှိုးထိုး၏။ ထို့နောက် သူသည် အင်ပါယာဆရာသခင်ကို လည်မြိုညှစ်ဖို့ ဝရောသုန်းကား ပြေးလာတော့သည်။
သူ ထိုသို့ ပြေးသွားသည်ကို တွေ့မြင်သည့်အခါ ထိုပန်းပွင့်အင်္ကျီဖြင့် လူငယ်၏ နောက်လိုက်လူငယ်က သူ၏ ခြေထောက်ကို လှမ်းဆုပ်ကိုင်လိုက်သည်။
“ဘုရင်…ဘုရင်…သူ…သူက အင်ပါယာဆရာသခင်ပါ။ သခင်…ကျုပ်တို့ ပြန်ကြရင် ကောင်းမယ်…” လူငယ်၏မျက်နှာသည် ဖြူရောနေ၏။ ပန်းပွင့်အင်္ကျီဖြင့်လူငယ်က သူ၏ခြေထောက်ကို မည်မျှ လှုပ်ခါယမ်းပါစေ သူက မလွှတ်ပေးချေ။
“သူက ပန်းပွင့်လေးရဲ့ အဘိုးကို အနိုင်ကျင့်ခဲ့တာပဲ။ ငါ သူ့ကို ဘယ်ခွင့်လွှတ်ပေးလို့ ဖြစ်မလဲ။ အစေခံလေး…မင်း ငါ့ကို မလွှတ်ပေးဘူးလား။ ကောင်းပြီလေ…မင်းကိုပါ ငါနဲ့အတူ ခေါ်သွားမယ်…”
ပန်းပွင့်အင်္ကျီဖြင့်လူငယ်က ကြမ်းကြုတ်သောအမူအရာဖြင့် သူ့အား ဆွဲထားသောလူငယ်ကိုပါ တရွတ်တိုက် ဆွဲခေါ်လာတော့သည်။
ဝမ်လင်းသည် အောက်ဘက်ရှိ အရူးကို ကြည့်နေရင်း သူ့ထံမှ ရှုပ်ထွေးသောအမူအရာ ဖြစ်ပေါ်သည်။ သူသည် ဒီရှေးဘိုးဘေးမြို့သို့ လာခဲ့ခြင်းမှာ သူ၏မိတ်ဆွေဟောင်းဖြစ်သူ အရူးက သူ့အား မှတ်မိသေးလား သိမြင်ချင်၍ပင်။
သူက အင်ပါယာဆရာသခင်ထံ လူငယ်ကိုပါ တပါးတည်း ဆွဲခေါ်ကာ ဦးတည်နေသည့် ပန်းပွင့်အင်္ကျီဖြင့်လူငယ်ကို စောင့်ကြည့်နေ၏။ ရှုလီကောကမူ မြေပြင်တွင် လှဲနေဆဲ ဖြစ်၏။ သူက မျက်လုံးဖွင့်၍ လှမ်းကြည့်သည်။ သူက အကွာအဝေးတစ်ခုရှိ ပန်းပွင့်အင်္ကျီဖြင့်လူငယ်ထံ လှမ်းကြည့်လိုက်ခြင်းပင်။ သို့သော် ချက်ခြင်း သူက မျက်လုံး ပြန်မှိတ်လိုက်သည်။
“တောက်ဖေ…” ထိုစဉ်တွင် ကောင်းကင်ဘုံတာအိုဘုံကျောင်းအတွင်းမှ ကောင်းကင်ဘုံအင်ပါယာ၏အသံ ထွက်ပေါ်လာတော့သည်။
“အစ်ကို…မင်း ဘာလုပ်နေတာလဲ။ မင်း ကိုယ်လုပ်တော် ရွေးနေတာလား။ မင်း ငါ့ကိုလည်း မပြောဘူး။ မင်း များသွားပြီ…”
ပန်းပွင့်အင်္ကျီဖြင့်လူငယ်က ဘုံကျောင်းအတွင်းရှိ နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ကောင်းကင်ဘုံအင်ပါယာထံ ရန်လိုစွာ လှမ်းကြည့်သည်။
“တောက်ဖေ…မရှုပ်နဲ့။ ဒီနေ့ မင်းရဲ့ ကျေးဇူးရှင်ရဲ့ ဂုဏ်ထူးပေးအပ်ပွဲအခမ်းအနားပဲ။ မင်း ဘာကြောင့် သူ့ကို သွားပြီး မနှုတ်ဆက်တာလဲ…” ကောင်းကင်ဘုံအင်ပါယာ၏ စကားလုံးထဲ၌ ညင်သာသောအားတစ်ခုပါဝင်ကာ ထိုအားက အရူး(ဝါ)ပန်းပွင့်အင်္ကျီဖြင့်လူငယ်ကို အင်ပါယာဆရာသခင်နှင့် ပေရာချီသို့ တွန်းထုတ်သွားလေသည်။
“ကျေးဇူးရှင်…ဟုတ်လား…” ပန်းပွင့်အင်္ကျီဖြင့်လူငယ်က မင်သက်သွားမိ၏။