လေနှင့်နှင်းကြား ကွယ်ဝှက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ
Vol. 147 Ch. 2030
“ကျေးဇူးရှင်…တကယ်ပဲ မင်းကို။ ငါ မင်းကို ရှာနေတာ အတော်ကြာခဲ့ပြီ။ တကယ်ပဲ မင်းကို…”
“ကျေးဇူးရှင်…သင် ဘယ်မှာလဲ…။ ဘယ်တစ်ယောက်က ငါ့ရဲ့ ကျေးဇူးရှင်လဲ…”
ဝမ်လင်းသည် သူ့ရှေ့ရှိ အရူးကို ငြိမ်သက်စွာ ကြည့်နေသည်။ သူသည် အရူးထံ၌ သူနှင့် ပတ်သတ်သည့် မှတ်ဉာဏ်များ ရှိမနေသည်ကို ရှင်းလင်းစွာ တွေ့မြင်၏။ ဝမ်လင်းက သက်ပြင်းချကာ ကောင်းကင်ထက်မှ သက်ဆင်း၍ အရူးရှေ့သို့ ရောက်လာသည်။
ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “အရူး…”
ပန်းပွင့်အင်္ကျီဖြင့်လူငယ်က ဝမ်လင်းကို စိုက်ကြည့်ကာ အော်ပြောလိုက်သည်။ “အရူးဟုတ်လား။ မင်းကသာ အရူးပဲ။ မင်းက ဒီဘုရင်ကို ဆဲဆိုရဲတယ်ပေါ့။ မင်းကို ငါ ပြောလိုက်မယ်။ ဒီဘုရင်က အစွမ်းထက်တယ်ကွ…”
“အို…မင်းက ငါ့ကျေးဇူးရှင်လား…” အရူးသည် သူ့မျက်လုံးကို ပွတ်သပ်ကာ ဝမ်လင်းကို အကြိမ်အနည်းငယ် လှည့်ပတ်၏။ အစိမ်းရောင်ဝတ်စုံဖြင့်လူငယ်က အရူး၏ ခြေထောက်ကို ထပ်မံ၍ ဖမ်းဆုပ်ထားခြင်း မရှိတော့ပေ။ သူက ဘေးတဖက်တွင် စောင့်နေ၏။
“ကောင်းပြီ။ ငါ မင်းကို အဲ့လိုမျိုး ပြောခွင့် ပြုလိုက်မယ်။ အခု ငါက ငါ့ကျေးဇူးရှင်ကို နှုတ်ဆက်ပါတယ်။ ပြီးတော့ ကျေးဇူးရှင်...ငါ မင်းကို မေးမယ်။ ငါ့ကောင်လေးပန်းပွင့်ရဲ့ အဘိုးအိုကို ရိုက်ခဲ့တဲ့သူက ဘယ်သူလဲ။ သူ မလား…”
ပန်းပွင့်အင်္ကျီဖြင့်လူငယ်က ထိုသို့ပြောကာ မျက်မှောင်ကြုတ်နေသော အင်ပါယာဆရာသခင်ထံ လက်ညှိုးလှမ်းထိုးသည်။
ကောင်းကင်ဘုံအင်ပါယာ၏ အနည်းငယ် ဒေါသထွက်ဟန် ပေါက်နေသော အသံက ဘုံကျောင်းအတွင်းမှ ထွက်ပေါ်လာ၏။ “တောက်ဖေ…မင်း ဒီလိုမျိုး ဆက်ရှုပ်နေရင် ငါ မင်းကို ထပ်ပြီး ချုပ်ထားရလိမ့်မယ်။ ဒါဟာ ဂုဏ်ထူးပေးအပ်ပွဲပဲ။ လောကုန်းဟာ စိန်ခေါ်ခဲ့တာဖြစ်ပြီး ဒါပေမဲ့ သူ ကျရှုံးခဲ့တာပဲ။ ဒါက အင်ပါယာဆရာသခင်နဲ့ ဘာမှ မဆိုင်ဘူး။ ပြန်သွားတော့…”
“အာ…” ပန်းပွင့်အင်္ကျီဖြင့်လူငယ်က ခဏတာ မင်သက်သွားသည်။ သူသည် စိတ်ရှုပ်ထွေးမိနေကာ အခြေအနေကို မဖမ်းဆုပ်မိနိုင် ဖြစ်နေ၏။ သူက လှည့်၍ သူ့နောက်မှ အစိမ်းရောင်ဝတ်စုံဖြင့်လူငယ်ကို လှမ်းဆုပ်ကိုင်လိုက်သည်။
“ကိစ္စအနည်းငယ်ကို သိအောင် ငါ့ကို ကူညီပေးပါ။ အခု ငါ နည်းနည်း စိတ်ရှုပ်နေတယ်. ပန်းပွင့်လေးရဲ့ အဘိုးဟာ အင်ပါယာဆရာသခင် ရိုက်တာ ခံရတာ မဟုတ်ရင် သူ့ကို ဘယ်သူက လုပ်ခဲ့တာလဲ။ သူက ကျေးဇူးရှင်ကို စိန်ခေါ်ခဲ့သေးတယ်။ နည်းနည်းတော့ စိတ်ရှုပ်စရာပဲ။ မြန်မြန်…ဒီအခြေအနေကို သဘောပေါက်အောင် ငါ့ကို ကူညီပေးအုံး…”
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်က ခါးသီးဟန်အမူအရာဖြင့် ဝမ်လင်းကို ကြည့်၏။ ထို့နောက် သူက ပန်းပွင့်အင်္ကျီဖြင့်လူငယ်ကို ပြန်ကြည့်ကာ စကားဆိုလာသည်။
“ဘုရင်…ကျုပ်တို့ သွားကြရအောင်။အာ… ငါမှတ်မိပြီ…ကျုပ်တို့ ဆေးမီးပြင်းဖိုနဲ့ ဆေးလုံးတွေ သန့်စင်နေတာ ခုမှ မှတ်မိတော့တယ်။ ကျုပ်တို့သာ သွားတာ နောက်ကျသွားရင် ဆေးလုံးတွေ အလကားဟသ ဖြစ်ကုန်လိမ့်မယ်။ ဒါဟာ သင် အင်ပါယာအတုဟိုင်းဇီကို လက်ဆောင်ပေးမယ့် ဆေးလုံးတွေမလား…”
“ဆေးလုံးတွေလား။ ငါ ဆေးလုံးတွေကို သန့်စင်နေတာပေါ့…”
ပန်းပွင့်အင်္ကျီဖြင့်လူငယ်က တစ်ခုခုကို မှတ်မိသွားသည့်အလား လှည့်ထွက်ရန် ဟန်ပြင်သည်။ သို့သော် သူက ရုတ်တရက် ရပ်ကာ လှည့်၍ အစိမ်းရောင်ဝတ်စုံနှင့်လူငယ်ထံ လှမ်းအော်သည်။
“တခုခုတော့ မှားနေပြီ။ ကောင်လေးပန်းပွင့်ရဲ့ အဘိုးက အရိုက်ခံရတယ်။ မင်း…မင်း...ဟက်…အနီရောင်လေး…မင်း သေချင်ယောင်ဆောင်တာ ရပ်လိုက်တော့။ ကောင်လေးပန်းပွင့်ရဲ့ အဘိုးကို ရိုက်တဲ့သူကို သွားရှာပါ။ ဒီဘုရင်က မင်းကို ဆုချီးမြှင့်မယ်…”
ပန်းပွင့်အင်္ကျီဖြင့်လူငယ်က သူ့ ယပ်တောင်ကို အဆက်မပြတ် ခတ်ကာ သေချင်ယောင်ဆောင်နေသော ရှုလီကောကို လှမ်းဟောက်၏။
ရှုလီကော မျက်လုံးဖွင့်ကာ လေထဲသို့ ခုန်တက်လိုက်၏။ သူသည် ဖော်လံဖားအပြုံးကို ပြုံး၍ ခပ်သွက်သွက် ထပြေးသည်။ သူသည် ခါးသီးဟန်အမူအရာဖြင့် ရှိနေသော လောမိသားစုမှ အဘိုးအိုကို လှမ်းကြည့်သည်။ ထို့နောက် ဝမ်လင်းထံ သူ့အကြည့် ရောက်သွား၏။
သို့ပေမည့် သူ့အကြည့်က ဝမ်လင်း၏အကြည့်နှင့် ဆုံသည့်အခါ ရှုလီကော၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ ထိုတုန်ယင်မှုက သူ၏စိတ်ဝိညာဉ်အနက်ပိုင်းမှ ဖြစ်ပေါ်လာခြင်းတည်း။ သူသည် ဝမ်လင်းကို ကြောင်ရီစွာ စိုက်ကြည့်နေမိသည်။ သူသည် ဝမ်လင်းက အရင်က တွေ့ခဲ့ဖူးသလို ခံစားမိနေ၏။ ထိုသူက သူ့အတွက် အတော့်ကို ရင်းနှီးသလို ဖြစ်နေသည်။
“မိစ္ဆာကောင်…သခင်…” ရှုလီကောက ခပ်တိုးတိုး ရေရွတ်မိလိုက်၏။ မှတ်ဉာဏ်အချို့ နိုးထလာသည့်အလား။ သို့သော် ထိုအခိုက်တွင် ပန်းပွင့်အင်္ကျီဖြင့်လူငယ်က သူ့ကို လှမ်းဆွဲကာ လှုပ်ယမ်းလိုက်၏။
ထိုလှုပ်ယမ်းမှုက ရှုလီကောကို စိတ်ရှုပ်ထွေးခြင်းကနေ နိုးထလာစေသည်။ သူ၏မျက်နှာက ဖြူရောနေလျက် သူက ဝမ်လင်းကို လက်ညှိုးထိုးကာ မြန်မြန် နောက်ဆုတ်လေသည်။
“သူပဲ…သူပဲ။ ကောင်လေးပန်းပွင့်ရဲ့ အဘိုးကို ရိုက်ခဲ့တဲ့သူက သူပါပဲ ဘုရင်…”
“ကောင်းပြီ…ဒီတော့ မင်း ပြောသလိုပဲပေါ့…” ပန်းပွင့်အင်္ကျီဖြင့် လူငယ်က အော်ဟစ်ကာ သူ့ယပ်တောင်ဝေ့ယမ်းမှုကို ရပ်လိုက်၏။ သူက ဝမ်လင်း၏ လည်တိုင်ကို ကြမ်းကြုတ်သောအသွင်ဖြင့် လှမ်းဆုပ်ကိုင်လိုက်သည်။
“ငါ မင်းကို သေတဲ့အထိ လည်မြိုညှစ်သတ်မယ်…”
ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်၏။ သူက သူ့မျက်လုံးထဲရှိ စိတ်မကောင်းဖြစ်ခြင်းကို ဖုံးကွယ်လိုက်သည်။ သူက အရူးသည် လှိုဏ်ဂူလောကနှင့် ပတ်သတ်သည့် မှတ်ဉာဏ်များ မပိုင်ဆိုင်တော့တာကို သိလိုက်သည်။
“တောက်ဖေ…ထွက်သွားတော့…” ဘုံကျောင်းအတွင်းမှ ကောင်းကင်ဘုံအင်ပါယာ၏ ဒေါသတကြီးအသံ ထွက်ပေါ်လာပြီး သူကိုယ်တိုင်လည်း လှမ်းထွက်လာ၏။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ဝမ်လင်းကို လည်ပင်းညှစ်နေသော ပန်းပွင့်အင်္ကျီဖြင့်လူငယ်က အဝေးသို့ လွင့်ထွက်သွားသည်။ အစိမ်းရောင်ဝတ်စုံလူငယ်နှင့် ရှုလီကောတို့သည်လည်း အမြန်ထွက်သွားကြ၏။ သူတို့သည် မနေဝံ့ကြပေ။
ကောင်းကင်ဘုံအင်ပါယာက မျက်မှောင်ကြုတ်ကာ အော်ပြောလိုက်၏။ “ချပ်ဝတ်နက်တပ်သားတွေ၊ သူ့ကို နန်းတော်ထဲကနေ လိုက်ပို့လိုက်၊ ပြီးရင် ဝင်လာခွင့် မပြုကြနဲ့…”
“မင်း စောင့်နေပါ။ မင်းက ငါ့ကောင်လေးပန်းပွင့်ရဲ့ အဘိုးကို ဒဏ်ရာရအောင် လုပ်ဝံ့တယ်။ ဒီဘုရင် ဒါကို မှတ်ထားမယ်…”
ပန်းပွင့်အင်္ကျီဖြင့်လူငယ်ထံမှ အသံသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။ ဝမ်လင်း မျက်လုံးပြန်ဖွင့်လာသည့်အခါ အရူးသည် မရှိလေတော့ပြီ။
“တောက်ဖေဟာ သူ ပြန်ရောက်လာတည်းက ခုလိုမျိုးပဲ ဖြစ်နေတာ။ တခါတရံ သူ့မှတ်ဉာဏ်ဟာ ဝေဝါးနေပြီး တခါတရံတော့ ရှင်းရှင်းလင်းလင်းပဲ။ ဖြစ်နိုင်တာက သူ့မှတ်ဉာဏ် ကြည်ရှင်းတဲ့အခါကျရင် သူ မင်းကို မှတ်မိနိုင်ပါလိမ့်မယ်…”
ကောင်းကင်ဘုံအင်ပါယာက သက်ပြင်းချလိုက်၏။ သည်အခိုက်၌ သူသည် မဟာအင်ပါယာတစ်ယောက် သို့မဟုတ် ကောင်းကင်ဘုံအင်ပါယာတစ်ယောက် မဟုတ်တော့၊ အစ်ကိုကြီးတစ်ယောက်လို ဖြစ်နေပေ၏။
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူသည် ဒီရှေးဘိုးဘေးမြို့သို့ ရောက်လာသည်မှာ အရူးကို တွေ့ရဖို့ ဖြစ်၏။ အခု အရူးသည် သူ၏မှတ်ဉာဏ်များကို ဆုံးရှုံးသွားပြီ ဖြစ်သော်လည်း ဝမ်လင်းကမူ သည်လိုလာခဲ့ခြင်းအတွက် နောင်တမရပေ။ ခုတော့ သူ ထွက်သွားချင်ပြီ ဖြစ်၏။
“စိန်ခေါ်မှု ထပ်လုပ်နေစရာ မလိုတော့ဘူး။ ဝမ်လင်း…မင်းဟာ အင်ပါယာစမ်းသပ်ကွင်းရဲ့ ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့မှတော့ ငါ့အနေနဲ့ မင်းကို ငါတို့ ကောင်းကင်ဘုံကလန်ရဲ့ လေးဆယ့်ကိုးယောက်မြောက် ဩဇာအင်ပါယာအဖြစ် ဂုဏ်ပုဒ်ပေးအပ်တယ်…”
“မင်းမှာ ဆံပင်ဖြူတွေ ရှိတဲ့အတွက် မင်းအနေနဲ့ ကောင်းကင်ခြင်္သေ့သားရဲရဲ့ ဆံပင်ဖြူအမျှင်တန်းတစ်ခုကိုလည်း ရလိုက်တဲ့အတွက် ငါ့အနေနဲ့ မင်းကို ဆံဖြူဩဇာအင်ပါယာဆိုတဲ့ ဂုဏ်ထူးဘွဲ့ကို ပေးအပ်တယ်…”
“ကောင်းကင်ဘုံကလန်ရဲ့ ဩဇာအင်ပါယာအားလုံးဟာ ကောင်းကင်ဘုံဘိုးဘေး တံခါးပိတ်ကျင့်ကြံတဲ့ နေရာကို ဝင်ရောက်နိုင်တဲ့ အခွင့်အရေးတစ်ခု ရှိတယ်။ အဲ့နေရာမှာ မင်းဟာ မဟာကံကောင်းမှုတစ်ခုကို ရရှိနိုင်ပြီး မဟာအင်ပါယာတစ်ယောက် ဖြစ်လာနိုင်တဲ့ ခိုင်မာတဲ့အခြေခံကို အထိုင်ချနိုင်တယ်…”
“မင်းရဲ့ ကျင့်ကြံမှုအဆင့်တောင် အဲ့နေရာမှာ တိုးတက်လာနိုင်တယ်။ အင်ပါယာသွေးမျိုးဆက်နဲ့ တစ်စုံတစ်ယောက်ဆိုရင်တော့ သူတို့ဘဝမှာ အဲ့နေရာကို ဝင်ရောက်ဖို့ အခွင့်အရေးသုံးခါ ရှိတယ်။ အင်ပါယာသွေးမျိုးဆက် မရှိတဲ့သူတွေအတွက်တော့ ဩဇာအင်ပါယာအဆင့်ကို ရောက်ပြီးတဲ့နောက် တစ်ကြိမ်သာ အခွင့်အရေး ရှိနိုင်မှာ ဖြစ်တယ်…”
“ဒီကိစ္စဟာ ရခဲလှတယ်။ ဝမ်လင်း…ငါတို့ကြားမှာ နားလည်မှုလွဲတဲ့ ကိစ္စလေးတွေ ရှိထားတယ်။ ဒီတော့ ဒီနားလည်မှုလွဲတဲ့ကိစ္စဟာ ပြေလည်သွားဖို့ ငါ မျှော်လင့်တယ်။ ခြောက်စင်းမြောက်နေမင်း ဖြစ်လာဖို့ ကောင်းကင်ဘုံဘိုးဘေး ကျင့်ကြံခဲ့တဲ့နေရာမှာ ကောင်းကောင်း ကျင့်ကြံပါ…”
“ကောင်းကင်ဘုံကလန်ရဲ့ ထောက်တိုင်တစ်ခု ဖြစ်လာပြီး ကောင်းကင်ဘုံကလန်ရဲ့ ခွန်အားစွမ်းပကားကို ဖြန့်ကျက်ပါ…”
ကောင်းကင်ဘုံအင်ပါယာသည် အကွာအဝေးတစ်ခုရှိ ဝမ်လင်းကို လှမ်းကြည့်ကာ သူ့အမူအရာက အလေးအနက် ဖြစ်နေ၏။
“ငါ့မှာ ညီငယ်တစ်ယောက်ပဲ ရှိတာပါ…” ကောင်းကင်ဘုံအင်ပါယာက သက်ပြင်းချကာ ဆို၏။
“ကောင်းကင်ဘုံဘိုးဘေး တံခါးပိတ်ကျင့်ကြံခဲ့တဲ့နေရာကို သွားပါ။ ငါ တောက်ဖေကိုလည်း လွှတ်လိုက်မယ်။ မင်းက သူ့ရဲ့ အတိတ်တုန်းက မှတ်ဉာဏ်တွေကို ပြန်ကောင်းအောင် လုပ်ပေးချင် လုပ်ပေးနိုင်မှာပဲ။ ငါ တောက်ဖေကို ပြန်ရှာတွေ့တဲ့အခါတုန်းက သူ့ဘေးမှာ အမျိုးသမီးတစ်ယောက်လည်း ရှိနေသေးတယ်။ သူမဟာလည်း ကောင်းကင်ဘုံဘိုးဘေးရဲ့ တံခါးပိတ်ကျင့်ကြံတဲ့နေရာမှာ နားလည်ဆင်ခြင်မှု ပြုနေတယ်…”
ကောင်းကင်ဘုံအင်ပါယာက ဝမ်လင်းကို ကြင်နာဟန်ဖြင့် လှမ်းကြည့်၏။
“ကျေးဇူးအများကြီး တင်ပါတယ် ကောင်းကင်ဘုံအင်ပါယာ။ ကျုပ် ဒီဂုဏ်ထူးအခမ်းအနားအတွက်ပဲ ရောက်လာခဲတာပါ။ အခု ဒီအခမ်းအနားကလည်း ပြီးပြီ ဆိုတော့ ကျုပ် ထွက်သွားဖို့ လိုနေပြီ။ ကျုပ် ရှေးဘိုးဘေးမြို့ကို ထပ်ရောက်လာခဲ့ရင်တော့ ကောင်းကင်ဘုံဘိုးဘေး ကျင့်ကြံခဲ့တဲ့နေရာကို သွားရောက်ပါ့မယ်…”
ဝမ်လင်းက လက်နှစ်ဖက်ဆုပ်ကာ ဆို၏။ သူက ကောင်းကင်ဘုံဘိုးဘေး၏ တံခါးပိတ်ကျင့်ကြံခဲ့သည့် နေရာတွင် ကျင့်ကြံနိုင်မည့် ဆုလဒ်ကို ငြင်းပယ်ခဲ့ပေသည်။
ကောင်းကင်ဘုံအင်ပါယာက ငြိမ်သက်စွာ စဉ်းစားသွား၏။ သူက ခေါင်းညိတ်ကာ ဝမ်လင်းကို ထပ်မံ၍ တိုက်တွန်းဖို့ မကြိုးစားတော့ပေ။
အခုအခမ်းအနားက နေမွန်းတည့်ချိန်တွင် ပြီးသွားခဲ့လေပြီ။ ကျင့်ကြံသူများကလည်း ကွင်းပြင်ကနေ ပြန်ထွက်ခွာနေကြ၏။ ဝမ်လင်းလည်း ထွက်ခွာလာသည်။ သူသည် နန်းတော်၌ နေထိုင်ဖို့ ကောင်းကင်ဘုံအင်ပါယာ၏ ဖိတ်ကြားမှုကိုလည်း ငြင်းပယ်ခဲ့ကာ တည်နေရာရွှေပြောင်းခြင်းအစီအရင်ကနေ ထွက်ခွာလာတော့သည်။
သူ့က လီအိမ်တော်တွင် ခဏဝင်ကာ ပင်လယ်နဂါးနှင့် လျှိုကျင်းပြောင်တို့ကို အရှေ့ပိုင်းမြို့ရှိ တည်းခိုခန်းထံ ပြန်ခေါ်လာခဲ့သည်။
“ငါ သူ့ကို မြင်ခဲ့တယ်။ သူ့မှတ်ဉာဏ်တွေ ဆုံးရှုံးနေပေမယ့်လည်း သူ့ကြည့်ရတာ ခုချိန်မှာ ပျော်ရွှင်နေပုံပဲ။ ဒါဆို လုံလောက်ပါပြီ…”
ဝမ်လင်းသည် တည်းခိုခန်း ပြတင်းဘေးတွင် ရပ်ကာ နက်မှောင်သော ကောင်းကင်ယံသို့ ကြည့်နေ၏။ သူက ထိုနေရာတွင် အချိန်ကြာမြင့်စွာ ရပ်နေခဲ့ပေသည်။
“အခု ထွက်သွားရမယ့် အချိန်ရောက်ပြီ။ ထားလိုက်ပါတော့လေ။ ငါ ရှုလီကောကို ခေါ်ပြီး ရှေးဘိုးဘေးမြို့ကနေ ထွက်သွားတော့မယ်။ ပြီးရင် ရှေးကလန်ရှိ သွားတော့မယ်…”
ဝမ်လင်းက သက်ပြင်းချ၏။ သူသည် အတော်ကို ပင်ပန်းနေလေပြီ။ သူက ကောင်းကင်ဘုံကလန်၌ အရာများစွာ တွေ့ကြုံခဲ့၏။ ခုခါ၌ သူ၏ ခုလက်ရှိ အဆင့်အတန်းနှင့် ကျင့်ကြံခြင်းကိုလည်း ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်သည်။ သို့သော် ဤသည်တို့မှာ သူ့မိတ်ဆွေများ၏ ဆုံးရှုံးသွားသော မှတ်ဉာဏ်များနှင့်တော့ မည်သို့မျှ မယှဉ်သာပေ။
“ငါ ကောင်းကင်ဘုံအင်ပါယာကို အမှန်တကယ် နားလည်မှု လွဲခဲ့တာ ဖြစ်နိုင်တယ်…”
ဝမ်လင်းသည် အခမ်းအနားပွဲအကြောင်း သေချာ ပြန်စဉ်းစားကြည့်၏။ အမှန်တော့ သူ့ထ၌ အင်ပါယာကို ဆန့်ကျင်ဖို့ အကြောင်းပြချက် ရှိမနေပေ။ သို့သော် ဤသည်က သူ၏ အလိုလိုသိစိတ် ဖြစ်နေ၏။
“ဒါပေမဲ့လည်း ဘာပဲဖြစ်ဖြစ် ငါ ကောင်းကင်ဘုံဘိုးဘေးရဲ့ တံခါးပိတ်ကျင့်ကြံတဲ့နေရာကို သွားလို့ မဖြစ်ဘူး။ နားလည်မှု လွဲတာ ဖြစ်ဖြစ်၊ မလွဲတာ ဖြစ်ဖြစ် စကားအနည်းငယ် ကြားပြီးရုံနဲ့ ငါ့သတိကို လျှော့ချပစ်လို့ မဖြစ်ဘူး…”
ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။ နှင်းများက ပြတင်းအပြင်ဘက်စီသို့ စတင် ကျဆင်းနေသည်။ နှင်းများက အလင်းဓာတ်ထဲကနေ အမှောင်ထုထဲသို့ ပျောက်ကွယ်သွားတော့သည်။
လေနှင့်နှင်းတို့က ငြိမ်သက်တိတ်ဆိတ်စွာ ရှိနေ၏။ လေနှင့်နှင်းတို့က ပို၍ သိပ်သည်းလာနေရင်း သူ့တံခါးထံမှ ညင်ညင်သာသာ တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာသည်။
ထိုသူ၏ စကားသံက မနှေးလွန်း၊ မမြန်လွန်းပေ။ သူမ၏အသံက အတော့်ကို ညင်သာနူးညံ့ပေသည်။
“အင်ပါယာအတုဟိုင်းဇီ…” ဝမ်လင်းက လှည့်၍ တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။ အင်ပါယာအတုဟိုင်းဇီက နေရာတွင် ထိုင်နေ၏။ သူမ၏ ဆံပင်ရှည်တို့က နောက်ကျောဘက်သို့ လွင့်ဝဲကျနေသည်။ သူမ၏ ဆံပင်တွင် နှင်းပွင့်အချို့ပင် ကပ်ငြိနေသေးသည်။ ထိုသည်က သည်မိန်းမလှကို တမျိုးတမည် ပိုလှနေစေတော့၏။
“နင် ရှေးဘိုးဘေးမြို့ကို ရောက်လာပြီးမှတော့ ဘာကြောင့် အင်ပါယာတောင်ကို မလာခဲ့ရတာလဲ။ ဒီနေ့ အင်ပါယာတောင်မှာ အနီရောင်သစ်ရွက်တွေတော့ ကြွေမနေပါဘူး။ ဒါပေမဲ့ နှင်းတွေ ကျနေတယ်…။ ဝမ်လင်း ငါက အင်ပါယာတောင်ကို ဆရာ့အမိန့်အရ နင့်ကို လာဖိတ်တာပါ…”
“မဟာအင်ပါယာကျိုးသဲက ငါ့ကို ဖိတ်မှတော့ ငါ သွားရမှာပေါ့…” ဝမ်လင်းက ခပ်ရေးရေး ပြုံး၏။
လေနှင့်နှင်းတို့ကို ဖြတ်ကာ လရောင်သည် ရောက်ရှိလာလေ၏။ နှင်းတို့က ပုံသထက် ပုံလာကာ လူအများကလည်း ခပ်သုတ်သုတ် ဖြတ်သန်းသွားလာနေကြသည်။ သို့သော် သိပ်မကြာခင်တွင် လူများ ပိုနည်းသထက် နည်းလာသည်။ ဝမ်လင်းနှင့်ဟိုင်းဇီတို့က နှင်းများကြား အံတုကာ လမ်းမအတိုင်း လျှောက်လာ၏။
“ရှေးဘိုးဘေးမြို့မှာ အထူးသတ်မှတ်ထားတဲ့ နေရာတွေကလွဲလို့ နင့်အနေနဲ့ တည်နေရာရွှေ့ပြောင်းတာကို ခွင့်ပြုမထားဘူး။ သိပ်မဝေးတဲ့နေရာမှာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ရှိတယ်။ ဒါ့ကြောင့် ငါတို့ အင်ပါယာတောင်ကို သိပ်မကြာခင် ရောက်တော့မှာပါ…”
“နင် အစောတုန်းက ပြောခဲ့သလိုပဲ နင်က ထွက်သွားတော့မှာမလား။ နင် ဘယ်အချိန် ထွက်သွားမှာလဲ…”
သူမသည် ဝမ်လင်းနှင့် ယှဉ်တွဲကာ လျှောက်နေရင်း နူးညံ့စွာ မေးလာ၏။
“အင်ပါယာတောင်ကို သွားပြီးရင် ငါ ထွက်သွားတော့မယ်…”
ပတ်ဝန်းကျင်တခုလုံးသည် လုံးဝ ငြိမ်သက်တိတ်ဆိတ်နေသည်။ နှင်းကျသံသာ ရှိလေ၏။ လမ်းမရှည်ကြီးဘေးတချပ်တဖက်စီရှိ အိမ်တို့မှာလည်း အမှောင်ထုအတွင်း သက်ဆင်းကာ နေသည်။ သည်နှင်းများအတွင်း ပုန်းကွယ်နေသော သတ်ဖြတ်လိုစိတ် အရိပ်အမြွက်တစ်ခု ရှိနေသလို ထင်ရချေသည်။
ဝမ်လင်းသည် ရုတ်တရက် လမ်းလျှောက်နေသည်ကို ရပ်ကာ သူ့မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ပေါ်လာသည်။ သူက အန္တရာယ်အာရုံကို ခံစားမိသည်။ အင်ပါယာအတုဟိုင်းဇီသည်လည်း ရပ်တန့်ကာ ရုတ်တရက် ဘေးပတ်လည်သို့ ကြည့်လိုက်သည်။
“ဒါက ချိပ်စည်းတုန်ခါလှိုင်းတစ်ခုပဲ…”
“ငါ နင့်ကိုလာရှာတာကို ဘယ်သူမှ မသိပါဘူး…” အင်ပါယာအတုဟိုင်းဇီက ခပ်မြန်မြန် ရှင်းပြ၏။
ဝမ်လင်းကလည်း ငြိမ်သက်စွာ စဉ်းစားနေသည်။ သို့သော် သူ့မျက်လုံးထဲရှိ အေးစက်မှုကမူ အကွာအဝေးတစ်ခုသို့ လှမ်းကြည့်ကာ ပို၍ ပြင်းထန်လာသည်။
လေနှင့်နှင်းတို့က သာ၍ သိပ်သည်းလာသည်။